Chapter 1040 Each Has Their Own Choice
Vol. 71 Ch. 1040
ဝုန်း
နောက်တစ်ခဏတွင် ဒါလောင် မသေမျိုးဘုရင်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး လူတိုင်း၏ မြင်ကွင်းမှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
“မသေမျိုးဘုရင် အရှင်မင်းကြီး...”
အကြီးအကဲများမှာ ဒါလောင် မသေမျိုးဘုရင် ပျောက်ကွယ်သွားသည့်ဘက်သို့ ကြည့်ကာ ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျနေကြ၏။
ဒါလောင် မသေမျိုးဘုရင်၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်လည်ကျန်းမာလာခြင်း မရှိသေးပေရာ ... ယခုလိုသွားလိုက်ခြင်းက မိမိကိုယ်ကိုယ် သတ်သေခြင်းပါပင်။
၎င်းကိုသိသည့်တိုင် သူ ထွက်ခွာသွားခြင်းမှာ လူများ ထွက်ပြေးတိမ်းရှောင်ရန် အချိန်ဆွဲပေးနိုင်ဖို့အတွက်သာ ဖြစ်ပါသည်။
“မသေမျိုးဘုရင်ကြီးက တကယ်ကို ဖြောင့်မတ်တာပဲ...”
လူတစ်ဦးက တအံ့တဩ ရေရွတ်လိုက်သည်။
တစ်ဖက်မှ ဒါလောင် မသေမျိုးဘုရင်မှာကား အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထျန့်ကျီတောင်တန်းဘက်သို့ မယုံကြည်နိုင်လောက်သော အရှိန်ဖြင့် ဦးတည်နေပါ၏။
သူ ထိုသို့ ပျံသန်းနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလိုဖြင့် ချက်ချင်း ရပ်တန့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်း၌ အဖြူရောင်နှင့် အနက်ရောင် အလင်းတန်းနှစ်ခု ရုတ်တရက် ပေါ်လာ၏။
နောက်တစ်ခဏတွင်မူ ထိုအလင်းတန်းနှစ်ခုက အဘိုးအိုနှစ်ဦး အသွင်သို့ ပြောင်းလဲသွားကာ ဒါလောင် မသေမျိုးဘုရင်ကို မြင်သည်နှင့် အရိုအသေပေးလိုက်ကြသည်။
“အဝေးကြီးကတည်းက အရှင်မင်းကြီးရဲ့ အရောင်အဝါကိုတော့ အာရုံခံမိလိုက်ပါတယ်။ အခု တကယ်လဲ ဒါလောင် မသေမျိုးဘုရင် ဖြစ်နေတာကိုး။ ဒီအဖိုးကြီးက မသေမျိုးဘုရင်ကို ဂါရဝပြုပါတယ်!”
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြောလိုက်၏။
အဘိုးအိုနှစ်ဦးကို မြင်သောအခါ ဒါလောင် မသေမျိုးဘုရင် ခေါင်းအသာညိတ်လိုက်သည်။
“ဒါဆို မင်းတို့နှစ်ယောက်က ‘တိမ်လွင့်ဓားဂိုဏ်း’ ကပေါ့။ မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ”
ယခု ရောက်ရှိလာသူနှစ်ဦးမှာ ချင်းယွင်ဒေသ၏ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်သော တိမ်လွင့်ဓားဂိုဏ်းမှ ဘိုးဘေးနှစ်ဦးဖြစ်ကြောင်း သူ မှတ်မိလိုက်ပါ၏။
၎င်းတို့နှစ်ဦးစလုံးမှာ ချင်းယွင်ဒေသ၏ ထိပ်တန်း ဓားကျင့်ကြံသူများဖြစ်ပြီး ဒါလောင် မသေမျိုးဘုရင်နှင့် ပိုင်ယွမ်လီတို့ပြီးလျှင် နောက်ထပ် အစွမ်းအထက်ဆုံးမှာ ထိုနှစ်ဦးပင် ဖြစ်ပါသည်။
သို့သော် သူတို့နှစ်ဦးမှာ ပြီးခဲ့သောနှစ်များအတွင်း လူသိမခံဘဲ နေထိုင်ခဲ့ကြသလို တိုက်ပွဲတိုက်ခိုက်ခြင်းမျိုးလည်း မလုပ်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူတို့၏ ကျော်ကြားမှုက တဖြည်းဖြည်း မှေးမှိန်နေခဲ့ခြင်း ဖြစ်၏။
ထိုစဉ် ဝတ်စုံနက်ဝတ် အဘိုးအိုက မျက်မှောင်ကြုံ့၍ ပြောပါသည်။
“ဒါလောင် မသေမျိုးဘုရင်... အဲ့ဒီ အရောင်အဝါက... တကယ်ပဲ ထျန့်ကျီတောင်တန်းဘက်ကလာတာ မဟုတ်လား”
ဒါလောင် မသေမျိုးဘုရင်က သက်ပြင်းချကာ
“မှန်တယ်၊ အဲ့ဒီမိစ္ဆာကောင်ရဲ့ အရောင်အဝါပဲ!” ဟု ဆိုလိုက်၏။
သူတို့ စိတ်ထဲ အနည်းငယ် ကြိုတင်မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် ဒါလောင် မသေမျိုးဘုရင်ကိုယ်တိုင် အတည်ပြုသည်ကို ကြားလိုက်ရသောအခါ မျက်နှာများ ပျက်ကုန်ကြပါသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ ဝတ်စုံဖြူဝတ် အဘိုးအိုက တုန်တုန်ယင်ယင်အသံဖြင့် ဆို၏။
“ဒါလောင် မသေမျိုးဘုရင်... အဲ့ဒီကောင်ကို ရင်ဆိုင်ဖို့အတွက် သခင်ကြီး ယုံကြည်ချက်အပြည့် ရှိတယ်မဟုတ်လား”
သူ ပြောပြောဆိုဆိုနှင့်ပင် မျှော်လင့်ချက်ပြည့် မျက်လုံးများဖြင့် ဒါလောင် မသေမျိုးဘုရင်အား ကြည့်လိုက်သည်။
သို့သော် မဟာလော့ မသေမျိုးဘုရင်က သက်ပြင်းချကာ ပြန်ပြာ၏။
“ငါ သူ့ကို မယှဉ်နိုင်ဘူး!”
“ဘာ!”
အဘိုးအိုနှစ်ဦးမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထို့နောက် ဒါလောင် မသေမျိုးဘုရင်က အံကြိတ်၍ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲ၌ သစ်သားဓားတစ်လက် ပေါ်လာသည်။
“ဟင်? ဒါက...”
တဖက်မှ အဘိုးအိုနှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားကြပြန်၏။
ဒါလောင် မသေမျိုးဘုရင်၏ ဓားမှာ ‘ဒါလောင် မသေမျိုးသစ်ပင်’ ၏ သစ်ကိုင်းတစ်ခု ဖြစ်ကြောင်း အားလုံး သိကြပါသည်။
သို့သော် ယခု သူတို့ရှေ့ရှိ သစ်သားဓားမှာမူ သာမန် သစ်သားဓားတစ်လက်သာ ဖြစ်နေ၏။
ထိုခဏ၌ သူတို့နှစ်ဦးစလုံး မှင်သက်သွားကြသည်။
ဒါလောင် မသေမျိုးဘုရင်၏ ကျင့်ကြံမှုမှာ အပင်နှင့် သစ်သားများကိုပင် နတ်ဘုရားလက်နက်များအဖြစ် ပြောင်းလဲနိုင်သည်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်နိုင်ပါသလား။
သို့သော် ဒါလောင် မသေမျိုးဘုရင်က လေးနက်သောအသံဖြင့် ဆိုပါသည်။
“လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ထျန့်ကျီတောင်တန်းဘက်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သေးတယ်။ အဲ့ဒီတုန်းက ငါက မိုင်ပေါင်း သန်းချီဝေးတဲ့ နေရာကနေ ထျန့်ကျီတောင်ဘက်ကို လှမ်းပြီး တိုက်ခိုက်ခဲ့သေးတယ်!”
“ဘယ်လို... ရလဒ်ကရော ဘယ်လိုရှိလဲ”
အဘိုးအိုနှစ်ဦးစလုံး အံ့ဩတကြီး မေးလိုက်ကြသည်။
ဒါလောင် မသေမျိုးဘုရင်က အံကြိတ်ကာ ပြန်ပြော၏။
“နောက်ဆုံးမှာတော့ အဲ့ဒီကောင်က ငါ့ရဲ့ တိုက်ကွက်တွေကို အလွယ်တကူ ချေဖျက်နိုင်ခဲ့ရုံတင်မကဘူး၊ ငါ့ရဲ့ ဓားကိုပါ ယူသွားပြီး အဲ့ဒီဓားပေါ်မှာရှိတဲ့ ငါ့ရဲ့ အမှတ်အသားတွေကိုပါ လုံးဝ ဖျက်ဆီးပစ်လိုက်တယ်!”
အဘိုးအိုနှစ်ဦး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်ဝန်းထဲမှ တုန်လှုပ်မှုများကို ကိုယ်စီ မြင်လိုက်ရသည်။
ဤသတင်းမှာ ကြောက်မက်ဖွယ်ရာပင်!
ဒါလောင် မသေမျိုးသစ်ပင်၏ သစ်ကိုင်းမှာ ဒါလောင် မသေမျိုးဘုရင်က ကာလရှည်ကြာ သန့်စင်ခဲ့ခြင်း ဖြစ်သဖြင့် မသေမျိုးဘုရင်နှင့် တစ်သားတည်း ဖြစ်နေသည်ဟုပင် ဆိုနိုင်ပါသည်။
တစ်စုံတစ်ဦးက ထိုသစ်ကိုင်းကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဆိုလျှင်ပင် သူတို့ ယခုလောက် အံ့ဩမည် မဟုတ်ပါချေ။
သို့သော် မသေမျိုးဘုရင်၏ အမှတ်အသားများကို ဖျက်ဆီးရန်မှာမူ လွယ်ကူသော အရာမဟုတ်ပါ။
၎င်းမှာ ဘယ်လို နည်းလမ်းမျိုးပါလဲ။
“ဒါလောင် မသေမျိုးဘုရင်ကြီး ... ဒါဆိုရင် ဒီတိုက်ပွဲက...”
ဝတ်စုံဖြူဝတ် အဘိုးအို၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။
ဒါလောင် မသေမျိုးဘုရင်က သက်ပြင်းချ၍ ဆိုသည်။
“ငါကတော့ ဒီတိုက်ပွဲမှာ သေဖို့ပဲ ဆုံးဖြတ်ထားတယ်! မင်းတို့နှစ်ယောက်လည်း ပြန်ကြတော့။ ဒါမှ ချင်းယွမ်ဒေသအတွက် အသက်မျိုးစေ့လေးတွေကို တတ်နိုင်သမျှ များများ ထိန်းသိမ်းထားနိုင်မှာ!”
“မသေမျိုးဘုရင် အရှင်မင်းကြီး!”
ဝတ်စုံနက်ဝတ် အဘိုးအိုထံမှ တုန်တုန်ယင်ယင်အသံ ထွက်လာသည်။
ဝတ်စုံဖြူဝတ် အဘိုးအိုမှာလည်း စိတ်ခံစားမှုကြောင့် မျက်ရည်များ ကျနေ၏။
ဒါလောင် မသေမျိုးဘုရင်က လက်ဝှေ့ယမ်းကာ
“သွားပြီ!”
ဟု ဆိုလိုက်သည်။
ထို့နောက် သူ ထျန့်ကျီတောင်ဘက်သို့ ဆက်လက် ပျံသန်းလိုက်၏။
သို့သော် ခဏအကြာတွင်မူ...
ဝုန်း ဝုန်း
တိမ်လွင့်ဓားဂိုဏ်းမှ အဘိုးအိုနှစ်ဦးက သူ့နောက်သို့ အမှီလိုက်လာခဲ့ကြပါသည်။
“ဟင်? မင်းတို့ ဘာလိုက်လုပ်ကြတာလဲ”
ဒါလောင် မသေမျိုးဘုရင် မျက်မှောင်ကြုံ့လိုက်၏။
“အရှင်မင်းကြီး... ကျုပ်တို့လည်း အရှင်နဲ့အတူ လိုက်ပါ့မယ်!”
ဝတ်စုံဖြူဝတ် အဘိုးအိုက အံကြိတ်ကာ ပြောလိုက်သည်။
“မှန်ပါတယ်!”
ဝတ်စုံနက်ဝတ် အဘိုးအိုကလည်း ထောက်ခံ၏။
ဒါလောင် မသေမျိုးဘုရင်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ! ဒီခရီးက သေရမှာ သေချာတယ်၊ မင်းတို့နှစ်ယောက်က ဘာလို့ ငါနဲ့အတူ လာပြီး အသေခံချင်ရတာလဲ”
ဝတ်စုံဖြူဝတ် အဘိုးအိုက ပြုံးလိုက်၏။
“ဒါကို သိပါလျက်နဲ့ မသေမျိုးဘုရင်ကြီးကရော ဘာဖြစ်လို့ သွားနေရတာလဲ”
ဒါလောင် မသေမျိုးဘုရင်မှာ ခေတ္တမျှ ဆွံ့အသွားရတော့သည်။
အခြားတစ်ဖက်မှ ဝတ်စုံနက်ဝတ် အဘိုးအိုကလည်း စကားစလာ၏ ။
“လူတစ်ယောက် ပိုရင် အချိန်တစ်ခဏ ပိုရတာပေါ့ဗျာ! ဒီလိုဆိရင် နောက်ထပ် လူတစ်ယောက် ထပ်ပြီး လွတ်မြောက်နိုင်မှာပေါ့!”
သူတို့၏ မျက်နှာပေါ်မှ အမူအရာများကို မြင်လိုက်ရချိန်တွင်မူ ဒါလောင် မသေမျိုးဘုရင် အခြေအနေကို ချက်ချင်း သဘောပေါက်သွားတော့သည်။
ထိုနှစ်ဦးစလုံးမှာ သေရန် အဆင်သင့်ဖြစ်နေကြသည်မှာ အသေချာပါပင် ။
ထိုသို့ တွေးမိပြီးနောက် သူက သက်ပြင်းချကာ ဆိုလိုက်၏။
“ကောင်းပြီလေ၊ ဒါဆိုရင် မင်းတို့နှစ်ယောက်လည်း ငါနဲ့အတူ အသေခံဖို့ လိုက်ခဲ့ကြတော့!”
“ကောင်းပါပြီ!”
“ဟုတ်ကဲ့ပါ!”
နှစ်ဦးစလုံးက ပြုံးလျက် ပြန်ပြောလိုက်ကြသည်။
ဤသို့ဖြင့် သူတို့ သုံးဦးသား အလင်းတန်း သုံးခုအဖြစ် ပြောင်းသွားပြီး ခဏအကြာမှာပင် ထျန့်ကျီတောင်တန်း၏ အရိပ်အယောင်ကို မြင်လိုက်ရပါတော့သည်။
“ဟင်? လူတွေ ရောက်နေကြပြီလား”
သူတို့ သုံးဦး အဝေးသို့ လှမ်းကြည့်လိုက်ရာ ထျန့်ကျီတောင် အပြင်ဘက်တွင် လူအတော်များများ ရောက်နေသည်ကို မြင်လိုက်ရသည်။
“ငါတို့ထက်တောင် မြန်တဲ့လူ ရှိသေးတာလား”
ဝတ်စုံဖြူဝတ် အဘိုးအိုက အံ့ဩတကြီး မေးလိုက်၏။
“ဒါ တည်နေရာရွှေ့ပြောင်းခြင်းနဲ့ လာတာ ဖြစ်ရမယ်”
ဝတ်စုံနက်ဝတ် အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။
ဒါလောင် မသေမျိုးဘုရင် သက်ပြင်းတစ်ချက်ချလိုက်၏။
“ချင်းယွင်ဒေသမှာ သတ္တိရှိတဲ့လူတွေ အများကြီး ကျန်သေးပုံရတယ်!”
သို့သော် သူတို့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ကြပါသည်။
အဘယ့်ကြောင့်ဆိုသော် ဒါလောင်တောင်တန်းရှေ့ရှိ လူအုပ်ကြီးမှာ အုပ်စုနှစ်စု ကွဲနေပြီး ဓားချင်းမိုးကာ တင်းမာနေကြ၍ပင် ။သူတို့ပုံမှာလည်း အချိန်မရွေး တိုက်ခိုက်တော့မည့်ပုံ ရှိနေပါ၏။
သူတို့ သုံးဦးသား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အရှိန်မြှင့်လိုက်ကြသည်။
ဝုန်း
နောက်တစ်ခဏတွင်မူ သူတို့ သုံးဦး တစ်ပြိုင်နက်တည်းနီးပါး ဆင်းသက်လိုက်ကြ၏။
လူအုပ်မှာလည်း သူတို့ကြောင့် ဖြစ်လာသော ဆူညံသံများကြောင့် သတိပြုမိသွားပါသည်။
တစ်ဖက်စီရှိ လူအုပ်နှစ်စုလုံး သူတို့ဘက် လှည့်ကြည့်လိုက်ကြကာ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းသွားကြ၏။
လူအုပ်စု တစ်စုမှာ မျက်နှာပေါ်၌ အံ့ဩဝမ်းသာမှုများ ဖြစ်လာကြသလို ...
အခြား အုပ်စုတစ်စုမှာမူ သိသိသာသာ ထိတ်လန့်သွားကြပြီး နောက်သို့ ဆုတ်သွားကြသည်။
“ဒါလောင် မသေမျိုးဘုရင်... ... ခင်ဗျား ရောက်လာပြီလား”
ထိုအထဲမှ မျက်နှာပြာပြာနှင့် အစွယ်များ ထွက်နေသော လူတစ်ဦးက ဝမ်းသာအားရဖြင့် မေးလာ၏။ သူ့အသံမှာလည်း အနည်းငယ် တုန်ယင်နေသယောင် ။
ဒါလောင် မသေမျိုးဘုရင်မှာ ထိုလူကိုကြည့်ပြီး အနည်းငယ် ရင်းနှီးသလို ခံစားရသော်လည်း သေသေချာချာ မမှတ်မိပါချေ။
သို့သော် တစ်ဖက်လူက စကားစပြောလာသဖြင့် သူ ပြန်မေးလိုက်ပါသည် ။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”
၎င်းကို ကြားရသောအခါ မျက်နှာပြာနှင့် အစွယ်ပါသော လူကြီးက ချက်ချင်းပင် ရှင်းပြပါ၏။
တစ်ဖက်လူ ပြောသည်ကို နားထောင်ပြီးနောက်တွင်မှ ဘာဖြစ်နေသည်ကို ဒါလောင် မသေမျိုးဘုရင် နားလည်သွားပါသည်။
ထိုမျက်နှာပြာနှင့် အစွယ်ပါသော အမျိုးသား၏ အမည်မှာ ရန်ကုန်း ဖြစ်ပြီး တစ်ကိုယ်တော် မသေမျိုးဘုရင် တစ်ဦး ဖြစ်သည်ဟုဆိုပါ၏။
သူသည် ထျန့်ကျီတောင်တန်းမှထွက်လာသည့် အရောင်အဝါကို အာရုံခံမိပြီးနောက် ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့ကာ .. သူ့ နေအိမ်မှာလည်း ထျန့်ကျီတောင်နှင့် မဝေးလှသဖြင့် ဖြစ်လာတော့မည့် အဖြစ်ဆိုးကို တားဆီးရန်နှင့် သက်ရှိများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန် ဤနေရာသို့ ချက်ချင်း လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် သူ ဤနေရာသို့ သူ ရောက်လာချိန်တွင်ကား သူ့ထက် မြန်သောသူ ရှိနေသည်ကို တွေ့လိုက်ရ၏!
တစ်ဖက်လူသည်လည်း သူ့ကဲ့သို့ပင်ကမ္ဘာကြီးကို ကယ်တင်ရန် ရည်ရွယ်ချက်တူသူဟု သူ အစပိုင်းက ထင်မှတ်ထားခဲ့ပါသည်။
သို့သော် မထင်မှတ်ဘဲ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်လူမှာ ထျန့်ကျီတောင်တန်းကို စတင် ကိုးကွယ်နေပါတော့၏။
ထိုလူများမှာ တကယ်တမ်းတွင် တားမြစ်နယ်မြေအတွင်းသို့ ခိုလှုံရန် လာကြသူများပင် ။