← Chapters

Chapter 1041 Arriving with Hatred

Vol. 71 Ch. 1041

Chapter 1041 Arriving with Hatred

Vol. 71 Ch. 1041

“ထျန့်ကျီတောင်ကို ဂါရဝပြုတာတဲ့လား။ မင်းတို့လို အမှိုက်တွေ... ကိုယ်ဘာလုပ်နေလဲဆိုတာရော သိရဲ့လား”

ကြားလိုက်ရသည့်စကားကြောင့် တိမ်လွင့်ဓားဂိုဏ်းမှ ဝတ်စုံဖြူဝတ် အဘိုးအို ဒေါသအလွန်ထွက်သွားပါသည်။

“မှန်တယ်၊ သက်ရှိတွေအတွက် တားမြစ်နယ်မြေ ဆယ်ခု ပေါက်ကွဲထွက်လာတိုင်း ဘေးဒုက္ခတွေ ဖြစ်ပြီး မရေမတွက်နိုင်တဲ့ လူတွေ သေကြေပျက်စီးကြရတယ်။မင်းတို့တွေ ဘယ်လိုလုပ်ပြီး ဒီလိုလူတွေနဲ့ ပေါင်းနိုင်ရတာလဲ”

ဒါလောင် မသေမျိုးဘုရင်သည်လည်း အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။

သူ့ မျက်နှာတွင်လည်း လူသတ်အရိပ်အငွေ့တို့ ပြည့်နှက်နေပါသည်။

တစ်ဖက်ရှိ လူအုပ်မှာလည်း ၎င်းကိုမြင်ပြီး စတင် ထိတ်လန့်လာကြ၏။

အခြားသူများကို အသာထား၊ ဤဒါလောင် မသေမျိုးဘုရင်သည် ချင်းယွမ်ဒေသကို နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့သူဖြစ်ရာ သူ့ အရှိန်အဝါက ကျန်ရှိနေဆဲပါပင်။ ထိုသို့သောသူကို မည်သူက မကြောက်ဘဲ နေနိုင်ပါမည်နည်း။

ထိုခဏ၌ သူတို့အားလုံး အလိုလို နောက်ဆုတ်သွားကြသည်။

သို့သော် ထိုစဉ်မှာပင် သူတို့ထဲမှ တစ်ယောက်က အနောက်ဘက်ရှိ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်နှင့် တိုက်မိသွားပြီး လွတ်လမ်းပိတ်သွားပါ၏။

ထို့ကြောင့် ထိုသူက ဘယ်ကရမှန်းမသိသော သတ္တိများကို မွေးကာ အံကြိတ်၍ ဒါလောင် မသေမျိုးဘုရင်အား လှမ်းပြောလိုက်သည်။

“ဒါလောင် မသေမျိုးဘုရင်... ဒီကိစ္စတွေအားလုံးအတွက် တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် ခင်ဗျားကိုပဲ အပြစ်တင်ရမှာ ”

“ဟင်?”

ဒါလောင် မသေမျိုးဘုရင် မျက်မှောင်ကြုံ့သွားကာ ထိုသူအား စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ထိုလူမှာ ဘာကိုမျှ ဂရုစိုက်တော့ဟန်မတူဘဲ အသက်ပြင်းပြင်းရှိုက်၍ ဆက်ပြောပါသည်။

“ခင်ဗျားနဲ့ ထျန့်ကျီတောင်သခင်ကြီးတို့က နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပြီး အရှုံးအနိုင် မပေါ်ခဲ့ဘူးလေ ။ ဒါပေမဲ့ အခု အဲ့ဒီမိစ္ဆာကတော့ မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်ကို ရောက်သွားပြီးတော့ ခင်ဗျားကတော့ မရောက်သေးဘူး။ အဲ့ဒါကြောင့်လည်း ချင်းယွမ်ဒေသက အခုလို အခြေအနေဆိုးနဲ့ ကြုံနေရတာ။ ဒါကြောင့် ဒါတွေအားလုံးဟာ ခင်ဗျားရဲ့ အမှားပဲ!”

၎င်းကို ကြားရသောအခါ ဘေးပတ်ဝန်းကျင်ရှိလူများကလည်း ချက်ချင်းပင် ဝိုင်း၍ ထောက်ခံကြတော့သည်။

“မှန်တယ်! ဒါလောင် မသေမျိုးဘုရင်... ခင်ဗျားသာ ထျန့်ကျီတောင်ကို အမြဲတမ်း ဖိနှိပ်မနေခဲ့ရင်၊ ထျန့်ကျီတောင်သခင်ကြီးလဲ ခုလို မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်အထိ ကျင့်ကြံချင်မှ ကျင့်ကြံနိုင်မှာ။ ခင်ဗျားက ဒီမိစ္ဆာကောင်ကို မွေးခဲ့ပြီး အခုတော့ မဖိနှိပ်နိုင်တော့ဘူးမလား။ ဒါတွေအားလုံး ခင်ဗျားအမှားပဲ!”

“အားလုံးပဲ... အဲ့ဒီလို မပြောပါနဲ့! အခု ထျန့်ကျီတောင်သခင်ကြီး ပြန်ပေါ်လာကတည်းက ဘယ်သတ်ဖြတ်မှုကြီးကြီးမားမားမှ မလုပ်သေးဘူး! ထျန့်ကီတောင်သခင်ကြီးက ရက်စက်ပြီး သက်ရှိအားလုံးကို သတ်ဖြတ်တယ်ဆိုတာ ခင်ဗျားရဲ့ တစ်ဖက်သတ် ပြောဆိုချက်ပဲ။ ဒါလောင်မသေမျိုးဘုရင်! ကျုပ်အထင်တော့ ဒီထျန့်ကျီတောင်သခင်ကြီးဟာ ဖြောင့်မတ်တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်နိုင်တယ်ဗျ”

လူအုပ်၏ တတွတ်တွတ် ပြောစကားများကြောင့် တစ်ဖက်ရှိ ဒါလောင် မသေမျိုးဘုရင်မှာ လုံးဝ မှင်သက်သွားရပါသည်။

ဤမျိုးဆက်၏ ထျန့်ကျီတောင်သခင်ကြီးက အခြားသော တားမြစ်နယ်မြေများကဲ့သို့ အတိုင်းအဆမဲ့ သတ်ဖြတ်မှုများ မလုပ်နိုင်ခြင်းမှာ သူကိုယ်တိုင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သောကြောင့် ဖြစ်ပါသည်။

သို့မဟုတ်ပါက ချင်းယွမ်ဒေသတွင် သွေးပင်လယ်ဝေနေသည်မှာ ကြာလှနေလောက်ပြီ ဖြစ်၏။

သို့သော် ထိုလူများ၏ နှုတ်ဖျားတွင်မူ အခြေအနေက ဤသို့ ဖြစ်သွားခဲ့ရတာလား။

ယခုတော့ သူက လူဆိုးကြီး ဖြစ်သွားရပြီလား။

သူ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဘယ်လိုလူမျိုးတွေကို ကာကွယ်ပေးခဲ့မိတာလဲ။

ထိုခဏ၌ ဒါလောင် မသေမျိုးဘုရင် ဒေါသအလွန်ထွက်သွားသဖြင့် သူ့ဒဏ်ရာဟောင်းအား ပြန်ဆွလိုက်သလို ဖြစ်သွားတော့သည်။

ဖူး

သူ ကောင်းကင်ယံ၌ ရှိနေစဉ်မှာပင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

“ဟင်? မသေမျိုးဘုရင် အရှင်မင်းကြီး...”

“ဒါလောင် မသေမျိုးဘုရင်...”

ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ၎င်းကို မြင်သောအခါ စိုးရိမ်သွားကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်ရှိ လူအုပ်စုမှာမူ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးများ ဝင်းခနဲ ဖြစ်သွားကြ၏။

“အားလုံးပဲ... ဒါလောင် မသေမျိုးဘုရင် ဒဏ်ရာရနေပြီ!”

“ဟီး ... သူ ကျင့်ကြံခြင်းအဆင့်တက်ဖို့ ကြိုးစားတာ ကျရှုံးပြီး သူ့ရဲ့ အခြေခံတွေ ပျက်စီးသွားတယ်လို့ ငါကြားထား‌သေးတယ်။ အစတုန်းကတော့ ကောလာဟလလို့ပဲ ထင်ခဲ့တာ၊ အခုတော့ တကယ်ကြီး ဖြစ်နေတဲ့ပုံပဲ”

“ ကောင်းတာပေါ့ကွာ။ သူက ထျန့်ကျီတောင်သခင်ကြီးကို နှစ်ပေါင်းများစွာ စွပ်စွဲလာခဲ့တာ။ အခုတော့ ဝဋ်လည်ပြီပေါ့”

ထိုလူအုပ်က ရယ်မောကာ လှောင်ပြောင်လိုက်ကြပါသည်။

“မင်းတို့...”

မျက်နှာပြာနှင့် အစွယ်ပါသော လူကြီးမှာ ရုတ်တရက် ဒေါသတကြီး ဖြစ်သွားပြီး သူ့ မျက်လုံးများမှ မီးပွင့်မတတ်ပင် ဖြစ်နေ၏။

“ဒီတိရစ္ဆာန်တွေက အမှန်တရားကို ဘယ်လိုတောင် လိမ်လည်လှည့်ဖြားနေကြတာလဲ”

ဝတ်စုံနက်ဝတ် အဘိုးအိုမှာလည်း အလွန်ဒေါသထွက်နေပါသည်။

ထိုစဉ် ဝတ်စုံဖြူဝတ် အဘိုးအိုက အံကြိတ်ကာ ပြော၏။

“သူတို့ တမင် လုပ်နေတာ!”

“ဟင်? ဘာကို ဆိုလိုတာလဲ”

ဝတ်စုံဖြူဝတ် အဘိုးအိုက ဆက်ပြောသည်။

“သက်ရှိတွေအတွက် တားမြစ်နယ်မြေတွေက ဒေသကြီးကိုးခုကို ကျူးကျော်တိုင်းမှာ လက်ပါးစေ အချို့ လိုတာချည်းပဲ။ ဒီကောင်တွေက တားမြစ်နယ်မြေသခင်ကြီးရဲ့ မျက်နှာသာပေးတာကို ခံရဖို့အတွက် ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တမင်ပြောနေတာ။ သူတို့နဲ့ အငြင်းပွားနေဖို့ မလိုဘူး။ တကယ်တမ်းမှာ ဘာက အမှား၊ ဘာက အမှန်ဆိုတာ သူတို့အားလုံး သိကြတယ်။ ဒါနဲ့တောင် ခုလို ပြောနေတာက... တမင်ပြောနေတာ”

၎င်းကို ကြားသောအခါ ဝတ်စုံနက်ဝတ် အဘိုးအို ချက်ချင်း သဘောပေါက်သွားသော်လည်း အံကြိတ်ကာ ဆက်ပြောလိုက်ပါသည်။

“ဒါကို သိနေရင်တောင် ငါ့ရင်ထဲမှာ နာကြည်းနေမိတုန်းပဲ!”

ဝတ်စုံဖြူဝတ် အဘိုးအိုက လှောင်ပြုံးပြုံးလိုက်ပြီး ဆို၏။

“အဲ့လောက်တောင် မုန်းတယ်ဆိုရင် သွားသတ်လိုက်လေကွာ”

ချွင်

နောက်တစ်ခဏတွင် ဝတ်စုံဖြူဝတ် အဘိုးအိုက လက်ကို ဝှေ့ယမ်းလိုက်ရာ နက်မှောင်နေသော ဓားရှည်တစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။

“မှန်တယ်၊ သတ်ပစ်!”

ဝတ်စုံနက်ဝတ် အဘိုးအိုကလည်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော ဓားရှည်တစ်လက် သူ့လက်ထဲ ပေါ်လာ၏။

ထိုဓားနှစ်လက် ပေါ်လာသည်နှင့် ဓားသံများ တချွင်ချွင် အသံမြည်သွားပါသည်။

အဘိုးအိုနှစ်ဦး မလှုပ်ရှားရသေးခင်မှာပင် ဓားပုံရိပ်ယောင်များလည်း ပေါ်လာကာ သူတို့နှစ်ဦးကို ဝန်းရံလျက် ဟင်းလင်းပြင်တစ်ခုလုံးအား ပိတ်ဆို့ထားသကဲ့သို့ ရှိနေ၏။

၎င်းကို မြင်လိုက်ရသောအခါ တစ်ဖက်လူအုပ် ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည် ။

“ဟင်? ဒီဓားနှစ်လက်က... အမည်းတစ်လက်၊ အဖြူတစ်လက်လား? သူတို့က... တိမ်လွင့်ဓားဂိုဏ်းက ဘိုးဘေးနှစ်ယောက်များလား?”

“မဖြစ်နိုင်တာ? ဘယ်လိုလုပ်ပြီး သူတို့ ဖြစ်နိုင်မှာလဲ။ သူတို့ သေသွားပြီ မဟုတ်ဘူးလား?”

လူအုပ်ကြီး အံ့ဩတကြီး မေးမြန်းလိုက်ကြ၏။

ထိုစဉ် ဝတ်စုံဖြူဝတ် အဘိုးအိုက နှာခေါင်းရှုံ့၍ ဆိုသည်။

“မင်းတို့အားလုံး သေပေတော့!”

သူ ပြောပြီးသည်နှင့် သူရော ဝတ်စုံနက်ဝတ် အဘိုးအိုပါ တိုက်ပွဲကို စလိုက်ကြသည်။

ဝုန်း

မျက်စိတစ်မှိတ်အတွင်းမှာပင် အမည်းရောင်နှင့် အဖြူရောင် ဓားရိပ်နှစ်ခုက တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး အတိုင်းအဆမဲ့ ဓားကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲကာ တစ်ဖက်လူအုပ်အား ဖိနှိပ်လိုက်တော့သည်။

“တောက်! ငါတို့က မင်းတို့ကို တကယ် ကြောက်နေတယ် ထင်နေလား”

ထိုစဉ်မှာပင် ဆန့်ကျင်ဘက်မှ မျောက်မျက်နှာနှင့် လူကြီးတစ်ဦးက အေးစက်စက်မျက်နှာထားဖြင့် ရှေ့တိုးလာ၏။

ဝုန်း

တစ်ခဏချင်းမှာပင် ပေတစ်ရာခန့် မြင့်သော ရွှေရောင် နတ်ဘုရားရုပ်ထုကြီး တစ်ခု သူ့ခေါင်းထက်၌ ပေါ်လာသည်။

ထိုရုပ်ထုကြီးမှာ ဘယ်လက်တွင် ဒိုင်းတစ်ခုကို ကိုင်ဆောင်ထားပြီး ညာလက်တွင် ဝရဇိန်လက်နက်ကို ကိုင်ထားကာ အလွန်တည်သောမျက်နှာထားဖြင့် မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး နတ်ဘုရားတစ်ပါး မြေပြင်သို့ ဆင်းသက်လာသယောင် ရှိနေသည်။

“ဒါ တကယ်ပဲ ‘ထျန်းချန်တောင်ကြား’ ရဲ့ နတ်ဘုရားရုပ်ထုလား?”

“ထျန်းချန်တောင်ကြားရဲ့ ရွှေရောင်ခန္ဓာကိုယ်ဟာ ချင်းယွမ်ဒေသမှာရှိတဲ့ နတ်ဘုရားခန္ဓာကိုယ်တွေထဲမှာ ထိပ်တန်း သုံးခုထဲက တစ်ခုပဲ။ ဒီလိုလူမျိုးက ဘယ်လိုဖြစ်လို့ တားမြစ်နယ်မြေကို သစ္စာခံဖို့ ရွေးချယ်လိုက်ရတာလဲ?”

အားလုံး အံ့ဩနေကြစဉ်မှာပင် တိမ်လွင့်ဓားဂိုဏ်း၏ အမည်းရောင်နှင့် အဖြူရောင် ဓားနှစ်လက်က ကောင်းကင်ယံမှ ဆင်းသက်လာပြီး ရွှေရောင် နတ်ဘုရားရုပ်ထုနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားပါသည်။

ချွင်

ဓားကမ္ဘာကို သယ်ဆောင်လာသော ထိုဓားနှစ်လက်မှာ ရွှေရောင် နတ်ဘုရားရုပ်ထု၏ ဒိုင်းပေါ်သို့ ပြင်းထန်စွာ ကျသွား၏။

ကြောက်မက်ဖွယ်ကောင်းသော အသံကြီး ထွက်ပေါ်လာကာ ‘မသေမျိုးသခင်ကြီး’ အဆင့်အောက်ရှိ ကျင့်ကြံသူအားလုံး ချက်ချင်းပင် သတိလစ်သွားကြတော့သည်။

‘မသေမျိုးသခင်ကြီး’ အဆင့် ကျင့်ကြံသူများသည်ပင်လျှင် ထိုအသံကို ခက်ခက်ခဲခဲ တောင့်ခံနေကြရပါသည်။

မသေမျိုးဘုရင်အဆင့် ရှိသူများသာ ထိခိုက်မှုတစုံတရာမရှိဘဲ တိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေနိုင်ကြဆဲဖြစ်ပါ၏။

“ဟဲဟဲ... တိမ်လွင့်ဓားဂိုဏ်းဆိုတာလည်း ဘာမှ ထူးထူးခြားခြား မဟုတ်ပါလား!”

ထျန်းချန်တောင်ကြားမှ လူများမှာ သူတို့လူက အဘိုးအိုနှစ်ဦး၏ တိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့သည်ကို မြင်သောအခါ ရယ်မောလိုက်ကြသည်။

သို့သော် ထိုစဉ်မှာပင်...

ခွက် ခွက်

ရုတ်တရက် အက်ကွဲသံတစ်ခု ထွက်လာပါသည်။

အားလုံး သေချာ စိုက်ကြည့်လိုက်ချိန်တွင်ကား .. ရွှေရောင် နတ်ဘုရားရုပ်ထု၏ ဒိုင်းပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာနေသည်ကို တွေ့လိုက်ရ၏။

“ဘာ? ဒါ မဖြစ်နိုင်ဘူး!”

ထျန်းချန်တောင်ကြားမှ လူများ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

နောက်တစ်ခဏတွင်ကား...

ဝုန်း

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ရွှေရောင် နတ်ဘုရားရုပ်ထုမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲထွက်သွားတော့၏။

“မလုပ်နဲ့!”

ထျန်းချန်တောင်ကြားမှ လူများ မျက်နှာပျက်ကုန်ကြသည်။

ထိုအချိန်မှာပင် အမည်းရောင်နှင့် အဖြူရောင် ဓားနှစ်လက်၏ ဓားကမ္ဘာက သူတို့ထံသို့ ကျလာခဲ့လေပြီ။

ထျန်းချန်တောင်ကြားမှ လူများ ထိုဓားကမ္ဘာအောက်၌ ကြိတ်ခြေခံရပြီး သေဆုံးရတော့မည်မှာ အသေအချာပင်။

သို့သော် ထိုစဉ်မှာပင်...

ဝူး

မနီးမဝေးမှ အေးစက်စက် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။

“ဟင်?”

ဒါလောင် မသေမျိုးဘုရင်မှာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ဦးစွာ သတိပြုမိလိုက်ပြီး ချက်ချင်းပင် အော်လိုက်သည်။

“မင်းတို့နှစ်ယောက်... အခုချက်ချင်း ပြန်ဆုတ်လာခဲ့ကြ!”

သို့သော် သူ နောက်ကျသွားခဲ့ပါသည်။

ဝူး

ထို ‘ယင်’အစွမ်းတို့ပါနေသော လေ မှာ အလွန်မြန်ဆန်လှပြီး အမည်းရောင်နှင့် အဖြူရောင် ဓားနှစ်လက်၏ ဓားကမ္ဘာဆီသို့ တိုက်ရိုက် တိုးဝင်သွားပါတော့၏။

တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော ဓားကမ္ဘာမှာလည်း ထူးဆန်းလှသော ထိုလေပြင်းအောက်၌ စက္ကူတစ်ချပ်သဖွယ် ဖြစ်သွားကာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။

ဘုန်း

ဓားကမ္ဘာ ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် လေပြင်းက အဘိုးအိုနှစ်ဦးထံ ဆက်လက် တိုးဝင်သွား၏။

“ဟင်!”

အဘိုးအိုနှစ်ဦးလုံး ထိတ်လန့်တုန်လှုပ်သွားကာ အစွမ်းကုန်သုံး၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြသည်။

ဂျိန်း

လေပြင်းများ ပြန်လည်ငြိမ်သက်သွားချိန်တွင်မူ အဘိုးအိုနှစ်ဦးမှာ ကောင်းကင်ယံ၌ ဆက်လက် ရပ်နေနိုင်ကြသေးသော်လည်း သူတို့၏ ခန္ဓာကိုယ်များတွင် ဒဏ်ရာများဖြင့် ပြည့်နေပါတော့သည်။ သူတို့ ဒဏ်ရာအပြင်းထန် ရသွားခဲ့ကြလေပြီ။

“တိုက်ကွက် တစ်ကွက်တည်းနဲ့... ဒီလောက်တောင်... အစွမ်းကြီးတာလား?”

ဝတ်စုံဖြူဝတ် အဘိုးအိုက သွေးများ အန်ထုတ်ရင်း ခေါင်းကို ခက်ခက်ခဲခဲမော့ကာ အေးစက်စက် လေပြင်း တိုက်ခတ်လာသည့် ဘက်သို့ လှည့်ကြည့်လိုက်၏။

ထိုနေရာဘက်မှ ပိန်လှီပြီး စုတ်ပြတ်နေသည့် လူရိပ်တစ်ခုက နာကြည်းမှုများအပြည့်ဖြင့် သူတို့ထံသို့ ဦးတည်လာနေပါသည်။

All Chapters