Chapter 1042 Turning to Cultivating Resentment?
Vol. 71 Ch. 1042
တိမ်လွင့်ဓားဂိုဏ်းမှ ဝတ်စုံဖြူအဘိုးအိုမှာ သူ့ရှေ့ရှိ လူရိပ်ကို အသေအချာ စိုက်ကြည့်နေရင်း အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်၏။
"ဒါ... ဒါက တားမြစ်နယ်မြေရဲ့ အရှင်သခင်လား။ သူ့ဆီက နာကြည်းမကျေနပ်ချက်တွေက တကယ်ကို ကြီးလှချေလား"
ဝတ်စုံနက်အဘိုးအိုကလည်း လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"ဟုတ်တယ်၊ ဒီနာကြည်းမှုတွေက တကယ်ကို ရုပ်လုံးပေါ်လာတဲ့အထိပဲ... ဒါဆို ဒါလောင် မသေမျိုးဘုရင်က တစ်သက်လုံး ဒီလိုလူမျိုးနဲ့ တိုက်ခိုက်လာခဲ့ရတာပေါ့"
သူတို့နှစ်ဦးစလုံး ဒါလောင် မသေမျိုးဘုရင်ဘက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။
ထိုစဉ်တွင် ဒါလောင် မသေမျိုးဘုရင်ကိုယ်တိုင်မှာလည်း မှင်သက်ဆွံ့အနေပုံ ရပါ၏။
ရှေ့တွင်ပေါ်လာသော အတိုင်းအဆမဲ့ နာကြည်းမှုများကို ကြည့်ရင်း သူ နားမလည်နိုင် ဖြစ်နေပုံပါပင်။
"ဘာတွေဖြစ်နေတာလဲ။ ငါ ဒီကောင်နဲ့ အကြိမ်ကြိမ် တိုက်ဖူးပေမဲ့ သူ့ဆီမှာ ဒီလောက်များတဲ့ နာကြည်းမှုတွေ ရှိနေတာ တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေ့ သူ ဘာဖြစ်နေတာလဲ"
သူ ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
ထိုစဉ်မှာပင် ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခုကို သူ တွေးမိသွားကာ အံ့ဩတကြီး ပြောလိုက်သည်။
"မဟုတ်မှလွဲရော ဒီကောင်က နာကြည်းမှုအစွမ်းတွေကို ပြောင်းလဲကျင့်ကြံပြီး အဲ့ဒီလမ်းစဉ်ကနေတစ်ဆင့် မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်ကို ရောက်သွားတာလား"
သူ တွေးလေလေ ပို၍ အဓိပ္ပာယ်ရှိလေလေ ဖြစ်နေသဖြင့် တစ်ဖက်လူအား ခေတ္တမျှ မှင်သက်ကာ ငေးကြည့်နေမိ၏။
ထိုအချိန်တွင် အလုံးအရင်းဖြစ်နေသော နာကြည်းမှုများကြားမှ ထျန့်ကျီတောင်သခင်ကြီး၏ ပုံရိပ် တဖြည်းဖြည်း ထင်ရှားလာပါသည်။
"သ... သခင်ကြီးလား။ သခင်ကြီးကို ဂါရဝပြုပါတယ်!"
အခြားတစ်ဖက်မှ ထျန့်ကျီတောင်သခင်ကြီးထံ ခိုလှုံရန် ဆုံးဖြတ်ထားသူများမှာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။
တားမြစ်နယ်မြေများတွင်ပင် လူများကို ထင်သလို သတ်ဖြတ်လေ့မရှိဟု သူတို့ နားလည်ထားသည် မဟုတ်ပါလား။
အဘယ်ကြောင့်ဆိုသော် ယဇ်ပူဇော်ရန်ဖြစ်စေ၊ ဝိညာဉ်များကို သန့်စင်ရန်ဖြစ်စေ လူအင်အား လိုအပ်သောကြောင့်ပါပင် ။
ထို့ကြောင့်လည်း ယခင်က တားမြစ်နယ်မြေများ၌ သွားရောက်ခိုလှုံသူများမှာ အသက်ရှင်ခွင့် ရခဲ့ကြခြင်းဖြစ်ပါ၏။
ထို့ကြောင့် ယခုလူအုပ်က ထျန့်ကျီတောင်သခင်ကြီး လက်ခံမည်အထင်ဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ကာ စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါသည်။ သို့မှသာလည်း သူတို့ လုံးဝ ဘေးကင်းနိုင်ပေမည်။
သို့သော် မထင်မှတ်ဘဲ ... ထျန့်ကျီတောင်သခင်ကြီးက သူ့လမ်းကို ပိတ်နေသော ရှေ့မှ ဒူးထောက်နေသူများကို ငုံ့ကြည့်လိုက်ပြီး ချက်ချင်းမှာပင် မျက်မှောင်ကြုံ့သွား၏။
"ငါ့လမ်းက ဖယ်ကြစမ်း!"
သူ အော်လိုက်သည်။
ဝူး
ချက်ချက်းမှာပင် ထိုအော်သံနှင့်အတူ ရုပ်လုံးပေါ်နေသော နာကြည်းမှုများက လှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာ၏။
၎င်းနာကြည်းမှုများက မြည်သံကျယ်ပေးလျက် သူ့ရှေ့ရှိ တစ်နေရာလုံးကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။
ရှေ့တည့်တည့်တွင် ဒူးထောက်နေသူများမှာလည်း သူ့အရောင်အဝါအောက်တွင် လုံးဝ နစ်မြုပ်သွားကြသည်။
"အား... နာတယ်! ဒါ ဘာကြီးလဲ"
"ငါ့... ငါ့ခန္ဓာကိုယ်..."
"မလုပ်ပါနဲ့! ငါ မသေချင်သေးဘူး..."
နာကြည်းမှုများဖြင့် လွှမ်းမိုးခံလိုက်ရသော လူအုပ်ကြီးထံမှ ချက်ချင်းပင် အော်ဟစ်သံများ ထွက်လာပါသည်။
သူတို့အားလုံး အသည်းအသန်ပင် ရုန်းကန်နေကြရှာ၏။
"ဒါ "
ဒါလောင် မသေမျိုးဘုရင်၏ နောက်တွင်ရှိနေသော မျက်နှာပြာနှင့် အစွယ်ပါသည့် လူကြီးမှာလည်း မျက်နှာပျက်သွားသည်။
တစ်ဖက်ရှိ လူအချို့မှာ သူ့လောက်နီးနီး အစွမ်းထက်သူများ ဖြစ်ကြောင်းကို သူသိပါသည်။
သို့သော် ထိုလူများမှာ ယခု နာကြည်းမှုများကြား၌ အနည်းငယ်မျှသာ ရုန်းကန်နိုင်ပြီး ပြည်ပုပ် သွေးပုပ်များအဖြစ်သို့ ပြောင်းလဲသွားကြပါ၏။
ဘာမှပင် ကျန်မနေခဲ့ပါချေ!
ထိုတခဏ၌ သူ အလွန်တုန်လှုပ်သွားရ၏။
နာကြည်းမှုတစ်ခုတည်းက ဤမျှထိ အစွမ်းထက်နေပါသလား။
၎င်းမှာ တားမြစ်နယ်မြေသခင်ကြီး၏ အစွမ်းပါလား။
အမှန်တကယ် ကြောက်စရာပါပင် ။
သူတစ်ဦးတည်းတင် မဟုတ်ဘဲ တိမ်လွင့်ဓားဂိုဏ်းမှ ဘိုးဘေးနှစ်ဦးမှာလည်း လက်ရှိအချိန်တွင် မျက်နှာများ ဖြူလျော်နေကြပါ၏။
အစောပိုင်းက လေပြင်း၏ တိုက်ခိုက်မှုကို မရှောင်နိုင်ခဲ့သည်မှာ အလွန်ကံဆိုးသည်ဟု သူတို့ ခံစားခဲ့ရသော်လည်း၊ ယခုမူ သူတို့ အမှန်တကယ် ကံကောင်းသူများကဲ့သို့ ခံစားနေရသည်။
အကယ်၍ သူတို့သာ ထိုသို့သော နာကြည်းမှုများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရလျှင် ဒဏ်ရာမှာ ဤမျှလောက်နှင့် ပြီးသွားမည် မဟုတ်ပါချေ။
ထိုနာကြည်းမှုကြား၌ သူတို့ အသက်ပင် ရှင်နိုင်မည်လား မသေချာပါ။
ဒါလောင် မသေမျိုးဘုရင်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အလားတူပင် ထိတ်လန့်နေမိ၏။
"ဒီကောင်... ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် နာကြည်းမှုတွေ ပြင်းထန်နေရတာလဲ"
သူ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။
ထိုစဉ် ရှေ့တွင် ရှိနေသူအားလုံး သေဆုံးသွားသည်ကို မြင်လိုက်ရပြီးသည့် ထျန့်ကျီတောင်သခင်ကြီးက ရှေ့သို့ ဆက်တိုးလာပါ၏။
နောက်တစ်ခဏတွင် သူ့ အကြည့်က ဒါလောင် မသေမျိုးဘုရင်ထံ ကျရောက်သွားသည်။
တစ်ချိန်တည်းမှာပင်...
ဝုန်း
ထျန့်ကျီတောင်သခင်ကြီးထံမှ ထွက်ပေါ်နေသော နာကြည်းမှုများလည်း ထပ်တိုးလာပြန်၏။
သူ့ မျက်လုံးများမှလည်း တောက်ပသော အနီရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ သူ့ ခန္ဓာကိုယ်တစ်ခုလုံးလည်း ရက်စက်ကြမ်းကြုတ်သော အမူအရာအဖြစ် ပြောင်းလဲသွားကာ အထိန်းကွပ်မဲ့တော့မလို ဖြစ်နေပါသည်။
"ဟင်? သူက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
ဒါလောင် မသေမျိုးဘုရင် နားမလည်နိုင်စွာ မေးလိုက်သည်။
သူသည် ထျန့်ကျီတောင်သခင်ကြီးနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသော်လည်း တစ်ဖက်လူက ဤမျှလောက်အထိ ဒေါသတကြီး ဖြစ်နေသည်ကို ယခုမှ ပထမဆုံး မြင်ဖူးခြင်းပင်။
ထိုသူမှာ မသေမျိုးဧကရာဇ် တစ်ပိုင်းအဆင့်ကို ရောက်နေပါလျက် အဘယ့်ကြောင့် ဤမျှ ဒေါသထွက်နေရပါသနည်း။ အမှန်တွင် သူကသာ ဒေါသထွက်ရမှာ မဟုတ်ဘူးလား။
ဒါလောင် မသေမျိုးဘုရင် လုံးဝ စဉ်းစားမရ ဖြစ်နေပါတော့သည်။
ထိုစဉ် ထျန့်ကျီတောင်သခင်ကြီးက ကြမ်းကြမ်းတမ်းတမ်း စကားစလာသည်။
"ဒါလောင် မသေမျိုးဘုရင်၊ အဲ့ဒါ မင်း လုပ်လိုက်တာ မဟုတ်လား"
ကြားလိုက်ရသည့်စကားကြောင့် ဒါလောင် မသေမျိုးဘုရင် မှင်သက်သွားပါ၏။
သူ ဘာလုပ်လိုက်မိပါသလဲ။ တစ်ဖက်လူက ဘာကို မေးနေတာပါလဲ။
တဖက်လူ၏ စကားသံထဲတွင်လည်း ဒေါသနှင့် နာကြည်းမှုများအပြင် မကျေမနပ်ဖြစ်မှုများပါ ပြည့်နေသည်ကို သူ အာရုံခံမိ၍ရနေပါသည်။
ဤမျှ အစွမ်းထက်သည့်သူက အဘယ့်ကြောင့်များ မကျေမနပ် ဖြစ်နေရပါသလဲ။
သူ နားကြားများ မှားသွားလေသလား။
သို့သော် ယခုအချိန်တွင် ဟန်ကိုယ့်ဖို့ဆိုသလို မာန်လျှော့၍မဖြစ်ကြောင်း ဒါလောင် မသေမျိုးဘုရင် ကောင်းကောင်းကြီး သိပါသည်။
ထိုသို့တွေးပြီးနောက် သူ သစ်သားဓားကို ကိုင်ဆွဲကာ အေးစက်စက် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"ထျန့်ကျီတောင်သခင်ကြီး၊ မင်းရဲ့ နာကြည်းမှုကျင့်စဉ်က ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး!"
အမှန်တွင်မူ သူ ချီးကျူးစကား သဘောမျိုးဖြင့် ပြောလိုက်ခြင်း ဖြစ်ပါ၏။
သို့သော် ထျန့်ကျီတောင်သခင်ကြီးမှာကား သူ့စကားကိုကြားသည်နှင့် ခေတ္တမျှ မှင်သက်သွားပြီးနောက် ယခဂ်ထက် ပို၍ပင် ဒေါသထွက်သွားပါတော့သည်။
နာကြည်းမှုကျင့်စဉ်ကို အထူးပြု ကျင့်ကြံတာတဲ့လား။
သူ ဘယ်တုန်းက နာကြည်းမှုကျင့်စဉ်ကို ကျင့်ကြံခဲ့ပါသလဲ။
လက်ရှိ သူ့ထံတွင် ရှိနေသည့် နာကြည်းမှုများမှာ ယခုရက်ပိုင်းအတွင်း သူ ခံစားခဲ့ရသည့် မတရားမှုများနှင့် ဖိနှိပ်မှုများကြောင့် အလိုလို ဖြစ်လာခြင်းပါပင်။
ထျန့်ကျီတောင်သခင်ကြီး၏ အမြင်တွင်မူ .., ဒါလောင်မသေမျိုးဘုရင်မှာ သူ့ တစ်သက်တာ ပြိုင်ဘက် ဖြစ်သလို ချင်းယွမ်ဒေသ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါ၏။
ထို့ကြောင့် သူ့အား ကာလရှည်ကြာ ဖိနှိပ်ထားခဲ့သည့် ထိုအစီအမံမှာလည်း ဒါလောင် မသေမျိုးဘုရင်၏ လက်ချက်သာ ဖြစ်ရမည်ဟု တွေးထားပါသည်။
သူကိုယ်တိုင် မစီစဉ်ခဲ့လျှင်ပင် အခြားသူတစ်ဦးကို ငှားရမ်း၍ လုပ်ခိုင်းထားခြင်း ဖြစ်ရပေမည်။
တစ်ဖက်လူမှာ သူ့ကို အစီအမံများဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး ယခု သူက နာကြည်းမှုများကို ကျင့်ကြံနေသည်ဟု ပြောနေပြန်ပါ၏။
၎င်းမှာ သူ့ကို ဗြောင်ကျကျ လှောင်ပြောင်နေခြင်းပင်!
ချက်ချင်းမှာပင် ထျန့်ကျီတောင်သခင်ကြီး ရူးသွပ်လုမတတ် ဖြစ်သွားပါတော့သည်။
"ဒါလောင် မသေမျိုးဘုရင်၊ မင်းက ယုတ်မာပြီး အရှက်မရှိတဲ့ လူယုတ်မာပဲ!"
ထျန့်ကျီတောင်သခင်ကြီး ပြောပြီးချိန်မှာပင် သူ့ခေါင်းထက်၌ အက်ကြောင်းများစွာ ပေါ်လာကာ မရေမတွက်နိုင်သော သွေးရောင်လွှမ်းသည့် နာကြည်းမှုအစွမ်းများ ပန်းထွက်လာပါ၏။
ပတ်ဝန်းကျင်ရှိလူအားလုံးမှာ ၎င်းကိုမြင်ပြီး အံ့ဩတုန်လှုပ်သွားကြသည်။
ထျန့်ကျီတောင်သခင်ကြီးသည် နတ်ဘုရားတောအုပ်၏ မိစ္ဆာအရောင်အဝါများနှင့် ဆက်နွှယ်နေသည်ကို အားလုံး သိကြသော်လည်း ဒါလောင်မသေမျိုးဘုရင်သည်ပင် သူ့အား ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေမျိုးဖြင့် တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
ထို့ကြောင့် သူ ပို၍ စိုးရိမ်လာပါ၏။
"အားလုံး နောက်ဆုတ်ကြ! သူ့ကို ထိပ်တိုက် မရင်ဆိုင်နဲ့! ဒီကောင်က မင်းတို့ ကိုင်တွယ်နိုင်တဲ့လူ မဟုတ်ဘူး! အားလုံး ငါ့နောက်ကို လာပြီး နာကြည်းမှုတွေကို ခုခံဖို့ အစီအမံတစ်ခု လုပ်ကြ!"
ဒါလောင် မသေမျိုးဘုရင် အော်လိုက်သည်။
အခြားသူများမှာ လုံလောက်သည့်အစွမ်း မရှိကြကြောင်း သူ သိထားသဖြင့် နာကြည်းမှုများကို အတူတကွ တိုက်ခိုက်ရန် အစီအမံ တစ်ခု လုပ်ခိုင်းလိုက်ခြင်း ဖြစ်ပါသည်။
လက်ရှိတွင် အခြားနည်းလမ်းလည်း မရှိဘူး မဟုတ်ပါလား။
သို့သော် ထျန့်ကျီတောင်သခင်ကြီးမှာမူ ထိုစကားကို အဓိပ္ပါယ်တစ်မျိုး ထင်သွားပါ၏။
"အစီအမံ ဟုတ်လား။ မင်းက တကယ်ပဲ အစီအမံကို ထပ်သုံးချင်နေသေးတာပေါ့လေ ။ ဒါလောင် မသေမျိုးဘုရင်၊ မင်းကို ငါ ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သတ်ချင်တာ မှန်ပေမဲ့၊ အစီအမံကို သုံးဖို့ အခွင့်အရေးတော့ မပေးနိုင်တော့ဘူးကွ! သေချာ ကြည့်ထားလိုက်၊ ဒါ ငါ နှစ်ပေါင်းတစ်သောင်းကျော် ကျင့်ကြံလာခဲ့တဲ့ အတုမဲ့ သတ်ဖြတ်ခြင်း တိုက်ကွက်ပဲ! မင်းနဲ့ တခြားကောင်တွေ အားလုံး... အကုန် သေကြပေတော့!"
ထျန့်ကျီတောင်သခင်ကြီး ပြောပြီးသည်နှင့် လုံးဝ အရူးတစ်ယောက်လို ဖြစ်သွားပါတော့သည်။
ဝုန်း
ထို့နောက်တွင် သူ့ လက်နှစ်ဖက်ကို စုစည်းလိုက်ရာ ..သူ့ အရောင်အဝါများမှာ ဟုန်းခနဲ ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အစွမ်းများလည်း တစ်ပြိုင်တည်း ထွက်လာသဖြင့် လေထုတစ်ခုလုံး မငြိမ်မသက် ဖြစ်သွားပါတော့သည်။
"ဒါက..."
ဒါလောင် မသေမျိုးဘုရင်မှာ ထိုအစွမ်းကို ခံစားမိသည်နှင့် ရင်ထဲ စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်သွားရ၏။
"သေကြစမ်း!"
ထျန့်ကျီတောင်သခင်ကြီးက ထပ်အော်လိုက်သည်။
တစ်ချိန်တည်းမှာပင်...
ဝုန်း
ထျန့်ကျီတောင်သခင်ကြီး၏ညခေါင်းထက်၌ ကြီးမားလှသော မြို့တော်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပါသည်။
"ဟင်?"
ထျန့်ကျီတောင်သခင်ကြီး မှင်သက်သွားရ၏။
ထို့နောက်တွင် ၎င်းဧရာမ မြို့တော်ကြီးက အောက်သို့ ပြိုဆင်းလာပါတော့သည်။