← Chapters

Dead Land

Vol. 71 Ch. 1036

Dead Land

Vol. 71 Ch. 1036

“မဟာပြောင်းလဲခြင်း ကျောက်စာတိုင် ဟုတ်လား”

လောထျန်း ထိုနာမည်အား ရင်းနှီးနေသကဲ့သို့ ခံစားရသဖြင့် မျက်မှောင်ကြုံ့လိုက်၏။

တစ်ချိန်တည်းမှာပင် မူလစိတ်ဝိညာဉ်ကလေးက ခေါင်းညိတ်ပြလျက် ဆိုသည်။

“မှန်ပါတယ်။ ကျုပ်တို့ မူလဝိညာဉ်နယ်မြေရဲ့ မှတ်တမ်းတွေအရဆိုရင်တော့ ဒီ မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ဟာ ကမ္ဘာပေါ်မှာ အဆန်းကြယ်ဆုံး အရာပဲတဲ့။ ကျုပ်တို့ရဲ့ ဘိုးဘေးက အရင်တုန်းက ဒီကျောက်စာတိုင်ကို ရခဲ့ဖူးပေမဲ့ ခဏလေးအတွင်းမှာပဲ ပြန်ပြီး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ကျုပ်တို့လို နောက်မျိုးဆက်တွေမှာ ဒါကို မျက်မြင်တွေ့ခွင့် မရခဲ့ကြတာ နှမြောစရာပဲဗျာ...”

သူ ပြောပြီး သက်ပြင်းချလိုက်၏။

ထိုစဉ် လောထျန်း၏ မျက်လုံးများ ရုတ်တရက် ဝင်းခနဲ ဖြစ်သွားပြီး အော်လိုက်သည်။

“ငါ မှတ်မိပြီ!”

သူ ပြောပြောဆိုဆိုပင် လက်တစ်ဖက်ဖြင့် လက်ကွက်တစ်ခု ပုံဖော်လိုက်သည်။

ဝီ!

နောက်တစ်ခဏ၌ ရိုးရှင်းသော ကျောက်ပြားတစ်ခု သူ့လက်ထဲ ပေါ်လာ၏။

“ဟင်... ဒါ ဘာလဲ”

လောထျန်း၏ လက်ထဲရှိ မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ကို မြင်လိုက်ရသောအခါ မူလစိတ်ဝိညာဉ်ကလေးမှာ မှင်သက်သွားရသည်။

လောထျန်းက တည်ငြိမ်စွာပင် ပြန်ပြော၏။

“မဟာပြောင်းလဲခြင်း ကျောက်စာတိုင်လေ”

“ဘယ်လို... မဟာပြောင်းလဲခြင်း ကျောက်စာတိုင် ဟုတ်လား။ ဒါက တကယ်ကြီး မဟာပြောင်းလဲခြင်းကျောက်စာတိုင်လား။ သခင်လေးကို ဘယ်သူပြောတာလဲ”

မူလစိတ်ဝိညာဉ်ကလေး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

လောထျန်းက အေးအေးဆေးဆေးပင် ပြော၏။

“ ပြန်အသက်သွင်းခြင်း သခင်ကြီး ရယ်၊ ဝိညာဉ်တစ်သောင်းသခင်ကြီး ရယ်၊ နောက်ပြီး လက်ချောင်းအရိုးတိုလေး တစ်ခုရယ်က ပြောတာ”

ထိုနာမည်သုံးခုကို ကြားလိုက်ရသောအခါ မူလစိတ်ဝိညာဉ်ကလေးမှာ တုန်တုန်ယင်ယင် ဖြစ်သွားတော့သည်။

“ဘယ်လို ... ပြန်အသက်သွင်းခြင်း သခင်ကြီးနဲ့ ဝိညာဉ်တစ်သောင်းသခင်ကြီး ဟုတ်လား။ အဲ့ဒီနှစ်ယောက်က အသက်ရှင်နေသေးတာလား”

သူက အသံတုန်တုန်ဖြင့် မေးလိုက်၏။

လောထျန်း အံ့ဩသွားကာ ပြန်ပြောလိုက်သည်။

“မင်းက အဲ့ဒီလူနှစ်ယောက်ကို သိတာလား”

မူလစိတ်ဝိညာဉ်လေးက ခေါင်းညိတ်ပြလိုက်၏။

“သိတာပေါ့ဗျာ။ အဲ့ဒီနှစ်ယောက်စလုံးက ရှေးဟောင်းနတ်ဘုရားတွေကိုမှ အရမ်း အစွမ်းထက်တဲ့ ရှေးဟောင်းနတ်ဘုရားတွေပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ‘မဟာတာအို’ နေရာအတွက် ပြိုင်ဆိုင်ရင်း ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ကြတာ မဟုတ်လား”

လောထျန်း မျက်မှောင်ကြုံ့သွားပါသည်။

“သေသွားပြီ ဟုတ်လား။ အဲ့ဒီနှစ်ယောက်က တကယ်ကို ထူးထူးဆန်းဆန်းတွေ လုပ်နေကြတာပဲ...”

မူလစိတ်ဝိညာဉ်ကလေးမှာ တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားဟန်တူ၏။

“ကျုပ် နားလည်ပြီ! ဒါကြောင့်ကိုး!”

လောထျန်း သူ့ကို ကြည့်ကာ မေးလိုက်သည်။

“မင်း ဘာတွေ သိလိုက်တာလဲ”

မူလစိတ်ဝိညာဉ်ကလေး အသက်ပြင်းပြင်းရှိုက်လိုက်၏။

“ကျုပ် အစောက ပြောခဲ့သလိုပဲ သူတို့နှစ်ယောက်စလုံးက အရမ်းအစွမ်းထက်တဲ့ ရှေးဟောင်းနတ်ဘုရားတွေပါ။ တစ်ယောက်ချင်းစီက ‘ကောင်းကင်ဘုံလမ်းစဉ် နိယာမ’တွေ ပိုင်ဆိုင်ကြပြီး တားမြစ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေပဲ”

“ဒါပေမဲ့ ဒီနတ်ဘုရားနှစ်ပါးဟာ အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်မယ့် မဟာတာအို အခွင့်အရေးအတွက် ပြိုင်ဆိုင်ရင်း တခြားသူတွေရဲ့ ခြေနင်းတုံးတွေ ဖြစ်သွားခဲ့ကြတယ်။ အဲ့နောက်မှာတော့ သူတို့ အသတ်ခံခဲ့ရပြီးတော့ သူတို့ရဲ့ နတ်ဘုရားခန္ဓာကိုယ်တွေကို ဆုံးရှုံးခဲ့ရတယ်!”

အားလုံးက ထိုရှေးဟောင်းနတ်ဘုရား နှစ်ပါး ကျဆုံးသွားပြီဟု ထင်နေကြသော်လည်း အမှန်တွင်မူ ၎င်းမှာ အယောင်ပြသက်သက်ပါပင်!

“ဒီနှစ်ယောက်က မဟာပြောင်းလဲခြင်း ကျောက်စာတိုင်အကြောင်း သိသွားပြီးတဲ့နောက် သေချင်ယောင်ဆောင်ပြီး ထွက်ပြေးခဲ့ကြတာ ဖြစ်မယ်ဗျ။ ပြီးတော့ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပြီး ဒီကမ္ဘာထဲကို ရောက်လာခဲ့ကြတာပဲ‌နေမှာ ။ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကနေ သီးခြားခွဲထွက်ပြီး မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ကို လုယူရင်းနဲ့ တစ်ဖြည်းဖြည်း အမြင့်ဆုံးအဆင့်ကို တက်လှမ်းဖို့ ကြံစည်နေကြတာဖြစ်မှာ”

“အင်း... အခုတော့ အဓိပ္ပာယ်ရှိသွားပြီ။ ဒါပေမဲ့ အဲ့လိုသာဆိုရင် ... ဒီကမ္ဘာကြီးက သေမင်းနယ်မြေ ဖြစ်သွားပြီပဲ!”

သူ ထိုသို့ ပြောပြီးချိန်မှာပင် နဖူးမှ ချွေးစက်များ စီးကျလာတော့၏။

“သေမင်းနယ်မြေ ဟုတ်လား”

လောထျန်းက တအံ့တဩ မေးလိုက်သည်။

မူလစိတ်ဝိညာဉ်ကလေးက ခေါင်းညိတ်လျက် ပြန်ပြောပါသည်။

“ပြန်အသက်သွင်းခြင်းသခင်ကြီးရော ၊ ဝိညာဉ်တစ်သောင်းသခင်ကြီးရော နှစ်ယောက်စလုံးဟာ ရှေးဟောင်းနတ်ဘုရားတွေထဲက ‘မိစ္ဆာနတ်ဘုရား’ အနွယ်ဝင်တွေပဲ။ သူတို့က ကိုယ့်အစွမ်းကို မြှင့်တင်ဖို့အတွက် သက်ရှိဝိညာဉ်တွေကို သားကောင်အဖြစ် အသုံးချတတ်ကြတယ်။”

“ဒီတော့ သူတို့နှစ်ယောက်သာ အပြည့်အဝ နာလန်ထူချင်တယ်ဆိုရင် အပေါ်ကမ္ဘာမှာရော အောက်ကမ္ဘာမှာရော ရှိနေကြတဲ့ သက်ရှိအားလုံးကို စတေးရလိမ့်မယ်!”

“ဒါကြောင့် သူတို့က ဒီမြေကို သူတို့ရဲ့ ယဇ်ပူဇော်ရာကွင်းပြင်ကြီးအဖြစ် ပြောင်းလဲထားခဲ့တာပဲ”

ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားပါသည်။

“ယဇ်ပူဇော်တာ... အဲ့ဒီ ဝိညာဉ်တစ်သောင်းသခင်ကြီး ဆိုတဲ့ကောင်က တကယ်ပဲ ယဇ်ပူဇော်တာတွေ လုပ်နေတာလား”

မူလစိတ်ဝိညာဉ်ကလေးက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်ပြော၏။

“သခင်လေး... နောင်တစ်ချိန်မှာ အဲ့ဒီနှစ်ယောက်နဲ့ တွေ့ရင် သတိထားပါ။ သူတို့နဲ့ ထိပ်တိုက်မတွေ့တာ အကောင်းဆုံးပါပဲ!”

လောထျန်း အိုးတို့အမ်းတမ်း ပြန်ပြောလိုက်ပါသည်။

“အဲ... အဲ့ဒါက နောက်ကျသွားပြီ ထင်တယ်...”

“ဟင်... နောက်ကျသွားပြီလား ဘာက နောက်ကျသွားတာလဲ”

မူလစိတ်ဝိညာဉ်ကလေးက အံ့ဩတကြီး မေး၏။

လောထျန်း အိုးတို့အမ်းတမ်းရယ်ကာ ပြောလိုက်သည်။

“ငါက သူတို့နဲ့ ရန်သူတော်ကြီးတွေ ဖြစ်နေပြီကွ၊ အထူးသဖြင့် ဟို ပြန်အသက်သွင်းခြင်း သံသရာသခင်ကြီးဆိုတဲ့ ကောင်နဲ့ပေါ့...”

တလက်စတည်း သူတို့ကြားမှ ရန်ငြိုးရန်စများကို သူ ပြန်ပြောပြလိုက်ပါသည်။

စကားဆုံးအောင် နားထောင်ပြီးချိန်တွင်ကား မူလစိတ်ဝိညာဉ်ကလေး၏ မျက်နှာ ဖြူလျော်နေပါတော့၏။

“ဒါ... ဒါဆိုရင်တော့ ခက်ပြီ...”

လောထျန်းက လက်ဝှေ့ယမ်းကာ ဆက်ပြောလိုက်သည်။

“အဲ့ဒီအကြောင်းတွေ အခုမပြောပါနဲ့ဦး။ ဒီကောင်နှစ်ယောက်အကြောင်းတော့ ငါသိပြီ၊ ဒါပေမဲ့ ဟိုလက်ချောင်းအရိုးက ဘယ်သူ့ဟာလဲဆိုတာ မင်းသိလား”

လက်ချောင်းအရိုးအကြောင်းကို ပြောလိုက်သည်နှင့် လောထျန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။

ထိုနေ့က သူ့ကို ဒဏ်ရာရစေရုံတင်မကဘဲ ထျန်းယွမ်ကမ္ဘာ၌ သတ်ဖြတ်မှုများစွာကို ကျူးလွန်ခဲ့သော ထိုလက်ချောင်းအရိုး၏ တိုက်ကွက်ကို သူ မမေ့သေးပေ။

ထိုစဉ် မူလဝိညာဉ်ကလေးက ခေါင်းယမ်းလျက် ဆိုသည်။

" သခင်လေးပြောတဲ့ လက်ချောင်းအရိုးကို ကျုပ် မြင်ဖူးသလိုပဲဗျ။ ဟိုးအရင် အရှုပ်အထွေး နတ်ဘုရားမြို့တော် စတင်တည်ထောင်ခါစတုန်းက မြို့တော်တစ်ခုလုံးကို ဝါးမြိုဖို့ ကြိုးစားတဲ့ အင်အားစုတစ်ခု ရှိခဲ့ဖူးတယ်။”

“ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက အရှုပ်အထွေး နတ်ဘုရားမြို့တော်ရဲ့ သခင်ကြီး ကျဆုံးသွားတာ မကြာသေးတော့ သူ့ရဲ့ကျန်ရှိနေတဲ့ အစွမ်းတွေက မပြယ်သေးဘူးလေ ။ အဲ့ဒါကြောင့်လည်း အဲ့ဒီအဖွဲ့က အချုပ်အနှောင်ကို မဖြတ်ကျော်နိုင်ခဲ့ဘူး။ အဲ့ဒီမှာတင် သူက ဒေါသတကြီးနဲ့ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို ပြန်ပြီး ပိတ်ဆို့ချုပ်‌နှောင်ထားခဲ့တာပဲ!”

“အဲ့လို ချုပ်နှောင်ထားခဲ့တာ နှစ်ပေါင်း သိန်းချီတောင် ကြာသွားခဲ့တယ်ဗျာ။ ကျုပ်ကလဲ အဲ့ဒီလောက် အစွမ်းထက်တဲ့ အင်အားမျိုးကို မယှဉ်နိုင်တော့ ဘာမှမလုပ်နိုင်ဘဲ ကြည့်နေခဲ့ရတာပေါ့။ အဲ့ဒီကောင် လှုပ်ရှားလိုက်တဲ့အချိန်မှာ လက်ချောင်းအရိုး တစ်ဝက်လောက်ကိုပဲ ကျွန်တော် ခဏလေး မြင်လိုက်ရတာ။ အဲ့ဒီကောင်က ဘယ်သူလဲဆိုတာတော့ သေချာမသိဘူး၊ ရှေးဟောင်းနတ်ဘုရား တစ်ပါးပါးပဲ ဖြစ်မယ် ထင်တာပဲ!”

“ဘယ်သူပဲဖြစ်ဖြစ် ဒီသုံးယောက်စလုံးက တကယ့်ကို အန္တရာယ်ကြီးတဲ့သူတွေပဲဗျ။ အကယ်၍ သူတို့သာ ပြန်ကောင်းသွားရင် ကမ္ဘာငယ်တွေ မရေမတွက်နိုင်အောင် ပျက်စီးသွားလိမ့်မယ်...”

“ကံကောင်းတာကတော့ သခင်လေးက ‘မဟာအရှုပ်အထွေးခန္ဓာ’ ကို ကျွမ်းကျင်အောင်နိုင်ထားတာပဲ။ သခင်လေးရဲ့ အဆင့်သာ ထပ်မြင့်လာဦးမယ်ဆိုရင် ဒီရှေးဟောင်းနတ်ဘုရား သုံးယောက်လုံး ပြန်အသက်သွင်းလာရင်တောင် သခင်လေး သူတို့နဲ့ ယှဉ်နိုင်‌ေလာက်တယ်”

မူလစိတ်ဝိညာဉ်ကလေးက လောထျန်းအား အလေးနက် ပြောလိုက်သည်။

လောထျန်း ခေတ္တမျှ အတွေးနယ်ချဲ့နေပြီးမှ ခေါင်းညိတ်လိုက်၏။

ထိုစဉ် မူလစိတ်ဝိညာဉ်ကလေးက လောထျန်းအနားသို့ သတိထား ချဉ်းကပ်လာကာ မေးပါသည်။

“သခင်လေး... ကျုပ် ဒီ မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ကို တစ်ချက်လောက် ကြည့်ခွင့်ရမလား”

လောထျန်းက ခေါင်းညိတ်ကာ ကျောက်စာတိုင်ကို ပေါ့ပေါ့ပါးပါးပင် လှမ်းပစ်ပေးလိုက်၏။

၎င်းကို မြင်သောအခါ မူလစိတ်ဝိညာဉ်ကလေး လန့်ဖြတ်သွားပြီး အသည်းအသန် လှမ်းဖမ်းလိုက်ရသည်။

ထိုအရာမှာ ဒဏ္ဍာရီလာ နတ်ဘုရားရတနာတစ်ခု မဟုတ်ပါလား။

သူတို့၏ မူလဝိဥာဥ်နယ်မြေမှ လက်ရှိ ဘိုးဘေးကြီးပင် မျက်မြင်မတွေ့ဖူးသည့် အရာကို ယခု သူကိုယ်တိုင် တွေ့ခွင့်ရနေ‌လေပြီ။ ၎င်းမှာ သူ့အတွက် အခွင့်ကောင်းကြီး တစ်ခုပါပင်။

ဝုန်း!

ထို့နောက် သူ ကျောက်စာတိုင်အား လက်ဖြင့်သေချာကိုင်ထားလိုက်၏။

သို့သော် သူ ၎င်းကျာက်စာတိုင်အား အနီးကပ် ကြည့်လိုက်သောအခါတွင်မူ သူ့မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

“ဟင်... ဘယ်လို... ဘယ်လို ဖြစ်နိုင်မှာလဲ”

သူ ကျောက်ပြားကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကာ မှင်သက်နေမိပြီး အချိန်အတန်ကြာမှ ခေါင်းကို ဖြည်းညင်းစွာ မော့ကာ ဆိုသည်။

“သခင်လေး ... ဒါက မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ဆိုတာ သေချာရဲ့လား”

လောထျန်းက ခေါင်းညိတ်ပြပါ၏။

“အေးလေ၊ ဘာဖြစ်လို့လဲ”

သူ့စကား ဆုံးချိန်မှာပင် မူလဝိညာဉ်ကလေးက ကျောက်စာတိုင်ပေါ်ရှိ အက်ကြောင်းရာအား မြင်သွားကာ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ပြိုလဲကျသွားပြီး တုန်တုန်ယင်ယင်ဆိုသည်။

“ဘုရားရေ... ဒါ ဘယ်လိုဖြစ်ရတာလဲ”

“ဘာဖြစ်လို့လဲဆိုတာ အတိအကျ ပြောစမ်းပါ”

လောထျန်း မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

မူလစိတ်ဝိညာဉ်ကလေးက မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောရှာသညါ။

“ဒီ မဟာပြောင်းလဲခြင်း ကျောက်စာတိုင်ကို... ကျုပ် အရင်က မြင်ဖူးတယ်ဗျ!”

All Chapters