အခန်း (၂၀၃)
Vol. 21 Ch. 203
ကျောင်းအုပ်ကြီး၏ အလွန်အမင်း တည်ကြည်လေးနက်နေသော အမူအရာကြောင့် ရွှီရန်မှာ အနည်းငယ် စပ်စုချင်စိတ် ဖြစ်သွားရသည်။
“ပြောသာပြောပါဗျာ... ဆုတောင်းတာမျိုး ဒါမှမဟုတ် အသနားခံတာမျိုး မဟုတ်သရွေ့ အားလုံးက ညှိနှိုင်းလို့ရပါတယ်”
ဆုတောင်းတာတွေ ဘာတွေ မဟုတ်ပါဘူး... လူကြီးတစ်ယောက်ရဲ့ ကိစ္စကို ဆုတောင်းတယ်လို့ ခေါ်လို့ရပါ့မလား။
ကျောင်းအုပ်ကြီးက ခေတ္တစဉ်းစားပြီးမှ “ဒါနဲ့... မင်း အဆောင်ရေးထွင်းတာ ဘယ်လောက်မြန်လဲ။ အင်အားစိုက်ထုတ်မှုရော အများကြီး လိုလား” ဟု မေးမြန်းလိုက်သည်။ သူသည် အနည်းငယ် အရောင်မရင့်သေးသော အကြံပြုချက်တစ်ခုကို မတင်ပြမီ အဆောင်လက်ဖွဲ့ ရေးထွင်းခြင်း၏ အသေးစိတ်အချက်အလက်များကို အရင်စုံစမ်းလိုခြင်းပင်။
ရွှီရန်က “အဆင်ပြေပါတယ် တစ်မိနစ်ကို တစ်ခုနှုန်းလောက်ပါပဲ။ တစ်နေ့ကို နှစ်နာရီ၊ သုံးနာရီလောက် အချိန်ပေးရင် အခုနှစ်ရာ၊ သုံးရာလောက် ထွက်ပါတယ်” ဟု ပြန်ဖြေလိုက်သည်။
ဤစကားက အနားရှိ ပညာရှင်ကြီးများကို ဆွံ့အသွားစေသည်။
သုံးနာရီအတွင်း အခုနှစ်ရာ၊ သုံးရာထွက်ပြီး တစ်ခုတည်းကတင် သုံးလတိုင်တိုင် အာနိသင်ရှိမည်ဆိုလျှင်...
ယဲ့ဖျင်၊ အကြီးအကဲ ဖုန်းထန်၊ ရှင်းလင်းရေးတပ်ဖွဲ့မှူး ယွမ်ယန်နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှူး ဟယ်စီဖန်းတို့သည် ရွှီရန်ကို အံ့ဩမှင်သက်စွာဖြင့် ကြည့်နေကြတော့သည်။
မဟုတ်သေးဘူးလေ... ဒါက တကယ့်ကို ဘုရားပေးတဲ့ ပါရမီထက်ကို ကျော်လွန်မနေဘူးလား။ အာနိသင်ကလည်း အံ့မခန်း၊ ထုတ်လုပ်နိုင်စွမ်းကလည်း ဒီလောက်တောင် များနေတာလား။ ဒါက ကောင်းကင်က ကျလာတဲ့ ကံကောင်းခြင်း မုန့်လုံးကြီးလား။
ကျောင်းအုပ်ကြီးမှာ စကားလုံးများပင် ပျောက်ရှသွားရသည်။
“တကယ်ပဲ အဲဒီလောက် ရိုးရှင်းတာလား။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူးလား”
ရွှီရန်က ခပ်ပြုံးပြုံးဖြင့် သူ၏လက်ထဲရှိ ဆတိုးရတနာအဆောင်ငယ် ၁၁၄ ခုကို ခါယမ်းပြရင်း “အခြေခံအဆောင်ပဲလေ ရိုးရှင်းပါတယ် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ သွေးနဲ့ သွေးစွမ်းအင် အနည်းငယ်ပဲ ကုန်တာပါ။ ဦးလေးတို့ အစည်းအဝေးကို စောင့်နေတုန်းမှာတင် အခု ၁၂၀ လောက် လုပ်လိုက်တာ...”
ရွှီရန်သည် အဆောင်လက်ဖွဲ့များကို ငွေစက္ကူထပ်ကြီးကို ခါပြနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် လုပ်ပြနေသည်။ အမှန်စင်စစ် ရွှီရန်၏ လက်ထဲရှိ အဆောင်တစ်ထပ်သည် ငွေစက္ကူထပ်ထက် အဆပေါင်းများစွာ ပိုမိုတန်ဖိုးရှိလှသည်။ အကယ်၍သာ ဤအရာများကို ဈေးကွက်တင်လိုက်မည်ဆိုပါက အံ့မခန်း အာနိသင်များကြောင့် သန်မာလှသော ယွဲ့အဆင့် ကျင့်ကြံသူကြီးများပင် ဝိုင်းအုံ၍ လုယူကြမည်မှာ သေချာလှသည်။
အနည်းဆုံး ခန့်မှန်းခြေအားဖြင့်ပင် ဤအဆောင်တစ်ခု၏ တန်ဖိုးမှာ သုံးသန်း ကျော်လိမ့်မည်ဖြစ်သည်။ ၎င်းမှာ ဝယ်လိုအားရှိသော်လည်း ပစ္စည်းမရှိသည့် အခြေအနေမျိုးတွင် ဖြစ်သည်။ ထို့ကြောင့် ရွှီရန်၏ လက်ထဲရှိ ဆတိုးအဆောင်ငယ် ၁၁၅ ခု၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သန်းပေါင်း ၄၀၀ ကျော်အထိ ရှိနေပြီး ရွှီရန်မှာ သူ၏ ကြွယ်ဝမှုကို ဗြောင်ကျကျပင် ထုတ်ကြွားနေခြင်းပင်။
လူတိုင်းမှာ ဆွံ့အလျက် ရှိနေကြသည်။ အလုပ်လုပ်ပုံက ကြောက်စရာကောင်းလောက်အောင် ထိရောက်ပြီး ထုတ်လုပ်မှုကလည်း ဤမျှ မြင့်မားနေသည်မှာ မယုံနိုင်စရာပင်။
ကျောင်းအုပ်ကြီးမှာ ချွေးပင်ပြန်လာပြီး “နှစ်နာရီအတွင်း ၁၂၀ တဲ့လား... မင်းဆီကနေ ဒီလိုမျိုး မျှော်လင့်ထားပြီးသားပါပဲ တကယ့်ကို အံ့ဖွယ်မူလအရိုးပါပဲ” ဟု ရေရွတ်လိုက်သည်။
“ငါကတော့ ဒါကို ဖန်တီးရတာ အလွန်ခက်ခဲလိမ့်မယ်လို့ ထင်နေတာ...”
ရွှီရန်က မျက်ခုံးပင့်ပြရင်း “မခက်ပါဘူး မခက်ပါဘူး။ ကိတ်မုန့်စားရသလို လွယ်လွယ်လေးပါ” ဟု ပြောကာ “ဒါနဲ့ ကျောင်းအုပ်ကြီးရဲ့ အကြံက ဘာလဲဆိုတာ ပြောပါဦး” ဟု မေးမြန်းလိုက်သည်။
ကျောင်းအုပ်ကြီးက သက်ပြင်းကို လေးလေးပင်ပင် ချလိုက်ပြီး “ငါ စဉ်းစားနေတာက... မင်းရဲ့ အဆောင်တွေက ဘေးထွက်ဆိုးကျိုး နည်းတယ်ဆိုရင် ဒီနှစ်ကျင်းပမယ့် နိုင်ငံတော်အဆင့် နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ပွဲရဲ့ လုပ်ငန်းစဉ်တွေကို ပြောင်းလဲပစ်သင့်သလားလို့ပဲ” ဟု ဆိုသည်။
ရွှီရန်မှာ ကျောင်းအုပ်ကြီး ဆိုလိုသည့်အချက်ကို အနည်းငယ် ဝေဝါးနေဆဲပင်။
“ကျောင်းအုပ်ကြီး ဘာကိုဆိုလိုတာလဲဗျ။ လုပ်ငန်းစဉ်ကို ပြောင်းလဲမယ်ဆိုတာ ကျွန်တော် နားမလည်ဘူး”
ကျောင်းအုပ်ကြီးက ရွှီရန်၏ခေါင်းကို အသာအယာပုတ်ရင်း “မင်းက ဒီဆတိုးအဆောင်ငယ်တွေကို ငါတို့ဆီ ယူလာပေးတယ်ဆိုတာ ဒါကို လူသိရှင်ကြား ထုတ်ပြဖို့ ရည်ရွယ်ချက်ရှိလို့ မဟုတ်လား” ဟု မေးလိုက်သည်။
ရွှီရန်က ခေတ္တတွေဝေသွားပြီးမှ “ဟုတ်ပါတယ်။ ကျွန်တော်က ဟွာရှကျင့်ကြံသူတွေရဲ့ ခွန်အားကို မြှင့်တင်ပေးချင်တာပါ။ ဒါပေမဲ့... ဒါက ကျွန်တော် ပထမဆုံးအကြိမ် ရေးထွင်းဖူးတာဆိုတော့ တခြားဘေးထွက်ဆိုးကျိုး ရှိမရှိ သေချာမသိသေးဘူး။ အဲဒါကြောင့် ဦးလေးတို့ကို အရင်စမ်းကြည့်ခိုင်းတာပါ” ဟု ဖြေလိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့ ညစ်ညမ်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ မပါဝင်သလို ၉၈ ရာခိုင်နှုန်းလောက်ကတော့ အန္တရာယ်ကင်းဖို့ သေချာပါတယ်”
လူတိုင်း: “...”
ဟောဗျာ... ငါတို့ကြားတာ မှန်ရဲ့လား။ ဆိုလိုတာက ငါတို့တွေကို ဓာတ်ခွဲခန်းက ကြွက်ဖြူတွေလို အသုံးချလိုက်တာပေါ့ ဟုတ်လား။
ကောင်းပါလေရော...
အားလုံးပင် ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားကြသည်။
ကျောင်းအုပ်ကြီးက ရွှီရန်ကို စောင်းကြည့်လိုက်ပြီး “မင်းလိုလူမျိုးက ဘာလို့ ဒီလောက်
အစွမ်းထက်တဲ့ ဝှက်ဖဲသစ်ကို ချက်ချင်းကြီး ထုတ်ပြရတာလဲလို့ ငါစဉ်းစားနေတာ။ တကယ်တော့ ငါတို့က စမ်းသပ်ခံ သတ္တဝါတွေ ဖြစ်နေတာကိုး”
ရွှီရန်က သူ၏ အဖြူရောင်ရှပ်အင်္ကျီကို ခပ်ပေါ့ပေါ့ပင် ဆွဲဟပြလိုက်ပြီး “ဒါက ပထမဆုံးအကြိမ် အဆောင်ရေးတာဆိုတော့ စမ်းသပ်ခံလူဦးရေ များများနဲ့ စမ်းကြည့်မှ နောက်ဆုံးရလဒ်ကို အတိအကျ သိရမှာလေ” ဟု ဆိုသည်။
“ကျွန်တော့်ရဲ့ နားလည်မှုအရတော့ ၉၈ ရာခိုင်နှုန်းက ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော့်ကိုယ်ပေါ်မှာလည်း တစ်ခုကပ်ထားတယ်။ လက်တွေ့စမ်းသပ်ချက်အရတော့ အာနိသင်က တကယ်ကို ကြမ်းတယ်ဗျ ဟီးဟီး...”
ကျောင်းအုပ်ကြီးက အံ့အားသင့်သွားပြီး “မင်းကိုယ်တိုင် အရင်ဆုံး စမ်းကြည့်တာလား” ဟု မေးရာ ရွှီရန်က “သေချာတာပေါ့ ကျွန်တော် အရင်စမ်းတာပေါ့” ဟု သဘာဝကျကျပင် ပြန်ဖြေသည်။
ကျောင်းအုပ်ကြီးမှာ ထိတ်လန့်သွားပြီး အမူအရာက ချက်ချင်းပင် တည်ကြည်လေးနက်သွားကာ “နောက်တစ်ခါ အသစ်အဆန်းတွေ တီထွင်ရင် ငါတို့ကိုပဲ အရင်ဆုံး စမ်းသပ်ခိုင်းပါ။ မင်းကိုယ်တိုင် အန္တရာယ်မယူပါနဲ့” ဟု သတိပေးလိုက်သည်။
ယဲ့ဖျင်ကလည်း ချက်ချင်းပင် ထောက်ခံသည်။
“ဟုတ်တယ် သတိထားရမယ်။ ငါတို့လို အလားအလာမရှိတော့တဲ့ လှိုင်းဟောင်းကြီးတွေကိုပဲ စမ်းသပ်ခံအဖြစ် သုံးလိုက်ပါ။ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း မနိမ့်တော့ အန္တရာယ်ရှိရင် ချက်ချင်း သိနိုင်တာပေါ့”
"နောက်တစ်ချက်က ကျွန်တော်တို့ဆီမှာ ကျင့်ကြံဖို့ အလားအလာသိပ်မကျန်တော့ဘူးလေ။ တစ်ခုခုမှားယွင်းခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ် ထိခိုက်မှု သိပ်မရှိနိုင်တော့ဘူး"
အကြီးအကဲ ဖုန်းထန်၊ ရှင်းလင်းရေးတပ်ဖွဲ့မှူး ယွမ်ယန်နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှူး ဟယ်စီဖန်းတို့ကလည်း အပြိုင်အဆိုင် ခေါင်းညိတ်ထောက်ခံကြသည်။
"ဟုတ်တယ် ဟုတ်တယ်။ နောက်ဆိုရင် မင်းကိုယ်တိုင် အန္တရာယ်မယူပါနဲ့တော့"
ရွှီရန်က ခပ်ပြုံးပြုံးပင် ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော် မသုံးခင်ကတည်းက ယုံကြည်မှုရှိပြီးသားပါ။ ၁၀၀ ရာခိုင်နှုန်း အန္တရာယ်ကင်းတယ်ဆိုတာ သေချာအောင် ဦးလေးတို့ကို စမ်းကြည့်ခိုင်းတာပါ"
"ဘာလို့လဲဆိုတော့ ဦးလေးတို့ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်တော့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုဖြစ်တာနဲ့ ချက်ချင်း သိနိုင်တယ်မဟုတ်လား။ ဘေးထွက်ဆိုးကျိုး ရှိရင်လည်း ချက်ချင်း ခံစားမိမှာပဲလေ"
"ဒါနဲ့... ဦးလေးတို့ ဘာဘေးထွက်ဆိုးကျိုးမှ ခံစားရတာမျိုး ရှိလား"
ဖုန်းထန်က ခေါင်းယမ်းကာ "ဘာမှ ထူးထူးခြားခြား မရှိပါဘူး" ဟု ဖြေသည်။
ဟယ်စီဖန်းနှင့် ယွမ်ယန်တို့ကလည်း ထိုအတိုင်းပင်ဖြစ်ကြောင်း ထောက်ခံကြသည်။
ကျင့်ကြံမှုအဆင့် အမြင့်ဆုံးဖြစ်သော ဦးလေးယဲ့ဖျင်ကမူ ဆတိုးရတနာအဆောင်ငယ်၏ အာနိသင်ကို သေချာအာရုံခံကြည့်ပြီးမှ
"ဘေးထွက်ဆိုးကျိုး ရှိပုံမရဘူး။ နက်နဲသောအဆောင်တွေပေးတဲ့ ခံစားချက်နဲ့ လုံးဝကို ကွဲပြားတယ်။ သွေးကြောတွေထဲမှာ သွေးစွမ်းအင် စီးဆင်းမှုနှုန်းက တစ်ဝက်လောက် ပိုမြန်လာတယ်"
"အင်း... အရှိန်မြှင့်လာရုံတင်မကဘူး။ စီးဆင်းမှုက ပိုပြီး ချောမွေ့သွားတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့ အာနိသင်လည်း ပါနေသလိုပဲ။ အသုံးပြုသူကို အကောင်းမြင်စိတ် ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးနေသလားလို့တောင် ထင်ရတယ်"
စကားပြောရင်းနှင့် ဦးလေးယဲ့ဖျင်က ရွှီရန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီအဆောင်က လူတွေကို ကြိုးစားအားထုတ်ချင်စိတ် ဖြစ်ပေါ်စေတဲ့ အာနိသင်မျိုးများ ပါနေတာလား ဒါကို ကပ်လိုက်တာနဲ့ ငါ့စိတ်ထဲမှာ တစ်ခုခုကို မရရအောင် ကြိုးစားချင်စိတ်တွေ တဖွားဖွား ပေါ်လာသလိုပဲ..."
ကျောင်းအုပ်ကြီးကလည်း မျက်ခုံးပင့်ကာ "တကယ်ပဲ အဲဒီလို ခံစားချက်မျိုး ရှိတယ်..." ဟု ပြောလာသည်။
"ဒါက ဘာကြောင့်လဲ အဆောင်တွေက ရေးထွင်းတဲ့သူရဲ့ စိတ်အာရုံအပေါ်မှာ မူတည်ပြီး လွှမ်းမိုးမှု ခံရနိုင်တာလား"
ဖုန်းထန်က သေသေချာချာ အာရုံခံကြည့်ပြီးမှ "မပြောလို့သာနေမယ်။ တကယ်ပဲ အားတက်စရာကောင်းတဲ့ လှုံ့ဆော်မှုမျိုး ခံစားနေရတယ်" ဟု အံ့သြတကြီး ပြောလိုက်သည်။
ယွမ်ယန်ကလည်း "ဟုတ်တယ် ကျွန်တော်လည်း ခံစားမိတယ်။ ဒါကတော့..."
သူတို့နှစ်ဦးစလုံး စကားပင် ဆွံ့အသွားရသည်။
ကြိုးစားအားထုတ်လိုစိတ်တွေ ကုန်ခန်းနေတာ ကြာပြီဖြစ်တဲ့ ဒီဝါရင့်ကျင့်ကြံသူကြီးတွေက ဆတိုးရတနာအဆောင်ငယ်ကို ကပ်လိုက်ရုံနဲ့ သူတို့ရဲ့ ရင်တွင်းထဲမှာ တက်ကြွလှုပ်ရှားလိုစိတ်တွေ အပြည့်အဝ ပြန်လည် နိုးထလာကြရတာလား။