အခန်း (၂၀၄)
Vol. 21 Ch. 204
ဟယ်စီဖန်းကလည်း "ကျွန်တော်လည်း ခံစားမိတယ်... ဒါက စွဲလမ်းမှုကို ဖြစ်စေမယ့် သဘောမျိုးပဲ။ ဘာလို့လဲဆိုတော့ ဒီဆတိုးရတနာအဆောင်ငယ်ကို ကပ်လိုက်ပြီးတဲ့နောက်မှာ စိတ်တွေ လန်းဆန်းတက်ကြွသွားတာကိုး။
သွေးစွမ်းအင်တွေ အရှိန်အဟုန်နဲ့ လည်ပတ်နေတာကနေ ရရှိလာတဲ့ ကြည်နူးမှုက ဦးနှောက်ထဲက ဒိုပါမင်းတွေကို အဆက်မပြတ် ထွက်လာစေတယ်။ ဒါက တကယ့် အဆင့်မြင့် ပျော်ရွှင်မှုမျိုးပဲ။ တကယ်လို့ ဒီအရှိန်နဲ့ ကျင့်သားရသွားပြီးမှ ရုတ်တရက် အဆောင်မရှိတော့ဘူးဆိုရင်... အဲဒီအချိန်ကျရင် တော်တော်လေးကို ခံရခက်ပါလိမ့်မယ်"
လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဘာပြောရမှန်းမသိဘဲ အနေရခက်သော အမူအရာများ ဖြစ်သွားကြသည်။
ဒါက ဘေးထွက်ဆိုးကျိုးလား။
ဒါက လူတွေကို အဆက်မပြတ် ကျင့်ကြံနေရတဲ့ သံသရာထဲကို နှစ်မြှုပ်လိုက်တာလား။
လူတွေကို မနားတမ်း ကျင့်ကြံနေအောင် တွန်းပို့နေတာလား။
ဒါက တခြားပုံစံနဲ့လာတဲ့ စိတ်ဝိညာဉ်ညစ်ညမ်းမှုတစ်မျိုး မဟုတ်ပါလား။
ရွှီရန်ကတော့ ထူးခြားဆန်းပြားသော အမူအရာဖြင့် တောက်ပစွာ ပြုံးလိုက်ပြီး "ဟားဟား... ဒါက ဘယ်လိုလုပ် ဘေးထွက်ဆိုးကျိုး ဖြစ်မှာလဲ"
"ထူးဆန်းလိုက်တာ... ကျွန်တော်ကတော့ အဲဒီလို စိတ်ဓာတ်မျိုး ထည့်မသွင်းထားပါဘူး။ ဒါက မသိစိတ်ကြောင့် ဖြစ်တာများလား"
"ဒါပေမဲ့... အမှန်အတိုင်း ပြောရရင် ဒါက ဆိုးကျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကျင့်ကြံသူတွေဟာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်လာပြီဆိုရင် နေ့ရောညပါ မနားတမ်း ကြိုးစားကျင့်ကြံရမှာပဲလေ ပျင်းရိနေဖို့ဆိုတာ လုံးဝ လက်မခံနိုင်စရာပဲ။ အချိန်ဟာ ရွှေထက်တန်ဖိုးရှိသလို ရွှေနဲ့လည်း အချိန်ကို ဝယ်လို့မရဘူးလေ"
ကျောင်းအုပ်ကြီးကတော့ လက်လျှော့လိုက်သည့် အမူအရာဖြင့် "မင်းပြောတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ငါက အသက် ၁၈၀ ရှိနေတဲ့ အဘိုးကြီးလေ... ငါ့ကိုပါ ဒီလောက်အထိ အတင်းအဓမ္မ ကြိုးစားခိုင်းနေတာက နည်းနည်းတော့ မလွန်ဘူးလား။
ဒီလို စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးတဲ့ အာနိသင်မပါတဲ့ ဆတိုးရတနာအဆောင်ငယ်ဗားရှင်းမျိုး မရှိဘူးလား"
ရွှီရန်က လက်ဝှေ့ယမ်းကာ ရယ်မောလိုက်ပြီး "ဇရာအိုပေမဲ့ မြင်းဇာနည်ဟာ ခရီးမိုင်တစ်
ထောင်ကို နှင်ချင်တဲ့ စိတ်ဓာတ်ရှိသေးသလို စစ်သားဟောင်းတစ်ယောက်ဟာလည်း အိုမင်းသွားပေမဲ့ ရည်မှန်းချက်တွေ ရှိနေတုန်းပါပဲ။ ကဲပါ ကျောင်းအုပ်ကြီးရာ... ကိုယ့်ရဲ့ အသက်အရွယ်နဲ့ စွမ်းအားကို လျှော့မတွက်ပါနဲ့ဦး"
ကျောင်းအုပ်ကြီး "..."
ဖုန်းထန်: "..."
ယွမ်ယန်: "..."
ဟယ်စီဖန်း: "အင်း ကျွန်တော်ကတော့ ငယ်သေးတော့ နည်းနည်းလောက် ပိုကြိုးစားပြီး ကျင့်ကြံလို့ ရပါသေးတယ်"
ကျောင်းအုပ်ကြီးက မတတ်သာသည့်အဆုံး ခေါင်းခါယမ်းလိုက်ပြီး "အေးပါ... အေးပါ။ ငါ မင်းအတွက် စမ်းသပ်ပေးပါ့မယ်။ ၁၀ ရက် ဒါမှမဟုတ် လဝက်လောက် အာရုံခံကြည့်ပြီးမှ မင်းကို အကျိုးဆောင်ပြန်ရင်ဖွင့်တာပေါ့။ ဒါနဲ့... ဒါကို လမ်းတစ်ဝက်မှာ ခွာပစ်လို့ရလား ခွာလိုက်ရင်ရော ဘာဆိုးကျိုးမှ မရှိဘူးမလား" ဟု မေးမြန်းလိုက်သည်။
ရွှီရန်က နွေးထွေးစွာ ပြုံးပြရင်း "အချိန်မရွေး ခွာပစ်လို့ရပါတယ်။ ဘာဆိုးကျိုးမှ မရှိပါဘူး" ဟု ပြန်ဖြေသည်။
ထိုစကားကို ကြားလိုက်ရမှ ကျောင်းအုပ်ကြီးမှာ သက်ပြင်းအေးအေး ချနိုင်တော့သည်။ ဖုန်းထန်သည်လည်း စိတ်အေးသွားသည့်အလား သက်ပြင်းချလိုက်မိသည်။
သူသည် ဆတိုးရတနာအဆောင်ငယ်၏ အာနိသင်ကို သေသေချာချာ ပြန်လည်အာရုံခံကြည့်နေမိသည်။
အမှန်အတိုင်း ဆိုရလျှင် ရွှီရန် ရေးထွင်းထားသော ဤရတနာအဆောင်သည် ကမ္ဘာ့နိယာမများကို ဆန့်ကျင်နေသကဲ့သို့ပင်။ သူ ပို၍ အာရုံခံစားမိလေလေ ပို၍ပင် အံ့သြမိလေလေ ဖြစ်ရသည်။
ဆတိုးအဆောင်ငယ်၏ အာနိသင်များမှာ အလွန်တရာ အံ့မခန်းလွန်းလှသဖြင့် သူ၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်နေရသည်။ ရှင်းလင်းရေးတပ်ဖွဲ့မှ ကျင့်ကြံသူတစ်ဦးနေနေသာသာ သူကဲ့သို့သော ယွဲ့အဆင့်ပညာရှင်ကြီးတစ်ဦးအတွက်ပင်လျှင် ဤအဆောင်ကို အသုံးပြုခြင်းမှာ အံ့ဖွယ်ရလဒ်များကို ပေးစွမ်းနေခြင်းပင်။
သိထားသင့်သည်မှာ သူသည် ယခုအခါ အသက် ၁၂၀ ကျော်နေပြီဖြစ်သည်။ အိုမင်းခြင်းအဆင့်သို့ စတင်ဝင်ရောက်နေပြီဖြစ်ရာ သူ၏ ကျင့်ကြံမှုအရှိန်မှာလည်း ယခင်ကထက် တစ်ဝက်ခန့် လျော့ကျနေခဲ့ပြီဖြစ်သည်...
သို့သော် အဆောင်လက်ဖွဲ့ကို ကပ်လိုက်ပြီးနောက်တွင်မူ သူသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ဒုတိယအကြိမ် ပြန်လည်နုပျိုလာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ အားအကောင်းဆုံးအချိန်က ကျင့်ကြံမှုအရှိန်မျိုးကို ပြန်လည်ရရှိသွားခဲ့သည်။
ထိုအရာက တကယ်ကို အံ့ဩစရာကောင်းလှသည်။
ဒါက တကယ်ပဲ ဆတိုးရတနာအဆောင်ငယ်။
ဒါက ယောက်ျားတစ်ယောက်ရဲ့ တက်ကြွမှုကို ပြန်လည်နိုးကြားစေတဲ့ ရတနာအဆောင်ပဲ။
မိုးတိမ်တွေကင်းစင်ပြီး မိုးတိတ်သွားသလိုမျိုး ဖုန်းထန်သည် သူကိုယ်သူ ပြန်လည်
စွမ်းဆောင်နိုင်စွမ်းရှိလာပြီဟု ခံစားလိုက်ရသည်။ သူ၏ အိုမင်းလှသောအရွယ်မှာ နောက်
တစ်ကြိမ် ပြန်လည်တက်ကြွလာနိုင်စွမ်း ရှိလာခြင်းပင်။
ဖုန်းထန်သည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။
သူ ရွှီရန်ကို ကြည့်သည့်အမြင်မှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ “နားလည်သဘောပေါက်မှုအခြေခံရယ်... မင်းက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်သလဲ” ဟု ပြောနေသကဲ့သို့ပင်။
“ကြောက်စရာပဲ ဘယ်လိုမျိုး စူပါဦးနှောက်ကမှ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆောင်တွေကို ဖန်တီးနိုင်မှာလဲ”
ရွှီရန်က ပုခုံးတွန့်ပြရင်း “ဒါက ကျွန်တော် ကိုယ်တိုင်ဖန်တီးထားတဲ့ အဆောင်မဟုတ်ပါဘူး။ ဟိုနက်နဲသောအဆောင်တွေဆီကနေ သင်ယူခဲ့တဲ့ နည်းစနစ်တစ်ခုပါ။ ကျွန်တော်က ဖန်တီးသူမဟုတ်ဘူး။ သယ်ဆောင်ဖြန့်ဖြူးပေးသူသက်သက်ပါပဲ”
ဖုန်းထန်: “သယ်ဆောင်သူပဲ ဖြစ်ဖြစ် ဒါက ကြောက်စရာကောင်းလောက်အောင် အစွန်းရောက်နေပြီ မဟုတ်လား။ ကောင်းကင်ဘုံတောင်ထိပ်ရဲ့ လက်အောက်မှာရှိတဲ့ သုတေသနဌာနတွေမှာ အဆင့်မြင့်သုတေသနပညာရှင် တစ်ရာကျော်ဟာ နှစ်နှစ်ခွဲကြာအောင် ကြိုးစားခဲ့တာတောင် ဘာတိုးတက်မှုမှ မရှိခဲ့ဘူး သူတို့ သင်္ကေတ တစ်ခုတည်းကိုတောင် အဓိပ္ပာယ်မဖော်နိုင်ခဲ့ကြတာ”
“ဒါပေမဲ့ မင်းကတော့ လုံးဝပြီးပြည့်စုံပြီး ကမ္ဘာ့နိယာမတွေကို ဆန့်ကျင်နိုင်တဲ့ အာနိသင်ရှိတဲ့ အဆောင်ကို တိုက်ရိုက် ရေးထွင်းနိုင်ခဲ့ပြီ”
“နားလည်သဘောပေါက်မှုအခြေခံဆိုတာ တကယ့်ကို ဘီလူးသတ္တဝါကြီးပါပဲ”
သူတို့သည် ယခင်ကလည်း ဤအခြေခံ၏ စွမ်းအားကို အကြိမ်ကြိမ် တွေ့ကြုံခဲ့ဖူးပါသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းက သူတို့၏ စိတ်နှလုံးကို အပြင်းအထန် လှုပ်ခတ်နေဆဲပင်။
ဖုန်းထန်၏ ချီးကျူးစကားများအပေါ် ဟယ်စီဖန်းကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ထောက်ခံရင်း "အမှန်အတိုင်းပြောရရင်... လူသားကျင့်ကြံသူတွေကလည်း ကလဲ့စားချေနတ်ဘုရားရဲ့ နည်းလမ်းတွေကို လူသားတွေအတွက် လက်နက်အဖြစ် ပြန်ပြောင်းလဲနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးခဲ့ဘူး"
ရွှီရန်က တည်ငြိမ်လေးနက်သော အမူအရာဖြင့် ဟယ်စီဖန်း၏ အဆိုကို ပြင်ဆင်ပေးလိုက်သည်။
"ဦးလေးဟယ်... ကျွန်တော် တစ်ခုတော့ ရှင်းပြပါရစေ။ အဆောင်လက်ဖွဲ့ပညာဆိုတာ သီးခြားလွတ်လပ်တဲ့ စနစ်တစ်ခုပါ။ ကလဲ့စားချေနတ်ဘုရားရဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ အဆောင်လက်ဖွဲ့ ကလဲ့စားချေနတ်ဘုရားက အဆောင်ဖန်တီးတဲ့နေရာမှာ တော်နေရုံသက်သက်ပါ"
"ဥပမာပြောရရင် ဘေးကင်းဇုန်ရဲ့ သတ္တမမြောက်အဆင့်မှာရှိတဲ့ အလင်းလိပ်ခွံ ပေါ်က စာလုံးတွေဟာ အဆောင်လက်ဖွဲ့ ရတနာစွမ်းရည်တစ်မျိုးပါပဲ"
"ဒါပေမဲ့ အဲဒီမှာရှိတဲ့ အဆောင်တွေက အဆင့်မြင့်လွန်းတယ်။ ကျွန်တော် ခန့်မှန်းရသလောက်တော့ ဒါတွေက နိယာမတွေနဲ့ ဆက်စပ်နေတယ်။ မဟာလမ်းစဉ်ရဲ့ မူလအစနဲ့တောင် ဆက်သွယ်နေနိုင်တယ်။ အချုပ်ပြောရရင် ဒါတွေက အရမ်းကို ရှုပ်ထွေးနက်နဲပါတယ်"
ယဲ့ဖျင်က ရိုရိုသေသေဖြင့် မေးမြန်းလိုက်သည်။
"ဒါက သီးခြားကျင့်စဉ်စနစ် တစ်ခုပေါ့လေ ဒါဆို အဆောင်ရေးထွင်းတာကို သွေးစွမ်းအင်ကျင့်ကြံသလိုမျိုး လူတိုင်းသိအောင် လုပ်လို့ရမလား"
ရွှီရန်က ခေါင်းခါယမ်းလိုက်သော်လည်း ဖြစ်နိုင်ခြေကို လုံးဝတော့ မပယ်ဖျက်ပေ။
"သီအိုရီအရတော့ လူတိုင်းသိအောင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ပါရမီတော့ လိုလိမ့်မယ်။ ပါရမီမရှိရင် အဆောင်တွေကို ရေးထွင်းနိုင်မှာ မဟုတ်ဘူး"
ဖုန်းထန်က စပ်စုလိုစိတ်ဖြင့် ထပ်မေးသည်။
"ဘယ်လိုပါရမီမျိုး လိုတာလဲ"
ရွှီရန်က ပုခုံးတွန့်ပြရင်း "စိတ်ဝိညာဉ်ဓာတ်နဲ့ အထူးဓာတ်ပေါင်းစပ်ထားတာမျိုး ဖြစ်ဖို့များပါတယ်... တိကျတဲ့ စံနှုန်းကိုတော့ ကျွန်တော် မသတ်မှတ်နိုင်သေးဘူး ဒီလို ပါရမီမျိုးရှိတဲ့သူကို အရင်ရှာတွေ့ရမယ်။ ပြီးရင် စမ်းသပ်ပြီး သင်ကြားပေးကြည့်ရမယ်။ သူတို့ အဆောင်ရေးနိုင်မနိုင် ကြည့်ပြီးမှသာ အဆောင်လက်ဖွဲ့ဓာတ် ပါရမီရှိမရှိ ဆုံးဖြတ်လို့ရမှာပါ"
သူသည် ဤပညာရပ်ကို လူတိုင်းသင်ယူနိုင်သည်ဟု အပိုင်မပြောရဲပေ။ သီအိုရီအရ အဆောင်ရေးနည်းကို သင်ယူနိုင်သည့် ပါရမီရှင် ရှိနိုင်သော်လည်း ၎င်းအတွက် ထူးခြားသော မူလအရိုးလိုအပ်ပေလိမ့်မည်။ ထိုကဲ့သို့သောသူကို ရှာဖွေရန်မှာလည်း လွယ်ကူလှမည်မဟုတ်ပေ...
ရွှီရန်၏စကားကို ကြားသောအခါ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဖုန်းထန်က "စံနှုန်းမရှိဘူးဆိုတာ အဓိပ္ပာယ်ရှိပါတယ်။ မင်းကိုယ်တိုင်ကလည်း ကလဲ့စားချေနတ်ဘုရားဆီကနေ အဆောင်စနစ်ကို ခုမှ သင်ယူခဲ့တာဆိုတော့ ဒီစံနှုန်းကို မင်းကိုယ်တိုင်ပဲ ဖြည်းဖြည်းချင်း တည်ဆောက်သွားရမှာပေါ့"
"ဒါပေမဲ့ ငါတို့ ကြိုမြင်နိုင်တာတစ်ခုကတော့ အနာဂတ်မှာ လက်နက်သွန်းလုပ်ရေးဌာန နဲ့ ဆေးဝါးထုတ်လုပ်ရေးဌာန တွေအပြင် အဆောင်လက်ဖွဲ့ဌာန ဆိုတာ အသစ်တိုးလာလိမ့်မယ်။ ပြီးတော့ အဲဒီဌာနရဲ့ အရေးပါမှုကလည်း ဒုံးပျံလို ထိုးတက်သွားလိမ့်မယ်"
သူတို့အားလုံး အဆောင်လက်ဖွဲ့ပညာ၏ အရေးပါမှုကို ကြိုတင်မြင်ယောင်နေကြသည်။ ၎င်းမှာ လက်ရှိကမ္ဘာ၏ ကျင့်ကြံမှုပုံစံကို ပြောင်းလဲပစ်နိုင်လောက်သည်အထိ အားကောင်းပေလိမ့်မည်။ ရွှီရန် အဆောင်လက်ဖွဲ့ပညာကို သင်ယူနိုင်ခဲ့ခြင်းမှာ သမိုင်းကြောင်းကို ပြောင်းလဲပစ်မည့် လမ်းပွင့်စေသော ဖန်တီးမှုတစ်ခုပင်။
လူတိုင်း စိတ်အားထက်သန်ပြီး တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသည်ကို မြင်သောအခါ...
ကျောင်းအုပ်ကြီးက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
"အားလုံးပဲ အရမ်းကြီးတော့ အကောင်းမမြင်ကြပါနဲ့ဦး။ ရွှီရန်ရဲ့ ပါရမီအဆင့်အတန်းနဲ့ဆိုရင် သူ့ရဲ့ အဆောင်ပညာတွေကို နားလည်ဖို့အတွက် ကောင်းကင်ဘုံပြစ်ဒဏ်ခတ်သူများ၏ဘုရင် ဒါမှမဟုတ် အချိန်မူလအရိုးလိုမျိုး ပါရမီရှင်တွေတောင် လိုအပ်နေနိုင်တယ်..."