အခန်း (၂၀၆)
Vol. 21 Ch. 206
အစောပိုင်းတွင် ကျောင်းအုပ်ကြီးသည် အံ့ဩကြည်နူးမှုများကြား၌ သာယာမိခဲ့သော်လည်းယခုမှပင် ပိုမိုနက်ရှိုင်းစွာ စဉ်းစားမိတော့သည်။ အရာအားလုံးသည် ပုံမှန်မဟုတ်သော လမ်းကြောင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူက ရိပ်စားမိလိုက်သည်။
ကျောင်းအုပ်ကြီးသည် အဆောင်ရေးထွင်းခြင်း၌သာ အာရုံနစ်ဝင်နေသော ရွှီရန်ကို သံသယမျက်လုံးများဖြင့် စေ့စေ့စပ်စပ် ကြည့်လိုက်မိပြီး “ဒီကောင်လေးရဲ့ စရိုက်နဲ့ဆိုရင်... အဆောင်ပညာကို စသင်တဲ့ ပထမဆုံးနေ့မှာတင် ဆတိုးရတနာအဆောင်ငယ်ကို ထုတ်ကြွားပါ့မလား။ ဒါက ရွှီရန်ရဲ့ လုပ်ပုံလုပ်နည်းမျိုး လုံးဝမဟုတ်ဘူး” ဟု တွေးတောမိလာသည်။
ကျောင်းအုပ်ကြီးသည် ရွှီရန်၏ စရိုက်ကို အူမချေးမကျန် သိထားသူပင်။ အရေးကြီးသော အခိုက်အတန့်မျိုး မဟုတ်လျှင် ရွှီရန်သည် သူ၏ ဝှက်ဖဲများကို ဘယ်သောအခါမျှ အလွယ်တကူ ထုတ်ပြလေ့မရှိပေ။ တစ်စုံတစ်ရာကို ထုတ်ပြရမည်ဆိုလျှင်ပင် တစ်စိတ်တစ်ပိုင်းလောက်ကိုသာ ဟန်ပြအဖြစ် ပြသတတ်သူပင်။
သို့သော် ယခုအခြေအနေမှာမူ ရွှီရန်က ဆတိုးအဆောင်ငယ်ကို လူအများရှေ့တွင် ဗြောင်ကျကျကြီး ထုတ်ပြခဲ့ခြင်း ဖြစ်သည်။ ဤအချက်က ကျောင်းအုပ်ကြီးကို ကျောချမ်းစရာကောင်းသော ဖြစ်နိုင်ခြေတစ်ခုဆီသို့ ခေါ်ဆောင်သွားပါတော့သည်။
“ဒီကောင်လေးက တကယ်တော့ အဆောင်လက်ဖွဲ့ ခုနစ်မျိုး၊ ရှစ်မျိုးလောက်ကို တတ်မြောက်ထားပြီးပြီလား။ ဆတိုးရတနာအဆောင်ငယ်ဆိုတာ သူတတ်ထားတဲ့ အထဲကမှ အရေးမပါတဲ့ အမျိုးအစားလေးတစ်ခုပဲလား”
ကျောင်းအုပ်ကြီး၏ စိတ်ထဲတွင် ရွှီရန်အပေါ်ထားရှိသော အမြင်များမှာ ရုတ်တရက် ပြောင်းလဲသွားရပါသည်။ ရွှီရန်သည် ပိုမိုစွမ်းအားကြီးမားသော အဆောင်ပညာများကို တတ်မြောက်ထားသောကြောင့်သာလျှင် ဤအဆောင်လေး တစ်ခုလောက်ကို လူသိသွားခြင်းအပေါ် ဘာမှဂရုမစိုက်ဘဲ ရှိနေခြင်း ဖြစ်နိုင်ပါသည်။ ရွှီရန်၏ အမြင်တွင် ဤဆတိုးအဆောင်ငယ်ဆိုသည်မှာ ဘာမှမဟုတ်သည့် အသေးအဖွဲလေးတစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။
ဤသို့ တွေးမိလိုက်သည်နှင့် ကျောင်းအုပ်ကြီး၏ ရင်ထဲတွင် တုန်လှုပ်မှုနှင့်အတူ ရွှီရန်၏ အစွမ်းအစမှာ မည်မျှအထိ နက်နဲကျယ်ပြန့်နေမလဲဟူသော မေးခွန်းများမှာ အတိုင်းအဆမရှိ ပေါ်ပေါက်လာတော့သည်။
ကျောင်းအုပ်ကြီး၏ သူငယ်အိမ်များမှာ သိသိသာသာ တုန်လှုပ်နေသည်။
သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေပြီဟု သူခံစားလိုက်ရသည်။ ဤကောင်လေး၏ စရိုက်အရဆိုလျှင် အဆောင်လက်ဖွဲ့ ရေးထွင်းနည်း အမြောက်အမြားကို သူ သေချာပေါက် တတ်မြောက်ထားပြီးဖြစ်ရမည်။ ထို့ကြောင့်သာလျှင် ဆတိုးရတနာအဆောင်ငယ်ကို ဤမျှ ပေါ့ပေါ့တန်တန် ထုတ်ပြရဲခြင်းဖြစ်သည်။
သူ၏ အေးဆေးတည်ငြိမ်နေသော ပုံစံကိုသာမက သူ၏ အဆောင်ရေးထွင်းသည့် အရှိန်နှင့် ထိရောက်မှုမှာလည်း ဤပညာရပ်တွင် အခုမှ စတင်လေ့လာသူမဟုတ်ကြောင်း သက်သေပြနေသည်။ အံ့ဖွယ်မူလအရိုးပိုင်ရှင်တစ်ယောက်အတွက် အခုမှ စတာမဟုတ်ဘူးဆိုလျှင်... အဆင့်မြင့်ပညာရှင်တစ်ယောက် ဖြစ်နေပြီဟု မဆိုလိုနိုင်ဘူးလား။
"တကယ့်ကောင်လေးပဲ... မင်း တော်တော်လေး ဖုံးကွယ်ထားနိုင်တာပဲ။ ငါကတော့ မင်းကို ထပ်ပြီး လျှော့တွက်မိတော့မလို့"
ကျောင်းအုပ်ကြီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်ရသော်လည်း သူ၏ရင်ထဲတွင်မူ မရှင်းပြနိုင်သော တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်နေသည်။ သူသည် မူလက ဆတိုးအဆောင်ငယ်သည်ပင် အလွန်တရာ အံ့ဩစရာကောင်းလှပြီဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ရွှီရန်၏နောက်ကွယ်၌ ပို၍လျှို့ဝှက်ထားသော ဝှက်ဖဲ အဆောင်များ ရှိနေမည်ကို ရိပ်မိသွားပြီဖြစ်သည်။
ဒီဝှက်ဖဲအဆောင်တွေက ဘယ်လောက်အထိ ကြောက်စရာကောင်းနေမလဲ။
ကျောင်းအုပ်ကြီးမှာ သိချင်စိတ် ပြင်းပြနေသော်လည်း မေးရန် တွန့်ဆုတ်နေမိသည်။ စကားပြောရန် ဟန်ပြင်လိုက် ပြန်မျိုချလိုက်နှင့် ဖြစ်နေတော့သည်။
ထားလိုက်ပါတော့လေ...
မေးရင်လည်း သူက အမှန်အတိုင်း ဖြေမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးဆီမှာ ဒီထက်ပိုပြီး အစွမ်းထက်တဲ့ အဆောင်တွေ အများကြီး ရှိနေမှာတော့ ကျိန်းသေတယ်။
ကျောင်းအုပ်ကြီးက ခေါင်းခါယမ်းလိုက်ရင်း "ဘာပဲဖြစ်ဖြစ်... ဒီနှစ် နိုင်ငံတော်အဆင့် နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ပွဲရဲ့ ချန်ပီယံဆုကတော့ ငါတို့လက်ထဲ ရောက်နေပြီဆိုတာ သေချာသွားပြီ" ဟု တွေးကာ ကျေနပ်ပီတိဖြစ်နေတော့သည်။
ယခုအချိန်တွင် သူ၏စိတ်အခြေအနေမှာ အလွန်ပင် တည်ငြိမ်နေပြီး ကြိုတင်အောင်ပွဲခံရန်အတွက် ရှန်ပိန်အချို့ပင် ဝယ်ထားချင်စိတ် ပေါက်နေတော့သည်။
"ဒီည အလုပ်တွေပြီးရင်တော့ သူငယ်ချင်းဟောင်းတွေကို ဖုန်းဆက်ပြီး နည်းနည်းလောက် ကြွားဦးမှပဲ... ငါတို့လို လူကြီးတွေမှာက တခြားဖျော်ဖြေစရာမှ မရှိတာ ဒီလိုလေး လူလုံးထွက်ပြပြီး ဂုဏ်ဖော်ရတာပေါ့"
ကျောင်းအုပ်ကြီး၏ ပါးစပ်ဖျားတွင် အောင်နိုင်သူတစ်ဦး၏ အပြုံးများမှာ ထိန်းမရအောင် ပေါ်လွင်နေတော့သည်။
...
နာရီဝက်ခန့် ကြာပြီးနောက် အထူးကားလေးသည် ပန်းခြံဝင်းအတွင်းသို့ ဆိုက်ရောက်လာသည်။ ဒရိုင်ဘာဖြစ်သူက ကားကိုရပ်ကာ ကျောင်းအုပ်ကြီးအတွက် တံခါးဖွင့်ပေးလိုက်ရင်း "ကျောင်းအုပ်ကြီး... ရောက်ပါပြီခင်ဗျာ" ဟု အကြောင်းကြားလိုက်သည်။
ကျောင်းအုပ်ကြီး: "အေး... ခဏစောင့်ဦး ရှောင်ရန် အဆောင်ရေးလို့ ပြီးတဲ့အထိ စောင့်လိုက်ရအောင်"
ဒရိုင်ဘာမှာလည်း ချက်ချင်းပင် ဘေးတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေတော့သည်။ မကြာမီမှာပင် ရွှီရန်သည် နောက်ဆုံးလက်ချက်ကို အဆုံးသတ်လိုက်ပြီး မျက်လုံးပင့်ကြည့်ကာ ကားပေါ်မှ အမြန်ဆင်းလာခဲ့သည်။
ကျောင်းအုပ်ကြီး: "ဘယ်နှခု ရေးလိုက်နိုင်လဲ"
ရွှီရန်က သူ၏လက်ထဲမှ ရွှေရောင်တဖျတ်ဖျတ် တောက်ပနေသော အဆောင်များကို ဝှေ့ယမ်းပြလိုက်ရင်း "၂၇ ခု ရေးလိုက်ပါတယ်" ဟု ဖြေသည်။
ကျောင်းအုပ်ကြီးမှာ အံ့ဩသွားရသည်။
"တကယ့်ကို ထိရောက်မှုရှိတာပဲ။ တစ်မိနစ်ကို တစ်ခုနီးပါးဆိုတော့ တော်တော်မြန်တာပဲ... မင်းကတော့ အခုမှစတဲ့လူလုံးဝမဟုတ်ဘူး။ မြန်မြန်ပြောစမ်းပါဦး မင်း တခြားအဆောင်ရေးနည်းတွေရော တတ်ထားသေးလား"
ရွှီရန်က ခပ်ဖွဖွပြုံးလိုက်ရင်း "ကျောင်းအုပ်ကြီးက တကယ့်ကို ထက်မြက်တာပဲဗျာ"
ကျောင်းအုပ်ကြီး: "တကယ်လား ဘယ်နှမျိုးလောက် တတ်တာလဲ"
ရွှီရန်: "အများကြီးတော့ မဟုတ်ပါဘူး... တစ်ဆယ်ကျော်လောက်ပါပဲ"
ရွှီရန်မှာ အသက် နှစ်နှစ်၊ သုံးနှစ်အရွယ်ကကဲ့သို့ အရာရာကို အစွန်းကုန် သတိထားနေရသည့် ကလေးငယ်လေး မဟုတ်တော့ပေ။ ငါးနှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ယခုအခါ သူ၏ လူမှုအသိုင်းအဝိုင်းတွင် အဆင့်မြင့် အဆင့်အတန်းရှိသော ကျောင်းအုပ်ကြီး၊ ထိပ်တန်းစွမ်းအားရှင် ဆရာမကြီးနှင့် ဒဏ်ရာကြောင့် အနားယူထားသော နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ဦးလေး ယဲ့ဖျင်တို့ ရှိနေပြီဖြစ်သည်။ ဤလူများမှာ သူ့အတွက် မိသားစုကဲ့သို့ ဖြစ်နေကြပြီး သူ့အတွက်ဆိုလျှင် အရာရာကို စတေးရန် ဝန်မလေးကြသူများပင်။
ကျင့်ကျိုးပြည်နယ်၏ အကြီးအကဲ ဖုန်းထန်၊ ရှင်းလင်းရေးတပ်ဖွဲ့မှူး ယွမ်ယန်၊ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှူး ဟယ်စီဖန်း နှင့် အန်တီလုတို့သည် ရွှီရန်၏ ခိုင်မာသော မဟာမိတ်များပင်။ သူတို့သည် ဖြေရှင်းရန် ခက်ခဲသော အန္တရာယ်များနှင့် ရင်ဆိုင်ရသည့် အခါတိုင်းတွင် ရွှီရန်အတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ အကာအကွယ် ပေးကြမည့်သူများပင်။
ထို့ပြင် အဆင့် ၁၁ နှင့် ၁၃ ရှိသော နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များကလည်း ရွှီရန်အပေါ် ညီငယ်အရင်းအချာကဲ့သို့ သံယောဇဉ်ရှိကြသဖြင့် ရွှီရန်အနေဖြင့် ယခင်ကထက် ပိုမိုရဲရင့်
ပြတ်သားစွာ လုပ်ဆောင်နိုင်ခြင်းပင်။ သူ့အနေဖြင့် အဆောင်လက်ဖွဲ့ အမျိုးအစား တစ်ဆယ်ကျော်မျှ တတ်မြောက်ထားသည်ဟု ဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသည့်အတွက် အရေးကြီးသော ဝှက်ဖဲများကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိသာထင်ရှားလွန်းသည်။
ရွှီရန်၏ အတည်ပြုချက်ကို ကြားသိလိုက်ရသောအခါ ကျောင်းအုပ်ကြီး၏ မျက်နှာထက်တွင် အံ့ဩကြည်နူးမှုများ ပျောက်ကွယ်သွားပြီး လွန်စွာတည်ကြည်လေးနက်သော အမူအရာ ပေါ်ပေါက်လာတော့သည်။
“တကယ်ပဲ အမျိုးအစား တစ်ဆယ်ကျော်တောင်လား ဒီလောက်အထိ ထက်မြက်တာလား မင်းကတော့ကွာ...”
ရွှီရန်က လက်ဝါးနှစ်ဖက်ကို ဖြန့်ပြရင်း “မတတ်နိုင်ဘူးလေဗျာ သင်ရင်းနဲ့ တတ်သွားတာပဲ” ဟု ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
ကျောင်းအုပ်ကြီးက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး “အေးပါ... အေးပါ မင်းက ဒီလောက်အထိ ပါရမီရှင်ဖြစ်နေလေလေ ငါ ပိုပြီး စိတ်အေးရလေလေပဲ။ ဒီညတော့ ငါ အစွမ်းကုန် ကြိုးစားပြီး လျှောက်လွှာတွေကို အကောင်းဆုံးဖြစ်အောင် ရေးမယ်။ မနက်ဖြန်မနက်ဆို ကောင်းကင်ဘုံတောင်ထိပ်ဆီ ပို့လို့ရပြီ။ နောက်နှစ်ရက်နေရင် သတင်းကောင်းကိုသာ စောင့်နေတော့”
ပြောပြောဆိုဆိုဖြင့် ကျောင်းအုပ်ကြီးက ရွှီရန်၏ ပုခုံးကို ပုတ်လိုက်သည်။ ရွှီရန်ကလည်း တောက်ပစွာ ပြုံးပြလိုက်၏။
ကျောင်းအုပ်ကြီးက အားရပါးရ ရယ်မောရင်း “ကဲ... လာ ကန်တင်းမှာ သွားစားရအောင်”
“ဟုတ်ကဲ့ပါ”
ဒါနဲ့ သူတို့နှစ်ယောက် ကန်တင်းဆီကို အတူတူ လျှောက်လာခဲ့ကြသည်။ ထမင်းချက်ဦးလေးကြီး ကျောက်ကတော့ ထုံးစံအတိုင်း တက်တက်ကြွကြွပင် “မင်္ဂလာပါဗျ…”
“ရှောင်ရန်... ကျောင်းအုပ်ကြီး... ထမင်းစားဖို့ အဆင်သင့်ပဲလား”
ကျောင်းအုပ်ကြီးက ခေါင်းညိတ်ပြရင်း “အေး... ကျောက်ကြီး ငါနဲ့ ရှောင်ရန်အတွက် စားဖိုဆောင်အထူးဟင်း အစုံလိုက်လေး ပြင်ပေးပါဦး”
ဦးလေးကျောက်: “ခဏလေး စောင့်နော်”
ဆယ်မိနစ်ခန့် ကြာမြင့်ပြီးနောက်တွင် အစားအသောက်များ ရောက်ရှိလာပါသည်။ ၎င်းဟင်းပွဲများတွင် အဆင့် ၇ ရှိသော ဆီးနှင်းကြံ့၏ အဆီနှင့်အသား အချိုးကျပါဝင်သည့် အသားတုံးကြီး နှစ်တုံး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများ ပါဝင်ပါသည်။ ထို့အပြင် လတ်တလောမှ ထုတ်လုပ်နိုင်ခဲ့သည့် အဆင့် ၇ နွေဦးဝိညာဉ်နို့တစ်ပုလင်းလည်း ပါဝင်ရာ အရောင်အဆင်း၊ အနံ့အရသာနှင့် အာဟာရဓာတ်တို့ အထူးပြည့်စုံလှသော င်းပွဲကြီးပင်။
အဆင့် ၇ နွေဦးဝိညာဉ်နို့သည် လူသားသိပ္ပံပညာရှင်များက ၂၅ နှစ်တိုင်တိုင် ခက်ခဲစွာ သုတေသနပြု ဖော်စပ်ခဲ့ရခြင်းဖြစ်ပြီး လွန်ခဲ့သော သုံးလခန့်ကမှ စတင်ထုတ်လုပ်နိုင်ခဲ့သည့် အဆင့်မြင့် အားဖြည့်အာဟာရတစ်မျိုးပင်။