အခန်း (၂၀၉)
Vol. 21 Ch. 209
ရွှီရန်သည် အဆောင်အမျိုးအစား အမြောက်အမြားကို တတ်မြောက်ထားသော်လည်း တစ်ခုချင်းစီကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အမှားအယွင်းမရှိ ချောမွေ့စွာ ရေးထွင်းနိုင်စွမ်းရှိသည်။
တစ်နာရီခန့်အကြာတွင် အမျိုးအစားတစ်ခုစီလျှင် ရှစ်ခုခန့်ပါဝင်သော အဆောင်လက်ဖွဲ့ အစုအဝေးတစ်ခုကို သူ ဖန်တီးပြီးစီးသွားခဲ့သည်။
ဒါက လုံလောက်တာထက်ကို ပိုနေပါပြီ။
နေ့စဉ်နေ့တိုင်း အနည်းငယ်စီ စုဆောင်းသွားပြီး အချိန်ကြာလာသည်နှင့်အမျှ သဲပွင့်လေးများမှသည် စေတီတည်သကဲ့သို့တိုက်ပွဲမြေပြင်တွင် အဆောင်လက်ဖွဲ့များဖြင့် အပြင်းအထန် တိုက်စစ်ဆင်နိုင်မည့် အခြေအနေကို သူ ဖန်တီးနိုင်မည်ဖြစ်သည်။
တွေးကြည့်ရုံနှင့်တင် ရင်ခုန်စိတ်လှုပ်ရှားစရာပင်။
"အခြေခံ ဝိဇ္ဇာအဆောင်ကို နှစ်ထပ်ဆင့်လို့ ရတယ်... တစ်ခါဆင့်ရင် သွေးစွမ်းအင် ၂၀,၀၀၀ ကုန်ဆုံးမှာဖြစ်ပေမဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ခံနိုင်ရည်ကို ၂၀၀,၀၀၀ အထိ ရောက်သွားအောင် လုပ်ပေးနိုင်မှာ"
"ဒီအဆင့်မှာတော့ တိုက်ပွဲဝင်တဲ့အခါ အခြေခံ အားဖြည့်အဆောင်တွေကို နှစ်ထပ်ဆင့် အသုံးပြုတာက အကောင်းဆုံးပဲ"
"အားဖြည့်အဆောင်တွေက စက္ကူရုပ်တွေရဲ့ သတ်ဖြတ်နိုင်စွမ်းကို သွေးစွမ်းအင် ၃၀၀,၀၀၀ အထိ မြှင့်တင်ပေးနိုင်သလို တိုက်ခိုက်နိုင်စွမ်းကို ၄၀၀,၀၀၀ အထိ တိုးပေးနိုင်တယ်"
"ဒါပေမဲ့ ဒါကလည်း အခြေအနေပေါ်မှာ မူတည်တာပေါ့လေ..."
ရွှီရန်က အသာအယာ ခေါင်းညိတ်လိုက်သည်။
စက္ကူရုပ်များက တိုက်ပွဲမြေပြင်တွင် ရန်သူများကို အုပ်စုလိုက် ရှင်းလင်းရန်အတွက် အသုံးဝင်သည်။ သို့သော် တစ်ဦးချင်း တိုက်ခိုက်မှုအတွက်မူ စူပါပေါက်ကွဲမှု ဓားချက်နှင့် ယုံကြည်ခြင်းမျိုးစေ့တို့ ပေါင်းစပ်ထားသည့် သူ၏ အပြင်းထန်ဆုံး လူသတ်ကွက်က သီအိုရီအရ သွေးစွမ်းအင် ၆၀၀,၀၀၀ ရှိသော ပြိုင်ဘက်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
"အိပ်တော့မယ်"
"နိုးလာရင်တော့ လှပတဲ့ နောက်ထပ် နေ့သစ်တစ်ခုပေါ့"
ရွှီရန်သည် လေဟာနယ်ထဲတွင် လေထုတံတိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းအပေါ်တွင် နှစ်ခြိုက်စွာ အိပ်စက်လိုက်တော့သည်။
...
ဤညတွင်မူကြိုကျောင်း၏ လူနေရပ်ကွက်အတွင်း၌ အဆောင်လက်ဖွဲ့များ၏ စွမ်းအားများက တဖြည်းဖြည်း စီးဆင်းနေကြသည်။
စူပါပါရမီရှင်များ၏ ကျင့်ကြံမှုအရှိန်မှာလည်း ပြင်းထန်စွာ တိုးတက်နေကြတော့သည်...
မမြင်ရသော ကံကြမ္မာလှိုင်းလုံးများအောက်တွင် ဟွာရှတစ်နိုင်ငံလုံး၏ ကံကြမ္မာမှာ စတင်ပြောင်းလဲနေပြီ ဖြစ်သည်။
ထိုအချိန်တွင်ပင်... လူသားတို့ ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသော အလွန်ဝေးကွာလှသည့် လျှို့ဝှက်နက်နဲကာ ယုတ်ညံ့လှသော ဟင်းလင်းပြင်တစ်ခု၌ အသက်ရှိခြင်းနှင့် အသက်မဲ့ခြင်းကြားတွင် ရှိနေသည့် ရုပ်ထုတစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ၎င်း၏မျက်နှာမှာ လပြည့်ဝန်းကဲ့သို့ ဝိုင်းစက်နေသော်လည်း မျက်လုံးများမှာမူ သွေးကဲ့သို့ နီရဲကာ အပ်ပေါက်ရာလောက်သာရှိသည့် မြောင်းငယ်လေးများကဲ့သို့ ကျဉ်းမြောင်းလှသည်။
ထိုမှောင်မည်းနေသော ဟင်းလင်းပြင်ထဲတွင် ၎င်း၏ နီရဲသော အကြည့်များမှာ အဆိပ်ပြင်းမြွေတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ စက်ဆုပ်ဖွယ် ကောင်းလှသည်။
ဂျောက်... ဂျောက်...
ရုပ်ထုသည် သံမှိုဖြင့် ခြစ်နေသကဲ့သို့ ကျောချမ်းဖွယ် အသံကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ လည်ပင်းကို ဆွဲဆန့်ကာ အရိုးအဆစ်များကြားတွင် မျက်လုံးများ ပေါက်နေသော လက်များကို ငုံ့ကြည့်လိုက်သည်။ ၎င်း၏ လက်ထဲတွင် မှင်ကဲ့သို့ မည်းနက်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသော လိပ်ခွံတစ်ခုကို ကိုင်ထားသည်။
၎င်းမှာ ကလဲ့စားချေနတ်ဘုရားမျိုးနွယ်စု၏ အမြင့်မြတ်ဆုံးသော နတ်ဘုရားအဆင့် လက်နက်ဖြစ်သည်။ ထိုလိပ်ခွံပေါ်ရှိ နီရဲသော ဟောကိန်းမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်ကို ဖောက်ထွင်းပြီး ဟွာရှကို ကျူးကျော်ကာ ကမ္ဘာမြေကို ညစ်ညမ်းစေမည်။ အမြင့်မြတ်ဆုံး နတ်ဘုရား ကြွမြန်းလာခြင်းကို ကြိုဆိုမည်ပင်။
မူလက အောင်မြင်မှုနှုန်းမှာ ၁၀၀% ဖြစ်သော်လည်း... ယခုအခါ ၉၅% သို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။
အဆောင်လက်ဖွဲ့ ကလဲ့စားချေနတ်ဘုရား၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။
"ငါ့ကို တားဆီးနိုင်မယ့် အခွင့်အရေး ရှိနေသေးတာလား"
"ငါ့ရဲ့ သွေးသားယဇ်ပလ္လင်ကို ရှာတွေ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဆောင်လက်ဖွဲ့ရဲ့ ဒုတိယမူကွဲကို ဖော်ထုတ်နိုင်ခဲ့တဲ့ အဲဒီကလေးကြောင့်လား"
"ဟဲဟဲ..."
၎င်းသည် မထင်မှတ်သော အထင်အမြင်သေးသည့် အပြုံးဖြင့် ရယ်မောလိုက်သည်။ ကျဉ်းမြောင်းသော မျက်လုံးများမှာ ၎င်း၏ခြေရင်းရှိ ပြည်ပုပ်များ ဖုံးလွှမ်းနေသော ဥတစ်လုံးဆီသို့ ရောက်ရှိသွားသည်။
ခရက်
ခရက်
ဥခွံသည် စတင်အက်ကွဲလာတော့သည်။
ဧရာမဥကြီးသည် အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။
အစိမ်းရောင်ရှိသော ရေဂျယ်လီတစ်ကောင် တွားသွားကာ ထွက်လာ၏။ ရေဂျယ်လီဟု ဆိုသော်လည်း အရေပြားမှာမူ ဖားပြုတ်တစ်ကောင်၏ ရွံရှာဖွယ် အရေပြားမျိုး ရှိနေသည်။ ၎င်းသည် လမ်းမှားရောက်သွားသော ရေဂျယ်လီလား သို့မဟုတ် အောင်ပွဲခံလိုက်သည့် ဖားပြုတ်တစ်ကောင်လား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
၎င်းတွင် သေးသွယ်သော နှာမောင်းတံရာပေါင်းများစွာ ရှိနေပြီး နှာမောင်းတံတစ်ခုစီ၏ အဖျားတွင် လက်ချောင်း သုံးချောင်းစီ ပါရှိသည်။ ၎င်း၏ နီရဲသော မျက်လုံးတစ်လုံးတည်းနှင့် ပေါင်းစပ်လိုက်သောအခါ ဖော်ပြမရနိုင်သော ကျောချမ်းဖွယ်ရာနှင့် ပျို့အန်ချင်စရာ ကောင်းလှသည်။
သာ၍ စိတ်မသက်မသာ ဖြစ်စရာကောင်းသည်မှာ ထိုရေဂျယ်လီ၏ ဦးခေါင်းပေါ်တွင် ဖော်ပြမရသော ပြွန်ချောင်းတစ်ခု ရှိနေပြီး ထိုပြွန်၏ အဆုံးတွင် ထူးဆန်းသော သတ္တဝါအချို့ကို မွေးဖွားပေးနိုင်မည့် ပုံစံမျိုး ရှိနေခြင်းပင်။
အဆောင်လက်ဖွဲ့ ကလဲ့စားချေနတ်ဘုရားက ရုတ်တရက် ထိတ်လန့်ဖွယ် ကောင်းအောင် ရယ်မောလိုက်သည်။
“မင်း နောက်ဆုံးတော့ နိုးထလာပြီပဲ"
ဖားပြုတ်နှင့်တူသော စွမ်း ဟု ခေါ်သည့် ကလဲ့စားချေနတ်ဘုရားသည် ခေါင်းကို လှည့်လိုက်ပြီး ၎င်း၏ မျက်လုံးတစ်လုံးတည်းဖြင့် အဆောင်နတ်ဘုရားကို ကြည့်ကာ “အဆောင်အရှင်သခင်... ကျွန်တော့်အတွက် ဝိညာဉ်တွေ ပြင်ဆင်ပေးထားလို့ ကျေးဇူးတင်ပါတယ်"
“ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ငါ မင်းကို နတ်ဘုရားရုပ်ထု ရှစ်ခု ဖန်တီးခိုင်းစရာ ရှိတယ်။ ငါကတော့ မိစ္ဆာနယ်ပယ်ကို ရှာဖွေပြီး သူ့ရဲ့ ဟင်းလင်းပြင်စွမ်းအားကို သုံးပြီး အဲဒီရုပ်ထု ရှစ်ခုနဲ့ ယဇ်ပလ္လင်တစ်ခု တည်ဆောက်မယ်။ ပြီးရင်တော့ သန်းနဲ့ချီတဲ့ အသက်တွေရှိတဲ့ မြို့တစ်မြို့ကို ယဇ်ပူဇော်ပြီး အဝါရောင်ကောင်းကင် အက်ကြောင်းကို ဖြဲထုတ်ကာ အမြင့်မြတ်ဆုံး နတ်ဘုရား ကြွမြန်းလာခြင်းကို ကြိုဆိုမယ်"
ဖားပြုတ်နှင့်တူသော ထိုနတ်ဘုရားက ဝမ်းသာအားရ ရယ်မောလိုက်သည်။
“အရမ်းကောင်းတယ်... အရမ်းကောင်းတယ်"
သူတို့နှစ်ဦး ယုတ်ညံ့သော အကြံအစည်များကို ကြံစည်နေစဉ်မှာပင်... မှင်ကဲ့သို့ မည်းနက်သော လိပ်ခွံပေါ်ရှိ ဟောကိန်းမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။
ကောင်းကင်ကို ဖောက်ထွင်းပြီး ဟွာရှကို ကျူးကျော်ကာ ကမ္ဘာမြေကို ညစ်ညမ်းစေမည်။ အမြင့်မြတ်ဆုံး နတ်ဘုရား ကြွမြန်းလာခြင်းကို ကြိုဆိုမည်။
အောင်မြင်မှုနှုန်း ၉၈%...
ထိုဟောကိန်းကို မြင်လိုက်ရသောအခါ အဆောင်လက်ဖွဲ့ ကလဲ့စားချေနတ်ဘုရားသည် မျက်လုံးများကို မှိတ်လိုက်ပြီး ၎င်း၏ ကျဉ်းမြောင်းသော မျက်လုံးများအတွင်းရှိ ပြာလဲ့လဲ့ သူငယ်အိမ်များကို ဖုံးကွယ်လိုက်သည်။
“အရင်ဆုံး... မင်းရဲ့ အဆင့်ကို တည်ငြိမ်အောင် လုပ်ဦး"
“ကောင်းပါပြီ"
ဖားပြုတ်နှင့်တူသော ထိုနတ်ဘုရားသည် လှဲလျောင်းလိုက်ပြီး ၎င်း၏ စွမ်းအားအဆင့်ကို ဖြည်းဖြည်းချင်း တည်ငြိမ်အောင် ပြုလုပ်နေတော့သည်။
အခြားတစ်ဖက်တွင်မူ ချီယွန်းတောင်ထိပ်ရှိ ကျောင်းအုပ်ကြီးရုံးခန်းအတွင်း၌...
စာကို နှစ်နာရီကြာအောင် မနားတမ်း ရေးနေခဲ့သော ကျောင်းအုပ်ကြီးဟောင်းသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ကို အားပါးတရ မှုတ်ထုတ်လိုက်သည်။ သူသည် ဆတိုးရတနာအဆောင်ငယ် အခု ၆၀ နှင့်အတူ အစီရင်ခံစာစာတမ်းကို အလွန်လျှို့ဝှက်သော နည်းလမ်းဖြင့် ချိပ်ပိတ်လိုက်ပြီး မြို့တော်ဆီသို့ ညတွင်းချင်း ပေးပို့လိုက်တော့သည်။
“လမ်းခရီးတစ်လျှောက်လုံး သေချာဂရုစိုက်ပါ။ ငါကတော့ ကပ်ပါးအိတ်နဲ့ တစ်ထပ် ထုပ်ပေးထားတယ်။ အငွေ့အသက်တွေ ယိုစိမ့်ထွက်လာမှာ မဟုတ်ဘူး"
ကျောင်းအုပ်ကြီး၏ ယုံကြည်ရသော လက်ရုံးဖြစ်သူက လေးနက်စွာ ခေါင်းညိတ်ပြရင်း “ကျွန်တော် ဘေးကင်းအောင် ပို့ဆောင်ပေးပါ့မယ်” ဟု ကတိပေးသည်။
“ကောင်းပြီ ညတွင်းချင်းပဲ ထွက်တော့ မြန်မြန်ရောက်လေ ပိုကောင်းလေပဲ"
သူ၏ လက်ရုံးထွက်ခွာသွားသည်ကို ကြည့်ရင်း ကျောင်းအုပ်ကြီးဟောင်းမှာ ကိုယ်လက်ဆန့်ထုတ်ကာ နာကျင်နေသော ခါးကို ထုရိုက်ရင်း သက်သာရာရှာနေတော့သည်။
“နောက်နှစ်ရက်နေရင်တော့ အကြောင်းပြန်စာ ရောက်လာသင့်ပြီ"
“အချိန်ကို ကြည့်ရတာ... ကလေးတွေ ညဉ့်နက်စာ စားမယ့်အချိန် ရောက်ပြီပဲ။ သူတို့ ဘယ်လိုနေလဲဆိုတာ သွားကြည့်ဦးမှ...”
ထို့ကြောင့် ကျောင်းအုပ်ကြီးသည် ကန်တင်းဆီသို့ လျှောက်လာခဲ့သည်။
သူ ထင်ထားသည့်အတိုင်းပင် ကျားမလေး ဦးဆောင်သော ကလေးတစ်သိုက်မှာ အစားအစာများကို အငမ်းမရ စားသောက်နေကြသည်။ သူတို့ တကယ်ကို ဗိုက်ဆာနေကြသည်မှာ သိသာလှသည်။
ကျောင်းအုပ်ကြီးက ခပ်ဖွဖွ ခေါင်းညိတ်လျက် “တစ်နေ့ကို လေးနပ်စားပြီး အစားအသောက် ပမာဏနဲ့ အကြိမ်ရေကို တိုးလိုက်ရုံနဲ့ ကျင့်ကြံမှု ၅၀ ရာခိုင်နှုန်း တိုးတက်လာမယ်။ ဒါက တစ်နှစ်ကို ရက်ပေါင်း ၁၈၀ ပိုကျင့်ကြံတာနဲ့ အတူတူပဲ။ တကယ့်ကို တန်ဖိုးရှိလွန်းတယ်"
သူ ကြည့်နေစဉ်မှာပင် ရွှီရန်သည်လည်း ကန်တင်းသို့ ရောက်ရှိလာပြီး ပြတင်းပေါက်ဆီသို့ အမြန်လျှောက်သွားသည်။
ဦးလေးကျောက်: “အစုံလိုက် ဟင်းပွဲတစ်ပွဲ မဟုတ်လား”
ရွှီရန်: “ဟုတ်ကဲ့။ မြန်မြန်လေး လုပ်ပေးပါဦး ဗိုက်ဆာလို့ သေတော့မယ်"
သူ ခုနက အိပ်နေတုန်းမှာ အိပ်မက်တိုးတက်မှု +၁... +၁... ဖြစ်နေရင်းကနေ ရုတ်တရက် ဗိုက်ဆာလွန်း၍ လူးလဲကာ ထလာခဲ့ရခြင်းပင်။ ဤဘေးထွက်ဆိုးကျိုးမှာ တကယ့်ကို အဓိပ္ပာယ်မရှိလောက်အောင် ပြင်းထန်လှသည်။
ဦးလေးကျောက်: “အခုချက်ချင်း ပြင်ပေးမယ်”
ဦးလေးကျောက်သည် လှည့်၍ အရသာရှိသော ဟင်းပွဲတစ်ပွဲကို ပြင်ဆင်ပေးလိုက်သည်။ ရွှီရန်က ချက်ချင်းပင် ထိုင်ကာ အားပါးတရ စားသောက်လိုက်ပြီးမှ စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရသည်။
ကျားမလေးက အနားသို့ ရောက်လာပြီး ကြောက်လန့်တကြားဖြင့် “အစ်ကိုရန်... ဒီရတနာအဆောင်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ ညီမဆို ဗိုက်ဆာလွန်းလို့ ခေါင်းတောင် မူးသွားတယ်” ဟု ပြောသည်။