← Chapters

အခန်း (၂၁၀)

Vol. 21 Ch. 210

အခန်း (၂၁၀)

Vol. 21 Ch. 210

ရွှီရန်က ခေါင်းကို ခပ်ဖွဖွယမ်းလိုက်ရင်း “သန်မာလာဖို့ဆိုရင် ပေးဆပ်ရတာတွေ အမြဲရှိတာပဲ။ အစားတစ်နပ် ပိုစားရတာကတော့ ဘာမှ စိုးရိမ်စရာ မဟုတ်ပါဘူး"

ကျားမလေးက တခိခိရယ်လျက် “ညီမကတော့ စားရတာ ကြိုက်ပါတယ်ဟဲ့"

ယခုဆိုလျှင် ည ၁၂ နာရီ ရှိပြီဖြစ်သည်။

ညဉ့်နက်စာ စားပြီးနောက် ကလေးတစ်စုမှာ အိမ်ပြန်ကာ အိပ်စက်အနားယူခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၆ နာရီတွင် လူတိုင်း အချိန်မှန် နိုးလာကြသည်။ အလွန်အမင်း ဗိုက်ဆာလွန်းသဖြင့် ကန်တင်းသို့ အပြေးအလွှား သွားကြတော့သည်။

“ဗိုက်ဆာလိုက်တာ ဗိုက်ဆာလိုက်တာ...”

“ဒါက တစ်ခုခု ပြဿနာဖြစ်နေတာလား”

ကျူးကော့ရွှေကျင်ကတော့ ငတုံးလေးလို ရယ်မောရင်း “ဟဲဟဲဟဲ... ငါတော့ လျှပ်စီးလက်သလိုမျိုး ပိန်သွားတော့မှာလားမသိဘူး အဲဒီကျရင် ငါက ကျူးကော့အချောလေး ဖြစ်သွားပြီပေါ့"

ပိုင်ကျင့်ချိုးက ကျူးကော့ရွှေကျင်ကို စောင်းကြည့်ကာ “ရွှေကျင်စုတ်” ဟု ခနဲ့လိုက်သည်။

ကျူးကော့ရွှေကျင်: “မင်း ငါ့ကို ထပ်ဆဲပြန်ပြီလား”

“မင်းနဲ့ စကားများနေဖို့ ပျင်းတယ် သွားစားရအောင်"

လူတိုင်း အစားအစာများကို အငမ်းမရ စားသောက်ကြသည်။ နံနက်စာ စားပြီးနောက်တွင်မူ သူတို့မှာ အရင်ကနှင့်မတူဘဲ အားအင်များ ပြည့်လျှံနေပြီး မနေနိုင်မထိုင်နိုင် ဖြစ်လာကြတော့သည်။

“တစ်နေ့တာလုံးအတွက် နံနက်ခင်းက အရေးကြီးဆုံးပဲ။ ငါ့ကိုယ်ထဲမှာ စွမ်းအားတွေ ပြည့်နေသလိုပဲ။ အခုချက်ချင်း ပြိုင်ပွဲတွေ လုပ်ချင်လာပြီ”

“ငါလည်း စိတ်ထဲမှာ မငြိမ်မသက် ဖြစ်နေတယ်။ သွားပြီး ကျင့်ကြံချင်နေပြီ”

“အတူတူ သွားရအောင် အတူတူ သွားရအောင်”

မနေ့ညက ဆတိုးအဆောင်ငယ်ကို ကပ်လိုက်ကတည်းက သူတို့၏ စိတ်ဓာတ်များမှာ အားဆေးထိုးထားသကဲ့သို့ တက်ကြွနေပြီး သွေးများ ဆူပွက်ကာ တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။

သူတို့အားလုံး ကျင့်ကြံရေးအခန်းဆီသို့ အပြေးအလွှား သွားကြပြီး ချွေးတလုံးလုံးဖြင့် မူလအရိုးများကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်း၊ တိုက်ခိုက်ရေးနည်းစနစ်များကို လေ့ကျင့်ခြင်းများ ပြုလုပ်ကြတော့သည်...

တစ်ကျောင်းလုံး၏ လေထုမှာ အလွန်တရာ တင်းမာသွားခဲ့သည်။

ဤအခြေအနေကို မြင်လိုက်ရသော ဆရာမကြီး လီချင်းဟုန်မှာ စကားပင် မဆိုနိုင်တော့ဘဲ ဆွံ့အသွားရသည်...

အဝေးရှိ သစ်ပင်တစ်ပင်ပေါ်တွင် ရပ်နေသော ကျောင်းအုပ်ကြီးမှာမူ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြရင်း “ကလေးတွေအတွက်တော့ ဒီလိုမျိုး ပြိုင်ဆိုင်မှုရှိတာဟာ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး"

“အခုအချိန်မှာ ချွေးထွက်ထားတာဟာ နောင်တစ်ချိန် စစ်မြေပြင်မှာ သွေးထွက်ရတာထက် ပိုကောင်းပါတယ်"

“အင်း... အစီရင်ခံစာကတော့ ကောင်းကင်ဘုံတောင်ထိပ်ဆီကို ရောက်လောက်ပြီ ထင်တယ်”

သူ စဉ်းစားနေစဉ်မှာပင် ဖုန်းရုတ်တရက် မြည်လာသည်။

ကျောင်းအုပ်ကြီး ဖုန်းကို ထုတ်ကြည့်လိုက်၏။

ယုံကြည်ရသော စာပို့သမားဖြစ်သူက “ကျောင်းအုပ်ကြီး... လျှို့ဝှက်စာတမ်းကို

ကောင်းကင်လျှို့ဝှက်ချက် နန်းတော်ဆီ ပို့ဆောင်ပေးခဲ့ပါပြီ။ အရာရှိ ကောင်းကင်လျှို့ဝှက်ချက်ကိုယ်တိုင် လက်ခံရရှိသွားတာမို့ အခုလောက်ဆို သူတို့ ဖတ်နေကြလောက်ပါပြီ"

“ကောင်းပြီ။ မင်းလည်း အပင်ပန်းခံခဲ့ရပြီ"

ကျောင်းအုပ်ကြီးသည် မြို့တော်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်ရင်း ပြုံးလိုက်မိသည်။

ယခုအချိန်တွင် မိုင်ပေါင်း ထောင်ချီဝေးကွာသော မြို့တော်အတွင်း၌...

အရာရှိ ကောင်းကင်လျှို့ဝှက်ချက်သည် ထိုလျှို့ဝှက်စာတမ်းကို ကိုင်ဆောင်ကာ ရုံးခန်းသို့ ရောက်ရှိလာသည်။

“ဘဏ်လုပ်ငန်းရှင်၊ ကောင်းကင်ဘုံလက်ရာ၊ ရေကျမ်းလက်ရာ၊ အတွင်းဝန်... ကျင့်ကျိုးပြည်နယ်ကနေ ထိပ်တန်းလျှို့ဝှက်ဖိုင်တစ်ခု ပို့လိုက်တယ်။ အားလုံးပဲ အတူတူ လာဖွင့်ကြည့်ကြရအောင်"

ဘဏ်လုပ်ငန်းရှင်ဟူသည်မှာ သေချာပေါက် ကုဒ်နံမည်တစ်ခုသာ ဖြစ်သည်။ သူသည် ရွှေရောင်မျက်မှန်ကို တပ်ထားပြီး စီးပွားရေးဆိုင်ရာတွင် ထူးခြားထက်မြက်သည့် မူလအရိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ ကြိုးပမ်းမှုကြောင့်သာ ဟွာရှ၏ စီးပွားရေးမှာ မျှခြေတစ်ခုတွင် ရှိနေပြီး ပြည်သူများ၏ စားဝတ်နေရေးကို အာမခံနိုင်ကာ ပြင်ပစစ်ပွဲများကို အဆုံးမရှိ ထောက်ပံ့ပေးနိုင်ခြင်းပင်။

ကောင်းကင်ဘုံလက်ရာမှာမူ လက်နက်ပြုပြင်ရေးနန်းတော်၏ လေးစားဖွယ် ခေါင်းဆောင်ဖြစ်ပြီး အရပ် ၁.၄ မီတာခန့်သာရှိကာ နီရဲသော ဆံပင်များကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးဖြစ်သည်။

ရေကျမ်းလက်ရာမှာ သတင်းအချက်အလက် အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ပြီး ရှုပ်ထွေးလှသော ဒေတာပေါင်းများစွာထဲမှ အမှန်တရားကို ရှာဖွေနိုင်စွမ်း ရှိသည်။

အတွင်းဝန်မှာမူ အတွင်းရေးနှင့် ထောက်ပံ့ရေးကိစ္စများကို စီမံခန့်ခွဲသူဖြစ်ပြီး အားအင်အလွန်ပြည့်ဝသူ ဖြစ်သည်။ တစ်ပတ်လျှင် ခြောက်ရက်ခွဲနီးပါး အိပ်စက်ခြင်းမရှိဘဲ အလုပ်လုပ်နိုင်ကာ တစ်နေ့လျှင် သုံးနာရီသာ အိပ်သော်လည်း အမြဲတမ်း တက်ကြွနေသူ ဖြစ်သည်။

သူတို့ ငါးဦးသည် ကောင်းကင်ဘုံတောင်ထိပ်တွင် အဆင့်မြင့်ရာထူးများကို ရယူထားကြသူများ ဖြစ်သည်။ စစ်နတ်ဘုရား ချန်ဖန်း၊ ဗေဒင်ဆရာကြီးနှင့် အခြားအမည်မသိသူ နှစ်ဦး... စုစုပေါင်း ၁၀ ဦးဖြင့် ဤအဖွဲ့အစည်းကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထို ၁၀ ဦးအနက် စစ်နတ်ဘုရားမှာမူ လွန်ခဲ့သော အနှစ် ၂၀ က တိုက်ပွဲတစ်ခုကြောင့် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။

ကောင်းကင်လျှို့ဝှက်ချက်၏ ဆင့်ခေါ်မှုကြောင့် ဘဏ်လုပ်ငန်းရှင်၊ ကောင်းကင်ဘုံလက်ရာ၊ ရေကျမ်းလက်ရာနှင့် အတွင်းဝန်တို့ လေးဦးသည် ရုံးခန်းအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

ဘဏ်လုပ်ငန်းရှင်: “တကယ်ပဲ ထိပ်တန်းလျှို့ဝှက်စာတမ်းလား ဘယ်ပြည်နယ်က ပို့လိုက်တာလဲ”

ကောင်းကင်လျှို့ဝှက်ချက်: “ချန်ချီကျောင်းအုပ်ကြီးဆီကပဲ"

ကောင်းကင်ဘုံလက်ရာ: “ချန်ချီလား သူကတော့ ဒီရက်ပိုင်း တကယ့်ကို အစွမ်းပြနေတာပဲ... အနှိုင်းမဲ့ စူပါပါရမီရှင်တစ်ယောက်ကို ကြိုးစားပမ်းစား မွေးမြူနေတာဆိုတော့လေ...”

သူတို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုံတောင်ထိပ်၏ အမာခံအဖွဲ့ဝင်များ ဖြစ်ကြသည့်အတိုင်း သူတို့သည် ရွှီရန်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကောင်းကောင်း သိထားကြသည်။

အိပ်မက်ဆိုး ကလဲ့စားချေမိခင်နှင့် ပတ်သက်သည့် သတင်းများကို သူတို့ကိုယ်တိုင် ချိပ်ပိတ်ခဲ့ကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော ပျံလွှားခေါင်းတစ္ဆေ နှင့် မယိုင်လဲသော ကောင်းကင်ဘေးဒုက္ခ ဖြစ်ရပ်များတွင်လည်း သူတို့သည် သတင်းမှားများကို ဖြန့်ဝေပေးပြီး လူအများ၏ အမြင်နှင့် အကြားကို ရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့ကြသည်။ ထိုဖြစ်ရပ်နှစ်ခုအတွက် တည်ရှိခြင်းမရှိသော ပါရမီရှင်တစ်ဦးကိုပင် ဖန်တီးကာ သတင်းလွှင့်ခဲ့ကြသေးသည်။

အတွင်းဝန်က အားရပါးရ ရယ်မောရင်း “ဒီတစ်ခါကော ဘာသတင်းကောင်းတွေ ပါလာမလဲ ချန်ချီဆီကဆိုရင်တော့ ငါတို့အတွက် သတင်းကောင်းပဲ ဖြစ်မှာပါ ဟုတ်တယ်မလား”

ရေကျမ်းလက်ရာသည်လည်း များစွာ မျှော်လင့်နေပုံရသည်။

ကောင်းကင်လျှို့ဝှက်ချက်က အစည်းအဝေးစားပွဲပေါ်ရှိ လျှို့ဝှက်စာတမ်းကို ကောက်ကိုင်လိုက်ကာ “ဒါဆို အားလုံးရဲ့ ရှေ့မှောက်မှာပဲ ဒီလျှို့ဝှက်စာတမ်းကို ဖွင့်ကြည့်ကြရအောင်...”

ဘဏ်လုပ်ငန်းရှင်၊ ကောင်းကင်ဘုံလက်ရာ၊ ရေကျမ်းလက်ရာနှင့် အတွင်းဝန်တို့က တညီတညွတ်တည်း ခေါင်းညိတ်ပြကြသည်။

ရှပ်…

လျှို့ဝှက်စာတမ်း၏ ချိပ်တံဆိပ်ကို ခွာလိုက်သည်။

ကောင်းကင်လျှို့ဝှက်ချက် သည် စာမျက်နှာ ၁၀ မျက်နှာကျော်ပါဝင်သော စင်တီမီတာဝက်ခန့် ထူသည့် စာတမ်းကို ထုတ်လိုက်သည်။ ထို့နောက် ကပ်ပါးအိတ်ကို ဖွင့်လိုက်ရာ ရွှေရောင်

တဖိတ်ဖိတ် တောက်နေသော အဆောင်လက်ဖွဲ့များနှင့်အတူ အထူးရှင်းလင်းချက် စာရွက်ကလေးတစ်ရွက် ထွက်ကျလာသည်။

သူတို့အဖွဲ့သည် စာတမ်းကို အပိုင်းလိုက်ခွဲကာ အသီးသီး ဖတ်ရှုကြတော့သည်။

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် ထိုခေါင်းဆောင်ကြီး ၅ ဦးစလုံး ခေါင်းမော့လာကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ သူငယ်အိမ်များမှာ သိသိသာသာပင် တုန်လှုပ်နေကြ၏။ သူတို့ကဲ့သို့ အတွေ့အကြုံရင့်ကျက်ပြီး လောကဓံမျိုးစုံ ဖြတ်သန်းခဲ့သူများပင်လျှင် ဤစာတမ်းကို ဖတ်ပြီးနောက်တွင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရတော့သည်။

ကောင်းကင်ဘုံလက်ရာ: "ဆတိုးရတနာအဆောင်... ဒါက သီးခြားရပ်တည်တဲ့ အားဖြည့်

စနစ်တစ်ခုပဲ။ ဆိုလိုတာက... ကျင့်ကျိုးပြည်နယ် နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းက အံ့ဖွယ်

မူလအရိုး ပိုင်ရှင်က ကိုယ်ပိုင်ကျင့်ကြံမှုစနစ်သစ်တစ်ခုကို ဖန်တီးလိုက်တာပေါ့ ဟုတ်လား"

ဘဏ်လုပ်ငန်းရှင်က သူ၏ ရွှေရောင်မျက်မှန်ကို ပင့်တင်လိုက်ရင်း "ဒါက အရင်က သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ နတ်ဘုရားတစ်ပိုင်းကျင့်စဉ် ထက်တောင် ပိုပြီး လောကကို ကိုင်လှုပ်နိုင်စွမ်းရှိတယ်။ သူက အခုမှ အသက် ၈ နှစ်နဲ့ ၇ လပဲ ရှိသေးတာလေ။ ဒီအဆင့်အထိ လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

ရေကျမ်းလက်ရာ: "အံ့ဖွယ်မူလအရိုးဆိုတာ တကယ်ကို မဆန်းဘူးပဲ... ဒီအဆောင်တွေက ကျင့်ကြံမှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးပေးနိုင်တယ်တဲ့။ ပြီးတော့ ဘေးထွက်ဆိုးကျိုးကလည်း အနည်းငယ်ပဲ ရှိတယ်"

စားချင်စိတ် ပိုလာခြင်းနှင့် တိုက်ပွဲဝင်လိုစိတ် ပြင်းပြလာခြင်းတို့မှလွဲ၍ အခြားဆိုးကျိုးမရှိပေ။

အတွင်းဝန်: "ဒါက ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်တာပဲ ဒီကျင့်ကြံမှုအဆောင်အပြင် တခြားရတနာအဆောင်တွေလည်း ရှိဦးမှာပဲ။ ညစ်ညမ်းမှုတွေကို ဖယ်ရှားပေးနိုင်တဲ့ အဆောင်တွေတောင် ရှိနိုင်တယ်။ အံ့ဖွယ်မူလအရိုးသာ ဆက်ပြီး သုတေသနလုပ်မယ်ဆိုရင် ဟွာရှတစ်နိုင်ငံလုံး အကြီးအကျယ် ခုန်ပျံကျော်လွှား တိုးတက်လာလိမ့်မယ်။ ငါတို့တွေ ဒီထက်မက ကြာရှည်စွာ ရပ်တည်နိုင်တော့မယ်"

ကောင်းကင်လျှို့ဝှက်ချက်က ရုတ်တရက် ခပ်တိုးတိုး ရယ်မောလိုက်ပြီး "အံ့ဖွယ်မူလအရိုးက ငါတို့အတွက် အခြေအနေအရပ်ရပ်ကို ပြောင်းပြန်လှန်ပေးနိုင်မယ့် မျှော်လင့်ချက်ဖြစ်လာနိုင်မလား"

ကျန် ၄ ဦးစလုံး လှည့်ကြည့်လိုက်ကြသည်။

"တကယ်ကြီး ဖြစ်နိုင်ခြေရှိတယ်"

"အိပ်မက်ဆိုး ကလဲ့စားချေမိခင်က နတ်ဘုရားဘွဲ့ခံယူပွဲကို ကျင်းပခဲ့တာလေ။ ညစ်ညမ်းမှုတွေ ကျန်ခဲ့ရမှာကို အခုတော့ အစအနတောင် မရှိအောင် ရှင်းလင်းသွားခဲ့တယ်။ ဒါက တစ်ခုခုတော့ ထူးခြားနေပြီ။ အံ့ဖွယ်မူလအရိုးမှာ အထူးနည်းလမ်းတွေ ရှိနေတာ သေချာတယ်"

"ဖြစ်နိုင်တာကတော့... လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်က သူ့အပေါ်မှာ မူတည်နေတာပဲ"

ကောင်းကင်လျှို့ဝှက်ချက်: "ဒါကြောင့် ကျောင်းအုပ်ကြီးချန်ချီက အဆိုပြုထားတာ။ အံ့ဖွယမူလအရိုးက နတ်ဘုရားတစ်ပိုင်းမူကြိုကျောင်းတွေက စူပါပါရမီရှင်တွေ အားလုံးအတွက် ဆတိုးရတနာအဆောင် တွေ ထောက်ပံ့ပေးပြီး ကျင့်ကြံမှုနှုန်း မြှင့်တင်ပေးမယ်။ အချိန်တွေ သက်သာစေမယ်ပေါ့"

"ဒါပေမဲ့ သူ့မှာလည်း တောင်းဆိုချက် ရှိတယ်။ အံ့ဖွယ်မူလအရိုးအတွက် နံမည်မဲ့လေးလံလှံနဲ့ အဆင့်တူတဲ့ တိုက်စောင့်ရတနာတစ်ခုကို လျှောက်ထားပေးဖို့ပဲ။ မင်းတို့ ဘယ်လိုထင်လဲ ပေးသင့်လား မပေးသင့်ဘူးလား"

ခဏတာ တိတ်ဆိတ်သွားကြသည်။

ဘဏ်လုပ်ငန်းရှင် က စတင်ပြောဆိုလိုက်သည်။

"ငါ့အမြင်တော့... တိုက်စောင့်ရတနာ ဆိုတာ အလွန်ကို အရေးကြီးတဲ့ အရာဖြစ်ပေမဲ့..."

All Chapters