← Chapters

သံစဉ်တစ်ရာက " ယင် " ဖြစ်လာတယ် ( ၁ )

Vol. 10 Ch. 138

သံစဉ်တစ်ရာက " ယင် " ဖြစ်လာတယ် ( ၁ )

Vol. 10 Ch. 138

ရွှီချင်းက ရတနာမုဆိုးစခန်း၌ ထိုသို့ ကြိမ်ဖန်များစွာ လုပ်ခဲ့ဖူးသည်။ ယခုတစ်ခေါက် မြင့်မားသော ပမာဏကို သူ တောင်းလိုက်ပါသော်လည်း တစ်ခုခုမှားနေမည်ဟု သူ မထင်ပေ။ တစ်ဖက်သားကို အကူအညီပေးခြင်းသည် သူ့အတွက် ပထမနေရာမှာ ရှိမနေသဖြင့် သဘာဝကျစွာပင် အခကြေးငွေ ပေးရမည်သာ ဖြစ်သည်။ တစ်ဖက်လူ၏စိတ်သဘောထားက ယုတ်ညံ့နေခဲ့လျှင် အခကြေးငွေကို သူ တိုးတောင်းရမည်သာ ဖြစ်သည်။

သူ၏စကားကြောင့် ဂိုဏ်းတူအစ်မတင်း အတွေးနက်သွားရသည်။ ကျောက်ကျုံးဟန်မှာ သုန်မှုန်သွားပြီး တစ်ခုခု ပြောရန်ပြင်လိုက်ပါသော်လည်း မပြောဖြစ်တော့ပေ။

ယခင်က ထိုသို့ဖြစ်ပျက်လာခဲ့ပါက သူ သေချာပေါက် လှောင်ပြောင်လိုက်မည်သာ ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

ရွှီချင်းက ထိုလူများကို လှည့်ပတ်ကြည့်လိုက်ပြီး မည်သည့်အခကြေးငွေမှ ပေးချင်ပုံမရသည်ကို မြင်လိုက်ရသည်။ သူ အပိုစကားများ ပြောမနေတော့ဘဲ လှေကို ထိန်းချုပ်၍ ထွက်သွားရန် ပြင်လိုက်သည်။ ထိုစဉ် ဂိုဏ်းတူအစ်မတင်းသည် ရွှီချင်း၏ ဘေးတိုက်မျက်နှာထားကို လှမ်းကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

“ ရတယ် ”

ဂိုဏ်းတူအစ်မတင်းက ပြောရင်းဆိုရင်း လက်ကိုဝှေ့ယမ်း၍ မှော်လှေကို ထုတ်ကာ ပင်လယ်ရေပြင်ပေါ် ချလိုက်သည်။ ထို့နောက် မှော်လှေပေါ် ခုန်တက်လိုက်ပြီး ရွှီချင်းအနားသို့ ထိန်းချုပ်၍ မောင်းသွားလိုက်သည်။

ကျောက်ကျုံးဟန်မှာ ဆွံ့အသွားရပြီး အနည်းငယ် စိတ်ကသိကအောက် ဖြစ်လာသည်။

“ ဂိုဏ်းတူအစ်မ၊ ခင်ဗျား … ”

ဂိုဏ်းတူအစ်မတင်းသည် ကျောက်ကျုံးဟန်ကို မြင်ပင်မမြင်သည့်အလား လှည့်၍ပင် မကြည့်ချေ။ သူမ၏မှော်လှေကလေးက မိုးမခသစ်ရွက်ကလေးတစ်ရွက်ကဲ့သို့ လှပသော်လည်း သွက်လက်သည်။ သူမ နီးကပ်လာသည်နှင့် ဘေးပတ်ဝန်းကျင်မှ နွယ်ပင်များ ချက်ချင်း ရစ်ခွေလာကြသည်။ သူမ အန္တရာယ်ထဲ ရောက်သွားသည်မှာ ထင်ရှားသည်။

ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ဂိုဏ်းတူအစ်မတင်း၏မှော်လှေရှေ့သို့ အနက်ရောင်ဆေးလုံးတစ်လုံး ကျသွားသည်။ ထိုဆေးလုံး ရောက်သွားသည်နှင့် နွယ်ပင်များက အလုအယက် ဆုတ်သွားကြပြီး မှော်လှေကလေးအတွက် လမ်းဖွင့်ပေးလိုက်သည်။ ရွှီချင်း၏လှေအနားသို့ နီးကပ်လာပြီးနောက် သူမက မှော်လှေကလေးကို သိမ်း၍ ရွှီချင်း၏လှေပေါ် ခုန်တက်လိုက်သည်။

သို့သော်လည်း အကာအကွယ်အလွှာ ရှိနေသေးသည်ဖြစ်၍ ထိုအလွှာပေါ်တွင်သာ မငြိမ်မသက်ရပ်နေရသည်။

ရွှီချင်းမှာ မျက်မှောင်ကြုတ်သွားပြီး ဂိုဏ်းတူအစ်မတင်းကို ကြည့်လိုက်သည်။

“ အစ်မကို ကူညီပေးတာ ကျေးဇူးပါပဲ မောင်လေးရယ်။ အစ်မနာမည်က တင်းရွှယ်။ မင်းထက် အသက်ပိုကြီးလောက်မယ်။ ဒီတော့ အစ်မကို ဂိုဏ်းတူအစ်မလို့ ခေါ်လို့ရတယ်။ အစ်မလှေက ဒီမှာ သွားလို့မကောင်းဘူး။ မင်းကို နောက်ထပ် ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ပေးမယ်။ ဒီနေရာကနေ လွတ်တဲ့အထိ မင်းနဲ့ လိုက်ခဲ့မယ်လေ ”

ဂိုဏ်းတူအစ်မတင်းသည် ရွှီချင်း၏စရိုက်ကို အကြမ်းဖျင်း ခန့်မှန်းမိသည်။ ထို့ကြောင့် သူမက ချိုသာစွာပြုံးလိုက်ပြီး အကာအကွယ်အလွှာအပြင်ဘက်မှနေ၍ ရွှီချင်းဆီသို့ ဝိညာဉ်ကျောက်တုံးလေးဆယ် တန်ကြေးရှိသော ဝိညာဉ်လက်မှတ်ကို တစ်ခါတည်း ပစ်ပေးလိုက်သည်။

ရွှီချင်းက ဝိညာဉ်လက်မှတ်ကို လှမ်းကြည့်လိုက်ပြီး ဂိုဏ်းတူအစ်မတင်း၏ ကျင့်ကြံခြင်းအခြေခံကို အကဲခတ်လိုက်သည်။ သူ့အကြည့်က သူမ၏လည်တိုင်ကြော့ကြော့ပေါ် ရောက်သွားသောအခါမှသာ အကာအကွယ်အလွှာကို ဖွင့်ပေးလိုက်ပြီး ဂိုဏ်းတူအစ်မတင်းအား ကုန်းပတ်ပေါ် ခြေချခွင့်ပေးလိုက်သည်။ ပြီးသည်နှင့် လက်ကိုမြှောက်၍ လေထဲရှိ ဝိညာဉ်လက်မှတ်ကို စစ်ဆေးရန် ယူလိုက်သည်။

ထိုလက်မှတ်က အစစ်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ နောက်ထပ်စကားမပြောတော့ပေ။ ဝိညာဉ်လက်မှတ်ကို သူ့အိတ်ထဲ ထည့်လိုက်ပြီး ခရီးဆက်ရန် မှော်လှေကို ထိန်းချုပ်လိုက်သည်။ သူ၏မှော်လှေပေါ်၌ တစ်ဖက်သားက ယုတ်မာကောက်ကျစ်စွာ ပြုမူလာမည်ကို သူ မကြောက်ပေ။ ထိုမိန်းမပျို ရောက်လာသည့်အချိန်မှာပင် သူ၏အဆိပ်မိသွားပြီ ဖြစ်သည်။

သို့သော်လည်း ထိုအဆိပ် အစွမ်းပြရန် သူ့အနေဖြင့် တခြားအဆိပ်များ ထပ်ပေါင်းပေးရန်တော့ လိုသေးသည်။

ဆည်းဆာနေရောင်ခြည်အောက်၌ ရွှီချင်းသည် ထူးထူးခြားခြား ချောမောနေသည်။ ဘေးရှိ ဂိုဏ်းတူအစ်မတင်း၌ လှပကြော့ရှင်းသောပုံပန်းသွင်ပြင်နှင့် ချိုမြိန်သောအပြုံးတစ်စ ရှိသည်။ သူမ၏လှပသော ဆံပင်ရှည်များက ပင်လယ်လေပြေတွင် တဖျပ်ဖျပ်လွင့်နေပြီး ဖျောင့်တန်းနေသော မျက်ခုံးမွေးကလည်း စွဲဆောင်မှုတစ်မျိုး ဖြစ်စေသည်။ ထိုအမူအရာသည် ယခင်က ကျောက်ကျုံးဟန်နှင့် နေခဲ့စဉ်အတောအတွင်း တစ်ခါမှ မရှိခဲ့သည့်အမူအရာဖြစ်သည်။

ပင်လယ်လေပြေ တိုက်ခတ်လာသည်နှင့်အတူ ဂိုဏ်းတူအစ်မတင်း၏ နူးညံ့သောအသံလေးသည်လည်း ခပ်လွင်လွင်ကလေး ထွက်လာသည်။

“ မောင်လေး၊ မင်းကို အစ်မ ဘယ်လိုခေါ်ရမှာလဲ ”

“ မောင်လေးရဲ့လှေက သိပ်ကောင်းတာပဲနော်။ ဒီလိုလှေမျိုး အရင်က အစ်မ တစ်ခါမှ မမြင်ဖူးဘူး ”

“ ဂိုဏ်းတူမောင်လေး၊ မောင်လေးက ဘယ်ဌာနကလဲ ”

ကျောက်ကျုံးဟန်မှာ မြင်ကွင်းကို ကြည့်၍ မခံချိမခံသာ ဖြစ်နေသည်။ သူ အပင်ပန်းခံ၍ ဖိတ်ခေါ်ခဲ့ရသော ဂိုဏ်းတူအစ်မက တခြားတစ်ယောက်၏ လှေပေါ်သို့ ရောက်သွားသည်ဖြစ်၍ သူ အလွန်ဒေါသထွက်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ သူ အံတင်းတင်းကြိတ်လိုက်ပြီး အနီရောင်အဆောင်တစ်ခုကို ထုတ်လိုက်သည်။

ယင်းသည် ကမ္ပည်းစာ အဆောင်ရတနာဖြစ်သည်။

ကျောက်ကျုံးဟန်သည် ထွက်ခွာသွားတော့မည့် ရွှီချင်းနှင့် ဂိုဏ်းတူအစ်မတင်းကို ကြည့်၍ ခေါင်းကိုက်ဝေဒနာကို ကြိတ်မှိတ်ခံကာ အဆောင်ကို ပင်လယ်ထဲ လွှတ်လိုက်သည်။ ရုတ်တရက် အဆောင်က လောင်ကျွမ်းသွားပြီး ကြောက်ခမန်းလိလိ အပူလှိုင်းများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။

ဖီးနစ်လှေကြီးပတ်လည်ရှိ နွယ်ပင်များပေါ် ချက်ချင်း သက်ရောက်သွားပြီး နွယ်ပင်အများစုမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ လက်ကျန်နွယ်ပင်များသည်လည်း အလျင်အမြန် နောက်ဆုတ်သွားကြ၏။

ထိုအခွင့်အရေးကို အသုံးချ၍ ကျောက်ကျုံးဟန်က အော်ဟစ်လိုက်သည်။

“ ဂိုဏ်းတူအစ်မ၊ ကျနော့်ကို စောင့်ပါဦး ”

သူသည် ပြောပြီးသည်နှင့် ဖီးနစ်လှေကြီးကို အစွမ်းကုန်ထိန်းချုပ်လိုက်သည်။ သူက လှေ၏ကုန်ကျစရိတ်ကို ထည့်တွက်မနေတော့ဘဲ အရှိန်တင်၍ မောင်းလိုက်သည်။ သူ့နောက်မှ နောက်လိုက်များက အလျင်အမြန် အကူအညီ တောင်းလိုက်ကြသည်။

“ မင်းတို့ကောင်တွေ ဒီမှာ စောင့်နေခဲ့ဦး။ ငါ့အဖိုးကို ငါ တင်ပြထားတယ်။ သိပ်မကြာခင် ဂိုဏ်းက မင်းတို့ကို ကယ်ဖို့ လူတစ်ယောက်ယောက် လွှတ်လိုက်မှာပါ ”

ကျောက်ကျုံးဟန်တွင် သူတို့ကို ဂရုစိုက်နေရန် အချိန်မရှိတော့ဘဲ မြန်ဆန်စွာ ဆက်သွားလိုက်သည်။

သို့သော်လည်း ထိုနေရာ၌ နွယ်ပင်အမြောက်အမြား ရှိနေသည်ဖြစ်၍ သူ့လှေကြီး ထပ်ပိတ်မိသွားပြန်သည်။ ကျောက်ကျုံးဟန်မှာ ဒေါပွနေလျက် ခေါင်းကိုက်ဝေဒနာကို ကြိတ်မှိတ်ခံကာ အဆောင်ကို ဆက်လက်အသုံးပြုလိုက်သည်။

ထိုသို့ဖြင့် သူသည် လမ်းတစ်လျှောက် လိုက်သွားပြီး နွယ်တောထဲမှ တဖြည်းဖြည်း လွတ်မြောက်သွားကာ သူနှင့် ရွှီချင်းအကြား အကွာအဝေးမှာ နီးကပ်လာသည်။

ဂိုဏ်းတူအစ်မရွှီချင်းသည် နောက်မှ တဝုန်းဝုန်းမြည်သံများကြောင့် ရွှီချင်းထံမှ အကြည့်လွှဲကာ မျက်မှောင်လေးကြုတ်၍ လှည့်ကြည့်လိုက်သည်။ ထိုအခါ ဖီးနစ်လှေကြီးနှင့် ကျောက်ကျုံးဟန်ကို ချက်ချင်း မြင်သွားသည်။

ဂိုဏ်းတူအစ်မတင်းက ကျောက်ကျုံးဟန်၏ အဆောင်ရတနာကို ကြည့်၍ မကျေမနပ်ပြောလိုက်သည်။ “ ကျောက်ကျုံးဟန်၊ အစကတည်းက ငါ နင့်နောက်ကို မလိုက်ချင်ဘူး။ ငါ့ကို အနောက်ဘက်ကျောက်တန်းကျွန်းစုဆီ ပို့ပေးမယ်ဆိုပြီး နင် အရင်ဆုံး ပြောခဲ့တာနော်။ ငါက ဒီလမ်းက မသင့်တော်ဘူးပြောတာကို နင်က ဇွတ်အတင်းငြင်းပြီး သူရဲကောင်းကြီးလုပ်တာလေ။ ဒီမှာ ပိတ်မိတာကို ငါ သည်းခံနိုင်သေးတယ်။ ငါ့ပန်းတိုင်ကို မရောက်လို့ ငါ စိတ်တိုနေပေမဲ့ နင် ဘာမှမလုပ်နိုင်တာကို ငါ နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ နင့်မှာ လွတ်မြောက်မယ့်နည်းလမ်း ရှိနေတာကို နင် ထုတ်မသုံးဘူး ”

ကျောက်ကျုံးဟန်မှာ အောင့်သက်သက်ခံစားနေရသည်။ ထိုအချိန်၌ ခရီးစဉ်စကတည်းက သူ၏ဟိတ်ဟန်အမူအရာများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး ကပျာကယာ ရှင်းပြလိုက်သည်။

“ ဂိုဏ်းတူအစ်မ၊ အထင်မလွဲပါနဲ့ဗျာ၊ ဒါ … ဒါက ကျနော့်အဘိုး ကျနော့်ကို ပေးထားတဲ့ အသက်ကယ်အဆောင်ပါ။ နောက်ထပ် အများကြီး သုံးလို့မရတော့ပါဘူး ”

ဂိုဏ်းတူအစ်မတင်းက အေးစက်စက်နှာမှုတ်၍ သူ့ကို လျစ်လျူရှုကာ တခြားဖက်သို့ လှည့်သွားသည်။

ကျောက်ကျုံးဟန်မှာ ပို၍ ဒေါသထွက်လာပါသော်ငြား ဂိုဏ်းတူအစ်မတင်းကို သူ အပြစ်မတင်ဝံ့ပေ။ ထို့ကြောင့် ရွှီချင်းအပေါ်သို့သာ သူ အပြစ်ပုံချလိုက်သည်။ ရွှီချင်း၏မှော်လှေကို သူ ကြည့်မိလေလေ ပို၍ သဘောမကျနိုင်လောက်အောင် ဖြစ်လာရလေပင်။

သို့သော်လည်း ရွှီချင်းက အလွန် အစွမ်းထက်သည်မှာ သိသာထင်ရှားနေသည့်အတွက်ကြောင့် သူ၏ဒေါသကို ချိုးနှိမ်ပြီး အဆောင်ကို ကြိမ်ဖန်များစွာ အသုံးပြုရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိချေ။ အဆောင် ပျက်စီးကာ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် နွယ်တောထဲမှ သူ လွတ်သွားခဲ့ပြီဖြစ်ကာ ရွှီချင်း၏မှော်လှေကို မီသွားပြီဖြစ်သည်။

“ ဂိုဏ်းတူအစ်မ၊ ပြန်လိုက်ခဲ့ပါ။ ကျနော်မှားမှန်း သိပါပြီ ”

ဂိုဏ်းတူအစ်မတင်းက သူ့စကားကို မကြားဟန်သာ ဆောင်နေသည်။ သူမက ချိုသာစွာ ပြုံး၍ ရွှီချင်း၏မျက်နှာကို ဘေးမှ ကြည့်ကာ ညင်ညင်သာသာ ပြောလိုက်သည်။

“ မောင်လေးရွှီချင်း၊ ဆာနေလား။ အစ်မမှာ မုန့်တွေ ပါတယ်နော် ”

ဂိုဏ်းတူအစ်မတင်းက ပြောပြီးသည်နှင့် သိုလှောင်အိတ်ထဲမှ သေတ္တာလေးကို ထုတ်လိုက်သည်။

#တကယ်တော့ ဒီအခန်းရဲ့ခေါင်းစဉ်ကို မူရင်းစာရေးဆရာအာကန်း ပေးတာ လွဲနေတယ်ထင်တယ်ဗျ။ တကယ်က ‘ စော်ကြည်သော ရွှီချင်း ’ ဖြစ်ရမှာ။ အိုက်ယားးးး မနာလိုတော့ဘူး …

All Chapters