← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁) - အပြန်ခရီး (၃)

~"ဟားဟား... ကောင်းကင်ဓားဂိုဏ်းက တကယ်ပဲ မထင်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းတတ်တယ်နော်... အဲဒီ 'အဓိကအချက်' ဆိုတာ... ခုနက ပြောတဲ့ အာမခံလုပ်ငန်းကို ဆိုလိုတာလား..."

ယန်ရှောင်ယွင်က ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။

"ဟုတ်တယ်... ဂိုဏ်းချုပ်နန်းကုန်း ပြောတာက ကောင်းကင်ဓားဂိုဏ်းရဲ့ သိုင်းပညာတွေက ခံစားချက်တွေကို အတွင်းစိတ်ထဲမှာ ပြုစုပျိုးထောင်ရတာတဲ့... ဒါပေမဲ့ အဲဒီ အာမခံလုပ်ငန်းကို လက်ခံပြီးနောက်ပိုင်းမှာ ထုန်းယွင်ရဲ့ စွမ်းရည်တွေ လုံးဝ ပျက်စီးသွားခဲ့တယ်... အဲဒီထဲမှာ သူ့စိတ်ကို ဒီလောက်တောင် နှောင့်ယှက်နိုင်တဲ့ ဘယ်လိုပစ္စည်းတွေ ပါဝင်နေတာလဲ ဆိုတာ... ငါ တကယ် သိချင်မိတယ်..."

"ထားလိုက်ပါတော့... ဒါတွေကို ဆက်မတွေးနေပါနဲ့တော့... ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်ဓားဂိုဏ်းရဲ့ ကိစ္စလေ... ဒီတစ်ခေါက် ငါတို့က ပွဲကြည့်ပရိသတ် သက်သက်ပဲဟာ... ရုတ်တရက်ကြီး ဒီလောက် လိုက်ခွဲခြမ်းစိတ်ဖြာနေတာ အဓိပ္ပာယ် မရှိပါဘူး..."

ထိုအခိုက်အတန့်တွင် ဆုမိုသည် ကောင်းကင်ဓားဂိုဏ်း ရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ရင်ဘတ်ထဲမှ ကောင်းကင်ဓား တံဆိပ်ပြားကို ထုတ်ယူလိုက်ကာ ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေမိသည်။

"ဘာဖြစ်လို့လဲ..."

ယန်ရှောင်ယွင်သည် ဆုမိုလက်ထဲမှ တံဆိပ်ပြားကို တစ်လှည့်၊ သူ့မျက်နှာကို တစ်လှည့် ကြည့်ကာ မေးလိုက်၏။

"ဘာမှ မဖြစ်ပါဘူး... သိုင်းလောကထဲ ခရီးသွားရင် ကျောပိုးအိတ် အကြီးကြီး လွယ်သွားမှ ဖြစ်တော့မယ်လို့ တွေးနေမိတာ... မဟုတ်ရင် ဒီတံဆိပ်ပြားတွေ သိမ်းစရာနေရာ မရှိတော့ဘူးလေ..."

ဆုမိုက ရယ်တစ်ဝက်၊ မောတစ်ဝက်ဖြင့် ပြောလိုက်၏။

"ဝေဇီယီက ကျွန်တော့်ကို ဖီးနစ်အမိန့်ပြား ပေးတယ်... ဓားငှားတဲ့လူက ဓားဌာန အမိန့်ပြား ပို့ပေးတယ်... အခု နန်ကုန်းယွီက ကောင်းကင်ဓား တံဆိပ်ပြား ပေးပြန်ပြီ... ကျွန်တော် စဉ်းစားနေတာ... နောက်ထပ် နှစ်နည်းနည်းလောက် ကြာရင် ဘုရင့်အမိန့် ရတနာ တစ်ခုလောက်တောင် ဖန်တီးလို့ ရနေပြီ ထင်ပါရဲ့..."

"...."

ယန်ရှောင်ယွင် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဘာသဘောလဲ..."

"အလွန် အစွမ်းထက်တဲ့ သိုင်းပညာ တစ်ခုပါ..."

ဆုမို ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

ထိုအခါ၊ ယန်ရှောင်ယွင်က မျက်လုံး လှန်လိုက်၏။

"ဒါနဲ့ စကားမစပ်... နင့်ရဲ့ ကိုယ်ဖော့ပညာက ဘယ်လိုဖြစ်သွားတာလဲ... ကောင်းကင်နှင့် မြေကြီး မဟာလျှို့ဝှက်ချက်ကနေ ဘာတွေများ ရလာလို့လဲ..."

"အင်း..."

ဆုမို ခေါင်းညိတ်လိုက်၏။

"မကြာသေးခင်ကမှ ကိုယ်ဖော့ပညာတစ်ခုကို သဘောပေါက်သွားတာ... တကယ်တော့ အရမ်း ရိုးရှင်းပါတယ်... အစ်မကို သင်ပေးမယ်..."

"ကိုယ်ဖော့ပညာ ဟုတ်လား..."

ယန်ရှောင်ယွင် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကောင်းတာပေါ့... ကျေးဇူးပါ.. ရှောင်မို ရယ်..."

"ကျွန်တော်တို့ကြားမှာ ဒီလောက်တောင် ယဉ်ကျေးနေဖို့ လိုလို့လား..."

ဆုမို လွှတ်ခနဲ ပြောလိုက်မိသော်လည်း ပြောပြီးမှ စကားက နည်းနည်း နှစ်ခွဖြစ်နေသလို ခံစားလိုက်ရ၏။

ယန်ရှောင်ယွင် ချက်ချင်း မျက်နှာရဲသွားပြီး ချောင်းတစ်ချက် ဟန့်ကာ လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။

"ဟုတ်သားပဲ... ငါတို့ကြားမှာ ဒီလောက်ထိ ရှင်းလင်း ပြတ်သားနေစရာ မလိုပါဘူး..."

ဆုမို ရယ်မောလိုက်ပြီး တောင်အောက် ဆင်းရင်းဖြင့် သိုင်းပညာ၏ အနှစ်သာရများကို ချက်ချင်း ရှင်းပြလေတော့သည်။

မသိမသာပင် ဆုမိုသည် ယန်ရှောင်ယွင်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နတ်ဘုရား အသွင်ပြောင်း ကိုယ်ဖော့ပညာ ကို အသုံးပြုလိုက်၏။

သူမ၏ နားလည်နိုင်စွမ်းသည် တကယ်တမ်းတွင် ဆုမိုထက် များစွာ သာလွန်နေပေသည်။

အစပိုင်းတွင် အနည်းငယ် တိုင်ပတ်နေသော်လည်း တစ်ခဏအတွင်းမှာပင် အနှစ်သာရကို သဘောပေါက်သွားခဲ့သည်။

ထို့နောက် နှစ်ဦးသားသည် လေပြင်းတစ်ချက်အလား ဖျတ်လတ်စွာ ယှဉ်တွဲပြေးလွှားသွားကြပြီး နှစ်နာရီ မပြည့်မီမှာပင် လမ်းငါးသွယ်ဆုံရပ် သို့ ပြန်လည် ရောက်ရှိသွားကြတော့၏။

...

...

လမ်းငါးသွယ်ဆုံရပ်...

တာဝန်ခံချန် သည် ဆုမိုနှင့် အဖွဲ့သားများ ထွက်ခွာသွားပြီး နောက်တစ်နေ့မှသာ အဖြစ်အပျက်များကို သိရှိခဲ့ရ၏။ မနေ့က ဆုမိုတို့ ပြန်မရောက်လာသဖြင့် ဒီနေ့မနက် အစောကြီး တည်းခိုခန်းသို့ ရောက်ရှိနေခြင်း ဖြစ်၏။

ဆုမိုတို့ဆီက သတင်းများ ရမလားဟု စောင့်မျှော်နေ၏။

သတင်းမရသဖြင့် စိတ်မငြိမ်မသက် ဖြစ်ကာ တည်းခိုခန်း ဧည့်ခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

ထိုအချိန်သည် စားသောက်ချိန် မဟုတ်သဖြင့် လူသိပ်မရှိလှပေ။

ရှိနေသူများမှာ ရှောင်ချွမ်း နှင့် အခြား အာမခံဝန်ထမ်းများ၊ အစောင့်တပ်ဖွဲ့ဝင်များသာ ဖြစ်ကြ၏။

သူတို့လည်း စိုးရိမ်ပူပန်နေကြရသည့်အထဲ တာဝန်ခံချန်ကပါ ရှေ့လျှောက်လိုက်၊ နောက်ဆုတ်လိုက် လုပ်နေသဖြင့် မူးဝေလာကြပြီး၊ တချို့ဆိုလျှင် သူ့ခေါင်းကို အိတ်စွပ်ပြီး စားပွဲအောက် ဆွဲချကာ ဝိုင်းရိုက်ချင်စိတ်ပင် ပေါက်နေကြ၏။

"ဘာလို့ ပြန်မလာကြသေးတာလဲ..."

တာဝန်ခံချန်က တံခါးပေါက်ကို မျှော်ကြည့်လိုက်၏။

"လျူမိုကြီးက ကောင်းကင်ဓားဂိုဏ်းကို တကယ် သွားတာ ဟုတ်ရဲ့လား..."

ထိုအခါ၊ ရှောင်ချွမ်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"တာဝန်ခံချန် ရာ... ခင်ဗျား မေးတာ အခါ ၂၀ ကျော်နေပြီ... ကောင်းကင်ဓားဂိုဏ်းက ဖုန်းပိုင်ချွမ် ကိုယ်တိုင် ဆင်းလာပြီး ကျွန်တော်တို့ ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ဖိတ်ခေါ်သွားတာလေ... ဘာသံသယ ဖြစ်စရာ ရှိလို့လဲ..."

"ဒါကတော့... ဘယ်လိုပြောရမလဲ..."

တာဝန်ခံချန်က မနေနိုင်ဘဲ ထပ်မေးလိုက်၏။

"ကောင်းကင်ဓားဂိုဏ်းက လူတွေ ရောက်လာတုန်းက သူတို့ မျက်နှာထားတွေက ဘယ်လိုနေလဲ..."

"..."

ရှောင်ချွမ်း မျက်လုံး ပြူးသွားသည်။ 'ခင်ဗျား နောက်နေတာလား' ဟု မေးချင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်၏။

'ကောင်းကင်ဓားဂိုဏ်းသားတွေမှာ ဒုတိယ မျက်နှာထားမျိုး ရှိတာ ခင်ဗျား မြင်ဖူးလို့လား...'

ရှောင်ချွမ်း၏ တုံ့ပြန်မှုကို မြင်သောအခါ တာဝန်ခံချန်သည် မလိုအပ်သော မေးခွန်းကို မေးမိမှန်း သိလိုက်ရ၏။

သက်ပြင်းချပြီး သူ ထိုင်ချလိုက်၏။

"အမှန်အတိုင်း ပြောရရင် ငါ့ညီရာ... ငါက စီးပွားရေးလုပ်လာတာ တစ်ဝက်ကျိုးနေပြီ... လူကဲခတ်တာ၊ သူတို့ရဲ့ ရည်ရွယ်ချက်ကို ခွဲခြားတာ မညံ့ပါဘူး... ငါနဲ့ ဆက်ဆံတဲ့ လူတွေရဲ့ အတွေးတွေ၊ ရည်ရွယ်ချက်တွေကို တစ်ချက်ကြည့်လိုက်တာနဲ့ ခန့်မှန်းလို့ ရတယ်... အတိအကျ မမှန်ရင်တောင် ဆယ်ခါမှန်းရင် ရှစ်ခါ၊ ကိုးခါလောက်က မှန်ပါတယ်..."

"ဒါပေမဲ့ ဒီ ကောင်းကင်ဓားဂိုဏ်းကတော့..."

"ငါ့ကို သူတို့နဲ့ အခန်းတစ်ခန်းတည်းမှာ ပိတ်လှောင်ထားပြီး ဆယ်ရက်၊ လဝက်လောက် အတူနေခိုင်းရင်တောင်... သူတို့ ဘယ်အချိန် သတ်မလဲ၊ ဘယ်လို သတ်မလဲ ဆိုတာ ငါ တကယ် ခန့်မှန်းလို့ မရဘူး..."

ဒီစကားကို ကြားတော့ ရှောင်ချွမ်း ခေါင်းညိတ်ထောက်ခံလိုက်၏။

"မဖြစ်ဘူး... ဒီလိုတော့ မဖြစ်ဘူး..."

တာဝန်ခံချန် ခေါင်းခါလိုက်၏။

"ငါတို့ ဒီလို ထိုင်စောင့်နေလို့ မဖြစ်ဘူး... ရထားလုံး ပြင်ဆင်လိုက်... ပိုးထည်တွေ၊ ဖဲထည်တွေ တင်လိုက်... ငါတို့ ကောင်းကင်ဓားဂိုဏ်းကို အခုချက်ချင်း သွားမယ်..."

"ဘာလုပ်ဖို့လဲ..."

ရှောင်ချွမ်း လန့်သွားသည်။

"ဂါရဝပြုဖို့လေ..."

"ပြီးတော့ သတင်းစုံစမ်းရအောင်လို့... ငါတို့ လူအကုန် အဆုံးရှုံးမခံနိုင်ဘူး..."

"ဘာသတင်း စုံစမ်းမှာလဲ..."

သူတို့ စကားပြောနေစဉ်မှာပင် လူနှစ်ယောက် တံခါးပေါက်မှ ဝင်လာကြ၏။

ထိုလူနှစ်ယောက် ဝင်လာသောအခါ လေပြင်းတစ်ချက်ပါ ယူဆောင်လာသကဲ့သို့ ဖြစ်ပြီး၊ သူတို့ ရပ်လိုက်မှသာ လေငြိမ်သွားသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ပင် ဖြစ်၏။

ဆုမိုက နားမလည်နိုင်စွာ မေးလိုက်၏။

"တာဝန်ခံချန်က ဘယ်သွားပြီး သတင်းစုံစမ်းမလို့လဲ..."

"ဟာ... ခေါင်းဆောင်ဆု..."

ဆုမိုကို မြင်လိုက်ရသောအခါ တာဝန်ခံချန် ဝမ်းသာအားရ ဖြစ်သွားသည်။ ဦးစွာ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းရာများ ရှိမရှိ စစ်ဆေးကြည့်လိုက်ပြီး၊ ဘာမှ မတွေ့ရတော့မှ သက်ပြင်းချနိုင်သည်။ သို့သော် သူတို့နောက်ကို ကြည့်လိုက်ရာ လျူမိုကို မတွေ့ရသဖြင့် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ခေါင်းဆောင်ဆု... လျူမိုကြီး ဘယ်ရောက်သွားလဲ..."

"သူ ကောင်းကင်ဓားဂိုဏ်းမှာ နေခဲ့တယ်ဗျ..."

ဆုမိုသည် ရင်ဘတ်ထဲမှ စာနှစ်စောင်အနက် တစ်စောင်ကို ထုတ်ပြီး တာဝန်ခံချန်ကို ပေးလိုက်၏။

"ဒါက ခင်ဗျားအတွက်... နောက်တစ်စောင်က တာဝန်ခံချန် ဆိုင်တာဝန်ခံ အတွက်... သူ့မှာ လုပ်စရာကိစ္စတွေ ရှိနေလို့ ဒီတစ်ခေါက် ကျွန်တော်တို့နဲ့ အတူ ပြန်မလိုက်လာတော့ဘူး..."

"ဪ... ကောင်းပါပြီ... ကောင်းပါပြီ..."

တာဝန်ခံချန် ခေါင်းညိတ်လိုက်ပြီး ဘေးတစ်ဖက်သို့ ကပ်ကာ စာကို ဖတ်ကြည့်လိုက်၏။ ခဏအကြာတွင် လျူမို၏ လက်ရေးဖြစ်ကြောင်း အတည်ပြုနိုင်သဖြင့် စိတ်သက်သာရာ ရသွားပြီး ဆုမိုဘက်သို့ လှည့်ကာ လေးလေးနက်နက် ကျေးဇူးတင်စကား ဆိုလိုက်၏။

ဆုမို လက်ကာပြလိုက်ပြီး ရှောင်ချွမ်းကို ပြောလိုက်၏။

"အာမခံဝန်ထမ်းတွေနဲ့ အစောင့်တပ်ဖွဲ့ကို ပြင်ဆင်ခိုင်းလိုက်... ငါတို့ ဒီမှာ ဆက်မနေတော့ဘူး... အခုချက်ချင်း လော့ရှားမြို့ကို ပြန်ကြမယ်..."

"ဟုတ်ကဲ့..."

ရှောင်ချွမ်း၏ စကားဆုံးသည်နှင့် တည်းခိုခန်း ဝင်ပေါက်မှ အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"မေးပါရစေ... ဘယ်သူက ခေါင်းဆောင်ဆုလဲခင်ဗျာ…”

အခန်း (၁၈၂) - ဒုက္ခကင်းဝေးခြင်း

~"မေးပါရစေ... ဘယ်သူက ခေါင်းဆောင်ဆု လဲခင်ဗျာ..."

ထိုအသံကို ကြားလိုက်ရသောအခါ လူတိုင်းသည် တံခါးပေါက်ဆီသို့ အလိုလို လှည့်ကြည့်လိုက်ကြသည်။

တည်းခိုခန်း အပြင်ဘက်တွင် အဘိုးအိုတစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦး ရပ်နေပြီး အထဲသို့ မျှော်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။

အဘိုးအို၏ အသက်မှာ ၆၀ ကျော်နေပြီ ဖြစ်ပြီး ဆံပင်များ ဖြူဖွေးနေသော်လည်း မျက်နှာသွေး မျက်နှာမောင် ကောင်းမွန်နေဆဲ ဖြစ်၏။ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း အလွန် သေသပ်သပ်ရပ်လှပေသည်။

သူ့ဘေးတွင် ရပ်နေသော မိန်းကလေးမှာ ၁၆ နှစ်၊ ၁၇ နှစ်ဝန်းကျင်ခန့်သာ ရှိဦးမည်။

သူမ၏ အကြည့်များတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ယှက်သန်းနေပြီး၊ ဆုမို အပါအဝင် တည်းခိုခန်း အတွင်းရှိ လူများကို ရှက်ရွံ့စွာ ကြည့်နေ၏။

ခေတ္တမျှ လူတိုင်းသည် ဤအဘိုးအိုနှင့် မိန်းကလေး မည်သည့်နေရာမှ ရောက်လာကြသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြ၏။

ဆုမိုက ချက်ချင်းပင် ပြုံး၍ မေးလိုက်သည်။

"ကျွန်တော့်ကို ရှာနေတာလား..."

"ဒါဆို... လူကြီးမင်းက ခေါင်းဆောင်ဆု လား..."

အဘိုးအိုသည် ဆုမိုကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများတွင် အကဲခတ်လိုသော အရိပ်အယောင်များ ပေါ်လာပြီး ခဏအကြာတွင် ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

"ဒီအဘိုးကြီးက ခေါင်းဆောင်ဆု ကို ဂါရဝပြုပါတယ်... ဝမ်အာ... လာပါဦး... ခေါင်းဆောင်ဆု ကို နှုတ်ဆက်လိုက်ပါဦး..."

"ဂိုဏ်း... ခေါင်းဆောင်ဆု ကို နှုတ်ဆက်ပါတယ်ရှင်..."

မိန်းကလေးငယ်သည် ရှက်ရွံ့စွာဖြင့် ဦးညွှတ် အရိုအသေ ပြုလိုက်သည်။

"ကျွန်တော့်ကို သိလို့လား..."

ဆုမို စူးစမ်းစွာ မေးလိုက်၏။

"မသိပါဘူး..."

အဘိုးအိုက ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ကာ၊

"ဒါပေမဲ့ သိုင်းလောက သတင်းတွေကတော့ ကြားနေရတာပါပဲ... ဒါကြောင့် ခေါင်းဆောင်ဆု က လော့ရှားမြို့ ဇီယန် အာမခံဌာနက ဆိုတာ သိထားတာပါ..."

"ဟုတ်ပါတယ်..."

ဆုမို ပြုံးလိုက်သည်။

"အဘိုး... မတ်တတ်ရပ်ပြီး စကားပြောမနေပါနဲ့... ထိုင်ပါဦး... ဖြည်းဖြည်းချင်း ပြောကြတာပေါ့... ရှောင်ချွမ်း... သွားပြီး ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လိုက်... တည်းခိုခန်း စရိတ်တွေ ရှင်းပြီး အဝင်ဝမှာ စောင့်နေ..."

"ဟုတ်ကဲ့..."

ရှောင်ချွမ်းက ခေါင်းညိတ်ပြီး ထွက်ခွာရန် ပြင်လိုက်၏။

တာဝန်ခံချန် က ကပျာကယာ တားလိုက်၏။

"ညီလေး ရှောင်ချွမ်း... မဖြစ်ဘူးလေ... တည်းခိုခန်းခ ကို မင်းတို့ကို ပေးခိုင်းလို့ ဘယ်ဖြစ်မလဲ..."

ပြောရင်းဖြင့် သူသည် ရှောင်ချွမ်း နောက်သို့ ပြေးလိုက်သွားပြီး ငွေရှင်းရန် အတင်းအကျပ် တောင်းဆိုနေ၏။

သို့သော် အဘိုးအိုမှာမူ ထိုင်မကျဘဲ ဘေးဘီဝဲယာကို ကြည့်ရှုနေပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရ၏။

ဆုမို ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ဆိုင်ရှင်ကို သီးသန့်အခန်းတစ်ခန်း စီစဉ်ခိုင်းလိုက်ရမလား..."

"ဒါဆိုရင်တော့ ခေါင်းဆောင်ဆု ကို ဒုက္ခပေးသလို ဖြစ်သွားမှာပေါ့..."

အဘိုးအိုသည် အားနာဟန် မပြဘဲ ခေါင်းညိတ်လိုက်သည်။

ဆုမိုသည် စိတ်မရှိဘဲ ဆိုင်ရှင်ကို လက်ဟန်ပြလိုက်ရာ စားပွဲထိုးလေးက သူတို့ကို အပေါ်ထပ်ရှိ သီးသန့်အခန်းသို့ အလျင်အမြန် ခေါ်ဆောင်သွားသည်။

ထိုအခါမှ အဘိုးအိုနှင့် မိန်းကလေးတို့ ထိုင်လိုက်ကြ၏။ စားပွဲထိုးလေးက ရေနွေးကြမ်း ငှဲ့ပေးပြီးနောက် ထွက်ခွာသွားသည်။

ဆုမိုက ပြုံး၍ မေးလိုက်၏။

"အဘိုး နာမည်လေး သိခွင့်ရှိမလား..."

"ရပါတယ်... ရပါတယ်..."

အဘိုးအိုက ကပျာကယာ ပြောလိုက်၏။

"ကျွန်တော်မျိုး အဘိုးအို နာမည်က လီ... လီစစ်ယွင် ပါ..."

"ဪ... သခင်ကြီးလီ ကိုး... ဒီတစ်ခေါက် ကျွန်တော်တို့ကို လာရှာတဲ့ အကြောင်းရင်းက ဘာများလဲ မသိဘူး..."

ဆုမို ပြုံး၍ မေးလိုက်၏။

"အမှန်အတိုင်း ပြောရရင်..."

လီစစ်ယွင်က ပြုံးပြီး ပြောပြသည်။

"ကျွန်တော်မျိုးက မူလက လော့ရှားမြို့ ဇာတိပါ... ငယ်ငယ်ကတည်းက မိသားစု စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးခဲ့ပြီး ကြီးလာတော့ ကုန်သည်တစ်ယောက်အဖြစ် တုန်းဟွမ် ဒေသအနှံ့ လှည့်လည်သွားလာခဲ့ပါတယ်... ပိုင်ဆိုင်မှု တချို့လည်း ရှိခဲ့တာပေါ့..."

"ဒါပေမဲ့ စကားပုံ ရှိတယ်လေ... မမျှော်လင့်တဲ့ မုန်တိုင်းတွေ ကျရောက်တတ်တယ်တဲ့... စီးပွားရေး လောကဆိုတာက ပိုပြီးတောင် ကြမ်းတမ်းပါသေးတယ်... ဓားတွေ လှံတွေ မမြင်ရပေမယ့် သိုင်းလောက တစ်ခုလိုပဲ အန္တရာယ်တွေ ပုန်းအောင်းနေတာ..."

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူယုတ်မာတွေရဲ့ လှည့်စားမှု ခံလိုက်ရပြီး ကျွန်တော့် မိသားစု ပြိုလဲသွားခဲ့ရတယ်... ဘိုးဘေးတွေ တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေ ဆုံးရှုံးလိုက်ရတာပေါ့..."

"အဲဒီတုန်းက ကျွန်တော်က လူလတ်ပိုင်း အရွယ်ပဲ ရှိသေးတယ်... အရှုံးမပေးချင်တာနဲ့ လက်ကျန် ပိုင်ဆိုင်မှုတွေ အကုန်စုပြီး နောက်ဆုံး အကြိမ် စွန့်စားဖို့ ဆုံးဖြတ်လိုက်တယ်..."

"အသေးစိတ် ပြောရရင်တော့ အများကြီးပေါ့ဗျာ... အတိုချုပ် ပြောရရင်တော့..."

"အဲဒီအချိန်တုန်းက ကျွန်တော့်ငွေတွေ အကုန်လုံးနဲ့ ကုန်ပစ္စည်းတွေ ဝယ်ပြီး တုန်းချန် အရှေ့ဘက်မြို့ အထိ သွားရောင်းဖို့ စီစဉ်ခဲ့တာ..."

"ဒါပေမဲ့ မထင်မှတ်ထားတဲ့ ကံဆိုးမိုးမှောင်ကျမှု တစ်ခု လမ်းမှာ ကြုံလိုက်ရတယ်..."

"ကျွန်တော်နဲ့ အမြဲတမ်း ခရီးသွားနေကျ အစောင့်တွေက ဒေသခံ လူမိုက်တွေနဲ့ ပေါင်းပြီး သစ္စာဖောက်ကြတယ်... လမ်းမှာ ချုံခိုတိုက်ခိုက်ကြတာပေါ့... ခဏလေးအတွင်းမှာပဲ ကျွန်တော်နဲ့ ပါလာတဲ့ လူတွေ အကုန်လုံး အသတ်ခံလိုက်ရတယ်..."

"ကျွန်တော်လည်း သေရတော့မယ်လို့ ထင်နေတုန်းမှာ ရုတ်တရက် အော်သံတစ်သံ ကြားလိုက်ရတယ်... 'နေ့ခင်းကြောင်တောင် ဘယ်သူက မတရားမှုတွေ ကျူးလွန်ရဲတာလဲ' တဲ့..."

"မော့ကြည့်လိုက်တော့ လှံရှည်တစ်ချောင်း ကိုင်ထားတဲ့ လူငယ် သူရဲကောင်းတစ်ယောက် လူအုပ်ထဲ ဝင်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ စတိုက်တော့တာပဲ..."

"အံ့မခန်းပါပဲဗျာ..."

လီစစ်ယွင်၏ မျက်လုံးများ အရောင်တောက်လာပြီး ဆက်ပြောသည်။

"တကယ်ပါ... သူ့ရဲ့ လှံက နဂါးတစ်ကောင်လိုပဲ... ရန်သူတွေကို အလွယ်တကူ နှိမ်နင်းပစ်လိုက်တာ... ခဏလေးအတွင်းမှာပဲ လူဆိုးဂိုဏ်း တစ်ခုလုံး နီးပါး သေကုန်ကြရော..."

"အဲဒီလူက ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တယ်... ကျွန်တော့် အခြေအနေကို ရှင်းပြလိုက်တော့ သူနဲ့ ခရီးလမ်း တူနေတာကို သိလိုက်ရတယ်..."

"သူကလည်း တုန်းချန် မှာ ကိစ္စရှိတယ် ဆိုပြီး... နောက်ထပ် အန္တရာယ် မဖြစ်အောင် ကျွန်တော့်ကို လိုက်ပို့ပေးမယ်လို့ ပြောတယ်..."

"သူ့ရဲ့ ကူညီမှုကြောင့် ကျွန်တော် အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရတာပေါ့..."

"ဒါပေမဲ့ ဒီကိစ္စကြောင့် ကျွန်တော့်ရဲ့ မူလ အစီအစဉ်ကို စွန့်လွှတ်လိုက်ရတယ်... ကုန်ပစ္စည်းတွေကို မြို့တစ်မြို့မှာ အမြန်ရောင်းပြီး အရင်းပြန်ရတာနဲ့ လော့ရှားမြို့ ကို ပြန်လာခဲ့တော့တာပဲ... နောက်ဆုံးတော့ လမ်းငါးသွယ်ဆုံရပ် မှာ အခြေချလိုက်တယ်..."

"နှစ်တွေ ကြာလာတာနဲ့အမျှ အသက်အရွယ် ရလာတော့ ငယ်ငယ်က ရည်မှန်းချက်တွေလည်း မနေ့က မြူခိုးတွေလို ပျောက်ကွယ်သွားပါပြီ..."

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဲဒီ သူရဲကောင်းရဲ့ ကျေးဇူးတရားကိုတော့ ဘယ်တော့မှ မမေ့နိုင်ဘူး..."

"ဒါကြောင့် ခင်ဗျားတို့က လော့ရှားမြို့က အာမခံဌာန ဆိုတာ ကြားလိုက်ရတော့... ကျွန်တော် လာတွေ့ရတာပါ... တကယ်တော့ အကူအညီ တစ်ခု တောင်းချင်လို့ပါ..."

ပြောရင်းဖြင့် သူသည် ဝမ်အာ ကို လက်ဟန်ပြလိုက်၏။

ဝမ်အာ က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူမ၏ ကျောနောက်မှ အထုပ်တစ်ထုပ်ကို ယူကာ စားပွဲပေါ် တင်လိုက်၏။ ထို့နောက် ကိုယ်တိုင် ဖွင့်လှစ်ပြီး သေတ္တာငယ်လေးကို ဆုမိုဘက်သို့ လှည့်ပေးလိုက်သည်။

"ခေါင်းဆောင်ဆု... ကြည့်ပါဦး..."

လီစစ်ယွင်က လက်ကာပြလိုက်၏။

ဆုမို ရှေ့တိုးကြည့်လိုက်ရာ သေတ္တာထဲတွင် ငွေစက္ကူများ၊ ကျောက်စိမ်းများနှင့် ရတနာအချို့ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။ ထိုပစ္စည်းများ၏ အောက်တွင် စာအုပ်ငယ်တစ်အုပ်လည်း ရှိနေ၏။

စာအုပ်ငယ်၏ မျက်နှာဖုံးတွင် စာလုံးကြီး သုံးလုံး ရေးသားထားသည်... မန်ဒရင်းဘဲ စာရင်း …ဟူ၍။

"ဒါက ဘာလဲ..."

ဆုမို မော့ကြည့်ပြီး လီစစ်ယွင်ကို မေးလိုက်သည်။

အခန်း (၁၈၃) -ဒုက္ခကင်းဝေးခြင်း (၂)

~လီစစ်ယွင်က သက်ပြင်းချလိုက်သည်။

"လူအိုကြီး ဖြစ်နေပါပြီ... လမ်းငါးသွယ်ဆုံရပ် မှာပဲ တစ်ချိန်လုံး နေလာခဲ့တာ... အခုတော့ ဒီနေရာကနေ ထွက်ခွာနိုင်စွမ်း မရှိတော့ပါဘူး... ငယ်ငယ်က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းရဲ့ ကျေးဇူးကို အမြဲတမ်း ပြန်ဆပ်ချင်ခဲ့တာ... နှစ်တွေကြာလာတာနဲ့အမျှ လက်ဆောင်တွေ စုဆောင်းထားခဲ့ပေမယ့် တစ်ခုခု လိုနေသလိုပဲ ခံစားနေရတယ်... အခု အသက် ၆၀ ကျော်လာတော့ ခရီးဝေးတွေ မသွားနိုင်တော့ဘူး..."

"ဒီလက်ဆောင်ကို ကျေးဇူးရှင်ဆီ ကိုယ်တိုင် သွားပို့ပေးချင်ပေမယ့်... ကံဆိုးစွာနဲ့ပဲ မစွမ်းဆောင်နိုင်တော့ပါဘူး..."

"ဒါကြောင့် ခေါင်းဆောင်ဆု ကို အကူအညီ တောင်းချင်တာပါ... ဒီပစ္စည်းလေးကို ဟိုတုန်းက ကျွန်တော့်ကျေးဇူးရှင်ဆီ ပို့ဆောင်ပေးပါ..."

စကားပြောရင်း သူသည် သေတ္တာထဲမှ ငွေစက္ကူ နှစ်ရွက်ကို ထုတ်ယူလိုက်၏။ စုစုပေါင်း ငွေသား ၂၀၀ တန်ဖိုးရှိပြီး စားပွဲပေါ် တင်လိုက်သည်။

"ဒါက ခေါင်းဆောင်ဆု အတွက် အာမခံကြေးပါ... ဘယ်လို သဘောရပါသလဲ..."

အဘိုးအို ဘာကြောင့် ဒီလောက် ပွင့်လင်းနေရသလဲ ဆိုတာကို ဆုမို နားလည်လိုက်၏။

ပစ္စည်းကို ဒီနေရာမှာ ဖွင့်ပြလိုက်ခြင်းအားဖြင့် အာမခံလုပ်ငန်းကို အတည်ပြုလိုက်သလို ဖြစ်သွားစေသည်။

သူသည် ခေါင်းခါပြုံးလိုက်မိသော်လည်း စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသည်။

"ဒီလက်ဆောင်က ဘယ်သူ့အတွက်လဲ ဆိုတာ သိခွင့်ရှိမလား... အဘိုး ပြောတဲ့ သူရဲကောင်းက ဘယ်သူလဲ..."

"ခေါင်းဆောင်ဆု အနေနဲ့ ဒီလူကို သေချာပေါက် ကြားဖူးမှာပါ..."

လီစစ်ယွင်က ဟားတိုက် ရယ်မောလိုက်သည်။

"ဒီလူက တခြားသူ မဟုတ်ပါဘူး... သံမဏိသွေး အာမခံဌာနရဲ့ ခေါင်းဆောင်ကြီး... သံမဏိသွေး နဂါးလှံ ယန်ရီဇီ ပါပဲ..."

...

ဘေးတွင် တိတ်ဆိတ်စွာ နားထောင်နေသော ယန်ရှောင်ယွင်သည် ထိုစကားကို ကြားလိုက်ရသောအခါ ရေနွေးသောက်နေရင်း သီးသွားရရှာသည်။

'ဒီလောက် အကြာကြီး နားထောင်နေတာ... နောက်ဆုံးတော့ ငါ့အဖေ ငယ်ငယ်က သူရဲကောင်း လုပ်ခဲ့တဲ့ ဇာတ်လမ်း ဖြစ်နေတာလား...'

ဆုမို၏ မျက်နှာထားသည်လည်း ထူးဆန်းသွားသည်။

လီစစ်ယွင်က နားမလည်နိုင် ဖြစ်သွားသည်။

"ခေါင်းဆောင်ဆု... သူ့ကို မကြားဖူးဘူးလား..."

"မကြားဖူးစရာလား... နားထဲမှာ မိုးခြိမ်းသလိုကို ကြားနေရတဲ့ နာမည်ပါ..."

ဆုမိုက ပြုံး၍ ပြောလိုက်၏။

"ဒီလိုဆိုရင်တော့... ဒီအလုပ်ကို ကျွန်တော် လက်ခံပါ့မယ်..."

ယန်ရီဇီ အတွက် ပို့ပေးရမည့် ပစ္စည်းဖြစ်သောကြောင့် လက်ခံလိုက်ခြင်း သက်သက် မဟုတ်ပေ။

ပိုမို အရေးကြီးသည်မှာ ယန်ရီဇီ နာမည်ကို ကြားလိုက်သည်နှင့် စနစ်မှ အချက်ပေးသံ ရောက်လာသောကြောင့် ဖြစ်၏။

[တာဝန်: လီစစ်ယွင်၏ ကျေးဇူးဆပ် လက်ဆောင်ကို လော့ရှားမြို့ရှိ သံမဏိသွေး အာမခံဌာနမှ ယန်ရီဇီထံ ပို့ဆောင်ပါ။]

[တာဝန် ကို လက်ခံမည်လား...]

အကယ်၍ အခြားအလုပ်တစ်ခုသာ ဖြစ်ခဲ့လျှင် သူ တွန့်ဆုတ်မိကောင်း တွန့်ဆုတ်မိလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတို့က လမ်းငါးသွယ်ဆုံရပ် မှ မဟုတ်ဘဲ ပြင်ပမှ လာသူများ ဖြစ်သဖြင့် ဒေသခံ အာမခံဌာနများက သူတို့ကို ကျော်ခွပြီး အလုပ်လက်ခံသည်ဟု ထင်မြင်ကာ မကျေမနပ် ဖြစ်သွားနိုင်သောကြောင့် ဖြစ်၏။

တကယ်တမ်းတွင် ဒေသ တစ်ခု ကျော်ပြီး အာမခံဌာနကို အကူအညီတောင်းခြင်းသည် ဒေသခံ ဌာနများအတွက် သိက္ခာကျစရာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် ဘာကြောင့် ဒီလောက် အဝေးကြီးက လူကိုမှ ငှားရမှာလဲ။

သို့သော် ယန်ရီဇီနှင့် ပတ်သက်နေသည့်အတွက် ဆုမို လက်ခံရန် လိုအပ်လာသည်။

ယန်ရီဇီ မည်သည့် အရာများကို လျှို့ဝှက်လုပ်ကိုင်နေသည်ကို ရှင်းလင်းစွာ မသိရသေးသကဲ့သို့၊ ယန်ရှောင်ယွင်နှင့် ဆက်ဆံရေးကလည်း ဤအတိုင်း ရှေ့ဆက်သွားနေ၍ မဖြစ်။

သားအဖ နှစ်ယောက်စလုံးမှာ ခေါင်းမာကြသည်ချင်း အတူတူပင် ဖြစ်၏။ သူသာ ကြားမှ ဝင်ရောက်မဖြေရှင်းပေးပါက တစ်သက်လုံး နောင်တရစရာများ ဖြစ်ကျန်ရစ်ခဲ့မည်ကို စိုးရိမ်ရ၏။

သို့သော် ယန်ရှောင်ယွင်က မန်ဒရင်းဘဲ စာရင်း ကို ကြည့်ပြီး အံ့သြနေ၏။

"ဒါက ဘာလဲ..."

"ဒါက တေးသွားစာအုပ်ပါ..."

လီစစ်ယွင်က ပြုံးပြလိုက်၏။

"အမှန်အတိုင်း ပြောရရင် ခေါင်းဆောင်ယန် ဘာကြိုက်မှန်း ကျွန်တော် မသိဘူး... နှစ်တွေကြာလာတာနဲ့အမျှ သင့်တော်မယ် ထင်တာတွေကို စုဆောင်းထားတာ... ဒီ မန်ဒရင်းဘဲ စာရင်း ကို သိမ်းထားဖို့ ဆုံးဖြတ်လိုက်တာက သူ့ရဲ့ အကြောင်းအရာတွေက တော်တော်လေး ထူးခြားနေလို့ပါ..."

"ဪ... ဒီလိုကိုး..."

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ဆုမိုက ပြုံး၍ ပြောလိုက်၏။

"ကောင်းပါပြီ... ဇီယန် အာမခံဌာနက ဒီအလုပ်ကို လက်ခံလိုက်ပါပြီ..."

"ကျေးဇူးတင်ပါတယ်ဗျာ..."

လီစစ်ယွင်သည် မိန်းကလေးငယ်နှင့်အတူ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ကျေးဇူးတင်စကား အထပ်ထပ် ဆိုသည်။

စကားအများကြီး ဆက်မပြောကြတော့ဘဲ အခန်းများ ခွဲဝေခြင်း၊ စာချုပ်စာတမ်းများ ပြင်ဆင်ခြင်း၊ ငွေပေးချေခြင်းများကို လုပ်ဆောင်လိုက်ကြ၏။ အရောင်းအဝယ် ကိစ္စ ပြီးဆုံးသွားလေပြီ။

သို့သော် လီစစ်ယွင်တွင် ကြိုတင်သတ်မှတ်ချက် တစ်ခု ရှိနေ၏။ ဆုမိုနှင့် အဖွဲ့သားများ အနေဖြင့် ဤအာမခံအလုပ်အကြောင်းကို သတင်းမဖြန့်စေလိုပေ။ ကြွယ်ဝမှုကို ထုတ်ဖော်ပြသခြင်းသည် မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေမည် စိုးသောကြောင့် ဖြစ်၏။

ဆုမို ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်၏။

ထိုနှစ်ဦးကို ပြန်လွှတ်ပြီးနောက် ဆုမိုသည် ယန်ရှောင်ယွင်ကို ကြည့်လိုက်၏။ သူမက မျက်လုံး လှန်လိုက်သည်။

"ဘာကြည့်တာလဲ... နင် လက်ခံလိုက်တာလေ... နင်ပဲ သွားပို့ပေါ့..."

ဆုမို မနေနိုင်ဘဲ ပြုံးဖြဲဖြဲ လုပ်လိုက်၏။

"မဖြစ်ဘူးလေ... ဦးလေးယန်က ကျွန်တော့်ကို မုန်းနေတာ အရိုးထဲထိ စွဲနေပြီ... အစ်မယွင်သာ မပါရင် ကျွန်တော် အသက်ရှင်လျက် ဝင်သွားပြီး အလောင်းပဲ ပြန်ထွက်လာရမှာ..."

"ဘယ်သူက နင့်ကို အဲဒီလို လုပ်ရဲမှာလဲ... အခု နင့်သိုင်းပညာက အဆင့်မြင့်နေပြီပဲ... အဖေတောင်... နင့်ကို နိုင်မှာ မဟုတ်တော့ပါဘူး..."

ယန်ရှောင်ယွင် ပြောလိုက်သော စကားတွင် ဝမ်းသာမှု အနည်းငယ် ပါဝင်သလို၊ ဝမ်းနည်းမှု အနည်းငယ်လည်း ရောနှောနေ၏။

ထိုအချိန်တွင် အာမခံဌာနမှ စာရေးများနှင့် အစောင့်တပ်ဖွဲ့ဝင်များ အားလုံး အသင့်ဖြစ်နေကြလေပြီ။

သူတို့နှစ်ဦးသည် ဒီအကြောင်း ဆက်မပြောကြတော့ဘဲ တာဝန်ခံချန် ကို လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး၊ လမ်းငါးသွယ်ဆုံရပ် မှ ထွက်ခွာကာ တောင်ဘက် လော့ရှားမြို့ ဆီသို့ ဦးတည် ပြန်လာခဲ့ကြသည်။

...

...

ခရီးလမ်းသည် ချောမွေ့ပြီး ထူးခြားမှု မရှိလှပေ။

သူတို့ သယ်ဆောင်လာသော ပစ္စည်းသည် လျှို့ဝှက်ထားပြီး ငွေပမာဏလည်း နည်းပါးသဖြင့် အာရုံစိုက်ခံရခြင်း မရှိပေ။

ရက်အနည်းငယ် အကြာတွင် ဟုန်ယွင်ဘုရားကျောင်း အနီးသို့ ရောက်ရှိလာခဲ့ကြ၏။

ဆရာသခင် ဟုန်ယွင် အတွက်မူ ဆုမို ပေါ့ဆ၍ မဖြစ်ပေ။

ယခင်က ကောင်းကင်တံခါးတောင် မှ ပြန်ဆင်းလာစဉ် လမ်းငါးသွယ်ဆုံရပ် တွင် ခေတ္တ ဝင်ရောက်ပြီး နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦး ရေးသားထားသည်ဟု ဆိုသော ဘာသာရေး ကျမ်းစာအုပ် တစ်စုံကို လက်ဆောင်အဖြစ် ဝယ်ယူခဲ့သေးသည်။ ယခု ဟုန်ယွင်ဘုရားကျောင်း သို့ ပြန်ရောက်လာပြီ ဖြစ်၍ ဆရာသခင် ဟုန်ယွင် ထံ သွားရောက် ပို့ဆောင်ရန် ရည်ရွယ်ထားပါသည်။

ဘုရားကျောင်း အနီးသို့ ရောက်သောအခါ တောင်ပေါ်သို့ လမ်းကြောင်းလွှဲလိုက်ကြ၏။ သို့သော် အဝေးမှ လှမ်းကြည့်လိုက်ရာ တစ်စုံတစ်ခု လွဲချော်နေသလို ခံစားလိုက်ရ၏။

"ဟုန်ယွင်ဘုရားကျောင်း က ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ... တံခါးတွေ ပိတ်ထားတယ်... မီးခိုးငွေ့လည်း မမြင်ရဘူး... သက်ရှိသတ္တဝါ တစ်ကောင်မှ မရှိသလိုပဲ..."

ယန်ရှောင်ယွင်က တိုးတိုးလေး ပြောလိုက်၏။

ဆုမိုက ပြန်ဖြေလိုက်၏။

"ဒီမှာ နေခဲ့... ကျွန်တော်…သွားကြည့်လိုက်မယ်... ညီအစ်ကိုတွေကို သတိထားဖို့ ပြောလိုက်ပါ..."

"အင်း... နင်လည်း သတိထားနော်..."

ယန်ရှောင်ယွင် ပြန်ဖြေလိုက်ပြီးနောက် ဆုမိုသည် အားလုံးကို ရပ်နားရန် အမိန့်ပေးလိုက်၏။ တစ်ခဏအတွင်းမှာပင် သူသည် ဟုန်ယွင်ဘုရားကျောင်း ၏ ဝင်ပေါက်သို့ ရောက်ရှိသွားသည်။

ဟုန်ယွင်ဘုရားကျောင်း ၏ တံခါးကြီးများကို သော့ခတ် ပိတ်ထားသည်။

ဆုမို ရပ်တန့်သွားပြီး ခဏမျှ စဉ်းစားလိုက်၏။ ထို့နောက် လေပေါ်သို့ ခုန်တက်ကာ ဘုရားကျောင်း ဝင်းအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

All Chapters