← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄) -ဒုက္ခကင်းဝေးခြင်း (၃)

~ဘုရားကျောင်း ဝင်းအတွင်း၌ တိုက်ခိုက်ထားသော လက္ခဏာ တစ်စုံတစ်ရာမျှ မရှိသလို၊ သွေးစွန်းသည့် ခြေရာလက်ရာများလည်း မတွေ့ရပေ။ ရှေ့ဆက်သွားလေ အရာအားလုံး သပ်ရပ်နေလေ ဖြစ်၏။

အဓိက ခန်းမဆောင်ကြီးကို ဖြတ်ကျော်ပြီးနောက် နောက်ဖေးသို့ ရောက်ရှိသွားကြ၏။ အခန်းတံခါးတိုင်းကို သော့ခတ်ထားသည်ကို တွေ့ရ၏။

ဆရာသခင် ဟုန်ယွင် နေထိုင်သော အခန်းရှေ့သို့ ရောက်သောအခါ တံခါးကြားတွင် ညှပ်ထားသော စာတစ်စောင်ကို တွေ့လိုက်ရ၏။

ထိုအခါ၊ ဆုမိုသည် ခါးကြားမှ သမင်ရေလက်အိတ်ကို အေးဆေးစွာ ထုတ်ယူ ဝတ်ဆင်လိုက်ပြီးနောက် စာကို ယူလိုက်၏။ စာအိတ်ပေါ်တွင် "ခေါင်းဆောင်ဆု ထံသို့ လေးစားစွာဖြင့်" ဟု ရေးသားထားသည်။

"ငါ့အတွက်လား..."

ဆုမို မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။ စာအိတ်ကို ဖွင့်ဖောက်ပြီး အစမှ အဆုံးထိ ဖျတ်လတ်စွာ ဖတ်ရှုလိုက်သည်။

သူ့မျက်နှာထားသည် တစ်ခဏမျှ ထူးဆန်းသွားသည်။

ခေါင်းကို ခါယမ်းလိုက်ပြီး ဟုန်ယွင်ဘုရားကျောင်း မှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ မြင်းပေါ်သို့ ပြန်လည် တက်ရောက်လိုက်သည်။

ယန်ရှောင်ယွင်က သူ့ကို မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

"အစ်မဘာသာ အစ်မ.. ဖတ်ကြည့်လိုက်..."

ဆုမိုက သူမထံသို့ စာကို လှမ်းပေးလိုက်၏။

ထို့နောက် အားလုံးကို နောက်ပြန်လှည့်ပြီး ခရီးဆက်ရန် လက်ဟန်ပြလိုက်သည်။

မည်သူကမျှ အသေးစိတ် မမေးမြန်းကြပေ။ ယန်ရှောင်ယွင် စာကို ဖတ်ပြီးသောအခါ သူမသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။

"ဆရာသခင် ဟုန်ယွင် က ဒီတောပုန်းဓားပြတွေကို ခေါ်ပြီး လောကအနှံ့ ဒုက္ခခံ ခရီးထွက်သွားတာလား..."

"ဒါပေါ့..."

ဆုမို နှာခေါင်းကို ပွတ်သပ်လိုက်၏။

"ဆရာသခင် ဟုန်ယွင် စာထဲမှာ ရေးထားတာက... ဒီလူတွေက သူတို့အပေါ်မှာ ဘာနှောင်ကြိုးမှ မရှိတော့ ခေါင်းမာနေကြတာတဲ့... လူသားတွေရဲ့ ဆင်းရဲဒုက္ခကို မမြင်ဖူးကြဘူး... ဗုဒ္ဓကျမ်းစာတွေ ဖတ်ရုံလောက်နဲ့ နက်နဲတဲ့ တရားသဘောကို မသိနိုင်ဘူး... ကိုယ်တိုင် ဒုက္ခခံစားရမှ ကိုယ်ချင်းစာစိတ် ဖြစ်လာမှာတဲ့..."

"ဆင်းရဲဒုက္ခ ပင်လယ်ထဲမှာ လောကရဲ့ အခက်အခဲတွေ၊ ပင်ပန်းဆင်းရဲမှုတွေကို ကိုယ်တိုင် ခံစားရမှ သူတို့စိတ်ထဲက ယုတ်မာမှုတွေကို အပြီးတိုင် ဆေးကြောနိုင်မှာတဲ့..."

"ဒါ့အပြင် လမ်းခရီးတစ်လျှောက် တွေ့သမျှ လူဆိုးလူမိုက်တွေကိုပါ တရားချပြီး သူတို့ရဲ့ ဒုက္ခခံခရီးစဉ်မှာ ပါဝင်လာအောင် စည်းရုံးဦးမယ်တဲ့..."

ယန်ရှောင်ယွင် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

"ဒါက... ပရမ်းပတာ ဖြစ်ကုန်တော့မှာ မဟုတ်ဘူးလား..."

ဆုမို ခေါင်းညိတ်လိုက်၏။

"ဒီပရမ်းပတာက သေးမှာ မဟုတ်ဘူး..."

ဆရာသခင် ဟုန်ယွင် တွင် ကောင်းမွန်သော ရည်ရွယ်ချက် ရှိသည်။ လူဆိုးများကို တရားလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေလိုခြင်း ဖြစ်၏။

သို့သော် ပြဿနာမှာ လူတိုင်းက သူတစ်ပါး၏ ဆန္ဒအတိုင်း နေထိုင်ချင်ကြသည် မဟုတ်ပေ။

အကယ်၍ ဆရာသခင် ဟုန်ယွင် သည် ဟုန်ယွင်ဘုရားကျောင်း အတွင်း၌သာ နေပြီး အရပ်လေးမျက်နှာမှ လူများကို စုဆောင်းကာ တစ်ယောက်ချင်းစီ တရားချနေမည် ဆိုပါက ထိန်းသိမ်းရ လွယ်ကူပေလိမ့်မည်။

ယခုမူ နားမလည်နိုင်သော ဒုက္ခခံ ခရီးစဉ်ကြီး စတင်လိုက်ပြီ ဖြစ်၏။

ဤလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာပါက လမ်းတစ်လျှောက်ရှိ တောင်ပေါ်ရွာလေးများ ဒုက္ခရောက်ကုန်ကြမည်။ ထို့ပြင် အကောင်းနှင့် အဆိုး ခွဲခြားရန်မှာ ဤမျှ ရိုးရှင်းသည် မဟုတ်။ သိုင်းလောက၌ အလင်းနှင့် အမှောင်ကြား လျှောက်လှမ်းနေသူ များစွာ ရှိ၏။ မည်သည့်အရာကမျှ အဖြူသက်သက်၊ အမည်းသက်သက် မဖြစ်နိုင်။

လော့ဖုန်းမဟာမိတ်အဖွဲ့ ဆိုလျှင် လူသတ်၊ မီးရှို့မှုများ ကျူးလွန်ခဲ့ဖူးသည်။ သို့သော် သူတို့ အုပ်ချုပ်သည့် မြို့လေးမြို့၊ မြစ်သုံးစင်းနှင့် ပင်လယ်အော်နှစ်ခု ဒေသမှ လူထုမှာမူ အေးချမ်းသာယာပြီး သိုင်းလောက မုန်တိုင်းဒဏ်ကို မခံစားကြရ။ လူထုအနေဖြင့် လော့ဖုန်းမဟာမိတ်အဖွဲ့ကို ကျေးဇူးတင်သင့်သည် မဟုတ်လော။

အကယ်၍ ဆရာသခင် ဟုန်ယွင်က ဤတောပုန်းဘုန်းကြီးများကို ခေါ်ဆောင်ကာ လော့ရှားမြို့သို့ သွားပြီး၊ ဝေရူဟန်ကို သားသတ်ဓား ချခိုင်းလျက် ချက်ချင်း ဘုရားဖြစ်စေရန် စေခိုင်းလိုက်ပါက အရာရာ ပရမ်းပတာ ဖြစ်ကုန်မည်မှာ မလွဲဧကန်ပင်။

"ငါတို့ ဘာဆက်လုပ်ကြမလဲ..."

ယန်ရှောင်ယွင် ဘာပြန်ပြောရမှန်း မသိတော့ပေ။

"ဆရာသခင် ဟုန်ယွင် ရဲ့ စေတနာက ကောင်းပါတယ်... ဒါပေမဲ့ ဒီလုပ်ရပ်က နည်းနည်း မဆင်ခြင်ရာ မရောက်ဘူးလား..."

"စောင့်ကြည့်ရတာပေါ့..."

ဆုမို ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် တားလို့မှ မရတော့တာ..."

ဆရာသခင် ဟုန်ယွင် လို လူမျိုးက တစ်ခုခု လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် ဘယ်သူ့စကားမှ နားထောင်မှာ မဟုတ်ချေ။

ယန်ရှောင်ယွင် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

ထိုနေရာမှ တောင်ဘက်သို့ ဆက်လက် ထွက်ခွာလာခဲ့ကြရာ ဆရာသခင် ဟုန်ယွင်၏ လွှမ်းမိုးမှုများကို တကယ်ပင် တွေ့မြင်ခဲ့ရ၏။

တစ်ခါတစ်ရံ လမ်းပိတ်ပြီး ဓားပြတိုက်သူများနှင့် ကြုံတွေ့ရသော်လည်း မည်သူမျှ ကြီးကြီးမားမား မဟုတ်ကြဘဲ သိုင်းပညာလည်း ညံ့ဖျင်းကြ၏။

ဆုမိုက ကြုံသလို မေးမြန်းလိုက်ရာ ထိုဓားပြများမှာ ငိုလုမတတ် ဖြစ်သွားကြရှာသည်။

တချို့က ပြောပြသည်။ မကြာသေးမီက ဘုန်းကြီးတစ်အုပ် ဖြတ်သွားပြီး သူတို့ခေါင်းတွေကို အတင်းရိတ်ကာ ဘုန်းကြီးဝတ်ခိုင်းသည်ဟု ဆိုသည်။ ကြည်ညိုသူများကို နေရာတင် ရဟန်းခံပေးပြီး၊ မကြည်ညိုသူများကို လူစုခွဲလိုက်သည်ဟု ဆိုသည်။

သူတို့မှာ ထိုလူစုကွဲသွားသူများ ဖြစ်ပြီး ပြန်လည် စုစည်းထားခြင်း ဖြစ်၏။

ထပ်ခါတလဲလဲ ကြုံတွေ့ရသော 'လမ်းပိတ်ဆို့မှု' များသည် အလားတူပင် ဖြစ်သော်လည်း တောင်ဘက်သို့ ရောက်လေလေ မတွေ့ရတော့လေ ဖြစ်၏။

ဆုမို၏ ကောင်းကင်ဓား တံဆိပ်ပြား သည် ဤနေရာများတွင် အသုံးဝင်လာသည်။ မည်သည့် ဓားပြ၊ လမ်းဗိုလ် မဆို တံဆိပ်ပြားကို မြင်သည်နှင့် နောက်ဆုတ်သွားကြသည်။

သို့သော် ဆရာသခင် ဟုန်ယွင်၏ ခြေရာခံကို စုံစမ်းကြည့်ရာ သတင်းကြားဖူးသူများ ရှိနေ၏။

မြောက်ဘက်မှ တောင်ဘက်သို့ ဆင်းလာသော ကြမ်းတမ်းသည့် ဘုန်းကြီးတစ်အုပ်အကြောင်း ကြားဖူးကြပြီး၊ လမ်းခုလတ်တွင် ရုတ်တရက် အရှေ့ဘက်သို့ ဦးလှည့်သွားကြောင်း ပြောပြကြ၏။

ဆုမိုနှင့် အဖွဲ့သားများ ဟွေမြစ် သို့ ရောက်ရှိသည်အထိ ထိုသတင်းများ ကြားနေရဆဲပင်။ မြစ်တစ်ဖက်ကမ်းတွင်လည်း လူများက ပြောဆိုဆွေးနွေးနေကြ၏။

တချို့က ပြောကြ၏။ ဘုန်းကြီးတစ်အုပ် ဟွေမြစ် သို့ ရုတ်တရက် ရောက်ရှိလာပြီး မြစ်ကြေဘက်သို့ ဆင်းသွားရာ လမ်းတစ်လျှောက် ပရမ်းပတာ ဖြစ်စေခဲ့သည်ဟု ဆိုသည်။

ဟွေမြစ် တစ်လျှောက် စီးပွားရေး လုပ်ကိုင်သူ အများအပြားသည် ခြိမ်းခြောက်ခံရသလို ခံစားရသဖြင့် ထိုဘုန်းကြီးများကို တိုက်ခိုက်ရန် စီစဉ်ခဲ့ကြ၏။

သို့သော် သွားရောက် တိုက်ခိုက်သော ဓားပြကြီးများသည် ဘုန်းကြီးများကို မဖမ်းဆီးနိုင်ဘဲ၊ ပြန်လည် ဖမ်းဆီးခံလိုက်ရပြီး ထိုအဖွဲ့ထဲသို့ ပါဝင်သွားကြရ၏။

ယခုအချိန်တွင် ထိုဘုန်းကြီးအဖွဲ့သည် ဟွေမြစ် တစ်လျှောက် သွားလာရင်း လူအင်အား ပိုမို ကြီးမားလာနေပြီး မည်သည့်နေရာသို့ သွားမည်ကို မသိရသေးပေ။

ဟွေမြစ် တစ်လျှောက်ရှိ လူအများအပြားသည် မိမိကိုယ်ကို အန္တရာယ်ရှိသည်ဟု ခံစားနေကြရပြီး နောက်ဆုံးတွင် ဘာဖြစ်လာမည်ကို မခန့်မှန်းနိုင်ကြပေ။

ဆုမိုသည် ကြားရသမျှကို အံ့သြနေမိသည်။ လုံးဝ မမျှော်လင့်ထားသည်တော့ မဟုတ်သော်လည်း လက်တွေ့ ဖြစ်လာသောအခါ အူကြောင်ကြောင် နိုင်လှသည်ဟု ခံစားနေရပါသည်။

...

...

ဟွေမြစ် ကို ဖြတ်ကူးပြီးနောက် လော့ဖုန်းမဟာမိတ်အဖွဲ့ နယ်မြေထဲသို့ ရောက်ရှိလာခဲ့ကြ၏။

လမ်းခရီးများက ပိုမို ရင်းနှီးလာသည်။

ယခုအခါ ဆောင်းတွင်းရောက်နေပြီ ဖြစ်၍ နှင်းမှုန်များ ခပ်ဖွဖွ ကျဆင်းနေပြီး မြစ်ကမ်းပါး နှစ်ဖက်စလုံးတွင် နှင်းဖြူလွှာများ ဖုံးလွှမ်းနေ၏။

မိုးချုပ်လာပြီ ဖြစ်သဖြင့် ဆုမိုနှင့် အဖွဲ့သားများသည် ခရီးဆက်မသွားတော့ဘဲ ဟွေမြစ် ဆိပ်ကမ်းတွင် တစ်ညတာ နားခိုရန် ဆုံးဖြတ်လိုက်ကြ၏။

တည်းခိုခန်းသည် သူတို့ ပုံမှန် တည်းခိုနေကျ မဟုတ်သော်လည်း နာမည်ကောင်း ရှိသဖြင့် သိပ်စိုးရိမ်စရာ မရှိပေ။

ဧည့်ခန်းမဆောင်ကြီးထဲတွင် မီးဖိုတစ်ခု ချထားပြီး ပြတင်းပေါက်ကို အနည်းငယ် ဟထားသည်။ မြစ်ကူးလာသော ခရီးသွားများနှင့် ကုန်သည်များသည် မီးဖိုဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ အရက်သောက်၊ အသားစားရင်း အေးအေးလူလူ စကားစမြည် ပြောနေကြသည်။

ဆုမိုတို့ ဝင်လာသောအခါ အာရုံစိုက်မှု အနည်းငယ် ရရှိလိုက်သော်လည်း မည်သူကမျှ အလေးအနက် မထားကြပေ။

အခန်းရပြီးနောက် ဆုမိုသည် အဖွဲ့သားများကို ခေါ်ဆောင်ကာ ဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်၏။ စားပွဲထိုးကို ခေါ်ပြီး အစားအသောက် မှာယူလိုက်၏။ အစားအသောက် စောင့်နေစဉ် တစ်စုံတစ်ယောက် ပြောလိုက်သော စကားသံကို ကြားလိုက်ရ၏။

"ဟို... တိမ်ဖမ်းသမား ရွှီရော့ရှန် လေ... တုန်းချန် အရှေ့ဘက်မြို့ မှာ အသတ်ခံလိုက်ရတာ... တကယ့်ကို မထင်မှတ်ထားဘူးကွာ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင် နှစ်ဦးစလုံးသည် လည်ပင်းကို တစ်စုံတစ်ယောက်က လာရောက် ညှစ်ထားသကဲ့သို့ ခံစားလိုက်ရပြီး၊ တုန်လှုပ်ချောက်ချားသွားကြ

လေတော့သည်။

အခန်း (၁၈၅) - အခြားဖြစ်နိုင်ချေ တစ်ခု

~တိမ်ဖမ်းသမား ရွှီရော့ရှန်...

ယန်ရှောင်ယွင် ပြောပြဖူးသည်မှာ ဤလူသည် ယန်ရီဇီ.. သိုင်းလောကထဲတွင် ကျင်လည်စဉ်က ရင်းနှီးခဲ့သော မိတ်ဆွေတစ်ဦး ဖြစ်၏။

သူသည် သိုင်းပညာ အလွန် ထူးချွန်ပြီး၊ ပွင့်လင်းမြင်သာသော စိတ်ထားရှိသူအဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။

သံမဏိသွေး အာမခံဌာနသို့ ဝင်ရောက်လာပြီးနောက် အချိန်တိုအတွင်းမှာပင် ယန်ရီဇီ၏ လက်ရုံးတစ်ဆူ ဖြစ်လာခဲ့၏။

ယခုဆိုလျှင် သူသည် သံမဏိသွေး အာမခံဌာန၏ အိမ်တော်ထိန်းသဖွယ် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။

သို့သော် ထိုကဲ့သို့သော လူတစ်ယောက်က... သေဆုံးသွားပြီတဲ့လား။

ယန်ရီဇီနှင့် အဖွဲ့သည် လော့ဖုန်းမဟာမိတ်အဖွဲ့၏ တတိယခေါင်းဆောင် ဝူတောက်ယို နှင့်အတူ တုန်းချန် အရှေ့ဘက်မြို့ သို့ သွားရောက်ပြီး နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းနေကြကြောင်း ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ဦးစလုံး သိရှိထားကြ၏။

သီအိုရီအရ ဆိုလျှင် ထိုခရီးစဉ်သည် အသက်အန္တရာယ် ဖြစ်စေလောက်သည်အထိ မပြင်းထန်သင့်ပေ။

အကယ်၍ အတင်းအဓမ္မ တိုက်ခိုက်သိမ်းပိုက်လိုပါက ဝူတောက်ယို အနေဖြင့် ဤမျှလောက် အားစိုက်ထုတ်ပြီး အပင်ပန်းခံနေစရာ အကြောင်းမရှိပေ။

တုန်းချန်၏ အခြေအနေမှာ ရှုပ်ထွေးလွန်းသဖြင့် လော့ဖုန်းမဟာမိတ်အဖွဲ့ အနေဖြင့် အင်အားသုံး ဝင်ရောက်ပါက အကျိုးအမြတ်ရရန် ခက်ခဲမည်ဟု ယုံကြည်သောကြောင့် မဟုတ်ပါလော။

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြရာ ယန်ရှောင်ယွင်၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရ၏။

ဆုမိုသည် သူမ၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားရန်နှင့် ဆက်လက် နားထောင်ရန် အချက်ပြလိုက်သည်။

ယန်ရှောင်ယွင်သည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို မြိုသိပ်ကာ နားစွင့်နေလိုက်ရတော့သည်။

ဘေးနားမှ လူများ၏ ဆွေးနွေးသံများက ပိုမို ကျယ်လောင်လာသည်။

"ဟုတ်တယ်... တိမ်ဖမ်းသမား ရွှီရော့ရှန် ဆိုတာ သိုင်းပညာ တကယ်ကောင်းတဲ့လူကွ... 'တိမ်ဖမ်းသမား' ဆိုတဲ့ နာမည်က သူ့အရည်အချင်းနဲ့ ကွက်တိပဲ..."

"ငါ ကြားဖူးတာကတော့... ဒီလူက အရင်တုန်းက တုန်းချန် နယ်တစ်ဝိုက်မှာ ဂိုဏ်းဂဏ အစွဲမရှိဘဲ လှုပ်ရှားခဲ့တာတဲ့... ပြည်သူတွေအပေါ်မှာလည်း အရမ်း ကောင်းတတ်တယ်..."

"တုန်းချန် နယ်မြေမှာ သူ နှိမ်နင်းခဲ့တဲ့ ဓားပြတွေ မနည်းတော့ဘူး... တစ်ခါတုန်းက တုန်းချန်က ဓားပြတွေ ပေါင်းပြီး သူ့ကို ဝိုင်းဖမ်းကြသတဲ့... အရပ်လေးမျက်နှာကနေ လာသမျှ လက်နက်ဝှက်တွေကို သူက လက်ဗလာနဲ့ ဖမ်းယူလိုက်တာလေ... ကောင်းကင်က တိမ်တိုက်တွေကိုတောင် လှမ်းဖမ်းနိုင်သူဆိုတော့ ဒီလောက် လက်နက်ဝှက်လောက်ကတော့ ဘာပြောစရာ လိုဦးမှာလဲ..."

"ငါလည်း အဲဒီသတင်း ကြားဖူးတယ်... ဒါပေမဲ့ သူ တုန်းချန် ကို ပြန်ရောက်ရောက်ချင်း တည်းခိုခန်းထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံလိုက်ရမယ်လို့ ဘယ်သူ ထင်မှာလဲ..."

"ဒီခရီးစဉ်မှာ ယန်ရီဇီ က ဝူတောက်ယို နဲ့ လော့ဖုန်းမဟာမိတ်အဖွဲ့ အတွက် တော်တော်လေး အလုပ်ကြိုးစားပေးခဲ့တာ... တုန်းချန်က ဂိုဏ်းတချို့နဲ့တောင် မဟာမိတ် ဖွဲ့နိုင်ခဲ့ပြီလို့ ကြားတယ်... ယန်ရီဇီ ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဝူတောက်ယိုရဲ့ ဂုဏ်သတင်းက လော့ဖုန်းမဟာမိတ်အဖွဲ့ အတွင်းမှာ တော်တော် တက်လာခဲ့တာ..."

"အောင်ပွဲခံပြီး ပြန်လာရမယ့် ခရီးစဉ်ကနေ... ဒီလို ကိစ္စမျိုး ဖြစ်လာမယ်လို့ ယန်ရီဇီ တောင် ထင်ထားမှာ မဟုတ်ဘူး..."

"အခု သိုင်းလောကမှာ ကောလာဟလတွေ အမျိုးမျိုး ထွက်နေတယ်... တချို့က ရန်သူဟောင်းတွေရဲ့ ချုံခိုတိုက်ခိုက်မှု ခံရတာလို့ ပြောကြတယ်... တချို့ကျတော့လည်း ဓားပြဂိုဏ်းရဲ့ ခြေကုပ်စခန်းမှာ သွားတည်းမိလို့ ဖြစ်မယ်လို့ သံသယ ဝင်နေကြတယ်... ယန်ရီဇီ တို့အဖွဲ့က တစ်ခုခု မှားနေတာကို ရိပ်မိပေမယ့် ရွှီရော့ရှန် က ပေါ့ဆပြီး ခေါင်းဆောင်ယန်ရဲ့ အရိပ်အမြွက်ပြတာကို နားမလည်လိုက်ဘဲ နောက်ဆုံးမှာ တည်းခိုခန်းထဲမှာ ဓားစာမိသွားတာ ဖြစ်လောက်တယ်..."

"အဖြစ်မှန် အပြည့်အစုံကိုတော့ ယန်ရီဇီ လော့ရှားမြို့ ကို ပြန်ရောက်မှပဲ သိရတော့မယ်... ဒါပေမဲ့ ဒီအချိန်မှာ ဒီလိုကိစ္စမျိုး ဖြစ်သွားမှတော့ သူတို့ ချက်ချင်း ပြန်လာလို့ မရနိုင်တော့ဘူး..."

"ကိုယ့်လက်အောက်က လူတစ်ယောက် ကိုယ့်မျက်စိအောက်မှာတင် လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားတာဆိုတော့... သံမဏိသွေး နဂါးလှံ က တုန်းချန် တစ်မြို့လုံးကို ဇောက်ထိုးမိုးမျှော် လှန်ပစ်တော့မယ် ထင်ပါရဲ့..."

"ငါ့အမြင် ပြောရရင်တော့... နောက်ပိုင်းနှစ်တွေမှာ ယန်ရီဇီ ရဲ့ ဂုဏ်သတင်းက သံမဏိသွေး အာမခံဌာနမှာ အရင်လို မဟုတ်တော့ဘူးကွ... ပြီးတော့ သူက အခုတလော ဘက်လိုက်တာ အရမ်းများတယ်... ဝူတောက်ယို နဲ့ မဟာမိတ်ဖွဲ့ဖို့အတွက် သူ့သမီးအရင်းကိုတောင် အပေးအယူပစ္စည်းအဖြစ် သုံးခဲ့တာတဲ့... တကယ့်ကို ယုတ်မာလိုက်တာ..."

"လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေး ပဋိပက္ခတွေက ဒီလောက် ပြင်းထန်နေတာကို... သူက မဆင်မခြင် ဝင်ပါလိုက်တာ မိုက်မဲရာ ကျလွန်းတယ်..."

စကားဝိုင်းက ဒီအထိ ရောက်လာသောအခါ ယန်ရှောင်ယွင် သည်းမခံနိုင်တော့ချေ။ သူမ၏ မျက်နှာသည် ရုတ်ချည်း မည်းမှောင်သွားပြီး စားပွဲကို ဝုန်းခနဲ ထုလိုက်သည်။

"တိတ်စမ်း..."

သားသမီး ဆိုသည်မှာ မိဘနှင့် စိတ်သဘောထားချင်း မတိုက်ဆိုင်၍ ရန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ သူတစ်ပါးက မိဘကို ထိပါးစော်ကားလာလျှင် မည်သို့ သည်းခံနိုင်ပါမည်နည်း။

ယန်ရီဇီ သည် တကယ်ပင် မျက်နှာနှစ်ဖက်၊ လျှာနှစ်ခွနှင့် သစ္စာဖောက်တစ်ဦး ဖြစ်နေလျှင်တောင်မှ၊ ယန်ရှောင်ယွင်သာလျှင် ပြောခွင့်ရှိသည်။ သူတစ်ပါးက လက်ညှိုးထိုး ဝေဖန်သည်ကို သူမ လုံးဝ ခွင့်မလွှတ်နိုင်ပေ။

တစ်ခဏအတွင်းမှာပင် သူမ၏ ဒေါသများ ငယ်ထိပ်သို့ ဆောင့်တက်သွားသည်။

သို့သော် နောက်ဆုံးတွင် သူမ စိတ်ကို ချိုးနှိမ်လိုက်နိုင်ခဲ့သည်။ စားပွဲကို ကျယ်လောင်စွာ ထုလိုက်သော်လည်း လက်ရောက်မှု ကျူးလွန်ခြင်း မရှိခဲ့ပေ။

မထင်မှတ်ဘဲ ဘေးနားမှ အတင်းပြောနေသူများက မထီမဲ့မြင် ပြုံးကာ တုံ့ပြန်လာကြ၏။

"ဒီကောင်မလေးက ဘယ်ကလဲ... ငါတို့ရှေ့မှာ လာပြီး ရိုင်းစိုင်းရဲတယ်ပေါ့..."

"ရုပ်ကလေးကတော့ ချောပါရဲ့... မိန်းမဆောင်ထဲမှာ မနေဘဲ အပြင်ထွက်ပြီး... မင်းက..."

စကားမဆုံးမီမှာပင် 'ရွှမ်း' ခနဲ လေတိုးသံ တစ်ချက် ထွက်ပေါ်လာပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ်စုံတစ်ခုက သူတို့ထံသို့ ရောက်ရှိလာသည်။

အလစ်အငိုက် မိသွားသဖြင့် ထိုလူသည် အလိုအလျောက် ကာကွယ်ရန် လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ရုတ်တရက် လက်ထဲတွင် စူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ငုံ့ကြည့်လိုက်သောအခါ တူတစ်ချောင်းသည် သူ့လက်ဝါးကို ဖောက်ထွက်နေသည်ကို တွေ့လိုက်ရ၏။

"ဘယ်သူလဲ..."

သူ့ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ တူတစ်ချောင်းကို လက်နက်ဝှက်အဖြစ် အသုံးပြုပြီး လက်ဝါးကို ဖောက်ထွက်အောင် ပစ်လွှတ်နိုင်ခြင်းက တိုက်ခိုက်သူ၏ အတွင်းအား မည်မျှ နက်ရှိုင်းကြောင်း ပြသနေသည် မဟုတ်ပါလော။

သူ မော့ကြည့်လိုက်ပြီး ယန်ရှောင်ယွင်၏ ဘေးတွင် အစွမ်းထက်သော သိုင်းပညာရှင် တစ်ဦးဦးများ ပုန်းအောင်းနေသလားဟု ရှာဖွေလိုက်၏။

သို့သော် သူ တွေ့လိုက်ရသည်မှာ ဆုမို၏ အေးစက်ပြီး စူးရှသော မျက်လုံးများပင် ဖြစ်၏။

"အိမ်က ထွက်လာရင် ပါးစပ်ကို စည်းစောင့်ပါ... စကားကျွံရင် ဘေးသင့်တတ်တယ်..."

"မင်း..."

ထိုလူ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုနှင့် သံသယများ ရောထွေးသွားသည်။ သူ မော့ကြည့်လိုက်သောအခါ ရှောင်ချွမ်းနှင့် အခြားသူများသည် မတ်တတ်ရပ်နေပြီး သူတို့ကို ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရ၏။

ဆုမို၏ မျက်လုံးများတွင် အလင်းရောင် တစ်ချက် ဝင်းလက်သွားပြီး အေးစက်စွာ မေးလိုက်၏။

"ငါဆိုတော့ ဘာဖြစ်လဲ..."

"..."

ထိုလူ တံတွေးတစ်ချက် မျိုချလိုက်မိသည်။ မူလက သိက္ခာဆယ်သော စကားအချို့ ပြောပြီး ထွက်သွားချင်သော်လည်း၊ ပြိုင်ဘက်မှာ ရန်စ၍ ရမည့်သူ မဟုတ်ကြောင်း သဘောပေါက်လိုက်၏။

သို့သော် ယခု သူ အထိနာသွားပြီ ဖြစ်၍ ဘာမှ ပြန်မပြောဘဲ ငြိမ်နေလိုက်ပါက သူ့ဂုဏ်သိက္ခာ လုံးဝ ကျဆင်းသွားပေလိမ့်မည်။

သူက မဲမှောင်သော အပြုံးဖြင့် ပြောလိုက်၏။

"မောက်မာလိုက်တဲ့ ကောင်လေး... လူကြီးမိဘတွေ မပါဘဲနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ ကြိုးစားနေကြတာလား... စကားကျွံရင် ဘေးသင့်တယ် ဆိုတာတော့ မင်း သိသားပဲ... ဒါပေမဲ့ ဒီနေ့ မင်း လုပ်လိုက်တဲ့ ကိစ္စက မင်းလူကြီးတွေကို ဒုက္ခပေးလိုက်ပြီ ဆိုတာတော့ မင်း မသိဘူး ထင်တယ်..."

"ချီးပဲ..."

ယန်ရှောင်ယွင် သည်းမခံနိုင်တော့ဘဲ 'ဝုန်း' ခနဲ ထရပ်လိုက်၏။ နဂါးဟိန်းသံကဲ့သို့သော လှံသံနှင့်အတူ လက်နက်ရောင် တစ်ချက် ဝင်းလက်သွားပြီး၊ လှံရှည်တစ်ချောင်းသည် ထိုလူ၏ မျက်နှာတည့်တည့်သို့ ရောက်ရှိသွားတော့သည်။

အခန်း (၁၈၆) -အခြားဖြစ်နိုင်ချေ တစ်ခု (၂)

~ထိုသူသည် ဘေးသို့ ဖျတ်လတ်စွာ ရှောင်တိမ်းလိုက်လေ၏။ တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သည်။

"ဒီကောင်မလေးက မခေဘူးဟ... ညီအစ်ကိုတို့... ဝိုင်းတိုက်ကြဟေ့..."

သူ့အပေါင်းအပါများသည် တစ်ယောက်ပြီး တစ်ယောက် ထလာကြကုန်၏။ ရှောင်ချွမ်းနှင့် အခြားသူများလည်း ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ဆုမိုသည် လက်ကာပြပြီး တားဆီးလိုက်လေ၏။

"သူ့ကို လွှတ်ထားလိုက်ပါ... ဒီခရီးစဉ်မှာ ဘာမှ ထူးထူးခြားခြား မရှိလို့ သူ လက်ယားနေတာ ကြာပြီ... အခု ဒီလူတွေက သူ့အဖေအကြောင်း မဟုတ်တာတွေ ပြောနေတော့ သူ့စိတ် ဘယ်ကြည်ပါ့မလဲ... မျိုသိပ်ထားမယ့်အစား ပေါက်ကွဲပစ်လိုက်တာ ပိုကောင်းပါတယ်... ခင်ဗျားတို့က ဘေးကနေ ကြည့်ပြီး လိုအပ်ရင် ဝင်ကူပေးလိုက်..."

"ဟုတ်ကဲ့..."

ရှောင်ချွမ်းနှင့် အဖွဲ့သားများ ချက်ချင်း သဘောတူလိုက်ကြသည်။

ထိုအချိန်တွင် ယန်ရှောင်ယွင်သည် လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအကြားတွင် ရောက်ရှိနေသော်လည်း အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိပေ။

သူမ၏ နဂါးချောက်နက် တျန်ယွမ်လှံတံသည် မူလက အဆစ်များပါသော လှံတံ ဖြစ်ပြီး၊ ဆက်လိုက်လျှင် လှံရှည်ဖြစ်သွားသော်လည်း ဖြုတ်လိုက်လျှင် သုံးပိုင်း ကွဲသွားနိုင်ပေသည်။

ယခုအချိန်တွင် သူမသည် လက်တစ်ဖက်၌ လှံရိုးတစ်ဝက်ကို ကိုင်ထားပြီး၊ အခြားလက်တစ်ဖက်၌ လှံတံကို ကိုင်ထားလေ၏။

သူမ၏ ခြေလှမ်းများသည် ပြိုင်ဘက်၏ တိုက်ကွက်များကို ရှောင်တိမ်းရင်း၊ လက်ပြန်ရိုက်ချက်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

ဤတိုက်ကွက်သည် အနည်းငယ် ကြမ်းတမ်းပြီး ယုတ္တိမရှိသော်လည်း၊ ပြိုင်ဘက်ကို အလစ်အငိုက် မိစေပြီး ကြောင်အမ်းသွားစေ၏။ ထို့နောက် လှံတံဖြင့် မိုးစက်မိုးပေါက်များအလား ဖျတ်လတ်စွာ ရိုက်နှက်လိုက်တော့သည်။

တစ်ခဏအတွင်းမှာပင် ထိုသူ သွေးအလိမ်းလိမ်း ဖြစ်သွားရရှာလေ၏။

အခြားသူများ ဝင်ရောက် ကူညီရန် ကြိုးစားကြသော်လည်း ယန်ရှောင်ယွင်၏ ခြေလှမ်းများသည် အလွန် ဆန်းကြယ်လှပေသည်။ ခြေဖဝါးအောက်တွင် ဆီသုတ်ထားသကဲ့သို့ ချောမွေ့နေပြီး မည်သူမျှ သူမကို ဖမ်းဆုပ်၍ မရနိုင်ချေ။

လူအများအပြားသည် အရိုက်ခံနေရသူကို ဝိုင်းရံထားကြသော်လည်း၊ သူ မတ်တတ်မရပ်နိုင်တော့ဘဲ လဲကျသွားမှသာ ယန်ရှောင်ယွင်သည် ဒုတိယလူကို ပစ်မှတ်ထားလိုက်သည်။

ရံဖန်ရံခါ အခြားလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ရှစ်မျက်နှာ နဂါးမင်း လှံသိုင်း ၏ ဆန်းကြယ်သော တိုက်ကွက်များကို ထုတ်သုံးလိုက်လေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြိုင်ဘက်များကို နောက်ဆုတ်သွားအောင် ဖိအားပေးလိုက်နိုင်သည်။

သို့သော်လည်း မိနစ်အနည်းငယ် မကြာမီမှာပင် ဧည့်ခန်းမဆောင်ကြီးထဲရှိ လူများသည် သွေးအလိမ်းလိမ်းဖြင့် နာကျင်စွာ အော်ဟစ်နေကြရတော့၏။

သူတို့သည် ထပ်ခါတလဲလဲ တောင်းပန်နေကြရရှာသည်။

"မိန်းကလေးရယ်... အသက်ချမ်းသာပေးပါ... တောင်းပန်ပါတယ်..."

"နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး... တကယ် မလုပ်ရဲတော့ပါဘူး..."

ဒေါသ မပြေနိုင်သေးသော ယန်ရှောင်ယွင်သည် သူတို့ တစ်ယောက်စီကို နောက်ထပ် ဆယ်ချက်စီလောက် ထပ်ရိုက်လိုက်သေး၏။ သူတို့၏ ခန္ဓာကိုယ်များ ညိုမဲစွဲသွားပြီး မျက်နှာများ ဝက်ခေါင်းလို ဖူးရောင်သွားမှသာ သူမ၏ ဒေါသများ အနည်းငယ် လျော့ပါးသွားသလို ခံစားလိုက်ရ၏။

သူမသည် လှည့်ထွက်လာပြီး ဆုမို၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ရေနွေးခွက်ကို မော့သောက်လိုက်ပြီး စားပွဲပေါ်သို့ ဒုန်း ခနဲ ဆောင့်ချလိုက်လေ၏။

"နေလို့ကောင်းသွားပြီ..."

ဆုမို ခေါင်းညိတ်လိုက်သည်။

'တကယ် ကျေနပ်စရာ ကောင်းတာပဲ...'

ထိုအခိုက်အတန့်တွင် ဆုမိုသည် လွန်ခဲ့သော နှစ်များက လော့ရှားမြို့ ကို သံလှံတံ တစ်ချောင်းတည်းဖြင့် အောင်နိုင်ခဲ့သော ပြတ်သားရဲရင့်သည့် ယန်ရှောင်ယွင်ကို ပြန်လည် မြင်ယောင်လာမိသည်။

အချိန်များ ပြောင်းလဲသွားသော်လည်း သူမ၏ စိတ်နေသဘောထားကမူ ဘယ်တော့မှ ပြောင်းလဲမည် မဟုတ်ပေ။

သူ့ရှေ့ရောက်မှသာ ဤမိန်းကလေးသည် သူမ၏ ထက်မြက်မှုများကို လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်၏။

မော့ကြည့်လိုက်သောအခါ ယခုမှ ကုန်းရုန်းထလာနိုင်သည့် လူတစ်စုသည် မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်တော့ဘဲ ဆုမိုနှင့် ယန်ရှောင်ယွင်ကို ကြည့်ပြီး မေးလိုက်ကြလေ၏။

"ခင်ဗျား... ခင်ဗျားတို့က ဘယ်သူတွေလဲ..."

"မင်းတို့ မျက်လုံးကန်းနေတာလား..."

ရှောင်ချွမ်းက ရှေ့ထွက်လာပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

"ဒါက ဇီယန် အာမခံဌာနရဲ့ ခေါင်းဆောင်ဆု ကွ..."

"ဆုမို......"

လူတစ်ယောက်၏ ဂုဏ်သတင်းသည် သူပေါင်းသင်းသည့် လူတွေအပေါ်မှာလည်း သက်ရောက်မှု ရှိပေသည်။

"ဇီယန် အာမခံဌာန ခေါင်းဆောင်ဆု" ဆိုသည့် နာမည်ကို ကြားလိုက်သည်နှင့် ရှိနေသမျှ လူအကုန်လုံး အသက်ရှူမှားသွားကြလေ၏။

ရွှမ်ကျီတောင်ကြား တိုက်ပွဲ ဆိုသည်မှာ ဤဆယ်စုနှစ်များအတွင်း အနောက်တောင်ဘက် သိုင်းလောက၏ အကြီးမားဆုံး ဖြစ်ရပ်ကြီး တစ်ခုပင် ဖြစ်၏။

ထိုတိုက်ပွဲမှတဆင့် ဆုမို နာမည်ကြီးလာခဲ့သည်။ အထွတ်အထိပ်သို့ မရောက်သေးလျှင်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းသော အရှိန်အဝါ တစ်ခုတော့ ရရှိထားပြီး ဖြစ်၏။

သို့သော် ထိုအချိန်၌ ထိုလူများသည် သူတို့ ဘာကြောင့် အရိုက်ခံလိုက်ရသလဲ ဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားကြသည်။

တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး၊ တူတစ်ချောင်း စိုက်နေသေးသည့် လူက မနည်း လက်သီးဆုပ် အရိုအသေပြုကာ မေးလိုက်လေ၏။

"ဒါဆို... ဒီမိန်းကလေးက... မိန်းကလေးယန်... ယန်ရှောင်ယွင် လား..."

"ဟွန်း..."

ယန်ရှောင်ယွင်က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောသော်လည်း အဓိပ္ပာယ်ကမူ ရှင်းလင်းနေလေပြီ။

ထိုလူများ ချက်ချင်း ကူကယ်ရာမဲ့သွားကြပြီး တောင်းပန်စကား ဆိုကြတော့သည်။

"ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး... ဒီနေ့ ကျွန်တော်တို့ ညီအစ်ကိုတွေ မသိနားမလည်ဘဲ ရိုင်းစိုင်းမိပါတယ်... ခေါင်းဆောင်ယန်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သမီးဖြစ်သူ ရှေ့မှာ ပြောမိတာ... အရိုက်ခံရတာ နည်းတောင် နည်းပါသေးတယ်... ကျွန်တော်တို့ လက်စားချေဖို့ မစဉ်းစားရဲပါဘူး... မိန်းကလေးယန် သဘောထားကြီးပြီး ခွင့်လွှတ်ပေးပါ..."

"ထွက်သွားကြ..."

ယန်ရှောင်ယွင် လက်ကာပြလိုက်သည်။

ထိုလူများသည် ချက်ချင်း လှည့်ထွက်သွားကြပြီး နောက်ထပ် ယဉ်ကျေးမှု စကားများပင် မဆိုနိုင်တော့ဘဲ ပျောက်ကွယ်သွားကြလေတော့၏။

တကယ်တမ်းတွင် ယန်ရှောင်ယွင် ရှေ့၌ ယန်ရီဇီ ကို အပုပ်ချပြောခြင်းသည်၊ ယန်ရှောင်ယွင်က သူတို့ကို သေအောင် ရိုက်သတ်လိုက်လျှင်ပင် အပြစ်မရှိပေ။

ယခုကဲ့သို့ နာရုံလောက်သာ အရိုက်ခံရသည်ကိုပင် ယန်ရှောင်ယွင်၏ စေတနာဟု မှတ်ယူပြီး ကျေးဇူးတင်သင့်ပေသည်။

ဤပဋိပက္ခ ပြီးဆုံးသွားသောအခါ တည်းခိုခန်း ဧည့်ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ဆုမိုသည် စကားအများကြီး မပြောတော့ဘဲ ယန်ရှောင်ယွင်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်သည်။ စားပွဲထိုးကို အခန်းထဲ အစားအသောက် လာပို့ခိုင်းပြီး၊ အာမခံဌာနမှ ညီအစ်ကိုများကိုမူ အောက်ထပ်တွင်သာ ဆက်လက် စားသောက်ရန် ညွှန်ကြားထားလိုက်လေ၏။

အခန်းထဲသို့ ရောက်သောအခါ စားပွဲထိုးသည် ဝိုင်နှင့် ဟင်းပွဲများကို သတိထားပြီး လာချပေးသည်။ ပြီးသည်နှင့် အခန်းတံခါးကို သေချာပိတ်ပြီး အမြန် ပြန်ထွက်သွားလေတော့၏။

ဆုမိုသည် ဝိုင်ကို ဘေးဖယ်ထားပြီး ယန်ရှောင်ယွင် အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

"အရမ်း စိတ်မပူပါနဲ့... ဦးလေးယန်က သိုင်းပညာ ထိပ်တန်းပဲ... တုန်းချန် နယ်မြေက အန္တရာယ်များတယ် ဆိုပေမယ့် သူ မဖြေရှင်းနိုင်တဲ့ ကိစ္စ မရှိပါဘူး..."

"ငါ သိပါတယ်..."

ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့... ဒီနေ့ ဒီလူတွေ ပြောတာ ကြားလိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားတယ်... သူတို့က အဖေ့ကို မကောင်းပြောလို့ မဟုတ်ဘူး... ဒါပေမဲ့... ဟူး..."

သူမ ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။

ကွယ်ရာတွင် အပုပ်ချခံရသည်ကို ကြောက်ခြင်း မဟုတ်ဘဲ... သူတို့ ပြောစကားများက အမှန်ဖြစ်နေမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်ပေသည်။

ဆုမို.. မည်သို့ နှစ်သိမ့်ပေးရမည် မသိတော့ပါချေ။ ရေနွေးခွက်ချင်း တိုက်ပြီး အတူတူ သောက်ပေးရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်ရှာပေ။ ရေနွေး သုံးလေးခွက်ခန့် သောက်ပြီးမှ သူ ပြောလိုက်သည်။

"ဦးလေးယန် ဒီခရီးက ပြန်ရောက်ရင် ပစ္စည်းတွေ ပေးအပ်ပြီး သူနဲ့ သေချာ စကားပြောကြည့်ကြတာပေါ့..."

"အခုထိတော့ ဦးလေးယန်က သူ့ခံယူချက်တွေကို သစ္စာဖောက်မယ့် လူစားမျိုး မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်နေတုန်းပဲ... အစ်မယွင်က သူ့သမီးပဲ...ကျွန်တော့်လို ပြင်ပလူထက်တောင် သူ့ကို ပိုယုံကြည်မှု ရှိသင့်တယ် မဟုတ်လား..."

ယန်ရှောင်ယွင်က ဆုမိုကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်လိုက်လေ၏။

"နင်...တကယ် အဲဒီလို ထင်လား…”

All Chapters