အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အခန်း (၁၈၇)-အခြားဖြစ်နိုင်ချေ တစ်ခု (၃)
~"ဒါတွေက အလိမ်အညာတွေ ဖြစ်နိုင်လို့လား..."
ဆုမို ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ စကားဆက်လိုက်သည်။
"တကယ်တော့ ကျွန်တော့်ရင်ထဲမှာ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု ရှိနေတယ်... ဒါပေမဲ့ ဒီဖြစ်နိုင်ချေက အခြေအမြစ် မရှိဘူး... အစ်မကို ပြောပြတာက ရင်ထဲက စိုးရိမ်ပူပန်မှုတွေ လျော့ပါးသွားအောင်လို့ပါ..."
"ဟင်... ဟုတ်လား..."
ယန်ရှောင်ယွင်က ဆုမိုကို ကြည့်လိုက်သည်။
"ရှောင်မို... နင်က အမြဲတမ်း ပါးရည်နပ်ရည်နဲ့ ဗျူဟာတွေ ပြည့်စုံနေတာပဲ... ဒါပေမဲ့ ငါ မစဉ်းစားမိတဲ့ အရာမျိုး တကယ် ရှိနေနိုင်သေးလို့လား..."
"အင်း... အစ်မရဲ့ စိတ်နေသဘောထားက ဦးလေးယန်နဲ့ တစ်ပုံစံတည်းပဲ... တစ်ခုခုကို စိတ်ဆုံးဖြတ်ပြီးရင် နွားကိုးကောင်နဲ့ ဆွဲရင်တောင် ပြန်လှည့်လာမယ့်သူ မဟုတ်ဘူး..."
"တကယ်တော့ သေချာ စဉ်းစားကြည့်ရင်... အဲဒီနေ့က အစ်မနဲ့ ဦးလေးယန်တို့ အကြီးအကျယ် ရန်ဖြစ်ကြရတဲ့ အကြောင်းရင်း အစစ်အမှန်က ဘာလဲ..."
"ဒါပေါ့... သူ ကတိဖျက်လို့လေ... အတိတ်က သဘောတူညီချက်တွေကို ဆန့်ကျင်ပြီး ဝူချန်ဖုန်း..ငါ့ကို တောက်လျှောက် နှောင့်ယှက်နေတာကိုတောင် ခွင့်ပြုပေးခဲ့တာ... ငါ ဘယ်လိုလုပ် ဒေါသ မထွက်ဘဲ နေနိုင်မှာလဲ..."
"ဟုတ်ပါတယ်..."
ဆုမို ခေါင်းညိတ်လိုက်သည်။
"အစ်မရဲ့ စိတ်ဓာတ်က အရင်လိုပဲ မီးတောက်လို တောက်လောင်နေတုန်းပဲ... အမှားနဲ့ အမှန်ကို ရင်ထဲမှာ ရှင်းရှင်းလင်းလင်း ခွဲခြားထားတတ်တယ်... တခြားသူတွေက နင့်ရဲ့ စည်းက ဘယ်နားမှာလဲ ဆိုတာ မသိကြပေမယ့်... အစ်မကို ပြုစုပျိုးထောင်လာတဲ့ ဦးလေးယန်ကရော အစ်မအကြောင်း နားမလည်ဘဲ နေပါ့မလား..."
"ငါလည်း အဲဒီအချက်ကို စဉ်းစားမိပါတယ်..."
ယန်ရှောင်ယွင် ပြောလိုက်သည်။
"ဒါပေမဲ့ အဖေက နောက်ဆုံးတော့ ဝူချန်ဖုန်း ကို မျက်နှာသာပေးခဲ့တယ်... ဝူတောက်ယို နဲ့ မဟာမိတ် အရင် ဖွဲ့ခဲ့တယ်... လုပ်ရပ်က ဖြစ်ပြီးသွားပြီ ဆိုမှတော့ ကျန်တာတွေက ပြောထွက်မလား၊ မပြောထွက်ဘူးလား ဆိုတဲ့ ကိစ္စပဲ ရှိတော့တာပေါ့... အဲဒီနေ့က အဖေ.. ငါ့ကို ဖဲချပ်တွေ အကုန်ဖွင့်ပြပြီး အမှန်အတိုင်း ပြောလိုက်တာပဲလေ..."
"ဦးလေးယန်က အရင်တုန်းက ဒီကိစ္စကို ဘာလို့ နှုတ်ဆိတ်နေခဲ့သလဲ ဆိုတာရော အစ်မ.. စဉ်းစားဖူးလား..."
ဆုမို မေးလိုက်သည်။
"ပြီးတော့မှ ရုတ်တရက်ကြီး.. ခင်ဗျားကို အကုန် ဖွင့်ပြောပြလိုက်တာလေ..."
"ရှင်းနေတာပဲ... ငါ ဇီယန် အာမခံဌာနကို ခဏခဏ သွားနေလို့လေ... သူ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ဝူတောက်ယို နဲ့ ခမည်းခမက် တော်ချင်တဲ့ သူ့အိပ်မက်လှလှလေး ဆက်မမက်နိုင်တော့ဘူး ဆိုတာ သိလိုက်ရလို့ ပေါက်ကွဲသွားတာ နေမှာပေါ့..."
စကားဆုံးသွားသောအခါ ယန်ရှောင်ယွင် ကိုယ်တိုင် မသေချာတော့ပေ။
အရင်တုန်းကတော့ သူမ ဒေါသတွေ ဖုံးလွှမ်းနေပြီး ယန်ရီဇီ ဘယ်လောက် လွန်သလဲ ဆိုတာလောက်ပဲ တွေးနေခဲ့မိသည်။ ယခု အချိန်တွေ အများကြီး ကြာသွားပြီး ဒီအကြောင်း ပြန်ပြောလာသည့်အခါ သူမ နည်းနည်း တည်ငြိမ်လာခဲ့ပြီ ဖြစ်ပါ၏။ ခဏလောက် စဉ်းစားပြီးတော့ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက... တစ်ခုခုတော့ လွဲနေသလိုပဲ..."
"ဟုတ်တယ်..."
ဆုမို ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ဝူချန်ဖုန်း က ကျွန်တော်တို့ နှစ်ယောက် ရှိတဲ့ နေရာကို ရှောင်မယ် ဆိုပြီး သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြခဲ့ပြီးသား... ဦးလေးယန်က အစ်မနဲ့ စိတ်သဘောထားချင်း တူတာပဲ... သူ ဒါကို စောစောစီးစီး သိပြီးသား..
ဖြစ်မှာပါ..."
"ဝူချန်ဖုန်းရဲ့ ကမ်းလှမ်းချက်..ခင်ဗျားဆီ မရောက်ခင်ကတည်းက သူ သိနေလောက်တယ်..."
"ဘာလို့ အခုမှ လာပေါက်ကွဲနေရတာလဲ..."
"ဒါပေမဲ့ ဒီလို ဖြစ်နေတာတောင် ကျွန်တော့်ကို.. အစ်မနဲ့အတူ အာမခံပစ္စည်း သွားပို့ခွင့် ပေးခဲ့သေးတယ်..."
"ရွှမ်ကျီတောင်ကြား မှာ ကျွန်တော် နာမည်နည်းနည်း ရလာပြီးမှ သူ ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်လာရတာလဲ..."
"ဒါက..."
ယန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ နောက်ဆုံးတော့ သူ အဲဒီလို လုပ်ခဲ့တာပဲလေ..."
"ထပ်ပြောရရင်... 'သမီးအကြောင်း အဖေထက် ပိုသိသူ မရှိဘူး' ဆိုတဲ့ စကား ရှိတယ်လေ..."
ဆုမို ခေါင်းခါလိုက်သည်။
"ဦးလေးယန်က အစ်မအကြောင်း ကောင်းကောင်း သိပါတယ်... သူက ဝူချန်ဖုန်း..ခင်ဗျားကို နှောင့်ယှက်တာကို တိတ်တဆိတ် ခွင့်ပြုပေးခဲ့ရင်တောင် ခင်ဗျားက တကယ်ပဲ အဖြစ်ခံမှာ မဟုတ်ဘူးလေ... ဟိုတုန်းက သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာ မှတ်မိသေးလား..."
"သူတို့က 'ချန်ချန်းကို တိတ်တဆိတ် ဖြတ်ကူးဖို့အတွက် လမ်းပျက်ကို ပြင်ချင်ယောင်ဆောင်နေကြတာ' လို့ ပြောခဲ့တာလေ..."
[ဒီစကားရပ်က တရုတ်စစ်ဗျူဟာ (၃၆) သွယ်ထဲက အလွန်ကျော်ကြားတဲ့ ဗျူဟာတစ်ခုဖြစ်တဲ့ "ချန်ချန်းကို တိတ်တဆိတ် ဖြတ်ကူးဖို့အတွက် လမ်းပျက်ကို ပြင်ချင်ယောင်ဆောင်ခြင်း" ကို ဆိုလိုတာပါ။ တခြားအရာ တစ်ခုကို လိုချင်လို့၊ ဒီကိစ္စကို ခုတုံးလုပ်ပြီး အာရုံလွဲထားတာ" လို့ ဆိုလိုတာပါ။]
ယန်ရှောင်ယွင် နှုတ်ခမ်း တွန့်သွားသည်။
"တကယ်ကြီး အဲဒီလို ဖြစ်နိုင်လို့လား..."
"ဒါက တကယ်တမ်းကျတော့ အသင့်တော်ဆုံး ရှင်းပြချက်ပဲ..."
ဆုမို ဆက်ပြောလိုက်သည်။
"ကျွန်တော်သာ သူ့နေရာမှာ ဆိုရင်... အနာဂတ် သားမက်လောင်းက အသုံးမကျတဲ့ ရွှံ့စိုင်တစ်တုံး ဖြစ်နေတာ မြင်ရင် ဘာလုပ်သင့်သလဲ... ကွာရှင်းဖို့ စဉ်းစားသည်ဖြစ်စေ၊ မစဉ်းစားသည်ဖြစ်စေ သမီးရဲ့ အနာဂတ်ကိုတော့ ထည့်တွက်ရမယ် မဟုတ်လား... အစ်မက ဒီရွှံ့စိုင်တစ်တုံးနဲ့ပဲ တွဲဖို့ ဆုံးဖြတ်ထားတယ် ဆိုရင်တောင်... ကျွန်တော်တို့နောက်မှာ လော့ဖုန်းမဟာမိတ်အဖွဲ့ ရဲ့ အထောက်အပံ့ ရှိနေရင် ကျွန်တော်တို့ ဘဝတွေ သိပ်မဆိုးနိုင်တော့ဘူးလေ..."
"ရွှမ်ကျီတောင်ကြား မှာ ကျွန်တော် နာမည်နည်းနည်း ရလာတော့ ဦးလေးယန်က ရုတ်တရက်ကြီး ဒီလို လုပ်ရပ်တွေ လုပ်လိုက်တယ်... ရလဒ်အနေနဲ့ ခင်ဗျားက သံမဏိသွေး အာမခံဌာနကနေ ထွက်ပြီး ကျွန်တော်နဲ့ လာပေါင်းတာပေါ့..."
"ကြည့်ရတာ သူ အစ်မကို သံမဏိသွေး အာမခံဌာနကနေ ကန်ထုတ်လိုက်သလိုပါပဲ... ဒါပေမဲ့ တကယ်တမ်းကျတော့ သူက လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေး ပဋိပက္ခတွေထဲကနေ ခင်ဗျားကို ဆွဲထုတ်လိုက်ပြီး ခင်ဗျားခြေထောက်ပေါ် ခင်ဗျား.. ရပ်တည်နိုင်အောင် လုပ်ပေးလိုက်တာ..."
"အဲဒီနောက်ပိုင်း သူ စိုးရိမ်စရာ မရှိတော့ဘူး... အဲဒီအချိန်ကျမှ တုန်းချန် ခရီးစဉ်ကို စီစဉ်လိုက်တာ..."
"ဒီလို တွေးကြည့်လိုက်ရင် ပိုပြီး အဓိပ္ပာယ် ရှိမနေဘူးလား..."
"ဒါ... တကယ်ပဲ ဖြစ်နိုင်လို့လား..."
ယန်ရှောင်ယွင် ဆုမိုကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။
ဆုမို ပြုံးလိုက်သည်။
"အမှန်တရားက ဘာလဲဆိုတာ... ဦးလေးယန် တုန်းချန် က ပြန်လာရင် ကိုယ်တိုင် မေးကြည့်လိုက်ပါလား အစ်မယွင်... ခင်ဗျားနဲ့ ခင်ဗျားအဖေကြားမှာ နက်ရှိုင်းတဲ့ သံယောဇဉ် ရှိပါတယ်... နှစ်တွေအများကြီး အတူတူ ရုန်းကန်လာခဲ့ကြတာပဲ... အစ်မ.. တဲ့တိုး မေးလိုက်ရင် ဦးလေးယန် အစ်မကို လျှို့ဝှက်ထားစရာ အကြောင်း မရှိပါဘူး..."
"ကောင်းပြီ..."
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။
"တကယ်လို့ အဲဒီလိုသာ ဆိုရင်... ငါ ကိုယ်တိုင် မေးကြည့်မယ်..."
ပြောနေရင်း သူမ၏ မျက်နှာထားသည် သိသိသာသာ တက်ကြွလာသည်။
ဆုမို ဤအတွေးများကို စောစောကတည်းက ရှိခဲ့သော်လည်း သူမကို မပြောပြခဲ့သည့်အတွက် အပြစ်မတင်မိပေ။
တစ်ချက်က ဒါတွေအားလုံးက အခြေအမြစ် မရှိသော ခန့်မှန်းချက်တွေပဲလေ။
နောက်တစ်ချက်က ထိုအချိန်တုန်းက သူမ ဒေါသတွေ အရမ်းထွက်နေတာ... ဘာပြောပြော နားဝင်မှာ မဟုတ်ပါ။
အခုမှ ပြောပြတာက အချိန်ကိုက် ဖြစ်သွားသည်ပေါ့။
ဒါကြောင့် သူမ အပြစ်မတင်ရုံသာမက ဆုမိုက အရာရာကို သေချာ စဉ်းစားပေးတတ်ပြီး သူမအတွက် အမြဲတမ်း တွေးပေးတတ်သည်ဟု ခံစားရ၍ ကျေနပ်မိပါသည်။
"အင်း..."
ဆုမို ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။
"ဒါပေမဲ့... အမှန်တရားကို တကယ် သိချင်ရင်တော့... ဗြောင်ကျကျ ဝင်မသွားဘဲ ညဘက်ကျမှ သံမဏိသွေး အာမခံဌာနထဲကို ခိုးဝင်သွားတာ ပိုကောင်းမယ်..."
ယန်ရှောင်ယွင် ကြောင်သွားသည်။ 'ငါက ကိုယ့်အိမ်ပြန်တာကို ခိုးဝင်ရဦးမှာလား' ဟု မေးရန် ပြင်လိုက်၏။
သို့သော် သူမ သဘောပေါက်သွားသည်။ အကယ်၍ ယန်ရီဇီ သည် ဖီးနစ်မဟာမိတ်အဖွဲ့ ပဋိပက္ခမှ သူတို့ကို ရှောင်ရှားစေလိုသည်မှာ မှန်ကန်ပါက၊ ဗြောင်ကျကျ ပြန်သွားခြင်းသည် အဖြေရနိုင်မည် မဟုတ်သည့်အပြင် နောက်ထပ် ပဋိပက္ခ တစ်ခုကိုသာ ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ချက်ချင်းပင် သူမ သက်ပြင်းချလိုက်မိသည်။
"ရှောင်မို... နင့်ရဲ့ အတွေးတွေက ငါ့ထက် အများကြီး ပိုပြီး နက်ရှိုင်းတာပဲ..."
"မတတ်နိုင်ဘူးလေ...ခင်ဗျားက ပွင့်လင်းတယ်...ကျွန်တော်ကတော့ နည်းနည်း ပိုပြီး သိမ်မွေ့ရတာပေါ့... ဒါကို အပြန်အလှန် ဖြည့်ဆည်းပေးတယ်လို့ ခေါ်တာ..."
ဆုမို ပြုံးလိုက်သည်။
ထိုအခိုက်အတန့်၌၊ ယန်ရှောင်ယွင်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး မျက်ဝန်းများတွင် ချိုမြိန်သော အရိပ်အယောင်များ ယှက်သန်းသွားသည်။ သူမသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်၏။
"အဖေက လော့ဖုန်းမဟာမိတ်အဖွဲ့ ကို အထင်ကြီးလွန်းနေတာ ဖြစ်မယ်... သူတို့က တကယ်ပဲ အစွမ်းထက်တယ် ဆိုပေမယ့်... နင့်ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိ ဖြစ်လာမယ်လို့ ငါ ယုံကြည်နေတုန်းပဲ ရှောင်မို..."
"နင်က ဘာလို့ ငါ့ကို အဲဒီလောက် ယုံကြည်နေရတာလဲ..."
ဆုမို အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသည်။ ယန်ရှောင်ယွင်၏ သူ့အပေါ် ယုံကြည်မှုသည် သူကိုယ်တိုင် သူ့အပေါ်ထားရှိသော ယုံကြည်မှုထက်ပင် ပိုမို ခိုင်မာနေသကဲ့သို့ ရှိ၏။
"အရင်တုန်းကတော့ ဒီလို ယုံကြည်မှုမျိုး မရှိပါဘူး... ဒါပေမဲ့ နင်နဲ့ ကြာကြာနေလေ... ဒီယုံကြည်ချက်က ပိုခိုင်မာလေ ဖြစ်လာတာ..."
ယန်ရှောင်ယွင် ဆုမိုကို စူးစိုက်ကြည့်လိုက်သည်။
"ငါ့ကိုယ်ငါ ယုံကြည်တာထက်တောင် နင့်ကို ပိုယုံကြည်တယ်..."
ဒါက အချစ်စကား မဟုတ်သော်ငြား ကြားရသူ၏ နှလုံးသားကို နွေးထွေးသွားစေပါသည်။
ယန်ရှောင်ယွင်လည်း သတိပြန်ဝင်လာပြီး မသိမသာ ခေါင်းငုံ့လိုက်မိသည်။ ထို့နောက် တူကို ကိုင်ကာ ကြက်ပေါင်တစ်ချောင်းကို ဆုမို ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
"စား... စားလိုက်ဦး..."
"ငါ ဗိုက်ဝနေပြီ..."
"နင် ဘာမှ မစားရသေးဘူးလေ..."
"'အလှတရားကို ကြည့်ရုံနဲ့ ဗိုက်ဝတယ်' ဆိုတဲ့ စကား အစ်မ.. မကြားဖူးဘူးလား..."
"... နင် ဒီလို ဆက်ပြောနေရင် ငါ နင်နဲ့ စကားမပြောတော့ဘူးနော်..."
ထိုအခိုက်အတန့်တွင် ရဲရင့်ပြတ်သားသော ယန်ရှောင်ယွင် ပျောက်ကွယ်သွားပြီး၊ ရှက်သွေးဖြာနေသော အပြုံးလေးဖြင့် ဆွဲဆောင်မှု ရှိလှသော မိန်းကလေးတစ်ဦးသာ ဆုမိုရှေ့တွင် ရှိနေတော့သည်။
အခန်း (၁၈၈) - သူခိုး
~ညဉ့်နက်သန်းခေါင်ယံ အချိန်...
မြစ်ဆိပ်ကမ်းဘေးမှ မြို့ငယ်လေးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ အလုံးစုံ နစ်မြုပ်နေ၏။
ဆုမိုသည် အခန်းထဲတွင် တင်ပျဉ်ခွေထိုင်လျက် ရှိ၏။ သူ၏ အတွင်းအားများသည် ခန္ဓာကိုယ်ရှိ သွေးကြောကွက်များတစ်လျှောက် လှည့်ပတ်စီးဆင်းနေပြီး သံသရာလည်နေ၏။
ရုတ်တရက် သူ၏ နားရွက်များ အနည်းငယ် လှုပ်ရှားသွားသည်။ မျက်လုံးများကို ဖွင့်လိုက်ပြီး အံ့သြမှု အရိပ်အယောင်များဖြင့် ခေါင်မိုးပေါ်သို့ မော့ကြည့်လိုက်မိ၏။
ခေါင်မိုးပေါ်တွင် ခြေသံများ ရှိနေ၏။ အသံမှာ အလွန် တိုးညှင်းလှပေသည်။
အကယ်၍ ဆုမို၏ အတွင်းအား လေ့ကျင့်မှုသာ နက်ရှိုင်းခြင်း မရှိပါက ဤအသံကို ခွဲခြားသိမြင်နိုင်မည် မဟုတ်ချေ။ ထင်ရှားသည်မှာ ထိုသူ၏ ကိုယ်ဖော့ပညာသည် သာမန်မဟုတ်ဘဲ အလွန် ထူးခြားလှပေသည်။
ခေါင်မိုးပေါ်မှ ခြေသံများသည် ခဏမျှ ရပ်တန့်သွားပြီးနောက် အိမ်တံစက်မြိတ် အစွန်းဘက်သို့ ရွေ့လျားသွားသည်။ ထို့နောက် ကိုယ်ကို ကျွမ်းထိုးပြီး အောက်သို့ ဆင်းလာသည့် အသံကို ကြားလိုက်ရ၏။
တစ်ဖက်လူ ဆင်းသက်လာသည့် အခိုက်အတန့်မှာပင် ဆုမိုသည် ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး ကုတင်ပေါ်တွင် လှဲချလိုက်ကာ စောင်ကို ပေါ့ပါးစွာ ဆွဲယူခြုံလိုက်သည်။
နှစ်ဦးသား၏ လှုပ်ရှားမှုများသည် တစ်ပြိုင်နက်တည်း ဖြစ်ပျက်သွားပြီး ဖုန်မှုန့်တစ်စက်ပင် မထအောင် တိတ်ဆိတ်လွန်းလှပေသည်။
ပြတင်းပေါက် အပြင်ဘက်ရှိ လူရိပ်သည် တံစက်မြိတ်တွင် တွဲလျားခိုလျက် လက်ချောင်းတစ်ချောင်းကို ထုတ်ကာ တံတွေးဆွတ်လိုက်သည်။ ထို့နောက် ပြတင်းပေါက် စက္ကူကို ထိုးဖောက်လိုက်၏။
အထဲသို့ ချောင်းကြည့်လိုက်ရာ အခန်းတွင်း အခြေအနေကို အကဲခတ်ပြီးသည့်နောက် ကျေနပ်သွားပုံဖြင့် ခေါင်းပြန်ရုတ်သွားသည်။
ဆုမိုသည် မျက်လုံးများကို တစ်ဝက်ခန့် မှေးထားရင်း ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်ရာ ဝါးပြွန်ချောင်းတစ်ချောင်းကို အပေါက်ထဲသို့ ထိုးသွင်းနေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် မီးခိုးငွေ့တစ်လိပ်သည် အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာတော့သည်။
ထိုမီးခိုးငွေ့တွင် အတွင်းအားများ ရောနှောပါဝင်နေပုံရပြီး တစ်ခဏချင်းအတွင်းမှာပင် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုသို့ ပြုလုပ်ပြီးနောက် လူရိပ်သည် ဝါးပြွန်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်မိုးပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကာ မီးခိုးငွေ့ အာနိသင်ပြမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေပုံ ရ၏။
ထိုအချိန်တွင် ဆုမိုသည် တိတ်ဆိတ်စွာ ထထိုင်လိုက်၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် တံခါးဝသို့ ရောက်ရှိသွားပြီး တံခါးကို ဖွင့်ကာ လက်ဝါးလေပြင်းဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်သည်။ သူ၏ အတွင်းအားများသည် လေပွေတစ်ခုအလား အခန်းထဲတွင် တစ်ခဏချင်း လှည့်ပတ်သွားတော့သည်။
အခန်းထဲရှိ မီးခိုးငွေ့များသည် စုစည်းသွားပြီး အပြင်သို့ လွင့်စင်ထွက်သွားကြသည်။
ထိုအခါမှ ဆုမိုသည် အောင့်ထားသော အသက်ကို ပြန်ရှူလိုက်သော်လည်း မီးခိုးငွေ့၏ အနံ့အသက် အနည်းငယ်ကို ရရှိနေဆဲ ဖြစ်၏။
သူ မနေနိုင်ဘဲ အံ့သြတကြီး ရေရွတ်လိုက်မိသည်။
'အာရုံငါးပါး ရှုပ်ထွေးမှုန့်.....'
ဤအရာသည် သိုင်းလောကတွင် အဆင့်နိမ့်သော မီးခိုးမှုန့်တစ်မျိုး ဖြစ်ပြီး အလေးအနက်ထားစရာ မလိုသော ပစ္စည်းဖြစ်၏။
သို့သော် အာနိသင် မရှိဟု ပြော၍မရပေ။ အတွင်းအားကြီးသော ဆရာသခင်များပင်လျှင် ပေါ့ဆစွာဖြင့် ဤအမှုန့်များကို အများအပြား ရှူရှိုက်မိပါက သတိလစ် မေ့မြောသွားနိုင်ပေသည်။
ပုံမှန်အားဖြင့် ဤပစ္စည်းကို မည်သူများ အသုံးပြုကြသနည်း။
တံခါးကို ဖောက်ထွင်းပြီး သော့ခတ် ဝင်ရောက်တတ်သော သူခိုးများနှင့် မိုင်ထောင်ချီ တစ်ကိုယ်တော် ခရီးနှင်သော သူခိုးကြီးများသာ အသုံးပြုလေ့ ရှိကြ၏။
သိုင်းလောကတွင် ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြပြီး ဤလူတန်းစား နှစ်ရပ်ကိုသာ လူတိုင်းက ရွံရှာမုန်းတီးကြသည်။
ပထမအမျိုးအစားက လက်ခံနိုင်ဖွယ် ရှိသေးသော်လည်း၊ ဒုတိယအမျိုးအစားကိုမူ ဖြောင့်မတ်သော ဂိုဏ်းသားများသာမက အမှောင် လမ်းစဉ်လိုက်သူများကပါ အထင်သေးကြသည်။
ဆုမို မထင်မှတ်ထားသည်မှာ ကောင်းကင်ဓားဂိုဏ်း နယ်မြေအတွင်း ခရီးစဉ်တစ်လျှောက်လုံး အနှောင့်အယှက်ကင်းစွာ လာခဲ့ပြီးမှ၊ ဟွေမြစ် ကို ဖြတ်ကူးပြီးနောက်တွင် တစ်စုံတစ်ယောက်က သူ့အပေါ် အာရုံငါးပါး ရှုပ်ထွေးမှုန့် ကို အသုံးပြုလာခြင်းပင်။
သူ ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ကုတင်ပေါ်သို့ ပြန်တက်ကာ စောင်ကို ပြန်ခြုံလိုက်သည်။
အာရုံငါးပါး ရှုပ်ထွေးမှုန့် သည် အသက်အန္တရာယ် မရှိပေ။ အလွန်ဆုံးမှ နှိုး၍မရသော အိပ်မောကျခြင်းမျိုးသာ ဖြစ်စေသည်။
ဒီအတိုင်း ဆက်လှဲနေပြီး ကျူးကျော်သူ၏ ရည်ရွယ်ချက်က ဘာလဲဆိုတာ စောင့်ကြည့်လိုက်တာ ပိုကောင်းမည်။
ခေါင်မိုးပေါ်က လူရဲ့ ကိုယ်ဖော့ပညာက တော်တော်လေး ကောင်းမွန်နေ၏။ သူ့ကို ဖမ်းမိဖို့ ရာနှုန်းပြည့် မသေချာလျှင် ရန်သူကို ကျော့ကွင်းထဲ ဝင်လာအောင် မျှားခေါ်ရုံပဲ ရှိတော့သည်ပေါ့။
ခေါင်မိုးပေါ်မှ လူသည် စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပုံရ၏။
လက်ဖက်ရည် တစ်အိုး ကုန်ခမ်းသွားမည့် အချိန်ခန့် ကြာသောအခါ ထိုလူရိပ်သည် ပြန်လည် လှုပ်ရှားလာသည်။ တံစက်မြိတ်တွင် တွဲလျားခိုလိုက်ပြီး ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ ပြတင်းပေါက်ကြားသို့ ထိုးသွင်းပြီး သော့ချက်ကို မလိုက်သည်။
တွန်းလိုက်သည်နှင့် ပြတင်းပေါက် ပွင့်သွားတော့သည်။
သို့သော် သူသည် ချက်ချင်း ဝင်မလာသေးပေ။ အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ လက်ချောင်းဖြင့် ပစ်ခတ်လိုက်ရာ 'ဒေါက်' ခနဲ အသံ မြည်သွားသည်။
ဆုမိုထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါမှ ထိုလူရိပ်သည် အခန်းထဲသို့ ခုန်ဝင်လာတော့သည်။
နှာခေါင်းကို ရှုံ့လိုက်ပြီး အံ့သြသံဖြင့် ရေရွတ်လိုက်သည်။
"ဒီတစ်ခါ အာရုံငါးပါး ရှုပ်ထွေးမှုန့်ရဲ့ အနံ့က ဘာလို့ ဒီလောက် မြန်မြန် ပျောက်သွားရတာလဲ..."
သို့သော် ဆုမို မလှုပ်မယှက် လဲလျောင်းနေသည်ကို မြင်လိုက်ရသောအခါ သူ စိတ်အေးသွားသည်။
"လူငယ်သူရဲကောင်း... ခေါင်းဆောင်ဆု..."
သူသည် တိုးတိုးလေး ပြောလိုက်ပြီး ရဲတင်းစွာပင် ဆုမို၏ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဆုမိုကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"ဒီလောက်ပါပဲလား... သိုင်းလောကဆိုတာ တိုက်ခိုက်သတ်ဖြတ်နေရုံနဲ့ မပြီးဘူးလေ... လှည့်ကွက်လေး နည်းနည်း သုံးလိုက်တာနဲ့ ခံနိုင်ရည် မရှိတော့ပါလား... ကြည့်ရတာ လမ်းငါးသွယ်ဆုံရပ် ခရီးစဉ်မှာ ရွှမ်ကျီတောင်ကြားက ရလာတဲ့ ဂုဏ်သတင်းကို လူတွေ ကြောက်နေကြလို့သာ အဆင်ပြေခဲ့တာ ဖြစ်မယ်..."
"ဒါပေမဲ့ ဒီအဖိုးကြီးကတော့ မင်းကို အထင်မကြီးပါဘူး... ကျားပါးစပ်ထဲက အမွှေးကို နှုတ်ရုံပါပဲ..."
ပြောရင်းဖြင့် သူသည် ဆုမို၏ ဆံပင်ကို ဆွဲနှုတ်ရန် လက်လှမ်းလိုက်သော်လည်း ခဏအကြာတွင် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"ထားလိုက်ပါတော့... တကယ်လို့ မင်း နိုးလာရင် ပြဿနာ အကြီးကြီး ဖြစ်သွားမှာ... အာရုံငါးပါး ရှုပ်ထွေးမှုန့်က အတွင်းအားကြီးတဲ့ သူတွေအပေါ်မှာ သိပ်ထိရောက်တာ မဟုတ်ဘူးလေ..."
ပြောပြီးသည်နှင့် သူသည် မတ်တတ်ရပ်လိုက်ပြီး ဆုမို၏ ခရီးဆောင်အိတ်များကို စတင် မွှေနှောက်ရှာဖွေတော့သည်။
သူ မသိလိုက်သည်မှာ... ထိုအချိန်၌ ဆုမိုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့အနောက်တွင် မတ်တတ်ရပ်ကာ သူ မွှေနှောက်ရှာဖွေနေသည်ကို ငုံ့ကြည့်နေသည် ဆိုခြင်းပင်။
ဆုမို အနည်းငယ် နားမလည်နိုင် ဖြစ်ရသည်မှာ သူခိုး၏ ဝတ်စားဆင်ယင်မှုပင် ဖြစ်၏။ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော ညဝတ်အင်္ကျီတစ်စုံကို ဝတ်ဆင်ထားခြင်းက လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ ရှိသည်။
ခဏအကြာတွင် သူခိုးသည် သေတ္တာငယ်တစ်လုံးကို တွေ့ရှိသွားသည်။
သေတ္တာတွင် သော့ခတ်ထားပြီး သော့တံမှာ ဆုမို၏ ကိုယ်ပေါ်တွင် ရှိနေ၏။ သို့သော် သူခိုးသည် ဆုမိုထံ ပြန်မသွားပေ။ အဲဒီအစား သူ့ဆံပင်တစ်ချောင်းကို နှုတ်လိုက်ပြီး အတွင်းအား အသုံးပြုလိုက်ရာ ဆံပင်မျှင်လေးသည် ဝါယာကြိုးတစ်ချောင်းအလား တောင့်တင်းသွားသည်။
သော့ပေါက်ထဲသို့ ထိုးသွင်းပြီး ဟိုဒီ ကစားလိုက်ရာ 'ကလစ်' ခနဲ အသံမြည်သွားပြီး သေတ္တာပွင့်သွားတော့သည်။
သူခိုးလေး၏ မျက်လုံးများသည် ဝမ်းသာအားရ အရောင်တောက်သွားသည်။ သေတ္တာကို ဖွင့်လိုက်ပြီး အတွင်းမှ ငွေစက္ကူများနှင့် ရတနာများကို မွှေနှောက်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် မန်ဒရင်းဘဲ စာရင်း စာအုပ်ကို လက်ထဲသို့ ယူလိုက်လေတော့သည်။
အခန်း (၁၈၉) -သူခိုး (၂)
~သူသည် အမှောင်ထုကို အကာအကွယ်ယူပြီး စာအုပ်ကို နှစ်ကြိမ်ခန့် လှန်လှောကြည့်လိုက်သည်။ သို့သော် နားမလည်နိုင်မှုများသာ တိုးပွားလာရ၏။
"ဒါက ဘာကြီးလဲ... ဒီလောက် အရေးကြီးလို့လား... ငါ့ကို ငွေအများကြီး ပေးပြီး လာခိုးခိုင်းရအောင်လို့လေ... နောက်ဆုံးတော့ သီချင်းစာအုပ် တစ်အုပ်ပဲဟာ... ဒီသူဌေးတွေ ဘာတွေ တွေးနေကြတာလဲ..."
သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး စာအုပ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ထို့နောက် သေတ္တာကို အမြန် ပြန်ပိတ်၊ သော့ခတ်ပြီး မူလနေရာတွင် ပြန်ထားလိုက်လေ၏။
ပြီးပြည့်စုံမှုကို လိုလားသူပီပီ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင်... သူသည် ဆုမိုကို မြင်လိုက်ရ၏။ ဆုမိုက သူ့ကို ပြုံးပြနေ၏။
"..."
ထိုလူ ခဏမျှ စဉ်းစားလိုက်ပြီး ဆုမိုကို ပြန်ပြုံးပြလိုက်သည်။
"သွားလိုက်ပါဦးမယ်..."
ပြောပြီးသည်နှင့် သူသည် ခြေဖျားထောက်ပြီး လှည့်လိုက်ကာ ဆုမိုကို ရှောင်ကွင်း၍ အပြင်ထွက်ရန် ကြိုးစားလိုက်လေ၏။
"ဘာလို့ အလျင်လိုနေရတာလဲ... ညသန်းခေါင်ကြီး ဒီအထိ လာခဲ့မှတော့ ငါတို့ကြားမှာ ရေစက်ပါလို့ နေမှာပေါ့... ရေနွေးကြမ်းလေး တစ်ခွက်လောက်မှ မတိုက်ရင် ဧည့်ဝတ်မကျေဘူးလို့ သူများတွေ ပြောစရာ ဖြစ်နေပါဦးမယ်..."
ဆုမိုသည် လက်ကို ဆန့်ထုတ်လိုက်ပြီး မဟာနေမင်း ဖြန့်ကျက်လက်ဝါး သိုင်းကွက်ဖြင့် လှမ်းဆွဲလိုက်သည်။
ယခုလက်ရှိ သူ၏ သိုင်းပညာ အဆင့်အတန်းအရ ကမ္ဘာ့အကောင်းဆုံးဟု မဆိုနိုင်သော်လည်း၊ အနောက်တောင်ဘက် ဒေသတွင် သူ့လက်မှ လွတ်အောင် ရှောင်တိမ်းနိုင်သူ မရှိသလောက် ရှားပါးလှပေသည်။
သို့သော် မထင်မှတ်ထားသည်မှာ အာရုံငါးပါး ရှုပ်ထွေးမှုန့် ကို အသုံးပြုသော ဤသိုင်းလောက အောက်တန်းစားလေးသည် အလွန် ကောင်းမွန်သော ကိုယ်ဖော့ပညာကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ ဆုမို၏ ဖမ်းဆွဲမှုကို သီသီလေး ရှောင်တိမ်းလိုက်ပြီး ပြတင်းပေါက်ဆီသို့ ဖျတ်လတ်စွာ ရွေ့လျားသွားကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ပြေးနေရင်းနှင့်ပင် လှည့်ကြည့်ကာ ပြောလိုက်သေး၏။
"မလိုပါဘူးဗျာ... နောက်မှပဲ ပြောကြတာပေါ့..."
သို့သော် သူ လှည့်ကြည့်လိုက်သောအခါ ဆုမိုကို မတွေ့ရတော့ချေ။ လန့်ဖျပ်သွားပြီး ရုတ်တရက် ဘေးသို့ လှည့်လိုက်ရာ ဖိနပ်အောက်ခြေတစ်ခုသည် သူ့မျက်နှာတည့်တည့်သို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။
ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်သည် အရိုးမရှိသကဲ့သို့ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော် ဂျင်တစ်လုံးကဲ့သို့ လှည့်ပတ်ကာ ဆုမိုကို ဖျတ်လတ်စွာ ရှောင်တိမ်းရန် ကြိုးစားလိုက်ပြန်၏။
ဆုမို ဆိုသည်မှာ ဘယ်လိုလူစားမျိုးနည်း။
ဤလူ၏ ကိုယ်ဖော့ပညာကို မြင်တွေ့ထားပြီးဖြစ်ရာ လျှော့တွက်မနေချေ။
ကန်ချက်သည် ဟန်ပြသက်သက်သာ ဖြစ်၏။ အမှန်တကယ် တိုက်ကွက်မှာ မဟာနေမင်း ဖြန့်ကျက်လက်ဝါး ပင် ဖြစ်ပြီး၊ ခန္ဓာကိုယ်ကို တိုက်ရိုက် မထိခိုက်စေဘဲ လည်ကုပ်ကို လှမ်းဆွဲလိုက်ခြင်း ဖြစ်၏။
ထိုအရှိန်ကို အသုံးပြုပြီး ထိုလူသည် ပုစဉ်းရင်ကွဲ အရေခွံလဲခြင်း သိုင်းကွက်ဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်ပြန်သည်။
ဆုမို ရယ်မောလိုက်ပြီး ခြေထောက်ဖြင့် ခလုတ်တိုက်ကာ ထိုလူ၏ ထွက်ပြေးမှုကို တားဆီးလိုက်သည်။ ထိုလူ မြေပြင်ပေါ် လဲကျသွားတော့၏။
ရုတ်တရက် ငွေစက္ကူများနှင့် ရတနာများသည် ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားကြသည်။
ကော်လာစကို ဆွဲကိုင်ထားသဖြင့် ထိုလူ ဘာလုပ်လုပ် ညဝတ်အင်္ကျီကို ချွတ်၍ မရနိုင်တော့ပေ။ အင်္ကျီ တစ်ဝက်တစ်ပျက် ကျွတ်နေချိန်တွင် ဆုမိုက လှုပ်ခါလိုက်ပြီး သူ့လက်မောင်းများကို အင်္ကျီထဲတွင် ပိတ်မိသွားစေလိုက်၏။ ထို့နောက် အင်္ကျီစဖြင့် ခြေမျက်စိများကို ရစ်ပတ်ပြီး '၈' ပုံသဏ္ဍာန် ချည်နှောင်လိုက်ကာ၊ နောက်ဆုံးတွင် ကျန်နေသော အစဖြင့် ခေါင်းကို စွပ်လိုက်သည်။
ယခုအခါ ထိုလူသည် လုံးဝ ချုပ်နှောင်ခံလိုက်ရပြီး ခြေထောက်နှစ်ဖက် မြေကြီးနှင့် လွတ်နေကာ လက်မောင်းများ အင်္ကျီထဲတွင် ပိတ်မိနေပြီး ခေါင်းကိုလည်း အုပ်ထားခံရသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်ရုံမှတစ်ပါး ဘာမှ မလုပ်နိုင်တော့ချေ။
ဆုမိုသည် ပေါ့ပေါ့ပါးပါးဖြင့် သူ၏ သွေးကြောကွက်များကို ပိတ်လိုက်သော်လည်း၊ လက်ချောင်းထိပ်များ ဖိနှိပ်လိုက်ချိန်တွင် တစ်ခဏမျှ တွန့်ဆုတ်သွားသည်။
"စွမ်းရည် မဆိုးဘူးပဲ..."
လက်ချောင်းထိပ်များ သွေးကြောကွက်ပေါ် ရောက်နေသော်လည်း မျှော်လင့်ထားသလို အတွင်းအား စီးဝင်သွားသည်ကို မခံစားရပေ။
"ဟီးဟီး... မဆိုးပါဘူး... မဆိုးပါဘူး..."
ထိုလူက ဆုမိုကို နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
ဆုမို ပြုံးလိုက်ပြီး ထိုလူ၏ ကျောပြင်ကို လက်ဝါးဖြင့် ရိုက်လိုက်လေ၏။
သူ့ခွန်အားက ဘယ်လိုမျိုးလဲ။
ပြင်းထန်ပြီး လေးလံလှသည်။ အရိုးများ ကျိုးပဲ့သွားလောက်အောင် ပြင်းထန်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိအားများ ပျံ့နှံ့သွားစေသည်။
ထိုအခွင့်အရေးကို အသုံးချပြီး ဆုမိုသည် သူ၏ သွေးကြောကွက်များကို ပိတ်လိုက်ရာ ထိုလူ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
"မင်းရဲ့ ကိုယ်ဖော့ပညာက သိမ်မွေ့တယ်... သွေးကြောကွက် ပိတ်တဲ့ နည်းစနစ်ကိုတောင် ကျွမ်းကျင်နေသေးတယ်... မင်း..တကယ်ပဲ ဘယ်သူလဲ..."
ဆုမိုသည် ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ထိုင်လိုက်ကာ ထိုလူကို အပေါ်စီးမှ စီးမိုးကြည့်လိုက်သည်။
ဤအခြေအနေကို မြင်သောအခါ ထိုလူသည် သူ လုံးဝ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
ချက်ချင်းပင် သူ သက်ပြင်းချလိုက်ပြီး အသံပြဲဖြင့် ငိုကြွေးလိုက်သည်။
"ခေါင်းဆောင်ဆု... အသက်ချမ်းသာပေးပါဗျာ... ကျွန်တော် တကယ်ပဲ ရွေးချယ်စရာ မရှိတော့လို့ ဒီလမ်းကို လိုက်ခဲ့ရတာပါ... ကျွန်တော့်ရဲ့ အမေအိုကြီးနဲ့ မှီခိုနေရတဲ့ ကလေးတွေကို ငဲ့ညှာသောအားဖြင့် လွှတ်ပေးပါဗျာ... ကျွန်တော် ကျိန်ဆိုပါတယ်... နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး..."
ဆုမို၏ မျက်နှာထား တဖြည်းဖြည်း မည်းမှောင်လာသည်။ ထိုလူ၏ အင်္ကျီကို ဆွဲယူပြီး လက်ကောက်ဝတ် လှုပ်ရှားမှု တစ်ချက်ဖြင့် ဆွဲဖြဲလိုက်သည်။
ချုပ်နှောင်မှု ကင်းလွတ်သွားသောအခါ ထိုလူသည် အလိုအလျောက် ကိုယ်ကို လှည့်ပြီး ထရန် ကြိုးစားလိုက်လေ၏။
သို့သော် သူ၏ အတွင်းအားများကို စုစည်းရန် ကြိုးစားလိုက်သောအခါ လုံးဝ ပျောက်ကွယ်နေကြောင်း တွေ့ရှိလိုက်ရပြီး၊ ဆုမိုက သွေးကြောကွက် ပိတ်ထားသည်ကို သတိရသွားသည်။
ဆုမိုကို သနားစဖွယ် မော့ကြည့်လိုက်ရာ အလွန် အေးစက်သော မျက်လုံးတစ်စုံကိုသာ တွေ့လိုက်ရ၏။
သူ့ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး မဆင်မခြင် စကားများ ဆက်မပြောရဲတော့ချေ။
ဆုမိုက ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်းရဲ့ ကိုယ်ဖော့ပညာက သာမန်မဟုတ်ဘူး... မင်းရဲ့ စွမ်းရည်တွေက သာမန် သူခိုးတစ်ယောက်ရဲ့ စွမ်းရည်တွေ မဟုတ်ဘူး... ဒါပေမဲ့ ငါ မင်းကို ဘာမှ ပြစ်မှားထားတာ မရှိဘူး... ဘာလို့ ညသန်းခေါင်ကြီး ငါ့အခန်းထဲ ဝင်ပြီး ခိုးရတာလဲ... အသက်မွေးဝမ်းကျောင်း ပညာတိုင်းမှာ ထိပ်တန်း ပညာရှင်တွေ ရှိစမြဲပဲ... သော့ဖွင့်တတ်တဲ့ သူခိုးတွေကြားမှာတောင် ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိကြတယ်..."
"ဒါပေမဲ့ လက်ပူးလက်ကြပ် မိသွားတဲ့အခါ ဘယ်လို အကျိုးဆက်တွေ ခံစားရမယ် ထင်လဲ..."
"အဲဒါက..."
တစ်ခဏမျှ ထိုလူ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။
"မင်းဆီမှာ အာရုံငါးပါး ရှုပ်ထွေးမှုန့် ရှိတယ်... သော့ဖွင့်တဲ့ နည်းလမ်းတွေကလည်း ရေစီးသလို ချောမွေ့နေတယ်... ရှင်းနေတာပဲ... မင်း ပထမဆုံးအကြိမ် ကျူးလွန်တာ မဟုတ်ဘူး..."
"ခုနက ငါ့ကုတင်ဘေးမှာ မင်း ယုံကြည်မှုရှိရှိ ပြောခဲ့တယ်လေ... တခြားသူတွေ ငါ့ကို မထိရဲကြဘူး... ငါကတော့ ကျားပါးစပ်က အမွှေးကို နှုတ်ရဲတယ် ဆိုလား... အခု ဘာလို့ ငြိမ်နေတာလဲ..."
"ကျွန်... ကျွန်တော်က စွမ်းရည်ညံ့လို့ အဖမ်းခံရတာပါ... တခြား ပြောစရာ မရှိပါဘူး..."
"သနားအောင် မလုပ်တော့ဘူးလား..."
ဆုမို ပြုံးလိုက်သည်။
"ကောင်းပြီလေ... မင်းက ဖြောင့်မတ်တဲ့ လမ်းကို မရွေးချယ်ဘဲ မသမာတဲ့ နည်းလမ်းတွေကို ရွေးချယ်ခဲ့တာပဲ... မင်းရဲ့ ရည်ရွယ်ချက်တွေကို ငါ ဆက်မမေးတော့ပါဘူး... ဒီနေ့ မင်း ခိုးဝှက်ဖို့ အသုံးပြုတဲ့ လက်ချောင်းနှစ်ချောင်းကို ချိုးပစ်လိုက်မယ်... ဒါဆိုရင် မင်း သော့ဖွင့်နိုင်တော့မှာ မဟုတ်ဘူး... လက်ခံလား…”