← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀) -သူခိုး (၃)

~"ဘာပြောတာ..."

ထိုလူသည် ရုတ်တရက် ဆုမိုကို မော့ကြည့်လိုက်သည်။ ဆုမို၏ မျက်ဝန်းထဲတွင် ဟာသလုပ်နေသည့် အရိပ်အယောင်များ ရှိမရှိ ရှာဖွေကြည့်သော်လည်း၊ ပြင်းထန်သော အမူအရာကိုသာ တွေ့ရှိရ၏။

"မလုပ်ပါနဲ့... ခေါင်းဆောင်ဆု... ကျွန်တော် မှားသွားပါတယ်ဗျာ... တကယ် မှားသွားတာပါ..."

သူသည် အဆက်မပြတ် တောင်းပန်နေရှာသည်။

"လူသတ်ရင် ခေါင်းဖြတ်လိုက်ရုံပါပဲ... ဒီလက်ချောင်းလေးချောင်း မရှိတော့ရင် ကျွန်တော် ဘယ်လို လုပ်စားရတော့မလဲဗျာ..."

"မင်းမှာ သိုင်းပညာ ရှိတာပဲ... ဘယ်နေရာမှာမဆို အလုပ်လုပ်လို့ ရနေတာပဲ မဟုတ်လား..."

ဆုမိုသည် သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူ၏ လက်ချောင်းတစ်ချောင်းကို လှမ်းဆွဲလိုက်သည်။

"အသင့်ပြင်ထား..."

ပြောနေရင်းနှင့်ပင် သူသည် လက်ချောင်းကို ချိုးပစ်ရန် ပြင်လိုက်သည်။

"ကျွန်တော် တကယ် မသိဘူးဗျ... ဘယ်သူက ခင်ဗျားဆီက ပစ္စည်းခိုးခိုင်းလဲ ဆိုတာ ကျွန်တော် တကယ် မသိဘူး..."

ထိုစကားများ ရုတ်တရက် သူ့ပါးစပ်မှ ထွက်ကျလာသည်။

ဆုမို ခဏမျှ ရပ်တန့်သွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မင်းပြောတာကို ငါ ယုံမယ်များ ထင်နေလား..."

"ကျွန်တော် ပြောသမျှ အကုန် အမှန်တွေချည်းပါပဲဗျာ..."

ထိုလူသည် အတင်းအကျပ် ပြောဆိုနေ၏။

"ကျွန်တော်တို့ အလုပ်မှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိကြတယ်... ကျွန်တော်က တစ်ကိုယ်တော် လုပ်ကိုင်စားသောက်တာ ဆိုတော့ ကိုယ်ပိုင် နည်းလမ်းတွေ ရှိတာပေါ့... အလုပ်အပ်တဲ့လူက အဲဒီနည်းလမ်းတွေကနေတဆင့် ကျွန်တော့်ကို ဆက်သွယ်လာတာ... သူတို့ ဘယ်သူလဲ ဆိုတာ မပြောပြဘူး... ကျွန်တော်ကလည်း အတင်းအကျပ် မေးမြန်းလို့ မရဘူးလေ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အလုပ်က အများသူငါ သိအောင် လုပ်လို့ရတာမျိုးမှ မဟုတ်တာ..."

ဒီအချက်ကလည်း အကြောင်းပြချက် ခိုင်လုံနေသလိုပင်။

ဆုမို ခေါင်းညိတ်လိုက်သည်။

"ပစ္စည်းခိုးပြီးရင် မင်း ဘယ်လို ပြန်ပေးရမလဲ..."

"ဒါက..."

ထိုလူ ခဏမျှ တွန့်ဆုတ်သွားပြီးမှ ပြောလိုက်သည်။

"မြစ်ဆိပ်ကမ်းရဲ့ အနောက်ဘက် သုံးမိုင်အကွာမှာ ညောင်ပင်တော တစ်ခု ရှိတယ်... အဲဒီတောအုပ် အလယ်တည့်တည့်မှာ ညောင်ပင်အိုကြီး သုံးပင် ရှိတယ်... ပစ္စည်းခိုးပြီးရင် ငွေစက္ကူတွေနဲ့ ရတနာတွေကို ကျွန်တော် ယူထားရမယ်... မန်ဒရင်းဘဲ စာရင်း စာအုပ်ကိုတော့ အလယ်က ညောင်ပင်ကြီးရဲ့ အခေါင်းပေါက်ထဲ ထည့်ထားခဲ့ရမယ်... ပြီးရင် သူတို့ လူလွှတ်ပြီး လာယူကြလိမ့်မယ်..."

ဆုမို၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"မင်းက ဒီလုပ်ငန်း လုပ်နေတဲ့လူ ဆိုတော့... ပစ္စည်းထားရမယ့်နေရာ အစစ်အမှန် ဟုတ်မဟုတ် ကြိုပြီး စစ်ဆေးထားမှာပဲ... ဆိုတော့... အဲဒီ ညောင်ပင်အိုကြီး သုံးပင် ရှိတဲ့ တောအုပ်က တကယ် ရှိတာလား... အပင်တစ်ပင်မှာ တကယ်ပဲ အခေါင်းပေါက် ပါတာလား..."

"ဟုတ်ကဲ့... ရှိပါတယ်..."

ထိုလူ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ..."

ဆုမို ပြုံး၍ ပြောလိုက်သည်။

"ဒါဆိုရင်တော့..."

စကားပြောရင်း သူသည် လက်ချောင်းတစ်ချက် တောက်လိုက်ရာ လေပြင်းတစ်ချက်သည် နံရံကို ချက်ချင်း သွားရောက် ရိုက်ခတ်လိုက်သည်။

နံရံ အနည်းငယ် တုန်ခါသွားသော်လည်း သိပ်မပြင်းထန်လှပေ။

ထိုလူသည် ဆုမို ဘာလုပ်နေသလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေစဉ်မှာပင်၊ အလျင်စလို ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရ၏။ ခဏအကြာတွင် တံခါးပွင့်သွားပြီး ယန်ရှောင်ယွင်သည် လှံကို ကိုင်လျက် ဝင်ရောက်လာသည်။ သူမ၏ အကြည့်များသည် အခန်းတွင်း ဝေ့ဝဲကြည့်လိုက်ရာ သူခိုးလေးကို ချက်ချင်း သတိထားမိလိုက်သည်။

"ဟင်..."

ယန်ရှောင်ယွင် မျက်ခုံး ပင့်လိုက်သည်။

"သူခိုး ရှိနေတာလား..."

ထိိုစဉ်၊ ဆုမို ပြုံးလိုက်ပြီး လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ သူခိုးလေး ချက်ချင်း မေ့လဲသွားသည်။

ထိုအခြေအနေကို မြင်သောအခါ ယန်ရှောင်ယွင်သည် ဆုမိုတွင် ပြောစရာရှိကြောင်း ချက်ချင်း သဘောပေါက်လိုက်ပြီး တံခါးကို အမြန် ပိတ်လိုက်လေ၏။

ထို့နောက် ဆုမိုသည် ခုနက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်လေ၏။

ယန်ရှောင်ယွင်၏ မျက်နှာထား မည်းမှောင်သွားသည်။

"ဒီပစ္စည်းမှာ ပြဿနာ ရှိနေတာလား..."

လီစစ်ယွင်နှင့် အဖွဲ့သားများ လာရောက် အကူအညီတောင်းခဲ့သည့် ကိစ္စကို သူတို့လေးယောက်သာ သိရှိထားကြ၏။ အာမခံဌာနမှ ဝန်ထမ်းများနှင့် အစောင့်တပ်ဖွဲ့ ညီအစ်ကိုများပင် အသေးစိတ် မသိရှိကြပေ။

တစ်စုံတစ်ယောက်က လူလွှတ်ပြီး လာခိုးခိုင်းလောက်သည်အထိ ဘယ်လိုလုပ် တွက်ချက်နိုင်ရသနည်း။

"ကောက်ချက်ချဖို့ စောလွန်းပါသေးတယ်..."

ဆုမို ပြောလိုက်သည်။

"အစ်မယွင်... ခဏနေရင် ရှောင်ချွမ်း ကို ဒီကို လာခိုင်းလိုက်... ငါ့အဝတ်အစားတွေ လဲဝတ်ပြီး ဓားသေတ္တာကို လွယ်ထားခိုင်းမယ်... မနက်ဖြန်ကျရင် လော့ရှားမြို့ ကို ခရီးဆက်ထွက်ကြ..."

"ကျွန်တော်က ဒီလူအဖြစ် ရုပ်ဖျက်ပြီး အခြေအနေမှန်ကို စုံစမ်းကြည့်လိုက်မယ်..."

"တစ်ယောက်ယောက်က ငွေလိုချင်လို့ လုပ်တာလား... ဒါမှမဟုတ် ဒီ မန်ဒရင်းဘဲ စာရင်း နောက်ကွယ်မှာ ကြီးမားတဲ့ ဇာတ်လမ်း ရှိနေသလား ဆိုတာ သိရအောင်လို့ပါ..."

"ကောင်းပြီ..."

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သော်လည်း ဆုမိုနှင့်အတူ လိုက်ပါရန် အဆိုမပြုခဲ့ပေ။

ဤအခြေအနေမျိုးတွင် သူမ မဆင်မခြင် လိုက်ပါသွားပါက အကူအညီ မဖြစ်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သွားနိုင်သည်။

အထူးသဖြင့် ကောင်းကင်တံခါး အာမခံဌာန၏ သင်ခန်းစာက မကြာသေးမီကမှ ရရှိထားခြင်း ဖြစ်၏။ အကယ်၍ သူတို့ ကာကွယ်စောင့်ရှောက်နေသော ပစ္စည်းတွင် တကယ်ပင် ပြဿနာများ ရှိနေပြီး သူတို့က တိတိကျကျ မသိထားပါက ဓားသွားပေါ်တွင် ကခုန်နေရသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အထူးသဖြင့် ဤအာမခံ ပစ္စည်းသည် ယန်ရီဇီ အတွက် ဖြစ်နေသောကြောင့် လုံးဝ သတိထားရန် လိုအပ်လှပေသည်။

ဤသို့ တွေးတောရင်း သူမသည် ဆုမိုကို ကြည့်လိုက်သည်။

"နင်လည်း သတိထားဦးနော်..."

"စိတ်မပူပါနဲ့..."

ဆွေးနွေးမှု ပြီးဆုံးသွားသောအခါ ယန်ရှောင်ယွင်သည် ရှောင်ချွမ်းကို သွားခေါ်လိုက်သည်။

ဆုမိုသည် ရှောင်ချွမ်းနှင့် အဝတ်အစား လဲလှယ်လိုက်ပြီး၊ သူခိုးလေးကို အဝတ်အစားများ ချွတ်ကာ သူကိုယ်တိုင် ဝတ်ဆင်လိုက်သည်။

ထို့နောက် ကြမ်းပြင်ပေါ်ရှိ အဝတ်အစားများကို ရှောင်ချွမ်း၏ အဝတ်အစားများနှင့် လဲလှယ်ထားလိုက် တော့သည်။

"မနက်ဖြန်ကျရင် သူ့ကို ခရီးစဉ်မှာ ပါဝင်ဖို့ တစ်ယောက်ယောက် ရှာပြီး စောင့်ရှောက်ခိုင်းလိုက်... အမှားအယွင်း မရှိစေနဲ့..."

ရှောင်ချွမ်း ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။

ဆုမိုသည် ကြမ်းပြင်ပေါ်ရှိ ပစ္စည်းများကို သိမ်းဆည်းပြီး သေတ္တာထဲသို့ ပြန်ထည့်လိုက်၏။ မန်ဒရင်းဘဲ စာရင်း ကိုမူ သူ့ကိုယ်နှင့် မကွာ သိမ်းဆည်းထားလိုက်သည်။

ယန်ရှောင်ယွင်ကို သူမ၏ အခန်းသို့ ပြန်ပို့ပြီးနောက် သူသည် တည်းခိုခန်းမှ ခုန်ထွက်လိုက်သည်။

ယခုအချိန်တွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာဖုံး တပ်ထားသဖြင့် သူသည်လည်း သူခိုးတစ်ယောက်ကဲ့သို့ ခံစားနေရ၏။

အပြင်သို့ ကြည့်လိုက်ရာ ကမ္ဘာလောကကြီး တစ်ခုလုံးကို နှင်းဖြူလွှာများ ဖုံးလွှမ်းထားသည်ကို တွေ့လိုက်ရ၏။ သူခိုးလေး ဘာကြောင့် ညဘက် လှုပ်ရှားရန်အတွက် အဖြူရောင် အဝတ်အစား ဝတ်ဆင်ထားသလဲ ဆိုတာကို ရုတ်တရက် နားလည်သွားသည်။

အမှောင်ထဲတွင် အနက်ရောင် ဝတ်ဆင်ခြင်းသည် သဘာဝကျသော်လည်း၊ ဤကဲ့သို့ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော ပတ်ဝန်းကျင်တွင် အနက်ရောင် ဝတ်ဆင်ပြီး သွားလာနေပါက ထင်းနေအောင် မြင်သာနေမည် မဟုတ်ပါလော။

သူ ခေါင်းကို ခါယမ်းလိုက်ပြီး အများကြီး ဆက်မတွေးတော့ဘဲ မြစ်ဆိပ်ကမ်း၏ အနောက်ဘက်သို့ တည့်တည့် ပျံသန်းသွားသည်။

သုံးမိုင်ခရီးသည် သူ၏ နတ်ဘုရား အသွင်ပြောင်း ကိုယ်ဖော့ပညာ အောက်တွင် မျက်တောင်တစ်ခတ် အတွင်း ပြီးဆုံးသွားသည်။

မော့ကြည့်လိုက်ရာ ညောင်ပင်တောအုပ် တစ်ခုကို တကယ်ပင် တွေ့ရှိလိုက်ရ၏။

သူသည် မဆင်မခြင် ဝင်မသွားသေးပေ။ သိုင်းလောကတွင် စကားပုံတစ်ခု ရှိသည်။ "တောအုပ်ထဲသို့ ပေါ့ဆစွာ မဝင်ရ" ဟူ၍။

တကယ်တမ်း ဆိုလိုသည်မှာ ရန်သူကို လိုက်လံတိုက်ခိုက်နေစဉ် ရန်သူက တောအုပ်ထဲသို့ ဝင်သွားပါက သတိထားရမည် ဖြစ်ပြီး ပေါ့ဆစွာ လိုက်မဝင်သင့်ကြောင်း ဆိုလိုခြင်း ဖြစ်၏။

တောအုပ်သည် ထူထပ်ပြီး မြင်ကွင်းကွယ်နေသဖြင့် ရန်သူသည် အတွင်းတွင် ပုန်းအောင်းပြီး ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေနိုင်သည်။

ဆုမို ယခု ချက်ချင်း မဝင်သေးခြင်းမှာလည်း ဤအကြောင်းပြချက်ကြောင့်ပင် ဖြစ်၏။

မန်ဒရင်းဘဲ စာရင်း ကို ခိုးယူလိုသော နောက်ကွယ်မှ လူ၏ ရည်ရွယ်ချက်ကို မသိရသေးပေ။

သဘောတူညီထားသည့်အတိုင်း လဲလှယ်မှု ပြုလုပ်မည်လား ဆိုသည်မှာလည်း သံသယ ဖြစ်ဖွယ်ရာပင်။

ထို့ကြောင့် ဤနေရာတွင် ချုံခိုတိုက်ခိုက်မည့်သူများ ရှိနေမည်ကို ဆုမို စိုးရိမ်မိသည်။ သူ့အတွက် မဟုတ်ဘဲ မူလ သူခိုးလေးအတွက် စိုးရိမ်မိခြင်း ဖြစ်၏။

ခဏမျှ နားစွင့်ကြည့်ပြီး တောအုပ်ထဲတွင် မည်သူမျှ မရှိကြောင်း အတည်ပြုနိုင်မှသာ ဆုမို ဝင်ရောက်သွားသည်။

တောအုပ်သည် သိပ်မကြီးသဖြင့် မကြာမီ အလယ်တည့်တည့်သို့ ရောက်ရှိသွားသည်။

တကယ်ပင် ညောင်ပင်အိုကြီး သုံးပင် ရှိနေပြီး အလယ်မှ အပင်တွင် ဆုမို ဝင်ကြည့်နိုင်လောက်အောင် ကြီးမားသော အခေါင်းပေါက်ကြီး တစ်ခု ပါရှိသည်။

သို့သော် အခေါင်းပေါက်ထဲတွင်... ထုပ်ပိုးထားသော အထုပ်ငယ်လေး တစ်ခု ရှိနေ၏။

သူ ကောက်ယူလိုက်ပြီး အလေးချိန်ကို အနည်းငယ် စမ်းသပ်ကြည့်လိုက်ရာ မပေါ့ပါးလှပေ။ ငွေစများ ထိခတ်သံကိုသာ ကြားနေရ၏။

ဆုမို အံ့အားသင့်သွားပြီး ရယ်မောလိုက်မိသည်။

"မထင်မှတ်ထားတဲ့ အကျိုးအမြတ်ပါလား…”

အခန်း (၁၉၁)- ဖြစ်နိုင်ချေ

~ဤငွေများသည် ဆုမိုအတွက် ပေးထားခြင်း မဟုတ်သည်မှာ သေချာလှပေသည်။

တစ်ဖက်လူသည် သူခိုးလေးအား မန်ဒရင်းဘဲ စာရင်း ကို ဤသစ်ပင်အခေါင်းပေါက်ထဲတွင် ထည့်ထားခဲ့ရန် စေခိုင်းထားသည်ဖြစ်ရာ၊ ကျန်ရှိနေသော လုပ်ခလစာများကိုလည်း ဤနေရာတွင် ထည့်ပေးထားခြင်း ဖြစ်တန်ရာ၏။

သူခိုးလေး ဘာကြောင့် နှုတ်ဆိတ်နေခဲ့သလဲ ဆိုသည်မှာမူ သူကိုယ်တိုင်တွင် အစီအစဉ်များ ရှိနေသောကြောင့် ဖြစ်ပေမည်။

ငွေများကို ကြိုတင် ထည့်ပေးထားရဲခြင်းကလည်း သူခိုးလေး အနေဖြင့် ငွေရော ၊ မန်ဒရင်းဘဲ စာရင်း ပါ ယူဆောင်ပြီး ထွက်ပြေးသွားမည်ကို မစိုးရိမ်ကြောင်း ပြသနေ၏။

ဆုမိုသည် ဖွင့်ကြည့်လိုက်ပြီးနောက် ပေါ့ဆစွာ မကိုင်တွယ်ရဲပေ။ ဇာစ်မြစ် မသိသော ပစ္စည်းများကို ကိုင်တွယ်ခြင်းသည် အန္တရာယ်ရှိနိုင်သဖြင့် အကြမ်းဖျင်း ကြည့်ရှုပြီးနောက် ပြန်လည် ချည်နှောင်ကာ ပခုံးပေါ်တွင် လွယ်ထားလိုက်သည်။

သူတို့နှစ်ဦးကြားရှိ ပရိယာယ်များကို ဆုမို ဂရုမစိုက်ပေ။ မော့ကြည့်လိုက်ပြီး တောအုပ်ပတ်ဝန်းကျင်ကို အကဲခတ်ကာ သစ်ပင်ထိပ်ဖျားသို့ ခုန်တက်ပြီး သန့်ရှင်းသော သစ်ကိုင်းခွကြားတွင် မှီလျောင်းလိုက်၏။

အဝေးမှ ကြည့်လျှင် သူသည် သစ်ပင်ထိပ်ဖျားရှိ နှင်းဖြူစိုင်လေး တစ်ခုအလား ထင်မှတ်ရပေမည်။

အနီးကပ် ရောက်လာမှသာ လူတစ်ယောက် ရှိနေကြောင်း သတိထားမိနိုင်ပေလိမ့်မည်။

မိုးကောင်းကင်ကို ကြည့်ရှုပြီး အချိန်ခန့်မှန်းလိုက်ရာ ဤလူများ လာမည်ဆိုလျှင်တောင် ယခုအချိန်တွင် ရောက်လာနိုင်ဦးမည် မဟုတ်ကြောင်း တွက်ဆမိလိုက်သည်။

မျက်လုံးမှိတ်ပြီး အတွင်းအားကို လှည့်ပတ်စီးဆင်းစေရန် ပြင်ဆင်လိုက်စဉ်မှာပင် ကောင်းကင်မှ နှင်းပွင့်လေးများ တဖွဲဖွဲ ကျဆင်းလာသည်ကို သတိထားမိလိုက်၏။

အံ့သြသွားပြီးနောက် သူ ရယ်မောလိုက်မိသည်။

တီဗီတွင် ပြသခဲ့သော သိန်းငှက်သူရဲကောင်း ဇာတ်လမ်းတွဲမှ အခန်း တစ်ခန်းကို ရုတ်တရက် သတိရသွားသောကြောင့် ဖြစ်၏။

မြောက်ပိုင်း သူတောင်းစားကြီး ဟုန်ချီကုန်းသည် နှင်းမုန်တိုင်းကြားတွင် အိပ်ပျော်နေသော်လည်း သူ့အပေါ် ကျရောက်လာသော နှင်းပွင့်များသည် အရည်မပျော်ဘဲ ရှိနေခဲ့သည်။

အကြောင်းရင်းမှာ ဟုန်ချီကုန်း အိပ်ပျော်နေစဉ်တွင်ပင် သူ့၏ အတွင်းအားသည် မရပ်မနား လှည့်ပတ်စီးဆင်းနေပြီး၊ နွေးထွေးသော အပူဓာတ်သည် ခန္ဓာကိုယ်အတွင်း၌သာ စုစည်းနေကာ အပြင်သို့ မပျံ့လွင့်သောကြောင့် ဖြစ်သည်ဟု ရှင်းပြထား၏။

မိမိ၏ လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ် အဆင့်မြင့်ဆုံးသို့ ရောက်ရှိနေခြင်းနှင့် နေမင်းရောင်ခြည် နှလုံးသား ကျင့်စဉ် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းတို့ကြောင့် အာရုံစိုက်လိုက်ပါက ထိုအဆင့်အတန်းသို့ ရောက်ရှိနိုင်မည်လား။

ထိုအတွေးဖြင့် ဆုမိုသည် မျက်လုံးများကို မှိတ်လိုက်ပြီး နှင်းပွင့်များ သူ့အပေါ် ကျရောက်ပါစေတော့ဟု သဘောထားကာ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို မေ့လျော့သွားသည့် အခြေအနေသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်။

သဘာဝကျကျပင် မေ့လျော့ခြင်း အခြေအနေဟု ဆိုသော်လည်း ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခြင်း မဟုတ်ပေ။

တောအုပ်အတွင်း၌ ပုံမှန်မဟုတ်သော လှုပ်ရှားမှု အနည်းငယ် ရှိလာပါက သူ ချက်ချင်း နိုးထလာမည် ဖြစ်၏။

နှင်းမုန်တိုင်းသည် ဆက်လက် ကျဆင်းနေဆဲပင်။ ဝိုးတဝါး အခြေအနေကြားမှ ဆုမို မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့ခန္ဓာကိုယ် လေးလံနေသည်ကို ခံစားလိုက်ရ၏။

သူ့တစ်ကိုယ်လုံး နှင်းများ ဖုံးလွှမ်းနေပြီ ဖြစ်၏။

နားနားတွင် လှုပ်ရှားမှု တစ်ခု ကြားလိုက်ရပြီး အဝေးမှ ခြေသံများ နီးကပ်လာသည်ကို သိလိုက်ရ၏။ ထို့နောက် တဖြည်းဖြည်း ဝေးကွာသွားပြန်သည်။

တစ်စုံတစ်ယောက်သည် နှင်းထုကြားမှ တောအုပ်ကို ဖြတ်သန်းသွားခြင်း ဖြစ်ပုံရ၏။

ဆက်လက် အာရုံမစိုက်တော့ဘဲ မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်ရာ မိုးလင်းနေပြီ ဖြစ်ကြောင်း သိလိုက်ရ၏။

"ဒီအချိန်ဆိုရင် အစ်မယွင်တို့ အဖွဲ့ ခရီးဆက်ထွက်နေကြလောက်ပြီ..."

ဆုမို ရေရွတ်လိုက်ပြီး မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

အိပ်မပျော်တော့သဖြင့် စိတ်ကို တည်ငြိမ်အောင်ထားပြီး အတွင်းအား လှည့်ပတ်နေလိုက်ရာ အချိန်များ ဖျတ်လတ်စွာ ကုန်ဆုံးသွားပြီး နေဝင်ချိန်သို့ ရောက်ရှိလာသည်။

သို့သော် စောင့်မျှော်နေသောသူမှာ ပေါ်မလာသေးပေ။

ထိုအတွေး ဝင်လာစဉ်မှာပင် လေကို ခွင်းသွားသော အသံတစ်သံ အရှိန်အဟုန်ဖြင့် နီးကပ်လာသည်။

ချက်ချင်းပင် အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ရာ သစ်ပင်အခေါင်းပေါက်ရှေ့တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထိုလူသည် အခေါင်းပေါက်ထဲသို့ သတိထားပြီး ချောင်းကြည့်လိုက်၏။ ဘာမှ မတွေ့ရသဖြင့် ခေါင်းပြန်ရုတ်လိုက်ပြီး လက်နှိုက်ကာ ရှာဖွေသည်။

ခဏအကြာတွင် သူသည် ကြောင်အမ်းအမ်းဖြင့် ရပ်တန့်သွားသည်။

"ဘယ်လိုလုပ် ပျောက်သွားတာလဲ... မနေ့ညက ကောင် လုပ်တာများ လွဲသွားသလား... မဟုတ်သေးပါဘူး... လွဲတယ်ဆိုရင် ငွေတွေက ဘာလို့ ပျောက်နေရတာလဲ... ငွေမရှိရင် စာရင်းလည်း မရှိတော့ဘူးပေါ့..."

ထိုလူသည် တစ်ကိုယ်တည်း ရေရွတ်နေရင်း ရုတ်တရက် ဒေါသထွက်လာသည်။

သူ၏ အကြည့်များသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း တစ်နေ့လုံး ကျဆင်းခဲ့သော နှင်းများက ခြေရာလက်ရာ အားလုံးကို ဖုံးလွှမ်းသွားပြီ ဖြစ်၏။ ထိုအချိန်တွင် ရှိကောင်းရှိနိုင်မည့် အရာအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်၏။

ထိုလူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"သတ္တိရှိလှချည်လား... ငါ့ပစ္စည်းကို လိုချင်နေတာလား... ငါ့ကို လွယ်လွယ်နဲ့ ရန်စလို့ရမယ် ထင်နေသလား... ဟွန်း... ငွေတွေပေါ်မှာ အဆိပ်သုံးမျိုး မှုန့် သုတ်ထားပြီးသားကွ... သူ ဘယ်လောက်မှ ဝေးဝေးပြေးနိုင်မှာ မဟုတ်ဘူး..."

ထိုအချိန်တွင် ထိုလူသည် ကိုယ်ကို လှည့်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။

သို့သော် နောက်တစ်ခဏတွင် နှင်းပွင့်များသည် ကောင်းကင်ယံ၌ ပြန်လည် ပြန့်ကျဲသွားသည်။

သူ တစ်ခဏမျှ အံ့သြမှင်သက်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ သစ်ပင်ထိပ်ဖျားတွင် ဘယ်အချိန်က ရောက်နေမှန်းမသိသော အဖြူရောင် ဝတ်စုံနှင့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။

လက်ကို နောက်ပစ်လျက် အထီးကျန်စွာ ရပ်နေ၏။

"မင်း..."

လူလတ်ပိုင်း အမျိုးသား လန့်ဖျပ်သွားသည်။

"မင်း မသွားသေးဘူးလား... မန်ဒရင်းဘဲ စာရင်း ဘယ်မှာလဲ..."

ဆုမို၏ နှုတ်ခမ်းထောင့်တွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။ သူ့ကို မနေ့ညက သူခိုးလေးဟု အထင်မှားသွားခြင်း ဖြစ်ပေသည်။

စကားအများကြီး မပြောတော့ဘဲ ရယ်မောလိုက်ပြီး ရင်ဘတ်ထဲမှ မန်ဒရင်းဘဲ စာရင်း ကို ထုတ်ပြလိုက်သည်။

"ပေးစမ်း..."

မြင်လိုက်သည်နှင့် လူလတ်ပိုင်း အမျိုးသားသည် ချက်ချင်း လှမ်းဆွဲလိုက်သည်။

သို့သော် ဆုမိုက ခေါင်းခါလိုက်၏။

"ဘာသဘောလဲ..."

ဒါကိုမြင်တော့ ထိုလူ ချက်ချင်း ဒေါသထွက်သွားသည်။

"မင်းရမယ့် ဆုကြေး အကုန်ပေးပြီးပြီလေ... သေတ္တာထဲက ငွေစက္ကူတွေ၊ ရတနာတွေလည်း မင်းအပိုင်ပဲ... အခု ဘာလို့ ငါလိုချင်တဲ့ ပစ္စည်းကို မပေးရတာလဲ..."

ဆုမို သက်ပြင်းချလိုက်သည်။

"သိချင်စိတ်ကြောင့်ပါ..."

"..."

ထိုလူသည် စကားလုံးလေးလုံးကို ကြားလိုက်ရသော်လည်း နှစ်ခါပြန်မစဉ်းစားတော့ဘဲ လှည့်ထွက်ပြေးသည်။

ဆုမို၏ နှုတ်ခမ်းထောင့်တွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။

"ငါ့အသံကို မှတ်မိသွားပြီလား..."

နတ်ဘုရား အသွင်ပြောင်း ကိုယ်ဖော့ပညာ ကို ရုတ်တရက် ထုတ်သုံးလိုက်ရာ တစ်ခဏအတွင်းမှာပင် ဆုမိုသည် ထိုလူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားပြီး လှမ်းဆွဲလိုက်သည်။

ထိုလူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပူးကပ်ကာ ပြင်းထန်သော လက်ဝါးချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

လက်ဝါးချင်း ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ထိုလူသည် ပြင်းထန်လွန်းသော အားတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး နောက်သို့ ပစ်လွင့်သွားရတော့သည်။

ထို့နောက် ဆုမိုသည် ခြေထောက်ကို ဝှေ့ယမ်းလိုက်ပြီး လွင့်စင်နေသော ထိုလူ၏ ကော်လာစကို ဖမ်းဆွဲကာ ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ရာ 'ဘုန်း' ခနဲ မြေကြီးပေါ် ကျသွား၏။

နှင်းပွင့်များသည် ကောင်းကင်ယံသို့ တဖန် ပြန်လည် လွင့်ပျံတက်သွားကြပြန်သည်။

လက်ဝါးချက်မိပြီး ပစ်လွှတ်ခံလိုက်ရသော ထိုလူသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး အရိုးများ အားလုံး ပြုတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ မျက်လုံးပြူးကျယ်လျက် ဆုမိုကို ကြည့်လိုက်သည်။

"မင်းက သူ မဟုတ်ဘူး... မင်းက ဆုမို လား..."

"ဟုတ်ပါတယ်..."

ဆုမို ခေါင်းညိတ်လိုက်ပြီး မျက်နှာဖုံးကို ဆွဲချွတ်လိုက်ကာ ထိုလူကို ဘယ်ပြန်ညာပြန် ကြည့်လိုက်သည်။

"နာမည်လေးများ သိခွင့်ရှိမလား ခင်ဗျာ..."

"ဟဲ..."

ထိုလူ ရယ်မောလိုက်သည်။

"မင်း ငါ့ကို မမှတ်မိတာ ကောင်းတာပေါ့…”

အခန်း (၁၉၂) - ဖြစ်နိုင်ချေ (၂)

~ထိုစဉ် ဆုမို၏ ခေါင်းထဲသို့ အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာသဖြင့် ထိုလူကို ထပ်မံ ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။

သို့သော် ထိုလူ၏ မျက်နှာပေါ်တွင် ခရမ်းပြာရောင် အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရ၏။

သူ၏ ပါးမို့များ ဖောင်းကားလာသည်။

'မဖြစ်ဘူး...'

ဆုမို၏ မျက်လုံးများ လှုပ်ရှားသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်ရာ တစ်ခဏချင်းအတွင်းမှာပင် ကိုက်ဆယ်ကျော် အကွာသို့ ရောက်ရှိသွားသည်။

ထိုလူထံမှ ခရမ်းရောင် အခိုးအငွေ့တစ်ချို့ မှုတ်ထုတ်လိုက်သည်ကို တွေ့လိုက်ရ၏။ အကယ်၍ ဆုမိုသာ အချိန်မီ နောက်ဆုတ်နိုင်ခြင်း မရှိပါက ထိုအခိုးအငွေ့များသည် သူ့မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားမည်မှာ အသေအချာပင်။

ယခုအချိန်တွင် ခရမ်းရောင် အခိုးအငွေ့များသည် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။

လူလတ်ပိုင်း အမျိုးသားမှာမူ အသက်ရှူ ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။

"ဒါက..."

ဆုမိုသည် ထိုလူအနားသို့ တဖန် ပြန်ကပ်သွားပြီး အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သော်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

"တစ်ခုခုတော့ မှားနေပြီ..."

ဒီလူလတ်ပိုင်း အမျိုးသားက ဘယ်သူပဲ ဖြစ်နေပါစေ၊ မန်ဒရင်းဘဲ စာရင်း ကို လိုချင်တဲ့ ရည်ရွယ်ချက်က ဘာပဲ ဖြစ်နေပါစေ။

သူ့ကိုယ်ကျိုးသက်သက် ဆိုလျှင်တော့၊ ဆုမိုက သေစေနိုင်လောက်သည့် တိုက်ကွက်ကို မထုတ်သုံးရသေး ‌ပေ။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားစရာ အကြောင်းမရှိ။

"သေလမ်းကို မဖြစ်မနေ ရွေးချယ်လိုက်ရတယ် ဆိုရင်တော့... သူ မရှောင်လွှဲနိုင်တဲ့ အကြောင်းပြချက်တွေ ရှိနေလို့ပဲ ဖြစ်ရမယ်..."

"ဒီလူ့ နောက်ကွယ်မှာ လျှို့ဝှက်ချက် တစ်ခုခုတော့ ရှိနေပြီ..."

ဆုမို ခေါင်းခါလိုက်ပြီး ထိုလူ၏ ခန္ဓာကိုယ်ကို ရှာဖွေစစ်ဆေးလိုက်သည်။

ဤလူ၏ ကိုယ်ပေါ်တွင် ပစ္စည်း သိပ်မပါပေ။ တံဆိပ်မပါသော ဆေးပုလင်းငယ် အချို့သာ ပါရှိပြီး၊ အရောင်ဖြင့်သာ ခွဲခြားထားပုံ ရ၏။

ထို့အပြင် ငွေစ အနည်းငယ် ပါရှိသည်။

ဆုမိုသည် တွန့်ဆုတ်မနေဘဲ ထိုငွေစများကို ယူလိုက်သည်။

အခြား ဘာမှ မရှိတော့ပေ။ စာလွှာများ မပါသလို၊ သူ့ဇာစ်မြစ်ကို ခြေရာခံနိုင်မည့် တံဆိပ်ပြား သို့မဟုတ် အမှတ်အသား တစ်စုံတစ်ရာမျှ မတွေ့ရချေ။

ဆုမို သက်ပြင်းချလိုက်ပြီး လူလတ်ပိုင်း အမျိုးသားကို တစ်ချက် ထပ်ကြည့်လိုက်သည်။ ထိုသူ အသုံးပြုခဲ့သော သိုင်းကွက်များကို ပြန်လည် စဉ်းစားကြည့်သော်လည်း၊ သူ မှတ်မိသော မည်သူနှင့်မျှ ကိုက်ညီခြင်း မရှိပေ။

ထိုလူ၏ နဖူးကို လက်ဝါးဖြင့် တစ်ချက် ထပ်ရိုက်လိုက်ပြီးမှ ဆုမို လှည့်ထွက်လာခဲ့သည်။

ခြေလှမ်းစတင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် နောက်လှည့်ပြီး ထိုလူကို တဖန် ပြန်ကြည့်လိုက်မိပြန်သည်။

"နာမည်မရှိဘူး... သိုင်းပညာ ကောင်းတယ်... ဒီမြင်ကွင်းကို အရင်က မြင်ဖူးသလို ခံစားနေရတယ်..."

သို့သော် သေချာ စဉ်းစားကြည့်ပြန်တော့လည်း သဲလွန်စ ရှာမတွေ့ပေ။ သက်ပြင်းချပြီး ဆက်မတွေးတော့ဘဲ အာမခံဌာန ယာဉ်တန်း ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း ဖျတ်လတ်စွာ လိုက်ပါသွားလေတော့သည်။

...

...

ဆုမို ထွက်ခွာသွားပြီး နှစ်နာရီခန့် အကြာတွင်...

မလှုပ်မယှက် ရှိနေသော အလောင်းဘေးတွင် လူနှစ်ယောက် ပေါ်လာသည်။

မိန်းကလေးငယ်တစ်ဦးသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် လုံးဝ အေးခဲနေပြီဖြစ်သော အလောင်းကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။

"သူ... သူ သေသွားပြီ..."

သူမ၏ အသံသည် တိုးညှင်းပြီး ကြောက်ရွံ့နေပုံရကာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ထိတ်လန့်နေသကဲ့သို့ ရှိသည်။

သို့သော် သူမ၏ ကြောက်ရွံ့မှုကို အပြင်သို့ မထုတ်ပြမိအောင် အတင်းအကျပ် ထိန်းချုပ်ထားရရှာသည်။

သူမ၏ နောက်တွင်မူ အဘိုးအိုတစ်ဦး ရပ်နေ၏။

လီစစ်ယွင်...

"ခေါင်းဆောင်ဆု က တကယ်ပဲ လှည့်စားရ လွယ်တဲ့သူ မဟုတ်ပါလား... ယန်ရှောင်ယွင် မှာ ဒီလို ခင်ပွန်းမျိုး ရှိတာ တကယ် အားကျစရာ ကောင်းတာပဲ..."

လီစစ်ယွင်သည် သက်ပြင်းကို ဖွဖွမှုတ်ထုတ်လိုက်ပြီး ဆုမို ထွက်ခွာသွားရာ လမ်းကြောင်းကို ငေးကြည့်လိုက်သည်။

"ဒီတစ်ခါ သူတို့ အခွင့်အရေး လွတ်သွားပြီ... ဒီကောင် သေသွားပြီလေ... နောက်တစ်ခါ ထပ်လွဲရင်တော့ သူတို့ သေချင်ရင်တောင် သေခွင့်ရမှာ မဟုတ်ဘူး..."

ပြောပြီးသည်နှင့် အဘိုးအို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ ထို့နောက် မိန်းကလေး ဝမ်အာ ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူ သက်ပြင်းချလိုက်၏။

"လော့ရှားမြို့ ရောက်ရင် မင်းအတွက် မိသားစုကောင်းကောင်း တစ်ခု ရှာပေးမယ်..."

"ဟင်..."

ဝမ်အာ လန့်ဖျပ်သွားပြီး ကပျာကယာ မေးလိုက်သည်။

"အဘိုး... သမီးကို မလိုချင်တော့ဘူးလား..."

"သိုင်းလောက ခရီးလမ်းက အရမ်း ကြမ်းတမ်းလွန်းတယ်... ဒီလမ်းခရီးတစ်လျှောက် ငါ့နောက်လိုက်ပြီး မင်း အများကြီး ဒုက္ခရောက်ခဲ့ရပြီးပြီ... ဒီအတိုင်း ဆက်သွားရင် မင်း ခံနိုင်မှာ မဟုတ်ဘူး..."

ပြောပြီးသည်နှင့် လီစစ်ယွင်သည် ရင်ဘတ်ထဲမှ ပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်ပြီး အဖုံးဖွင့်ကာ အရည်များကို အလောင်းပေါ်သို့ တိုက်ရိုက် လောင်းချလိုက်သည်။

တစ်ခဏချင်း အတွင်းမှာပင် အလောင်းသည် အရည်များ၏ စားသုံးမှုကို ခံလိုက်ရပြီး ရေအဖြစ် ပျော်ဝင်သွားတော့သည်။

"ဒီစမ်းသပ်မှုက အကန့်အသတ်ပဲ... နောက်တစ်ကြိမ်ကျရင် ရာနှုန်းပြည့် မသေချာဘဲနဲ့ သူတို့ လှုပ်ရှားရဲမှာ မဟုတ်တော့ဘူး... သွားကြစို့ ဝမ်အာ... ငါ မင်းကို လော့ရှားမြို့ ဆီ ခေါ်သွားပေးမယ်... ဘာပဲဖြစ်ဖြစ် မင်းကို အရင်ဆုံး နေရာချပေးရမယ်..."

အဘိုးအိုသည် ကြောက်ရွံ့တုန်လှုပ်နေသော ဝမ်အာ၏ လက်ကို ဆွဲလိုက်ပြီး၊ ခြေဖျားထောက်ကာ မိန်းကလေးနှင့်အတူ ဖျတ်လတ်စွာ ထွက်ခွာသွားသည်။

နှင်းဖုံးနေသော မြေပြင်ပေါ်တွင် နင်းလျှောက်သွားသော်လည်း သူ့ခြေရာ တစ်ချက်မျှပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။

...

...

သန်းခေါင်ယံ အချိန်တွင် ဆုမိုသည် အာမခံဌာန လူများနှင့် ပြန်လည် ဆုံတွေ့နိုင်ခဲ့သည်။

တည်းခိုခန်း အတွင်း၌ ကိုယ်ပိုင် အဝတ်အစားများကို ပြန်လည် ဝတ်ဆင်ထားသော ဆုမိုသည် ယန်ရှောင်ယွင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။

နေ့ဘက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်လည် ပြောပြလိုက်၏။

"မန်ဒရင်းဘဲ စာရင်းမှာ ပြဿနာကြီး ရှိနေတာ သေချာတယ်..."

ယန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့... သိုင်းလောကမှာ ဒီစာရင်းအကြောင်း သဲလွန်စတောင် မကြားဖူးပါဘူး... ဘယ်သူကများ ဒါအတွက်နဲ့ လူသတ်ချင်ရတာလဲ..."

ဆုမို ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"အဲဒါ ကျွန်တော်လည်း သိချင်တဲ့ အချက်ပဲ..."

ဆုမိုသည် စားပွဲပေါ်တွင် တင်ထားသော ညောင်ပင်တောမှ ရလာသည့် အထုပ်ကို တစ်ချက် ကြည့်လိုက်သည်။

"တစ်ယောက်ယောက်က ဟိုသူခိုးလေးကို ငှားပြီး မန်ဒရင်းဘဲ စာရင်း ကို ခိုးခိုင်းတယ်... ပြီးတော့ ငွေတွေပေါ်မှာ အဆိပ်သုတ်ထားတယ်... ဒါက ရှင်းရှင်းလင်းလင်းကို လူသတ်နှုတ်ပိတ်ဖို့ ကြံစည်ထားတာ..."

"ကျွန်တော့်လက်ထဲမှာ ရှုံးနိမ့်သွားပြီးတာနဲ့ သူက နှစ်ခါပြန် မစဉ်းစားတော့ဘဲ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်..."

"တကယ်လို့ ဒါက သူ့ကိုယ်ကျိုးသက်သက် ဆိုရင် ဒီလောက်ထိ လုပ်စရာ အကြောင်းမရှိဘူး..."

"ဒါကြောင့် ဒီလူ့နောက်ကွယ်မှာ နောက်ထပ် အင်အားစု တစ်ခု ရှိနေပြီး၊ သူ့ကို မသေမဖြစ် သေရမယ့် အခြေအနေမျိုးရောက်အောင် ဖိအားပေးထားတယ် ဆိုတာ သေချာနေတယ်..."

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။

"ဟိုသူခိုးလေးကို ထပ်မေးကြည့်ရင်ရော..."

"သူ သိတာလည်း အကန့်အသတ်နဲ့ပဲ ဖြစ်မှာပါ..."

စကားအဆုံး၌၊ ဆုမို သက်ပြင်းချလိုက်သည်။

"နောက်ဆုံးတော့ သူကလည်း သူများတွေ အသုံးချဖို့အတွက် မန်ဒရင်းဘဲ စာရင်း ကို ခိုးပေးရတဲ့ နယ်ရုပ်လေး တစ်ရုပ်ပါပဲ..."

ယန်ရှောင်ယွင် သဘောတူလိုက်သော်လည်း စားပွဲပေါ်မှ မန်ဒရင်းဘဲ စာရင်း စာအုပ်ကို ကောက်ယူလိုက်ပြီး လှန်လှောကြည့်ရှုလိုက်၏။ ထို့နောက် ခေါင်းခါလိုက်သည်။

"ဂီတအကြောင်း ငါ ဘာမှ နားမလည်ဘူး... ရှောင်မို... နင်ကရော ဒီဘက်ပိုင်းမှာ ကျွမ်းကျင်လား..."

"အင်း... အပေါက် ဆယ်ပေါက်မှာ ကိုးပေါက်လောက် ပွင့်နေတာ..."

"..."

ယန်ရှောင်ယွင် ဆုမိုကို မျက်စောင်းထိုးလိုက်သည်။

"ဘယ်အချိန်ရှိနေပြီလဲ... နင်က ပေါက်ကရတွေ ပြောထွက်နိုင်သေးတယ်နော်…”

All Chapters