အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
အခန်း (၁၉၃) - ဖြစ်နိုင်ချေ (၃)
~"ဟားဟား..."
ဆုမို ရယ်မောလိုက်သည်။
"တခြား ဘာရှိဦးမှာလဲ... ဒီလောက် မျက်မှောင်ကြုတ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး... ရှင်းနေတာပဲ... တစ်ဖက်လူကလည်း ကျွန်တော်တို့ကို တော်တော်လေး စိုးရိမ်နေတာ... မဟုတ်ရင် ဒီလောက် အပင်ပန်းခံပြီး လှည့်ပတ် လုပ်နေစရာ အကြောင်းမရှိဘူး..."
"ဒီမှာထိုင်ပြီး မျက်မှောင်ကြုတ်နေမယ့်အစား... လီစစ်ယွင် နဲ့ ဟို ဝမ်အာ ဆိုတဲ့ ကောင်မလေးရဲ့ အစစ်အမှန် သရုပ်က ဘာလဲဆိုတာကို စဉ်းစားကြည့်တာ ပိုမကောင်းဘူးလား..."
"ကြည့်ရတာ... အဲဒီနေ့က သူတို့ပြောခဲ့သမျှ စကားတွေထဲမှာ ဆယ်ခွန်းမှာ ကိုးခွန်းလောက်က မယုံရဘူး ထင်တယ်..."
ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
"နှမြောစရာ ကောင်းတာက... သူတို့က အဖေ့နာမည်ကို ထုတ်ပြောလိုက်တော့... အဲဒီအချိန်တုန်းက ငါတို့ သေချာ မစဉ်းစားမိလိုက်ဘူး... အခုတော့ သူတို့ကို ပြန်ရှာတွေ့ဖို့ ခက်ခဲလောက်ပြီ..."
"ပြန်ရှာတွေ့ဖို့ မလွယ်ပေမယ့်... သဲလွန်စ ရှာမတွေ့နိုင်ဘူးလို့တော့ မဆိုလိုပါဘူး..."
ဆုမို ပြောလိုက်သည်။
"ဒီလူနှစ်ယောက်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေ နှစ်ခု ရှိတယ်..."
"ပထမ တစ်ချက်ကတော့... သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေက အတုတွေ... ကျွန်တော်တို့ကို ပြောခဲ့တာတွေက အလိမ်အညာတွေ... အတိတ်က ဦးလေးယန်နဲ့ ပတ်သက်မှု ရှိခဲ့တယ် ဆိုတာလည်း အလိမ်အညာတွေပဲ..."
"ဒုတိယ ဖြစ်နိုင်ချေကတော့... သူတို့ အမှန်အတိုင်း ပြောနေတာ... မန်ဒရင်းဘဲ စာရင်း က ဦးလေးယန် အတွက် လက်ဆောင်အဖြစ် တကယ် ပြင်ဆင်ထားတာ... ဒီပစ္စည်းကြောင့် ပြဿနာတွေ တက်လာမယ်လို့ သူတို့ မမျှော်လင့်ထားခဲ့တာ..."
"ဒါပေမဲ့ ဒုတိယ ဖြစ်နိုင်ချေက မရှိသလောက် နည်းပါးတယ်... ဒါက အရမ်း တိုက်ဆိုင်လွန်းမနေဘူးလား... သူတို့လက်ထဲမှာတုန်းက ဘာမှ မဖြစ်ဘဲ အေးဆေးနေပြီး... ငါတို့လက်ထဲ ရောက်မှ မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေ အကုန် ထွက်လာကြတာလေ..."
ဒီနေရာရောက်တော့ ဆုမို ခဏ ရပ်တန့်သွားပြီး ပြုံးလိုက်သည်။
ယန်ရှောင်ယွင်က ဆုမို၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။
"ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်သရုပ်တွေက အစစ်ပဲဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ်... နောက်ဆုံး ရလဒ်ကတော့ အတူတူပဲ..."
"မပြောင်းလဲတဲ့ အချက်ကတော့ သူတို့ရဲ့ အလုပ်အပ်နှံမှုပဲ... ဒီပစ္စည်းက ငါ့အဖေအတွက် လက်ဆောင် ဖြစ်ရမယ် ဆိုတာလား..."
"တကယ်လို့ သူတို့က အမှန်အတိုင်း ပြောတာဆိုရင်... ဒါက တကယ်ပဲ ကျေးဇူးတင်ကြောင်း လက်ဆောင် သက်သက်ပဲပေါ့... ဒါပေမဲ့ အလိမ်အညာသာ ဆိုရင်... ဘာလို့ ဒီပစ္စည်းကို အဖေ့ဆီ ပေးခိုင်းရတာလဲ..."
"ဟုတ်တယ်..."
ဆုမို ရုတ်တရက် ရယ်မောလိုက်သည်။
"ဒီလိုဆိုရင် ဆွေးနွေးစရာတွေ အများကြီး ရှိလာပြီ... ဒီအချက်ကနေ အနည်းဆုံး နောက်ထပ် ဖြစ်နိုင်ချေ နှစ်ခု ထွက်လာနိုင်တယ်..."
"ရှင်းပြပါဦး..."
"..."
ဆုမို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
ဒီစကားလုံးကြီး ကြားရတာ နည်းနည်း ထူးဆန်းနေသလိုပဲ။
သူ့အတွေးတွေကို ပြန်လည် စုစည်းပြီးမှ သူ.. ပြောလိုက်သည်။
"ပထမအချက်ကတော့... ဒီအာမခံအလုပ်ကို ဘယ်သူ လက်ခံသလဲ ဆိုတာ သူတို့ ဂရုမစိုက်တာ ဖြစ်နိုင်တယ်..."
"ဘာဖြစ်လို့လဲဆိုတော့ လမ်းခရီးမှာ တစ်ယောက်ယောက်က ဒီပစ္စည်းကို လာလုမယ်ဆိုတာ သူတို့ သိနေလို့လေ... တကယ်လို့ ကျွန်တော်တို့က ဒီပစ္စည်းကို မကာကွယ်နိုင်ရင် ဘယ်သူ့အတွက် ပို့တာပဲဖြစ်ဖြစ် ရလဒ်က အတူတူပဲ... ပစ္စည်းက အခိုးခံရမယ်၊ အားလုံး ပျက်စီးသွားမယ်..."
"တကယ်လို့ ဒါသာ အမှန်ဆိုရင်... သူတို့ရဲ့ ရည်ရွယ်ချက်က ဘေးဒုက္ခကို တခြားဆီ လွှဲပြောင်းပေးချင်တာပဲ..."
"မန်ဒရင်းဘဲ စာရင်း မှာ ပြဿနာ ရှိနေတာကို သူတို့ သိတယ်... ပြဿနာ မတက်ချင်လို့ သူတို့ လက်ထဲမှာ မထားချင်ကြဘူး... ဒါကြောင့် အာမခံဌာနကို အပ်လိုက်တာ... တကယ်လို့ အာမခံဌာန လက်ထဲကနေ ပစ္စည်းပျောက်သွားရင်... တစ်ဖက်က လျော်ကြေးရနိုင်တယ်... နောက်တစ်ဖက်က သူတို့ ကိုယ်လွတ်ရုန်းနိုင်တယ်... ဘာလို့ မလုပ်ဘဲ နေမလဲ..."
"အင်း... ဖြစ်နိုင်ချေ ရှိတာပဲ..."
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အဲဒီလိုသာ ဆိုရင်... ဘာလို့ ငါတို့ကိုမှ ရွေးပြီး လာအပ်ရတာလဲ... ရွှမ်ကျီတောင်ကြား မှာ နင် နာမည်ကြီးခဲ့တာလေ... နင့်ကို လွယ်လွယ်နဲ့ ရန်စလို့ မရဘူးဆိုတာ လူတိုင်း သိကြတယ်... နောက်ကွယ်က ကြိုးကိုင်သူကလည်း နင့်ကို အကြီးအကျယ် သတိထားနေမှာ သေချာတယ်... တကယ်လို့ သူတို့က ပစ္စည်းကို ပျောက်စေချင်တယ် ဆိုရင်... လမ်းငါးသွယ်ဆုံရပ် မှာ စွမ်းရည်ညံ့တဲ့ အာမခံဌာန တစ်ခုခုကို ရှာပြီး အပ်လိုက်လို့ ရသားပဲ..."
"ဒါပေါ့...ကျွန်တော်လည်း အဲဒါကိုပဲ စဉ်းစားနေတာ..."
ဆုမို ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့် ကျွန်တော့်အထင်တော့... သူတို့စကားတွေက လုံးဝကြီး အလိမ်အညာတော့ မဟုတ်လောက်ဘူး... သူတို့က ဒီပစ္စည်းကို ဦးလေးယန်ဆီ တကယ် ပို့ပေးချင်တာ ဖြစ်နိုင်တယ်..."
"သူတို့နဲ့ ဦးလေးယန် ကြားမှာ ကျွန်တော်တို့ မသိတဲ့ ပတ်သက်မှု တစ်ခုခု ရှိနေလောက်တယ်..."
"ပြီးတော့ မန်ဒရင်းဘဲ စာရင်း ကို ဦးလေးယန်ဆီ မရောက်ရောက်အောင် ပို့ရမယ်... ဒါပေမဲ့ သူတို့ကိုယ်တိုင် ဘေးကင်းကင်းနဲ့ ပို့နိုင်ပါ့မလား ဆိုတာ သံသယ ဝင်နေကြတယ်... ဒါကြောင့် လှည့်ပတ်ပြီး ကျွန်တော်တို့လက်ထဲ အပ်လိုက်တာ..."
"ဒါပေမဲ့ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့်..."
"ဘာဖြစ်လဲ..."
ယန်ရှောင်ယွင်က ချက်ချင်း ဝင်မေးလိုက်သည်။
သို့သော် ဆုမိုက ခေါင်းခါလိုက်သည်။
"ဒီအချက်ကို ခဏ ထားလိုက်ပါဦး... အစ်မယွင်... ဦးလေးယန်ဆီကနေ မန်ဒရင်းဘဲ စာရင်း နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ခုခုများ ကြားဖူးလား..."
"... တစ်ခါမှ မကြားဖူးဘူး..."
ယန်ရှောင်ယွင် သက်ပြင်းချလိုက်သည်။
"အထူးသဖြင့် နောက်ပိုင်းနှစ်တွေမှာ... ဦးလေးဆု ဆုံးပါးသွားပြီးကတည်းက အဖေက သူ့လုပ်ရပ်တွေကို အရမ်း လျှို့ဝှက်ထားတတ်လာတယ်... ငါ တစ်ချက်တစ်ချက် ရိပ်မိရင်တောင် အမြဲတမ်း ရှောင်လွှဲတတ်တယ်...အဖေ့ရဲ့ အမူအရာက အတိတ်ကနဲ့ လုံးဝ ကွဲပြားခြားနားသွားတာ..."
"အဖေ.. ငါ့ကို အများကြီး လျှို့ဝှက်ထားတယ်လို့ အမြဲတမ်း ခံစားရတယ်..."
"ဒါကြောင့်လည်း ငါတို့ကြားမှာ ပြောစရာ စကားတွေ နည်းပါးလာတာ ထင်ပါရဲ့..."
"အရင်တုန်းကဆို... သူ ဒီလို မဟုတ်ပါဘူး..."
ဆုမို ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ... အရမ်းကြီး လိုက်မစဉ်းစားပါနဲ့တော့... မန်ဒရင်းဘဲ စာရင်း က ဘာပဲဖြစ်ဖြစ်... ဦးလေးယန်နဲ့ တွေ့ရင် အဖြေပေါ်လာမှာပါ... ပြီးတော့ ဒီကိစ္စက ဦးလေးယန်နဲ့ ပတ်သက်နေမှတော့... ကျွန်တော်တို့ လက်ပိုက်ကြည့်နေလို့ မရတော့ဘူး..."
"အဖေက လော့ဖုန်းမဟာမိတ်အဖွဲ့ နဲ့ ခေါင်းမာမာနဲ့ ပတ်သက်နေတာက... ဒီကိစ္စနဲ့ ဆက်စပ်နေမယ်လို့ နင် ထင်လား..."
"ဘာလို့ အဲဒီလို ပြောတာလဲ..."
ဆုမို ယန်ရှောင်ယွင်ကို ကြည့်လိုက်သည်။
"ဒီအတိုင်း... တွေးမိလို့ပါ..."
ယန်ရှောင်ယွင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
"အခု ပြန်စဉ်းစားကြည့်တော့... အဖေက တစ်ခုခုကို ကြံစည်နေသလိုပဲ အမြဲ ခံစားရတယ်... ဒါပေမဲ့ မြူခိုးတွေကြားက ပန်းပွင့်ကို ကြည့်နေရသလိုပဲ... သေချာ မမြင်ရဘူး..."
ဆုမိုသည် သူ၏ မှတ်ဉာဏ်ထဲရှိ ယန်ရီဇီကို ပြန်လည် မြင်ယောင်ကြည့်လိုက်ရာ၊ ယခု လက်ရှိ လူနှင့် တကယ်ပင် ကွဲပြားခြားနားနေကြောင်း တွေ့ရှိရ၏။
အရင်က သူသည် ဤမျှ လျှို့ဝှက်ဆန်းကြယ်ခြင်း မရှိပေ။ တက်ကြွရွှင်လန်းပြီး ဇီယန် အာမခံဌာနသို့ လာရောက်လည်ပတ်တိုင်း ပျော်ရွှင်စရာ အရာများစွာ ယူဆောင်လာတတ်သည်။
ငယ်စဉ်က ယန်ရှောင်ယွင် ဆုမိုကို အနိုင်ကျင့်သောအခါ သူ့မိဘများက သိပ်ဂရုမစိုက်ကြသော်လည်း၊ ယန်ရီဇီကသာ သူ့ကို ခေါ်သွားပြီး ယန်ရှောင်ယွင်ကို လက်စားချေပေးလေ့ ရှိသည်။
သူက ယန်ရှောင်ယွင်ကို လေးလေးနက်နက် သတိပေးတတ်သည်။ အိမ်ထောင်ကျရင် ခင်ပွန်းသည်နောက် လိုက်ရမယ်၊ ခင်ပွန်းသည်ကို ရိုသေရမယ်... နောင်တစ်ချိန်ကျရင် ဆုမိုက နင့်ခင်ပွန်း ဖြစ်လာမှာ... နင် သူ့ကို ဒီလိုတွေ မဆက်ဆံရဘူး... စသဖြင့် ဆုံးမတတ်သည်။
ထိုအချိန်တုန်းက ယန်ရီဇီ၏ မျက်လုံးတွေက... ဆုမိုကို သူ့အဖေအရင်းထက်တောင် ပိုဂရုစိုက်သလို ခံစားရစေခဲ့သည်။
ဒီအရာတွေ အားလုံးက ဆုမို၏ ဖခင် သေဆုံးသွားပြီးနောက်ပိုင်းမှာ စတင် ပြောင်းလဲသွားပုံ ရသည်။
ဆုမို ဝိုးတဝါး မှတ်မိနေတာက... ဈာပန အခမ်းအနားတုန်းက ယန်ရီဇီ.. သူ့ကို ကြည့်သော အကြည့်တွေက အရမ်း ရှုပ်ထွေးနေခဲ့သည်... အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေခဲ့တယ်... ဒါပေမဲ့ ငယ်ရွယ်နုနယ်သည့် ဆုမိုက သတိမထားမိဘဲ စိတ်ထဲ မထည့်ခဲ့ပေ။
အခု ပြန်စဉ်းစားကြည့်တော့... ကျောချမ်းစရာ ကောင်းနေသလိုပင်။
ယန်ရီဇီကို ဒီလို ပြောင်းလဲသွားစေသော အကြောင်းရင်းက ဘာများလဲ။
ဒီအချက်က ဆုမို တစ်ခါမှ လေးလေးနက်နက် မစဉ်းစားခဲ့ဖူးသော ကိစ္စတစ်ခုဆီကို ဦးတည်သွားစေသည်။
ဆုမို၏ ဖခင်က သိုင်းလောက ခရီးလမ်းမှာ ဘယ်လိုမျိုး အဖြစ်ဆိုးနှင့် သေဆုံးခဲ့ရသည်လဲ။
‘ပြိုင်ဘက်က ဘယ်သူလဲ။
အဲ့ဒီ အာမခံ ပစ္စည်းက ဘာလဲ။
ပြီးတော့ ယန်ရီဇီ က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ သိထားလို့လဲ။
သူ သိထားတဲ့ အရာတွေကများ... သူ့ရဲ့ စိတ်နေသဘောထားကို ဒီလောက်ထိ ပြောင်းလဲသွားစေတာလား။’
အခန်း (၁၉၄) - အိမ်အပြန်
~ဆုမိုသည် ဤကမ္ဘာသို့ အချိန်ခရီးသွား ရောက်ရှိလာစဉ်က ယခင်ကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့ရသော်လည်း၊ အစပိုင်းတွင် သူသည် ဤကမ္ဘာနှင့် အမှန်တကယ် ပတ်သက်ဆက်နွှယ်မှု မရှိခဲ့ပေ။
အချိန်ခရီးသွား တစ်ဦး ခံစားရသော အထီးကျန်ဆန်မှုသည် ဖိနှိပ်ချုပ်ချယ်မှုနှင့် အန္တရာယ်ရှိသော ခံစားချက်များကို ဖြစ်ပေါ်စေရုံသာမက၊ မိမိကိုယ်ကို သန်မာလာစေရန်နှင့် ကာကွယ်ရန် တွန်းအားများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် စနစ် ရောက်ရှိလာသောအခါ ဆုမို၏ အတွေးများသည် စနစ်ကို အသုံးပြုပြီး မိမိကိုယ်ကို မည်သို့ သန်မာလာအောင် လုပ်မည်နည်း ဆိုသည့်အချက်အပေါ်တွင်သာ အဓိက ဗဟိုပြုနေခဲ့သည်။
ဆုမို၏ ဖခင်နှင့် ပတ်သက်သော အတိတ်က အဖြစ်အပျက်များ အတွက်မူ ကျောက်ထက်အက္ခရာ တင်ပြီးသား ကိစ္စများအဖြစ်သာ သဘောထားခဲ့သည်။
သိုင်းလောကအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်လေလေ၊ အတွင်းရှိ အန္တရာယ်များကို ပိုမို ရှင်းလင်းစွာ မြင်လာရလေလေ ဖြစ်၏။ "မြောင်းထဲ" တွင် ရုတ်တရက် ကျရောက်လာသော ကပ်ဘေးကြောင့် သေဆုံးရခြင်းသည် သိုင်းလောကတွင် အလွန် သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာတည်း။
ထို့ကြောင့် ဆုမိုသည် ထိုအခြေအနေတွင် သူ နားမလည်သော အရာများ ပါဝင်နေသလား ဆိုသည်ကို ဘယ်သောအခါမျှ အလေးအနက် မစဉ်းစားခဲ့ဖူးပေ။
ယခုအခါ မန်ဒရင်းဘဲ စာရင်း သည် ယန်ရီဇီ နှင့် တစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်နေပြီပင်။
ယန်ရှောင်ယွင်၏ စကားများက ဆုမိုကို သတိရစေသည်မှာ... ယန်ရီဇီ၏ ပြောင်းလဲမှုအားလုံးသည် သူ့ဖခင် သေဆုံးပြီးနောက်တွင် စတင်ခဲ့ခြင်း ဖြစ်နေ၏။
ဧကန္တ... ဘာတွေ ဖြစ်ခဲ့တာလဲ။
ဒီနှစ်တွေ အများကြီး ယန်ရီဇီ ဘာတွေ ကြိုးစားလုပ်ဆောင်နေခဲ့တာလဲ။
ဤမေးခွန်းများသည် ရည်ရွယ်ချက် မရှိဘဲ ဆုမို၏ စိတ်ထဲသို့ မသိစိတ်မှ တိုးဝင်လာခဲ့သည်။
အကယ်၍ သူသည် မူလကကဲ့သို့သာ ဖြစ်နေပါက၊ ဤကိစ္စအားလုံးကို လစ်လျူရှုထားနိုင်ပေလိမ့်မည်။
သို့သော် ယန်ရှောင်ယွင်နှင့် ဆက်ဆံရေး နက်ရှိုင်းလာပြီး အပြန်အလှန် ခံစားချက်များ ပိုမို စစ်မှန်လာသည်နှင့်အမျှ၊ သူသည် မိမိကိုယ်ကို လွတ်လပ်ပေါ့ပါးသော အချိန်ခရီးသွား တစ်ဦးအဖြစ် မရှုမြင်နိုင်တော့ပေ။
သံယောဇဉ် တွယ်ငြိမှုများ ရှိလာသော အချိန်ခရီးသွားတစ်ဦးသည် ဤကမ္ဘာထဲသို့ အမှန်တကယ် ပေါင်းစည်းဝင်ရောက်သွားပြီ ဖြစ်၏။
ထို့ကြောင့် ကိစ္စအချို့ကို မျက်ကွယ်ပြုထား၍ မရတော့ပေ။
သို့သော် သူသည် ဤအတွေးများကို ယန်ရှောင်ယွင်နှင့် ဆွေးနွေးခြင်း မပြုခဲ့ဘဲ၊ ယခုအချိန်ထိ ပြောဆိုမှုများသည် ဤနေရာတွင် ရပ်တန့်သွားသည်။
တိတ်ဆိတ်သော ညတစ်ည ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။
ဆုမိုနှင့် အဖွဲ့သားများသည် ခရီးဆက်လက် ထွက်ခွာခဲ့ကြ၏။ ကွာခြားချက်မှာ အဖွဲ့ထဲတွင် သူခိုးတစ်ယောက် ပါဝင်လာခြင်းသာ ဖြစ်၏။
ဤလူနှင့် ပတ်သက်သော အခြေအနေကို သူတို့ ရှင်းရှင်းလင်းလင်း သိရှိထားပြီး ဖြစ်၏။
သူ့နာမည်မှာ ရှုလု ဖြစ်ပြီး၊ ‘’ကျင်းဟုန် ဖေးရွှယ်’ - (လန့်ဖျပ်သွားသော ငန်းနှင့် ပျံသန်းနေသော နှင်းပွင့်)ဟူသော ဘွဲ့ထူးတစ်ပုဒ် ရှိသည်။
ဤစာလုံးလေးလုံးကို ပုံမှန်အားဖြင့် ဓားသိုင်းပညာ ဖော်ပြရာတွင် အသုံးပြုလေ့ ရှိသော်လည်း၊ သူ့အတွက်မူ "လန့်ဖျပ်သွားသော ငန်းတစ်ကောင်၏ အရိပ် ကျဆင်းသကဲ့သို့ ဖျတ်လတ်ပြီး၊ နှင်းပွင့်များကြား ဖြတ်သန်းသွားသော်လည်း နှောင့်ယှက်မှု မရှိခြင်း" ဟူသော ကိုယ်ဖော့ပညာကို တင်စားထားခြင်း ဖြစ်၏။
လန့်ဖျပ်သွားသော ငန်းတစ်ကောင်ကဲ့သို့ ရုတ်တရက်၊ အရိပ်တစ်ခု ကျဆင်းသကဲ့သို့ တိတ်ဆိတ်စွာ၊ နှင်းပွင့်များကြား ဖြတ်သန်းသွားသော်လည်း ဖုန်မှုန့်တစ်စက်ပင် မထပေ။
ဤစွမ်းရည်သည် တကယ်ပင် ချီးကျူးဖွယ်ရာ ကောင်းလှပေသည်။
ထို့ကြောင့် 'ကျင်းဟုန် ဖေးရွှယ်' ဟူသော နာမည်ကို ကြားလိုက်ရသောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တကယ်ပင် အံ့သြသွားခဲ့ကြ၏။
သူတို့သည် ဤလူအကြောင်း ကြားဖူးကြ၏။ သာမန် သူခိုးများကို အဆင့်နိမ့်ဟု သတ်မှတ်ပါက၊ ဤလူသည် သေချာပေါက် ဓားပြခေါင်းဆောင် အဆင့်အတန်း ရှိသည်။ တခြားသူတွေ ဆုမိုကို ရဲရဲတင်းတင်း မချဉ်းကပ်ရဲကြတာ အံ့သြစရာ မဟုတ်တော့.. သူကတော့ ဆုမိုကို ပစ်မှတ်ထားရဲသည်လေ။
သို့သော် ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေသည့် မြင်ကွင်း၊ အိမ်မှာ အမေအိုကြီးနှင့် ဆာလောင်နေသော ကလေးတွေ ရှိပသည်ဟု ပြောနေသော ပုံစံကို ပြန်တွေးမိတော့... ဆုမို ရုတ်တရက် ခံစားမိလိုက်တာက 'ကျင်းဟုန် ဖေးရွှယ်' ဆိုသည့် ဘွဲ့ထူးက တော်တော်လေး အရောင်မှိန်သွားသလိုပါပင်။
လော့ရှားမြို့သို့ ပြန်လာသော ခရီးတစ်လျှောက်လုံးတွင် ဤလူသည် မဆင်မခြင် ပြုမူမည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။
ဆုမို ခိုင်းသမျှကို အလွန် နာခံခဲ့သည်။
သဘာဝကျကျပင် ဆုမိုက ဒါကို မယုံကြည်ပါချေ။
နာခံမှု ပြနေခြင်းသည် သင့်တော်သော အခွင့်အရေး မရရှိသေးသောကြောင့်သာ ဖြစ်၏။ အခွင့်အရေး ရသည်နှင့် တပြိုင်နက် ဤလူသည် ထွက်ပြေးရန် နည်းလမ်းမျိုးစုံ ရှာဖွေမည်မှာ သေချာသည်။
မည်သို့ပင်ဆိုစေကာမူ ဆယ်ရက်ကျော် ကြာပြီးနောက်၊ နေဝင်ဆည်းဆာ ရောင်ခြည်အောက်တွင် အဖွဲ့သည် လော့ရှားမြို့ သို့ နောက်ဆုံးတွင် ဝင်ရောက်လာနိုင်ခဲ့ကြ၏။
ဆုမိုသည် ယန်ရှောင်ယွင်အား အာမခံဌာနမှ အလုပ်သမားများကို ခေါ်ဆောင်ပြီး ဌာနသို့ ပြန်သွားရန် တိုက်တွန်းလိုက်၏။ သူကတော့ အစောင့်တပ်ဖွဲ့နှင့်အတူ ဝမ်ရှင်း ကုန်သွယ်ရေး ဌာန သို့ သွားရောက်ပြီး ဆိုင်တာဝန်ခံနှင့် တွေ့ဆုံမည်ဟု ဆိုလိုက်သည်။
အာမခံပစ္စည်း ပြန်လည်အပ်နှံခြင်းနှင့် နှုတ်ဆက်ခြင်းသည် လုပ်သင့်လုပ်ထိုက်သော ကိစ္စများတည်း။
ထို့အပြင် လျူမို၏ ကိစ္စကိုလည်း အဆုံးသတ်ပေးရန် လိုအပ်နေ၏။
ကံဆိုးစွာဖြင့် ဆိုင်တာဝန်ခံသည် ဝမ်ရှင်း ကုန်သွယ်ရေး ဌာနတွင် မရှိသလို၊ လော့ရှားမြို့ တွင်ပင် မရှိတော့ပေ။ ဝန်ထမ်းများ၏ ပြောကြားချက်အရ ဆိုင်တာဝန်ခံသည် စီးပွားရေး လုပ်ငန်းများကို ကြီးကြပ်ရန် ကျုံးဖူမြို့ သို့ သွားရောက်နေသည်ဟု ဆိုလေသည်။
ဆုမိုသည် ဒီကိစ္စအတွက် ကျုံးဖူမြို့ အထိ ထပ်မံ ခရီးထွက်မည် မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် စာတစ်စောင်ကို ဝမ်ရှင်း ကုန်သွယ်ရေး ဌာန ဝန်ထမ်းများထံ ပေးအပ်ပြီး ဆိုင်တာဝန်ခံထံ ပေးပို့ပေးရန် မှာကြားလိုက်၏။ ဤသို့ဖြင့် ဒီကိစ္စ ပြီးဆုံးသွား၏။
ဝမ်ရှင်း ကုန်သွယ်ရေး ဌာန မှ ထွက်ခွာပြီးနောက် ဆုမိုသည် ဇီယန် အာမခံဌာန သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
ဇီယန် အာမခံဌာန ၏ တံခါးကြီးများကို ကျယ်ကျယ်ဖွင့်ထားပြီး၊ သူ ဝင်ပေါက်သို့ ရောက်သည်နှင့် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
"ခေါင်းဆောင်.. ပြန်ရောက်ပြီဟေ့..."
ဆုမို၏ နှုတ်ခမ်းများ တွန့်သွားရသည်။
‘ဒီလောက်ထိ အော်ဟစ်နေစရာ လိုလို့လား။
ငါတို့ ခွဲခွာသွားတာ မကြာသေးပါဘူး... ကြည့်ရတာ နှစ်ပေါင်းများစွာ ကြာမှ ပြန်ရောက်လာတဲ့ ပုံစံ ပေါက်နေပြီ။’,
အထဲသို့ ဝင်ရောက်ပြီး အရိပ်နံရံကို ကွေ့လိုက်သောအခါ သိုင်းကွင်းပြင်ထဲတွင် လူတစ်စု သူ့ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
ဦးလေးဖူ သည် သူ့ကို မြင်လိုက်သည်နှင့် ပါးစပ်နားရွက်ချိတ်မတတ် ပြုံးလိုက်သည်။
"သခင်လေး... ပြန်ရောက်လာပြီပဲ... အားလုံးက သခင်လေး ရေချိုးသန့်စင်ပြီးတာကို စောင့်နေကြတာ..."
"ကောင်းပါပြီ..."
ဆုမို ရယ်ရမလို၊ ငိုရမလို ဖြစ်သွားပြီး အားလုံးကို မျက်နှာသစ်ရန် ဦးဆောင်ခေါ်သွားလိုက်၏။ ဤသို့ဖြင့် ဤအာမခံ ခရီးစဉ်သည် တရားဝင် ပြီးဆုံးသွားသည်။
"ကဲ... ဦးလေးဖူ... ဒီညတော့ နည်းနည်း အလုပ်ရှုပ်ခံပေးပါဦး... ညီအစ်ကိုတွေနဲ့အတူ စားပွဲကောင်းကောင်းလေး တစ်ခု စီစဉ်ပေးပါဗျ... သူတို့ ဒီအထိ ရောက်လာရတာ ပင်ပန်းနေကြပြီ... ဒီည ကောင်းကောင်း ဆုချသင့်ပါတယ်..."
"စိတ်ချပါ သခင်လေး... ကျုပ်.. စီစဉ်လိုက်ပါ့မယ်..."
ဦးလေးဖူ က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။
ထို့နောက် ဆုမိုသည် ဦးလေးဖူ၏ နားနားကပ်ပြီး အမိန့်အချို့ တိုးတိုးလေး ပေးလိုက်ရာ ဦးလေးဖူက နားလည်ကြောင်း ခေါင်းညိတ်ပြသည်။
ထို့နောက် ဆုမိုသည် လူအုပ်ကြီးဘက်သို့ လှည့်ပြီး ပြောလိုက်၏။
"ဒီည အာမခံဌာနမှာပဲ အနားယူလိုက်ကြ... မနက်ဖြန်ကစပြီး သုံးရက် ခွင့်ပေးမယ်... မင်းတို့အားလုံး ခံစားခွင့် ရှိပါတယ်..."
"ခေါင်းဆောင်.. ပင်ပန်းသွားပါပြီ..."
"ကျေးဇူးတင်ပါတယ်.. ခေါင်းဆောင်..."
"ဒီညတော့ ဝဝလင်လင် သောက်ကြမယ်ဟေ့..."
တစ်ခဏအတွင်းမှာပင် ကွင်းပြင် တစ်ခုလုံးသည် တက်ကြွသန်မာသော လူငယ်များ၏ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
ဝန်ထမ်းများကို ကြည့်ရင်း ယန်ရှောင်ယွင် မျက်မှောင်ကြုတ်လိုက်မိသည်။
‘ဒီသုံးရက် ပြီးသွားရင်တော့ သူတို့ရဲ့ တက်ကြွမှုတွေကို အလဟဿ မဖြစ်စေဖို့အတွက် ရှောင်ချွမ်းနဲ့.. ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခိုင်းရမယ်။’
အခန်း (၁၉၅) -အိမ်အပြန် (၂)
~ဤကိစ္စ ပြီးပြတ်သွားပြီးနောက် ဆုမိုသည် ယန်ရှောင်ယွင်ကို ခေါ်ကာ ဇီယန် အာမခံဌာနမှ ထွက်ခွာလာခဲ့သည်။
အချိန်မဆွဲတော့ဘဲ သံမဏိသွေး အာမခံဌာနသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။
လီစစ်ယွင်၏ 'ကျေးဇူးတင်လက်ဆောင်' ကိစ္စကို ဆက်လက် ရွှေ့ဆိုင်းထား၍ မဖြစ်တော့ပေ။ ထို့အပြင် ယန်ရီဇီ မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသည်ကိုလည်း တိတိကျကျ သိရှိရန် လိုအပ်နေ၏။
သူ့ပြန်အလာကို စောင့်မလား၊ သို့မဟုတ် လိုက်ရှာမလား ဆိုသည်ကို ဆုံးဖြတ်ရန် အစီအစဉ်တစ်ခု ရှိရမည် ဖြစ်၏။
ထိုအချိန်တွင် သံမဏိသွေး အာမခံဌာန၏ တံခါးကြီးများကို တင်းကျပ်စွာ ပိတ်ထားသည်။
ဆုမိုကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ယန်ရှောင်ယွင်သည် ခဏမျှ တွန့်ဆုတ်နေမိသည်။ ထို့နောက် တံခါးရှေ့သို့ တိုးသွားပြီး ခေါက်လိုက်သည်။
မကြာမီ 'ကျွီ' ခနဲ အသံနှင့်အတူ တံခါးအနည်းငယ် ပွင့်လာပြီး တစ်စုံတစ်ယောက်က ချောင်းကြည့်လိုက်သည်။
"ဘယ်သူလဲ... ဟင်... သခင်မလေး......"
အစပိုင်းတွင် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ဖြစ်သော်လည်း ယန်ရှောင်ယွင်ကို မြင်လိုက်ရသောအခါ ထိုသူ၏ မျက်နှာသည် ချက်ချင်း ဝင်းပသွားပြီး စိတ်ဓာတ်များ တက်ကြွလာသည်။
အခြား ဘာကိုမှ ဂရုမစိုက်တော့ဘဲ နောက်လှည့်ကာ အာမခံဌာန အတွင်းသို့ ပြေးဝင်သွားပြီး အော်ဟစ်လိုက်သည်။
"သခင်မလေး ပြန်လာပြီ... သခင်မလေး ပြန်လာပြီဟေ့..."
ယခင်က တိတ်ဆိတ်ခြောက်ကပ်နေသော အာမခံဌာနသည် ရုတ်တရက် လှုပ်ရှားသက်ဝင်လာပြီး ဆူညံပွက်လောရိုက်သွားတော့သည်။
ဆုမိုနှင့် ယန်ရှောင်ယွင် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ ခဏမျှ ဘာပြောရမှန်း မသိ ဖြစ်သွားကြရရှာသည်။
'တိမ်ဖမ်းသမား ရွှီရော့ရှန်'.. တုန်းချန် မှာ အသတ်ခံလိုက်ရသည့် ကိစ္စသည် သံမဏိသွေး အာမခံဌာနအပေါ် မည်မျှအထိ သက်ရောက်မှု ကြီးမားခဲ့သည်ကို ဤအချက်က မီးမောင်းထိုးပြနေ၏။
ခေါင်းဆောင်က အိမ်တော်ထိန်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။ အခု အိမ်တော်ထိန်း သေဆုံးသွားရ၏။
ခေါင်းဆောင်ကလည်း ချက်ချင်း ပြန်မလာနိုင်သေးဘူး ဆိုတော့... အာမခံဌာနထဲက ဆရာသခင်တွေနှင့် ခေါင်းဆောင်တွေ ခေါင်းမီးတောက်နေကြတာ မဆန်းပါချေ။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တံခါးခုံကို ကျော်ဖြတ်ပြီး အာမခံဌာန အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကြ၏။
ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် အလျင်စလို ပြေးလာကြသော ခြေသံများကို ကြားလိုက်ရ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ လူလတ်ပိုင်း အရွယ်.. အမျိုးသား နှစ်ဦး ဖြစ်၏။ ဆုမို သူတို့ကို အရင်က တွေ့ဖူးသည်။
ရှစ်လီ ဇရပ်မှာ ..ယန်ရှောင်ယွင်နှင့် ပြန်တွေ့တုန်းက သူမနှင့်အတူ ပါလာသည့် အာမခံ ခေါင်းဆောင် နှစ်ယောက်ပင်။
တစ်ယောက်က မျိုးရိုးနာမည် ကျန်း၊ နောက်တစ်ယောက်က လီ ဆိုတာ ဆုမို မှတ်မိနေသည်။
ထင်ထားသည့်အတိုင်း ယန်ရှောင်ယွင်က သူတို့ကို နှုတ်ဆက်လိုက်၏။
"ဦးလေးကျန်း... ဦးလေးလီ... ပြီးတော့ အားလုံးပဲ..."
"သခင်မလေး..."
အားလုံးက ပြိုင်တူ နှုတ်ဆက်လိုက်ကြ၏။
ဆုမိုကို ကြည့်လိုက်သောအခါ သူတို့၏ မျက်နှာထားများ ကွဲပြားသွားကြသော်လည်း၊ လက်သီးဆုပ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
"ခေါင်းဆောင်ဆု ကို ဂါရဝပြုပါတယ်..."
"အားလုံးပဲ... အားနာစရာကြီးဗျာ..."
ဆုမိုကလည်း လက်သီးဆုပ် ပြန်လည် နှုတ်ဆက်လိုက်၏။
ဦးလေးကျန်း က ယန်ရှောင်ယွင်ကို မေးလိုက်သည်။
"သခင်မလေး... အခြေအနေကို ထိန်းသိမ်းပေးဖို့ ပြန်လာတာလား..."
ယန်ရှောင်ယွင်က ချက်ချင်း ခေါင်းခါလိုက်သည်။
"ဦးလေးကျန်း... အဖေက အဲဒီနေ့တုန်းက ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ... ကျွန်မက သံမဏိသွေး အာမခံဌာနကနေ ထွက်သွားပြီးပြီ ဆိုတော့ ဒီနေရာနဲ့ မသက်ဆိုင်တော့ပါဘူး... ဒီနေ့ လာရတာကလည်း အရေးကြီးကိစ္စ ရှိလို့ပါ... မဟုတ်ရင် ကျွန်မ ဒီလောက် ပေါ့ပေါ့ပါးပါး ပြန်လာရဲမှာ မဟုတ်ပါဘူး..."
ခေါင်းဆောင်ကျန်း နှင့် ခေါင်းဆောင်လီ တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။
"သခင်မလေးရယ်... ဘာတွေ ပြောနေတာလဲ... ခေါင်းဆောင်ကြီးက ဒေါသအလျောက် ပြောလိုက်တာပါ... စိတ်ထဲမထားပါနဲ့..."
"ဟုတ်တယ်... ကျွန်တော်တို့ အာမခံဌာနက သခင်မလေး မရှိလို့ ဘယ်ဖြစ်မလဲ..."
"ခေါင်းဆောင်ဆု... ကျေးဇူးပြုပြီး သခင်မလေးကို နားချပေးပါဦး... ခေါင်းဆောင်ကြီးနဲ့ ဒီလို တင်းမာနေတာက အဖြေမှ မဟုတ်တာ..."
အားလုံးက တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့သည်။
ယန်ရှောင်ယွင်သည် ဘာလုပ်ရမှန်း မသိတော့ဘဲ ဆုမိုကို တစ်ချက် ကြည့်လိုက်ပြီး၊ လှည့်ထွက်ရန် ပြင်လိုက်သည်။
လူအုပ်ကြီးက သူမနောက်သို့ လိုက်ရန် ပြင်လိုက်သော်လည်း ဆုမိုက တားဆီးလိုက်သည်။
"အားလုံးပဲ... စိတ်အေးအေးထားကြပါ... ဦးလေးယန်ရဲ့ စိတ်ကို ကျွန်တော်တို့ အားလုံး သိကြတာပဲလေ... ဒေါသထွက်ပြီး ပြောလိုက်တဲ့ စကားတွေက ဖိတ်စင်သွားတဲ့ ရေလိုပဲ... ပြန်သိမ်းဖို့ မလွယ်ဘူး... ဒါပေမဲ့..."
"နောက်ဆုံးတော့ သားအဖ သံယောဇဉ် ဆိုတာ ဖြတ်လို့မရတဲ့ အရာပါ... တကယ်တမ်း ဖြေရှင်းလို့ မရနိုင်တဲ့ ရန်ငြိုးဆိုတာ မရှိပါဘူး... ဒီလိုလုပ်ရင် ကောင်းမယ်... ခင်ဗျားတို့ အားလုံးက အခွင့်အရေး ရရင်ရသလို အစ်မယွင် ဘက်ကနေ စကားကောင်းလေးတွေ ပြောပေးကြ... ကျွန်တော်လည်း သခင်မလေးကို နားချပေးပါ့မယ်..."
"နောက်ဆုံးတော့ သားအဖတွေပဲ... တစ်သက်လုံး မုန်းတီးနေကြမှာမှ မဟုတ်တာ..."
ဒီစကားကို ကြားတော့မှ အားလုံး သက်ပြင်းချနိုင်ကြတော့သည်။ အထူးသဖြင့် ခေါင်းဆောင်ကျန်း နှင့် ခေါင်းဆောင်လီ တို့က ဆုမိုကို အလျင်အမြန် ဦးညွှတ် နှုတ်ဆက်ကြသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု..."
"ခေါင်းဆောင်ဆု ပြောမှပဲ ကျွန်တော်တို့ စိတ်သက်သာရာ ရတော့တယ်..."
"ဒါနဲ့... ခေါင်းဆောင်ဆု... ဒီကို လာရတဲ့ အကြောင်းရင်းလေး သိခွင့်ရှိမလား... လိုအပ်တာ ရှိရင် ပြောပါ... ကျွန်တော်တို့ အစွမ်းကုန် ကူညီပေးပါ့မယ်..."
ယန်ရှောင်ယွင်က ထွက်ပြေးသွားပြီ ဖြစ်သော်လည်း ဆုမိုကတော့ ထွက်ပြေး၍ မရပေ။ ချက်ချင်းပင် ဧည့်ခန်းမဆောင်သို့ ဖိတ်ခေါ်ခံရပြီး ရေနွေးကြမ်းဖြင့် ဧည့်ခံခြင်း ခံရ၏။
ခေါင်းဆောင်ကျန်း နှင့် ခေါင်းဆောင်လီ တို့သည် ဆုမိုနှင့် တန်းတူ ထိုင်ရန် မရဲသဖြင့် မတ်တတ်ရပ်လျက် စကားပြောကြသည်။
"ဦးလေးယန် အခု ဘယ်မှာ ရှိနေလဲ..."
ဆုမိုက လှည့်ပတ်မနေဘဲ တဲ့တိုး မေးလိုက်သည်။
ခေါင်းဆောင်နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နားမလည်နိုင် ဖြစ်သွားကြသည်။
"ခေါင်းဆောင်ဆု ဘာကို ဆိုလိုတာလဲ..."
"အမှန်အတိုင်း ပြောရရင်..."
ဆုမိုသည် လမ်းငါးသွယ်ဆုံရပ် တွင် လီစစ်ယွင်၊ သူ့မြေးမလေးတို့နှင့် တွေ့ဆုံခဲ့ပုံ အားလုံးကို အသေးစိတ် ပြောပြလိုက်သည်။
ခေါင်းဆောင်နှစ်ဦး မျက်နှာ ရှုပ်ထွေးသွားကြ၏။
"ခေါင်းဆောင်ကြီး ဆီက ဒီအကြောင်း တစ်ခါမှ မကြားဖူးပါဘူး... ဒါပေမဲ့ ခေါင်းဆောင်ကြီးအတွက် ကျေးဇူးတင်လက်ဆောင် ဆိုမှတော့... ပစ္စည်းကို အာမခံဌာနမှာ ထားခဲ့လိုက်ပါလား..."
"အင်း... အလုပ်အပ်တဲ့သူက ဒီပစ္စည်းကို ဦးလေးယန် လက်ထဲ ကိုယ်တိုင် အပ်ရမယ်လို့ တိတိကျကျ မှာလိုက်တာ... ဦးလေးယန် အိမ်မှာ မရှိမှန်း သိပေမယ့်... ကျွန်တော်က ကြိုတင်အကြောင်းမကြားဘဲ ရောက်လာတာ ဆိုတော့ မသင့်တော်ဘူးလေ... ပစ္စည်းထားခဲ့ဖို့ ဆိုတာက ပိုပြီးတောင် မဖြစ်နိုင်သေးဘူး... နားလည်ပေးပါဗျာ..."
ထို့ပြင်၊ အိမ်မှာ ယန်ရီဇီ မရှိဘဲနှင့် ပစ္စည်းကို သံမဏိသွေး အာမခံဌာနမှာ ထားခဲ့လျှင်... လိုအပ်သည့် အချိန်ကျ ပျောက်ချင်၊ ပျောက်သွားနိုင်သေးသည်လေ။
ခေါင်းဆောင်ကျန်း နှင့် ခေါင်းဆောင်လီ တို့ ခေါင်းညိတ်လိုက်ကြ၏။
အာမခံ လုပ်ငန်း လုပ်ကိုင်သူများ ပီပီ ဆုမို၏ စေတနာကို နားလည်ကြပါသည်။
"ခေါင်းဆောင်ဆု ပြောတာ ဟုတ်ပါတယ်..."
"ကျွန်တော်တို့က စီစဉ်ရမယ့်ကိစ္စကို ကျော်ပြီး စဉ်းစားမိသွားတယ်... ခေါင်းဆောင်ကြီး ကိစ္စနဲ့ ပတ်သက်ရင်တော့... လွန်ခဲ့တဲ့ ရက်ပိုင်းက သတင်းစကား ပါးလိုက်တယ်... ဟောင်ရန် ကျောင်းတော်မှာ ယာယီ တည်းခိုနေတယ်တဲ့... ဆရာရွှီ ဖြစ်ခဲ့တဲ့ ကိစ္စကလည်း အဲဒီနားတစ်ဝိုက်မှာပဲ..."
ခေါင်းဆောင်လီ က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
"ရန်သူက ဘယ်သူလဲ ဆိုတာ တကယ် မသိရသေးဘူး... ခေါင်းဆောင်ကြီးက ဒီနေ့ထိ သဲလွန်စ ရှာမတွေ့သေးဘူး... တကယ်လို့ ခေါင်းဆောင်ဆု သွားလည်ရင်းနဲ့ ခေါင်းဆောင်ကြီးကို ကူညီပေးနိုင်ရင်..."
"ကောင်းတယ်..."
ခေါင်းဆောင်ကျန်း ၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာသည်။
"လီ... ခင်ဗျား အကြံက တကယ် မိုက်ပါလားဟေ..."
“ဟင်…”
ခေါင်းဆောင်လီ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဆုမိုသည် ခေါင်းဆောင်ကျန်း ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
ထိုအခါ၊ ခေါင်းဆောင်ကျန်း က ပြုံး၍ ရှင်းပြလာသည်။
"ဒီလိုပါ..ခေါင်းဆောင်ကြီး နဲ့ သခင်မလေး ကြားက ပဋိပက္ခက... တကယ်တမ်းကျတော့ ခေါင်းဆောင်ကြီး နဲ့ ခေါင်းဆောင်ဆု တို့ကြားက ပဋိပက္ခကနေ မြစ်ဖျားခံတာပဲလေ…”