အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အခန်း (၂၇၁) - အဆောင်လက်ဖွဲ့ ဖန်တီးနည်းနှင့် ရုပ်သံပို့လွှတ် ပုံဆောင်ခဲ
~“စီနီယာ အစ်ကိုကြီး... ဒုတိယမြောက် ကြိုးတံတားကို ဆက်ဆောက်ကြရအောင်”
လုံထျန်းရှင်းသည် နဂါးအသွင် ပြောင်းလဲလိုက်ပြီး ချောင်ကျားရှီးနှင့်အတူ သံကြိုးကြီးများကို တစ်ယောက်တစ်ဖက် ထမ်းလိုက်တော့၏။
“အင်း... မြန်မြန်လုပ်ကြ... ဒါပေမဲ့ ဘေးကင်းဖို့လည်း ဂရုစိုက်ကြဦး” ရှီလေ့ သတိပေးလိုက်သည်။
နေ့တစ်ဝက်အတွင်းမှာပင် ကြိုးတံတားနှစ်စင်း ပြီးစီးသွားတော့၏။
အခြားတပည့်များသည် သစ်မာလွင်ပြင်သို့ သွားရောက်ပြီး နှစ်တစ်ထောင်ခံ သစ်မာတုံးကြီးများကို သယ်ဆောင်လာကြ၏။ ထိုသစ်တုံးများဖြင့် ကြိုးတံတားနှစ်စင်းကြားတွင် (၁၅၀) မီတာ ရှည်လျားသော သစ်သားတံတားကြီး တစ်စင်းကို တည်ဆောက်လိုက်ကြ၏။
ထို့နောက် လက်သမားဆရာကြီးလီနှင့် အဖွဲ့သည် သစ်မာများကို အသုံးပြုပြီး ဖေးလိုင် တောင်ထိပ်ပေါ်တွင် (၃) ထပ်မြင့်သော ခန်းမဆောင်ကြီး တစ်ခုကို တည်ဆောက်လိုက်တော့၏။
ဒါက `အကြီးအကဲများ ခန်းမဆောင်`ပင် ဖြစ်၏။
“ကျေးဇူးတင်ပါတယ်... အားလုံး ပင်ပန်းသွားကြပြီ” ကုန်းချင်းချိုး ပြောကာ ပြုံးလိုက်သည်။
ဖေးလိုင် တောင်ထိပ်ပေါ်တွင် ခန်းမဆောင်ကြီး ပြီးစီးသွားပြီ ဖြစ်၍ ဆရာကြီးလီသည် လိုအပ်သော အဆောက်အအုံငယ်များ၊ ဥယျာဉ်များ၊ ရေကန်များနှင့် ရေတံခွန်များကို ဖန်တီးပေးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း (၃) ရက် ကုန်ဆုံးသွားပြန်သည်။
ဖေးလိုင် တောင်ထိပ်ပေါ်တွင် အဆောက်အအုံများ ပြီးစီးသွားပြီ ဖြစ်သော်လည်း `ကာကွယ်ရေး ဝင်္ကပါ` မရှိသေးပေ။
ယဲ့ဖုန်းသည် လေထဲတွင် ပျံဝဲနေပြီး ဖေးလိုင် တောင်ထိပ်ကို ကြည့်ရင်း နှမြောတသ ဖြစ်နေသည်။
“ဝင်္ကပါ မရှိတာတော့ နည်းနည်း ဆိုးတယ်... ဒါပေမဲ့ `ကြယ်တစ်ပွင့်အဆင့်` သတ်မှတ်ချက် အောင်မြင်ရင်တော့ အလိုလို ရလာမှာပါ”
ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း ဖြစ်သွားလျှင် `အလယ်အလတ်အဆင့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ`အား ဆုလက်ဆောင်အဖြစ် ရရှိမှာ ဖြစ်၏။
ထိုဝင်္ကပါက ကြီးမားမှာ ဖြစ်၍ တောင်ထိပ် နှစ်ခုလုံးကို ဖုံးလွှမ်းနိုင်မှာ သေချာပါသည်။
“ဝင်္ကပါက သိပ်ဈေးမကြီးပါဘူး... ကျွန်မ `လုံဝူမြို့`က ရတနာဆောင်မှာ သွားဝယ်လိုက်ပါမယ်” ကုန်းချင်းချိုး အကြံပေးလိုက်သည်။
“မလိုပါဘူး... ခဏနေရင် ဂိုဏ်းချုပ် ကိုယ်တိုင် စီစဉ်လိုက်မယ်” ယဲ့ဖုန်း လက်ကာပြလိုက်သည်။
ကုန်းချင်းချိုးက နည်းလမ်းပြောင်းလိုက်၏။
“ဒါဆိုရင် လောလောဆယ် ဖေးလိုင် တောင်ထိပ်ကို ကာကွယ်ဖို့ `အဆောင်လက်ဖွဲ့` တချို့ ရေးဆွဲလိုက်ပါမယ်”
“အဆောင်လက်ဖွဲ့ …”
ယဲ့ဖုန်း စိတ်ဝင်စားသွားသည်။
(၁၅) မိနစ်ခန့် ကြာပြီးနောက်...
အကြီးအကဲများ ခန်းမဆောင် အတွင်းတွင်...
သစ်မာသားဖြင့် ပြုလုပ်ထားသော စားပွဲဝိုင်းကြီး တစ်လုံး ရှိနေသည်။
ယဲ့ဖုန်းနှင့် တပည့်များသည် စားပွဲဝိုင်းကို ဝိုင်းဖွဲ့ထိုင်နေကြ၏။ စားပွဲပေါ်တွင် ပစ္စည်းကိရိယာများ ပြည့်နှက်နေသည်။
ကုန်းချင်းချိုးသည် ပစ္စည်းများကို စီစဉ်ရင်း မတ်တပ်ရပ်နေသည်။
“ဒီနေ့ အဆောင်လက်ဖွဲ့ ဖန်တီးနည်းကို သင်ကြားပေးပါမယ်” ယဲ့ဖုန်း ကြေညာလိုက်သည်။
ကုန်းချင်းချိုးသည် အဆောင်လက်ဖွဲ့ ရေးဆွဲရာတွင် ကျွမ်းကျင်သူ ဖြစ်၏။ လူစုံတက်စုံ ရှိနေတုန်း သရုပ်ပြခိုင်းပြီး သင်ကြားစေလိုက်ခြင်း ဖြစ်၏။
“အဆောင်လက်ဖွဲ့ ရေးဆွဲဖို့အတွက် ပစ္စည်းကိရိယာတွေ အရင် ပြင်ဆင်ရပါတယ်”
ကုန်းချင်းချိုး စတင် ရှင်းပြလိုက်သည်။ ဂိုဏ်းချုပ် အပါအဝင် အားလုံးက စိတ်ဝင်တစား နားထောင်နေကြ၏။
“ပထမဆုံး နတ်ဆိုးသားရဲ အရေခွံနဲ့ ပြုလုပ်ထားတဲ့ `အဆောင်လက်ဖွဲ့ စက္ကူ` လိုအပ်ပါတယ်... တခြားပစ္စည်းတွေ သုံးလို့ရပေမဲ့ ဝိညာဉ်စွမ်းအင် စီးဆင်းမှု ကောင်းမွန်ပြီး ကြာရှည်ခံတဲ့ ပစ္စည်းမျိုး ဖြစ်ရပါမယ်”
“နောက်တစ်ခုက မင်ရည် ပါ... ဝင်္ကပါပုံစံ အမျိုးမျိုးအတွက် မင်ရည် အမျိုးမျိုး လိုအပ်ပါတယ်”
“ဥပမာ... ကျွန်မ အခု ရေးဆွဲမယ့် `နတ်ဘုရား အမြန်နှုန်း အဆောင်လက်ဖွဲ့`ဆိုရင် လေဓာတ် နတ်ဆိုးသားရဲရဲ့ သွေးနဲ့ ဖော်စပ်ထားတဲ့ မင်ရည် လိုအပ်ပါတယ်”
“စုတ်တံ ကတော့ နတ်ဆိုးသားရဲတွေရဲ့ အမွှေးအမျှင်တွေနဲ့ ပြုလုပ်ထားတာပါ... ဝံပုလွေမွှေးက အသုံးအများဆုံးပါပဲ”
“နောက်ဆုံးကတော့ `ဝင်္ကပါ အင်းကွက်` ပါ... ဒါက အဆောင်လက်ဖွဲ့ရဲ့ အသက်ပါပဲ... အင်းကွက် မမှန်ရင် ဘာမှ သုံးလို့မရပါဘူး”
ကုန်းချင်းချိုးသည် စုတ်တံကို ကိုင်လိုက်ပြီး အပြာရောင် မင်ရည်ကို တို့လိုက်သည်။ အသက်အောင့်ထားပြီး လက်မ အနည်းငယ်သာ ရှိသော စက္ကူပေါ်တွင် အင်းကွက်များ စတင် ရေးဆွဲလိုက်တော့၏။
ရေးဆွဲလိုက်တိုင်း အဆောင်လက်ဖွဲ့သည် တောက်ပလာပြီး မင်ရည်ထဲမှ စွမ်းအားများသည် စက္ကူထဲသို့ စီးဝင်သွားတော့၏။
ကုန်းချင်းချိုးသည် နောက်ထပ် စုတ်တံတစ်ချောင်းကို ယူလိုက်ပြီး ရွှေနီရောင် မင်ရည်ဖြင့် ထပ်မံ ရေးဆွဲလိုက်သည်။
နောက်ဆုံးတွင် အစိမ်းရောင် မင်ရည်ဖြင့် ရေးဆွဲလိုက်သည်။
“ဒါက သာမန် `နွယ်ပင်နတ်ဆိုး` ရဲ့ သွေးနဲ့ လုပ်ထားတဲ့ မင်ရည်ပါ... အင်းကွက်တွေရဲ့ စွမ်းအားကို ပေါင်းစပ်ပေးဖို့နဲ့ ထိန်းညှိပေးဖို့ သုံးပါတယ်”
“အခု အရေးကြီးဆုံး အဆင့် ရောက်ပါပြီ”
ကုန်းချင်းချိုး တိတ်ဆိတ်သွားပြီး အာရုံစိုက်လိုက်သည်။
စက္ကူပေါ်ရှိ သင်္ကေတများကို အစိမ်းရောင် မျဉ်းကြောင်းများဖြင့် ဆက်သွယ်လိုက်ရာ အဆောင်လက်ဖွဲ့ တစ်ခုလုံး တောက်ပသွားတော့၏။
နောက်ဆုံး မျဉ်းကြောင်း ဆွဲပြီးသည်နှင့် အလင်းရောင်များ ပျောက်ကွယ်သွားပြီး ရိုးရှင်းသော စက္ကူပြားလေးအဖြစ် ပြန်လည် ပြောင်းလဲသွားတော့၏။
`ဖတ်...`
ကုန်းချင်းချိုးသည် အဆောင်လက်ဖွဲ့ကို လက်ညှိုးဖြင့် တောက်လိုက်ရာ ပြာမှုန်များ ကျဆင်းလာပြီး သစ်သားရောင် ပြောင်းသွားတော့၏။
“ဒါ ပြီးပြည့်စုံတဲ့ အဆောင်လက်ဖွဲ့ တစ်ခုပါပဲ”
စကားအဆုံး၌၊ ကုန်းချင်းချိုး..ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
ဒီ နတ်ဘုရား အဆောင်လက်ဖွဲ့က `အလယ်အလတ်အဆင့်` ရှိတာကြောင့် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပညာရှင် တစ်ယောက်အတွက်တောင် အားကုန်စေပါသည်။
လီကျောက်ကျောက်က စူးစမ်းလိုက်သည်။
“အကြီးအကဲ... အဆောင်လက်ဖွဲ့ အဆင့်တွေကို ဘယ်လို ခွဲခြားတာရှင့်”
“အနိမ့်၊ အလယ်၊ အမြင့်၊ အထွတ်အထိပ် ဆိုပြီး (၄) မျိုး ရှိပါတယ်... `ချီစုစည်းခြင်း`၊ `ဓာတ်ကြီးငါးပါး စုစည်းခြင်း` နဲ့ `ဝိညာဉ်ပင်လယ်` အဆင့်တွေအတွက် သုံးပါတယ်... အဲဒီအထက်မှာ `နတ်ဘုရား အဆောင်လက်ဖွဲ့`၊၊ `ဘိုးဘေး အဆောင်လက်ဖွဲ့`နဲ့ `သူတော်စင် အဆောင်လက်ဖွဲ့` ဆိုပြီး ရှိပါသေးတယ်”
“ပုံမှန်အားဖြင့် အထွတ်အထိပ်အဆင့် ဆိုရင်တောင် တော်တော် စွမ်းအားကြီးနေပါပြီ... ဥပမာ `တောင်ခွဲ အဆောင်လက်ဖွဲ့` ဆိုရင် မီတာ (၁၀၀၀) မြင့်တဲ့ တောင်ကိုတောင် နှစ်ပိုင်းကွဲအောင် လုပ်နိုင်ပါတယ်... ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တောင် သေသွားနိုင်တယ်”
“နတ်ဘုရား အဆောင်လက်ဖွဲ့တွေကတော့ ဒဏ္ဍာရီထဲမှာပဲ ရှိတာပါ... တောင်တွေကို ရွှေ့၊ ပင်လယ်တွေကို ဖြည့်နိုင်တယ်လို့ ဆိုကြတယ်”
အားလုံး အံ့သြမှင်သက်သွားကြ၏။
“တကယ်လို့ ကျွန်မတို့ဆီမှာ အဆင့်မြင့် အဆောင်လက်ဖွဲ့တွေ အများကြီး ရှိရင်... ကိုယ့်ထက် အဆင့်မြင့်တဲ့ ရန်သူတွေကို သတ်နိုင်တာပေါ့” ကျိဇီလင်း မျက်လုံးများ အရောင်လက်သွားသည်။
“ဓမ္မဓိဌာန် အရတော့ ဟုတ်ပါတယ်... ဒါပေမဲ့ လက်တွေ့မှာ ဘယ်သူက အဲဒီလောက် အများကြီး ပိုင်ဆိုင်နိုင်မှာလဲ... အဆောင်လက်ဖွဲ့ လုပ်ရတာ အချိန်ကုန်၊ လူပင်ပန်းတဲ့ အလုပ်ပါ... နည်းနည်းလေး မှားတာနဲ့ အကုန် ပျက်စီးသွားတာ”
ဟု ကုန်းချင်းချိုးက လက်တွေ့အခြေအနေကို ရှင်းပြလိုက်သည်။
ထို့နောက်၊
ယဲ့ဖုန်းက ရှေ့ထွက်လာပြီး နိဂုံးချုပ်လိုက်ပါသည်။
“ဒီနေ့တော့ ဒီလောက်ပါပဲ... စိတ်ဝင်စားတဲ့သူတွေ နောက်မှ အကြီးအကဲကုန်းဆီမှာ ဆက်သင်ကြ”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
“ဖေးလိုင် တောင်ထိပ်မှာ ကာကွယ်ရေး ဝင်္ကပါ မရှိသေးတော့... ယာယီ ကာကွယ်ပေးနိုင်မယ့် `ဝင်္ကပါ အဆောင်လက်ဖွဲ့` တချို့ ဖန်တီးလိုက်ပါဦးမယ်” ကုန်းချင်းချိုးက အစီအစဉ်ကို ပြောပြလိုက်သည်။
“ကောင်းပါပြီ... ဒါဆို မနှောင့်ယှက်တော့ပါဘူး”
ယဲ့ဖုန်းသည် တပည့်များကို ခေါ်ထုတ်သွားတော့၏။
ကုန်းချင်းချိုး တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး အဆောင်လက်ဖွဲ့များ စတင် ရေးဆွဲလေတော့သည်။
...
မြူခိုးတောင်ထိပ်...
ယဲ့ဖုန်းသည် ချောက်ကမ်းပါးစွန်းတွင် ပေါက်ရောက်နေသော `ကောင်းကင်ထိ နွယ်ပင်` ကို ရေလောင်းပေးနေသည်။ နွယ်ပင်လေးသည် ကျေနပ်အားရစွာဖြင့် ယဲ့ဖုန်း၏ လက်ဝါးကို ပွတ်သပ်နေတော့၏။
“မြန်မြန်ကြီးရင့်ပါ... နောင်ကျရင် အိမ်ကို စောင့်ရှောက်ပေးရမှာကွ…”
ယဲ့ဖုန်း မှာကြားလိုက်သည်။
နွယ်ပင်လေးသည် ခဏမျှ ငြိမ်သက်သွားပြီး စဉ်းစားနေသလိုလို ဖြစ်သွားသည်။ ထို့နောက် သဘောပေါက်သွားပုံရပြီး ခန္ဓာကိုယ်ကို ယိမ်းနွဲ့ပြလိုက်သည်။
ယဲ့ဖုန်းသည် ကျန်နွယ်ပင် (၂) ပင်ကိုပါ ရေလောင်းပေးပြီးနောက် ပြန်ရန် ပြင်လိုက်စဉ် ကုန်းချင်းချိုး ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။
“ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ အဆောင်လက်ဖွဲ့... အသက်ဝင်စေ”
ကုန်းချင်းချိုးသည် အပြာရောင် အဆောင်လက်ဖွဲ့ (၃) ခုကို ပစ်လွှတ်လိုက်ပြီး မုဒြာဖော်ကာ `အစစ်အမှန်ယွမ်` ဖြင့် အသက်သွင်းလိုက်တော့၏။
`ဝှီး...`
အဆောင်လက်ဖွဲ့များ လောင်ကျွမ်းသွားပြီး အလင်းတန်း (၃) ခုအဖြစ် ပြောင်းလဲကာ ဖေးလိုင် တောင်ထိပ်ကို လွှမ်းခြုံထားလိုက်သည်။ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` မရှိလျှင် ဖောက်ထွင်းဝင်ရောက်၍ မရနိုင်ပေ။
“မိုက်တယ်ဟေ့... ဒါ ဂိုဏ်းကာကွယ်ရေး အဆောင်လက်ဖွဲ့ ကိုး... စနစ်က ပေးတဲ့ `ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့` နဲ့ ဆင်တူတာပဲ”
ယဲ့ဖုန်း ချီးကျူးလိုက်မိသည်။
ကုန်းချင်းချိုး၏ ဘက်စုံစွမ်းရည်ကို သူ အလွန် သဘောကျသွားသည်။
သူမကို မြူခိုးဂိုဏ်းမှာ အမြဲတမ်း ဆွဲထားရမည်။
နေ့လည်ခင်း အချိန်...
ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ခန်းမဆောင် ရှေ့တွင် ရပ်နေသည်။ သစ်သားသေတ္တာ တစ်လုံးကို ဖွင့်လိုက်ရာ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာတော့၏။
`ဝီ...`
ပုံဆောင်ခဲလုံး (၁၀) လုံးကျော် ပျံသန်းထွက်လာပြီး တပည့်တစ်ဦးစီ၏ ရှေ့တွင် ရပ်တန့်သွားတော့၏။
“ဒါက `ရုပ်သံပို့လွှတ် ပုံဆောင်ခဲ` ပါ... တခြား ပုံဆောင်ခဲ ကိုင်ထားတဲ့သူတွေကို အဝေးကနေ လှမ်းမြင်ရမှာပါ... အရည်အသွေးမြင့် `အဆင့်နိမ့် ဝိညာဉ်လက်နက်` အမျိုးအစားပါ... အကြီးအကဲများ ခန်းမဆောင် နဲ့ ဖေးလိုင် တောင်ထိပ် တည်ဆောက်ရေးမှာ ပါဝင်ကူညီခဲ့ကြတဲ့အတွက် ဆုချတာပါ”
ယဲ့ဖုန်း ရှင်းပြလိုက်သည်။
သူ ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပြီး `ကောင်းကင်မေးမြန်း ကြေးမုံ`နှင့် ဆင်တူသည်။ ပုံရိပ်ကိုသာ မြင်ရပြီး အသံမကြားရပေ။ မိုင် (၃၀၀) အကွာအဝေးထိ အသုံးပြုနိုင်သည်။
သို့သာ် `ဂိုဏ်းသား တံဆိပ်ပြား`နှင့် တွဲသုံးလိုက်လျှင် အသံပါ ကြားရမှာ ဖြစ်၍ ဆက်သွယ်ရေးအတွက် အဆင်ပြေသွားပြီ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
တပည့်များသည် ဆုလက်ဆောင်များကို ယူပြီး ချက်ချင်း စမ်းသပ်ကြည့်ကြရာ `အသေးစား ဝိညာဉ်စုစည်း ဝင်္ကပါ` ပါဝင်ကြောင်း တွေ့ရှိရသဖြင့် သဘောကျသွားကြတော့၏။
အခန်း (၂၇၂) - အရာအားလုံး အဆင်သင့်နှင့် ကြယ်အဆင့်ဂိုဏ်း စစ်ဆေးမှု
~ဖေးလိုင် တောင်ထိပ် ပေါ်ထွက်လာပြီးကတည်းက ရေပေါ်ဖြူမြို့တော် တစ်ခုလုံးတွင် ယဲ့ဖုန်း၏ ဒဏ္ဍာရီများ ဟိုးလေးတကျော် ဖြစ်နေခဲ့သည်။
ဒုတိယမြို့စားမင်း၊ မြို့စားမင်းကြီး နှင့် နီရှန် နန်းတော် သခင်မ တို့သည်ပင် ရံဖန်ရံခါ လာရောက် ချောင်းမြောင်းကြည့်ရှုကြပြီး ယဲ့ဖုန်း၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တွေးတောနေကြ၏။
ယွင်ဟွာကျန်းရန်၊ သုံးမြို့နယ်မြို့စားမင်း၊ လက်နက်တစ်ရာဂိုဏ်းချုပ် တို့သည်လည်း မတော်တဆ ဖြတ်သွားသလို ဟန်ဆောင်ကာ အဝေးမှ လှမ်းကြည့်ကြ၏။
မြူခိုးတောင်ထိပ်မှ မိုင် (၁၀) ဂဏန်းခန့် အကွာတွင်...
ချင်းယွင်ကျန်းရန်သည် သစ်ပင်ပေါ်တွင် ထိုင်လျက် ရုတ်တရက် ပေါ်ထွက်လာသော ဖေးလိုင် တောင်ထိပ်ကို စိမ်းစိမ်းကြီး စိုက်ကြည့်နေသည်။ သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
“ဒီလောကကြီးမှာ ဝိညာဉ်သွေးကြောကို လက်ဖဝါး တစ်ချက်နဲ့ ဖန်တီးနိုင်တဲ့သူ ရှိတယ်တဲ့လား... တစ်ယောက်ယောက် ပြောပြကြပါဦးကွာ... ဒါ တကယ်ပဲလား”
ချင်းယွင်ကျန်းရန် စိတ်ပျက်အားငယ်နေပြီး စိတ်ဓာတ်ကျနေမိသည်။
“ငါ တကယ်ပဲ ယဲ့ဖုန်းရှေ့မှာ ဒူးထောက်၊ ခြေထောက်ကို ဖက်ပြီး ငိုယို တောင်းပန်ရတော့မှာလား”
ထိုမြင်ကွင်းကို တွေးမိရုံနှင့် ချင်းယွင်ကျန်းရန် ကြက်သီးထသွားသည်။ ဒေါသစိတ်ဖြင့် သစ်ပင်ကြီးကို ဓားနှင့် ခုတ်လှဲပစ်လိုက်ပြီး တရှူးထိုး ပျံသန်းသွားတော့၏။
...
မြူခိုးတောင်ထိပ်တွင်...
ယဲ့ဖုန်းသည် ယန်ရူယွီ၊ ကျားယွိလန် တို့နှင့် ပခုံးချင်းယှဉ် ရပ်လျက် (၃) ပုံ (၁) ပုံခန့် ချဲ့ထွင်ထားသော `ဝိညာဉ်ဆေးဥယျာဉ်` ကို ကြည့်ပြီး ချီးကျူးနေတော့၏။
“ကြည့်ရတာ ငါတို့ မြူခိုးဂိုဏ်းက `ကြယ်တစ်ပွင့်အဆင့်` သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသွားပြီ... လျှောက်လွှာတင်ဖို့ ပြင်ဆင်လို့ ရပြီ”
ယဲ့ဖုန်း လက်ပိုက်လျက် ဂုဏ်ယူနေမိသည်။
လပေါင်းများစွာ ကြိုးစားပြီးနောက် မြူခိုးဂိုဏ်းသည် ကြယ်အဆင့် အင်အားစု အဖြစ် ပြောင်းလဲတော့မည် ဖြစ်၏။
ရင်ထဲတွင် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများ ရောထွေးနေရသည်။
“သေချာအောင်လို့ အကြီးအကဲ ဟုန်မုံကို ဖိတ်ပြီး အလွတ်သဘော စစ်ဆေးခိုင်းကြည့်မယ်... လိုအပ်ချက်တွေ ပြည့်မှီတယ်ဆိုမှ ခရိုင်ဘုရင်မြို့တော် ကို တရားဝင် လျှောက်လွှာတင်မယ်”
ယဲ့ဖုန်းသည် စိတ်ချရသော လမ်းကို ရွေးချယ်လိုက်သည်။
“ဂိုဏ်းချုပ်... ဧည့်သည်တွေ ရောက်နေပါတယ်”
လုံထျန်းရှင်းသည် `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ထဲသို့ ပြေးဝင်လာပြီး သတင်းပို့လိုက်သည်။
“ဘယ်သူတွေလဲ”
“အကြီးအကဲ ဟုန်မုံ နဲ့ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လေး မိုမင်ရှီ ပါ”
“တခြားလူ ပါသေးလား”
“မပါဘူး... သူတို့နှစ်ယောက်တည်းပါ”
ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
အကြီးအကဲ ဟုန်မုံ ဘာကိစ္စနှင့် ရောက်လာတာလဲ သိချင်နေသော်လည်း၊ ကိုယ်တိုင် သွားခေါ်စရာ မလိုတော့ဿ အဆင်ပြေသွားသည်။
(၁၅) မိနစ်ခန့် ကြာပြီးနောက်...၊
ဂိုဏ်းချုပ် ခန်းမဆောင်တွင်...
ယဲ့ဖုန်းသည် အဓိက ထိုင်ခုံတွင် ထိုင်နေပြီး၊ အကြီးအကဲ ဟုန်မုံနှင့် မိုမင်ရှီ တို့က ဧည့်သည်ခုံတွင် ထိုင်နေကြ၏။ ကုန်းချင်းချိုး ကတော့ အကြီးအကဲ အနေဖြင့် ဧည့်သည်များနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေတော့၏။
“ကောလဟာလတွေက တကယ်ပါလား... ဂိုဏ်းချုပ်ယဲ့က ဖေးလိုင် တောင်ထိပ် ဆိုတဲ့ တောင်တစ်လုံးကို ဖန်တီးလိုက်ရုံမက၊ အထဲမှာ အသေးစား ဝိညာဉ်သွေးကြော တစ်ခုပါ ထည့်သွင်းထားတယ် ဆိုတာ... တကယ် လေးစားစရာပါပဲ”
အကြီးအကဲ ဟုန်မုံသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး စိတ်ဝင်တစား ပြောဆိုလိုက်သည်။
သူမသည် ယဲ့ဖုန်း၏ ဝိညာဉ်သွေးကြော ဖန်တီးနည်းကို အလွန် စိတ်ဝင်စားနေသည်။
“အကြီးအကဲ ဟုန်မုံ မြှောက်လွန်းပါပြီ” ယဲ့ဖုန်းက လက်ကာပြလိုက်သည်။
မိုမင်ရှီ ကတော့ ခေါင်းငုံ့ပြီး လက်ဖက်ရည်ကိုသာ ငြိမ်သက်စွာ သောက်နေတော့၏။
ယဲ့ဖုန်းသည် သူမကို ကြည့်ပြီး မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံ၏ စကားများကို သတိရလိုက်သည်။
‘မိုမင်ရှီကို ဒီလွှတ်လိုက်တာ `သံယောဇဉ်` တည်ဆောက်ခိုင်းတာ နေမှာပေါ့။’
တွေးရင်းနှင့် ယဲ့ဖုန်း ရယ်ချင်စိတ် ပေါက်သွားသည်။
“အဟမ်း... အကြီးအကဲ ဟုန်မုံ ရုတ်တရက် ရောက်လာတာ ဘာကိစ္စများ ရှိလို့ပါလိမ့်”
မိုမင်ရှီ ကမူ ဆက်လက် တိတ်ဆိတ်နေသည်။
အကြီးအကဲ ဟုန်မုံက နှုတ်ခမ်းကို စေ့လိုက်ပြီး ပြန်ဖြေလာသည်။
“ဖေးလိုင် တောင်ထိပ် အကြောင်း ကြားလို့ လာကြည့်တာပါ... လူ ဖန်တီးထားတဲ့ ဝိညာဉ်သွေးကြော ဆိုတာ ဒဏ္ဍာရီဆန်လွန်းလို့လေ... တခြား အကြောင်းရင်း မရှိပါဘူး”
“ဪ... ဒီလိုကိုး”
ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။
“အကြီးအကဲ ဟုန်မုံ... ကျွန်တော်တို့ မြူခိုးဂိုဏ်းက `ကြယ်တစ်ပွင့်အဆင့်` တက်လှမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ... အလွတ်သဘော စစ်ဆေးပေးလို့ ရမလားဗျာ”
ထိုစကားအား ကြားလိုက်ရသည့်အခါ၊ အကြီးအကဲ ဟုန်မုံ မျက်လုံးများ အရောင်လက်သွားသည်။
“ဂိုဏ်းချုပ်ယဲ့က ကျွန်မကို သီးသန့် စစ်ဆေးပေးစေချင်တာလား... လိုအပ်ချက်တွေ ထောက်ပြပေးစေချင်တာလား”
“ဟုတ်ပါတယ်”
အကြီးအကဲ ဟုန်မုံ ခေတ္တမျှ စဉ်းစားလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ခရိုင်ဘုရင်မြို့တော်ရဲ့ စည်းမျဉ်းတွေက တင်းကျပ်တယ်... ကျွန်မက သီးသန့် စစ်ဆေးပေးလိုက်ရင် တရားဝင် စစ်ဆေးတဲ့အခါ နောက်ထပ် အကြီးအကဲ တစ်ယောက်ကို တာဝန်ပေးရလိမ့်မယ်”
“မျှတမှု ရှိအောင်လို့ မဟုတ်လား”
“ဟုတ်ပါတယ်”
“ကောင်းပါတယ်... ကျွန်တော့်ဘက်က ကန့်ကွက်စရာ မရှိပါဘူး” ယဲ့ဖုန်း သဘောတူလိုက်သည်။
“ဒါဆိုရင်လည်း အားနာမနေတော့ပါဘူး... အခုပဲ လိုက်ကြည့်ကြတာပေါ့” အကြီးအကဲ ဟုန်မုံ မတ်တပ်ရပ်လိုက်သည်။
“ကြွပါ” ယဲ့ဖုန်း ဖိတ်ခေါ်လိုက်သည်။
အကြီးအကဲ ဟုန်မုံသည် သိုင်းကျမ်းဆောင် ဆီသို့ ဦးတည်သွားလိုက်သည်။
မိုမင်ရှီသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ကုန်းချင်းချိုးနှင့်အတူ တိတ်ဆိတ်စွာ လိုက်ပါသွားတော့၏။
“အကြီးအကဲ ဟုန်မုံက ငါတို့ဂိုဏ်းကို `ကြယ်အဆင့်` စစ်ဆေးပေးမှာတဲ့... သွားကြည့်ရအောင်”
သတင်းကြားသည်နှင့် ရှီလေ့သည် ဟိုယွင်ကျဲ၊ လုံထျန်းရှင်းနှင့် အခြားသူများကို ခေါ်ဆောင်ပြီး နောက်မှ လိုက်ပါလာကြ၏။
သိုင်းကျမ်းဆောင် အတွင်းတွင်...
အကြီးအကဲ ဟုန်မုံသည် သိုင်းကျမ်းများကို စစ်ဆေးကြည့်ရှုပြီးနောက် ပြုံးလိုက်တော့၏။
“ဂိုဏ်းချုပ်ယဲ့က တကယ် ချမ်းသာတာပဲ... တတိယအဆင့်၊ စတုတ္ထအဆင့် သိုင်းနည်းစနစ်တွေတောင် ရှိတာပဲ... ဒါနဲ့တင် သိုင်းကျမ်းဆောင် လိုအပ်ချက် ပြည့်မီပါတယ်”
“ဝမ်းသာစရာပဲ” ယဲ့ဖုန်း စိတ်အေးသွားရသည်။
ထို့နောက် သူတို့အဖွဲ့သည် `နတ်ဆိုးသားရဲဆောင်`သို့ သွားရောက်ကြ၏။
အသစ်ဆောက်လုပ်ထားသော ခြံဝင်းအတွင်းတွင် `သံလက်သည်း နဂါးလင်းယုန်`၊ `မြေခွေးဖြူလေး`၊ `ရေပေါ်ဖြူ အင်မော်တယ် (၅) ပါး` နှင့် `အစ်ကိုကြီး ခေါင်းပြား` တို့ နေထိုင်ကြလေသည်။
အစ်ကိုကြီး ခေါင်းပြား၏ ထက်မြက်သော မျက်လုံးများ၊ အဝေးမှ `နှစ်တစ်ထောင် ထင်းရှူးပင်အို` နှင့် `အဆင့်မြင့် နတ်ဆိုးစစ်သည်` အဆင့်ရှိသော ဂိုဏ်းစောင့် သားရဲများကို ကြည့်ပြီး အကြီးအကဲ ဟုန်မုံ လေးစားသွားသည်။
“ဂိုဏ်းချုပ်ယဲ့ရဲ့ ဂိုဏ်းက အခြေခံအုတ်မြစ် တကယ် ခိုင်မာတာပဲ... နတ်ဆိုးသားရဲဆောင် တစ်ခုတည်းနဲ့တင် သာမန် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေကို ဖျက်ဆီးပစ်နိုင်တယ်”
“ဒါဆို ပြည့်မီတယ်ပေါ့”
“သေချာတာပေါ့”
ထို့နောက် `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ထဲသို့ ဝင်ရောက်ပြီး စိမ်းလန်းစိုပြေသော ဝိညာဉ်ဆေးဥယျာဉ်ကြီးကို ပြသလိုက်သည်။
အကြီးအကဲ ဟုန်မုံ ထပ်မံ အံ့သြသွားပြန်သည်။
“အရေအတွက်ရော အရည်အသွေးပါ ပြည့်စုံလွန်းတယ်... စစ်ဆေးမှု အောင်မြင်ဖို့ ပြဿနာ မရှိဘူး”
ရေကန်ထဲမှ `ဝိညာဉ်ငါး` များကို ကြည့်ပြီး သူမ မျက်လုံးများ အရောင်လက်သွားသည်။
“ဂိုဏ်းချုပ်ယဲ့... ဒီငါးတွေက...”
“ယူသွားလိုက်ပါ... (၃) ကောင် ပေးမယ်”
ယဲ့ဖုန်းသည် ပေါင် (၁၀) ကျော် အလေးချိန်ရှိသော ငါး (၃) ကောင်ကို ရေပူပေါင်းလေးများဖြင့် ထုပ်ပိုးပြီး လက်ဆောင်ပေးလိုက်သည်။
“အရသာ တော်တော် ရှိတယ်ဗျ”
“အဲ... ကျွန်မက အလှမွေးဖို့ ပြောတာပါ... စားဖို့ မဟုတ်ပါဘူး” အကြီးအကဲ ဟုန်မုံ မျက်နှာထား ထူးဆန်းသွားသည်။
လေထု အနည်းငယ် အနေရခက်သွားသည်။
“အဟမ်း... နောက်တစ်နေရာ သွားကြပါစို့”
ယဲ့ဖုန်းသည် အားလုံးကို ဖေးလိုင် တောင်ထိပ်သို့ ခေါ်ဆောင်သွားလိုက်သည်။
“ဂိုဏ်းမှာ အသေးစား ဝိညာဉ်သွေးကြော (၃) ခုတောင် ရှိတာလား... တကယ် ချမ်းသာတာပဲ... ဝိညာဉ်သွေးကြော ကိစ္စလည်း ပြဿနာ မရှိတော့ဘူး... နောက်ဆုံးအနေနဲ့ ဆေးဖော်ခြင်း နဲ့ လက်နက်သွန်းလုပ်ခြင်း ကျန်တယ်”
“ဖင်းအန်း... ဆေးဖော်ပြလိုက်”
“ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်ဦးလေး”
ဝမ်ဖင်းအန်းသည် အမည်းရောင် ဒယ်အိုးကြီးကို ထုတ်လိုက်ပြီး မီးမွှေးလိုက်သည်။
“မီးမွှေးမယ်... ဆေးဖော်မယ်”
အကြီးအကဲ ဟုန်မုံနှင့် မိုမင်ရှီ တို့ မျက်လုံးပြူးသွားကြ၏။
ဒယ်အိုးနဲ့ ဆေးဖော်မယ် ဟုတ်လား။
ဆေးပညာကို စော်ကားနေတာလား။
သို့သော် မကြာမီ သူတို့ အံ့သြသွားကြ၏။
ဝမ်ဖင်းအန်းသည် ဆေးပင်များကို အချိုးအစားကျကျ ရောစပ်ပြီး ဒယ်အိုးထဲတွင် လှော်လိုက်၊ ချက်လိုက် လုပ်နေသည်။ မကြာမီ ဒယ်အိုးနံရံများတွင် ဆေးအဆီအနှစ်များ စုစည်းလာသည်ကို တွေ့လိုက်ရသည်။
“အိုး... စိတ်ဝင်စားစရာပဲ” အကြီးအကဲ ဟုန်မုံ စိတ်ပါဝင်စားသွားသည်။
မိုမင်ရှီလည်း သေချာ စောင့်ကြည့်နေသည်။
ဆေးပညာလောကကို ကိုင်လှုပ်မည့် `ဒယ်အိုး ဆေးချက်နည်း` ပေါ်ထွက်လာတော့မည့် အငွေ့အသက်များကို သူတို့ ခံစားလိုက်ရတော့၏။
အခန်း (၂၇၃) - ခရိုင်ဘုရင်မြို့တော်၏ အံ့သြစရာ အကြီးအကဲ
~ပုံမှန်အားဖြင့် ဆေးဖော်လျှင် `ဆေးပေါင်းအိုး` အား အသုံးပြုကြ၏။
အဆင့်မြင့်သော ကျင့်ကြံသူများဆိုလျှင် `ဝိညာဉ်မီး`သို့မဟုတ် `အစစ်အမှန်မီး`တို့ကို အသုံးပြုကြ၏။ ကွာခြားချက်များ ရှိသော်လည်း အခြေခံသဘောတရားမှာ အတူတူပင် ဖြစ်၏။
သို့သော် ယခု ဝမ်ဖင်းအန်း အသုံးပြုနေသော `ဒယ်အိုး ဆေးချက်နည်း` မှာ လုံးဝ ကွဲပြားခြားနားနေသည်။
“ဒီလိုနည်းနဲ့ ဆေးဖော်လို့ ရတယ်တဲ့လား” မိုမင်ရှီ တီးတိုး ရေရွတ်လိုက်သည်။
`ချွင်... ချွင်...`
ဝမ်ဖင်းအန်းသည် ဆေးပင်များကို မွှေနှောက်နေပြီးနောက် မီးကို ရပ်လိုက်သည်။ ဒယ်အိုးနံရံမှ ဆေးအဆီအနှစ်များကို ခြစ်ယူလိုက်သည်။ ဒယ်အိုးကို ဆေးကြော၊ စစ်ထုတ်၊ မွှေနှောက်၊ အနည်ထိုင်စေပြီးနောက် ပြန်လည် လှော်လိုက်သည်။ နောက်ဆုံးတွင် သစ်သားသေတ္တာထဲ ထည့်ပြီး လှုပ်ခါလိုက်ရာ ဆေးလုံးများအဖြစ် ပြောင်းလဲသွားတော့၏။
“စုစုပေါင်း (၉) လုံး... မဆိုးပါဘူး”
ဝမ်ဖင်းအန်း ရေရွတ်လိုက်ပြီး လက်ဝါးပေါ်တွင် ဝိညာဉ်မီးကို ထုတ်လွှတ်ကာ ဆေးလုံးများကို သန့်စင်လိုက်သည်။ ဆေးလုံးများ၏ မျက်နှာပြင်ပေါ်တွင် အင်းကွက်များ ပေါ်လာပြီး တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာတော့၏။
`ဖူး... ဖူး...`
ဆေးလုံး (၂) လုံး ပျက်စီးသွားပြီး ပြာကျသွားသည်။ ကျန် (၇) လုံးမှာမူ အပူဒဏ်ကို ခံနိုင်ရည်ရှိပြီး (၁၅) မိနစ်ခန့် ကြာသောအခါ ဆေးရနံ့များ သင်းပျံ့လာကာ စစ်မှန်သော `အဆင့်မြင့် ချီကျင့်ကြံဆေးလုံး` များ ဖြစ်လာကြတော့၏။
“အောင်မြင်ပြီ”
တပည့်များ အော်ဟစ်လိုက်ကြ၏။
အကြီးအကဲ ဟုန်မုံနှင့် မိုမင်ရှီတို့သည် ဆေးလုံးတစ်လုံးစီကို ကိုင်ကြည့်လိုက်ရာ သန့်စင်မှု အလွန်မြင့်မားပြီး အရည်အသွေး ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။ အနည်းဆုံး ဆေးဆရာအဆင့် လက်ရာပင်။
“ဖော်ပြလို့ မရနိုင်လောက်အောင် ထူးချွန်ပါတယ်” အကြီးအကဲ ဟုန်မုံ ချီးကျူးလိုက်သည်။
“ပညာသစ် တစ်ခု ရလိုက်တာပဲ” မိုမင်ရှီ တီးတိုး ပြောလိုက်သည်။
ယဲ့ဖုန်းက ပြုံးလိုက်ပြီး မေးလိုက်သည်။
“အကြီးအကဲ ဟုန်မုံ... ဆေးဖော်တဲ့ ကဏ္ဍ အောင်မြင်လားဗျ”
“လုံးဝ ပြဿနာ မရှိပါဘူး” အကြီးအကဲ ဟုန်မုံ အတည်ပြုလိုက်သည်။ “နောက်တစ်ခုက လက်နက်သွန်းလုပ်ခြင်းပါ... ဒါပေမဲ့ အဆောင်လက်ဖွဲ့ သို့မဟုတ် ဝင်္ကပါ ဖန်တီးပြရင်လည်း ရပါတယ်”
ယဲ့ဖုန်းက `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ရေးဆွဲနိုင်ကြောင်း သူမ မှတ်မိသည်။ ဒါကြောင့် ဒီအဆင့်ကို တန်းပြီး အောင်မြင်ခွင့် ပေးလိုက်ဖို့ ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကုန်းချင်းချိုး ရှေ့ထွက်လာပြီး နူးညံ့စွာ ပြောလိုက်သည်။
“ဒီအဆင့်အတွက် ကျွန်မ အဆောင်လက်ဖွဲ့ ရေးဆွဲပြပါရစေ”
“အဆောင်လက်ဖွဲ့လား... ရပါတယ်” အကြီးအကဲ ဟုန်မုံ သဘောတူလိုက်သည်။
အကြီးအကဲများ ခန်းမဆောင်တွင်...
ကုန်းချင်းချိုးသည် သစ်သားစားပွဲရှေ့တွင် ရပ်လိုက်ပြီး စုတ်တံကို ကျွမ်းကျင်စွာ ကိုင်ကာ အဆောင်လက်ဖွဲ့ စက္ကူပေါ်တွင် အင်းကွက်များ ရေးဆွဲလိုက်တော့၏။ သူမ၏ လက်ရေးလက်သားမှာ တည်ငြိမ်ပြီး သေသပ်လှပသည်။ ရင့်ကျက်တည်ငြိမ်သော အလှတရားနှင့် ပေါင်းစပ်လိုက်သောအခါ ကြည့်ရသူများ အမြင်အာရုံကို ဖမ်းစားထားတော့၏။
အဆောင်လက်ဖွဲ့ လျင်မြန်စွာ ပြီးစီးသွားသည်။
ကုန်းချင်းချိုးသည် အဆောင်လက်ဖွဲ့ကို လက်ညှိုးဖြင့် တောက်လိုက်ရာ ပြာမှုန်များ ကျသွားပြီး အဖြူရောင် အဆောင်လက်ဖွဲ့တစ်ခု ပေါ်လာတော့၏။
“ဒါက `အလယ်အလတ်အဆင့် ကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့` ပါ... မိုးကြိုး (၃) ချက် ပစ်ချနိုင်ပြီး `ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်` ပညာရှင်ကိုတောင် ချက်ချင်း ပြာကျသွားစေနိုင်ပါတယ်”
ကုန်းချင်းချိုးသည် အဆောင်လက်ဖွဲ့ကို အကြီးအကဲ ဟုန်မုံထံ ပေးလိုက်သည်။
အကြီးအကဲ ဟုန်မုံသည် အဆောင်လက်ဖွဲ့ကို ကိုင်ကြည့်လိုက်ရာ ပြင်းထန်သော မိုးကြိုးစွမ်းအားများကို ခံစားလိုက်ရသည်။ အကယ်၍ ပေါက်ကွဲသွားပါက သူမပင်လျှင် အလေးအနက်ထား ကာကွယ်ရမည် ဖြစ်၏။
“တကယ်ပဲ ဘက်စုံတော်တဲ့ အကြီးအကဲကုန်း ပါပဲ... အဆောင်လက်ဖွဲ့ ပညာရပ်က အလွန် မြင့်မားပါတယ်... ဒါဆိုရင် မြူခိုးဂိုဏ်းဟာ လက်နက်သွန်းလုပ်ခြင်းနဲ့ အဆောင်လက်ဖွဲ့ ကဏ္ဍအတွက်လည်း ပြည့်မီသွားပါပြီ”
အကြီးအကဲ ဟုန်မုံ ပြန်ပေးလိုက်ရင်း ချီးကျူးလိုက်သည်။
ယဲ့ဖုန်း ပြုံးလိုက်သည်။
“ဒါဆိုရင် မြူခိုးဂိုဏ်းရဲ့ `ကြယ်အဆင့်` စစ်ဆေးမှုက ပြဿနာ မရှိတော့ဘူးပေါ့”
“သေချာပေါက် ပြဿနာ မရှိပါဘူး” အကြီးအကဲ ဟုန်မုံ ခေါင်းငြိမ့်လိုက်ပြီး ရွှေရောင် စက္ကူကြိုးကြာငှက်တစ်ကောင်ကို ထုတ်လိုက်သည်။ “ကျွန်မ ခရိုင်ဘုရင်မြို့တော်က ဂိုဏ်းချုပ်ကြီးဆီ အခုပဲ သတင်းပို့လိုက်ပါမယ်... (၃) ရက်အတွင်း တရားဝင် စစ်ဆေးမယ့် အကြီးအကဲတစ်ယောက် ရောက်လာပါလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်ဗျာ” ယဲ့ဖုန်း ဦးညွှတ်လိုက်သည်။
အကြီးအကဲ ဟုန်မုံ ကြာကြာမနေတော့ပေ။ စက္ကူကြိုးကြာကို လွှတ်လိုက်ပြီး မိုမင်ရှီနှင့်အတူ ပြန်လည် ထွက်ခွာသွားတော့၏။
ကောင်းကင်ကို ကြည့်ရင်း ယဲ့ဖုန်း ပျော်ရွှင်နေမိသည်။
တပည့်များလည်း လက်သီးဆုပ်ကာ စိတ်လှုပ်ရှား မျှော်လင့်နေကြ၏။
ထိုစဉ်၊ ကုန်းချင်းချိုးက အကြံပြုလိုက်သည်။
“ဂိုဏ်းချုပ်... လာမယ့် ရက်အနည်းငယ်အတွင်းမှာ နောက်ထပ် ပြင်ဆင်မှုတွေ လုပ်ထားကြရအောင်...
ခရိုင်ဘုရင်မြို့တော်က အကြီးအကဲ ရောက်လာရင် အကောင်းဆုံး အခြေအနေနဲ့ ကြိုဆိုနိုင်အောင်လို့ပါ”
မြူခိုးဂိုဏ်း ကြယ်အဆင့် ဖြစ်သွားလျှင် သူမ၏ ကြိုးပမ်းမှုတွေက အရာထင်လာမှာ ဖြစ်ပြီး ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်။
“ကောင်းပြီ... အားလုံး ပြင်ဆင်ကြ... နေပါဦး... ငါတို့ဂိုဏ်းမှာ ဘာလို့ ဂိုဏ်းဝတ်စုံ မရှိတာလဲ”
ယဲ့ဖုန်း နဖူးကို ရိုက်လိုက်မိသည်။
တခြားဂိုဏ်းတွေ ဆိုလျှင် အနီရောင် ဝတ်စုံတွေ၊ အပြာရောင် ဝတ်စုံတွေ၊ ချပ်ဝတ် အမည်းရောင် ဝတ်စုံတွေနှင့် သပ်သပ်ရပ်ရပ် ရှိကြ၏။
မြူခိုးဂိုဏ်းကျတော့ တစ်ယောက်တစ်မျိုး ဝတ်ထားကြတာ ကြည့်ရတာ အဆင်မပြေပေ။
“ဝတ်စုံကိစ္စ ကျွန်မ တာဝန်ယူပါ့မယ်... ဒါပေမဲ့ `ကြယ်အဆင့်` စစ်ဆေးမှု ပြီးမှ လုပ်ရင် ပိုကောင်းမယ် ထင်တယ်” ကုန်းချင်းချိုးက တာဝန်ယူလိုက်သည်။
ရွှေယန်မြို့၏ ဒုတိယမြို့စားမင်းဟောင်း ဆိုတော့ ဒီကိစ္စတွေမှာ အတွေ့အကြုံ အရှိဆုံး မဟုတ်ပါလော။
“ဒါဆို အကြီးအကဲကုန်းကိုပဲ အပ်လိုက်ပါမယ်... ကျေးဇူးပါဗျာ” ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။
...
မျက်စိတစ်မှိတ်အတွင်း (၃) ရက် ကုန်ဆုံးသွားပြန်၏။
မြူခိုးတောင်ထိပ် နှစ်ခုလုံးတွင် ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းနေပြီး စိမ်းလန်းစိုပြေနေသည်။ ဆောင်းရာသီ ရောက်နေသော်လည်း `လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်` သည် တောင်ဘက်တွင် တည်ရှိသဖြင့် သိပ်မအေးလှပေ။ နှင်းကျခြင်း၊ ရေခဲခြင်းများ မရှိသလောက်ပင်။
ယဲ့ဖုန်းသည် ပန်းပင်များကို ရေလောင်းပေးနေသည်။
တောင်ထိပ်နှစ်ခုလုံးတွင် ရောင်စုံပန်းပင်များ စိုက်ပျိုးထားပြီး နေ့စဉ် ဝိညာဉ်စမ်းရေ လောင်းပေးသဖြင့် ရှင်သန်ကြီးထွားနေကြ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်က ခရိုင်ဘုရင်မြို့တော်က အကြီးအကဲ `မိုဝမ်ရှီး` ပါ... ခင်ဗျားတို့ဂိုဏ်း `ကြယ်အဆင့်` စစ်ဆေးခံမယ်ဆိုလို့ အထူး လာရောက်ခဲ့တာပါ”
နွေးထွေးပြီး ဇရာရသော အသံတစ်သံ ကောင်းကင်ယံမှ ထွက်ပေါ်လာတော့၏။
“ရောက်လာကြပြီပဲ..”
ယဲ့ဖုန်းသည် ရေပုံးကို ချပြီး ကောင်းကင်သို့ ဝူးခနဲ ပျံတက်သွားလိုက်သည်။ လူ (၇) ယောက်ကို တွေ့လိုက်ရပါသည်။
ခေါင်းဆောင်မှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး ဖြစ်၏။ `ဓာတ်ကြီးငါးပါး စုစည်းခြင်း နဝမအဆင့်` ရှိပြီး အကြီးအကဲ ဟုန်မုံထက် များစွာ သာလွန်သည်။
ဘယ်ညာတွင် သက်လတ်ပိုင်း အမျိုးသားနှစ်ဦး ရပ်နေသည်။ တစ်ဦးက `ပဉ္စမအဆင့်` ရှိပြီး၊ နောက်တစ်ဦးကလည်း `ပဉ္စမအဆင့်` ဟု ထင်ရသော်လည်း သူ့အငွေ့အသက်က ယဲ့ဖုန်းနှင့် ရင်းနှီးနေပါသည်။
ဒါ `နတ်ဘုရား အာရုံ စွမ်းအား` ပဲ။
ယဲ့ဖုန်း၏ အကြည့်ကို သတိထားမိသောအခါ ဟန်အာ မျက်နှာထား တင်းမာသွားသည်။
ထိုစဉ်၊ ခေါင်းဆောင် မိုဝမ်ရှီးက ပြုံးပြီး မိတ်ဆက်ပေးလာသည်။
“ခင်ဗျားတို့ဂိုဏ်းရဲ့ အခြေအနေက ထူးခြားနေလို့ ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးက ကျွန်တော့်ကို ကိုယ်တိုင် လွှတ်လိုက်တာပါ... အကြီးအကဲ ဟန်အာ နဲ့ အကြီးအကဲ ကျိုးဝေရန် တို့လည်း ပါလာပါတယ်... နောက်က (၄) ယောက်ကတော့ မှတ်တမ်းတင်ဖို့ပါ”
`ဟန်အာ` ဆိုသော နာမည်သည် ယဲ့ဖုန်း၏ ခေါင်းထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။
‘ထိုက်ယွဲ့ တောင်တန်းမှာ ငါသတ်လိုက်တဲ့ `နတ်ဘုရား မျိုးနွယ်` ဟန်ဆန်းရဲ့ ဒိုင်ယာရီထဲမှာ ပါတာပဲ... ဟန်ရီ၊ ဟန်အာ၊ ဟန်ဆန်း ဆိုပြီး (၃) ယောက် ရှိတယ်လို့ ရေးထားတယ်... ဒါကြောင့် ရင်းနှီးနေတာကိုး... တကယ့် နတ်ဘုရား မျိုးနွယ်ပဲ’
ယဲ့ဖုန်း အံ့သြသွားသည်။
‘ ဒီနေ့မှ ဟန်အာနဲ့ လာတွေ့ရတယ်လို့…’’
မျက်နှာဝိုင်းနှင့် အကြီးအကဲ ကျိုးဝေရန် က ပြုံးပြီး ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... အကြီးအကဲ မိုဝမ်ရှီး က ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးရဲ့ `မဟာအကြီးအကဲ` ပါ... ခင်ဗျားတို့ဂိုဏ်းကို အလေးထားလို့ အထူး လွှတ်လိုက်တာပါ”
“မဟာအကြီးအကဲကိုး... မသိလို့ ခွင့်လွှတ်ပါ” ယဲ့ဖုန်း လက်များအား ပူးကပ်၍ အုပ်မိုးလိုက်သည်။
“ယဉ်ကျေးနေစရာ မလိုပါဘူး ဂိုဏ်းချုပ်ယဲ့... ဂိုဏ်းချုပ်ယဲ့က ကျွန်တော်တို့ ဂိုဏ်းချုပ်ကြီးရဲ့ မျက်လုံးထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ပါ... ခင်ဗျားရှေ့မှာ ကျွန်တော်တို့က ဂျူနီယာတွေပါ” မိုဝမ်ရှီးက လေးစားစွာ ပြန်ပြောလိုက်သည်။
ယဲ့ဖုန်းက ငယ်ရွယ်သော်လည်း စွမ်းအားက အံ့မခန်းပင်။
လျိုယွင်ဂိုဏ်း တိုက်ပွဲမှာ နတ်ဆိုးဘုရင် ဟူယွမ်ကို သတ်ဖြတ်ခဲ့ခြင်း တစ်ခုတည်းနှင့်တင် တောင်ပိုင်းမြစ်ကန် ဒေသတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
မြူခိုးဂိုဏ်းကို လူသိနည်းသော်ငြား ၊ယဲ့ဖုန်း နာမည်ကတော့ ကျော်ကြားနေပြီ ဖြစ်၏။
ဓာတ်ကြီးငါးပါး စုစည်းခြင်း နဝမအဆင့်သာ ရှိသော မိုဝမ်ရှီးသည် ယဲ့ဖုန်းရှေ့တွင် မာနမကြီးရဲပေ။
ယဲ့ဖုန်း၏ စူးစိုက်ကြည့်ရှုခြင်းကို ခံနေရသော ဟန်အာသည်လည်း ခေါင်းငုံ့ထားလိုက်ပြီး စိတ်ပူနေသည်။
“ဒီ ယဲ့ဖုန်းက ဘာလို့ ထူးဆန်းနေတာလဲ... သူ့ဆီကနေ နတ်ဘုရားအာရုံ စွမ်းအားတွေ ထွက်နေသလိုပဲ... သူလည်း `ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်` ကို ကျင့်ကြံထားတာများလား”
ဟန်အာက လိုက်မလာချင်ပါချေ။
သို့သော်၊ ဂိုဏ်းချုပ်ကြီးက အပျော်အိမ်မှာ ပျော်ပါးနေတုန်း သွားတွေ့မိ၍ တာဝန်ပေးလိုက်ခြင်း ဖြစ်၏။
မိုဝမ်ရှီးက ယဉ်ကျေးစွာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... အချိန်မဖြုန်းတော့ပါဘူး... စစ်ဆေးမှု စလိုက်ကြမလား”