အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
အခန်း (၂၇၄) - ကြယ်အဆင့်ဂိုဏ်းသစ်၊ မြူခိုးဂိုဏ်း
~လွန်ခဲ့သော ရက်အနည်းငယ်က...
မိုဝမ်ရှီးသည် အကြီးအကဲ ဟုန်မုံထံမှ သတင်းစကား တစ်စောင် ရရှိခဲ့သည်။
ထိုစာထဲတွင် မြူခိုးဂိုဏ်းအား အလွတ်သဘော စစ်ဆေးခဲ့မှု အကြောင်း၊ သိုင်းကျမ်းဆောင်၊ ဝိညာဉ်သွေးကြော အရေအတွက်၊ တပည့်များ၏ ကျင့်ကြံခြင်းအဆင့်၊ နတ်ဆိုးသားရဲဆောင်၊ ဝိညာဉ်ဆေးဥယျာဉ်၊ ဆေးဖော်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ အဆောင်လက်ဖွဲ့ ဖန်တီးခြင်း စသည့် အချက်အလက်များကို အကြမ်းဖျင်း ဖော်ပြထားသည်။
ထိုအချက်အလက်များကို သိရှိပြီးနောက် မိုဝမ်ရှီးသည် မြူခိုးဂိုဏ်းသည် ကြယ်အဆင့်ဂိုဏ်း ဖြစ်ရန် လုံလောက်သော အရည်အချင်းရှိကြောင်း သေချာသွားတော့၏။ ယခု သူလာရောက်ခြင်းမှာ လုပ်ရိုးလုပ်စဉ်အတိုင်း ဟန်ပြသာ ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ မိတ်ဆွေဖွဲ့ရန် ဖြစ်၏။
“ကောင်းပြီ... အချိန်မဆွဲတော့ဘူး... အခုပဲ စစ်ဆေးမှု စလိုက်ရအောင်”
ယဲ့ဖုန်းသည် ဟန်အာကို အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး မိုဝမ်ရှီးအား ပြောလိုက်တော့၏။
“ကောင်းပါပြီ... စလိုက်ကြတာပေါ့” မိုဝမ်ရှီး ခေါင်းငြိမ့်လိုက်သည်။
သူသည် ဟန်အာ၏ နောက်ကြောင်းကို မသိသလို၊ ယဲ့ဖုန်း ဘာကြောင့် ဟန်အာကို ခဏခဏ ကြည့်နေရသလဲ ဆိုတာလည်း မသိပေ။ ရင်းနှီးသလို ခံစားရလို့ နေမှာပါဟု တွေးပြီး ထပ်မမေးတော့ပေ။
မြူခိုးတောင်ထိပ်တွင်...
“ခရိုင်ဘုရင်မြို့တော်က အကြီးအကဲတွေ၊ ကြီးကြပ်ရေးမှူးတွေကို ဂါရဝပြုပါတယ်”
တပည့်များအားလုံး တန်းစီရပ်ပြီး မိုဝမ်ရှီးနှင့် အဖွဲ့အား လက်နှစ်ဖက်ဆုပ်ကာနှုတ်ဆက်လိုက်ကြ၏။
‘တကယ့်မြူခိုးဂိုဏ်းပါလား... `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပါရမီရှင်တပည့် (၂) ယောက်တောင် ရှိတာပဲ... အနာဂတ်မှာ တိုးတက်လာမှာ သေချာတယ်’
မိုဝမ်ရှီးသည် နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်ရာ မျက်လုံးများတွင် အံ့သြရိပ်များ ပေါ်လာတော့၏။
သတင်းကြိုရထားသော်လည်း ကိုယ်တိုင် မြင်လိုက်ရသောအခါ တပည့်ဦးရေ နည်းပါးသော်လည်း အခြေခံအုတ်မြစ် ခိုင်မာကြသည်ကို တွေ့လိုက်ရသည်။ အထောက်အကူပြု ကျင့်စဉ်များ ကျင့်ကြံထားခြင်း ရှိမရှိ မသိရသော်လည်း သူတို့၏ စွမ်းအားမှာ သံသယဖြစ်ဖွယ် မရှိအောင် သန်မာနေသည်။
“ဒါ `ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်` ရဲ့ အရှိန်အဝါပဲ”
ဟန်အာသည် ကျိဇီလင်းကို စိုက်ကြည့်ရင်း မျက်ခွံများ လှုပ်ခတ်နေတော့၏။
သူ့အကြည့်သည် နောက်ဖေးခြံဝင်းရှိ ကျောက်တုံးကြီးဆီသို့ ရောက်သွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ ရင်ထဲတွင် တုန်လှုပ်သွားတော့၏။
'ငါတို့ရဲ့ `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ`က ဒီမှာ ရောက်နေတာလား'
'ငါ နားလည်ပြီ'
'ဟန်ဆန်း ကို သတ်ပြီး အလောင်းဖျောက်သွားတဲ့သူက မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ ဖြစ်ရမယ်'
'ဟန်ရီရဲ့ ချိတ်ပိတ်မှုကို ဖျက်ဆီးနိုင်တာ `ဝိညာဉ်ပင်လယ်အဆင့်` စွမ်းအားရှိတဲ့ ယဲ့ဖုန်း တစ်ယောက်ပဲ ရှိတယ်'
'ဒါကြောင့်ကိုး'
အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ဟန်အာ၏ ရင်ထဲတွင် မုန်တိုင်းထန်နေတော့၏။ သူသည် စိတ်မငြိမ်မသက် ဖြစ်နေပြီး ခရိုင်ဘုရင်မြို့တော်သို့ ချက်ချင်းပြန်ကာ ဟန်ရီကို သတင်းပို့ချင်နေသည်။
ထိုအချိန်တွင် မိုဝမ်ရှီးသည် မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားတို့ ဂိုဏ်းမှာ ပါရမီရှင်တွေ ပေါများလိုက်တာ... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် တပည့် (၂) ယောက် ရှိရုံမက၊ `နတ်ဆိုးဗိုလ်ချုပ်` အဆင့်ရှိတဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ (၂) ကောင်လည်း ရှိတယ်... ဝိညာဉ်သွေးကြော (၃) ခုတောင် ရှိသေးတယ်... ဒါတွေအားလုံး လိုအပ်ချက် ပြည့်မီပါတယ်”
ဟန်ပြ လုပ်ရိုးလုပ်စဉ်သာ ဖြစ်သော်လည်း မိုဝမ်ရှီး အနေဖြင့် အလေးအနက်ထား ဆောင်ရွက်ရပေမည်။
သို့သော် မြူခိုးဂိုဏ်း၏ အခြေအနေများမှာ အလွန် ကောင်းမွန်နေသဖြင့် အတင်းကျပ်ဆုံး စံနှုန်းဖြင့် တိုင်းတာလျှင်ပင် အောင်မြင်မှာ သေချာသည်။
“ကဲ... သိုင်းကျမ်းဆောင်ကို သွားကြစို့”
မိုဝမ်ရှီးသည် ယဲ့ဖုန်းနှင့်အတူ ရှေ့မှ ဦးဆောင်သွားလိုက်သည်။
“သိုင်းကျမ်းဆောင်ထဲက သိုင်းကျမ်းတွေကို စည်းတံဆိပ်တွေနဲ့ ချိတ်ပိတ်ထားပါတယ်... ယူဖို့အတွက် သီးသန့် နည်းလမ်း လိုပါတယ်... ကျွန်မ ဖွင့်ပြပါရစေ”
ကျိဇီလင်း ရှေ့ထွက်လာပြီး ဘယ်လက်ဖြင့် မုဒြာဖော်ကာ ညာလက်ဖြင့် အဝါရောင် စည်းတံဆိပ် တစ်ခုကို ခွာလိုက်တော့၏။
အဆောင်လက်ဖွဲ့ကို ကုန်းချင်းချိုး ဖန်တီးထားခြင်း ဖြစ်၏။
ဒါပေမဲ့ စီမံခန့်ခွဲမှုကိုတော့ ကျိဇီလင်း တာဝန်ယူထားသည်။
ပထမထပ်ရှိ အံဆွဲများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်ရာ ကြီးကြပ်ရေးမှူး (၄) ဦးသည် အမြန်စာရင်းမှတ်ပြီး သိုင်းကျမ်း အမည်များနှင့် အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးကြတော့၏။
ခဏအကြာတွင်...
“အကြီးအကဲကို သတင်းပို့ပါတယ်... မြူခိုးဂိုဏ်းမှာ `ပထမအဆင့် သိုင်းနည်းစနစ်` စုစုပေါင်း (၁၅၀) ရှိပါတယ်”
လှပသော အမျိုးသမီး ကြီးကြပ်ရေးမှူးလေးက သတင်းပို့လိုက်သည်။
“အင်း... မဆိုးဘူး” မိုဝမ်ရှီး ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ဒုတိယထပ်နှင့် တတိယထပ်တို့ကို ဆက်လက် စစ်ဆေးကြရာ ဒုတိယအဆင့် သိုင်းနည်းစနစ်များနှင့် တတိယအဆင့် သိုင်းနည်းစနစ်များ မည်မျှရှိကြောင်း စစ်ဆေးမှတ်တမ်းတင်ကြတော့၏။
လုပ်ငန်းစဉ် တစ်ခုလုံး ချောမွေ့စွာ ပြီးဆုံးသွားတော့၏။
သိုင်းကျမ်းဆောင် အောက်ခြေတွင် မိုဝမ်ရှီးက ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ခင်ဗျားတို့ရဲ့ သိုင်းကျမ်းဆောင်က လိုအပ်ချက် ပြည့်မီပါတယ်... ဒီအဆင့် အောင်မြင်ပါတယ်”
“နောက်တစ်ဆင့်က `ဝိညာဉ်ဆေးဥယျာဉ်` ပါ... အားလုံး လိုက်ခဲ့ကြပါ”
ယဲ့ဖုန်းသည် အားလုံးကို `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ထဲသို့ ခေါ်ဆောင်သွားလိုက်သည်။
စိမ်းလန်းစိုပြေသော ဆေးခင်းကြီးကို ကြည့်ပြီး မိုဝမ်ရှီး ချီးကျူးလိုက်သည်။
“မြူခိုးဂိုဏ်းမှာ `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` ရှိတယ်လို့ သတင်းကြားဖူးပါတယ်... အခု ကိုယ်တိုင် မြင်ရတော့ တကယ် ဟုတ်တာပဲ... အထဲက ဝိညာဉ်စွမ်းအင်တွေလည်း သိပ်သည်းတော့ ဆေးပင်စိုက်ဖို့ အရမ်း သင့်တော်တာပေါ့”
ဟန်အာ ခေါင်းငုံ့ထားလိုက်သည်။
'ဒီဝင်္ကပါက မူလက ငါတို့ `နတ်ဘုရား မျိုးနွယ်` ပိုင်တာကွ... ယဲ့ဖုန်း လုယူသွားတာ'
သူ့စိတ်ထဲတွင် အော်ဟစ်နေသော်လည်း အသံထွက် မပြောရဲပေ။
သူ့အစ်ကို ဟန်ရီ ကို ဒုက္ခမပေးချင်ရင်၊ သူ `သူလျှို` ဆိုတာ မပေါ်ချင်ရင် ငြိမ်ငြိမ်နေတာ အကောင်းဆုံးပဲ။
(၁၅) မိနစ်ခန့် ကြာပြီးနောက်...
ကြီးကြပ်ရေးမှူး (၄) ဦး သတင်းပို့လိုက်သည်။
“အကြီးအကဲ... မြူခိုးဂိုဏ်းမှာ ဆေးပင် စုစုပေါင်း (၁) သောင်း (၃) ထောင်ကျော် ရှိပြီး၊ သက်တမ်း (၁၀၀) ကျော် ဆေးပင် (၁၀) ပင်ကျော် ရှိပါတယ်”
ထိုအခါ၊ မိုဝမ်ရှီး လက်ဝှေ့ယမ်းပြီး ကြေညာလိုက်တော့သည်။
“ကောင်းပြီ... ဆေးဥယျာဉ် အဆင့် အောင်မြင်ပါတယ်”
ယဲ့ဖုန်းသည် ခေါင်းငုံ့နေသော ဟန်အာကို တစ်ချက်ကြည့်ပြီး စိတ်ထဲတွင် ကျိတ်ပြုံးလိုက်သည်။ ဒီကောင်က နတ်ဘုရားမျိုးနွယ်ရဲ့ သူလျှို ဖြစ်မယ် ဆိုတာ သေချာနေပြီ။
ဝင်္ကပါထဲမှ ထွက်လာသောအခါ မိုဝမ်ရှီးက ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... နောက်ဆုံးအနေနဲ့ ဆေးဖော်ခြင်း နဲ့ လက်နက်သွန်းလုပ်ခြင်း ကျန်ပါသေးတယ်... ဒါပြီးရင် အောင်မြင်ပါပြီ”
“ပြဿနာ မရှိပါဘူး” ယဲ့ဖုန်းက ဝမ်ဖင်းအန်းနှင့် ကုန်းချင်းချိုးကို ကြည့်လိုက်သည်။
“ဖင်းအန်း... မင်း ဆေးဖော်တာ တာဝန်ယူ... အကြီးအကဲကုန်း... ခင်ဗျားက အဆောင်လက်ဖွဲ့ ရေးဆွဲတာ တာဝန်ယူပါ”
“ဟုတ်ကဲ့ပါ”
နှစ်ယောက်သား ပြိုင်တူ ဖြေလိုက်ကြ၏။
မြူခိုးတောင်ထိပ် ကွင်းပြင်တွင်...
ဝမ်ဖင်းအန်း မီးမွှေးပြီး ဒယ်အိုးတည်လိုက်သည်ကို ကြည့်ပြီး အားလုံး မျက်လုံးပြူးသွားကြ၏။
“ဒါ... ဒါ ဘယ်လို ဆေးဖော်နည်းလဲ”
မိုဝမ်ရှီးပင် အံ့သြသွားသည်။ မြူခိုးဂိုဏ်းမှာ ဆေးဆရာ ရှိသည်ဟု သိထားသော်ငြား ဒယ်အိုးနှင့် ဆေးဖော်မည် ဟုတော့ မထင်ထားမိပါချေ။
ကုန်းချင်းချိုး၏ အဆောင်လက်ဖွဲ့ ရေးဆွဲမှုကတော့ ကြည့်ကောင်းလှသည်။
သူမသည် စုတ်တံကို တည်ငြိမ်စွာ ကိုင်ပြီး အမှားအယွင်း မရှိ ရေးဆွဲနေသည်။
(၁၅) မိနစ် မကြာခင်မှာပင် `အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့` ဖြစ်သော `မြေငလျင် အဆောင်လက်ဖွဲ့` တစ်ခု ပြီးစီးသွားတော့၏။ အသက်သွင်းလိုက်ပါက မီတာရာချီ ပတ်လည်တွင် ငလျင်လှုပ်စေနိုင်ပြီး `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပညာရှင်ကိုပင် ဖိနှိပ်ထားနိုင်သည်။
“တကယ် တော်ပါတယ်... အသက် (၁၀၀) အောက် ကျင့်ကြံသူတွေထဲမှာ နတ်သမီးကုန်းရဲ့ အဆောင်လက်ဖွဲ့ ပညာက ထိပ်တန်းပါပဲ” မိုဝမ်ရှီး အသံထွက်၍ ချီးကျူးလိုက်သည်။
ထိုအချိန်တွင် ဝမ်ဖင်းအန်းသည် ဆေးဖော်နေဆဲ ဖြစ်၏။
သူ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း လက်ရာ မပျက်ပေ။
နာရီဝက် မကြာခင်မှာပင် ဆေးလုံး (၇) လုံး ထွက်ပေါ်လာသဖြင့် အားလုံး အံ့သြသွားကြ၏။
“ဒီလို ဆေးဖော်နည်းလည်း ရှိတာကိုး... ဗဟုသုတ ရလိုက်ပါတယ်”
မိုဝမ်ရှီး ရယ်မောလိုက်သည်။
`ဖူး.. ဖူး...`
ဆေးလုံး (၂) လုံး ပျက်စီးသွားသော်လည်း ကျန် (၅) လုံးသည် အောင်မြင်စွာ ဖြစ်ပေါ်လာပြီး ဆေးရနံ့များ သင်းပျံ့နေတော့၏။
“ကောင်းတယ်” မိုဝမ်ရှီး လက်ခုပ်တီးလိုက်သည်။
ဒီနေ့ မြူခိုးဂိုဏ်းကို လာစစ်ဆေးရတာ မျက်စိပွင့် နားပွင့် ဖြစ်ရသည်။
`ဒယ်အိုး ဆေးချက်နည်း` ကို ပထမဆုံး မြင်ဖူးခြင်းပါတည်း။ ယဲ့ဖုန်းနှင့် စကားပြောရတာလည်း ပျော်ဖို့ကောင်းပါ၏။ တာဝန်လည်း ပြီးပြီ၊ ဂိုဏ်းချုပ်ကြီး ခိုင်းတာလည်း ပြီးပြီ ဆိုတော့ သူ အလွန် ပျော်ရွှင်နေတော့သည်။
ထို့နောက်၊ မိုဝမ်ရှီး လှည့်ကြည့်လိုက်ပြီး ကြီးကြပ်ရေးမှူးများကို မေးလိုက်သည်။
“ရလဒ် ဘယ်လိုလဲ”
ထိုအခါ၊ အမျိုးသမီး ကြီးကြပ်ရေးမှူးလေး ရှေ့ထွက်လာပြီး ပြောလာသည်။
“အကြီးအကဲကို သတင်းပို့ပါတယ်... အဆင့်မြင့်ဂိုဏ်း မြူခိုးဂိုဏ်းဟာ ဘက်စုံပြည့်စုံတဲ့ `ကြယ်အဆင့် ဂိုဏ်း` ဖြစ်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး `ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း` အဖြစ် သတ်မှတ်နိုင်ပါတယ်”
ပြောပြီးသည်နှင့် မှတ်တမ်းစာအုပ်ကို ပိတ်လိုက်တော့၏။
တစ်ခဏတာ တိတ်ဆိတ်သွားတော့၏။
ယဲ့ဖုန်း အသက်အောင့်ထားလိုက်သည်။ မျက်လုံးများတွင် အရောင်လက်လာပြီး စိတ်လှုပ်ရှားလာ၏။
‘အောင်မြင်ပြီ။
မြူခိုးဂိုဏ်းက ကြယ်အဆင့် ဂိုဏ်း ဖြစ်သွားပြီ။ စနစ်ရဲ့ ဆုလက်ဆောင်တွေလည်း ရောက်လာတော့မယ်။’
“ငါတို့ အောင်မြင်ပြီဟေ့”
“မြူခိုးဂိုဏ်းကြီး ကြယ်အဆင့် ဂိုဏ်း ဖြစ်သွားပြီ... ဂိုဏ်းချုပ်ဟောင်းကြီး ကောင်းကင်ဘုံကနေ ကြည့်ပြီး ပျော်နေတော့မှာပဲ”
တပည့်များ စတင် အော်ဟစ် အောင်ပွဲခံကြတော့၏။
ရှီလေ့သည် ဝမ်ဖင်းအန်း၏ ပါးစပ်ကို အသည်းအသန် လှမ်းပိတ်လိုက်သည်။ (ကျိန်စာသင့်မှာ စိုးလို့ပါ)
ဟိုယွင်ကျဲ၊ လီကျောက်ကျောက်၊ မိုယင်၊ လုံထျန်းရှင်း၊ ကျားယွိလန်၊ ရှဟဲ၊ ချိုကျူ၊ အိုးယန်ဖုန်း၊ အိုးယန်ယွီ၊ ယန်ရူယွီ၊ ချောင်ကျားရှီး၊ ကျိဇီလင်း နှင့် အခြား (၁၂) ယောက်တို့သည် ကြိုတင် ပြင်ဆင်ထားသော ပန်းပွင့်များကို ကြဲချလိုက်ကြတော့၏။
ကုန်းချင်းချိုးသည် ပန်းမိုးများအလယ်တွင် ရပ်လျက် ပျော်ရွှင်နေသော တပည့်များကို ကြည့်ပြီးနောက် တည်ငြိမ်ခန့်ညားသော ယဲ့ဖုန်းကို လှမ်းကြည့်ကာ ပြုံးလိုက်မိသည်။
‘မြူခိုးဂိုဏ်း... ဒီနေ့ကစပြီး ဒါ ငါ့ရဲ့ တစ်ခုတည်းသော အိမ်ပဲ... ငါ့တစ်သက်တာလုံး ဒီဂိုဏ်းကို `ကြယ်နှစ်ပွင့်`၊ `ကြယ်သုံးပွင့်` အထိ ရောက်အောင် ကူညီပေးသွားမယ်’
ကုန်းချင်းချိုး လက်သီးဆုပ်လိုက်သည်။ ရွှေယန်မြို့ ပျက်စီးခြင်း အရိပ်မည်းကြီးမှ လွတ်မြောက်လာပြီ ဖြစ်၏။
မိုဝမ်ရှီးက ဂုဏ်ပြုစကား ဆိုပြီးနောက် အသိပေးလိုက်သည်။
“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ယဲ့... ဒီနေ့ကစပြီး မြူခိုးဂိုဏ်းဟာ တောင်ပိုင်းမြစ်ကန် ဒေသရဲ့ အသစ်စက်စက် ကြယ်အဆင့် ဂိုဏ်း ဖြစ်သွားပါပြီ... ဂိုဏ်းချုပ်ယဲ့ အနေနဲ့ `ဂိုဏ်း`ဆိုတဲ့ နာမည်ကနေ `ဂိတ်` ၊ `ကျောင်းတော်` ၊ `ဂိုဏ်းတော်` ( ကြီးကျယ်သော အဓိပ္ပါယ်ဖြင့်) စသဖြင့် ပြောင်းလဲ ခေါ်ဝေါ်နိုင်ပါပြီ…,”
“နာမည် ပြောင်းလို့ ရတယ် ဟုတ်လား” ယဲ့ဖုန်း အံ့သြသွားသည်။
ကုန်းချင်းချိုး ရှေ့တိုးလာပြီး ရှင်းပြသည်။
“ပုံမှန်အားဖြင့် ကြယ်အဆင့် ဂိုဏ်း ဖြစ်သွားရင် သာမန်ဂိုဏ်းတွေနဲ့ ကွဲပြားအောင်၊ ဂုဏ်ယူစရာ ဖြစ်အောင် နာမည် ပြောင်းလေ့ ရှိကြပါတယ်”
“ဒါဆို ပြောင်းလိုက်မယ်” ယဲ့ဖုန်း ချက်ချင်း သဘောတူလိုက်သည်။
`မြူခိုးဂိုဏ်း` ဆိုတဲ့ နာမည်ကို ဂိုဏ်းချုပ်ဟောင်း ပေးခဲ့တာ မှန်သော်လည်း၊ သူလည်း သူ့ဂိုဏ်းကို ကြယ်အဆင့် ဖြစ်စေချင်မှာပဲ။ နာမည် ပြောင်းလိုက်လျှင် သူ ပိုပျော်မှာ သေချာသည်။
“ကောင်းပါပြီ... ဒီနေ့ကစပြီး မြူခိုးဂိုဏ်းကို `မြူခိုးဂိုဏ်းတော်` (缥缈宗) အဖြစ် သတ်မှတ်လိုက်ပါပြီ... ပြန်ရောက်ရင် စာရင်းသွင်းလိုက်ပါ့မယ်” မိုဝမ်ရှီးက ဦးညွှတ် နှုတ်ဆက်လိုက်သည်။
ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်... လိုက်မပို့တော့ပါဘူးဗျ”
ဧည့်သည်များ ပြန်သွားသည်နှင့် ယဲ့ဖုန်းလည်း တပည့်များကို ပျော်ပါးခွင့် ပေးလိုက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင်ထဲသို့ အမြန် ဝင်သွားတော့၏။
သူ အရမ်း စိတ်လှုပ်ရှားနေပါသည်။
အကြောင်းကတော့ မြူခိုးဂိုဏ်း ကြယ်အဆင့် ဖြစ်သွားပြီ ဆိုတော့... စနစ်ရဲ့ ဆုလက်ဆောင်တွေ ရောက်လာတော့မည်လေ။
အခန်း (၂၇၅) - ဆုလက်ဆောင်များ ခွဲဝေခြင်းနှင့် ဟင်းလင်းပြင် သံလိုက်အိမ်မြှောင်
ယဲ့ဖုန်းသည် `ကြယ်အဆင့် ဂိုဏ်း` အဖြစ် အဆင့်တက်ပြီးနောက် ရရှိလာမည့် ဆုလက်ဆောင်များကို မျှော်လင့်နေခဲ့သည်မှာ ကြာပြီဖြစ်၏။
~ဂိုဏ်းချုပ် ဘာလို့ အခန်းအောင်းနေရလဲ ဆိုတာ တပည့်တွေ မသိကြသဖြင့် ဂိုဏ်းချုပ် ခန်းမဆောင် ရှေ့တွင် စုရုံးရောက်ရှိနေကြ၏။
“ဂိုဏ်းချုပ် ဝမ်းသာလွန်းလို့ ရူးသွားတာများလား”
“ဖြစ်နိုင်တယ်”
“ပေါင်ကို ပုတ်၊ မျက်နှာကျက်ကို မော့ကြည့်ပြီး `ဟားဟားဟား` လို့ ရယ်မောနေလောက်ပြီ”
“လျှောက်မပြောစမ်းပါနဲ့... ဂိုဏ်းချုပ်က အဲလို ရယ်မယ့်လူမျိုး မဟုတ်ပါဘူး”
တပည့်များ တီးတိုး ဆွေးနွေးနေကြ၏။
ကုန်းချင်းချိုးသည် သူတို့ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
“နောက် (၇) ရက်နေရင် ငါတို့ `မြူခိုးဂိုဏ်း` ရဲ့ ကြယ်အဆင့် ဂိုဏ်း ဖြစ်ခြင်း အောင်ပွဲ ကျင်းပကြမယ်... အခု `အကြီးအကဲများ ခန်းမဆောင်` ကို လိုက်ခဲ့ကြ... ဂိုဏ်းဝတ်စုံသစ် ချုပ်ဖို့ ကိုယ်တိုင်းတွေ ယူရမယ်”
“ဟုတ်ကဲ့ပါ”
တည့်များ လိုက်ပါသွားကြတော့၏။
ဂိုဏ်းချုပ် ခန်းမဆောင် အတွင်းတွင်...
ယဲ့ဖုန်းသည် လက်နှစ်ဖက်ဖြင့် မေးစေ့ကို ထောက်ပြီး စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။
`မူလပေါင်းစည်း ချီစွမ်းအင်` ၊ လျှို့ဝှက်လျှို့ဝှက်ဆန်းကြယ် `အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်` x 1၊ လျှို့ဝှက်လျှို့ဝှက်ဆန်းကြယ် `အဆင့်မြင့် ဝိညာဉ်လက်နက်` x 1၊ `အလယ်အလတ်အဆင့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ`x 1၊ `ဝိညာဉ်ပေါက်ကွဲ ဆေးလုံး` x 3၊ `အံ့ဖွယ်ပြောင်းလဲခြင်း ဝိညာဉ်ဆေးလုံး` x 3၊ `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` x 3၊ `အထောက်အကူပြု ကျင့်စဉ်`....
‘အာ၊ သောက် စနစ်... ဘာလို့ ဒီလောက် ကြာနေရတာလဲ’
အချိန်အတော်ကြာ စောင့်နေသော်လည်း ဘာသံမှ မကြားရသဖြင့် စိတ်မရှည် ဖြစ်လာ၏။
ရုတ်တရက် စက်ရုပ်အသံ ထွက်ပေါ်လာ၏။
[တီ..တီ.. ဂိုဏ်းချုပ်ဟာ တတိယအဆင့် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပါပြီ... ဆုလက်ဆောင်များ - x 1 နှင့် `အထူးလက်ဆောင်အိတ်ငယ်` x 3]
ထိုအသံ ကြားလိုက်ရသဖြင့် ယဲ့ဖုန်း (၃) ပေခန့် ခုန်တက်သွားသည်။
“ဟားဟား... ရောက်လာပြီဟေ့”
ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ သိုင်းကျမ်း တစ်အုပ် ပေါ်လာ၏။
ဒါက ပဉ္စမအဆင့် သိုင်းနည်းစနစ် `မူလပေါင်းစည်း ချီစွမ်းအင်`ပင်။
စာအုပ်ကို ဖွင့်လိုက်သည်နှင့် သတင်းအချက်အလက်များ ခေါင်းထဲသို့ စီးဝင်လာ၏။
[မူလပေါင်းစည်း ချီစွမ်းအင် - ရှေးဟောင်း သူတော်စင် ဖန်တီးခဲ့သော သိုင်းနည်းစနစ်... ဓာတ်ကြီးငါးပါး ချီစွမ်းအင်အား အခြေခံထားပြီး ကိုယ်တွင်းရှိ ဓာတ်ငါးပါး စွမ်းအင်များကို တစ်ခုတည်းအဖြစ် ယာယီ ပေါင်းစပ်ကာ အစွမ်းထက်သော `မူလချီစွမ်းအင်` အဖြစ် ပြောင်းလဲပေးနိုင်သည်... ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပိုင်ဆိုင်သည်]
ယဲ့ဖုန်း ချက်ချင်း တတ်မြောက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒီသိုင်းနည်းစနစ်ကို တတ်မြောက်ထားရင် နောင်ကျရင် `ဓာတ်ကြီးငါးပါး ချီစွမ်းအင်` ကျင့်ကြံဖို့ အခြေခံကောင်း ရသွားမှာပဲ... သိပ်မများပေမဲ့ မရှိတာထက်တော့ ကောင်းပါတယ်”
“ဒါပေမဲ့ အဓိက အားသာချက်က ဖျက်ဆီးအားပဲ”
ယဲ့ဖုန်း အလွန် ကျေနပ်သွားသည်။
ထို့နောက် ဒုတိယနှင့် တတိယ အလင်းလုံးများကို ထုတ်ယူလိုက်သည်။ စနစ်၏ အညွှန်းအရ ဒါတွေက လျှို့ဝှက်လျှို့ဝှက်ဆန်းကြယ် ဝိညာဉ်လက်နက်များ ဖြစ်၏။
`ဂွပ်...`
ပထမ အလင်းလုံး ကွဲထွက်သွားသည်။
လေထဲတွင် အဖြူရောင် သံလိုက်အိမ်မြှောင်တစ်ခု ပေါ်လာ၏။ ယဲ့ဖုန်း လှမ်းယူလိုက်သည်နှင့် သူ့ခေါင်းတွင်း..သတင်းအချက်အလက်များ ဒလဟော ဝင်ရောက်လာ၏။
[ဟင်းလင်းပြင် သံလိုက်အိမ်မြှောင် - အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် (အထူး)]
[ဖော်ပြချက် - ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်သော အထူး ဝိညာဉ်လက်နက်... အကွာအဝေး မိုင် (၁၀၀) အထိ သွားလာနိုင်သည်... အသုံးပြုတိုင်း ဝိညာဉ်စွမ်းအင် အမြောက်အမြား ကုန်ကျသည်... ထူးခြားသော `ဝိညာဉ်စုပ်ယူ ဝင်္ကပါ`ပါဝင်ပြီး ဝိညာဉ်ကျောက်တုံးဖြင့်လည်း အသက်သွင်းနိုင်သည်... ကုဗမီတာ (၁၀၀၀) ဆံ့သော သိုလှောင်ခန်း ပါဝင်သည်]
[ပိုင်ရှင် - ယဲ့ဖုန်း (လွှဲပြောင်း၍ မရ)]
“ဟင်းလင်းပြင် သွားလာရေး လက်နက်... မိုက်တယ်ဟေ့”
ယဲ့ဖုန်း အသက်ရှူသွင်းလိုက်သည်။ လက်မအရွယ်အစားရှိသော သံလိုက်အိမ်မြှောင်ထဲသို့ `အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး` တစ်တုံး ထည့်လိုက်ပြီး မျက်နှာပြင်ကို ထိလိုက်ရာ မိုင် (၁၀၀) ပတ်လည် `သုံးဖက်မြင် မြေပုံ` ပေါ်လာ၏။
“ဒီနေရာ သွားမယ်”
စိတ်ကူးလိုက်သည်နှင့် ဝိညာဉ်ကျောက်တုံး တစ်တုံးလုံး ကုန်ဆုံးသွားပြီး ယဲ့ဖုန်း၏ ခန္ဓာကိုယ်သည် ငွေရောင်ကြယ်ပွင့်လေးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့၏။
နောက်တစ်ခဏတွင်... မိုင် (၁၀၀) အကွာရှိ တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားတော့၏။
“မိုင် (၁၀၀) သွားရင် ဝိညာဉ်ကျောက်တုံး တစ်တုံး ကုန်တာလား... နေပါဦး... မဟုတ်သေးဘူး... စွမ်းအင် ထက်ဝက်က သံလိုက်အိမ်မြှောင်ထဲမှာ ကျန်နေသေးတယ်... ဆိုတော့.. ကျောက်တုံးတစ်တုံးနဲ့ အသွားအပြန် လုပ်လို့ရတယ်ပေါ့”
ယဲ့ဖုန်း ကျေနပ်စွာဖြင့် ကျန်ရှိသော စွမ်းအင်ကို အသုံးပြုပြီး ဂိုဏ်းချုပ် ခန်းမဆောင်သို့ ပြန်လာခဲ့သည်။
သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းလိုက်သည်။
ထို့နောက် တတိယ အလင်းလုံးကို ဖွင့်လိုက်သည်။
`ဖောင်း...`
“လေးစားရပါသော ဂိုဏ်းချုပ်... ဟူဖေးဖေး အချိန်မရွေး အသင့်ရှိနေပါတယ်ရှင်”
ချိုသာပြီး ကြက်သီးထစရာ ကောင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ ယဲ့ဖုန်း၏ အံ့သြနေသော မျက်လုံးများရှေ့တွင် ပန်းရောင်ဆံပင်၊ မြစိမ်းရောင် သလဲသီးရောင် ဝတ်စုံနှင့် အလွန် လှပချစ်စရာကောင်းသော မြေခွေးမိန်းကလေး တစ်ဦး ပေါ်ထွက်လာတော့၏။
“အမ်... ဒါက အဆင့်မြင့် ဝိညာဉ်လက်နက်လား”
ယဲ့ဖုန်း ကြောင်တောင်တောင် ဖြစ်သွားသည်။
သူ့အမြင်အရ အဆင့်မြင့် ဝိညာဉ်လက်နက် ဆိုတာ သံလိုက်အိမ်မြှောင်လိုမျိုး၊ သံရည်ကျိုမီးဖိုလိုမျိုး ဖြစ်ရမှာလေ။
ဘာလို့ ပန်းရောင်ဆံပင်နဲ့ မြေခွေးမလေး ဖြစ်နေရတာလဲ။
စနစ်ရဲ့ နောက်ပြောင်မှုတွေက ပိုဆိုးလာပါလား။
“လေးစားရပါသော ဂိုဏ်းချုပ်... ဟူဖေးဖေး က ဂိုဏ်းချုပ်အတွက် ဘာမဆို လုပ်ပေးနိုင်ပါတယ်”
ဟူဖေးဖေးသည် လက်နှစ်ဖက်ကို ယှက်ပြီး ပြုံးပြလိုက်သည်။ သူမ၏ အပြုံးသည် အပြစ်ကင်းစင်ပြီး မျက်ဝန်းများက ကြည်လင်နေသဖြင့် ကာကွယ်ပေးချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
ယဲ့ဖုန်းသည် ဟူဖေးဖေး၏ နဖူးကို ထိပြီး သတင်းအချက်အလက် ရယူလိုက်သည်။
[ဟူဖေးဖေး - အဆင့်မြင့် ဝိညာဉ်လက်နက် (အထူး)]
[ဖော်ပြချက် - ရှေးဟောင်း သူတော်စင်တစ်ပါး၏ ကောင်းချီးပေးထားသော `ဝူရွှီ ကျောက်စိမ်းရွှံ့` ဖြင့် ပြုလုပ်ထားသည့် သစ္စာရှိ ကိုယ်ရံတော်... `မြေခွေးမလေး၏ မူလဝိညာဉ်` နှင့် ပေါင်းစပ်ထားပြီး မြင့်မားသော ဉာဏ်ရည် ရှိသည်... ထိခိုက်ဒဏ်ရာရပါက ကိုယ်တိုင် ပြန်လည် ကုစားနိုင်သည်... လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်မှာ `ဝိညာဉ်ပင်လယ် ပထမအဆင့်` ရှိသည်]
[မှတ်ချက် (၁) - အဆင့်မြှင့်တင်နည်းကို ကိုယ်တိုင် ရှာဖွေပါ]
[မှတ်ချက် (၂) - ဆံပင် ပိုမို ပန်းရောင်သန်းလေ... ပိုမို ကြမ်းတမ်းလေ ဖြစ်သည်]
အချက်အလက်များကို ဖတ်ပြီးနောက် ယဲ့ဖုန်း နောက်သို့ ယိုင်သွားသည်။
‘ဒါက `လူသားပုံစံ ဝိညာဉ်လက်နက်`ပဲ။ ဉာဏ်ရည်မြင့်တယ်... ခန္ဓာကိုယ်က ဖျက်ဆီးမရဘူး... အဆင့်မြှင့်တင်လို့ ရသေးတယ်။’
“စနစ်... ဟူဖေးဖေး က ဘာသဘောလဲ”
[ကြယ်အဆင့် ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကိုယ်ရံတော် တစ်ယောက်လောက်တော့ ရှိသင့်တာပေါ့... ဟူဖေးဖေးက လှတယ်၊ သဘောကောင်းတယ်၊ သစ္စာရှိတယ်... အကောင်းဆုံး ရွေးချယ်မှုပါပဲ... ပြီးတော့ သူက `တိုက်ခိုက်ရေး နိုးထခြင်း`ပါရမီ ပါပါတယ်... မှတ်ချက်မှာ ပါတဲ့အတိုင်း ဆံပင် ပိုမို ပန်းရောင်သန်းလေ ပိုကြမ်းလေပါပဲ]
စနစ်က ရှင်းပြသည်။
ယဲ့ဖုန်း စဉ်းစားလိုက်သည်။
‘ဟုတ်တော့ ဟုတ်သားပဲ။
ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကိုယ်ရံတော် ရှိသင့်တာပေါ့။
ဒါပေမဲ့ ပုံမှန်ဆိုရင် အစ်ကိုကြီး ခေါင်းပြားလို ကြမ်းကြမ်းတမ်းတမ်း ကောင်ကြီးတွေ မဟုတ်ဘူးလား။ ဘာလို့ လှပတဲ့ မြေခွေးမလေး ဖြစ်နေရတာလဲ။
ကြည့်ရတာ လုံးဝ မကြမ်းမယ့်ပုံပဲ။’
“ဂိုဏ်းချုပ်... ဟူဖေးဖေး.. ဘာမဆို လုပ်ပေးနိုင်ပါတယ်နော်” သူမက ချိုသာစွာ ပြုံးပြနေသည်။
လှပသော ဟူဖေးဖေးကို ကြည့်ရင်း ယဲ့ဖုန်း စိတ်ကျေနပ်သွားသည်။
သို့သော်၊ သူမက `ရုပ်သေး`ဆိုတာ သိနေတော့ ယဲ့ဖုန်း နဖူးကို ပွတ်လိုက်မိသည်။
“လက်ဖက်ရည် ဖျော်ပေး”
“ဟုတ်ကဲ့ပါ”
ဟူဖေးဖေး က ချက်ချင်း လုပ်ဆောင်တော့၏။
ဟူဖေးဖေး လက်ဖက်ရည် ဖျော်နေစဉ် ယဲ့ဖုန်းသည် နောက်ထပ် ဆုလက်ဆောင်များကို ဖွင့်ကြည့်လိုက်သည်။
`ဖောင်း...`
အလင်းလုံး ကွဲထွက်သွားသည်။
အလျားအနံ တစ်ပေခန့် ရှိသော `ဝင်္ကပါ ပြား` တစ်ခု ပေါ်လာ၏။ စစ်တုရင်ခုံနှင့် တူပြီး အဖြူရောင်နှင့် အမည်းရောင် အပိုင်း (၃၆) ခုစီ ပါဝင်သည်။ နက်ရှိုင်းသော ဟင်းလင်းပြင် အငွေ့အသက်များ ထွက်ပေါ်နေသည်။
“အလယ်အလတ်အဆင့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ - `အဖြူအမည်း စစ်တုရင်ခုံ` ... (၁၀) မိုင် ပတ်လည်ကို လွှမ်းခြုံနိုင်တယ်... `စိတ်ကူးယဉ် ဝင်္ကပါ` ၊ `သတ်ဖြတ်ခြင်း ဝင်္ကပါ` နဲ့ `ဖမ်းချုပ်ခြင်း ဝင်္ကပါ`တွေ ပါဝင်တယ်... `ဝိညာဉ်ပင်လယ် အဆင့်နိမ့်` ပညာရှင်တွေကိုတောင် တားဆီးနိုင်တယ်... တော်တော် အသုံးဝင်မယ့် ပစ္စည်းပဲ”
ယဲ့ဖုန်း သိမ်းဆည်းလိုက်သည်။ နောက်မှ တပ်ဆင်ရမည်။
နောက်ထပ် ဆုလက်ဆောင်က `ဝိညာဉ်ပေါက်ကွဲ ဆေးလုံး` (၃) လုံး။
ဒါကို နတ်ဆိုးမြို့တော်မှာတုန်းက သုံးဖူးသည်။ တစ်လုံး သောက်လိုက်လျှင် (၅) မိနစ်ကြာ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်` စွမ်းအားကို ရရှိစေသည်။ `ပုံတူကူး ကျောက်စိမ်း`နှင့် ပွားပြီး အရန်ထားရမည်။
နောက်ထပ်က `အံ့ဖွယ်ပြောင်းလဲခြင်း ဝိညာဉ်ဆေးလုံး` (၃) လုံး။
[အံ့ဖွယ်ပြောင်းလဲခြင်း ဝိညာဉ်ဆေးလုံး - အဂ္ဂိရတ် ဆေးလုံး]
[ဖော်ပြချက် - `ဝိညာဉ်ပင်လယ်အဆင့်` သို့ တက်လှမ်းရာတွင် မရှိမဖြစ် လိုအပ်သော ဆေးလုံး... ဝိညာဉ်ပင်လယ်အဆင့် အတွင်း ကျင့်ကြံခြင်း အဆင့်မြှင့်တင်ရာတွင်လည်း အသုံးပြုသည်]
“ဂိုဏ်းထဲမှာ `ဓာတ်ကြီးငါးပါး စုစည်းခြင်း နဝမအဆင့်` ရောက်တဲ့သူတောင် မရှိသေးဘူး... ဒါက လောလောဆယ် အသုံးမဝင်သေးဘူး... သိမ်းထားလိုက်မယ်”
ယဲ့ဖုန်း ဆက်လက် ဖွင့်ကြည့်လိုက်သည်။
[တီ..တီ.. `အစိုင်အခဲဖြစ်စေသော ဒြပ်စင် နည်းစနစ်` အထောက်အကူပြု ကျင့်စဉ် ကို ရရှိလိုက်ပါပြီ]
ယဲ့ဖုန်း အချက်အလက်များကို ဖတ်ကြည့်လိုက်သည်။
[အစိုင်အခဲဖြစ်စေသော ဒြပ်စင် နည်းစနစ် - အထောက်အကူပြု ကျင့်စဉ်]
[ဖော်ပြချက် - အဆင့် (၃) ဆင့် ပါဝင်သည်... ပထမအဆင့် ပြီးပြည့်စုံပါက ချီ စွမ်းအင် (၃) ပုံ (၁) ပုံ ခဲသွားမည်... ဒုတိယအဆင့်တွင် (၃) ပုံ (၂) ပုံ... တတိယအဆင့်တွင် နှစ်ဆ တိုးပွားလာမည်]
[မှတ်ချက် - ပိတ်ဆို့နေသော အဆင့်များကို ဖောက်ထွင်းရာတွင် အောင်မြင်နိုင်စွမ်း မြင့်မားစေသည်... ချီစွမ်းအင် ပိုမို ခိုင်မာလေ အောင်မြင်နိုင်စွမ်း ပိုများလေ ဖြစ်သည်... အများဆုံး (၂) ဆ အထိ တိုးမြှင့်ပေးနိုင်သည်]
ဖတ်ပြီးနောက် ယဲ့ဖုန်း စဉ်းစားခန်း ဝင်သွားသည်။
“တတိယအဆင့် ရောက်ရင် ချီစွမ်းအင် နှစ်ဆ တိုးမယ့်အပြင် အဆင့်တက်နိုင်စွမ်းလည်း မြင့်လာမယ်... `ဒုတိယ ချီပင်လယ်` နဲ့ ပေါင်းလိုက်ရင် ခံနိုင်ရည်စွမ်းအား (၄) ဆ တိုးသွားမှာပေါ့”
“ဒီကျင့်စဉ်က တကယ် ကောင်းတာပဲ”
ယဲ့ဖုန်း မျက်လုံးများ အရောင်လက်သွားလေတော့သည်။
အခန်း (၂၇၆) - အဖွဲ့ဝင်သစ်နှင့် အဆင့်နိမ့် ဝိညာဉ်သွေးကြော
~ယဲ့ဖုန်းသည် `အစိုင်အခဲဖြစ်စေသော ဒြပ်စင် နည်းစနစ်` အထောက်အကူပြု ကျင့်စဉ်ကို အလွန် အလေးထားသည်။
ဂိုဏ်းအဆင့်တက်ပွဲ အခမ်းအနား ပြီးဆုံးပါက တပည့်များအား ဖြန့်ဝေပေးရန် ဆုံးဖြတ်လိုက်သည်။ ချီစွမ်းအင် စုစည်းဖို့အတွက် မဟုတ်ဘဲ၊ ပိတ်ဆို့နေသော အဆင့်များကို ဖောက်ထွင်းရာတွင် အောင်မြင်မှုနှုန်း မြင့်မားစေရန် ဖြစ်၏။
ကျန်ရှိနေသော အလင်းလုံး (၂) လုံးကို ဆက်လက် ဖွင့်ကြည့်လိုက်သည်။
တစ်ခုတွင် `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` (၃) ခု ပါဝင်ပြီး၊ ကျန်တစ်ခုတွင် `အထူးလက်ဆောင်အိတ်ငယ်` (၃) အိတ် ပါဝင်သည်။
“လက်ဆောင်အိတ်တွေကို အရင် ဖွင့်ကြည့်ရမယ်”
ယဲ့ဖုန်းသည် အလင်းလုံးကို ချေမွလိုက်ရာ `ကံစမ်းမဲအိတ်` (၃) အိတ် ပေါ်လာ၏။
ထပ်မံ ဖွင့်လိုက်သောအခါ ရှေးဟောင်း သိုင်းကျမ်း (၃) အုပ် ထွက်ပေါ်လာ၏။
[အဆောင်လက်ဖွဲ့ မှတ်တမ်း- စစ်မှန်သော ရှင်းလင်းချက် - တွဲ (၁)၊ (၂)၊ (၃)]
ကံစမ်းမဲအိတ် (၃) အိတ်ပေါင်းလိုက်တော့ အဆောင်လက်ဖွဲ့ ဖန်တီးနည်း မှတ်တမ်း တစ်စုံ ရသွားသည်။
“မဆိုးဘူး... ကုန်းချင်းချိုးကို ပေးလိုက်ရမယ်... ဂိုဏ်းတစ်ခုလုံးမှာ သူတစ်ယောက်ပဲ အဆောင်လက်ဖွဲ့ လုပ်တတ်တာကိုး”
ယဲ့ဖုန်း မျက်ခုံးပင့်လိုက်သည်။
ယခု နောက်ဆုံးကျန်ရှိနေသည်မှာ ဂိုဏ်းချုပ်တာဝန် (တတိယအဆင့်) ၏ ဆုလက်ဆောင် `ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` (၃) ခု ဖြစ်၏။
[ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း]
[အကြိမ်အရေအတွက် - ၃]
[လုပ်ဆောင်ချက် - ဧရိယာအကျယ်ကြီးတစ်ခု၏ မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲပေးနိုင်သည်... `အဆင့်နိမ့် ဝိညာဉ်သွေးကြော` ဖြစ်ပေါ်လာရန် အခွင့်အရေး ရှိသည်... မီတာ (၅၀၀) ပတ်လည်ကို ကျင့်ကြံခြင်း နယ်မြေအဖြစ် ပြောင်းလဲပေးနိုင်သည်]
'စနစ်... `အဆင့်နိမ့် ဝိညာဉ်သွေးကြော` ဖြစ်လာဖို့ (၁၀၀) ရာခိုင်နှုန်း မသေချာဘူးလား' ယဲ့ဖုန်း နားမလည်စွာ မေးလိုက်သည်။
[ဝိညာဉ်သွေးကြော တစ်ခု ဖြစ်ပေါ်လာမည်မှာ (၁၀၀) ရာခိုင်နှုန်း သေချာပါသည်... သို့သော် `အသေးစား ဝိညာဉ်သွေးကြော` ဖြစ်ရန် (၈၀) ရာခိုင်နှုန်း နှင့် `အဆင့်နိမ့် ဝိညာဉ်သွေးကြော` ဖြစ်ရန် (၂၀) ရာခိုင်နှုန်း ရှိပါသည်]
“အခွင့်အရေး (၃) ခါ ရှိတာပဲ... တစ်ခါလောက်တော့ `အဆင့်နိမ့်` မဖြစ်လာဘူးလို့ မယုံဘူးကွာ”
ယဲ့ဖုန်းသည် အလင်းလုံးကို ချေမွလိုက်ပြီး အပြင်ထွက်ကာ စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။
“ဂိုဏ်းချုပ်... လက်ဖက်ရည် သုံးဆောင်ပါဦး”
ဟူဖေးဖေးသည် လိမ္မာရေးခြားရှိသော အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်သည်။
“အပူချိန်က သောက်လို့ အကောင်းဆုံး အနေအထားပါ”
“အင်း”
ယဲ့ဖုန်း တစ်ငုံ သောက်ကြည့်လိုက်ရာ အခါးအရသာ မပြင်းလွန်း၊ မပေါ့လွန်းဘဲ အပူချိန်လည်း ကွက်တိ ဖြစ်နေသဖြင့် ချီးကျူးလိုက်မိသည်။
“မင်း တော်တော် တော်တာပဲ”
“ချီးကျူးတဲ့အတွက် ကျေးဇူးပါ ဂိုဏ်းချုပ်” ဟူဖေးဖေး ပြုံးလိုက်သည်။
ချိုသာသော မျက်နှာလေးနှင့် ဟူဖေးဖေးကို ကြည့်ရင်း ယဲ့ဖုန်း စဉ်းစားလိုက်မိသည်။
‘ဝိညာဉ်လက်နက် တစ်ခုကို သက်ရှိလူသားတစ်ယောက်လို စကားပြောရတာ နည်းနည်းတော့ ထူးဆန်းသလိုပဲ။
စက်ရုပ်တစ်ရုပ်နဲ့ စကားပြောနေရသလို ခံစားချက်မျိုးလေ။’
“ကဲ... အပြင်ထွက် လမ်းလျှောက်ရအောင်”
ယဲ့ဖုန်းသည် အလင်းလုံး (၃) လုံးကို ယူပြီး ထွက်ခွာသွားသည်။ ဟူဖေးဖေးသည် ယဲ့ဖုန်း၏ နောက် (၁) မီတာ အကွာမှ ကပ်လိုက်ပါလာ၏။ မဝေးလွန်း၊ မနီးလွန်းသော အနေအထား။
မြူခိုးတောင်ထိပ်တွင်...
ယဲ့ဖုန်းသည် ချောက်ကမ်းပါးစွန်းသို့ လျှောက်သွားပြီး ဘေးနားရှိ ဖေးလိုင် တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။
ကုန်းချင်းချိုးသည် သစ်သားပေတံကို ကိုင်လျက် တပည့်များ၏ ပခုံးအကျယ်၊ အရပ်အမောင်းများကို တိုင်းတာနေပြီး မှတ်တမ်းတင်နေသည်ကို တွေ့လိုက်ရ၏။
“အကြီးအကဲကုန်းက စေ့စပ်သေချာလိုက်တာ... ဂိုဏ်းတွင်းကိစ္စတွေကို သူ့လက်ထဲ အပ်ထားတာ စိတ်ချရတယ်”
ယဲ့ဖုန်း လေးစားစွာ ရေရွတ်လိုက်သည်။
ဟူဖေးဖေးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နောက်မှ ရပ်နေသည်။
`ဝှီး...`
ယဲ့ဖုန်းသည် ကောင်းကင်ယံ မီတာ (၁၀၀၀) အမြင့်သို့ ပျံတက်သွားပြီး ယှဉ်တွဲလျက် ရှိနေသော တောင်ထိပ်နှစ်ခုကို ငုံ့ကြည့်လိုက်၏။
ဟူဖေးဖေးသည်လည်း အသံတိတ် ခုန်ပျံလိုက်ပြီး ယဲ့ဖုန်း၏ ဘေးနားသို့ ရောက်ရှိလာကာ အကာအကွယ်ပေးရန် အသင့်အနေအထားဖြင့် ရှိနေသည်။
“`ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း` ကို သုံးပြီး တောင်ထိပ် (၃) ခု ဖန်တီးလို့ ရပေမဲ့... သီးသန့်စီ သုံးလိုက်ရင် `အဆင့်နိမ့် ဝိညာဉ်သွေးကြော` ဖြစ်လာဖို့ မသေချာဘူး... ဒါကြောင့်...”
ယဲ့ဖုန်း အကြံရသွား၏။
ပထမ အလင်းလုံးကို ချေမွလိုက်ရာ အေးမြသော အလင်းစက်များ မိုးရေသဖွယ် ကျဆင်းသွားပြီး တောင်ထိပ်နှစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။ တောင်ကြီးနှစ်လုံး တုန်ခါသွားတော့၏။
“ဘာဖြစ်တာလဲ”
ကုန်းချင်းချိုးနှင့် တပည့်များ ထိတ်လန့်သွားကြသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် မြေဆီလွှာများသည် တောင်ထိပ်နှစ်ခုဆီသို့ စုစည်းလာကြပြီး မြောက်ဘက်နှင့် အရှေ့ဘက်သို့ ပိုမို ကျယ်ပြန့်လာသည်ကို တွေ့လိုက်ရတော့သည်။
တောင်ထိပ်မှ မီတာ (၁၀) ဂဏန်း အကွာတွင် လှေကားထစ်သဖွယ် ပြန့်ပြူးသော မြေနေရာများ ပေါ်ပေါက်လာပြီး အဆောက်အအုံများ ဆောက်လုပ်ရန် နေရာရလာ၏။
`ဝီ...`
ဝိညာဉ်စမ်းရေတွင်းထဲရှိ `ကျောက်စိမ်း ဝါးပင်` နှင့် `ဝိညာဉ်သွေးကြော အမြုတေ` တို့ ရုတ်တရက် ပေါက်ကွဲသွားပြီး ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲကာ စမ်းရေတွင်းထဲသို့ ပေါင်းစပ်သွားကြ၏။ ကောင်းကင်ယံရှိ ဝိညာဉ်စွမ်းအင် ဝဲကတော့ကြီးသည် ရုတ်တရက် အဆမတန် ကြီးထွားလာတော့၏။
မီတာ (၅၀၀) ပတ်လည်တွင် ဝိညာဉ်စွမ်းအင် သိပ်သည်းဆများ ဒုံးပျံစီးသကဲ့သို့ မြင့်တက်သွားတော့သည်။
စနစ်၏ အသံ ထွက်ပေါ်လာ၏။
[တီ..တီ.. ဂိုဏ်းချုပ်အနေနဲ့ ပထမဆုံးသော `အဆင့်နိမ့် ဝိညာဉ်သွေးကြော`ကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်.. ဆုလက်ဆောင် - `ဝိညာဉ်ရှာဖွေခြင်း အတတ်` x 1]
ယဲ့ဖုန်း အံ့သြစွာဖြင့် လက်ဝါးကို ကြည့်လိုက်ရာ ရှေးဟောင်း စာအုပ် တစ်အုပ် ပေါ်လာ၏။ ဝိညာဉ်သွေးကြောများကို ရှာဖွေနည်း သင်ကြားပေးသော စာအုပ် ဖြစ်လေသည်။
“အဆင့်နိမ့် ဝိညာဉ်သွေးကြော ဖြစ်သွားပြီ”
ဖေးလိုင် တောင်ထိပ်ပေါ်မှ ကုန်းချင်းချိုးသည် ဝိညာဉ်မျက်လုံးဖြင့် ကြည့်ပြီး အံ့သြမှင်သက်နေသည်။
သူမ မော့ကြည့်လိုက်ရာ ယဲ့ဖုန်းကို တွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်ယဲ့ လက်ချက်ကိုး... နေပါဦး... ဘေးနားက ဘယ်သူလဲ... ဘာလို့ သူ့ဆီက အသက်ရှုသံ မကြားရတာလဲ”
ကုန်းချင်းချိုးသည် ဟူဖေးဖေးကို သတိထားမိသွားသည်။
ခါးလောက်ထိ ရှည်လျားသော ပန်းရောင် ဆံပင်၊ အဖြူရောင် အမွှေးပွပွ မြေခွေးအမြီးနှင့် အမျိုးသမီးကို တစ်ခါမှ မမြင်ဖူးပေ။
ဂိုဏ်းချုပ်ရဲ့ နောက်ကို လိုက်နိုင်မှတော့ ပြင်ပလူ မဖြစ်နိုင်ပေ။
“ဘယ်သူလဲဟ”
“ချစ်စရာလေး”
“ငါ့ထက်တောင် ချစ်ဖို့ကောင်းနေတာလား”
တပည့်များလည်း ဟူဖေးဖေးကို သတိထားမိကြ၏။ သို့သော် ဝိညာဉ်သွေးကြော အဆင့်တက်သွားသည်ကို သိလိုက်ရသောအခါ ပို၍ အံ့သြသွားကြ၏။
“ဂိုဏ်းချုပ်က `အဆင့်နိမ့် ဝိညာဉ်သွေးကြော` ကို ဖန်တီးလိုက်တာလား”
“သူ မလုပ်နိုင်တာရော ရှိသေးရဲ့လား”
တပည့်များ၏ လေးစားမှုသည် မြစ်ရေကြီးသကဲ့သို့ လျှံကျလာ၏။
ထိုစဉ်၊ ယန်ရူယွီက ခါးထောက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ် မလုပ်နိုင်တာ တစ်ခုတော့ ကျွန်မ သိတယ်”
“သူ ကလေးမမွေးနိုင်ဘူး... ကျွန်မ မွေးနိုင်တယ်”
သူမစကားကြောင့်၊ အားလုံး လဲကျမလို ဖြစ်သွားကြ၏။
ယောက်ျားလေးဆိုတော့ ကလေးမမွေးနိုင်တာ ဆန်းလားဟ။
*
ကောင်းကင်ယံတွင်...
ယဲ့ဖုန်းသည် `ကျောက်စိမ်း ဝါးပင်` ပျက်စီးသွားသည်ကို တွေ့လိုက်ရသဖြင့် နှမြောမိသွားသည်။
“အသေးစား ဝိညာဉ်သွေးကြော တစ်ခုကို စတေးပြီး အဆင့်နိမ့် ဝိညာဉ်သွေးကြော တစ်ခု ရလိုက်တာ တန်ပါတယ်ျလ... ကျန်တဲ့ အခွင့်အရေး (၂) ခုကို နောက်မှ သုံးတော့မယ်”
တောင်ကြီးနှစ်လုံးသည် ပိုမို ထူထဲလာပြီး မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်သို့ မီတာရာချီ တိုးထွက်လာ၏။ မီတာ (၁၀၀) တိုင်းတွင် ကုန်းပြင်မြင့်ငယ်တစ်ခု ဖြစ်ပေါ်လာပြီး စုစုပေါင်း အဆင့် (၃) ဆင့် ရှိသည်။
အဆောက်အအုံများ ထပ်ဆောက်ရန် နေရာရသွားလေပြီ။
အရေးအကြီးဆုံးအချက်မှာ ဝိညာဉ်စမ်းရေတွင်းမှ ရေထွက်အားသည် (၁၀) ဆ ခန့် တိုးလာပြီး ပေ (၃၀) ခန့် မြင့်သော ရေပန်းကြီး ဖြစ်ပေါ်လာကာ သက်တံ့ရောင်များ ဖြာထွက်နေသည်။
လျှံကျလာသော ရေများသည် ယဲ့ဖုန်း စီစဉ်ထားသော လမ်းကြောင်းအတိုင်း ဖေးလိုင် တောင်ထိပ်ဘက်သို့ စီးဆင်းသွားကြ၏။
တချို့ရေများသည် မြူခိုးတောင်ထိပ် ချောက်ကမ်းပါးမှ စီးကျပြီး ရေတံခွန်ငယ်များ ဖြစ်ပေါ်လာကာ သာယာသော ရေကျသံများ ဖန်တီးပေးနေသည်။
အဝေးက ကြည့်လျှင် တောင်ထိပ်နှစ်ခုသည် ရေတံခွန်များ၊ ရေပန်းများ၊ တိမ်တိုက်များဖြင့် လှပတင့်တယ်နေပြီး နတ်ဘုံနတ်နန်းနှင့် တူလှသည်။
*
ရေပေါ်ဖြူမြို့တော်၌...၊
ဒုတိယမြို့စားမင်းသည် မြူခိုးတောင်ထိပ်ကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်သည်။
“တကယ်ပဲ အဆင့်နိမ့် ဝိညာဉ်သွေးကြော ဖြစ်သွားပြီ... ဂိုဏ်းချုပ်ယဲ့က တကယ် အံ့မခန်းပါပဲ... သူသာ ရှိနေရင် ရေပေါ်ဖြူမြို့တော်က နှစ်ပေါင်းတစ်ထောင် တည်တံ့မှာ သေချာတယ်”
ဂိုဏ်းချုပ် ခန်းမဆောင် ရှေ့တွင်…၊
ယဲ့ဖုန်းသည် ဟူဖေးဖေးကို မိတ်ဆက်ပေးလိုက်သည်။
“ဒါက မင်းသမီးလေး ဟူဖေးဖေး ပါ... ငါတို့ မြူခိုးဂိုဏ်းရဲ့... `ဂုဏ်ထူးဆောင် ကာကွယ်စောင့်ရှောက်သူ` ပါ”
သူ့ရဲ့ ကိုယ်ရံတော်` လို့တော့ ထုတ်ပြော၍ မဖြစ်ဘူးလေ။
ထို့ကြောင့် အကြီးအကဲများ ခန်းမဆောင် အဖွဲ့ဝင်အဖြစ် ထည့်သွင်းလိုက်ပြီး ရာထူး တစ်ခု ပေးလိုက်ခြင်း ဖြစ်၏။
“ဂုဏ်ပြုပါတယ် ကာကွယ်စောင့်ရှောက်သူ မင်းသမီးလေး”
အတွေးကိုယ်စီနှင့်၊ အားလုံး နှုတ်ဆက်လိုက်ကြ၏။
တချို့က သူမ နောက်ကြောင်းကို စိတ်ဝင်စားကြ၏။ တချို့က အလှတရားကို ငေးမောနေကြ၏။ တချို့က ယဲ့ဖုန်းနှင့် သူမ၏ ပတ်သက်မှုကို သံသယ ဖြစ်နေကြသည်။
ကျိဇီလင်းသည် ဟူဖေးဖေး၏ ပန်းရောင် ဆံပင်ကို ကြည့်ပြီး သူမ၏ ခရမ်းရောင် ဆံပင်နှင့် နှိုင်းယှဉ်ကာ စဉ်းစားနေသည်။
‘ ပန်းရောင်က ပိုလန်းသလားလို့။’
ကုန်းချင်းချိုးသည် ဟူဖေးဖေးကို အကဲခတ်ကြည့်နေ၏။
မိန်းကလေးမှာ ကျင့်ကြံခြင်းအဆင့် မရှိသကဲ့သို့ ထင်ရသည်။ သို့သော် ပျံသန်းနိုင်ခြင်းနှင့် ဂိုဏ်းချုပ်က ရာထူးပေးထားခြင်းတို့ကို ထောက်ရှုပါက စွမ်းအားကြီးမားသူ ဖြစ်ရပေမည်။
သို့သော်၊ မည်မျှ စွမ်းအားကြီးလဲ ဆိုတာတော့ ခန့်မှန်းမရပေ။
တိုက်ခိုက်ကြည့်မှ သိမည်ပင်။
သည်လောက် ချစ်စရာကောင်းပြီး အန္တရာယ်ကင်းမယ့်ပုံ ပေါက်နေသော ဟူဖေးဖေးက တကယ်ပဲ ယဲ့ဖုန်း အပြင်က ခေါ်လာတဲ့ `လာဘ်ကောင် အရုပ်`များ ဖြစ်နေမလား။
“ဝါး...”
ထိုအချိန်တွင် ထင်းရှူးပင်အိုကြီး အောက်မှ ဟိန်းဟောက်သံ တစ်သံ ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ဖမ်းစားလိုက်တော့၏။