အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း (၂၇၇) - ဟန်ရီ၏ စိုးရိမ်မှုနှင့် ရှင်းကွမ်ရွှမ်၏ ရောက်ရှိလာခြင်း
~နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး အောက်တွင်...
အစ်ကိုကြီး ခေါင်းပြားသည် ချပ်ဝတ် ကာကွယ်စောင့်ရှောက်သူ (၃) ဦးနှင့် တိုက်ခိုက်နေသည်။
အစွယ်ရှည် ရူးသွပ်ဝက်ကြီးနှင့် အခြားဝက်နတ်ဆိုးများ၏ ဝိညာဉ်သွေးများကို သန့်စင်ပြီးနောက် ခေါင်းပြား၏ ကျင့်ကြံခြင်းအဆင့် သိပ်မတက်လာသော်လည်း ခံနိုင်ရည်စွမ်းအားကတော့ အဆမတန် မြင့်တက်လာခဲ့သည်။
သူသည် မတ်တပ်ရပ်နေပြီး ချပ်ဝတ် ကာကွယ်စောင့်ရှောက်သူ (၃) ဦး၏ ထိုးနှက်ချက်များကို ခံယူနေသည်။
“ဟွန်း...”
ခေါင်းပြားသည် မိုးကောင်းကင်ကို မော့ကြည့်ပြီး မထီမဲ့မြင် ပြုလိုက်တော့၏။
ယဲ့ဖုန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အသွားတော့၏။
“သနားစရာ ခေါင်းပြား... ပြိုင်ဘက်မရှိတော့လို့ ချပ်ဝတ် ကာကွယ်စောင့်ရှောက်သူတွေနဲ့ပဲ လေ့ကျင့်နေရရှာတယ်”
အားလုံး ရယ်မောလိုက်ကြ၏။
“ကဲ... ထားလိုက်ပါတော့”
ယဲ့ဖုန်းသည် အကြည့်လွှဲလိုက်သည်။
“ငါတို့ မြူခိုးဂိုဏ်းက `မြူခိုးတောင်ထိပ်`ကနေ `မြူခိုးဂိုဏ်းတော်` အဖြစ် နာမည်ပြောင်းလိုက်ပြီ... ကြယ်အဆင့် ဂိုဏ်းလည်း ဖြစ်သွားပြီ... ဒီတော့ မင်းတို့ ပိုပြီး ကြိုးစား ကျင့်ကြံကြရမယ်”
“ဟုတ်ကဲ့ပါ”
တပည့်များ မပျင်းရိရဲကြပေ။
ဂိုဏ်းကြီး ကြီးထွားလာသည်နှင့်အမျှ ပါရမီရှင် အသစ်တွေ ဝင်ရောက်လာကြတော့မည်။ စီနီယာတွေ ဖြစ်ပြီး ဂျူနီယာတွေအောက် နိမ့်ကျနေရင် ရှက်စရာကြီး ဖြစ်နေလိမ့်မယ်။
မကြာမီ တပည့်များ လူစုခွဲသွားကြ၏။
ဂိုဏ်းချုပ် ခန်းမဆောင် ရှေ့တွင် ယဲ့ဖုန်း၊ ဟူဖေးဖေးနှင့် ကုန်းချင်းချိုး တို့သာ ကျန်ရစ်ခဲ့သည်။
“ဂိုဏ်းချုပ်... ကိုယ်တိုင်း ယူပါရစေ... ဂိုဏ်းချုပ်အတွက် သီးသန့် ဝတ်စုံ ချုပ်ပေးချင်လို့ပါ”
ပြောပြီးမှ ကုန်းချင်းချိုး မျက်နှာရဲသွားသည်။ စကားအစက နည်းနည်း လွဲသွားသလိုပင်။
ယဲ့ဖုန်းလည်း သဘောပေါက်ပြီး နေရခက်သွားသည်။
“ဂိုဏ်းချုပ်ရဲ့ ကိုယ်တိုင်းကို ဟူဖေးဖေး သိပါတယ်”
ထိုအခိုက်အတန့်၌၊ ဟူဖေးဖေးသည် သစ်ရွက်တစ်ရွက်ကို ခူးလိုက်ပြီး လက်ချောင်းထိပ်ဖြင့် ဂဏန်းအချို့ ရေးကာ ကုန်းချင်းချိုးအား ပေးလိုက်သည်။
ကုန်းချင်းချိုး ကြောင်သွားသည်။
‘ကိုယ်ရံတော် ဟူဖေးဖေးက ဂိုဏ်းချုပ်ရဲ့ ကိုယ်တိုင်းကို သိနေတယ် ဟုတ်လား။ ထူးဆန်းလိုက်တာ။
သူတို့နှစ်ယောက် ဆက်ဆံရေးက အဲဒီလောက်ထိ နက်ရှိုင်းနေတာလား။’’
ကုန်းချင်းချိုး တွေးလိုက်မိသော်လည်း ထပ်မမေးတော့ပေ။ သူမသည် ဂိုဏ်းသားအားလုံး၏ ကိုယ်တိုင်းများကို ယူပြီး မိတ်ဆွေဟောင်းထံ သွားရောက်ကာ ဝတ်စုံများ ချုပ်လုပ်ရန် စီစဉ်လိုက်တော့၏။
မြူခိုးဂိုဏ်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
*
ညဉ့်နက်သန်းခေါင်...
ခရိုင်ဘုရင်မြို့တော််ဝယ်...
ဟန်အာ သည် အိမ်တော် တစ်ခုထဲသို့ မြှားတစ်စင်းအလား ပြေးဝင်သွားသည်။ စာရေးနေသော ဟန်ရီကို တွေ့သောအခါ လေးနက်စွာ ပြောလိုက်သည်။
“အစ်ကိုကြီး... ဟန်ဆန်းကို ဘယ်သူသတ်လဲ သိပြီ”
“ဟေ... ပြောစမ်း”
ဟန်ရီသည် လက်ထဲမှ စုတ်တံကို ချေမွပစ်လိုက်သည်။
“ကျွန်တော် မိုဝမ်ရှီး၊ ကျိုးဝေရန် တို့နဲ့အတူ ရေပေါ်ဖြူမြို့တော်နားက မြူခိုးဂိုဏ်းကို ကြယ်အဆင့် စစ်ဆေးဖို့ သွားခဲ့တယ်... အဲဒီမှာ ကျွန်တော်တို့ရဲ့ `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ`ရောက်နေတာ တွေ့ခဲ့ရတယ်”
“ပြီးတော့ ဂိုဏ်းထဲမှာ ခရမ်းရောင်ဆံပင်နဲ့ မိန်းကလေး တစ်ယောက် ရှိတယ်... နာမည်က ကျိဇီလင်း တဲ့... `ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်` ကို ကျင့်ကြံနေတာ တတိယအဆင့် ရောက်တော့မှာပါ”
ဟန်အာသည် မြူခိုးဂိုဏ်းတွင် ရှိစဉ်က ယဲ့ဖုန်း ထုတ်ပြသော `အမည်မှတ်တမ်းစာအုပ်` မိတ္တူကို တွေ့ခဲ့ရသဖြင့် တပည့်အားလုံး၏ နာမည်များကို သိရှိထားခြင်း ဖြစ်၏။
ထိုစကားကို ကြားသောအခါ ဟန်ရီ၏ မျက်လုံးများ အရောင်လက်သွားသည်။
‘ဟန်ဆန်း အသတ်ခံရတာ မကြာသေးဘူး။ ဝင်္ကပါ ပျောက်သွားတာလည်း မကြာသေးဘူး။ ဒီကာလတိုလေးအတွင်းမှာ တတိယအဆင့် ရောက်တော့မှာတဲ့လား။
ပါရမီက ကြောက်စရာ ကောင်းလိုက်တာ’
“မြူခိုးဂိုဏ်းတဲ့လား... ဂိုဏ်းချုပ်ယဲ့ဖုန်းက `ဝိညာဉ်ပင်လယ်အဆင့်` စွမ်းအား ရှိတယ်လို့ ကြားဖူးတယ်... အစွမ်းထက်လို့သာ ငါ့ရဲ့ အမှတ်အသား ကို တိတ်တဆိတ် ဖျက်ဆီးပြီး ဝင်္ကပါကို ရွှေ့ပြောင်းသွားနိုင်တာကိုး”
ဟန်ရီ အံကြိတ်လိုက်သည်။
ထိုအခါ၊ ဟန်အာက သတိပေးလိုက်သည်။
“အစ်ကိုကြီး... ယဲ့ဖုန်းက ယွင်ဟွာဂိုဏ်း နဲ့ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ အတွက်လည်း `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ` တွေ ဖန်တီးပေးခဲ့ဖူးတယ်လို့ ကြားတယ်... သူက ဝင်္ကပါပညာရှင် ဖြစ်လို့ အမှတ်အသားကို ဖျက်ဆီးနိုင်တာ ဖြစ်လောက်တယ်... စွမ်းအားကြီးလို့ မဟုတ်လောက်ဘူး” “ကွာခြားမှု ရှိလို့လား” ဟန်ရီ မဲ့ပြုံး ပြုံးလိုက်သည်။
ဟန်အာ စဉ်းစားလိုက်သည်။
‘ဟုတ်သားပဲ။
ဘယ်လိုနည်းနဲ့ ဖျက်ဆီးခဲ့လဲ ဆိုတာ အရေးမကြီးဘူး။
အရေးကြီးတာက ယဲ့ဖုန်းက ရန်သူပဲ။’
“အစ်ကိုကြီး... ဒီလူက တော်တော် စွမ်းတယ်နော်... ကျွန်တော်တို့ မနိုင်လောက်ဘူး” ဟန်အာမှာ.. စိုးရိမ်နေသည်။
သူ့အဆင့်က ပဉ္စမအဆင့် သာ ရှိသေးသည်။ ယဲ့ဖုန်း မပါလျှင်တောင် ကုန်းချင်းချိုး နှင့် ထင်းရှူးပင်အိုကြီး နှစ်ယောက်ပေါင်းလျှင် သူ ရှုံးမှာ သေချာသည်။
ဟန်ရီသည် လက်ပိုက်လျက် ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
“ဘာပူစရာ ရှိလဲ... ငါက သတ္တမအဆင့် ကို ရောက်တော့မယ်... `ဝိညာဉ်ပင်လယ်အဆင့်` စွမ်းအား ရလာတော့မယ်... ယဲ့ဖုန်းကို ကြောက်စရာလား... ငါ သိသလောက်ဆိုရင် သူက `ဝိညာဉ်ဓား` စွမ်းအားကိုပဲ အားကိုးတာ... ငါ့ရဲ့ `နတ်ဘုရားအာရုံ စွမ်းအား` နဲ့ ဖိနှိပ်လိုက်ရင် သူ ဘယ်ပြေးနိုင်တော့မလဲ”
ဟန်ရီ၏ အပြုံးသည် ရက်စက်ကြမ်းကြုတ်လာတော့၏။
...
နောက်တစ်နေ့ နံနက်တွင်...
ခရိုင်ဘုရင်မြို့တော်၊ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးမှ သတင်းထုတ်ပြန်လိုက်သည်။
အဆင့်မြင့်ဂိုဏ်း မြူခိုးဂိုဏ်းသည် ကြယ်အဆင့် စစ်ဆေးမှုကို အောင်မြင်သွားပြီ ဖြစ်ပြီး (၇) ရက်အကြာတွင် `ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း` အဖြစ် သတ်မှတ်ခံရမည် ဖြစ်၏။ တစ်ပြိုင်နက်တည်းမှာပင် `မြူခိုးဂိုဏ်းတော်`
(缥缈宗) ဟု အမည်ပြောင်းလဲမည် ဖြစ်၏။
သတင်းကြားသည်နှင့် အင်အားစု အသီးသီး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။
တချို့က ဝမ်းသာကြသလို၊ တချို့က စိတ်ညစ်သွားကြ၏။
ယွင်ဟွာဂိုဏ်း...
“ကောင်းတယ်ဟေ့... ဂုဏ်ပြုလက်ဆောင်တွေ အမြန် ပြင်ဆင်ကြ... ဂိုဏ်းချုပ်ယဲ့ဆီ သွားပြီး ဂုဏ်ပြုကြမယ်” ယွင်ဟွာကျန်းရန် ပေါင်ကို ပုတ်လိုက်သည်။
ချင်းယွင်ဂိုဏ်း...
အကြီးအကဲ အချို့က ချင်းယွင်ကျန်းရန်ကို စိတ်ပျက်စွာ ကြည့်ပြီး တောင်းပန်လိုက်ကြ၏။
“ဂိုဏ်းချုပ်... ယဲ့ဖုန်းက `အဆင့်နိမ့် ဝိညာဉ်သွေးကြော`တောင် ဖန်တီးနိုင်တယ် ဆိုပဲ... ကျေးဇူးပြုပြီး မာနကို လျှော့၊ တောင်းပန်သင့်တာ တောင်းပန်ပြီး အမှားဝန်ခံလိုက်ပါတော့”
“ယောက်ျားကောင်း ဒူးထောက်တယ် ဆိုတာ ရွှေလို တန်ဖိုးရှိတယ်ကွ... `ကောင်းကင်ဘုရင်` ဆင်းလာရင်တောင် ငါ မဒူးထောက်ဘူး”
ချင်းယွင်ကျန်းရန် ဒေါသတကြီး ပျံသန်းထွက်ခွာသွားတော့၏။
ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့...
မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံက ငယ်သားများအား အမိန့်ပေးလိုက်သည်။
“ဆရာယဲ့က ကံကောင်းခြင်းတွေ ပြည့်စုံနေတာပဲ... ကြယ်အဆင့် ဖြစ်လာမယ် ဆိုတာ ကြိုသိနေပြီးသား... လက်ဆောင်တွေ ပြင်ဆင်ထားကြ... နောက်ရက်နည်းနည်းနေရင် သွားဂုဏ်ပြုကြမယ်”
ရေပေါ်ဖြူမြို့တော်တွင်...၊
မြူခိုးဂိုဏ်း၏ လက်အောက်ခံ ဖြစ်သော မြို့သူမြို့သားများသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိုင်အနည်းငယ် အကွာရှိ တောင်ထိပ်နှစ်ခုကို မော့ကြည့်ကာ ဦးခိုက်နေကြတော့၏။
...
မြူခိုးတောင်ထိပ်ဝယ်...၊
[ဂိုဏ်း ဂုဏ်သတင်းအမှတ် +19776]
[ဂိုဏ်း ဂုဏ်သတင်းအမှတ် +9978]
အချက်ပေးသံများ မရပ်မနား ထွက်ပေါ်နေသည်။
မြူခိုးဂိုဏ်း ကြယ်အဆင့် ဖြစ်သွားကတည်းက ဖြည်းဖြည်းချင်း တက်နေသော ဂုဏ်သတင်းအမှတ်များသည် တစ်ရက်တည်းနှင့် (၂) သိန်းမှ (၄) သိန်းကျော်အထိ ထိုးတက်သွားခဲ့၏။
ရေပေါ်ဖြူမြို့တော်သားတွေဆီက အများဆုံး ရခြင်းပင်။ သူတို့ရဲ့ အရှင်သခင် အစစ် ဖြစ်သွားပြီကိုး။
`ယုံကြည်ခြင်း စွမ်းအား`လည်း အများကြီး တက်လာသည်။
ယဲ့ဖုန်း ဝမ်းသာအားရ ဖြစ်နေသည်။ သူက `သံရည်ကျိုမီးဖို`အား အသုံးပြုကာ ရွှေရောင်စာလုံးများဖြင့် ရေးထိုးထားသော သတ္တုဖိတ်စာပြား (၁၀၀) ခန့်ကို ဖန်တီးလိုက်တော့၏။
“ရှီလေ့... ဖိတ်စာတွေ သွားဝေလိုက်... မြန်မြန်လေးနော်”
“စိတ်ချပါ ဂိုဏ်းချုပ်ဦးလေး”
ရှီလေ့သည် ဟိုယွင်ကျဲ၊ မိုယင်၊ လုံထျန်းရှင်း၊ ကျားယွိလန် နှင့် လီကျောက်ကျောက် တို့ကို ခေါ်ဆောင်ပြီး (၂) ယောက် တစ်တွဲ အဖွဲ့ခွဲကာ ဖိတ်စာဝေရန် ထွက်ခွာသွားကြတော့၏။
မျက်စိတစ်မှိတ်အတွင်း နောက်တစ်ရက် ကုန်ဆုံးသွားပြန်သည်။
ယဲ့ဖုန်းသည် ရေပုံးကို ကိုင်လျက် ပန်းပင်များကို ရေလောင်းပေးနေသည်။ အငြိမ်းစား ဘဝကို ကြိုတင် ခံစားနေသလိုပင်။
ဟူဖေးဖေးက ယပ်တောင်ခတ်ပေးရင်း ဘေးနားတွင် ရပ်နေသည်။
ထိုစဉ်၊ ရင်းနှီးနေသော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာ၏။
“ဂိုဏ်းချုပ်ယဲ့”
ကြည့်လိုက်ရာ `ဝိညာဉ်ဓား` ပေါ်တွင် ရပ်နေသော ရှင်းကွမ်ရွှမ် ကို တွေ့လိုက်ရသည်။
“တာအို ရောင်းရင်း ရှင်း... ရှားရှားပါးပါးပါလား”
ယဲ့ဖုန်းသည် ကာကွယ်ရေး ဝင်္ကပါကို ဖွင့်ပေးလိုက်သည်။ ဟူဖေးဖေးကို ရေလောင်းခိုင်းထားခဲ့ပြီး ဧည့်သည်ဆောင်သို့ ခေါ်သွားလိုက်သည်။
ရှင်းကွမ်ရွှမ်သည် ပြောင်းလဲသွားသော မြူခိုးဂိုဏ်းကို ကြည့်ပြီး အံ့သြနေတော့၏။
နှစ်ဦးသား လက်ဖက်ရည် သောက်နေကြ၏။
“ဟေ... ခင်ဗျားရဲ့ ကျင့်ကြံခြင်း အရှိန်အဝါက `ချီစုစည်းခြင်း အထွတ်အထိပ်` ထက် (၁၀) ဆ လောက် ပိုပြင်းထန်နေပါလား... ဒါပေမဲ့ `နတ်ဘုရားအာရုံ` မရှိသေးဘူး... အဆင့်တက်တာ ကျရှုံးခဲ့တာလား” ယဲ့ဖုန်း မေးလိုက်သည်။
ရှင်းကွမ်ရွှမ် သက်ပြင်းချလိုက်သည်။
“ဟူး... ပြောရရင် ယုံတမ်းစကားလို ဖြစ်နေမှာ”
လွန်ခဲ့တဲ့ ရက်ပိုင်းက အဆင့်တက်ဖို့ ကြိုးစားရင်း `နတ်ဘုရားအာရုံ` ဖွဲ့စည်းသည့် အချိန်မှာ ပြဿနာတက်ပြီး ကျရှုံးခဲ့ရသည်။
အတိတ်က အတွေ့အကြုံတွေအရ ဆိုလျှင်... သူ ဒီအဆင့်မှာသာ တစ်သက်လုံး ရပ်တန့်နေရတော့မည်ပင်။
အခန်း (၂၇၈) - ယုံကြည်သူများ၊ ဂိုဏ်းဝတ်စုံနှင့် အချစ်ငှက်
~“ဘယ်လိုလုပ်ပြီး ကျရှုံးနိုင်မှာလဲ” ယဲ့ဖုန်း မေးလိုက်သည်။
ရှင်းကွမ်ရွှမ်၏ ပါရမီက မနိမ့်လှသလို၊ အခြေခံအုတ်မြစ်ကလည်း ခိုင်မာသည်။
‘ပုံမှန်အတိုင်းဆိုရင် အဆင့်တက်ဖို့ အောင်မြင်နိုင်ချေ (၈၀) ရာခိုင်နှုန်းလောက် ရှိသင့်တယ်။ ဂရုတစိုက် လုပ်ဆောင်ရင် ရာနှုန်းပြည့်နီးပါး သေချာနေပြီ။
ဒါပေမဲ့ ဘာလို့ ကျရှုံးရတာလဲ’
ယဲ့ဖုန်း နားမလည်နိုင် ဖြစ်နေသည်။
“အစတုန်းကတော့ ကျွန်တော့်ရဲ့ ပြင်ဆင်မှုတွေက ပြည့်စုံနေပါပြီ”
“လျိုယွင်ဂိုဏ်းက အကြီးအကဲတွေ၊ ကြီးကြပ်ရေးမှူးတွေ အများကြီးက သူတို့ရဲ့ အတွေ့အကြုံတွေကို သင်ပေးခဲ့ကြတယ်”
“ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ကလည်း ဝိညာဉ်သွေးကြောနားက `ဝိညာဉ်စွမ်းအင် ခန်းမ` မှာ ကျင့်ကြံခွင့် ပေးခဲ့ပါတယ်”
“ဒါပေမဲ့... နောက်ဆုံးတော့ ကျရှုံးသွားတာပါပဲ”
“ကံကြမ္မာပဲ ထင်ပါရဲ့ဗျာ”
ရှင်းကွမ်ရွှမ် သက်ပြင်းချလိုက်သည်။
ယဲ့ဖုန်း သူ့ကို သနားသွားသည်။
သူတို့က အသက်ပေးရဲသည့် သူငယ်ချင်းအရင်းကြီးတွေ မဟုတ်သော်လည်း အကျိုးစီးပွားတူ မိတ်ဆွေကောင်းတွေ ဖြစ်ကြ၏။
ထို့ကြောင့် ယဲ့ဖုန်း ကူညီချင်စိတ် ဖြစ်ပေါ်လာ၏။
သူသည် `သွေးကြောပြန်လည်ကောင်းမွန်စေသော ဆေးလုံး` တစ်လုံးကို တိတ်တဆိတ် ချေမွပြီး လက်ဖက်ရည်ကရားထဲသို့ ထည့်လိုက်သည်။ ထို့နောက် လက်ဖက်ရည် ငှဲ့ပေးလိုက်ရာ ဆေးအာနိသင်များ ရှင်းကွမ်ရွှမ်၏ ခွက်ထဲသို့ ရောက်ရှိသွားတော့၏။
“အရမ်း ဝမ်းနည်းမနေပါနဲ့... ခင်ဗျားက ငယ်ပါသေးတယ်... မျှော်လင့်ချက် မပျက်ပါနဲ့ဦး... အဆင့်မတက်နိုင်ရင်တောင် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလို့ ရပါသေးတယ်”
ယဲ့ဖုန်းက အားပေးစကား ဆိုလိုက်သည်။
ထိုအခါ၊ ရှင်းကွမ်ရွှမ်သည် ရေပေါ်ဖြူမြို့တော် ဘက်သို့ လှမ်းကြည့်ပြီး ချစ်မြတ်နိုးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ပျော်ရွှင်အောင် နေရမှာပေါ့... ကျွန်တော့်မှာ ရှောင်ရှောင် ရှိနေတာပဲ”
“ကျွန်တော်.. လျိုယွင်ဂိုဏ်းမှာ ကြီးကြပ်ရေးမှူး လုပ်ဖို့ လျှောက်ထားလိုက်ပြီ... ပြီးရင် ရေပေါ်ဖြူမြို့တော်မှာပဲ အခြေချတော့မယ်... ဒါမှ ရှောင်ရှောင် နဲ့ နေ့တိုင်း `ကျင့်ကြံဖော်`လုပ်လို့ ရမှာ”
နောက်ဆုံးစကား ကြားလိုက်ရသဖြင့် ယဲ့ဖုန်း နှုတ်ခမ်းမဲ့သွားသည်။
ရှောင်ရှောင် ဆိုတာ ရေပေါ်ဖြူမြို့တော်က `အစိမ်းရောင် ကျောက်စိမ်းမျှော်စင်` သခင်မ `ပိုင်ဟွာရှောင်`ကို ပြောခြင်းပင်။ ရှင်းကွမ်ရွှမ်၏ ချစ်သူ။
ဒါကို ယဲ့ဖုန်း သိပါသည်။
သို့သော်လည်း အဆင့်တက်တာ ကျရှုံးထားတာတောင် မိန်းမနှင့် အိပ်ဖို့ပဲ စိတ်ကူးနေသည့် ရှင်းကွမ်ရွှမ်၏ မျက်နှာပြောင်မှုကိုတော့ အံ့သြမိသည်။
'လခွမ်း... ငါ့ရှေ့ လာပြီး အချစ်ဇာတ်ခင်းပြနေတာလား... ငါ သူ့ကို မသနားခဲ့သင့်ဘူး’
ယဲ့ဖုန်း နောင်တရသွားသည်။
ထိုအချိန်တွင် ရှင်းကွမ်ရွှမ်သည် လက်ဖက်ရည်ကို မော့သောက်လိုက်သည်။
အေးမြသော ဆေးရည်သည် ဗိုက်ထဲသို့ ရောက်ရှိသွားပြီး ပျက်စီးနေသော သွေးကြောများကို ချက်ချင်း ပြုပြင်ပေးလိုက်သည်။ အဆင့်မတက်ခင် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့၏။
“အလို…သွေးကြောတွေ ပြန်ကောင်းသွားပြီ”
ရှင်းကွမ်ရွှမ် မျက်လုံးများ ပြူးကျယ်သွားသည်။
ပထမတော့ မယုံကြည်နိုင်။
နောက်တော့ စိတ်လှုပ်ရှားလာ၏။
နောက်ဆုံးတွင် တစ်ခုခုကို သတိရသွားပြီး လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည်။
ထို့နောက် ယဲ့ဖုန်းကို ကြည့်ပြီး တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဒါ ဘာလက်ဖက်ရည်လဲ... ကျွန်တော့်သွေးကြောတွေကို ပြန်ကောင်းသွားစေတယ်... `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ကို ထပ်ပြီး ကြိုးစားခွင့် ရသွားပြီ”
“ဒါ `ခွေးစာ လက်ဖက်ရည်` လို့ ခေါ်တယ်” ယဲ့ဖုန်းက ခပ်တည်တည် ပြန်ဖြေလိုက်သည်။
“ခွေးစာ လက်ဖက်ရည် ဟုတ်လား” ရှင်းကွမ်ရွှမ် နားမလည်ပေ။ နာမည်က ဆန်းနေသည်လေ။
သို့သော်၊ အစောက လက်ဖက်ရည် အရသာနှင့် မတူတော့တာကို သတိထားမိလိုက်ပြီး တစ်ခုခု ထူးခြားနေမှန်း သိလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော် သိပြီ... ခင်ဗျား ဆေးထည့်လိုက်တာ မဟုတ်လား... အဲဒီဆေးက သွေးကြောတွေကို ပြန်ကောင်းစေတာ မဟုတ်လား”
“ဟာ... ဘယ်လိုလုပ် သိတာလဲ”
ယဲ့ဖုန်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ဒီလူ.. တော်တော် ပါးတာပဲ။
“အာ... ဆေးမထည့်ပါဘူး” ယဲ့ဖုန်း ငြင်းလိုက်သည်။ ဆေးလုံးအကြောင်း သူက မသိစေချင်ပေ။
“ဒါက ထူးခြားတဲ့ နေရာတစ်ခုမှာ ပေါက်တဲ့ `ဝိညာဉ်လက်ဖက်ခြောက်` ပါ... သွေးကြောတွေကို အားဖြည့်ပေးတာပါ”
“တကယ်လား”
“တကယ်ပါဆို” ယဲ့ဖုန်း အတည်ပေါက် ပြောလိုက်သည်။
ယဲ့ဖုန်း၏ မျက်နှာထားကို ကြည့်ပြီး ရှင်းကွမ်ရွှမ် ယုံသွား၏။
သွေးကြော ပြန်ကောင်းစေသော ဆေးလုံး ရှိသည်ဟု တစ်ခါမှ မကြားဖူးပါ။
သို့သော်၊ သဘာဝ ဝိညာဉ်ဆေးပင်တွေမှာတော့ ဖြစ်နိုင်ချေ ရှိသည်။
“ဘာပဲဖြစ်ဖြစ်ပါ ဂိုဏ်းချုပ်ယဲ့... ခင်ဗျားက ကျွန်တော့်ကို ဒုတိယအကြိမ် အသက်ပေးလိုက်တာပါပဲ... ကျေးဇူးအများကြီး တင်ပါတယ်... ကျွန်တော်နဲ့ ရှောင်ရှောင် `အစိမ်းရောင် ကျောက်စိမ်းမျှော်စင်` အပျော်အိမ် ဆိုင်ခွဲတစ်ခု ဖွင့်ဖို့ စီစဉ်နေပါတယ်... ဆိုင်ဖွင့်ရင် အထဲက မိန်းကလေးတွေကို ခင်ဗျား စိတ်ကြိုက် ရွေးလို့ရအောင် စီစဉ်ပေးပါ့မယ်ဗျာ”
“ဖူး...”
ယဲ့ဖုန်း သောက်လက်စ လက်ဖက်ရည်များ မှုတ်ထုတ်လိုက်မိသည်။
‘ကောင်းကောင်းမွန်မွန် ပြောနေရင်းကနေ လမ်းကြောင်းလွဲသွားပြန်ပြီ။
ဒီကောင့်ခေါင်းထဲမှာ `ဖာ` ဆိုတဲ့ စကားလုံးပဲ ရှိနေလား မသိဘူး။’
ခေါင်းခွဲကြည့်ချင်စိတ် ပေါက်သွားသည်။
“ခင်ဗျား ဖွင့်မယ့် ဆိုင်ခွဲက တရားဝင် ဟုတ်ရဲ့လား” ယဲ့ဖုန်း မေးလိုက်သည်။
“တရားဝင်ပါ” ရှင်းကွမ်ရွှမ် အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
“တရားဝင်ရင် ဘာလို့ တိုးတိုး ပြောနေရတာလဲ... ရာဇဝတ်မှု ကျူးလွန်နေတာကျလို့” ယဲ့ဖုန်းကလည်း အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။
ရှင်းကွမ်ရွှမ်က သဘာဝကျသလို ပြန်ပြောလိုက်သည်။
“ဒီလို ကိစ္စမျိုးက တိုးတိုးတိတ်တိတ် လုပ်ရတာ ကောင်းတယ်လေ”
ယဲ့ဖုန်းခမျာ ဘာမှ ပြန်မပြောနိုင်တော့ပေ။
ရုတ်တရက် ရှင်းကွမ်ရွှမ် လေးနက်စွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျေးဇူးကို မမေ့ပါဘူး... နောင်ကျရင် ရေပေါ်ဖြူမြို့တော်မှာ အခြေချတော့မှာ ဆိုတော့... ဂိုဏ်းချုပ်ယဲ့ လိုအပ်တာရှိရင် အချိန်မရွေး ခိုင်းပါ”
[ယုံကြည်ခြင်း စွမ်းအား +10]
စနစ်၏ အချက်ပေးသံကြောင့် ယဲ့ဖုန်း အံ့သြသွားသည်။
‘ရှင်းကွမ်ရွှမ်က ယုံကြည်ခြင်း စွမ်းအား အများကြီး ပေးတယ်ပေါ့။
ဆေးလုံးတစ်လုံး ကုန်ရတာ တန်သွားပြီ။’
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်ရဲ့ ပိတ်ဆို့နေတဲ့ အဆင့် ပွင့်သွားပြီလို့ ခံစားရတယ်... ရှောင်ရှောင်ဆီ သွားပြီး အဆင့်တက်လိုက်ဦးမယ်... `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ရောက်ရင် ဆိုင်ခွဲကိစ္စ စီစဉ်တော့မယ်... စိတ်ချပါ... ခင်ဗျားတို့ ဂိုဏ်းအဆင့်တက်ပွဲကျရင် ရှောင်ရှောင်နဲ့အတူ လာအားပေးပါ့မယ်”
ရှင်းကွမ်ရွှမ်၏ လေးနက်သော မျက်နှာထားနှင့် ယခင်က ပေါက်ကရ စကားများကို ယှဉ်ကြည့်ပြီး ယဲ့ဖုန်း ရယ်ချင်စိတ် ပေါက်သွားသည်။
“အင်း... ကောင်းပါပြီ”
ခဏအကြာတွင် ရှင်းကွမ်ရွှမ် ထွက်ခွာသွားတော့၏။
သူသည် ရေပေါ်ဖြူမြို့တော်ရှိ အစိမ်းရောင် ကျောက်စိမ်းမျှော်စင်သို့ သွားရောက်ပြီး ပိုင်ဟွာရှောင်နှင့် တွေ့ဆုံကာ ယဲ့ဖုန်း အားကျပြီး မနာလိုဖြစ်ရသော ဘဝကို စတင်လေတော့သည်။
အချိန်များ ကုန်ဆုံးသွားပြီး နေ့တစ်ဝက် ကြာသွားသည်။
ရှီလေ့နှင့် တပည့်များသည် ဖိတ်စာများ ဆက်လက် ဝေငှနေဆဲ ဖြစ်၏။
“ဂိုဏ်းချုပ်... ဒါက ကျွန်မ ဒီဇိုင်းဆွဲထားတဲ့ ဂိုဏ်းဝတ်စုံ ပုံကြမ်းတွေပါ”
ကုန်းချင်းချိုးက ထူထဲသော စာအုပ် တစ်အုပ်ကို တင်ပြလိုက်လာခြင်းပါ။
“ဂိုဏ်းချုပ်၊ အတွင်းစည်း အကြီးအကဲ၊ အပြင်စည်း အကြီးအကဲ၊ ကာကွယ်စောင့်ရှောက်သူ၊ ကြီးကြပ်ရေးမှူး၊ တပည့်ရင်း၊ အတွင်းစည်း တပည့်၊ အပြင်စည်း တပည့်၊ စာရင်းသွင်း တပည့်၊ အလုပ်သမား... အဆင့်အလိုက် ခွဲထားပါတယ်... အခမ်းအနားဝတ်စုံ၊ ပေါ့ပေါ့ပါးပါး ဝတ်စုံ၊ လေ့ကျင့်ရေး ဝတ်စုံ ဆိုပြီး ထပ်ခွဲထားပါတယ်”
ယဲ့ဖုန်း ဖွင့်ကြည့်လိုက်ရာ ရောင်စုံ ဒီဇိုင်းများ၊ ဆန်းသစ်သော ပုံစံများကို တွေ့ရသော်လည်း အလွန်အမင်း ရှုပ်ထွေးပြီး ဟိတ်ဟန်များလွန်းနေသည်။
“ဒီဇိုင်းက ကောင်းပါတယ်... ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့ဂိုဏ်းနဲ့ မကိုက်ညီသေးဘူး” ယဲ့ဖုန်း ငြင်းပယ်လိုက်သည်။
“ဘာလို့လဲဟင်”
ကုန်းချင်းချိုး စိတ်မကောင်း ဖြစ်သွားသည်။
ညတွေအများကြီး အိပ်ရေးပျက်ခံပြီး ဆွဲထားရသည်လေ။
“တခြားဂိုဏ်းတွေအတွက်ဆိုရင် ကောင်းပါတယ်... ဒါပေမဲ့ မြူခိုးဂိုဏ်းက မတူဘူး... အဲဒီလောက် အသေးစိတ် ခွဲခြားနေစရာ မလိုသေးဘူး... အစပိုင်း ကာလမှာ ရိုးရိုးရှင်းရှင်းပဲ ကောင်းတယ်”
ယဲ့ဖုန်းသည် `အပြင်စည်း တပည့်` ဝတ်စုံပုံကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီတစ်ခုတည်းဆို ရပြီ... ဂိုဏ်းချုပ်ကော၊ အကြီးအကဲတွေကော၊ တပည့်တွေကော... အားလုံး တစ်ပုံစံတည်း ဝတ်ကြမယ်... ဒါ ပိုကောင်းတယ်”
“ဪ...” ကုန်းချင်းချိုး သဘောပေါက်သွားသည်။
“ဂိုဏ်းချုပ်က ဂိုဏ်းသားအချင်းချင်း ခွဲခြားဆက်ဆံသလို ဖြစ်မှာစိုးလို့၊ စိတ်ဝမ်းကွဲမှာစိုးလို့ မဟုတ်လား”
“ဟုတ်တယ်” ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။
‘ကုန်းချင်းချိုးက တကယ် ဉာဏ်ကောင်းတာပဲ’
“ကောင်းပါပြီ... ကျွန်မ ပြန်ပြင်လိုက်ပါ့မယ်”
“မလိုပါဘူး... ဒီပုံစံပဲ ယူလိုက်မယ်”
“အဲ... ဟုတ်ကဲ့ပါ”
ကုန်းချင်းချိုး ထွက်ခွာရန် ပြင်လိုက်သည်။
“နေပါဦး... ဒီစာအုပ် (၃) အုပ် ခင်ဗျားကို ပေးပါမယ်... အသုံးဝင်မယ် ထင်တယ်”
ယဲ့ဖုန်းသည် ဆုလက်ဆောင်ရထားသော `အဆောင်လက်ဖွဲ့ မှတ်တမ်း စစ်မှန်သော ရှင်းလင်းချက်` အတွဲ (၁)၊ (၂)၊ (၃) ကို ထုတ်ပေးလိုက်သည်။
“ဒါ... ဒါ... ဒဏ္ဍာရီလာ သိုင်းကျမ်းကြီးပဲ”
မျက်နှာဖုံးကို မြင်လိုက်သည်နှင့် ကုန်းချင်းချိုး၏ မျက်နှာ အမူအရာ ပြောင်းလဲသွားလေတော့သည်။
အခန်း (၂၇၉) - ချင်းယွင်ကျန်းရန်၏ ကောက်ကျစ်စဉ်းလဲသော အကွက်
~“ပျောက်ဆုံးနေတာ ကြာပြီ တဲ့လား” ယဲ့ဖုန်း အံ့သြသွားသည်။
`အဆောင်လက်ဖွဲ့ မှတ်တမ်း စစ်မှန်သော ရှင်းလင်းချက်` ဆိုတာ သိပ်တန်ဖိုးမရှိလောက်ဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ ကုန်းချင်းချိုးရဲ့ စကားအရဆိုရင် အလွန် အဖိုးတန်ပြီး ပျောက်ကွယ်နေတာ ကြာပြီတဲ့။
“ဂိုဏ်းချုပ် မသိဘူးလား... ဒီစာအုပ်က ပါရမီရှင် အဆောင်လက်ဖွဲ့ ဘိုးဘေးတစ်ယောက် သူ့တစ်သက်တာလုံး ကြိုးစားပြီး ပြုစုထားတဲ့ သိုင်းကျမ်းပါ... အဆောင်လက်ဖွဲ့ လောကမှာ အကောင်းဆုံးလို့ သတ်မှတ်ကြတယ်... ပါရမီနည်းနည်းပါတဲ့သူဆိုရင် ဒီစာအုပ်အပြည့်အစုံ ရလိုက်တာနဲ့ ဆရာကြီး ဖြစ်လာနိုင်တယ်”
ကုန်းချင်းချိုး အသက်ရှုသံ မြန်လာ၏။
“လေလံတင်လိုက်ရင် ပထမတွဲ တစ်ခုတည်းနဲ့တင် `ဝိညာဉ်ကျောက်တုံး` (၅) သောင်းလောက် ရနိုင်တယ်”
“အဲ... အဲဒီလောက် ဈေးကြီးလား”
ယဲ့ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ပထမတွဲ တစ်ခုတည်းနဲ့တင် (၅) သောင်းဆိုရင်... အတွဲ (၃) တွဲလုံးဆိုရင် သိန်းချီ တန်နေမှာပေါ့။
`ဝိညာဉ်ပင်လယ်အဆင့်` ပညာရှင် တစ်ယောက်တောင် မွဲသွားနိုင်လောက်တယ်။
`မူလနတ်ဘုရား အဆင့်` အင်အားစုကြီးတွေလောက်မှ ဝယ်နိုင်မှာ။
“ဂိုဏ်းချုပ်... ဒီလက်ဆောင်က အရမ်း တန်ဖိုးကြီးပါတယ်... ဂိုဏ်းချုပ်ပဲ သိမ်းထားပါ... ကျွန်မက ရံဖန်ရံခါ ငှားဖတ်ရရင် ကျေနပ်ပါပြီ” ကုန်းချင်းချိုးက စာအုပ်ကို ပြန်ပေးရင်း ခေါင်းခါလိုက်သည်။
“ခင်ဗျားက ဂိုဏ်းအတွက် အများကြီး ကြိုးစားပေးခဲ့တာလေ... ဒီလောက်တော့ ထိုက်တန်ပါတယ်” ယဲ့ဖုန်းက အတင်းပေးသည်။
ကုန်းချင်းချိုးက အပေးအယူ လုပ်လိုက်သည်။
“ဒီလိုလုပ်ပါလား... စာအုပ်ကို သိုင်းကျမ်းဆောင်ထဲမှာ ထားလိုက်မယ်... ဇီလင်းကို ထိန်းသိမ်းခိုင်းထားမယ်... လိုအပ်တဲ့အချိန် လာဖတ်ကြတာပေါ့”
ယဲ့ဖုန်း သဘောတူလိုက်သည်။
“အင်း... ကောင်းသားပဲ”
“ဒါဆိုရင် ကျွန်မ ခဏလောက် အပြင်ထွက်ပြီး သူငယ်ချင်း တစ်ယောက်ဆီ သွားလိုက်ဦးမယ်... ဂိုဏ်းအဆင့်တက်ပွဲ မတိုင်မီ ဝတ်စုံတွေ အမီချုပ်ပေးဖို့ သွားပြောမလို့ပါ”
“သွားပါ”
...
ကုန်းချင်းချိုးသည် ကိုယ်တိုင်းစာအုပ်ကို ယူပြီး ယွင်ရှောင် တောအုပ်ကြီး မြောက်ဘက်သို့ ပျံသန်းသွားတော့၏။ မကြာမီ `ဝိညာဉ်ပိုးစာပင်` များ ပေါက်ရောက်နေသော လှပသည့် ချိုင့်ဝှမ်းလေးတစ်ခုသို့ ရောက်ရှိသွားတော့၏။
“ယွင်ယွင်... ငါ ရောက်ပြီ”
ကုန်းချင်းချိုး.. ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ရာ အိမ်စေများ၏ လေးစားစွာ ကြိုဆိုမှုကို ခံရသည်။ အိမ်ထဲတွင် ရက်ကန်းစင်ရှေ့၌ ထိုင်နေသော နုနယ်လှပသည့် မိန်းကလေး တစ်ဦးကို တွေ့လိုက်ရသည်။
“ချိုးချိုး... ဘာကိစ္စ ရှိလို့လဲ”
“နင့်ကို လွမ်းလို့ လာတာပေါ့”
“ဟွန်း... မယုံပါဘူး... အဝတ်အစား လာချုပ်ခိုင်းတာ နေမှာပေါ့”
...
ချင်းယွင်ဂိုဏ်းဝယ်၊...
“ဂိုဏ်းချုပ်က ခေါင်းအရမ်းမာတာပဲ... ဘယ်လိုမှ မတောင်းပန်ချင်ဘူး ဖြစ်နေတယ်”
“အစကတည်းက သူ့ကို ဂိုဏ်းချုပ် မခန့်ခဲ့သင့်ဘူး”
“အခုမှ ပြောနေလို့ ဘာထူးမှာလဲ... ငါတို့ဘာသာ ဂုဏ်ပြုလက်ဆောင်တွေ ပြင်ဆင်ပြီး မြူခိုးဂိုဏ်းကို သွားတောင်းပန်ကြတာပေါ့... ဝိညာဉ်သွေးကြော ပြန်ကောင်းအောင် လုပ်ပေးဖို့ ပြောကြည့်ကြမယ်”
“ကောင်းပါ့မလား”
“အမောင်းထုတ်ခံရရင် ဘယ်လိုလုပ်မလဲ”
“ချင်းယွင်ဂိုဏ်းအတွက်ဆိုရင် ဓားတောင်ကိုကျော်၊ မီးပင်လယ်ကို ဖြတ်ရပါစေ... ငါ မမှုပါဘူးကွာ”
အကြီးအကဲ အချို့သည် ဂိုဏ်းချုပ် ခန်းမဆောင်တွင် တိတ်တဆိတ် ဆွေးနွေးနေကြ၏။
အပြင်ဘက်ရှိ တပည့်များလည်း ထိုစကားများကို ကြားနေရပြီး လက်သီးဆုပ်ကာ မကျေမနပ် ဖြစ်နေကြ၏။
“ဂိုဏ်းအတွက် ကိုယ်ကျိုးစွန့်ပြီး မတောင်းပန်ရဲတဲ့ ဂိုဏ်းချုပ်က ဂိုဏ်းချုပ်ကောင်း မဟုတ်ဘူး”
တချို့က ထုတ်ဖော် ပြောဆိုလာကြ၏။
တောင်ထိပ်တစ်ခုပေါ်တွင်...
ချင်းယွင်ကျန်းရန်သည် ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ခြေထောက်ပေါ်တွင် ဓားတင်ထားသည်။ အောက်ဘက်တွင် ဂိုဏ်းမှ ထွက်ခွာသွားသော တပည့်များကို ငေးကြည့်နေသည်။
“အသုံးမကျတဲ့ အမှိုက်ကောင်တွေ”
ချင်းယွင်ကျန်းရန် မဲ့ပြုံး ပြုံးလိုက်သည်။ မြူခိုးဂိုဏ်းဘက်သို့ လှမ်းကြည့်ပြီး ရေရွတ်လိုက်သည်။
“ငါက သူ့ကို တောင်းပန်ရမယ် ဟုတ်လား... လုံးဝ မဖြစ်နိုင်ဘူး... ဒီချင်းယွင်ဂိုဏ်းမှာ ငါ့အမိန့်က အတည်ပဲ... ဘယ်သူ ငါ့ကို ဆန့်ကျင်ရဲလဲ”
`ချွင်...`
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒ တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ခန်းမဆောင်ထဲမှ အကြီးအကဲများကို ဖိနှိပ်လိုက်ရာ မလှုပ်ရှားနိုင်အောင် ဖြစ်သွားကြ၏။
“ဘာလဲ... ငါမရှိတုန်း အစည်းအဝေးတွေ ဘာတွေ လုပ်နေကြတာလား”
ချင်းယွင်ကျန်းရန်သည် ကောက်ကျစ်သော အပြုံးဖြင့် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာ၏။
ဓားစိတ်ဆန္ဒများ ဆက်လက် သိပ်သည်းနေပြီး တစ်ခန်းလုံးကို လွှမ်းမိုးထားသည်။
အကြီးအကဲ (၃) ယောက်က ချက်ချင်း ရှင်းပြသည်။
“ဂိုဏ်းချုပ်... သူတို့ တိတ်တဆိတ် အစည်းအဝေးလုပ်တာကို ကျွန်တော်တို့ တားပါသေးတယ်... ဒါပေမဲ့ နားမထောင်ကြဘူး”
“ဂိုဏ်းချုပ်... ဒီအတိုင်း ဆက်သွားရင် ချင်းယွင်ဂိုဏ်း တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်... နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ ဂိုဏ်းကြီး ပျက်စီးသွားတာကို လက်ပိုက်ကြည့်နေနိုင်လို့လား” အကြီးအကဲ အိုကြီးတစ်ဦးက သတ္တိရှိရှိ ပြောလိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း”
ချင်းယွင်ကျန်းရန်သည် ဓားဝှေ့ယမ်းလိုက်ရာ အဘိုးအို လွင့်ထွက်သွားတော့၏။
“ဒုတိယအကြီးအကဲ... မင်းကို ကြည့်မရတာ ကြာပြီ... ဒီနေ့ကစပြီး မင်းကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်တယ်... နောက်ဘယ်တော့မှ ပြန်မလာနဲ့”
“မင်း... မင်း မိုက်မဲလှချည်လား”
ဒုတိယအကြီးအကဲ သွေးအန်ပြီး မေ့လဲသွားတော့၏။
“ဂိုဏ်းချုပ်... ခင်ဗျား”
အခြားအကြီးအကဲများ ဒေါသတကြီး ဖြစ်ကုန်ကြ၏။ ဒုတိယအကြီးအကဲကို တွဲထူပြီး ချင်းယွင်ကျန်းရန်ကို စိတ်ပျက်စွာ ကြည့်လိုက်ကြ၏။
“ချင်းယွင်ဂိုဏ်းမှာ မနေချင်တဲ့ ကောင်တွေ... အကုန် ထွက်သွားကြ”
ချင်းယွင်ကျန်းရန်သည် ဓားကို ကိုင်လျက် ရက်စက်စွာ အော်ဟစ်လိုက်သည်။
“မင်း... လူမိုက်ကောင်” ဒုတိယအကြီးအကဲ သတိပြန်ရလာပြီး ဆဲရေးလိုက်သည်။ “ဘိုးဘေးတွေသာ သိရင် မြေကြီးထဲက ထလာပြီး မင်းကို ပါးရိုက်လိမ့်မယ်”
“ဟားဟား... ရယ်စရာတွေ လာပြောမနေနဲ့” ချင်းယွင်ကျန်းရန် ဂရုမစိုက်ပေ။
သူသည် ခန်းမဆောင်အပြင်သို့ ထွက်သွားပြီး `အစစ်အမှန်ယွမ်`နှင့် `ဓားစိတ်ဆန္ဒ` ကို ပေါင်းစပ်ကာ တောင်တန်းတစ်ခုလုံး ကြားအောင် အော်ဟစ်လိုက်သည်။
“ချင်းယွင်ဂိုဏ်းမှာ မနေချင်တဲ့ကောင်တွေ... အကုန် ထွက်သွားကြ”
အသံကြီး ပျံ့လွင့်သွားသည်နှင့် တစ်ောင်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ခဏအကြာတွင်... တပည့်အများအပြားသည် ချင်းယွင်ကျန်းရန်ကို လက်ညှိုးထိုး ဆဲဆိုကြပြီး စိတ်ပျက်လက်ပျက်ဖြင့် ပစ္စည်းများ သိမ်းဆည်းကာ ထွက်ခွာသွားကြလေတော့သည်။
ခြံဝင်းငယ်တစ်ခု ရှေ့တွင်...
ရှောင်ဖန်ကူ သည် ဓားအိမ်ကို ဆုပ်ကိုင်ထားပြီး တီးတိုး ရေရွတ်လိုက်သည်။
“ဘာလို့ ဒီလို ဖြစ်သွားရတာလဲ... ငါ ဂိုဏ်းဝင်တာ (၆) လပဲ ရှိသေးတယ်... အခု ဂိုဏ်းပျက်တော့မယ် ဆိုတော့... ငါ ထွက်သွားရတော့မှာလား”
ရှီးရှင်းယွီ သည် ရှောင်ဖန်ကူ၏ လက်ကို ဆွဲပြီး ငိုယိုကာ ပြောလိုက်သည်။
“ဂျူနီယာ မောင်လေးရှောင်... နင် ထွက်သွားရင် ငါလည်း လိုက်မယ်... ငါတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် အလယ်အလတ်အဆင့် ဂိုဏ်းလေးတစ်ခု ထူထောင်လို့ ရပါတယ်”
“အဲဒါ ကျွန်တော် လိုချင်တဲ့ ဘဝ မဟုတ်ဘူး” ရှောင်ဖန်ကူ ခေါင်းခါလိုက်သည်။
`ဖတ်... ဖတ်... ဖတ်...`
ပိုင်မင်လု သည် မြက်ပင်တစ်ပင်ကို ကိုက်လျက် လျှောက်လာ၏။
“မလောပါနဲ့... ပိန်နေတဲ့ ကုလားအုတ်က မြင်းထက် ကြီးတယ် ဆိုတဲ့ စကား ရှိတယ်လေ... ချင်းယွင်ဂိုဏ်းရဲ့ ဝိညာဉ်သွေးကြော မရှိတော့ဘူး ဆိုပေမဲ့... ကျင့်ကြံဖို့ လုံလောက်တဲ့ ဝိညာဉ်စွမ်းအင်တွေ ကျန်နေပါသေးတယ်”
သူသည် နန်ဝူမြို့တော်ဘက်သို့ အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။
“ပြီးတော့... ချင်းယွင် တောင်တန်းမှာ ဝိညာဉ်သွေးကြော မရှိတော့ပေမဲ့... ချင်းယွင်ဂိုဏ်းမှာ မရှိဘူးလို့ ဘယ်သူ ပြောလဲ”
“ဘာကို ဆိုလိုတာလဲ”
ရှောင်ဖန်ကူနှင့် ရှီးရှင်းယွီ နားမလည် ဖြစ်သွားကြ၏။
ချင်းယွင် တောင်တန်းတွင်...
တပည့်များ၊ ကြီးကြပ်ရေးမှူးများနှင့် အကြီးအကဲ အများအပြား သည်းမခံနိုင်တော့ဘဲ ထွက်ခွာသွားကြ၏။ ထောင်ချီသော လူဦးရေမှ (၉၀၀) အောက်သာ ကျန်ရစ်တော့သည်။
“ကောင်းတယ်... လူတွေ လျော့သွားတော့ ကျွေးရသက်သာတာပေါ့”
ချင်းယွင်ကျန်းရန် လက်ခုပ်တီးလိုက်ရာ လူအချို့ ခန်းမဆောင်ထဲသို့ ဝင်ရောက်လာကြ၏။
“နန်ဝူမြို့စားမင်း”
အကြီးအကဲ အချို့ အံ့သြသွားကြ၏။ ထို့နောက် ချင်းယွင်ကျန်းရန်နှင့် ပတ်သက်မှုကို သတိရသွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကြ၏။
“ငါ မှတ်မိပြီ... နန်ဝူမြို့တော်က တစ်ချိန်တုန်းက `ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း` ဖြစ်ခဲ့ဖူးတယ်... မြို့စားမင်း စွမ်းအားမပြည့်လို့ အဆင့်ကျသွားပေမဲ့... မြို့ထဲက `အသေးစား ဝိညာဉ်သွေးကြော` ကတော့ ရှိနေသေးတယ်”
အကြီးအကဲ တစ်ယောက် သဘောပေါက်သွားသည်။
“နန်ဝူမြို့စားမင်းက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်... လက်ဆောင်မွန် ဆက်သပါတယ်”
နန်ဝူမြို့စားမင်းက လက်ခုပ်တီးလိုက်ရာ လူအများအပြားက သစ်သားသေတ္တာကြီး တစ်လုံးကို ထမ်းလာကြ၏။ အလျား၊ အနံ၊ အမြင့် (၁၀) မီတာခန့် ရှိသည်။
`ကလစ်...`
ချင်းယွင်ကျန်းရန်သည် သံကြိုးများကို ဖြတ်လိုက်ရာ သစ်သားပြားများ ပြိုကျသွားပြီး အတွင်းမှ ဝိညာဉ်ပစ္စည်းတစ်ခု ပေါ်ထွက်လာတော့၏။
ဘွန်ဇိုင်းပင်ကြီး တစ်ပင်။
အလျား (၈) မီတာ၊ အနံ (၅) မီတာ၊ အမြင့် (၃) မီတာ ရှိသော အညိုရောင် ကျောက်တုံးကြီးပေါ်တွင် (၃) မီတာမြင့်သော ကျောက်စိမ်းရောင် သစ်ပင်ငယ်လေးတစ်ပင် ပေါက်ရောက်နေသည်။ သစ်ပင်တစ်ခုလုံး ကျောက်စိမ်းသားဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေပြီး သိပ်သည်းသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
“ဂိုဏ်းချုပ်... ဒါက နန်ဝူမြို့တော်ရဲ့ ဝိညာဉ်သွေးကြော `ကျောက်စိမ်းရတနာပင်` ပါ... မြေကြီးထဲ မြှုပ်လိုက်တာနဲ့ ဝိညာဉ်သွေးကြော အဖြစ် အလုပ်လုပ်ပါလိမ့်မယ်” နန်ဝူမြို့စားမင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
“ကောင်းတယ်”
ချင်းယွင်ကျန်းရန်သည် လက်ပိုက်လျက် ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏ နောက်လိုက် အကြီးအကဲများကို စောင်းကြည့်လိုက်သည်။
“ဂိုဏ်းချုပ်က အကွက်ချပြီးသားကိုး... ကျွန်တော်တို့ကသာ တုံးအပြီး မသိခဲ့ကြတာ”
“ဂိုဏ်းချုပ်က နတ်ဘုရားလိုပဲ... ကြိုတင်တွက်ချက်ထားတာ အံ့မခန်းပါပဲ”
အကြီးအကဲများက မြှောက်ပင့်လိုက်ကြ၏။
ချင်းယွင်ကျန်းရန်သည် မြူခိုးတောင်ထိပ်ဘက်သို့ မော့ကြည့်ပြီး မာန်တက်စွာ ပြောလိုက်တော့သည်။
“ယဲ့ဖုန်း... ငါ့ကို ဒူးထောက်ပြီး အမှားဝန်ခံခိုင်းချင်တာလား... နောက်ဘဝမှ စောင့်လိုက်တော့... ဟားဟားဟား”