အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အခန်း (၂၈၀) - အဖြူအမည်း ဝင်္ကပါပြားနှင့် ပုံစံသစ် ဝင်္ကပါ
~` ဖျောက်...`
ချင်းယွင်ကျန်းရန်၏ ရယ်မောသံသည် ပြင်းထန်လွန်းပြီး `ဓားစိတ်ဆန္ဒ` ပါဝင်နေသဖြင့် `အသေးစား ဝိညာဉ်သွေးကြော` ဖြစ်သော `ကျောက်စိမ်းရတနာပင်` ပင်လျှင် အက်ကွဲလုမတတ် ဖြစ်သွားသည်။
“ဟိုက်...”
ချင်းယွင်ကျန်းရန် အမြန် ပါးစပ်ပိတ်လိုက်သည်။ ကျောက်စိမ်းရတနာပင်ကို အသာအယာ ဖိနှိပ်ထိန်းသိမ်းလိုက်ပြီး အခြားသူများကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။
ကျောက်စိမ်းရတနာပင် ပြန်လည် တည်ငြိမ်သွားမှ သူခိုး တစ်ယောက်လို အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“ဘာရပ်ကြည့်နေတာလဲ... ကျင်းတူးပြီး မြန်မြန် မြှုပ်ကြလေ”
“ဟုတ်... ဟုတ်ကဲ့ပါ”
အားလုံးသည် ဂိုဏ်းချုပ် ခန်းမဆောင် အနောက်ဘက်ရှိ မြေကွက်လပ် တစ်ခုတွင် သိုင်းနည်းစနစ်များ အသုံးပြု၍ ကျင်းတူးလိုက်ကြ၏။ ထို့နောက် ချင်းယွင်ကျန်းရန်နှင့် နန်ဝူမြို့စားမင်းတို့ ဦးဆောင်၍ ကျောက်စိမ်းရတနာပင်ကို စိုက်ပျိုးကာ မြေကြီးနှင့် ဆက်သွယ်ပေးလိုက်ကြ၏။
`ဝေါ...`
ကောင်းကင်ယံ မီတာ (၁၀) ဂဏန်း အမြင့်တွင် ပျောက်ဆုံးနေသော `ဝိညာဉ်စွမ်းအင် ဝဲကတော့` ပြန်လည် ပေါ်ထွက်လာသဖြင့် ကျန်ရှိနေသော ဂိုဏ်းသားများအားလုံး စိတ်ဝင်စားသွားကြ၏။
“ချင်းယွင်ဂိုဏ်းမှာ ဝိညာဉ်သွေးကြော ပြန်ရပြီ... ငါ့မှာ ဒီလို လှည့်ကွက် ကျန်သေးတယ် ဆိုတာ ဘယ်သူမှ ထင်မထားဘူးမလား”
ချင်းယွင်ကျန်းရန်သည် ကျောက်စိမ်းရတနာပင်ကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။
သူသည် နန်ဝူမြို့စားမင်းကို ကြိုတင် ဆက်သွယ်ထားပြီး ဖြစ်၏။ နန်ဝူမြို့စားမင်းကလည်း မြို့ထဲက ဝိညာဉ်သွေးကြောကို ပေးလှူရန် သဘောတူခဲ့သည်။
သို့သော် ချင်းယွင်ကျန်းရန်သည် ဤသတင်းကို တမင်သက်သက် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
သူ၏ ရည်ရွယ်ချက်မှာ ဒုတိယအကြီးအကဲကဲ့သို့သော သူများကို စိတ်ပျက်အားလျော့ကာ ထွက်ခွာသွားစေရန် ဖြစ်၏။
ထိုသို့ပြုလုပ်မှသာ ချင်းယွင်ဂိုဏ်း တစ်ခုလုံးအား သူတစ်ဦးတည်း စိတ်တိုင်းကျ ခြယ်လှယ်နိုင်မည် ဖြစ်သည်။
“အခုမှပဲ ရှင်းလင်းသွားတော့တယ်... ငါ့ကို ဘယ်သူမှ မဆန့်ကျင်ရဲတော့ဘူး... လန်းဆန်းလိုက်တာ” ချင်းယွင်ကျန်းရန် ရယ်မောလိုက်သည်။
အရင်တုန်းက အကြီးအကဲ ထက်ဝက်လောက်က ဂိုဏ်းချုပ်ဟောင်းရဲ့ လူတွေ။ သူ ဘာလုပ်လုပ် အမြဲတမ်း ကန့်ကွက်နေကြသည်။ ယခုတော့ ထိုလူတွေ မရှိကြတော့ပေ။
“လန်းဆန်းတယ်ကွ”
ချင်းယွင်ကျန်းရန် ရယ်မောလိုက်ရာ မျက်နှာကြီး ရှုံ့တွသွားပြီး ပွင့်အာနေသော ဂန္ဓမာပန်းကြီးနှင့် တူလှသည်။
ခြံဝင်းငယ်လေး တစ်ခုရှေ့တွင်...
ပိုင်မင်လု သည် ဝိညာဉ်မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ချင်းယွင်တောင်တန်းရှိ ဂိုဏ်းချုပ် ခန်းမဆောင် ဘက်တွင် အပြောင်းအလဲများကို တွေ့လိုက်ရသည်။
“ငါ ထင်တဲ့အတိုင်းပဲ... ဂိုဏ်းချုပ်က နန်ဝူမြို့တော်က ဝိညာဉ်သွေးကြောကို တကယ် ရွှေ့ယူလာတာပဲ... ပျက်စီးနေတဲ့ နေရာတွေကို ပြုပြင်လိုက်ရင် အရင်လို ပြန်ကျင့်ကြံလို့ ရပြီ”
ရှီးရှင်းယွီ လည်း ဝိညာဉ်စွမ်းအင် ဝဲကတော့ကို ကြည့်ပြီး စိတ်လှုပ်ရှားနေသည်။
“ဟား... ဟား... ဟား... ကောင်းကင်ဘုံက ငါ..ရှောင်ဖန်ကူကို မစွန့်ပစ်ဘူးကွ”
ရှောင်ဖန်ကူသည် အားလုံးထက် ပိုပြီး စိတ်လှုပ်ရှားစွာ ရယ်မောလိုက်တော့၏။
...
မြူခိုးတောင်ထိပ်တွင်...
ယဲ့ဖုန်းသည် ပျင်းရိနေသဖြင့် `ကောင်းကင်မေးမြန်း ကြေးမုံ`အား ယူကြည့်လိုက်ရာ ချင်းယွင်ဂိုဏ်းတွင် ကျောက်စိမ်းရတနာပင် စိုက်ပျိုးနေသည်ကို မြင်တွေ့လိုက်ရသည်။
“ထင်တဲ့အတိုင်းပဲ”
“ချင်းယွင်ဂိုဏ်းက နန်ဝူမြို့တော်ရဲ့ ဝိညာဉ်သွေးကြောကို ယူလိုက်တာကိုး”
“ချင်းယွင်ကျန်းရန်က မာနကြီးလွန်းတော့ ငါ့ကို ဦးညွှတ်ပြီး အမှားဝန်ခံဖို့ မဖြစ်နိုင်ဘူး... တကယ်လို့ တောင်းပန်ရင်တောင် ငါက သူ့အတွက် ဝိညာဉ်သွေးကြော ပြန်လုပ်ပေးမှာ မဟုတ်ဘူး”
“ကျေးဇူးမတင်တဲ့အပြင် အလုပ်ရှုပ်မယ့် ကိစ္စကို ငါက ဘာလို့ လုပ်ပေးရမှာလဲ”
“အဲဒီအချိန်ကျရင် `နွေဦးပေါက်နှင့် ဆောင်းဦးရာသီ မှတ်တမ်း` ဖတ်နေတာကမှ ပိုကောင်းသေးတယ်”
ယဲ့ဖုန်း လှောင်ပြောင်လိုက်သည်။
[ 'နွေဦးပေါက်နှင့် ဆောင်းဦးရာသီ မှတ်တမ်း' ဆိုတာက တရုတ်သမိုင်းမှာ အရမ်းထင်ရှားတဲ့ ရှေးဟောင်း ဂန္ထဝင် သမိုင်းမှတ်တမ်း စာအုပ်ကြီး တစ်အုပ်ပါ။ ကွန်ဖြူးရှပ် ပြုစုခဲ့တယ်လို့လည်း ဆိုကြတယ်။ တရုတ်စာပေလောကမှာတော့ တကယ့်ကို လေးနက်တဲ့ စာအုပ်အဖြစ် သတ်မှတ်ထားကြတာပါ။ ]
ထိုစဉ်၊
“ဂိုဏ်းချုပ်... ဘာတွေ စိတ်ညစ်နေတာလဲ... မင်းသမီးလေး သွားပြီး တောင်ဖြိုပေးရမလား”
ဟူဖေးဖေးသည် ယဲ့ဖုန်း၏ နောက်တွင် ရပ်လျက် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ညှိုးလေးဖြင့် ကြေးမုံထဲမှ ချင်းယွင်တောင်တန်းကို ညွှန်ပြလိုက်သည်။
“မလိုပါဘူး” ယဲ့ဖုန်း မျက်ခွံများ လှုပ်ခတ်သွားသည်။
ဟူဖေးဖေးသည် အပြင်ပန်းတွင် ချစ်စဖွယ်ကောင်းသော်လည်း လက်တွေ့တွင်မူ 'အဆင့်မြင့် ဝိညာဉ်လက်နက်' တစ်ခု အသွင်ပြောင်းလဲထားခြင်း ဖြစ်၏။ ဖျက်ဆီး၍ မရနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရာ သူမသာ တကယ်သွားရောက် ဖျက်ဆီးပါက ချင်းယွင်တောင်တန်းတစ်ခုလုံး မြေပြင် ညီသွားမည်မှာ သေချာသည်။
ထို့ကြောင့် သူမ တကယ်သွားရောက် လုပ်ဆောင်မည်ကို စိုးရိမ်မိသဖြင့် အလျင်အမြန် တားဆီးလိုက်ရ၏။
“ဪ...” ဟူဖေးဖေး မေးစေ့ကို ပွတ်သပ်လိုက်သည်။
ယဲ့ဖုန်းသည် ကြေးမုံကို ချလိုက်ပြီး `ဝင်္ကပါပြား` တစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ပေပတ်လည် ရှိပြီး စစ်တုရင်ခုံနှင့် တူသည်။ အဖြူရောင်နှင့် အမည်းရောင် အပိုင်း (၃၆) ခုစီ ပါဝင်လေ၏။
ဒါက စနစ်က ပေးတဲ့ `အလယ်အလတ်အဆင့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ - အဖြူအမည်း စစ်တုရင်ခုံ`ပင်။
(၁၀) မိုင် ပတ်လည်ကို လွှမ်းခြုံနိုင်ပြီး `ဝိညာဉ်ပင်လယ် အဆင့်နိမ့်` ပညာရှင်တွေကိုတောင် တားဆီးနိုင်လေ၏။
“ဂိုဏ်းချုပ်... ဒါ ဘာကြီးလဲ... မင်းသမီးလေးနဲ့ စစ်တုရင် ကစားမလို့လား” ဟူဖေးဖေး မေးလိုက်သည်။
“ကစားတာ မဟုတ်ဘူး”
ယဲ့ဖုန်း ခေါင်းခါလိုက်ပြီး ဝင်္ကပါပြားကို ကိုင်ကာ ကောင်းကင်သို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်။
မီတာ (၁၀၀၀) အမြင့်သို့ ရောက်သောအခါ စစ်တုရင်ရုပ် (၃၆) ခုကို လေထဲသို့ ပစ်တင်လိုက်ပြီး နေရာအနှံ့ ဖြန့်ကျက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း (၁၀) မိုင်ပတ်လည် ကျယ်ဝန်းသော အဖြူအမည်း စစ်တုရင်ခုံကြီး တစ်ခု ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး ထူးခြားသော အငွေ့အသက်များကို ထုတ်လွှတ်လိုက်တော့၏။
“ကြည့်စမ်း... ကောင်းကင်ပေါ်မှာ နတ်ဘုရားတွေ စစ်တုရင် ကစားနေကြတယ်”
လင်းရွာမှ ကလေးများ အော်ဟစ်လိုက်ကြ၏။
“ပေါက်ကရ မပြောစမ်းနဲ့... ကောင်းကင်ပေါ်မှာ နတ်ဘုရား မရှိ... ဟေ... တကယ်ကြီးပါလား... ဘယ်လို ပျောက်သွားတာလဲ”
လူကြီးများ မော့ကြည့်လိုက်ရာ တောက်ပသော စစ်တုရင်ခုံကြီးသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မြူခိုးများအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖုန်း တောင်ထိပ်ပေါ်သို့ ပြန်ဆင်းသက်လိုက်သည်။
အဖြူအမည်း စစ်တုရင်ခုံ ဝင်္ကပါကို တပ်ဆင်လိုက်ပြီ ဖြစ်၏။ သို့သော် သူက မိုင်အနည်းငယ် အကွာအဝေးထိသာ ထိန်းချုပ်ထားပြီး မြူခိုးတောင်ထိပ်နှင့် ဖေးလိုင် တောင်ထိပ်ကိုသာ လွှမ်းခြုံထားစေသည်။
“ဆင့်ခေါ်ခြင်း ခေါင်းလောင်း ကိုလည်း နေရာရွှေ့ရမယ်”
ယဲ့ဖုန်းသည် တောင်အလယ်ပိုင်းမှ ကြေးခေါင်းလောင်းကြီးကို တောင်ခြေသို့ ရွှေ့ပြောင်းလိုက်သည်။
ဒီနေရာက ဝင်္ကပါ၏ အစွန်းနားမှာ ရှိ၏။
မြူခိုးဂိုဏ်းကို လာချင်သူတွေက ခေါင်းလောင်းထိုးလိုက်လျှင် အထဲကလူတွေ ဆင်းကြို၍ ရပြီ ဖြစ်၏။
“ဝင်္ကပါလည်း ပြီးပြီ... နောက်ရက်နည်းနည်းနေရင် ဂိုဏ်းအဆင့်တက်ပွဲ ကျင်းပတော့မယ်”
ယဲ့ဖုန်းသည် ကုလားထိုင်ပေါ်တွင် လှဲလိုက်သည်။ ဟူဖေးဖေးက ပခုံးနှိပ်ပေးနေလေသည်။
...
ခရိုင်ဘုရင်မြို့တော်...
ခမ်းနားထည်ဝါသော သစ်သားအဆောက်အအုံကြီး တစ်ခု၏ လသာဆောင်တွင်...
ရှုဟုန်ယွီ သည် လက်ရန်းကို မှီလျက် နောက်မှ အခိုင်းအစေ၏ တင်ပြချက်ကို နားထောင်နေသည်။ မြူခိုးဂိုဏ်းသည် နာမည်ပြောင်းလဲလိုက်ပြီး ကြယ်အဆင့် ဂိုဏ်း ဖြစ်သွားကြောင်း သိလိုက်ရသည်။
“အမိန့်ပေးလိုက်... ဂုဏ်ပြုလက်ဆောင် သွားပို့ခိုင်းလိုက်... ပြီးတော့ ပြောလိုက်ပါ... `ခရိုင်ဘုရင်မင်းသမီး` က မြူခိုးဂိုဏ်းကို အရမ်း သဘောကျပါတယ်... နွေဦးပေါက် နတ်ဆိုးသတ်ပွဲတော် မတိုင်ခင် ညနေမှာ မင်းသမီးရဲ့ စံအိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ် လို့”
“ဟုတ်ကဲ့ပါ မင်းသမီး”
အခိုင်းအစေ ထွက်ခွာသွားသည်။
ရှုဟုန်ယွီ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
“ငါ ထွက်သွားတာ လပိုင်းပဲ ရှိသေးတယ်... မြူခိုးဂိုဏ်းက ကြယ်အဆင့် ဖြစ်သွားပြီ... တကယ် လွန်လွန်းတယ်... ဂိုဏ်းချုပ်ဦးလေးရဲ့ နောက်ကြောင်းက ဘာလဲ ဆိုတာ အခုထိ မသိရသေးဘူး... သူ့ရဲ့ နည်းလမ်းတွေက အဆုံးမရှိသလိုပဲ”
ရှုဟုန်ယွီ နားမလည်နိုင် ဖြစ်နေသည်။
မိုင် (၁၀) ဂဏန်း အကွာတွင်...
ခမ်းနားသော ခန်းမဆောင်ကြီး တစ်ခုတွင်...
မိုဝမ်ရှီး သည် စားပွဲပေါ်ရှိ `မြူခိုးဂိုဏ်းတော်` ( 缥缈宗) ဟု ရေးသားထားသော ဆိုင်းဘုတ်သစ်ကြီးကို ကြည့်ရှုနေသည်။ နောက်ခံတွင် ရွှေရောင် ကြယ်တစ်ပွင့် ပါရှိသည်။
“ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ရေးပေးထားတာ... ကြည့်ရတာ သူ မြူခိုးဂိုဏ်းကို တော်တော် အလေးထားပုံရတယ်”
“လောင်မို..”
နုပျိုသော အသံတစ်သံ အပြင်မှ ထွက်ပေါ်လာ၏။
ထိုအခါ၊ မိုဝမ်ရှီး တုန်လှုပ်သွားပြီး အမြန် ဦးညွှတ်လိုက်သည်။
“ဂိုဏ်းချုပ်ကြီး... ကျွန်တော့်ကို ရှာနေတာလား”
`ဝှီး...`
ရွှေရောင် မိုးမခရွက် တစ်ရွက် လွင့်ပျံလာပြီး စားပွဲပေါ် ကျရောက်လာ၏။
“ဒါကို ဂိုဏ်းချုပ်ယဲ့ အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးလိုက်ပါ... ပြီးတော့ ပြောလိုက်... အချိန်တန်ရင် ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် လာတွေ့ပါလိမ့်မယ် လို့”
“ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် မသွားဘူးလား”
“မသွားဘူး... အပျော်အိမ်မှာ ဇိသာ သွားနားထောင်မလို့”
ပြောပြောဆိုဆိုနှင့်၊ အရိပ်သည် ပျောက်ကွယ်သွားတော့၏။
မိုဝမ်ရှီးသည် ရွှေရောင် မိုးမခရွက်ကို ကိုင်ရင်း နှုတ်ခမ်းမဲ့လိုက်မိသည်။
တောင်ပိုင်းမြစ်ကန် ဒေသတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ ဂိုဏ်းချုပ်ကြီးက တစ်သီးတသန့် နေထိုင်ပြီး ‘ပေါ်လာရင်လည်း အပျော်အိမ် သွားဖို့ပဲ။
တခြား ဝါသနာ မရှိတော့ဘူးလား။’
မိုဝမ်ရှီးသည် ရွှေရွက်ကို သေတ္တာထဲ ထည့်လိုက်ပြီး ဆိုင်းဘုတ်ကို သန့်ရှင်းရေး လုပ်လိုက်သည်။
ဂိုဏ်းချုပ်ကြီး ဘာအတွက် မြူခိုးဂိုဏ်းကို အလေးထားလဲ သူ မသိပါ။
သို့သော်၊ အမိန့်ဆိုတော့ သေချာ လုပ်ရမည်ပေါ့။
မိုင်ရာချီ အကွာတွင်...
မြေအောက် လိုဏ်ဂူ တစ်ခုတွင်...
ဟန်ရီနှင့် ဟန်အာ တို့သည် `ရေခဲစင်မြင့်` ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြ၏။ ဘေးပတ်လည်တွင် ရှေးဟောင်း ကြေးမီးအိမ် (၁၂) လုံး ထွန်းထားသည်။ မီးစာအဖြစ် နှစ်တစ်ထောင် သက်တမ်းရှိ ဝိညာဉ်မြက်များကို အသုံးပြုထားပြီး၊ ဆီအဖြစ် `အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်` ၏ သွေးများကို အသုံးပြုထားလေသည်။
ဟန်အာ လက်ချောင်းများကို ယှက်ထားပြီး စိုးရိမ်တကြီး မေးလိုက်၏။
“အစ်ကိုကြီး... ဒီ `အလင်း (၁၂) သွယ် ဝင်္ကပါ`က အစ်ကိုကြီးကို သတ္တမအဆင့် ရောက်အောင် တကယ် ကူညီပေးနိုင်ပါ့မလား”
အခန်း (၂၈၁) - ဟန်ရီ တံခါးပိတ်ကျင့်ကြံခြင်းနှင့် အောင်ပွဲအခမ်းအနား
~“ရတာပေါ့”
ဟန်ရီ လက်များအား ပူးကပ်၍ အုပ်မိုးပြီး လေပေါ်သို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်။
“မင်း အပြင်မှာ စောင့်နေ... လာမယ့် ရက်အနည်းငယ်အတွင်းမှာ ငါ သတ္တမအဆင့် ရောက်အောင် အာရုံစိုက် ကျင့်ကြံရမယ်... သတ္တမအဆင့် ရောက်တာနဲ့ `လျှို့ဝှက်နည်းစနစ်`ကို သုံးပြီး မိုင်ထောင်ချီ ဝေးကွာနေပါစေ ယဲ့ဖုန်းရဲ့ အသက်ကို ယူပစ်မယ်”
“အစ်ကိုကြီးက တကယ် စွမ်းတာပဲ”
ဟန်အာ မြှောက်ပင့်လိုက်သည်။ ထို့နောက် လိုဏ်ဂူအပြင်ဘက်သို့ ထွက်သွားပြီး တံခါးပိတ်လိုက်သည်။ ကျောက်စားပွဲပေါ်တွင် ထိုင်လျက် နေ့စဉ်မှတ်တမ်း စတင် ရေးသားလိုက်တော့၏။
[ဒီနေ့ ရာသီဥတု သာယာပါတယ်]
[အစ်ကိုကြီး တံခါးပိတ် ကျင့်ကြံနေပြီ... `အလင်း (၁၂) သွယ် ဝင်္ကပါ` ကြောင့် ရက်ပိုင်းအတွင်း သတ္တမအဆင့် ရောက်မယ်လို့ ပြောတယ်... ဂိုဏ်းထဲမှာ အကြီးအကဲအဆင့် ဖြစ်လာတော့မယ်]
[အစ်ကိုကြီးက မိုင်ထောင်ချီ အကွာအဝေးကနေ ယဲ့ဖုန်းရဲ့ အသက်ကို ယူနိုင်တယ်လို့ ပြောတယ်... သူ ကြွားနေတာလား၊ တကယ် လုပ်နိုင်တာလား ဆိုတာတော့ မသိဘူး]
[ဟာ... ဒီနေ့လည်း အပျော်အိမ် မသွားရပြန်ဘူး... ရှောင်ချွေ့ရဲ့ ကိုယ်လုံးလေးကို လွမ်းလိုက်တာ... ရှောင်ဟွာ၊ ရှောင်လျန်၊ ရှောင်အိုက် တို့ကိုလည်း လွမ်းတယ်... သူတို့ရော ငါ့ကို လွမ်းနေမလား မသိဘူး]
နေ့စဉ်မှတ်တမ်း ရေးပြီးသွားသောအခါ ဟန်အာသည် တံခါးဝတွင် ထိုင်ပြီး အချိန်ဖြုန်းနေလိုက်တော့၏။
...
မြူခိုးတောင်ထိပ်...
“ဂိုဏ်းချုပ်... ဖိတ်စာတွေ အကုန် ပို့ပြီးပါပြီ”
ရှီလေ့၊ ဟိုယွင်ကျဲနှင့် မိုယင်တို့သည် တန်းစီရပ်ပြီး ယဲ့ဖုန်းကို သတင်းပို့လိုက်ကြ၏။
“ကောင်းတယ်... ရက်နည်းနည်း လိုသေးတယ်... တောင်ပေါ်က မြေကွက်လပ်တွေမှာ အဆောက်အအုံတွေ ဆောက်လုပ်ထားလိုက်... ပြီးတော့ ဖေးလိုင် တောင်ထိပ် နဲ့ မြူခိုးတောင်ထိပ် ကြားမှာ စင်မြင့်ကြီးတစ်ခု ဆောက်လိုက်... ကြီးလေ ကောင်းလေပဲ”
ယဲ့ဖုန်း တာဝန်သစ် ပေးလိုက်သည်။
ဂိုဏ်းအဆင့်တက်ပွဲ အခမ်းအနားမှာ လူအများကြီး လာမှာ သေချာသည်။ တောင်ထိပ်ပေါ်မှာ ပြွတ်သိပ်နေ၍ မဖြစ်ပါ။ ကျယ်ဝန်းသော နေရာ တစ်ခု လိုအပ်သည်။
“ဟုတ်ကဲ့ပါ”
တပည့်များ လှုပ်ရှားလိုက်ကြ၏။
မြန်ဆန်စေရန်အတွက် ရှီလေ့သည် ရေပေါ်ဖြူမြို့တော်သို့ သွားရောက်ပြီး ဒုတိယတပ်မှူး ကျိုးကျားချိုင် ကို အကူအညီတောင်းလိုက်သည်။ ကျိုးကျားချိုင်သည် ချပ်ဝတ်အမည်း အစောင့်တပ်သား (၃၀၀) ကို ဦးဆောင်ပြီး လာရောက် ကူညီပေးတော့၏။
ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ခွန်အားကြီးမားပြီး တစ်နေကုန် အုတ်သယ်သော်လည်း မမောပန်းကြပေ။
အခမ်းအနား ပြင်ဆင်မှုများ တက်ကြွစွာ ဆောင်ရွက်နေကြတော့၏။
နောက်တစ်ရက် ကုန်ဆုံးသွားပြန်သည်။
ကုန်းချင်းချိုး ပြန်ရောက်လာ၏။
“ဂိုဏ်းချုပ်... ဂိုဏ်းသားတွေ၊ အကြီးအကဲတွေ နဲ့ ဂိုဏ်းချုပ်အတွက် ဝတ်စုံတွေ ရပါပြီ... `ဝိညာဉ်ပိုးမျှင်`နဲ့ ရက်လုပ်ထားတာပါ... ဝိညာဉ်မျက်လုံးနဲ့ ချောင်းကြည့်တာကို ကာကွယ်ပေးနိုင်ပြီး ဝတ်ရတာ သက်တောင့်သက်သာ ရှိပါတယ်”
အကြီးအကဲများ ခန်းမဆောင်တွင် အဝတ်အစားများ ပြည့်နှက်နေသည်။
တစ်ယောက်ကို (၇) စုံစီ ရရှိကြပါ၏။
“ကျွန်မ အရင် သွားလဲလိုက်ဦးမယ်”
“ကျွန်တော်ရောပဲ”
တပည့်များ အဝတ်အစားများကို ယူပြီး အခန်းထဲသို့ ပြေးဝင်သွားကြ၏။
“ဒါ ငါ့ဝတ်စုံလား”
ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ဝတ်စုံကို ယူကြည့်လိုက်ရာ သဘောကျသွားသည်။ ဂိုဏ်းချုပ် ခန်းမဆောင်ထဲသို့ ဝင်ရောက်ပြီး လဲလှယ်လိုက်သည်။
(၁၅) မိနစ်ခန့် ကြာပြီးနောက်...
မြူခိုးတောင်ထိပ်တွင်...
အဝတ်အစား လဲလှယ်ပြီးသူများ စုရုံးရောက်ရှိနေကြ၏။
“ဝတ်စုံတွေက တကယ် လှတာပဲ” လုံထျန်းရှင်းသည် မုန့်ဖိုးရသော ကလေးလေး တစ်ယောက်လို ပျော်ရွှင်စွာဖြင့် လှည့်ပတ်ကြည့်ရှုနေတော့သည်။
အမျိုးသား တပည့်များအတွက် လရောင်ဖြူ ဝတ်ရုံရှည် ဖြစ်ပြီး ပေါ့ပါးသွက်လက်သည်။
အမျိုးသမီး တပည့်များအတွက် လရောင်ဖြူ အင်္ကျီလက်ရှည်နှင့် အပြာရောင် စကပ်ရှည် ဖြစ်ပြီး ခရမ်းရွှေရောင် ခါးပတ် ပတ်ထားသည်။ ကျက်သရေ ရှိလှသည်။
ကုန်းချင်းချိုး၏ အကြီးအကဲ ဝတ်စုံကတော့ ခရမ်းရောင် လွှမ်းမိုးထားသည်။
`ကျွီ...`
ဂိုဏ်းချုပ် ခန်းမဆောင် တံခါးပွင့်လာ၏။
ယဲ့ဖုန်းသည် အနီရောင်ရင့်ရင့် ပွဲတက်ဝတ်စုံကြီးကို ဝတ်ဆင်ထားသည်။ ကံကောင်းထောက်မစွာ သူသည် အရပ်ရှည်ပြီး ခန့်ညားသူ ဖြစ်၍ ထိုကဲ့သို့ တောက်ပြောင်သော အရောင်ကို ဝတ်ဆင်သော်လည်း ကြည့်ကောင်းနေသည်။
“လှတော့ လှပါတယ်... ဒါပေမဲ့ အရမ်းကြီး တောက်ပြောင်လွန်းနေသလိုပဲ” ယဲ့ဖုန်း ရေရွတ်လိုက်သည်။
သူ့စကားကို ကြားတော့၊ ကုန်းချင်းချိုး ပြုံးလိုက်သည်။
“ဂိုဏ်းချုပ် ဝတ်ထားတာက `အခမ်းအနား ဝတ်စုံ` လေ... ပွဲလမ်းသဘင် ရှိမှ ဝတ်ရတာ... ပုံမှန်ဝတ်ဖို့ `သာမန်ဝတ်စုံ`နဲ့ လေ့ကျင့်ဖို့ `လေ့ကျင့်ရေး ဝတ်စုံ`တွေလည်း ပါပါတယ်... အားလုံး ပြင်ဆင်ထားပြီးသားပါ”
ကုန်းချင်းချိုး လက်ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားများ ထွက်ကျလာ၏။
မိုယင်သည် သူမ အကြိုက်ဆုံး အမည်းရောင် ကျပ်ဝတ်စုံကို ရှာတွေ့သွားသည်။
“ဒါမှ ဟုတ်တာ”
ယဲ့ဖုန်းလည်း အမည်းရောင် ကျပ်ဝတ်စုံကို သဘောကျသွားသည်။
‘တိုက်ခိုက်ဖို့အတွက် အဆင်ပြေပြီး လှုပ်ရှားရတာ လွတ်လပ်တယ်။
အနီရောင် ဝတ်စုံကြီးကတော့ လမ်းလျှောက်ရင်တောင် တက်နင်းမိမလို ဖြစ်နေတာပဲ။’
“ကျွန်မလည်း သေသပ်တဲ့ ဝတ်စုံမျိုးပဲ ကြိုက်တယ်” မိုယင်သည် အမည်းရောင် ဝတ်စုံကို ယူပြီး အခန်းပြန်ကာ လဲလှယ်လိုက်သည်။
အခြားတပည့်များလည်း ကိုယ်စီ ရွေးချယ်ယူငင်ကြ၏။
“ပုံမှန်ရက်တွေမှာ ကြိုက်တာ ဝတ်ကြ... အခမ်းအနား ကျင်းပတဲ့ရက်ကျမှ ပွဲတက်ဝတ်စုံ ဝတ်ကြ” ယဲ့ဖုန်း သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
တပည့်များ ပြန်ဖြေလိုက်ကြ၏။
“ဝါး...”
အစ်ကိုကြီး ခေါင်းပြား ပြေးလာပြီး ယဲ့ဖုန်း၏ ဘောင်းဘီစကို ဆွဲကာ “ငါ့ဝတ်စုံရော” ဟု မေးသကဲ့သို့ လုပ်ပြနေသည်။
ယဲ့ဖုန်း ငုံ့ကြည့်လိုက်သည်။
“မင်းမှာ ကိုယ်ပိုင်ဝတ်စုံ ရှိပြီးသားလေ”
ခေါင်းပြား ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်။
‘ဟုတ်သားပဲ... ယဲ့ဖုန်း လုပ်ပေးထားတဲ့ အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်တဲ့ အမွှေးဝတ်စုံ ရှိတာပဲ။ ဝတ်ထားတာ ကြာလွန်းလို့ မေ့နေတာ။’
ထိုအချိန်တွင် တပည့်များ အဝတ်အစား လဲလှယ်ပြီးသွားကြပြီ ဖြစ်၏။
ရှီလေ့နှင့် ဒုတိယတပ်မှူး ကျိုးကျားချိုင် တို့သည် တောင်ထိပ်နှစ်ခုကြားတွင် လှေကားထစ်များ တည်ဆောက်ပြီး အောက်ဘက်ရှိ စင်မြင့်ကြီးနှင့် ဆက်သွယ်ပေးလိုက်ကြ၏။
ယဲ့ဖုန်း ကောင်းကင်မှ ငုံ့ကြည့်လိုက်သည်။
စင်မြင့်ကြီးသည် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး ကုန်းချင်းချိုး၏ အဆောင်လက်ဖွဲ့များဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားသည်။ အကျယ်အဝန်း မီတာ (၁၀၀)၊ အလျား မီတာ (၃၀၀) ရှိပြီး `မြူခိုးဂိုဏ်း၏ အဓိက ရင်ပြင်`ဖြစ်လာမည် ဖြစ်၏။
“အခမ်းအနား နီးလာပြီ ဆိုတော့... နည်းနည်း စိတ်လှုပ်ရှားလာသလိုပဲ... ဟေ... စိတ်မသန့်စရာ အငွေ့အသက် တစ်ခု ခံစားနေရတယ်”
ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း ရန်သူ့အရိပ်အယောင် မတွေ့ရပေ။
ဒီအဆင့်ရောက်မှတော့ သူ့ကို ခြိမ်းခြောက်နိုင်တာ နည်းနည်းပဲ ရှိတော့၏။
အနည်းဆုံး `ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်` ဒါမှမဟုတ် `ဝိညာဉ်ပင်လယ်အဆင့်` ပညာရှင် ဖြစ်လောက်သည်။
သာမန် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ဆိုလျှင် ခြိမ်းခြောက်မှု မရှိပါ။
“လာသမျှ ဒကာ... ရေလာရင် မြေနဲ့ တာတမံ ဆောက်ပစ်မယ်”
ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး တောင်ထိပ်ပေါ်သို့ ပြန်ဆင်းသက်လိုက်သည်။
...
အပြင်လောကတွင် မြူခိုးဂိုဏ်း ဂုဏ် သတင်းများ ကျော်ဇောနေပါတော့သည်။
အထူးသဖြင့် ယဲ့ဖုန်းက ဝိညာဉ်သွေးကြော (၂) ခု ဆက်တိုက် ဖန်တီးလိုက်သည့် သတင်းသည် တောင်ပိုင်းမြစ်ကန် ဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပါသည်။
ကျင့်ကြံသူ အများအပြား အကြိတ်အနယ်.. ဆွေးနွေးငြင်းခုံနေကြ၏။
အချို့က အခမ်းအနားကျလျှင် ရန်သူများ လာရောက်ဖျက်ဆီးကြသဖြင့် ယဲ့ဖုန်း အရှက်ကွဲလိမ့်မည်ဟု ထင်ကြေးပေးကြ၏။
သို့သော် လူအများစုကမူ ယဲ့ဖုန်းသည် စွမ်းအားကြီးမားသဖြင့် မည်သည့်အရာကိုမျှ ကြောက်စရာမလိုဟု ယုံကြည်နေကြသည်။
အချိန်များ ကုန်ဆုံးသွားပြီး...
မြူခိုးဂိုဏ်း၏ `ကြယ်အဆင့် ဂုဏ်ပြုပွဲ အခမ်းအနား` နေ့ ရောက်ရှိလာတော့၏။
ယဲ့ဖုန်း၊ ကုန်းချင်းချိုး၊ မိုယင်နှင့် အားလုံးသည် တောက်ပြောင်သော ပွဲတက်ဝတ်စုံများကို ဝတ်ဆင်ထားပြီး တောင်ထိပ်တွင် ရပ်လျက် ဧည့်သည်များကို စောင့်ဆိုင်းနေကြ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော် ရောက်ပါပြီ”
ပထမဆုံး ရောက်လာသူမှာ ရှင်းကွမ်ရွှမ် ဖြစ်၏။
ဘေးနားတွင် လှပစွာ ဝတ်စားဆင်ယင်ထားသူက ပိုင်ဟွာရှောင်တည်း။
နောက်တွင် လက်ဆောင်ဗန်းများကို ကိုင်ဆောင်ထားသော အခိုင်းအစေ (၈) ဦး ပါလာ၏။
“အစ်ကိုရှင်း... ညီမပိုင်... ကြွပါ... ရင်ပြင်မှာ နေရာယူပါဗျ”
ဧည့်ကြိုတာဝန်ယူထားသော ရှီလေ့က သူတို့ကို နေရာချပေးလိုက်ပါသည်။
ယဲ့ဖုန်း၏ မိတ်ဆွေများ ဖြစ်ကြသဖြင့် ရှေ့ဆုံးတန်းတွင် နေရာရကြ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်မ အစောဆုံး ရောက်တာ ဖြစ်ရမယ်နော်”
စူးရှသော အသံတစ်သံ အဝေးမှ ထွက်ပေါ်လာ၏။
ကြည့်လိုက်ရာ ဝိညာဉ်ကြိုးကြာ စီးလာသော ရှဲ့ကျားရင်ကို တွေ့လိုက်ရသည်။ ထိုကောင်မလေးက မီတာရာချီ အကွာကတည်းက လက်လှမ်းပြနေတော့၏။
အခန်း (၂၈၂) - ဘိုးဘေးအဖြစ် ခန့်အပ်ခံရခြင်းနှင့် တောအုပ်အတွင်းမှ ထူးဆန်းသော ပြောင်းလဲမှု
~“ရှဲ့ကျားရင် က ဒီလောက်တောင် စောစောရောက်နေတာလား”
ယဲ့ဖုန်း ဆွံ့အသွားသည်။ မြူခိုးဂိုဏ်း အဆင့်တက်ပွဲကို သူတို့ `ဝိညာဉ်သားရဲဂိုဏ်း` အဆင့်တက်ပွဲလိုမျိုး အရမ်း စိတ်လှုပ်ရှားနေသကဲ့သို့ ခံစားရသည်။
“ကြိုဆိုပါတယ်ဗျာ... နေရာယူပေးပါဦး”
ယဲ့ဖုန်း နှုတ်ဆက်လိုက်ပြီး ကောင်းကင်ယံတွင် ငြိမ်သက်စွာ ပျံဝဲလျက် ဧည့်သည်များကို ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။
တတိယအသုတ် ရောက်လာသူများမှာ ရေပေါ်ဖြူမြို့တော် မြို့စားမင်းဟောင်း၊ ဒုတိယမြို့စားမင်း နှင့် ထိပ်တန်းဂိုဏ်း (၃) ဂိုဏ်းမှ ခေါင်းဆောင်များ ဖြစ်ကြ၏။
ထို့နောက် ကျိုးကျားချိုင်၊ ကျိုးကျားချန်၊ လုံကျန်းချွမ်၊ ကျားလီအန်း၊ ဟိုတာရွှန်း နှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး အဓိကရင်ပြင်တွင် နေရာယူလိုက်ကြ၏။
“ဂိုဏ်းချုပ်ယဲ့...ကျွန်တော် နောက်မကျပါဘူးနော်”
ယွင်ဟွာကျန်းရန်သည် လျိုယွိကျစ်၊ လင်းယွီယန် နှင့် ယွင်ဟွာဂိုဏ်း အကြီးအကဲများ၊ တပည့်များကို ခေါ်ဆောင်ပြီး ရောက်ရှိလာ၏။ မိုင်ပေါင်းများစွာ အကွာကတည်းက လှမ်းအော်လိုက်သည်။
“စောပါသေးတယ်ဗျာ... ကြွပါ... နေရာယူပါ” ယဲ့ဖုန်း ပြုံးလိုက်သည်။
ယွင်ဟွာဂိုဏ်းက မဟာမိတ် ဆိုတော့ စောစောရောက်တာ မဆန်းပါချေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သုံးမြို့နယ်၊ လျိုယွင်ဂိုဏ်း၊ လုံဝူမြို့၊ လက်နက်တစ်ရာဂိုဏ်း၊ ဝိညာဉ်သားရဲဂိုဏ်း၊ မီးရှူးတိုင်မြို့ ၊ ရောင်စုံငါးသွယ်မြို့ စသည်တို့မှ မြို့စားမင်းများနှင့် ဂိုဏ်းချုပ်များလည်း ရောက်ရှိလာကြ၏။
“မြူခိုးဂိုဏ်းက တကယ် အများကြီး ပြောင်းလဲသွားတာပဲ” သုံးမြို့နယ်မြို့စားမင်း မှတ်ချက်ချလိုက်သည်။
ဖေးလိုင် တောင်ထိပ်နှင့် ကောင်းကင်ယံမှ ဝိညာဉ်စွမ်းအင် ဝဲကတော့ကို ကြည့်ပြီး အားကျနေမိသည်။
“ဟားဟား... အခု `မြူခိုးဂိုဏ်းတော်` လို့ ခေါ်ရတော့မယ်ဗျ”
ထိုသို့၊ ယွင်ဟွာကျန်းရန် သတိပေးလိုက်ရာ သုံးမြို့နယ်မြို့စားမင်း သဘောကျစွာ ရယ်မောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်”
အကြီးအကဲ ဟုန်မုံသည် ကြီးကြပ်ရေးမှူး ချင်ဖင်း၊ ချင်ဝမ် တို့နှင့်အတူ ရောက်ရှိလာပြီး ဂုဏ်ပြုစကား ဆိုလိုက်သည်။
ထိုအချိန်တွင် လျိုယွင်ဂိုဏ်းချုပ်က ဘေးဘီဝဲယာကို ကြည့်ပြီး “ကြည့်ရတာ နန်ဝူမြို့တော်နဲ့ ချင်းယွင်ဂိုဏ်းက လာမယ့်ပုံ မပေါ်ပါဘူး” ဟု မှတ်ချက်ပေးလိုက်သည်။
ဝိညာဉ်သားရဲဂိုဏ်းချုပ်ကလည်း တီးတိုး ပြောလာပါသည်။
“သူတို့နှစ်ဖွဲ့က ပေါင်းစားနေတာ ကြာပြီလေ... လာမှသာ ထူးဆန်းနေဦးမယ်”
“နန်ဝူမြို့စားမင်းက မြို့ထဲက ဝိညာဉ်သွေးကြော `ကျောက်စိမ်းရတနာပင်`ကို တူးထုတ်ပြီး ချင်းယွင်ကျန်းရန်ကို ပေးလိုက်တယ်လို့ ကြားတယ်” ယွင်ဟွာကျန်းရန် ဖြည့်စွက်ပြောလိုက်သည်။
“တကယ်လား” သုံးမြို့နယ်မြို့စားမင်း အံ့သြသွားသည်။
“တကယ်ပါဆို”
ဂိုဏ်းချုပ်အချို့ အတင်းတုပ်နေကြ၏။ ဘေးနားရှိ တပည့်များက ထူးဆန်းစွာ ကြည့်နေကြသော်လည်း ဂရုမစိုက်ကြပေ။
“ခန့်ညားထည်ဝါတဲ့ ဂိုဏ်းချုပ်ကြီးတွေလည်း အတင်းတုပ်တတ်ကြတာကိုး” တပည့်များ ကြောင်တောင်တောင် ဖြစ်ကုန်ကြ၏။
ဧည့်သည်နေရာတွင်...
ကျန်းရှင်းယွီ (ဝူရွှမ်ဆောင် ပိုင်ရှင်) သည် ကောင်းကင်ယံမှ ယဲ့ဖုန်းကို လက်ညှိုးထိုးပြပြီး သူ့ဖခင်အား ပြောလိုက်သည်။
“အဖေ... ဟိုမှာလေ... သား ပြောတဲ့ ဂိုဏ်းချုပ်ယဲ့ ဆိုတာ”
“ဂိုဏ်းချုပ်ယဲ့က `ဝိညာဉ်ပင်လယ်အဆင့်` ပညာရှင်လို့ ပြောကြတယ်... ငါ့သားက သူ့ကို သိနေလိမ့်မယ်လို့ မထင်ထားဘူး... ကြည့်ရတာ မင်း `ရတနာဆောင်`နဲ့ လုံဝူမြို့ကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီနေပြီပဲကွ” ကျန်းဖေးဟွာ ကျေနပ်သွားပုံ ရသည်။
လက်နက်တစ်ရာဂိုဏ်းချုပ် အနီးတွင်...
ထိုင်နေသူ ကတော့ ကျန်းရှင်းယွီ၏ ဝမ်းကွဲ ကျန့်ယောက်ရှို ဖြစ်ပါ၏။
ဝဝဖိုင့်ဖိုင့် ကျန့်ယောက်ရှိုသည် ရှီလေ့ အထူး စီစဉ်ပေးထားသော ထိုင်ခုံ အကြီးကြီးပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည်။ ပတ်ဝန်းကျင်ကို ကြည့်ပြီး မြူခိုးဂိုဏ်း၏ အပြောင်းအလဲများကို အံ့သြနေသည်။
“ဂိုဏ်းချုပ်ယဲ့က ကျွန်တော့်ကို လက်ခံမယ် ဆိုရင် ကောင်းမှာပဲ” သူ တီးတိုး ရေရွတ်လိုက်၏။
လက်နက်တစ်ရာဂိုဏ်းချုပ်က မျက်စောင်းထိုးလိုက်သည်။
“မင်းက ငါတို့ဂိုဏ်းရဲ့ ပါရမီရှင်လေ... ဂိုဏ်းချုပ်ယဲ့က လက်ခံမယ် ဆိုရင်တောင် ငါက လွှတ်ပေးမယ် ထင်နေလား”
“ဟားဟား...”
ဂိုဏ်းချုပ်များ ပွဲကျသွားကြ၏။
“နောက်တာပါဗျာ” ကျန့်ယောက်ရှို ခေါင်းကုတ်လိုက်သည်။
ဂိုဏ်းချုပ်များ ဆက်လက် ရောက်ရှိလာကြ၏။
လက်နက်တစ်ရာဂိုဏ်း၊ လျိုယွင်ဂိုဏ်း စသည့် ကြယ်အဆင့် ဂိုဏ်းများအပြင် အလယ်အလတ်နှင့် အဆင့်မြင့် ဂိုဏ်းများစွာလည်း ရောက်ရှိလာကြ၏။
အဓိက ရင်ပြင်တွင် ထိုင်ခုံ (၃၀၀၀) စီစဉ်ထားရာ (၂၀၀၀) ခန့် ပြည့်နေပြီ ဖြစ်၏။
“ကြယ်နှစ်ပွင့်အဆင့် အင်အားစုတွေများ လာကြမလား မသိဘူး”
“မလာလောက်ပါဘူး”
“ကျွန်းပေါင်းတစ်သောင်း မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံက သူ့သမီး မိုမင်ရှီကို ဂိုဏ်းချုပ်ယဲ့နဲ့ ပေးစားချင်နေတာ ဆိုတော့... လာနိုင်ချေ ရှိတယ်”
“ဟာ... ဝိညာဉ်ပင်လယ် အထွတ်အထိပ် ပညာရှင်ကြီး လာမယ် ဟုတ်လား”
“ခန့်မှန်းကြည့်တာပါ”
ကျင့်ကြံသူများ စိတ်ဝင်တစား ဆွေးနွေးနေကြတော့သည်။
ကောင်းကင်ယံတွင်...
ယဲ့ဖုန်းသည် နေမင်းကြီးကို မော့ကြည့်လိုက်သည်။ မင်္ဂလာအချိန် နီးကပ်လာပြီ ဖြစ်ပြီး ခရိုင်ဘုရင်မြို့တော်မှ လူများ ရောက်လာတော့မည် ဖြစ်၏။
“ဂိုဏ်းချုပ်ယဲ့... ဂုဏ်ပြုပါတယ်”
ချပ်ဝတ် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် စစ်သည်တော်များနှင့်အတူ `ဝိညာဉ်လှေ` ပေါ်မှ ဆင်းသက်လာ၏။ `ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်` အရှိန်အဝါများ ထွက်ပေါ်နေသည်။
အသက် (၃၀) ဝန်းကျင်သာ ရှိသေးသော်လည်း ထိုအဆင့် ရောက်နေသည်မှာ ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သက်သေပြနေသည်။
“ဘယ်သူပါလိမ့်” ယဲ့ဖုန်း မေးလိုက်သည်။
“ကျွန်တော်က ခရိုင်ဘုရင် အိမ်တော်ရဲ့ `မင်းသမီးလေး` ရဲ့ အစောင့်တပ်မှူး `မုန်ဟောက်မြောင်` ပါ... မင်းသမီးလေးရဲ့ အမိန့်အရ မြူခိုးဂိုဏ်းကို လာရောက် ဂုဏ်ပြုတာပါ”
မုန်ဟောက်မြောင် လေးစားစွာ ပြောလိုက်သည်။
သူ့နောက်တွင် အခိုင်းအစေတစ်ဦးက အနီရောင် ပိတ်စဖြင့် အုပ်ထားသော လင်ဗန်းကို ကိုင်ဆောင်ထားသည်။
“ကြိုဆိုပါတယ်”
ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်ပြီး ရှီလေ့အား နေရာချပေးရန် အမိန့်ပေးလိုက်သည်။
မုန်ဟောက်မြောင် ရောက်ရှိလာမှုသည် ဂိုဏ်းချုပ်များကို အံ့သြစေခဲ့သည်။
“ခရိုင်ဘုရင် မင်းသမီးလေးရဲ့ လူတွေပါလား”
“မင်းသမီးလေးက ခရိုင်ဘုရင်ရဲ့ တစ်ဦးတည်းသော သမီးလေ... အချစ်ခံရဆုံးပဲ... အနာဂတ် ခရိုင်ဘုရင် ဖြစ်လာမယ့်သူ... သူ့ရဲ့ အဆင့်အတန်းက `မြင့်မြတ်သော လေဓား ဓားဂိုဏ်း` ရဲ့ `ဓားကလေး` မူရူရွှဲ့တို့ထက် မနိမ့်ဘူး”
“နှမြောစရာပဲ... မင်းသမီးလေး ကိုယ်တိုင် မလာဘူး”
`ချွင်...`
ဓားအလင်းတန်းများ ကောင်းကင်ကို ဖြတ်သန်းလာပြီး မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာ၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်က `ကျီဝူရွှမ်` ပါ... `ဓားကလေး` ရဲ့ ကိုယ်စား လာရောက် ဂုဏ်ပြုတာပါ... မြူခိုးဂိုဏ်း မကြာခင် ကြယ်နှစ်ပွင့်အဆင့် ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်”
ကျီဝူရွှမ် နှုတ်ဆက်လိုက်သည်။
ဘေးနားတွင် ဟိုယွင်ကျဲနှင့် ရှီလေ့တို့ ရင်းနှီးသော `ဓားဘုရင်ဂိုဏ်း` မှ အတွင်းစည်း တပည့် `လော့ဟယ်တုံ`ရပ်နေသည်။
“မြင့်မြတ်သော လေဓား ဓားဂိုဏ်း ကတောင် လူလွှတ်လိုက်တာလား”
“ဂိုဏ်းချုပ်ယဲ့ရဲ့ အဆက်အသွယ်တွေက ကြောက်စရာ ကောင်းလိုက်တာ”
ဂိုဏ်းချုပ်များ အားကျနေကြ၏။
ထိုအချိန်တွင် အရှေ့ဘက်မှ ဝိညာဉ်လှေတစ်စင်း ပျံသန်းလာ၏။
လှေဦးတွင် မိုမင်ရှီ လက်ပိုက်လျက် ရပ်နေသည်။ လေတိုက်သောအခါ၊ ဝတ်ရုံများ တဟူးဟူး လွင့်ပျံနေသည်။
သူမ၏ နောက်တွင် ခန့်ညားထည်ဝါသော `နဂါးပြာဘုရင်` နှင့် အခိုင်းအစေများ ရပ်နေကြ၏။ လက်ဆောင်များ သယ်ဆောင်လာကြ၏။
“ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ လာရောက် ဂုဏ်ပြုပါတယ်”
နဂါးပြာဘုရင်သည် ဝိညာဉ်ပင်လယ်အဆင့် အရှိန်အဝါ အနည်းငယ် ထုတ်လွှတ်လိုက်ရာ လူအုပ်ကြီးမှာ တစ်ခဏချင်း ငြိမ်သက်သွားကြ၏။ မိုမင်ရှီသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးလေးကဲ့သို့ ဖြစ်နေသည်။
“မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံ ကိုယ်တိုင် လာမယ် ထင်နေတာ”
“သူက ခရိုင်ဘုရင်နဲ့ တန်းတူလေ... ဘယ်လိုလုပ် လွယ်လွယ်ကူကူ ထွက်လာပါ့မလဲ”
ဧည့်သည် အတော်များများ ရောက်ရှိနေပြီ ဖြစ်ပြီး ထိုင်ခုံ (၉၀) ရာခိုင်နှုန်း ပြည့်နေပြီ ဖြစ်၏။
မွန်းတည့်ချိန် ရောက်လာတော့သည်။
`ဝှီး...`
ရုတ်တရက် ကောင်းကင်ယံမှ ပန်းပွင့်များ ကျဆင်းလာ၏။
အားလုံး မော့ကြည့်လိုက်ကြ၏။
မြောက်ဘက် ကောင်းကင်ယံတွင် ကြီးမားသော `ပျံသန်းလှေ`ကြီး တစ်စင်း ဖြည်းညှင်းစွာ ရောက်ရှိလာ၏။ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` အမျိုးသမီး ဒါဇင်ပေါင်းများစွာ လေထဲတွင် ပျံဝဲနေပြီး ပန်းပွင့်များ ကြဲချနေကြ၏။
လှေဦးတွင် `မဟာအကြီးအကဲ မိုဝမ်ရှီး`က လက်ပိုက်လျက် ရပ်နေသည်။ ဘေးတွင် အကြီးအကဲနှစ်ဦးက အနီရောင် ပိတ်စ အုပ်ထားသော ဆိုင်းဘုတ်ကြီးတစ်ခုကို ကိုင်ထားကြ၏။
“ခရိုင်ဘုရင်မြို့တော်က ကိုယ်စားလှယ် ရောက်လာပြီ”
“နောက်ဆုံးတော့ ရောက်လာပြီ... ဆိုင်းဘုတ်တင်ပြီးတာနဲ့ အခမ်းအနား ပြီးပြီ... စားပွဲသောက်ပွဲ စလို့ရပြီ... ဂိုဏ်းချုပ်ယဲ့ ဘာတွေ ကျွေးမလဲ မသိဘူး”
“မင်းကတော့ စားဖို့ပဲ တွေးနေတော့တာပဲ”
အားလုံး စိတ်လှုပ်ရှားနေကြ၏။
“မြူခိုးဂိုဏ်း ကြယ်အဆင့် သတ်မှတ်ခြင်း အခမ်းအနား စတင်ပါတော့မယ်...”
အကြီးအကဲ မိုဝမ်ရှီးသည် `အစစ်အမှန်ယွမ်`ဖြင့် အသံချဲ့ပြီး မိုင် (၁၀) ကျော် အကွာမှ ကြေညာလိုက်လေသည်။
`ဝုန်း... ဝုန်း... ဝုန်း...`
ထိုအချိန်တွင် ဖူယွင် တောအုပ်နက် ဘက်မှ မြေငလျင်လှုပ်သကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ဖုန်မှုန့်များ ကောင်းကင်သို့ ထိုးတက်လာလေသည်။
“ဘာဖြစ်တာလဲ”
အားလုံး ထိတ်လန့်သွားကြ၏။
ယဲ့ဖုန်းပင်လျှင် အာရုံစိုက်လိုက်မိပြီး မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်တော့၏။