← Chapters

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃) - လျှို့ဝှက်နည်းစနစ် အသုံးပြုခြင်းနှင့် နတ်ဆိုးများ ဆင့်ခေါ်ခြင်း

~ဖူယွင် တောအုပ်နက်ဝယ်...

မြေကြီးများ ပြင်းထန်စွာ တုန်ခါသွားသည်။

မရေမတွက်နိုင်သော သစ်ပင်ပန်းမန်များသည် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ လျင်မြန်စွာ ညှိုးနွမ်းသွားကြ၏။ သန်းပေါင်းများစွာသော ပိုးစုန်းကြူးလေးများအလား တောက်ပသော အလင်းတန်းများသည် ကောင်းကင်ယံသို့ ပျံတက်သွားကြ၏။

“ဂိုဏ်းချုပ်ယဲ့... ဘာဖြစ်တာလဲ” မိုဝမ်ရှီး စိုးရိမ်တကြီး မေးလိုက်သည်။

“လူကြီးမင်းတို့... ဒီနေ့ ကျွန်တော်တို့ မြူခိုးဂိုဏ်းကို လာဖျက်ဆီးမယ့်သူ ရှိနေပါတယ်... အားလုံး လိုက်ကြည့်ကြတာပေါ့”

ယဲ့ဖုန်းသည် ဖေးလိုင် တောင်ထိပ်သို့ ရောက်ရှိလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဧည့်သည်များသည် ဓားများ၊ ဓားရှည်များ၊ ဝါးရွက်လှေများ စီးနင်းလျက် လေထဲတွင် ပျံဝဲကာ ဖူယွင် တောအုပ်နက်ဘက်သို့ လေးနက်စွာ မျှော်ကြည့်နေကြ၏။

ဘာဖြစ်မှန်း သေချာမသိကြသော်လည်း မြူခိုးဂိုဏ်းကို ရန်ရှာမည့်သူ ရှိနေမှန်း ရိပ်မိသွားကြသည်

...

မိုင်ထောင်ချီ အကွာအဝေးရှိ မြေအောက် လိုဏ်ဂူတစ်ခုတွင်...

ဟန်ရီသည် လေထဲတွင် ပျံဝဲနေသည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ထူးခြားသော အငွေ့အသက်များ ဝန်းရံနေသည်။ လျှို့ဝှက်အခန်းထဲရှိ ရှေးဟောင်း ကြေးမီးအိမ် (၁၂) လုံးမှာမူ ကွဲကြေပျက်စီးသွားလေပြီ။

“နောက်ဆုံးတော့ ဒီ `လျှို့ဝှက်နည်းစနစ်`ကို အောင်မြင်သွားပြီ... နတ်ဆိုးတွေကို ဆင့်ခေါ်ပြီးတာနဲ့... မြူခိုးဂိုဏ်း... ယဲ့ဖုန်း... မင်းတို့ အကုန် သေပြီမှတ်”

ဟန်ရီသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လက်သည်းဖြင့် နဖူးကို ဖိနှိပ်လိုက်သည်။ ဝိညာဉ်အစအန တစ်ခုကို ဆွဲထုတ်လိုက်ပြီး သွေးတစ်လုပ် ထွေးထုတ်ကာ အစိမ်းရောင် အလင်းလုံးလေးတစ်ခု အဖြစ် ပေါင်းစပ်လိုက်တော့၏။

`ဝှီး...`

အလင်းလုံးလေးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း မိုင် (၁၀၀) ခရီးကို ဖြတ်သန်းကာ ဖူယွင် တောအုပ်နက်ဆီသို့ ရောက်ရှိသွားတော့၏။

“ကြည့်စမ်း... အဲဒါ ဘာကြီးလဲ”

အစိမ်းရောင် အလင်းလုံးလေး မြေကြီးပေါ်သို့ ကျဆင်းလာပြီး ဖုန်မှုန့်များ ထောင်းခနဲ ထသွားသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။ လေထဲတွင် လွင့်မျောနေသော အစိမ်းရောင် အလင်းစက်လေးများသည် ပစ်မှတ်ကို ရှာတွေ့သွားသကဲ့သို့ အလင်းလုံးဆီသို့ လေပွေ သဏ္ဍာန် စီးဝင်သွားကြ၏။

“ဟီးဟီးဟီး...”

ရက်စက်သော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံကြောင့် အားလုံး ကျောချမ်းသွားကြ၏။

ထိုစဉ်၊ ကျောက်တုံးများ၊ မြေကြီးများ၊ သစ်ပင် အပိုင်းအစများ စုစည်းသွားပြီး မီတာ (၁၀၀) ခန့် မြင့်မားသော အညိုရောင် ဧရာမ သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို အံ့သြတကြီး မြင်တွေ့လိုက်ရသည်။ ခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်း ပါရှိပြီး ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

`ဝီ...`

သစ်ပင်များ၏ သက်ရှိစွမ်းအားများကို စုပ်ယူထားသော အလင်းလုံးသည် အသက်ဝင်လာပြီး ၎င်း `ဦးချိုနှစ်ချောင်း နတ်ဆိုးကြီး` ၏ နဖူးထဲသို့ ဝင်ရောက်သွားသည်။ နတ်ဆိုးကြီး၏ မျက်လုံးများမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။

“မြူခိုးဂိုဏ်း... သေစမ်း”

နတ်ဆိုးကြီး ဟိန်းဟောက်လိုက်သည်။

ဝိညာဉ်ပင်လယ်အဆင့် အရှိန်အဝါများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ဖူယွင် တောအုပ်နက် တစ်ခုလုံး မုန်တိုင်းထန်သွားတော့၏။ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ သစ်ပင်များ အမှုန့်ဖြစ်သွားကြ၏။

တစ်ခဏအတွင်းမှာပင် ဖူယွင် တောအုပ်နက်၏ နေရာအတော်များများ သစ်ပင်မရှိသော ကွင်းပြင်ကြီး ဖြစ်သွားတော့၏။

“ဒါ `နတ်ဆိုးမိစ္ဆာ`လား”

နဂါးပြာဘုရင်က လေးနက်စွာ ပြောလိုက်သည်။

“နတ်ဆိုးမိစ္ဆာ….”

အားလုံး အသက်ရှုမှားသွားကြ၏။

စာပေ ဗဟုသုတ ကြွယ်ဝသော ကျိဇီလင်း က ရှင်းပြလိုက်သည်။

“ကျွန်မ သိတယ်... နတ်ဆိုးမိစ္ဆာ ဆိုတာ ထူးဆန်းတဲ့ သက်ရှိတစ်မျိုးပဲ... နတ်ဆိုးလည်း မဟုတ်၊ မိစ္ဆာလည်း မဟုတ်ဘဲ နှစ်မျိုးလုံးရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားတာ... ဉာဏ်ရည် နိမ့်ပေမဲ့ စွမ်းအားကြီးတယ်... ကြောက်ရွံ့ခြင်း မရှိဘူး... ရှေးဟောင်း စာပေတွေထဲမှာ `ပြင်ပကမ္ဘာ နတ်ဆိုးမိစ္ဆာ`တွေက အကြောက်စရာ အကောင်းဆုံးလို့ ရေးထားတယ်”

“ဒီကောင်က ဝိညာဉ်ပင်လယ်အဆင့် ရောက်နေပြီ... ဘယ်လို လုပ်ကြမလဲ”

အားလုံး ထိတ်လန့်သွားပြီး စွမ်းအား အကြီးဆုံးဖြစ်သော နဂါးပြာဘုရင်ကို တညီတညွတ်တည်း ကြည့်လိုက်ကြ၏။

“ဒီကောင်က အရမ်း စွမ်းအားကြီးတယ်... ကျုပ်တောင် နိုင်ချင်မှ နိုင်မှာ... အများဆုံး တားထားပေးနိုင်ရုံလောက်ပဲ ရမယ်” နဂါးပြာဘုရင် ဝန်ခံလိုက်သည်။

💶😠😉😉

“ဒါဆို ဘယ်လို လုပ်ကြမလဲ”

အားလုံး ပြာသွားပြီး ကောင်းကင်ယံတွင် ပျံဝဲနေသော ယဲ့ဖုန်းကို မော့ကြည့်လိုက်ကြ၏။

နတ်ဆိုးဘုရင် ဟူယွမ်ကို သတ်ခဲ့တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး၊ နဂါးပြာဘုရင်နဲ့ ပေါင်းလိုက်လျှင် နိုင်လောက်သည်ဟု မျှော်လင့်လိုက်ကြ၏။

“ဂိုဏ်းချုပ်ယဲ့... ကျုပ်နဲ့ ပူးပေါင်းပြီး ဒီကောင့်ကို နှိမ်နင်းကြရအောင်” နဂါးပြာဘုရင် ကမ်းလှမ်းလိုက်သည်။

သူ တိုက်ခိုက်ချင်၍တော့ မဟုတ်ပါ။ မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံ က ယဲ့ဖုန်းကို သမက်လောင်းအဖြစ် သတ်မှတ်ထားတာကြောင့်သာ မဟာအကြီးအကဲ တစ်ယောက်အနေနှင့် ဝင်ပါရသည်ပင်။

ယဲ့ဖုန်းက လက်ကာပြလိုက်ပြီး အားလုံးကို အံ့သြသွားစေမည့် စကားတစ်ခွန်း ပြောလိုက်သည်။

“ပူးပေါင်းမယ်... မလိုပါဘူး”

“ဂိုဏ်းချုပ်ယဲ့က တစ်ယောက်တည်း ရင်ဆိုင်မလို့လား”

“သတ္တိရှိလိုက်တာ”

အားလုံး လက်မထောင်လိုက်ကြ၏။

“ကျွန်တော် တိုက်မယ်လို့ မပြောပါဘူး” ယဲ့ဖုန်း ..လက်ဖြန့်ပြလိုက်သည်။

အားလုံး လဲကျမလို ဖြစ်သွားကြ၏။

‘အစ်ကိုကြီးရေ...

ဒီလိုအချိန်မှာ နောက်နေတာလား။

မတိုက်ဘူးဆိုရင် ထွက်ပြေးမလို့လား။ ထွက်ပြေးမယ်ဆိုရင်လည်း အချိန်နည်းနည်းလောက် ဆွဲပေးပါဦး။’

ထိုစဉ်၊ နဂါးပြာဘုရင်က လေးနက်စွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ကျုပ် တစ်ယောက်တည်း မနိုင်ပါဘူး... ပူးပေါင်းမှ ရမှာပါ”

“ကျွန်တော် ဆိုလိုတာက... ကျွန်တော်လည်း ဝင်ပါစရာ မလိုဘူး... အကြီးအကဲလန် လည်း ဝင်ပါစရာ မလိုဘူး... ဝိညာဉ်ပင်လယ် ပထမအဆင့်လောက်ပဲ ရှိတာကို”

ယဲ့ဖုန်းက ပေါ့ပေါ့ပါးပါး ပြန် ပြောလိုက်သည်။ သူက ပြောပြီးသည်နှင့် ပန်းရောင်ဆံပင်၊ သလဲသီးရောင် ဝတ်စုံနှင့် မြေခွေးမလေးတစ်ဦး သူ့ဘေးနားသို့ ထွက်လာ၏။

“ဂိုဏ်းချုပ်... ဒီအကောင် ရုပ်ဆိုးလိုက်တာ... မင်းသမီးလေး ရှင်းပစ်လိုက်မယ်”

ဟူဖေးဖေးသည် ကြောင်လေးတစ်ကောင်လို ကျော့ရှင်းစွာ လမ်းလျှောက်ထွက်လာ၏။

“ဒါ... မြေခွေးမလေးလား”

အခုမှ အားလုံး သတိထားမိကြ၏။ မြေခွေးနားရွက်၊ မြေခွေးအမြီးနှင့် ချစ်စရာ ကောင်မလေးပင်။

“ဒါ... ကျွန်တော်တို့ မြူခိုးဂိုဏ်းရဲ့ `ကာကွယ်စောင့်ရှောက်သူ မြေခွေးမင်းသမီး ဖေးဖေး` ပါ... သူ ရှိရင် အေးဆေးပါ” ယဲ့ဖုန်းက ယုံကြည်မှုရှိရှိ မိတ်ဆက်ပေးလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... ခင်ဗျားတို့ ကာကွယ်စောင့်ရှောက်သူရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကျွန်တော် အာရုံခံလို့ မရဘူး” နဂါးပြာဘုရင်၏ မျက်နှာထား ထူးဆန်းသွားသည်။

‘ဒီလောက် ချစ်စရာကောင်းတဲ့ မြေခွေးမလေးက ကြောက်စရာကောင်းတဲ့ နတ်ဆိုးကြီးကို ရှင်းပစ်မယ် တဲ့လား။

ဘာလဲ... ညှို့ယူဖမ်းစားပြီး သတ်မလို့လား။’

နဂါးပြာဘုရင်သာမက၊ တခြားသူတွေလည်း မယုံကြပေ။

ကုန်းချင်းချိုး၊ မိုယင် တို့လည်း သံသယ ဖြစ်နေကြ၏။

“ဝါး...”

ဟူဖေးဖေး မလှုပ်ရှားရသေးခင်မှာပင် ရုပ်ချောချော ကောင်လေး တစ်ကောင် (အစ်ကိုကြီး ခေါင်းပြား) ပြေးထွက်သွားပြီး နတ်ဆိုးကြီးကို ခေါင်းနှင့် ပြေးတိုက်လိုက်တော့၏။

`ဘုန်း...`

မိုးကြိုးပစ်ချသလို ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

နတ်ဆိုးကြီး ခေါင်းလည်ထွက်သွားပြီး ဒေါသတကြီး လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

ခေါင်းပြား လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ `ဝုန်း` ခနဲ ပြုတ်ကျကာ တဆတ်ဆတ် တုန်နေတော့၏။ မထနိုင်တော့ပေ။

‘ခေါင်းပြားရာ... မင်းကတော့ မှတ်ကို မမှတ်ဘူး’

ယဲ့ဖုန်း မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။

‘ဒါ ဦးချိုနှစ်ချောင်း နတ်ဆိုးကြီးကွ... ဝိညာဉ်ပင်လယ်အဆင့်... နတ်ဆိုးဘုရင် တစ်ပါးလို စွမ်းအားကြီးတာ။ မင်းက `အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်` လေး ဖြစ်ပြီးတော့ သွားတိုက်ရဲတယ်... သေချင်နေတာလား။’

“ဂိုဏ်းချုပ်ယဲ့... ခုနက လွင့်သွားတာ ခင်ဗျားတို့ရဲ့ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ မဟုတ်လား... သေပြီလား မသိဘူး” ယွင်ဟွာကျန်းရန် စိုးရိမ်တကြီး မေးလိုက်သည်။

“ဝေါ...”

ခေါင်းပြား ဆီမှ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာ၏။ မသေသေးကြောင်း အချက်ပြနေခြင်း ဖြစ်၏။

“ဟာ... နတ်ဆိုးကြီးရဲ့ လက်သီးချက်ကို ခံပြီး မသေဘူးလား... ခံနိုင်ရည်စွမ်းအားက ကြောက်စရာကြီးပါလား”

ဧည့်သည်များ အံ့သြသွားကြ၏။

ယဲ့ဖုန်းကတော့ စိတ်မပူပေ။

“သူ့နာမည်က `အစ်ကိုကြီး ခေါင်းပြား`ပါ... ဟုတ်ပါတယ်... ဂိုဏ်းစောင့် သားရဲပါ... စိတ်မပူပါနဲ့... သူက အသေရခက်ပါတယ်”

ထိုစဉ်၊ မိုယင်က ယန်ရူယွီကို ခေါ်ပြီး ကုသပေးရန် ဆင်းသွားပြီ ဖြစ်၏။

“ဟီးဟီးဟီး...”

နတ်ဆိုးကြီးသည် ဖေးလိုင် တောင်ထိပ်နားသို့ ရောက်လာပြီ ဖြစ်၏။ အစိမ်းရောင် မျက်လုံးများထဲတွင် အထင်သေး ရွံရှာမှုများ ပြည့်နှက်နေသည်။

`ဝှီး...`

မီတာ (၁၀၀) ရှည်လျားသော ဓားကြီးကို မြှောက်လိုက်ပြီး တောင်တစ်လုံး ပြိုကျလာသကဲ့သို့ ခုတ်ပိုင်းချလိုက်တော့၏။

“ပြေးကြဟေး”

အားလုံး လန့်ဖျပ်သွားကြ၏။

သို့သော် ကြောက်မက်ဖွယ် ဖိအားများကြောင့် ခြေလှမ်း ရွှေ့မရအောင် ဖြစ်နေကြ၏။

ထိုအခိုက်အတန့်မှာ၊ ဟူဖေးဖေးက ပြောလိုက်သည်။

“ဂိုဏ်းချုပ်... သွားပြီနော်”

ပြီးပြည့်စုံသော ကျက်သရေဖြင့် ဟူဖေးဖေး၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး တစ်ကီလိုမီတာ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားတော့၏။ သူမ၏ အမြန်နှုန်းကြောင့် နဂါးပြာဘုရင်ပင် မျက်လုံးပြူးသွားသည်။

`ခွပ်...`

ဟူဖေးဖေးသည် ခြေထောက်တစ်ဖက်ဖြင့် ကန်လိုက်ရာ နတ်ဆိုးကြီး၏ ဦးချိုတစ်ချောင်း ကျိုးထွက်သွားသည်။

“အူးဝါး”

စူးရှသည့် အော်ဟစ်သံကြီးနှင့်အတူ နတ်ဆိုးကြီး ပက်လက်လန် လဲကျသွားတော့၏။

`ဝုန်း...`

ဖုန်မှုန့်များ ထောင်းခနဲ ထသွားသည်။

အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေတော့သည်။

အခန်း (၂၈၄) - ဆံပင်ပိုပန်းရောင်သန်းလေ ပိုကြမ်းလေ

~ခြေထောက်တစ်ချက်တည်းနှင့် ဦးချိုနှစ်ချောင်းနတ်ဆိုးကြီး၏ ဦးချိုတစ်ချောင်း ကျိုးထွက်သွားခဲ့သည်။

ဤမြင်ကွင်းသည် လူတိုင်း၏ စိတ်ထဲတွင် မမေ့နိုင်စရာ ဖြစ်သွားစေသည်။

ယဲ့ဖုန်းမှလွဲ၍ မည်သူမျှ ဤရလဒ်ကို မမျှော်လင့်ထားခဲ့ပေ။

“ဝေါ...”

ဦးချို တစ်ချောင်းသာ ကျန်တော့သော နတ်ဆိုးကြီးသည် မြေကြီးပေါ်သို့ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်လိုက်တော့၏။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

လျှို့ဝှက်စွာ ထိန်းချုပ်နေသော ဟန်ရီသည် လေထဲတွင် ပျံဝဲနေသော ဟူဖေးဖေးကို ကြည့်ပြီး မျက်လုံးပြူးသွားသည်။

ဒီလောက် ချစ်စရာကောင်းတဲ့ ပန်းရောင်ဆံပင် မြေခွေးမလေးက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ။

ဟန်ရီတင် မဟုတ်ပါဘူး... ထွက်ပြေးဖို့ ပြင်နေတဲ့ အင်အားစုကြီးတွေလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

“သောက်ကျိုးနည်း... ကြမ်းလိုက်တာဟ”

နောက်ဆုံးတွင် နဂါးပြာဘုရင် ပထမဆုံး စကားစလိုက်သည်။

‘ဟူဖေးဖေးက လှလွန်းတယ်... ပြည့်စုံလွန်းတယ်။

မြင်ရသူတိုင်းက အန္တရာယ်ကင်းတဲ့ အိမ်နီးချင်း ညီမလေးတစ်ယောက်လို့ပဲ ထင်ကြမှာ။

ဒါပေမဲ့ ဒီလိုလူက ဒီလောက် စွမ်းအားကြီးနေတယ်တဲ့။’

နဂါးပြာဘုရင်၏ အမြင်အရ ဟူဖေးဖေး၏ ကန်ချက်သည် `ဝိညာဉ်ပင်လယ် တတိယအဆင့်` နှင့် ညီမျှသည်။

ယုံနိုင်စရာ မရှိလောက်အောင် သန်မာလွန်း၏။

‘ရှေးဟောင်း သူတော်စင် ကောင်းချီးပေးထားတဲ့ `ဝူရွှီ ကျောက်စိမ်းရွှံ့` နဲ့ လုပ်ထားတဲ့ လူသားပုံစံ ဝိညာဉ်လက်နက် ဆိုတော့... ခန္ဓာကိုယ် ကြံ့ခိုင်မှုက အဆင့်တူ နတ်ဆိုးဘုရင်တွေထက်တောင် ပိုသာနေတာ မဆန်းပါဘူး’

ယဲ့ဖုန်း စိတ်ထဲတွင် ချီးကျူးလိုက်သည်။

“ဒါ ကာကွယ်စောင့်ရှောက်သူ ဟူဖေးဖေးရဲ့ စွမ်းအားလား”

“ကြောက်စရာကြီးဟ”

“နောက်ဆိုရင် ညီမလေး ဆိုပြီး မစရဲတော့ဘူး”

မြူခိုးဂိုဏ်း တပည့်များ တုန်လှုပ်သွားကြ၏။ ပုံမှန်အချိန်တွေတုန်းက ဟူဖေးဖေးကို သွားမစခဲ့မိတာ ကံကောင်းလိုက်တာ။

“လခွမ်း... မင်းက ဘာကောင်ပဲ ဖြစ်ဖြစ်... ဒီနေ့ မင်းရော မြူခိုးဂိုဏ်းရော ပျက်စီးရမယ်”

ဟန်ရီ သတိပြန်ဝင်လာပြီး ဒေါသတကြီးဖြင့် နတ်ဆိုးကြီးကို ထိန်းချုပ်ကာ တိုက်ခိုက်ခိုင်းလိုက်သည်။

“ဝေါ...”

ဦးချိုတစ်ချောင်း နတ်ဆိုးကြီးသည် ဓားကြီးကို ဝှေ့ယမ်းပြီး ဟင်းလင်းပြင်မှ စွမ်းအားများကို စုပ်ယူလိုက်သည်။ ပြတ်ထွက်သွားသော ဦးချို ပြန်ထွက်လာပြီး ပါးစပ်မှ ဖျက်ဆီးခြင်း အလင်းတန်းကြီးကို မှုတ်ထုတ်လိုက်တော့၏။

`ဘုန်း...`

ဟူဖေးဖေးသည် အလင်းတန်းနှင့် တည့်တည့်တိုးပြီး ကီလိုမီတာထောင်ချီ လွင့်ထွက်သွားတော့သည်။

သို့သော် မြေကြီးမကျမီမှာပင် သူမ၏ ပန်းရောင်ဆံပင်များ ရုတ်တရက် တောက်ပလာ၏။

“ရှင်က တကယ် စိတ်ရှုပ်စရာ ကောင်းတာပဲ”

ဟူဖေးဖေး မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းကြီးများ ပန်းရောင် တောက်ပလာပြီး `စိတ်ရိုင်းဝင်` သွားသကဲ့သို့ ဖြစ်လာ၏။

[တီ..တီ.. ဟူဖေးဖေးဟာ အဆင့်မြှင့်တင်ခြင်း စွမ်းအင် ၁ ရာခိုင်နှုန်း စုဆောင်းမိပါပြီ]

စနစ်၏ အသံ ယဲ့ဖုန်း၏ နားထဲတွင် ကြားလိုက်ရသည်။

ယဲ့ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

'ငါ သဘောပေါက်ပြီ... ဟူဖေးဖေး အဆင့်တက်ဖို့ တိုက်ခိုက်ရမယ်... တိတိကျကျ ပြောရရင်... သူများတွေရဲ့ တိုက်ခိုက်မှု စွမ်းအင်တွေကို စုပ်ယူရမယ်။

တိုက်လေ စွမ်းအားကြီးလေ။

ကြောက်စရာကောင်းတဲ့ ပါရမီပဲ’

`ဝှီး...`

ဟူဖေးဖေးသည် ကီလိုမီတာထောင်ချီ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ပြန်ရောက်လာပြီး နတ်ဆိုးကြီး၏ နဖူးကို ကန်ထည့်လိုက်ရာ အစိမ်းရောင် အလင်းလုံးလေး အက်ကွဲသွားတော့၏။

“ဒီကောင်မက ဘာကြီးလဲဟ... ဖျက်ဆီးခြင်း အလင်းတန်းကို ခံနိုင်ရုံမက၊ ပိုတောင် သန်မာလာသေးတယ်” ဟန်ရီ လည်ချောင်း ခြောက်သွားသည်။

ဟန်ရီတင် မကဘူး... နဂါးပြာဘုရင် တို့လည်း ကြောက်လန့်နေကြ၏။

“ကြည့်စမ်း... ကာကွယ်စောင့်ရှောက်သူ ဟူဖေးဖေးရဲ့ ဆံပင်တွေ တောက်ပနေတယ်... မျက်လုံးတွေလည်း ပန်းရောင် ပြောင်းသွားပြီ... ကြည့်ရတာ ကြောက်စရာကြီး”

ရှီလေ့ တံတွေးမြိုချလိုက်သည်။

ကုန်းချင်းချိုးကတော့ အသက်အောင့်ထားလိုက်သည်။

ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်နေသော ယဲ့ဖုန်းကို ကြည့်ပြီး ရေရွတ်လိုက်သည်။

“ဒါကြောင့် ဂိုဏ်းချုပ်က အေးဆေးနေတာကိုး... ဟူဖေးဖေးရဲ့ စွမ်းအားကို သိနေတာပဲ... သူတစ်ယောက်တည်းနဲ့တင် ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးကို အေးဆေး ရှင်းနိုင်တယ်”

“ဟူဖေးဖေး... မသတ်ခင် စွမ်းအင်တွေ များများ စုပ်ယူလိုက်ဦး” ယဲ့ဖုန်းက လှမ်းပြောလိုက်သည်။

ဟူဖေးဖေးက သူ့အား မျက်တောင်ခတ်ပြလိုက်သည်။

“သောက်ကျိုးနည်း... မြူခိုးဂိုဏ်းမှာ ဘာလို့ ဒီလောက် စွမ်းအားကြီးတဲ့ လူ ရှိနေရတာလဲ... ဒဏ္ဍာရီလာ ယဲ့ဖုန်း ထက်တောင် ပိုစွမ်းနေသလိုပဲ”

ဟန်ရီသည် ဟူဖေးဖေးကို အာရုံစိုက်လိုက်ပြီး နတ်ဆိုးကြီးကို မိုင်အနည်းငယ် နောက်ဆုတ်ခိုင်းလိုက်သည်။

“ကြည့်စမ်း... နတ်ဆိုးကြီး နောက်ဆုတ်သွားပြီ”

“သူ ကြောက်သွားပြီဟေ့”

အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

“မြူခိုးဂိုဏ်းက တကယ် အစွမ်းထက်တာပဲ... ဂိုဏ်းချုပ်ယဲ့ ဝင်ပါစရာတောင် မလိုဘူး... ကာကွယ်စောင့်ရှောက်သူ တစ်ယောက်တည်းနဲ့တင် နိုင်နေပြီ”

ဟု တစ်ယောက်က မြှောက်ပင့်လိုက်သည်။

“ကောင်းကင်နှင့် မြေကြီး နတ်ဆိုးဝိညာဉ်များ... မူလရုပ်သွင် ပေါင်းစပ်စမ်း”

နတ်ဆိုးကြီး သိုင်းနည်းစနစ် ရွတ်ဆိုလိုက်သည်။ မီတာ (၁၀၀) ရှည်သော ဓားကြီးကို ခေါင်းပေါ်တင်လိုက်ပြီး လက်ဖြင့် မုဒြာဖော်ကာ ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။ (၃) မီတာမြင့်သော `နတ်ဆိုးမိစ္ဆာ` အစစ်အမှန် အဖြစ် ပြောင်းလဲသွားတော့၏။

ဓားကြီးသည် ဦးချိုနှစ်ချောင်းနှင့် ပေါင်းစပ်သွားပြီး ငွေရောင် တောက်ပနေသော ဦးချိုတစ်ချောင်းတည်း ဖြစ်သွားတော့၏။ အလွန် ထက်ရှမည့်ပုံ ပေါက်နေသည်။

“ဟီးဟီးဟီး... ဒါ နတ်ဆိုးမိစ္ဆာရဲ့ ဒုတိယပုံစံပဲ... နင် သေချာပေါက် သေရမယ်”

နတ်ဆိုးကြီး၏ ဦးချိုမှ ခရမ်းရွှေရောင် `ကောင်းကင်မိုးကြိုး` ထောင်ပေါင်းများစွာ ပစ်လွှတ်လိုက်ပြီး ဟူဖေးဖေးကို တိုက်ခိုက်လိုက်တော့၏။

မိုင်အနည်းငယ် အကွာမှ ကြည့်နေသူများပင် မျက်စိကျိန်းသွားကြသည်။

သို့သော် တိုက်ပွဲကို ကြည့်ချင်ဇောဖြင့် ဝိညာဉ်စွမ်းအင်များကို မျက်လုံးထဲ ပို့လွှတ်ပြီး ကြည့်ရှုနေကြ၏။

မိုးကြိုးများအကြားတွင် ဟူဖေးဖေး၏ ပန်းရောင် ဆံပင်များ လွင့်ပျံနေသည်။ မီးလောင်ကျွမ်းခြင်း မရှိသည့်အပြင် ပိုမို တောက်ပလာ၏။

မျက်လုံးများ လုံးဝ ပန်းရောင် ပြောင်းသွားပြီ ဖြစ်သည်။

[တီ..တီ.. အဆင့်မြှင့်တင်ခြင်း စွမ်းအင် ၃ ရာခိုင်နှုန်း... ၅ ရာခိုင်နှုန်း...]

ယဲ့ဖုန်း အချက်ပေးသံများ ကြားနေရသည်။

“နင်... နင် ဘာလို့ မသေသေးတာလဲ”

မိုးကြိုးများအကြားတွင် ပန်းခြံထဲ လမ်းလျှောက်နေသလို အေးဆေး ဖြစ်နေသော ဟူဖေးဖေးကို ကြည့်ပြီး နတ်ဆိုးကြီး၏ အပြုံးများ တောင့်တင်းသွားသည်။ သူ့ဘဝကိုပင် သံသယ ဝင်လာမိ၏။

ဒါ ကောင်းကင်မိုးကြိုးလေ။

နတ်ဆိုးဘုရင်တောင် ထိရင် ဒဏ်ရာရနိုင်တာ။ ဒီမြေခွေးမက ဘာမှ မဖြစ်တဲ့အပြင် ပျော်တောင် ပျော်နေသေးတယ်လား။

“ငါ သိပြီ... သူက မိုးကြိုးစွမ်းအင်တွေကို စုပ်ယူနေတာပဲ”

နောက်ကွယ်မှ ဟန်ရီ သဘောပေါက်သွားပြီး မိုးကြိုးပစ်တာကို ချက်ချင်း ရပ်ခိုင်းလိုက်သည်။

“အို... ငါ့ကို ရိပ်မိသွားပြီလား” ဟူဖေးဖေး ပြုံးလိုက်သည်။

“မိုးကြိုးစုပ်ယူနိုင်လို့ မသေတာကိုး” နတ်ဆိုးကြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဦးချိုကို ချိုးလိုက်ပြီး ဓားရှည် တစ်ချောင်းအဖြစ် ပြောင်းလဲကာ ဟူဖေးဖေးကို ဝင်ခုတ်လိုက်သည်။ အနီးကပ် တိုက်ပွဲ ဆင်နွှဲတော့မည်။

“တိုက်ချင်တာလား... လာလေ”

ဟူဖေးဖေး၏ အမြီး လှုပ်ရှားသွားပြီး မီတာ (၁) ခန့် ရှည်သော `ဘေ့စ်ဘော ရိုက်တံ`နှင့် တူသည့် အဖြူရောင် တုတ်တိုလေးတစ်ချောင်း ထွက်ပေါ်လာ၏။ သူမက ၎င်းကို လက်နှစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်သည်။

`ချွင်...`

တုတ်တိုနှင့် ဓားရှည် ထိပ်တိုက် တွေ့ဆုံသွားပြီး မီးပွားများ လွင့်စင်သွားသည်။

`ချွင်... ချွင်... ချွင်...`

နှစ်ဦးသား ဝေဟင်တွင် အပြန်အလှန် တိုက်ခိုက်နေကြ၏။ လျင်မြန်လွန်းသဖြင့် ရိပ်ခနဲ.. ရိပ်ခနဲသာ မြင်နေရသည်။

“မြန်လိုက်တာ”

နဂါးပြာဘုရင်ပင် တုန်လှုပ်သွားပြီး လက်သီးဆုပ်ကာ နောက်ဆုတ်လိုက်မိသည်။ ကြောက်ရွံ့စိတ်များ ပေါ်လာ၏။

“အား... ပေါက်ကွဲစမ်း”

ဟူဖေးဖေး တိုက်ခိုက်လေ စိတ်ပါလေ ဖြစ်လာသည်။ ဆံပင်များ ပိုမို တောက်ပလာပြီး မျက်လုံးများ ပန်းရောင် မီးလုံးကြီးများကဲ့သို့ ဖြစ်လာ၏။ စွမ်းအားများ အရူးအမူး တိုးပွားလာသည်။

`ကရက်...`

နောက်ဆုံးတွင် ဟူဖေးဖေး၏ တုတ်တိုသည် နတ်ဆိုးကြီး၏ ဓားရှည်ကို ရိုက်ချိုးလိုက်ပြီး တရစပ် ရိုက်နှက်လိုက်ရာ နတ်ဆိုးကြီး၏ ကိုယ်ခန္ဓာ ကွဲကြေသွားပြီး အတွင်းမှ အစိမ်းရောင် အလင်းလုံးလေး ပေါ်ထွက်လာတော့၏။

ကြောက်လန့်ပြီး ကျုံ့ဝင်သွားသကဲ့သို့ သေးငယ်သွားသည်။

`ဘုန်း...`

ဟူဖေးဖေးသည် တုတ်တိုဖြင့် ရိုက်ခွဲလိုက်ရာ အလင်းလုံးလေး ပေါက်ကွဲသွားပြီး အလင်းစက် သန်းပေါင်းများစွာအဖြစ် ပြောင်းလဲကာ ဖူယွင် တောအုပ်နက် တစ်ခုလုံးကို မိုးရေသဖွယ် ဖြန်းပက်လိုက်တော့၏။ ခြောက်သွေ့နေသော မြေကမ္ဘာကို ပြန်လည် အသက်သွင်းလိုက်သကဲ့သို့ပင်။

မိုင်ပေါင်းများစွာ အကွာအဝေးရှိ မြေအောက်ခန်းတွင်...

`ဝေါ့...`

ဟန်ရီ ပြန်ကန်အား ကြောင့် သွေးအန်ပြီး လဲကျသွားသည်။ နဖူးကွဲသွားပြီး တစ်ကိုယ်လုံး တုန်တက်နေကာ သေလုနီးပါး ဖြစ်သွားတော့၏။

“ကြမ်းလိုက်တာ”

ဟန်ရီ၏ စိတ်ထဲတွင် တုတ်တိုကို ဝှေ့ယမ်းပြီး နတ်ဆိုးကြီးကို ရိုက်ခွဲလိုက်သော ဟူဖေးဖေး၏ ပုံရိပ်ကြီး စွဲထင်ကျန်ရစ်ခဲ့သည်။ စိတ်ဒဏ်ရာ ရသွားလေပြီ။

‘ဒီမြေခွေးမနဲ့ နောက်ဘယ်တော့မှ မတိုက်တော့ဘူး’ဟု ကျိန်ဆိုလိုက်မိသည်။

‘ဒီမိန်းမက အရမ်း ကြမ်းလွန်းတယ်။ အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။’

အခန်း (၂၈၅) - အင်အားစုပေါင်းစုံ ဂုဏ်ပြုခြင်းနှင့် ရွှေရောင် မိုးမခရွက်

~ဖူယွင် တောအုပ်နက် အထက်တွင်...

ဟူဖေးဖေးသည် အဖြူရောင် တုတ်တိုလေးကို ပခုံးပေါ်တင်ပြီး စတိုင်ကျကျ လှည့်ကြည့်ကာ လက်မဖြင့် နှာခေါင်းထိပ်ကို ပွတ်လိုက်သည်။ အလွန် ချစ်စရာကောင်းသော အမူအရာ ဖြစ်၏။

သို့သော် နဂါးပြာဘုရင်နှင့် အခြားသူများ၏ မျက်လုံးထဲတွင်မူ ဟူဖေးဖေးသည် ချစ်စရာကောင်းသည် မဟုတ်ဘဲ ကြောက်စရာ ကောင်းနေသည်။ သူမ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ပြန်မြင်ယောင်မိပြီး ကျောချမ်းနေကြ၏။

“ဂိုဏ်းချုပ်... ခုနက ကျွန်မ စွမ်းဆောင်ရည် ဘယ်လိုလဲဟင်”

ဟူဖေးဖေးသည် အပြုံးလေးဖြင့် ယဲ့ဖုန်းရှေ့သို့ ရောက်လာ၏။

ဆံပင်အရောင်များ ပုံမှန် ပြန်ဖြစ်သွားပြီး မျက်လုံးများလည်း မူလအတိုင်း ပြန်လည် ကြည်လင်လာ၏။

[တီ..တီ.. အဆင့်မြှင့်တင်ခြင်း စွမ်းအင် ၁၀ ရာခိုင်နှုန်း ရောက်ရှိပါပြီ]

စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာ၏။

ယဲ့ဖုန်းသည် ဟူဖေးဖေး၏ ဆံပင်ကို ပွတ်သပ်ပေးပြီး ချီးကျူးလိုက်သည်။

“အရမ်း ကောင်းတယ်... ဂိုဏ်းချုပ် မျှော်လင့်ထားတာထက်တောင် ပိုကောင်းသေးတယ်”

“ဝါး... ဒါဆို ဆုချပါ”

ဟူဖေးဖေး ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

“ဘာလိုချင်လဲ”

ယဲ့ဖုန်း နားမလည်ပေ။

`နင်က ဝိညာဉ်လက်နက်လေ... မစား၊ မသောက်၊ မအိပ်ဘူး... ဘာဆုပေးရမှာလဲ` ဟု မေးချင်နေသည်။

“အနမ်း၊ အဖက် နဲ့ မြှောက်ပင့်ပေးတာ လိုချင်တယ်”

ဟူဖေးဖေးသည် တုတ်တိုလေးကို အမြီးထဲ ဝှက်လိုက်ပြီး နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“ဟမ်...”

ယဲ့ဖုန်း ကြောင်တောင်တောင် ဖြစ်သွားသည်။

“အဟမ်း...”

ပရိသတ်များ မျက်နှာ အမူအရာ ထူးဆန်းသွားကြ၏။ တချို့က ခေါင်းငုံ့၊ တချို့က မျက်နှာလွှဲ၊ တချို့က မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ကြ၏။

“ဒီနေရာကြီးမှာတော့ မဖြစ်ဘူးလေ” ယဲ့ဖုန်း တီးတိုး ပြောလိုက်သည်။

“ဒါဆို အခန်းထဲ သွားရအောင်” ဟူဖေးဖေး မျက်တောင်ခတ်ပြလိုက်သည်။

အားလုံးက ယဲ့ဖုန်းနှင့် ဟူဖေးဖေးကို အားကျသလို၊ အံ့သြသလို ကြည့်နေကြ၏။

“ဟွန်း... ဂိုဏ်းချုပ်ယဲ့က ကံကောင်းလိုက်တာ” မိုမင်ရှီက ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။

အားလုံး ရယ်မောလိုက်ကြ၏။

ယဲ့ဖုန်း ရှက်သွားသည်။

`ဟူဖေးဖေးက ဝိညာဉ်လက်နက်ပါ... သက်ရှိလူသား မဟုတ်ပါဘူး`ဟု အော်ပြောလိုက်ချင်သည်။

သို့ရာတွင်၊ လျှို့ဝှက်ချက် ဆိုတော့ ပြောလို့ မဖြစ်ပေ။

“လူကြီးမင်းတို့... နတ်ဆိုးကြီးကို နှိမ်နင်းပြီးပါပြီ... အခမ်းအနားကို ဆက်လက် ကျင်းပကြရအောင်...တူရိယာတွေ ဆက်တီးမှုတ်ကြပါ” ယဲ့ဖုန်း စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဟုတ်တယ်... ဟုတ်တယ်... တီးမှုတ်ကြ... ပန်းတွေ ဆက်ကြဲကြ”

ဟု မိုဝမ်ရှီးက အခိုင်းအစေများကို အမိန့်ပေးလိုက်သည်။

ဂီတသံများ ပြန်လည် ထွက်ပေါ်လာပြီး ပန်းမိုးများ ရွာသွန်းလာပြန်သည်။ လေထု ပြန်လည် သက်ဝင်လှုပ်ရှားလာ၏။

အားလုံးသည် ပျက်စီးသွားသော ဖူယွင် တောအုပ်နက်ကြီးကို ကြည့်ပြီး အံ့သြနေကြသည်။ ထို့နောက် မြူခိုးဂိုဏ်း၏ အဓိက ရင်ပြင်သို့ ပြန်လည် ရောက်ရှိလာကြ၏။

စင်မြင့်ပေါ်တွင်...

မိုဝမ်ရှီးသည် ဆိုင်းဘုတ်သစ်ကြီးကို ယဲ့ဖုန်းအား ပေးအပ်လိုက်သည်။

“ဒီနေ့က စပြီး `မြူခိုးတောင်ထိပ်` ဟာ `မြူခိုးဂိုဏ်းတော်` ( 缥缈宗) အဖြစ် တရားဝင် ပြောင်းလဲသွားပါပြီ... အားလုံး ဂုဏ်ပြုပေးကြပါ”

“ဖြောင်း.. ဖြောင်း.. ဖြောင်း..”

လက်ခုပ်သံများ ဆူညံသွားတော့သည်။

ယဲ့ဖုန်းသည် အနီရောင် ပိတ်စကို ဖယ်ရှားလိုက်ရာ ရွှေရောင် တောက်ပနေသော `မြူခိုးဂိုဏ်းတော်` စာလုံးကြီး (၃) လုံး ပေါ်ထွက်လာ၏။ ကြည့်လိုက်ရုံဖြင့် စိတ်ကို တည်ငြိမ်စေပြီး ကျင့်ကြံခြင်း အခြေအနေသို့ ရောက်ရှိစေနိုင်သော စွမ်းအားများ ပါဝင်နေသည်။

“ဒါ ဂိုဏ်းချုပ်ကြီးရဲ့ လက်ရေးပဲ”

“သူက စာပေနဲ့ ပန်းချီမှာ ကျွမ်းကျင်တဲ့ နတ်ဆိုးဘုရင်လေ... သူ့လက်ရာ တစ်ခုဆိုရင် ဝိညာဉ်ကျောက်တုံး သောင်းချီ တန်တယ်”

ဂိုဏ်းချုပ်များ အားကျနေကြ၏။

‘ဂိုဏ်းချုပ်ကြီးက တကယ် ရက်ရောတာပဲ’

ယဲ့ဖုန်းလည်း ကြိတ်၍ အံ့သြသွားသည်။

သူက ဆိုင်းဘုတ်ကို ယူဆောင်ပြီး ဂိုဏ်းချုပ် ခန်းမဆောင်၏ တံခါးဝတွင် ချိတ်ဆွဲလိုက်တော့သည်။

အခမ်းအနားမှာ …ပြီးဆုံးသွားတော့၏။

“ကဲ... ဘာစောင့်နေကြတာလဲ... လက်ဆောင်ပေးကြတော့လေ”

လျိုယွင်ဂိုဏ်းချုပ်က စတင် နှိုးဆော်အော်ဟစ်လိုက်သည်။ အခိုင်းအစေများက လက်ဆောင်ဗန်းများကို ရှီလေ့ရှေ့ရှိ စားပွဲရှည်ပေါ်တွင် လာရောက် တင်ထားကြ၏။

“လျိုယွင်ဂိုဏ်းမှ လက်ဆောင် - (၁၀) နှစ်ခံ `ပီလော်ချွန်`ဝိညာဉ်လက်ဖက်ခြောက် (၁) ပေါင်၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး...”

“လုံဝူမြို့မှ လက်ဆောင် - ဝိညာဉ်လှေ (၁) စင်း နှင့်... `အဆင့်နိမ့် ဝိညာဉ်ရိုး` ရှိသော အခိုင်းအစေလေး (၂) ဦး”

“အခိုင်းအစေ ဟုတ်လား”

အားလုံး အံ့သြသွားကြ၏။

ရတနာဆောင် ပိုင်ရှင် ကျန်းဖေးဟွာ က ဂုဏ်ယူစွာ ရယ်မောနေလေသည်။

'စနစ်... ဒီအခိုင်းအစေနှစ်ယောက်က တပည့်သတ်မှတ်ချက်နဲ့ ကိုက်ညီလား' ယဲ့ဖုန်း စိတ်ထဲက မေးလိုက်သည်။

[ကိုက်ညီပါတယ်]

ယဲ့ဖုန်း စိတ်အေးသွားသည်။

‘မကိုက်ညီရင် ပြန်လွှတ်ရမှာ အားနာစရာ။ အခုတော့ ဂိုဏ်းသားဦးရေ တိုးပွားလာပြီ လေ။’

လက်ဆောင်ပေးပွဲ ဆက်လက် ပြုလုပ်နေကြ၏။

တန်ဖိုး နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စေတနာကို အသိအမှတ်ပြုပြီး ယဲ့ဖုန်း လက်ခံရယူလိုက်သည်။

ခရိုင်ဘုရင် အိမ်တော်မှ အစောင့်တပ်မှူး `မုန်ဟောက်မြောင်` ၏ လက်ဆောင်ကို မြင်သောအခါ အားလုံး မျက်လုံးပြူးသွားကြ၏။

“နှစ်တစ်ထောင် ဂျင်ဆင်းပါလား... အားဆေးကြီးပဲ”

“ဂိုဏ်းချုပ်ယဲ့... မင်းသမီးလေးက ဂုဏ်ပြုပါတယ်တဲ့... မကြာခင် ကြယ်နှစ်ပွင့် အဆင့် ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်တဲ့”

“မင်းသမီးလေးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ... နောက်နှစ်ကျရင် တပည့်တွေနဲ့အတူ လာရောက် ဂါရဝပြုပါ့မယ်” ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် ကျီဝူရွှမ် .. ရှေ့ထွက်လာ၏။

“ဓားကလေးရဲ့ လက်ဆောင်ပါ... အဆင့်နိမ့် မူလခိုင်မာဆေးလုံး တစ်ပုလင်း၊ အဆင့်မြင့် ချီကျင့်ကြံဆေးလုံး (၁၀) ပုလင်း၊ နှစ်တစ်ရာ ဝိညာဉ်သစ်သီး (၃) ပေါင်...”

“ဓားကလေးက တကယ် ရက်ရောတာပဲ”

လူအများ မနာလို ဖြစ်ကုန်ကြ၏။

သူတို့တုန်းက ဒီလောက် မရခဲ့ဖူးပါ။

နောက်ဆုံးတွင် မိုဝမ်ရှီးက သေတ္တာတစ်လုံးကို ကိုင်လျက် ရှေ့ထွက်လာသည်။

“ဒါ ဂိုဏ်းချုပ်ကြီးရဲ့ စေတနာပါ... လက်ခံပေးပါ”

ယဲ့ဖုန်း ဖွင့်ကြည့်လိုက်ရာ ရွှေရောင် မိုးမခရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။

[ရွှေရောင် မိုးမခရွက် - ဝိညာဉ်ရတနာ]

[ဖော်ပြချက် - `နတ်ဆိုးဘုရင်` အဆင့် မိုးမခပင်၏ အသက်ရွက်... စိုက်ပျိုးလိုက်ပါက `ရွှေရောင် မိုးမခပင်`ပေါက်ရောက်လာမည်... အနံ့ရသူတိုင်း ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိနိုင်ပြီး ဉာဏ်ပညာ (၁၀) ရာခိုင်နှုန်း တိုးတက်စေသည်]

“တန်ဖိုးကြီးလိုက်တဲ့ ရတနာပါလား”

ယဲ့ဖုန်း အသံထွက်၍ ချီးကျူးလိုက်သည်။

‘ဉာဏ်ပညာ (၁၀) ရာခိုင်နှုန်း တိုးစေတယ် ဆိုတာ တော်ရုံ မဟုတ်ဘူး။ အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၁) သောင်းလောက် တန်တယ်။

ဂိုဏ်းချုပ်ကြီးက ဘာလို့ ဒီလောက် ရက်ရောနေရတာလဲ။

ဘာအကြံအစည် ရှိလဲ။

ဒါမှမဟုတ် လူငယ်တွေကို မြေတောင်မြှောက်ပေးချင်တဲ့ စေတနာ သက်သက်ပဲလား။’

မိုဝမ်ရှီးက တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့... မကြာခင် ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် လာပါလိမ့်မယ်... မေးချင်တာရှိရင် အဲဒီကျမှ မေးပါ”

“ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဗျ”

ယဲ့ဖုန်းလည်း သေတ္တာကို သိမ်းလိုက်ပြီး လက်ခုပ်တီးလိုက်တော့သည်။

“ကဲ... နောက်ဆုံး အစီအစဉ် စလိုက်ရအောင်ဗျ... စားသောက်ပွဲ စပါမယ်”

ပြောလိုက်သည်နှင့် အဆောက်အအုံသစ်ထဲမှ လီကျောက်ကျောက် ဦးဆောင်သော အခိုင်းအစေများက ဟင်းပွဲများကို သယ်ဆောင်လာကြ၏။

ထိုအခိုက်အတန့်မှာ၊ မွှေးပျံ့သော အနံ့များ တစ်နေရာလုံး ပျံ့နှံ့သွားလေတော့သည်။

All Chapters