အခန်း (၆၁၆-၆၁၈)
Vol. 42 Ch. 616-618
အပိုင်း ( 616 )
သေခြင်းရှင်ခြင်းက ငါ့လက်ထဲမှာပဲ၊ အန္တိမ နိယာမ ၂
အကယ်၍ သူကသာ ခရမ်းနက်ရောင် ထောင်းထျဲ့ကို ထပ်မံ၍ ရင်ဆိုင်ရမည်ဆိုပါက၊ သူသည် အလောင်းတားမြစ်ချက်ကိုပင် မလိုအပ်ဘဲ၊ အသက်နှင့် မရဏ နိယာမတို့ကိုသာ အသုံးပြု၍ အလွယ်တကူ ချေမှုန်းနိုင်မည် ဖြစ်သည်။
“ ဟမ်။ ငါ့ဒဏ်ရာတွေပါ ပျောက်လုနီးပါး ဖြစ်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ကြည့်ရှုနေခဲ့သည်။
အသက်နှင့် မရဏ နိယာမတို့ကို နားလည်ခဲ့ပြီးသည့်နောက်၌၊ သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာတို့မှာ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် သက်သာပျောက်ကင်းလာခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းတွင် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးသော စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
၎င်းမှာ မီးတောက်များဆီမှ ပြန်လည်မွေးဖွားလာသည့် ဖီးနစ်တစ်ကောင်ကဲ့သို့ သေလုမျောပါး ဖြစ်ခဲ့ပြီးသည့်နောက်တွင် ရရှိလာသည့် ဘဝအသစ်/ အသက်အသစ် ဖြစ်သည်။
“ ကောင်းပြီလေ၊ မင်းအခု ထွက်လာခဲ့လို့ရပြီ “ ကြယ်တာရာ T-Rex နတ်ဘုရားမှ ရွှေရောင်မီးလျှံကို ပြောလိုက်သည်။
သူသည် အသက်အရင်းအမြစ်ကို ဆက်တိုက်ထုတ်ယူနေသောကြောင့်၊ ရွှေရောင်မီးလျှံက အားပိုပျော့လာသည်ဆိုသည်ကို သတိပြုမိနေခဲ့သည်။
ထို့ကြောင့် သူသည် အချိန်မှီ ရပ်တန့်လိုက်သည်။
ရွှေရောင်မီးလျှံသည် အပြင်ဘက်သို့ မျောလွင့်လာခဲ့ပြီး၊ ၎င်း၏ အရောင်မှာ အနည်းငယ် မှိန်ဖျော့နေခဲ့သည်။ သူမသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ၊ စကားပြောလာခဲ့သည် “ နင့်ရဲ့ စွမ်းရည်တွေက ငါထင်ထားတာထပ်တောင် ပိုကောင်းနေတာပဲ၊ အသက်နဲ့ မရဏ နိယာမတွေကို မြန်မြန်ဆန်ဆန် နားလည်သွားတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ ငါက လူသားဧကရာဇ်နဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ “
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ နင်က ဆရာနဲ့ ယှဥ်ချင်နေတာလား။ ဒါပေါ့၊ ယှဥ်လို့မရဘူး “
“ လူသားဧကရာဇ်ကလည်း အဆင့်၉နယ်ပယ်မှာ အန္တိမနိယာမကို နားလည်ခဲ့တာလား “ ကြယ်တာရာ T-Rex နတ်ဘုရားမှ အံ့ဩတကြီးဖြင့် မေးမြန်းလာခဲ့သည်။
“ ဒါပေါ့ “
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ ဆရာက အဆင့်၉နယ်ပယ်မှာ အချိန်-ဟင်းလင်းပြင် နိယာမကို နားလည်ခဲ့တယ်၊ နင့်လိုမျိုး ပထမဦးဆုံးခြေလှမ်းတစ်ခုမျိုး ဖြစ်နေခဲ့တယ်ဆိုပင်မဲ့၊ သူက သူ့ကိုယ်သူ အားကိုးပြီးတော့ ရခဲ့တာ၊ ပြင်ပအကူအညီ မယူခဲ့ရဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အတော်လေး အံ့အားသင့်သွားခဲ့သည်၊ အန္တိမ နိယာမကို ကိုယ့်ကိုကိုယ် အားကိုးပြီးတော့ နားလည်ခဲ့တာလား။ ပြီးတော့ နဝမ အဆင့်နယ်ပယ်မှာပဲပေါ့။
အဲ့လူ လူသားဧကရာဇ်က …. သူ့ဆီမှာရော စနစ် ရှိနေတာများလား
သူအလွန်တရာ အံ့ဩသွားရသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။ သူကိုယ်တိုင်က အသက်နှင့် မရဏ နိယာမကို နားလည်ထားသောကြောင့် အန္တိမ နိယာမကို လက်လှမ်းမှီရန်က မည်မျှခက်ခဲလဲဆိုသည်ကို သိနေခဲ့သည်။
အရင်ဦးဆုံးအနေဖြင့် လူတစ်ဦးသည် ပြန်လည်မွေးဖွားခြင်းကို ခံယူရမည် ဖြစ်ပြီး၊ ထိုတာဝန်၏ အခက်အခဲက များပြားလွန်းလှသည့် အစွမ်းထက် စစ်သည်တော်များကို တားဆီးရန် လုံလောက်နေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် အနည်းငယ်မျှသာ လွဲချော်သွားရမည်ဆိုပါက၊ လုံးဝဖျက်စီးခံလိုက်ရမည်ဟု ဆိုလိုနေသောကြောင့် ဖြစ်သည်။
သို့ရာ၌ ပြန်လည်မွေးဖွားခြင်းကို ခံယူခဲ့ရပြီးသည့်နောက်မှာပင်၊ အသက်နှင့် မရဏ နိယာမကို နားလည်နိုင်လိမ့်မည်ဟု အာမခံချက် မရှိပေ။
ကြယ်တာရာ T-Rex နတ်ဘုရားကိုသာ ကြည့်ပါလေ၊ လူသားဧကရာဇ်ထံမှ အသက်အရင်းအမြစ် မရှိဘူးဆိုပါက၊ အသက်နှင့် မရဏနိယာမကို နားလည်နိုင်မည့် အခွင့်အလမ်းမှာ အလွန်တရာ နည်းပါးနေမည် ဖြစ်သည်။
၎င်းက အန္တိမနယ်ပယ်မှ မူလစွမ်းအား ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေများသည် ကမ္ဘာနှစ်ခုလုံးကြားမှာပင် လုံးဝမရှိသလောက်နီးပါးအထိ အလွန်ထူးခြားနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ကိုယ်ပိုင်စွမ်းအားဖြစ်သည့် အင်မော်တယ် အရှင်သခင်နှင့် ပေါင်းစပ်လိုက်သော်
ထိုအချက်များ စုပေါင်း ပေါင်းစုံသွားသောကြောင့် သူသည် အသက်နှင့် မရဏ နိယာမကို နားလည်သွားခဲ့သည်၊ သို့သော် ၎င်းမှာ ပထမခြေလှမ်းတစ်လှမ်းမျှသာ ဖြစ်သည်။
လူသားဧကရာဇ်က အန္တိမ နိယာမကို ကိုယ်တိုင်နားလည်ဆင်ခြင်နိုင်ခဲ့တာလား။
“ သူ့ကို လူသားဧကရာဇ်လို့ ခေါ်ကြတာက အံ့ဩစရာတော့ မဟုတ်တော့ဘူး။ အဲ့ဒီလို စွမ်းရည်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး “ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ ရေရွတ်ပြောဆိုနေခဲ့သည်။
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ နင်စိတ်ဓာတ်ကျစရာ မလိုပါဘူး။ နင်က အန္တိမ နိယာမကို နားလည်ဖို့အတွက် ပြင်ပအကူအညီကို သုံးခဲ့ပင်မဲ့၊ အဆင့်၉နယ်ပယ်မှာပဲ ဒီလိုလုပ်ခဲ့တယ်ဆိုတော့၊ နင်က ဆရာပြီးရင် ဒုတိယပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလာခဲ့သည် “ လူသားဧကရာဇ်က တစ်ခြားမူလ နိယာမတွေကိုရော ချန်ထားခဲ့လား “
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ မထားခဲ့ဘူး။ နဂါးတိုင်လုံးခုနစ်ခုရယ်၊ ငါရယ်က နင့်ကို နိယာမတွေ နားလည်သွားအောင် လမ်းညွှန်ပေးဖို့အတွက် ရည်ရွယ်ထားတာ “
“ ဒါပင်မဲ့ ပြီးပြည့်စုံတဲ့ မူလနိယာမကို ကျွမ်းကျင်ဖို့အတွက်၊ ပြင်ပအကူအညီ မယူဘဲ ကိုယ့်ကိုကိုယ်ကို အားကိုးမှ ရမယ် “
ပကတိ အထွတ်အထိပ်သို့ တက်လှမ်းရန်အတွက် ပြီးပြည့်စုံသည့် မူလနိယာမကို ကျွမ်းကျင်ရမည် ဖြစ်သည်။
၎င်းမှာ အပိုင်းပိုင်း အစစ ကွဲနေသော တာအိုနိယာမများကို ပြီးပြည့်စုံသွားအောင် ပြုလုပ်ခြင်း ဖြစ်သည်။
သို့သော် လူတိုင်းသည် မတူညီကွဲပြားသော ပုံစံများဖြင့် ၎င်းတို့ကို ပြည့်စုံသွားစေခဲ့သည်။ ပြင်ပအကူအညီများကို အသုံးပြုနိုင်သော်လည်း၊ အရာအားလုံးက ကိုယ်ကိုတိုင်အပေါ်တွင်သာ မူတည်နေမည် ဖြစ်သည်။
“ ကိုယ့်ကိုကိုယ် အားကိုးရမှာလား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ တာအိုအရှင်သခင် စွမ်းရည်နှင့်ဆိုပါက၊ ၎င်းကို တွေးပူနေရန် လိုအပ်မည် မဟုတ်ပေ။
တာအို အရှင်သခင် စွမ်းရည်၏ အစွမ်းအထက်ဆုံး အပိုင်းမှာ ဗလာနတ္ထိဖြစ်နေခြင်းမှ တစ်စုံတစ်ခုကို ဖန်တီးခြင်း မဟုတ်ဘဲ၊ သိရှိပြီးသား နိယာမတစ်ခုထံမှ အကိုးအကားများ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
တစ်နည်းဆိုရသော် ၀မှ ၁သို့ ထိုးဖောက်အောင်မြင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ၁မှ ၁၀၀သို့ သွားရန်မှာ ခက်ခဲနေတော့မည် မဟုတ်ပေ။
“ တကယ်တော့ ဆရာ့ရဲ့ အမွေအနှစ်က ဒီထပ်ပိုရှိနေနိုင်တယ် “
ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ အမွေအနှစ် ဟင်းလင်းပြင်ကို ရန်သူက သိမ်းပိုက်ထားပင်မဲ့၊ ဆရာက အရေးပေါ်အခြေအနေအတွက် ချန်ထားခဲ့တာတွေ ရှိတယ်။ နင်အဲ့တာတွေကို လိုက်ရှာသင့်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ ပြန်၍ မေးမြန်းနေတော့သည် “ လူသားဧကရာဇ်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့တယ်လို့ နင်က ဘယ်လိုလုပ် ဒီလောက်တောင် သေချာနေရတာလဲ “
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ ဆရာက ကြောင်းကျိုးဆက်စပ်မှု နိယာမနဲ့ အချိန်-ဟင်းလင်းပြင် နိယာမတို့ကို နားလည်ထားတယ်။ သူက ပေါ့ပေါ့ပါးပါး တွေးလိုက်ရုံနဲ့၊ အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်တယ်၊ နင် ဘယ်အချိန်ရောက်လာမလဲဆိုတာကိုတောင် ခန့်မှန်းထားပြီးလောက်ပြီ “
“ အမွေအနှစ် ဟင်းလင်းပြင် ပျက်စီးသွားတာကလည်း သူ့ရဲ့ မှန်းဆချက်အတွင်းမှာပဲ ရှိနေဦးမှာ သေချာတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဩတုန်လှုပ်သွားခဲ့သည်၊ လူသားဧကရာဇ်က ငါရောက်လာမဲ့ အချိန်ကိုတောင် သိနေတာလား
“ တကယ်လို့ သူက အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်တယ်ဆိုရင်၊ ဘာလို့ ပြန်မလာရတာလဲ။ နှစ်သောင်းနဲ့ချီပြီးတော့ ကြာနေပြီလေ၊ ဘာသတင်းမှလည်း မကြားရဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလိုက်သည်။
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ အမှောင်နယ်မြေမှာက ဆရာနဲ့အဆင့်တူတဲ့ ပြိုင်ဘက်တွေ ရှိတယ်။ ဆရာက လမ်းကြောင်းကို ချိတ်ပိတ်ဖို့အတွက် အဲ့ကို သွားခဲ့ရတာ။ သူနဲ့အဆင့်တူတဲ့ ရန်သူတွေက တစ်ယောက်ထပ် ပိုတယ်။ အတိတ်နဲ့ အနာဂတ်ကို သိမယ်ဆိုရင်တောင် နယ်မြေဖြတ်ကျော်တဲ့ တိုက်ပွဲက သေချာပေါက် ဖြစ်လာရမှာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား လေးလံသွားခဲ့သည်။
လူသားဧကရာဇ်နဲ့ အဆင့်တူတဲ့ အမှောင်နယ်မြေမှာရှိတဲ့ ပညာရှင်တွေက တစ်ယောက်ထပ် ပိုနေတာလား
နှစ်ပေါင်းသောင်းနဲ့ချီပြီတော့ ကြာနေပြီဆိုတော့ လူသားဧကရာဇ်က ……..
“ဆရာက မသေပါဘူး “
ရွှေရောင်မီးလျှံမှ ရုတ်တရက် စကားထပ်ပြောလာခဲ့သည် “ အဲ့ဒီနယ်ပယ်မှာဆိုရင် အဆင့်တူ ပြိုင်ဘက်တွေအတွက်တောင်မှ သူ့ကို လုံးဝချေမှုန်းဖို့ဆိုတာက တော်တော်ကြီးကို ခက်ခဲနေလိမ့်မယ်။ အသက်ရှူကြိမ်တစ်ကြိမ်သာ ကျန်နေသေးသရွေ့၊ သူက ပြန်လည်မွေးဖွားလာနိုင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားပြန်ပြောလာခဲ့သည် “ နှစ်သောင်းနဲ့ချီပြီးတော့ ကြာနေပြီလေ။ ကမ္ဘာကြီးက လူသားဧကရာဇ်အကြောင်းကို မကြားဖူးကြဘူး။ လူတော်တော်များများဆိုရင် သူ့ရဲ့နာမည်ကိုတောင် မသိကြဘူး “
ရွှေရောင်မီးလျှံသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ဧကရာဇ် မိသားစုသုံးခုက နှစ်သောင်းနဲ့ချီကြာတဲ့အထိ တိတ်ဆိတ်နေခဲ့ကြတယ်ဆိုတာက၊ သူတို့က ဆရာဖိနှိပ်တာကို ခံနေရတယ်ဆိုတာကို သက်သေပြနေတယ်။ ဆရာက အဆင်ပြေနေမှာပါ “
သူမသည် အတော်လေး ခေါင်းမာနေခဲ့ပြီး၊ လူသားဧကရာဇ်က မထိမခိုက်ရှိနေသေးသည်ဟု အခိုင်အမာ ယုံကြည်နေခဲ့သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ လူသားဧကရာဇ်က သေဆုံးသွားနိုင်ပြီဟု ခံစားနေခဲ့ရသည်။
အကယ်၍ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ အမှောင်နယ်မြေက လမ်းကြောင်းအသစ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် မည်သည့်အတွက်ကြောင့် ကြိုးပမ်းလာကြမည်နည်း
ရွှေရောင်မီးလျှံသည် အကြောင်းအရာကို ပြောင်းလဲ၍ စကားဆက်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ နင်က ဆရာရဲ့ အမွေအနှစ်ကို သွားရှာသင့်နေပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည် “ နင်ကငါနဲ့ မလိုက်ဘူးလား “
ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ ငါဒီမှာနေမှ ဖြစ်မယ်၊ ဆရာပြန်လာတာကို စောင့်ရမယ်လေ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားပြောလာခဲ့သည် “ လူသားဧကရာဇ်က နင့်ကိုဒီမှာ ထားခဲ့တယ်ဆိုတာက ငါ့ကို အဖော်ပြုပေးဖို့ပဲလေ “
ဤမီးလျှံက ရှေးဟောင်း လျှို့ဝှက်ချက်ကဲ့သို့သော တန်ဖိုးကြီး အချက်အလက်များကို သိနေသောကြောင့် သူသည် သူမကို ခေါ်သွားချင်နေခဲ့သည်။
သူသည် ဤမီးလျှံအတွင်းတွင် ရှိနေသည့် အသက်အရင်းအမြစ်ကို မက်မောနေခြင်း မဟုတ်ပေ။
ရွှေရောင်မီးလျှံသည် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး၊ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြန်ပြောလာခဲ့သည် “ ဒါပင်မဲ့ ငါက ဆရာ့ကို ရှာချင်သေးတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည် “ ငါလုံလုံလောက်လောက် စွမ်းလာတဲ့ အချိန်ကျရင်၊ သူ့ကို ရှာဖို့ နင့်ကို ခေါ်သွားပေးမယ် “
တစ်ခဏခန့် တုံ့ဆိုင်းနေခဲ့ပြီးသည့်နောက်၌ ရွှေရောင်မီးလျှံသည် ခေါင်းငြိမ့်၍ ပြန်ပြောလာခဲ့သည် “ အိုကေ၊ ငါသဘောတူတယ် “
ထို့နောက်တွင် သူမသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခရမ်းရောင် နန်းတော်အတွင်းသို့ မျောလွင့်လာခဲ့သည်။
“ ငါက ဒီရှေးဟောင်းနယ်မြေရဲ့ မြေပုံကို သိတယ်။ ဆရာ့ရဲ့ အမွေအနှစ် ရှိနေနိုင်တဲ့ နေရာတော်တော်များများကို ငါသိတယ်။ ငါနင့်ကို ခေါ်သွားမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏စိတ်ထဲတွင် ရှိနေသည့် အသံကို ကြားလိုက်ရပြီး၊ ချက်ချင်းမတ်တပ်ထရပ်ကာ၊ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ မြေအောက်အတွင်းမှ ပျံသန်းထွက်ခွာလာခဲ့သည်။
…
တစ်ခဏ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ခရမ်းနက်ရောင် နန်းတော်အရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ ဒါက အရိပ်နတ်ဂိုဏ်းရဲ့ အဓိက နန်းတော်တွေထဲက တစ်ခုပဲ။ ဆရာက သူ့ရဲ့ အစီအမံတွေကို ဒီနေရာမှာ ဖုံးကွယ်ထားနိုင်တယ် “
ရွှေရောင်မီးလျှံ၏ ကြည်လင်သော အသံသည် သူ့ကို သတိပေးလာခဲ့သည် “ ဂရုစိုက်၊ ဒီနန်းတော်ထဲမှာ ပကတိ အထွတ်အထိပ်အဆင့် တားမြစ်ချက်တွေရှိနေနိုင်တယ်။ နှစ်တွေ အများကြီး ကြာနေခဲ့ပြီဆိုပင်မဲ့၊ သူတို့ရဲ့ စွမ်းအားက အနိမ့်ဆုံးအနေနဲ့ အထွတ်အထိပ်တစ်ပိုင်း အဆင့်မျိုးလောက်အထိ ရောက်နေနိုင်သေးတယ် “
( ကျင့်ကြံရေးရဲ့ အထွတ်အထိပ်အဆင့်၊ အထွတ်အထိပ်တစ်ပိုင်းဆိုတာမျိုးတွေက ပကတိ အထွတ်အထိပ်အဆင့်ကို အတိုချုပ်ပြောတာပါ )
“ အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက်တွေလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာမှာ အလွန်တရာ လေးနက်သွားခဲ့သည် “ အဲ့တာဆိုရင်တော့ သတိထားဖို့ လိုလာပြီ “
ထို့နောက်တွင် သူသည် သူ၏ လက်ကို ဝေ့ရမ်းကာ အလောင်းတားမြစ်ချက်ကို ထုတ်ယူလိုက်သည်။
ချက်ချင်းဆိုသလိုပင် နဝမအဆင့် အထွတ်အထိပ် ရှေးဟောင်းရုပ်သေးရုပ်များသည် သူ၏အရှေ့တွင် ပေါ်လာခဲ့သည်။
“ ဒါက ……. ခရမ်းရွှေ နန်းတော်ရဲ့ ပကတိ အထွတ်အထိပ်အဆင့် တားမြစ်ချက်လား “
ရွှေရောင်မီးလျှံမှ တအံ့တဩဖြင့် စကားထပ်ပြောလာခဲ့သည် “ နင်က အဲ့ဒီတားမြစ်ချက်ကို တကယ်ကြီး သန့်စင်နိုင်ခဲ့တယ်ပေါ့။ အဲ့ဒီအချိန်ကဆိုရင် နင်က အဆင့်၉ကို ရောက်ခါစပဲ ရှိနေဦးမှာလေ “
“ ဒီတားမြစ်ချက်ရဲ့ စွမ်းအားက အရင်တုန်းကထပ် အများကြီး လျော့သွားပြီဆိုပင်မဲ့၊ အထွတ်အထိပ်တစ်ပိုင်းအထက်က စွမ်းအားကို ထုတ်သုံးနိုင်သေးတယ် “
အသိဉာဏ် ဗဟုသုတများစွာ ရှိနေခဲ့သော်လည်း၊ ဤအောင်မြင်မှုသည် သူမကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။
အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက်ကို အစောပိုင်း နဝမအဆင့်တွင် သန့်စင်ခြင်း ……. အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလာခဲ့သည် “ လူသားဧကရာဇ်က ဒါကိုရော မမှန်းဆခဲ့ဘူးလား “
ရွှေရောင် မီးလျှံမှ ပြန်ပြောလာခဲ့သည် “ ဆရာက ငါ့ကို ဘယ်လိုလုပ် အရာအားလုံး ပြောပြမှာလဲ။ ဒါပင်မဲ့ အဆင့်၉ကို ရောက်ခါစ အချိန်မှာ ဒီတားမြစ်ချက်ကို သန့်စင်နိုင်ခဲ့တယ်ဆိုတော့၊ နင်က နိယာမအများကြီးကို သုံးပြီးတော့ အဆင့်၉နယ်ပယ်ကို ရောက်လာခဲ့တာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ နင့်ရဲ့ စွမ်းရည်က တကယ်ကို ထူးခြားတာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ခေါင်းငြိမ့်နေခဲ့သည်။ သူသည် နဝမအဆင့် နယ်ပယ်သို့ နိယာမလေးခုဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဤရွှေရောင်မီးလျှံသည် အမှန်ပင် အသိဉာဏ် ကြွယ်ဝလွန်းနေခဲ့သည်။
” သွား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လိုက်ရာ၊ နဝမအဆင့် အထွတ်အထိပ် ရုပ်သေးရုပ်များသည် အရှေ့တွင် ရှိနေသည့် ခရမ်းနက်ရောင် နန်းတော်ဆီသို့ ပြေးဝင်သွားကြသည်။
“ ဘုမ်းးး ဘုမ်းး ….. “
တစ်ခဏအကြာတွင် ပြင်းထန်သော ထိတွေ့တိုက်ခိုက်မှု အသံများ ပေါ်ထွက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အလျင်စလို ပြေးမဝင်သွားဘဲ၊ ရွှေရောင်မီးလျှံကိုသာ မေးမြန်းနေခဲ့သည် “ ငါက အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက်တွေကိုရော သန့်စင်လို့ရလား “
“ နင်က အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက်တစ်ခုကို သန့်စင်ထားနိုင်တယ်ဆိုတော့၊ ဒုတိယတစ်ခုကိုလည်း သေချာပေါက် သန့်စင်နိုင်တာပေါ့ “
ရွှေရောင်မီးလျှံမှ ပြောပြလာခဲ့သည် “ ဒါပင်မဲ့ နင်က အဲ့တာကို မလိုအပ်ဘူး။ ဒီမှာရှိတဲ့ တားမြစ်ချက်က နင့်ဟာလောက် မကောင်းဘူးလေ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည် “ ငါမလိုပင်မဲ့၊ ကြယ်ပြာဂြိုဟ်ကတော့ လိုအပ်တယ်လေ “
ရွှေရောင်မီးလျှံသည် အံ့ဩတကြီးဖြင့် မေးမြန်းလာခဲ့သည် “ အထွတ်အထိပ် တစ်ပိုင်းအဆင့် စွမ်းအားလေးပဲလေ။ အခုလက်ရှိ ကြယ်ပြာဂြိုဟ်က အဲ့လိုဟာကိုတောင် လိုအပ်နေပြီလား “
အထွတ်အထိပ် တစ်ပိုင်းအဆင့် စွမ်းအားလေးပဲဆိုတာက ဘာကိုဆိုလိုတာလဲဟ
ကြယ်တာရာ T-Rex နတ်ဘုရားမှာ ဆွံ့အသွားခဲ့ရသည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 617 )
အထွတ်အထိပ်အဆင့် သိုင်းပညာရပ်၊ လူသားဧကရာဇ်၏ ဓား၊ ငါပြန်လာပြီ
ကြယ်တာရာ T-Rex နတ်ဘုရားသည် ယခုလက်ရှိ ကြယ်ပြာဂြိုဟ်နှင့် ရှေးခေတ်က ကြယ်ပြာဂြိုဟ်အကြားရှိ ကွာခြားချက်များကို ရွှေရောင်မီးလျှံနှင့် စကားပြောဆိုမှုမှတစ်ဆင့် ရပ်မိသွားခဲ့သည်။
ယနေ့ခေတ်၌ နဝမအဆင့် အထွတ်အထိပ် ပညာရှင်များသည် ကမ္ဘာနှစ်ခုကြားရှိ စစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်မည့် တည်ရှိမှုများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သို့သော် ရှေးခေတ်အခါကမူ နဝမအဆင့် အထွတ်အထိပ် ပညာရှင်များသည် အင်အားစုကြီးများ၏ တံခါးစောင့်အဆင့်တွင်သာ ရှိနေခဲ့သည်။
အထွတ်အထိပ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိမှသာလျှင် တိုက်ခိုက်ရေး စွမ်းအား၏ ထောက်တိုင်တစ်ခုအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
ပကတိ အထွတ်အထိပ် ပညာရှင်များကိုသာလျှင် အထက်တန်းစား ပညာရှင်များဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် ၎င်းတို့သည် ထိပ်တန်း တိုက်ခိုက်ရေးစွမ်းအားနှင့် များစွာဝေးကွာနေသေးသည်။
ရွှေရောင်မီးလျှံ၏ ပြောစကားများအရ၊ အထွတ်အထိပ် နယ်ပယ်မှာပင် အဆင့်ပေါင်းများစွာ ရှိနေသည်ဟု သိခဲ့ရသည်။
အဆင့်နိမ့် အထွတ်အထိပ်၊ အလယ်အလတ် အထွတ်အထိပ်၊ အဆင့်မြင့် အထွတ်အထိပ်နှင့် အန္တိမ အထွတ်အထိပ်ဟူ၍ အဆင့်လေးဆင့် ရှိနေခဲ့သည်။
“ ပြီးပြည့်စုံတဲ့ တာအိုမူလ နိယာမ တစ်ခုကို နားလည်ထားတဲ့ အထွတ်အထိပ် ပညာရှင်က အထွတတ်အထိပ် ပညာရှင်တွေထဲမှာ အားအနည်းဆုံးဖြစ်တဲ့ အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ပဲ “
ရွှေရောင်မီးလျှံမှ ပြောပြလာခဲ့သည် “ အလယ်အလတ် အထွတ်အထိပ်ကို ရောက်ဖို့အတွက်၊ အနည်းဆုံးအနေနဲ့ ပြီးပြည့်စုံတဲ့ တာအိုမူလ နိယာမ သုံးခုကို နားလည်မှ ရမယ် “
“ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကိုမှ တကယ့် အစွမ်းထက် ပညာရှင်တွေအဖြစ် သတ်မှတ်နိုင်တယ်။ အဲ့အဆင့်ကို ရောက်ဖို့အတွက် ပြီးပြည့်တဲ့ တာအိုနိယာမ ငါးခုကို နားလည်ဖို့ လိုအပ်တယ်။ အဲ့ဒီငါးခုထဲကတစ်ခုက အဆင့်မြင့် နိယာမ ဖြစ်နေမှ ရမယ် “
“ အဆင့်မြင့် အထွတ်အထိပ်တွေကြားမှာတောင်မှ သိသာထင်ရှားတဲ့ ကွာဟချက်တွေ ရှိနေတယ်။ တစ်ချို့က အဆင့်မြင့် နိယာမ သုံးခုကို နားလည်ထားကြပြီးတော့၊ အဆင့်တူထဲမှာ ပြိုင်ဘက်ကင်းလုနီးပါးပဲ “
ယခုလက်ရှိ သူ၏အသိပညာများက ယခင်ထပ် အဆပေါင်းများစွာ ပိုမိုကြွယ်ဝနေပြီဖြစ်သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုစကားလုံးများကြောင့် အံ့ဩတကြီး ဖြစ်သွားရသေးသည်။
“ အဆင့်မြင့် အထွတ်အထိပ်က အဆင့်မြင့် နိယာမသုံးခုကို နားလည်ဖို့ လိုအပ်တာလား။ ဒါဆိုရင် အန္တိမ အထွတ်အထိပ်ကရော “
သူသည် ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့သည်။
ရွှေရောင်မီးလျှံသည် သူ့ကိုကြည့်ကာ ပြန်ပြောလာခဲ့သည် “ အန္တိမ အထွတ်အထိပ်အတွက်က လိုအပ်ချက် ပိုများတယ်၊ အန္တိမ နိယာမတစ်ခုနဲ့ ဒီစကြာဝဠာမှာရှိတဲ့ အဆင့်မြင့် နိယာမ အကုန်လုံးကို နားလည်ဖို့ လိုအပ်တယ် “
“ ဟူးးး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းမိသွားခဲ့သည်။
“ စကြာဝဠာထဲမှာရှိတဲ့ အဆင့်မြင့် နိယာမ အကုန်လုံးလား။ လိုအပ်ချက်က အဲ့လောက်ကြီးတောင် မြင့်တယ်လား “
ရွှေရောင်မီးလျှံမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အန္တိမ အထွတ်အထိပ်က အန္တိမနယ်ပယ်နဲ့ အနီးဆုံးအဆင့်လေ။ ဆိုတော့ လိုအပ်ချက်တွေ မြင့်တာက ပုံမှန်ပါပဲ။ အဲ့တာကြောင့်ပဲ အန္တိမ အထွတ်အထိပ်လို့ ခေါ်ကြတာလေ “
“ ဒါပင်မဲ့ နင်ကတော့ အဲ့တာတွေကို တွေးပူနေဖို့ မလိုအပ်ပါဘူး။ နင်က အထွတ်အထိပ်နယ်ပယ်ကို ရောက်လာတဲ့ အချိန်ကျရင်၊ အဆင့်မြင့် အထွတ်အထိပ်အထိ ရောက်သွားဖို့က သေချာတယ်၊ နည်းနည်းလောက် အားပိုစိုက်လိုက်မယ်ဆိုရင် အန္တိမ အထွတ်အထိပ်ကိုပါ ရောက်သွားနိုင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ခေါင်းငြိမ့်နေတော့သည်။
ယခုတွင် သူသည် အသက်နိယာမ၊ မရဏ နိယာ၊ ဟင်းလင်းပြင် နိယာမနှင့် ဓာတ်ကြီးငါးပါး နိယာမဟူသည့် အဆင့်မြင့် နိယာမလေးခုကို နားလည်နေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူသည် အန္တိမ နိယာမတစ်ခုကိုပါ နားလည်ထားခဲ့သည်။
အကယ်၍ အဆိုပါ နိယာများကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက၊ သူသည် အဆင့်မြင့် အထွတ်အထိပ် စံနှုန်းနှင့် ကိုက်ညီသွားမည် ဖြစ်သည်။
အန္တိမ အထွတ်အထိပ်သို့ ဆက်သွားရန်မှာ အဆင့်မြင့် နိယာမ အနည်းငယ်ကိုသာ ထပ်မံ၍ စုဆောင်းရမည် ဖြစ်သည်။
“ အခုလက်ရှိ ကြယ်ပြာဂြိုဟ်က အရင်တုန်းက ကြယ်ပြာဂြိုဟ်နဲ့ တော်တော်ကြီးကို ကွာခြားတာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အထွတ်အထိပ် ပညာရှင်တွေကတောင် တော်တော်ကြီးကို ရှားနေတာ၊ အဆင့်မြင့်နဲ့ အန္တိမ အထွတ်အထိပ်တွေဆိုရင်တော့ ………. “
ယခုလက်ရှိ ကြယ်ပြာဂြိုဟ် အဆင့်မြင့် ပညာရှင်တို့၏ သဘောတူညီချက်များအရ၊ ပြီးပြည့်စုံသော တာအိုတစ်ခုကို နားလည်ခြင်းဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းက သိုင်းပညာ၏ လမ်းဆုံးဖြစ်ပြီး၊ ၎င်း၏အထက်တွင် အန္တိမနယ်ပယ်ရှိသည်ဟု ဆိုထားကြသည်။
၎င်းမှာ ကြယ်ပြာဂြိုဟ် အဆင့်မြင့် ပညာရှင်တို့၏ အသိပညာက မည်မျှကန့်သတ်ခံထားရလဲဆိုသည်ကို မီးမောင်းထိုးပြနေခဲ့သည်။
အဆင့်မြင့် အထွတ်အထိပ်သို့ မည်သူမှ မရောက်ရှိနေဖို့သာ များသည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့၏ အသိပညာများက ဤမျှ နည်းပါးနေလိမ့်မည် မဟုတ်ချေ။
ရှေးခေတ်တွင်မူ
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များက အလွန်တရာ ပေါများနေလိမ့်မည် မဟုတ်သော်လည်း၊ ယနေ့ခေတ် အထွတ်အထိပ် ပညာရှင် အရေအတွက်ထပ် သေချာပေါက် ပိုများနေမည် ဖြစ်သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်များသည် ထိပ်တန်းအဆင့် တည်ရှိမှုများဖြစ်သည်၊ သို့သော် ရွှေရောင်မီးလျှံ၏ စကားများအရ၊ ပညာရှင်ငါးဦးရှိသည်ဟု ပြောခဲ့ရသည်။
ဘိုးလေးနဂါး အောင်းချန်သည် ကျော်ကြားထင်ရှားသော အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သည်။
“ အခုလက်ရှိ ကြယ်ပြာဂြိုဟ်က ဒီလောက်အထိ နိမ့်ကျသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ တကယ်ကို ယုံကြည်ဖို့ ခက်တယ် “
ရွှေရောင် မီးလျှံမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ကြည့်ရတာတော့ နှစ်တွေ သောင်းနဲ့ချီကြာခဲ့ပြီးတဲ့နောက်မှာ၊ ကိစ္စတော်တော်များများက ပြောင်းလဲသွားပြီးတော့၊ အတိတ်က အဲ့ဒီအင်အားစုကြီးတွေကလည်း ပျောက်ကွယ်သွားခဲ့တဲ့ပုံပဲ “
ယခုလက်ရှိ ကြယ်ပြာဂြိုဟ်သည် ကမ္ဘာ့ကြယ်ကိုပင် မယှဥ်နိုင်တော့ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်၊ သူသည သူမကသာ ကြယ်ပြာဂြိုဟ်၏ အခြေအနေအမှန်ကို သိသွားမည်ဆိုပါက၊ ပို၍ပင် အံ့ဩသွားလိမ့်မည်ဟု မှန်းဆနေခဲ့သည်။
ထိုအချိန်၌ ခရမ်းနက်ရောင် နန်းတော်အတွင်းရှိ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
“ အထဲက တိုက်ပွဲက ပြီးတော့မယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် နန်းတော်အတွင်းသို့ ပြေးဝင်သွားတော့သည်။
နန်းတော်အတွင်း၌ အလောင်းတားမြစ်ချက်မှ ဖန်တီးထားသည့် နဝမအဆင့် အထွတ်အထိပ် ပညာရှင်များသည် နွားဦးခေါင်းနှင့် မြင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သားရဲတစ်ကောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ကို ဝေ့ရမ်းကာ တားမြစ်ချက်ကို ရုတ်သိမ်းလိုက်သည်။
သူသည် ရိုက်နှက်ခံထားရသည့် နွားမြင်းသားရဲက ဒဏ်ရာပလပွဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ သေလုမျောပါး ဖြစ်နေပြီဆိုသည်ကို မြင်တွေ့နေခဲ့ရသည်။
“ ဒီနေရာမှာ ရှိတဲ့ တားမြစ်ချက်ကို နွားနဲ့မြင်း နတ်ဘုရား တားမြစ်ချက်လို့ခေါ်တယ် “ ရွှေရောင်မီးလျှံမှ ပြောပြလာခဲ့သည် “ အစတုန်းကတော့ သူက အထွတ်အထိပ်နယ်မှာ ရှိနေခဲ့တယ်၊ အခုတော့ အဆင့်၉ အထွတ်အထိပ်တွေက ဝိုင်းရိုက်တာကို ခံနေရပြီ၊ နှစ်ပေါင်းသောင်းနဲ့ချီ ကျော်ဖြတ်လာခဲ့ပြီးတဲ့နောက်မှာ သူက အထွတ်အထိပ် တစ်ပိုင်းအဆင့်ကိုတောင် မရောက်နိုင်တော့တဲ့ပုံပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသာအယာ ပြုံးနေခဲ့ကာ၊ နတ်စွမ်းအားကို အသက်သွင်း၍ ၎င်းကို နေရာမှာတင် သန့်စင်နေတော့သည်။
တစ်ဖက်လူက အထွတ်အထိပ်တစ်ပိုင်းအဆင့်သို့ မရောက်နိုင်သော်လည်း၊ သာမန် နဝမအဆင့် အထွတ်အထိပ် ပညာရှင်ထပ် များစွာပိုစွမ်းနေသောကြောင့် ကြယ်ပြာဂြိုဟ်အတွက် များစွာအထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။
မိနစ်ပိုင်းမျှအကြာတွင် သူသည် ဤနေရာ၏ တားမြစ်ချက်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့သည်။
ထို့နောက်တွင် သူသည် သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်ကာ ရတနာရှိ၊ မရှိဆိုသည်ကို ရှာဖွေနေတော့သည်။
တစ်ခဏအကြာ၌ သူသည် ဆေးလုံးများနှင့် ဝတ်စုံကဲ့သို့သော ရတနာတစ်ချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ကံဆိုးစွာဖြင့် ဆေးလုံးအများစုသည် အချိန်တိုက်စားမှုကြောင့် ပျက်စီးသွားခဲ့ပြီး၊ မှော်ရတနာတို့မှာလည်း ၎င်းတို့၏ မူလစွမ်းအားကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
အထွတ်အထိပ် ပညာရှင်များကပင် နှစ်တစ်သောင်းမှ နှစ်သောင်းအထိသာ ရှင်သန်နေထိုင်နိုင်သောကြောင့်၊ သူတို့ဖန်တီးပြုလုပ်ထားခဲ့သည့် ရတနာများမှာလည်း နှစ်သောင်းနှင့်ချီ၍ တာရှည်ခံနေမည် မဟုတ်ပေ။
လူသားဧကရာဇ်၏ အမွေအနှစ်ကို မည်သို့မျှ ရှာမတွေ့သေးပေ။
“ ကြည့်ရတာတော့ နွားနဲ့မြင်း နတ်ဘုရား တားမြစ်ချက်က ဒီနေရာမှာရှိတဲ့ အကြီးမားဆုံး ဆုလဒ်ပဲထင်တယ် “ ကြယ်တာရာ T-Rex နတ်ဘုရားသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ရွှေရောင်မီးလျှံမှာလည်း စကားထပ်ပြောလာခဲ့သည် “ ထွက်သွားဖို့ လောမနေနဲ့၊ နင့်ရဲ့ ဟင်းလင်းပြင် စွမ်းရည်ကို သုံးပြီးတော့ ဒီနေရာမှာရှိတဲ့ လေဟာနယ်ကို စူးစမ်းကြည့်လိုက်၊ တစ်ခြား အကျိုးအမြတ်တွေက ရကောင်းရလာနိုင်တယ် “
………………………………………………………………………………………………………………………………….
အပိုင်း ( 618 )
အထွတ်အထိပ်အဆင့် သိုင်းပညာရပ်၊ လူသားဧကရာဇ်၏ ဓား၊ ငါပြန်လာပြီ ၂
“ လေဟာနယ်လား “
ထိုစကားကို ကြားခဲ့ရပြီးသည့်နောက်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ ဟင်းလင်းပြင် စွမ်းရည်ကို အသက်သွင်းကာ၊ သူ့အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ကို ချက်ချင်းဆုတ်ဖြဲလိုက်သည်။
ယခုလက်ရှိ သူ့အတွက် ဟင်းလင်းပြင် ဆုတ်ဖြဲခြင်းမှာ စားရသောက်ရသကဲ့သို့ လွယ်ကူရိုးရှင်းနေပြီ ဖြစ်သည်။
မကြာခင် အချိန်မှာပင် မီတာ တစ်ရာကျော် ရှည်လျားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုသည် သူ၏မျက်လုံးများရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
“ ဗွီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်စွမ်းအားသည် ဤနန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် တအံ့တဩ ဖြစ်သွားခဲ့သည် “ ဒီလေဟာနယ်ထဲမှာ ထူးဆန်းတာတစ်ခုခု တကယ်ရှိနေတာလား “
ရွှေရောင်မီးလျှံသည် ဂုဏ်ယူဝင့်ကြွားနေသော အမူအရာမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ နင့်ဆီမှာ အစွမ်းထက် ဟင်းလင်းပြင်စွမ်းရည် ရှိနိုင်တယ်လို့ ဆရာက ခန့်မှန်းထားခဲ့တယ်လေ၊ အဲ့တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ သေချာပေါက် လုပ်ထားတာပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်၊ လူသားဧကရာဇ်က ဘယ်လောက်တောင် အစွမ်းထက်နေလို့ အဲ့တာကိုတောင် ခန့်မှန်းနိုင်ရတာလဲ
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ့အရှေ့ရှိ လေဟာနယ်အတွင်းသို့ ပြေးဝင်သွားခဲ့သည်။
အဆိုပါ လေဟာနယ်အတွင်း၌ နဝမအဆင့် ပညာရှင်ကိုပင် ဒဏ်ရာ အပြင်းအထန် ရရှိသွားစေနိုင်သည့် (သို့) သေဆုံးသွားစေနိုင်သည့် အန္တရာယ်များသော ဟင်းလင်းပြင် လှိုင်းလုံးများ ရှိနေခဲ့သည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ဟင်းလင်းပြင် တာအိုမူလ နိယာမကို နားလည်ထားသောကြောင့် မည်သည့်အန္တရာယ်ကိုမှ မရင်ဆိုင်ခဲ့ရပေ။
ဟင်းလင်းပြင် လှိုင်းလုံးကြီးတစ်ခုက သူ့ဆီသို့ ပြေးဝင်လာမည်ဆိုလျှင်တောင်မှ၊ သူသည် ၎င်းကို လမ်းကြောင်းပြောင်းပေးနိုင်ပေသည်။
ဟင်းလင်းပြင် အတွင်းသို့ ရောက်ရှိလာသည့် အချိန်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အားကောင်းသော စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
“ အဲ့တာက …….. “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့တွင် ရှိနေသည့် ဧရာမ သံသေတ္တာတစ်လုံးကို မြင်တွေ့လိုက်ရသောကြောင့် တအံ့တဩ ဖြစ်သွားခဲ့သည်။
“ ဒီနေရာမှာ တကယ်ကြီးကို ပစ္စည်းတစ်ခုခု ရှိနေတာလား။ အဲ့တာက လူသား ဧကရာဇ်က ချန်ထားခဲ့တာလား “
ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ အဲ့လိုပဲဖြစ်ဖို့များတယ်၊ မြန်မြန်သွားယူလိုက် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သေတ္တာရှေ့သို့ ပျံသန်းသွားတော့သည်။ ၎င်းမှာ ငါးမီတာရှည်လျားကာ ငါးမီတာ ကျယ်ဝန်းနေခဲ့သည်။ ၎င်း၏ မျက်နှာကို ရွှေရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရပြီး၊ မှောင်မည်းနေသည့် ဟင်းလင်းပြင်အတွင်းတွင် တလက်လက် တောက်နေခဲ့သည်။
သေတ္တာ၏ မျက်နှာပြင်ပေါ်တွင်၊ လူသားဧကရာဇ် စည်းတံဆိပ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသည့် အမှတ်အသားတစ်ခုလည်း ရှိနေခဲ့သည်။
“ ဗွီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းကာ၊ ထိုအမှတ်အသားပေါ်သို့ တင်လိုက်သည်။
ဝရုန်းးး
သံသေတ္တာသည် အလိုအလျောက် ပွင့်ဟလာခဲ့ပြီး၊ ရွှေရောင် အလင်းတန်းတစ်ခုမှာလည်း အတွင်းမှ ပေါက်ထွက်လာခဲ့သည်။
အလင်းတန်း မှိန်းဖျော့သွားသည်နှင့်တစ်ပြိုင်နက်၊ ဓားသွားမဲ့နေသည့် ဓားတစ်လက် ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ဓားသည် ငါးမီတာ ရှည်လျားပြီး၊ တလက်လက် တောက်ပနေခဲ့သည်။
ဓားလက်ကိုင်၏ အလယ်ဗဟိုတွင် အဆောင်သင်္ကေတတစ်ခုကဲ့သို့ ကွေ့ကောက်လိမ်ယှက်နေသည့် အလွန်ရှုပ်ထွေးသော ထွင်းထုရာ တစ်ခု ရှိနေခဲ့သည်။
“ ဆရာ့ရဲ့ ဓားပဲ “
ရွှေရောင်မီးလျှံသည် တအံ့တဩဖြင့် အော်ပြောလာခဲ့သည် “ ဆရာက ဒီဓားကို ဒီနေရာမှာ တကယ်ကြီး ထားခဲ့တာလား။ သူက အဲ့တာကို မယူသွားခဲ့ဘူးပေါ့ “
“ လူသားဧကရာဇ်ရဲ့ ဓားလား “ ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို လှည့်ကြည့်နေတော့သည်။
ရွှေရောင်မီးလျှံသည် ယခင်ကထပ် ပိုမိုစိတ်လှုပ်ရှားနေခဲ့ပြီး၊ ရှင်းပြလာခဲ့သည် “ ဒီဓားရဲ့ ဓားသွားကို ကြယ်အူတိုင် အခုတစ်ရာကျော်ရဲ့ အဓိက အစိတ်အပိုင်းတွေနဲ့ သွန်းလုပ်ထားခဲ့တာ။ ဒီဓားကို သွန်းလုပ်ဖို့အတွက် ဆရာက ကြယ်အဖွဲ့အစည်း အခုတစ်ရာကျော်ကို ချေမှုန်းခဲ့ရပြီးတော့၊ အဲ့တာကို သန့်စင်ဖို့အတွက် ရာစုနှစ်တစ်ခုစာလောက် အချိန်ပေးခဲ့ရတယ် “
“ ဒီဓားက သူဂုဏ်အယူရဆုံးနဲ့ သူ့ရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုလို့ ပြောလို့ရတယ်။ ဒါက သူ့ရဲ့ အသက်လို သူတန်ဖိုးထားတဲ့ အရာတစ်ခုပဲ။ ဒါပင်မဲ့ သူက အဲ့တာကို ဒီနေရာမှာ ထားခဲ့ပြီးတော့ တစ်ခြားကမ္ဘာဆီကို မယူသွားခဲ့ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
သူ့ကို အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ဓား၏ အဖိုးတန်မှုကြောင့် မဟုတ်ဘဲ၊ ဓားအပေါ်တွင် ရှိနေသည့် လူသားဧကရာဇ်၏ တန်ဖိုးထားမှုပင် ဖြစ်သည်။
လူသားဧကရာဇ်သည် ဤဓားကို သူ၏အသက်ကဲ့သို့ အလွန်တရာ အလေးထားခဲ့သည်။
သို့သော် ယခု၌ သူသည် ၎င်းကို ဤနေရာတွင် ချန်ထားခဲ့သည်။ ၎င်းမှာ မည်သည့်အရာကို ဆိုလိုသနည်း
၎င်းမှာ လူသားဧကရာဇ်သည် သူမထွက်သွားခင် အချိန်တွင် သူက ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုသည်ကို ကြိုတင်သိရှိထားခဲ့ပြီးပြီဟု ဆိုလိုနေခြင်း ဖြစ်ရန်များသည်။
ထို့ကြောင့် သူသည် သူ့အသက်ကဲ့သို့ တန်ဖိုးထားရသည့် ဓားကို ဤနေရာတွင် ချန်ရစ်ထားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။ သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းသည် သူ့စိတ်ထဲတွင် ရှိနေသည့် အတွေးတစ်ခုကို အတည်ပြုပေးသွားခဲ့သည်။
လူသားဧကရာဇ်သည် ဒုက္ခနှင့် ရင်ဆိုင်နေရသည့်ပုံပင်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် နှစ်သောင်းနှင့်ချီ၍ ပျောက်ကွယ်နေခဲ့လိမ့်မည် မဟုတ်ပေ။
ရွှေရောင်မီးလျှံသည် စိတ်ခံစားတို့ဖြင့် စကားထပ်ပြောလာခဲ့သည် “ ဆရာ့ရဲ့ စွမ်းအားက ထာဝရ တည်တံ့တယ်၊ ဓားက တောက်ပနေတယ်ဆိုတော့၊ သူအဆင်ပြေနေမှာ သေချာတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမကို နှစ်သိမ့်ပေးလိုက်သည် “ နောင်တစ်ချိန်မှာ သူ့ကို ရှာဖို့အတွက် ငါနင့်ကို ခေါ်သွားပေးမယ် “
ရွှေရောင်မီးလျှံမှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူမသည် အနည်းငယ် စိတ်တည်ငြိမ်သွားပုံရသည်။
သူမသည် လူသားဧကရာဇ်၏ ဓားကို ထပ်ကြည့်နေခဲ့ကာ ချိုသာစွာ ပြောပြလာခဲ့သည် “ ဆရာက ဒီဓားကို ဒီနေရာမှာ ချန်ထားခဲ့တယ်ဆိုတော့၊ အဲ့တာက နင့်ကို ပေးတဲ့ အမွေအနှစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာပဲ၊ ပြီးပြည့်စုံတဲ့ အမွေအနှစ်တစ်ခုလုံးကို ဒီဓားထဲမှာ ချိတ်ပိတ်ထားဖို့ များတယ် “
ထိုစကားကို ကြားလိုက်ရသောအချိန်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏စိတ်စွမ်းအားကို ချက်ချင်းထုတ်လွှတ်ကာ၊ အဆိုပါ ဓားဆီသို့ ပို့လွှတ်လိုက်သည်။
ဗွီ
ရွှေရောင် မီးလျှံပြောခဲ့သည့်အတိုင်းပင်၊ ဓားအတွင်း၌ နောက်ထပ် ဟင်းလင်းပြင်တစ်ခု တည်ရှိနေခဲ့သည်။
ရွှေရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ခုံးများကြားသို့ တိုးဝင်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် များပြားလွန်းလှသော အချက်အလက်များသည် သူ၏ စိတ်အတွင်းသို့ ဖိတ်ကျလာခဲ့သည်။
“ ဒါက ….. လူသားဧကရာဇ် ချန်ထားခဲ့တဲ့ ပြီးပြည့်စုံတဲ့ အမွေအနှစ်လား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်၊ လူသားဧကရာဇ်သည် အရံအစီအစဥ်ပြုလုပ်ခဲ့ပြီး၊ ပြီးပြည့်စုံသည့် အမွေအနှစ်ကို သူ၏ဓားအတွင်းတွင် အမှန်တကယ် ချန်ထားခဲ့သည်။
“ ဟမ် “
“ ဒီအမွေအနှစ်က လူသားဧကရာဇ် စည်းတံဆိပ် တစ်ခုတည်း မဟုတ်ဘဲ၊ အထွတ်အထိပ်အဆင့် နည်းစနစ်တွေပါ ပါနေတာလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် အလင်းတန်းတစ်ချို့ လင်းလက်နေခဲ့သည်။
အဆိုပါ အမွေအနှစ်က သူ၏စိတ်ထဲတွင် ရှိနေသောကြောင့်၊ သူသည် အကြောင်းအရာ အကုန်လုံးကို ချက်ချင်း နားလည်နေခဲ့သည်။
ထို့ကြောင့်ပင် သူသည် လူသားဧကရာဇ် စည်းတံဆိပ်အပြင် အထွတ်အထိပ်အဆင့် သိုင်းပညာရပ်များပါ ရှိနေသည်ကို ချက်ချင်းသတိပြုမိသွားခဲ့ခြင်း ဖြစ်သည်။
[ မဟာနေမင်းကျမ်း ]
[ ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ် ]
[ ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ် ]
…
ပကတိ အထွတ်အထိပ်နယ်ပယ်တွင် သာမန်ကျင့်ကြံရေး နည်းစနစ်များက အသုံးဝင်နေတော့မည် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးသည် တာအမူလကို နက်နက်ရှိုင်းရှိုင်း နားလည်နေပြီဖြစ်ပြီး၊ နတ်စွမ်းအား နည်းစနစ်များကို အသုံးပြုရန် မလိုအပ်ဘဲ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားကို အလွယ်တကူ ထိန်းချုပ်နေနိုင်သောကြောင့် ဖြစ်သည်။
ပကတိ အထွတ်အထိပ် ပညာရှင်က အသုံးပြုမည့် သိုင်းပညာရပ်တိုင်းက ဩချဖွယ်ကောင်းလောက်သည်အထိ အစွမ်းထက်နေရမည် ဖြစ်သည်။
အန္တိမနယ်ပယ်အတွက်မှာလည်း ထို့အတိုင်းပင် ဖြစ်သည်။
အထွတ်အထိပ်အဆင့် သိုင်းပညာရပ်များသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ တာအိုကို လှုပ်ခါစေနိုင်ရမည် ဖြစ်ပြီး၊ ယာယီ ပြောင်းလဲစေသည်အထိပင် လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။
ထိုကဲ့သို့သော သိုင်းပညာရပ်များသည် ကမ္ဘာနှစ်ခုစလုံးမှာပင် ပြိုင်ဘက်ကင်းလှသည်။
ယခုလက်ရှိအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကဲ့သို့သော သိုင်းပညာရပ်များစွာကို တစ်ပြိုင်နက် မြင်တွေ့နေခဲ့ရသည်။
၎င်းတို့အနက်မှ မည်သည့်သိုင်းပညာရပ်ကပင် ပေါက်ကြားထွက်ပေါ်လာခဲ့ပါစေ၊ ၎င်းသည် ပကတိ အထွတ်အထိပ် သိုင်းပညာရှင်တိုင်းကို ရူးသွပ်သွားစေမည် ဖြစ်သည်။
တစ်ခဏကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ သူ့အရှေ့တွင် ရှိနေသည့် လူသားဧကရာဇ်၏ဓားကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
“ ဟမ် “
ဘေးတစ်ဖက်တွင် ရှိနေသည့် ရွှေရောင် မီးလျှံသည် ထိုမြင်ကွင်းကို မြင်တွေ့သွားခဲ့ကာ၊ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။
လူသားဧကရာဇ်က အမွေအနှစ်အတွင်းတွင် မည်သည့်ညွှန်ကြားချက်ကိုမှ မချန်ထားခဲ့သော်လည်း၊ ရှုကျိုးသည် အရာရာကို အချောင်လိုချင်သည့် လူမဟုတ်ပေ။
လူသားဧကရာဇ်၏ ရက်ရောမှုက ကြီးမားလွန်းနေသောကြောင့်၊ သူသည် ၎င်းကို သေချာပေါက် အမှတ်ရနေမည် ဖြစ်သည်။
ထို့နောက်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်၏ ဓားကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
မထင်မှတ်ထားစွာဖြင့်၊ ငါးမီတာမျှသာ ရှည်လျားပုံရသည့် အဆိုပါဓားသည် ကြယ်တစ်လုံးကဲ့သို့ လေးလံနေခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကပင် ၎င်းကို မကိုင်လှုပ်နိုင်ခဲ့ပေ။
“ ဒီဓားကို ကြယ်အူတိုင် အခုတစ်ရာကျော်နဲ့ သွန်းထားတာလေ၊ အဲ့တာရဲ့ အလေးချိန်က နင်စိတ်ကူးထားတာထပ်တောင် ပိုနေမှာ “
ရွှေရောင်မီးလျှံမှ သတိပေးလာခဲ့သည် “ နင်က ဒီဓားကို နေရာအရင်ရွှေ့လိုက်သင့်တယ်၊ ပြီးတော့မှ ဖြည်းဖြည်းချင်း သန့်စင်ပေါ့။ အဲ့တာကို နင်ပိုင်ဆိုင်သွားပြီးဆိုရင်၊ အဲ့တာက နင့်အတွက် လုံးဝ ပေါ့ပါးသွားလိမ့်မယ် “
“ အန္တိမနယ်ပယ်ကို ရောက်မှ၊ နင်က ဒီဓားရဲ့ တကယ့်စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် သူသည် သူ၏နတ်စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သည်။
“ နိုးထစမ်း “
ဝရုန်းးး
ခွန်အားကို အကုန်အစင် ထုတ်သုံးခဲ့ရသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါဓားကို သေတ္တာအတွင်းမှ ထုတ်ယူနိုင်ခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏အတွေးများကို လှုပ်ရှားစေလိုက်ကာ၊ အဆိုပါဓားကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ ပို့ဆောင်လိုက်သည်။
“ ဟူးးးး “
ထို့နောက်တွင် သူသည် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းနေတော့သည်။
ရှေးဟောင်း အပျက်အစီးနယ်မြေသို့ လာခဲ့ရသည့် ဤခရီးစဥ်သည် သူမျှော်မှန်းထားသည်ထပ်ပင် ပို၍အံ့ဖွယ်ကောင်းနေခဲ့သည်။
အစပိုင်းတွင် သူသည် ဤနေရာတွင် နဝမအဆင့်သို့ တက်လိုက်မည်ဆိုပါက၊ အကျိုးအမြတ် များစွာရရှိလိမ့်မည် မဟုတ်ဘူးဟုသာ ထင်နေခဲ့သည်။
သို့သော် သူသည် နဝမအဆင့်သို့ တက်လှမ်းနိုင်ရုံသာလျှင် မဟုတ်ဘဲ၊ အဆင့်မြင့် နိယာမများကိုသာ နားလည်သွားခဲ့ပြီး၊ အန္တိမအဆင့် နိယာမကိုပင် ဖမ်းဆုပ်နိုင်ခဲ့သည်။
ထို့အပြင် လူသားဧကရာဇ်သည် ပြီးပြည့်စုံသော အမွေအနှစ်အပြင်၊ အထွတ်အထိပ်အဆင့် နည်းစနစ်များကိုပါ ချန်ထားခဲ့သည်။
ပိုရ အရေးကြီးသော အရာမှာ သူသည် အန္တိမနယ်ပယ်နှင့် ဆက်စပ်နေသည့် ဓားတစ်လက်ကို ရရှိခဲ့သည်၊ ထို့ကဲ့သို့သော လက်နက်မျိုးမှာ အဖိုးမဖြတ်နိုင်ဘူးဆိုသည့် အရာများထပ်ပင် များစွာသာလွန်နေခဲ့ပြီး၊ ၎င်းကို ရရှိရန်အတွက် ပကတိ အထွတ်အထိပ် ပညာရှင်များကပင် အသေအကြေ တိုက်ပွဲဝင်ကြမည် ဖြစ်သည်။
“ ဒီခရီးစဥ်က အလဟာသ မဖြစ်ခဲ့ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤခရီးစဥ်၏ အကျိုးအမြတ်များကို ဖော်ပြရန်အတွက် စကားလုံးလေးလုံးကို အသုံးပြုခဲ့သည်။
ထို့နောက်တွင် သူသည် ရွှေရောင်မီးလျှံကို လှည့်ကြည့်လိုက်သည် “ သွားကြစို့၊ ဒီရှေးဟောင်းနယ်မြေထဲမှာ ထင်းတွေ ရှိသေးလားဆိုတာကို သွားကြည့်ကြတာပေါ့ “
“ အင်း ” အနက်ရောင်မီးလျှံမှ ခေါင်းငြိမ့်ပြလာခဲ့သည်။ သူမသည် လွမ်းဆွတ်နေသော အမူအရာဖြင့် ဟင်းလင်းပြင်ကို ကြည့်နေခဲ့ပြီး၊ ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏နောက်သို့ ပြေးလိုက်သွားတော့သည်။
…
ကြယ်တာရာ T-Rex နတ်ဘုရားသည် ရှေးဟောင်းနယ်မြေအတွင်းတွင် လျင်မြန်စွာ လှည့်ပတ်သွားလာနေခဲ့သည်။
ရွှေရောင်မီးလျှံ၏ လမ်းညွှန်မှုကြောင့်၊ သူသည် ပကတိ အထွတ်အထိပ်ကိုပင် ခြိမ်းခြောက်နိုင်သည့် တည်ရှိမှုများကို အလွယ်တကူ ရှောင်ရှားနိုင်ခဲ့ပြီး၊ ရှေးဟောင်းနယ်မြေ အတွင်းပိုင်းတွင် လှည့်ပတ်သွားလာ၍ ရတနာများ ရှာဖွေနေခဲ့သည်။
သို့သော် ရှာဖွေရေးခရီးစဥ်အတွင်းတွင် အံ့ဖွယ်ကောင်းသည့် မည်သည့်အဖိုးတန် ရတနာကိုမှ ထပ်မရခဲ့ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အထွတ်အထိပ်တစ်ပိုင်းအဆင့် တားမြစ်ချက်များကို တစ်ခုပြီးတစ်ခု သန့်စင်ကာ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
တစ်ရက် အကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် ရှေးဟောင်း အပျက်အစီးနယ်မြေ၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
“ နောက်ဆုံးတော့ ထွက်သွားရတော့မှာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ရှေးဟောင်းနယ်မြေ အပြင်ဘက်ကို ကြည့်ရှုနေရင်းဖြင့်၊ အကြည့်များ စူးရှသွားခဲ့သည် “ ငါ့ကို လိုက်ဖမ်းခဲ့တဲ့ ကျိုးခွန်နဲ့ ကမ္ဘာ့ကြယ် သားရဲကောင်တွေ၊ မင်းတို့ အသင့်ဖြစ်ကြပြီလား “
“ ငါပြန်လာပြီ “
………………………………………………………………………………………………………………………………………