အခန်း (၁၅၉၁-၁၅၉၃)
Vol. 107 Ch. 1591-1593
အခန်း (၁၅၉၁) သတို့သမီးလောင်း၏သတင်း
ယဲ့ချိုးရွှေက သက်ပြင်းတစ်ချက်ချလိုက်သည်။
"သူတို့ မလာချင်ကြဘူးလေ။"
ချူးယွင်ဖန်းတစ်ယောက် မျက်လုံးအစုံကို လှန်ကြည့်လိုက်မိပြီး အကြောင်းရင်းကို ချက်ချင်းပင် နားလည်သွားခဲ့သည်။ ထိုသူများအားလုံးမှာ မာနခဲများ ဖြစ်ကြသည် မဟုတ်ပါလား။ ၎င်းတို့အနေနှင့် ချူးယွင်ဖန်း၏ခိုင်းစေမှုကို ခံယူရန် မည်သို့ဆန္ဒရှိကြမည်နည်း။
အထူးသဖြင့် သူတို့ကဲ့သို့သော လူမျိုးများအဖို့ ပို၍ပင် မှန်ကန်ပေသေးသည်။ သူတို့အားလုံးမှာ မိုးကြိုးခရမ်းဓားပိုင်နက်မှ လူများကို တောတွင်းသားများသဖွယ် သဘောထားကြရာ သူတို့အနေဖြင့် မည်သို့လျှင် စိတ်ရင်းမှန်ဖြင့် ကိုးကွယ်ဆည်းကပ်နိုင်မည်နည်း။ ယခင်ကမူ ချူးယွင်ဖန်း၏အရိုက်အနှက်ကို ခံခဲ့ရသဖြင့် ခေါင်းငုံ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ကြသော်လည်း၊ အခွင့်အရေး အနည်းငယ်မျှ ရသည်နှင့်တစ်ပြိုင်နက် သူတို့သည် အသေအချာ ထွက်ပြေးကြမည်သာ ဖြစ်သည်။
ဤသို့သောအကြောင်းကြောင့်ပင် ချူးယွင်ဖန်းသည် သူတို့၏ခန္ဓာကိုယ်ထဲတွင် ယင်နှင့်ယန်စွမ်းအားချိပ်စည်းကို ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြစ်လာလိမ့်မည်ကို မမျှော်လင့်ထားခဲ့သည်မဟုတ်သော်လည်း၊ ယခုကဲ့သို့ လျင်မြန်စွာပင် သစ္စာဖောက်ရန် ရွေးချယ်ကြလိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ပေ။
"ဒါဆို... ငါ့ရဲ့ ယင်နှင့်ယန်စွမ်းအားချိပ်စည်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်း သူတို့ရှာတွေ့သွားကြပြီပေါ့လေ?"
ချူးယွင်ဖန်း က လှောင်ပြုံးပြုံးရင်း မေးလိုက်သည်။
"ဟုတ်တယ်၊ ရှင့်ရဲ့စည်းတံဆိပ်ကို ချိပ်ပိတ်တံဆိပ်တစ်ခုနဲ့ ပိတ်ဆို့ပေးနိုင်မယ့်သူတစ်ယောက်ကို သူတို့ ရှာတွေ့သွားခဲ့ကြတယ်။"
ယဲ့ချိုးရွှေက ခေါင်းညိတ်ပြလိုက်သည်။
"ဒါကြောင့်ကိုး။"
ချူးယွင်ဖန်းက နှာခေါင်းရှုံ့လိုက်မိသည်။ ထိုချိပ်စည်းများသည် လောက၌ ရှိရှိသမျှ အရာအားလုံးနီးပါးကို ပိတ်ဆို့တားဆီးနိုင်စွမ်းရှိသည်မှာ မှန်သော်လည်း၊ ၎င်းမှာ မည်မျှအထိ စွမ်းအားကြီးမားသနည်း ဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။ သူ၏ ယင်နှင့်ယန်စွမ်းအားချိပ်စည်းမှာ သာမန်တံဆိပ်မျိုး မဟုတ်ပေ။ ဟိုးရှေးယခင် ဧကရာဇ်မင်းများခေတ်က တစ်ခါက ထိပ်တန်းပညာရှင်တစ်ယောက်သည် သူ့အတွက် အလုပ်အကျွေးပြုရန် မရေမတွက်နိုင်သောပညာရှင်များကို ထိန်းချုပ်ထားခဲ့ဖူးသည်။ သူသည် ဤ ယင်နှင့်ယန်စွမ်းအားချိပ်စည်းကို အသုံးပြုခြင်းကြောင့် ကျော်ကြားခဲ့သူဖြစ်သည်။ ဧကရာဇ်မင်းတစ်ပါးပင်လျှင် ယင်နှင့်ယန်စွမ်းအားချိပ်စည်းအသွင်းခံခဲ့ရပြီးနောက် နာခံမှုရှိရှိဖြင့် အမိန့်တော်ကို လိုက်နာခဲ့ရဖူးသည်။
နောက်ပိုင်းတွင် ဤအကြောင်းကိစ္စကြောင့်ပင် သူသည် လူအများ၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်ခဲ့လေသည်။ သူသည် ဧကရာဇ်မင်းအများအပြား၏ စုပေါင်းတိုက်ခိုက်မှုကြောင့် အသတ်ခံခဲ့ရသည်။ ထိုတိုက်ပွဲအတွင်း ဧကရာဇ်မင်း အမြောက်အမြား ကျဆုံးခဲ့ရပြီး သူ၏အမည်မှာ လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ နောက်ပိုင်းတွင် ယင်နှင့်ယန်စွမ်းအားချိပ်စည်းသွင်းနှံခြင်းအတတ်ပညာသည် Alchemy Emperor၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး နတ်ဘုရားကျင့်စဉ်တိုက်ပွဲစာအုပ်ထဲတွင် မှတ်တမ်းတင်ထားခြင်း ခံခဲ့ရလေသည်။
ဧကရာဇ်မင်းပင်လျှင် ယင်နှင့်ယန်စွမ်းအားချိပ်စည်း၏လက်တွင်းမှ မလွတ်မြောက်နိုင်ခဲ့ပါက လုဟုန်ယွမ်နှင့် စွေ့ မင်ကျယ်တို့မှာ ဆိုဖွယ်ရာမရှိတော့ပေ။ သူတို့သည် ချိပ်ပိတ်တံဆိပ်ကို အသုံးပြုကာ ယင်နှင့်ယန်စွမ်းအားချိပ်စည်းကို ပိတ်ဆို့ထားနိုင်ပြီး ချူးယွင်ဖန်း၏ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နိုင်မည်ဟု ထင်နေကြသည်။
"ကျွန်မရဲ့ ဆရာတူအစ်မထန်က ရှင့်ကိုရှာဖို့ မိုးကြိုးခရမ်းဓားပိုင်နက်ကို သွားပေးပါဆိုပြီး ကျွန်မကို ခိုင်းလိုက်တာပါ။"
ယဲ့ချိုးရွှေက ရှင်းပြလိုက်သည်။
ချူးယွင်ဖန်း၏မျက်နှာက ဝင်လက်သွားသည်။ အကယ်၍ အခြားသူတစ်ဦးသာဆိုလျှင် သူ သံသယရှိနေဦးမည်ဖြစ်သော်လည်း ထန်စစ်ယုသာဆိုလျှင်မူ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။ ယဲ့ချိုးရွှေတစ်ယောက် အဘယ်ကြောင့် ထွက်မပြေးခဲ့သနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။ သူမတွင် အခြားသော ရည်ရွယ်ချက်တစ်ခု ရှိနေ၍သာ ဖြစ်သည်။
"ဒါပေမဲ့ အဲ့ဒီလိုဆိုရင်လည်း ဘာလို့ ငါ့ကို စောစောကတည်းက မပြောခဲ့တာလဲ။"
ချူးယွင်ဖန်းက မေးလိုက်သည်။
"ဘေးမှာ လူတွေအများကြီးရှိနေလို့ ကျွန်မ ထုတ်မပြောခဲ့တာပါ။ ဒါ့အပြင် ရှင်ကလည်း အလျင်စလို ထွက်သွားတော့ ရှင်နဲ့စကား အများကြီးပြောဖို့ ကျွန်မ အခွင့်အရေး မရလိုက်ဘူးလေ။"
ယဲ့ချိုးရွှေက ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
"စစ်ယုက လွှတ်လိုက်တာဆိုမှတော့ မင်းက ငါတို့လူပဲပေါ့။ ငါ မင်းကို မေးချင်တာရှိတယ်။"
ချူးယွင်ဖန်းက ဆိုလိုက်သည်။
"ငါ စစ်ယုကို လိုက်ရှာနေတာ ကြာပြီ။ သူ တရှကို ရောက်သွားလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။ ဘာတွေ ဖြစ်ခဲ့တာလဲ။”
"အသေးစိတ်ကိုတော့ ကျွန်မလည်း သိပ်မသိပါဘူး။ ကျွန်မကို အစ်မထန်က ကယ်တင်ခဲ့တာမို့ ကျွန်မရဲ့အသက်ဟာ သူနဲ့ပဲ ဆိုင်ပါတယ်။"
ယဲ့ချိုးရွှေက ဆိုလိုက်သည်။
"ကျွန်မ သိထားတာကတော့ အစ်မထန်ဟာ တရှကို ရောက်သွားပြီးတဲ့နောက်မှာ ကူရှဲ့မင်းသမီး ဆိုတဲ့ဘွဲ့ကို အပ်နှင်းခံရပြီး အရှင်မင်းကြီးရဲ့ အလေးပေးမှုကို ခံခဲ့ရတယ်။ အရှင်မင်းကြီးက အစ်မထန်ကို တော်ဝင်မိသားစုဝင်တွေပဲ ကျင့်ကြံခွင့်ရှိတဲ့လျှို့ဝှက်နယ်မြေထဲကိုတောင် ဝင်ခွင့်ပေးခဲ့တာ။"
ထိုအကြောင်းကို ကြားလိုက်ရသည့်အခါမှ ချူးယွင်ဖန်းတစ်ယောက် သက်ပြင်းချနိုင်တော့၏။ တရှသည် အမှန်တကယ် မည်သို့ရှိသည်ကို သူ အတိအကျ မသိသော်လည်း၊ စေ့စပ်ထားသူမိန်းကလေးက ထိုနေရာတွင် ဘေးကင်းရုံသာမက မြင့်မားသောရာထူတစ်ခုကိုပင် ရရှိထားကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။
"ကူရှဲ့မင်းသမီးတဲ့လား? ဒါက ဘယ်လိုဘွဲ့မျိုးလဲ? ပြီးတော့ တရှရဲ့ အခုလက်ရှိ အခြေအနေကရော ဘယ်လိုရှိလဲ?"
ချူးယွင်ဖန်းက မေးမြန်းလိုက်သည်။
ယဲ့ချိုးရွှေက ဆက်ရှင်းပြလိုက်လေသည်။
"'ကူရှဲ့မင်းသမီးဆိုတာ လောကမှာ အတော်လေး ရှားပါးတဲ့ဘွဲ့တစ်ခုဖြစ်ပြီး တော်ဝင်မိသားစုဝင် မဟုတ်တဲ့ အမျိုးသမီးတွေကို ပေးလေ့မရှိတဲ့ဘွဲ့မျိုးပါ။ ကြားရသလောက်တော့ အစ်မထန်က တရှရဲ့ အကြီးဆုံးမင်းသမီးကြီးရဲ့ တပည့်တစ်ယောက် ဖြစ်နေလို့တဲ့။ အဲ့ဒီမင်းသမီးကြီးကိုယ်တိုင်က ဧကရာဇ်မင်းဆီမှာ ဒီဘွဲ့ကို တောင်းဆိုပေးခဲ့တာလို့ ပြောကြတယ်။”
ထို့နောက်တွင် ယဲ့ချိုးရွှေက ချူးယွင်ဖန်းကို တရှနှင့် ပတ်သက်သောအကြောင်းအရာအချို့ကို ဆက်လက်ပြောပြသည်။ ထိုအခါမှသာ ချူးယွင်ဖန်းသည် ထိုနေရာနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်သွားခဲ့လေသည်။
ယခင် ပြည်ထောင်စုခေတ်က ဗဟိုအစိုးရ၏အာဏာမှာ အလွန်တရာ ကြီးမားခဲ့သည်။ အခြားသော ဂိုဏ်းဂဏများနှင့် မိသားစုအနွယ်များမှာ ပြည်ထောင်စုအစိုးရကို မှီခိုရသည် မဟုတ်လျှင် ပြည်ထောင်စုနယ်မြေနှင့် ဝေးရာတွင် ခိုအောင်းနေထိုင်ခြင်းဖြင့်သာ အသက်ဆက်ခဲ့ကြရသည်။ တဝေရှိ ဂိုဏ်းများ၏ အစွမ်းမှာမူ ထိုထက်ပို၍ အာဏာရှိကြပြီး အစိုးရကိုပင် ဝင်ရောက်စွက်ဖက်နိုင်သည်။
တရှတွင်မူ ပုံစံတစ်မျိုး ကွဲပြားနေသည်။ ဂိုဏ်းဂဏများ၏အင်အားမှာ အလွန်တရာ အစွမ်းထက်လှသည်။ တရှတွင်ဂို ဏ်းကြီးဆယ်ဂိုဏ်း ရှိသည်။ ထိုဂိုဏ်းကြီးဆယ်ဂိုဏ်းသည် တရှ၏ အာဏာအများစုကို ထိန်းချုပ်ထားသည်။ ထိုဂိုဏ်းဆယ်ဂိုဏ်း၏ ဂိုဏ်းချုပ်များသည် တရှ၏ ဘုရင်ဆယ်ပါးပင် ဖြစ်ကြသည်။ သူတို့အပြင် မြို့စား၊ နယ်စားဘွဲ့ထူးများ အပ်နှင်းခံထားရသော အခြားသော ဂိုဏ်းချုပ်များစွာလည်း ရှိသေးသည်။ တရှတွင် ဂိုဏ်းများက အစိုးရကို လွှမ်းမိုးထားပြီး အင်ပါယာဆိုသည်မှာ ဂိုဏ်းများစွာ၏မဟာမိတ်အဖွဲ့အစည်းဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။
တရှသည် အတိုင်းအဆမရှိ ကျယ်ပြောလှသကဲ့သို့ တိုင်းပြည်၏အင်အားမှာလည်း နှိုင်းယှဉ်၍မရအောင် အစွမ်းထက်လှသည်။ ဂိုဏ်းတစ်ခုချင်းစီသည် လက်အောက်ခံနိုင်ငံငယ်တစ်ခုနှင့် ညီမျှပြီး တရှ၏ ကျယ်ပြန့်သောနယ်မြေများကို အုပ်ချုပ်ကြသည်။ ထို့ကြောင့် တရှတော်ဝင်မိသားစု၏အာဏာမှာ တဝေတော်ဝင်မိသားစုလောက် မကြီးမားလှပေ။ သို့သော်လည်း လျှော့တွက်၍မရနိုင်ပေ။ ထန်စစ်ယုအနေဖြင့် ကူရှဲ့မင်းသမီးဘွဲ့ကို အပ်နှင်းခံရခြင်းမှာ အလွန်ပင်ကောင်းမွန်သည်ဟု ဆိုရမည်။ သူမသည် တရှတွင် ခိုင်မာသောခြေကုပ်တစ်ခုကို ရရှိထားသည်ဟု ယူဆနိုင်သည်။
အခန်း (၁၅၉၂) ဟူထျန်းမြို့စားလီချန်းယွမ်
"တရှက အခုလို ဗြောင်ကျကျကျူးကျော်လာရတဲ့ အကြောင်းရင်းက ပုန်းအောင်းနေတဲ့မိုးကြိုးခရမ်းဓားပိုင်နက်ရဲ့ အနွယ်ဝင်တစ်ယောက် အဖမ်းခံလိုက်ရလို့ပဲ။ သူဟာ မိုးကြိုးခရမ်းဓားပိုင်နက် ထဲကို ဝင်နိုင်မယ့်နည်းလမ်းကို ဖော်ထုတ်ဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်။"
ယဲ့ချိုးရွှေက ပြောပြ၏။
"အခုအချိန်မှာ မိုးကြိုးခရမ်းဓားပိုင်နက်ရဲ့ အပြင်ဘက်မှာ စစ်သည်အင်အားတစ်သိန်းပါတဲ့ မြင်းတပ်ဖွဲ့ကြီးက စောင့်နေတယ်။ အကာအကွယ်အတားအဆီးပွင့်သွားတာနဲ့ တစ်ပြိုင်နက် အဲ့ဒီမြင်းတပ်ကြီးက ချီတက်လာတော့မှာ။ အဲ့ဒီလိုသာဖြစ်လာခဲ့ရင် မိုးကြိုးခရမ်းဓားပိုင်နက်တစ်ခုလုံးက ကျဆုံးသွားရုံပဲ ရှိတော့တယ်။"
"တစ်သိန်းတည်းလား?"
ချူးယွင်ဖန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
"အစ်ကိုချူး ဒီစစ်သည်အင်အားတစ်သိန်းကို လျှော့မတွက်လိုက်ပါနဲ့။"
ယဲ့ချိုးရွှေက သတိပေးလိုက်သည်။
"ဒီစစ်တပ်က မိုးကြိုးခရမ်းဓားပိုင်နက်ထဲက စစ်တပ်တွေလိုမျိုးမဟုတ်ဘူး။ ဒါက တရှရဲ့ စစ်တပ်။ ဒီစစ်တပ်ထဲက သာမန်စစ်သည်တွေတောင် နတ်စွမ်းအားအဆင့်တွေဖြစ်ပြီး၊ လူဆယ်ယောက်မှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ပေးထားပြီး အဲ့ခေါင်းဆောင်တွေက အမတေအဆင့်တွေပဲ။”
ချူးယွင်ဖန်းတစ်ယောက် ရုတ်တရက် အေးစိမ့်သောလေထုကို ရှူသွင်းလိုက်မိသလို ခံစားလိုက်ရသည်။ အင်အားတစ်သိန်းရှိသောစစ်တပ်တစ်ခုလုံးမှာ နတ်စွမ်းအားအဆင့်များဖြစ်ပြီး အဖွဲ့ခေါင်းဆောင်များက အမတေအဆင့်များ ဖြစ်နေကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဤစစ်တပ်ထဲတွင် အမတေအဆင့်ပညာရှင်ပေါင်း တစ်သောင်းကျော်ရှိနေသည်ဟူသောအဓိပ္ပာယ်ပင်။
ဤမျှကြီးမားသောစစ်တပ်ကြီးနှင့် ရင်ဆိုင်ရပါက သူကိုယ်တိုင်ပင်လျှင် ထွက်ပြေးရုံမှတစ်ပါး အခြားမရှိပေ။
တရှ၏အင်အားသည် မိုးကြိုးခရမ်းဓားပိုင်နက်အတွင်းရှိ အဓိကအင်အားစုများထက် များစွာသာလွန်လိမ့်မည်ဟု သူသိထားသော်လည်း၊ ဤမျှအထိအစွမ်းထက်လိမ့်မည်ဟုမူ သူ မမျှော်လင့်ထားခဲ့ပေ။ ၎င်းမှာ ရင်ဆိုင်ရန်မဖြစ်နိုင်လောက်အောင်ပင် အားချင်းကွာခြားလွန်းလှသည်။ သူတို့နှင့် အဆင့်အတန်းချင်း လုံးဝမတူညီကြချေ။
ဤကဲ့သို့သောစစ်တပ်မျိုးမှာ လောကတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရန် လုံလောက်ပေ၏။ ချူးယွင်ဖန်း၏ နျူကလီးယားဗုံးများပင်လျှင် ဤကဲ့သို့သောစစ်တပ်ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ အကယ်၍ သောင်းနှင့်ချီသော အမတေအဆင့်ပညာရှင်များက လက်တွဲ၍ အကာအကွယ်အတားအဆီးတစ်ခု တည်ဆောက်လိုက်မည်ဆိုပါက နျူကလီးယားဗုံးများပင်လျှင် ၎င်းကို မည်သို့မျှမတတ်နိုင်တော့ပေ။ ယခင်က ကျင်ကျန်းဟန်၏ သန်းနှင့်ချီသောစစ်တပ်ကို အောင်နိုင်ခဲ့သလိုမျိုး နောက်တစ်ကြိမ်ဖြစ်နိုင်ရန်မှာ စိတ်ကူးကြည့်၍ပင် မရတော့ချေ။
"ဟိုဘက်မှာ ဒီလောက်အင်အားကြီးတဲ့စစ်တပ်ကြီး ရှိနေမှတော့ ငါတို့ လွတ်နိုင်မှာမဟုတ်ဘူး။"
ချူးယွင်ဖန်းတစ်ယောက် မိုးကြိုးခရမ်းဓားပိုင်နက်ကျဆုံးရန်မှာ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်ကြောင်း ရုတ်တရက် နားလည်သွားခဲ့လေသည်။
"ဒါပေမဲ့ အဲ့ဒီလိုသာဆိုရင် ဒီစစ်တပ်က ဘာလို့ အတင်းမကျူးကျော်မလာသေးတာလဲ။"
ချူးယွင်ဖန်းက မေးလိုက်သည်။
"မိုးကြိုးခရမ်းဓားပိုင်နက်ရဲ့ အကာအကွယ်အတားအဆီးက လုံးဝပွင့်မသွားသေးလို့ပဲ။ ကျွန်မတို့က လမ်းကြောင်းရှာဖို့ အရင်ရောက်နေကြတာ။ ရှန်ဖေးယွင်အပါအဝင် ဒီထဲက လူတော်တော်များများဟာ စစ်တပ်ရဲ့ သူလျှိုတွေပဲ။ သူတို့က မိုးကြိုးခရမ်းဓားပိုင်နက်ရဲ့ သတင်းအချက်အလက်တွေကို စစ်တပ်ဆီ အဆက်မပြတ် ပြန်ပို့နေကြတာ"
ယဲ့ချိုးရွှေက ဆိုသည်။
"ရှန်ဖေးယွင်က ငါ့ကို ဘာလို့ ပစ်မှတ်ထားနေရတာလဲဆိုတာ ငါသိချင်သား။ သူက ငါ့နာမည်ကိုတောင် သိနေပုံရတယ်။ သူ့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ။”
ချူးယွင်ဖန်းက မေးလိုက်သည်။ အကယ်၍ ယခင်က ၎င်းမှာ သူ၏ အထင်သက်သက်သာ ဖြစ်ခဲ့လျှင်ပင် ယခုမူ ရှန်ဖေးယွင်သည် သူ့ကို တကယ်ပင် ပစ်မှတ်ထားနေခြင်းဖြစ်ပြီး နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေသည်မှာ လုံးဝသေချာသွားပြီဖြစ်သည်။
"ကျွန်မ မမှားဘူးဆိုရင် ဒါဟာ ဟူထျန်းမြို့စားနဲ့ ပတ်သက်နေလိမ့်မယ်။ မိုးကြိုးခရမ်းဓားတွေကို တိုက်ခိုက်ခဲ့တဲ့စစ်တပ်ကို အရင်တုန်းက ဟူထျန်းမြို့စားက ဦးဆောင်ခဲ့တာ။ အကယ်၍ သူသာဆိုရင်တော့ လွဲစရာမရှိဘူး။”
ယဲ့ချိုးရွှေက ပြောလိုက်သည်။
"အခုလက်ရှိ ဟူထျန်းမြို့စားက ဘယ်သူလဲ?"
ချူးယွင်ဖန်းက မေးလိုက်၏။
"သူက တရှတော်ဝင်နန်းတွင်းရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်ပညာရှင်ဖြစ်တဲ့ လီချန်းယွမ်ပဲ။ သူရဲ့အစွမ်းက ခန့်မှန်းရခက်လောက်အောင် နက်နဲပြီး ရွယ်တူတန်းတူတွေထက် အများကြီး သာလွန်တယ်။”
ယဲ့ချိုးရွှေက ဆက်ရှင်းပြလိုက်သည်။
"ကျွန်မသိသလောက်တော့ သူက တရှရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံးပဲ။ ဒီနှစ်တွေအတွင်း တရှအတွက် စစ်ပွဲတွေအများကြီးတိုက်ပေးခဲ့ပြီး ကောင်းတဲ့အကျိုးဆောင်တာတွေ အများကြီးလုပ်ပေးခဲ့တာ။ ရိုးရာအစဉ်အဆက် ဆက်ခံလာတဲ့မှူးမတ်တွေနဲ့မတူတာက သူက အောက်ခြေကနေ ကိုယ်တိုင်ကြိုးစားပြီး တက်လှမ်းလာတဲ့ကျွန်မတို့မျိုးဆက်ထဲမှာ မြို့စားဘွဲ့ အပ်နှင်းခံရတဲ့ပထမဆုံးလူပဲ။ သူ့ရဲ့အစွမ်းဟာ အချို့ဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေကိုတောင် ကျော်လွန်နေပြီဖြစ်လို့ ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ဆိုကြတယ်။”
ယဲ့ချိုးရွှေ၏ စကားများကြောင့် ချူးယွင်ဖန်းတစ်ယောက် ပို၍ပင်မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ ပြောပြချက်အရဆိုလျှင် ဟူထျန်းမြို့စား၏အစွမ်းမှာ ဝိညာဉ်နယ်မြေတွင် စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် အားကောင်းလှပြီး တရှရှိ အချို့ဂိုဏ်းချုပ်များထက်ပင် သာလွန်နေသည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် အနည်းဆုံး ဂိုဏ်းချုပ်အဆင့်ရှိသောပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ပေသည်။
မူလကမူ ဟူထျန်းမြို့စားသည် အစွမ်းထက်သည်ဖြစ်စေ၊ မထက်သည်ဖြစ်စေ မိမိနှင့် ဘာမှမသက်ဆိုင်ပေ။ သို့သော်လည်း ယခုအခါ ထိုမြို့စားသည် သူ့ထံသို့ ဦးတည်လာနေသည်မှာ ရှင်းလင်းနေသဖြင့် အလေးအနက် မထား၍ မရတော့ပေ။
"ဒီကိစ္စက အစ်မထန်နဲ့ ပတ်သက်နေတာ သေချာတယ်။ ကျွန်မ သိသလောက်တော့ အစ်မထန် နန်းတွင်းရဲ့ မင်းသမီးဖြစ်လာပြီးတဲ့နောက်မှာ ပိုးပန်းတဲ့သူတွေ အများကြီးရှိလာခဲ့တယ်၊ လီချန်းယွမ်ကလည်း အဲ့ဒီထဲက တစ်ယောက်ပဲ။"
ယဲ့ချိုးရွှေ က ဆိုလိုက်လေသည်။
ချူးယွင်ဖန်းက ဤစကားကို ကြားလိုက်ရသောအခါတွင် ခါးသီးသောအပြုံးတစ်ခုကို မပြုံးဘဲ မနေနိုင်တော့ပေ။ အဆုံး၌ ဤအရာအားလုံးမှာ ထန်စစ်ယုကြောင့် ဖြစ်နေသည်မဟုတ်ပါလား။
လီချန်းယွမ်သည် တစ်နေရာရာမှတစ်ဆင့် သူရှိနေကြောင်းကို သိသွားခဲ့ပုံရပြီး သတ်ဖြတ်လိုသော အကြံအစည်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူ့ကို ရှာဖွေသတ်ဖြတ်ရန် လူလွှတ်ခဲ့ခြင်း ဖြစ်မည်။
ဤသည်မှာ ရှန်ဖေးယွင်၏တာဝန်ဖြစ်နိုင်သော်လည်း၊ ချူးယွင်ဖန်း မှာ ဤမျှအထိအစွမ်းထက်လိမ့်မည်ဟု တစ်ဖက်က လုံးဝထင်မှတ်ထားခဲ့ပုံမရပေ။ ရှန်ဖေးယွင်သည် အောင်ပွဲမှာ သူ၏လက်ခုပ်ထဲကရေဟု ထင်မှတ်ခဲ့သော်လည်း အဆုံးသတ်တွင်မူ ချူးယွင်ဖန်း၏လက်ချက်ဖြင့်သာ အသက်ပျောက်ခဲ့ရလေသည်။
ထို့အပြင် ယဲ့ချိုးရွှေပြောပြချက်အရဆိုလျှင် ထန်စစ်ယုသည် တရှတွင် ပိုးပန်းသူအမြောက်အမြား ရှိနေပုံရသည်။ ချူးယွင်ဖန်းအတွက် ဒုက္ခများမှာ ယခုမှ စတင်ရုံသာ ရှိသေးသည်။
သာမန်လူများသာဆိုလျှင် ဤအကြောင်းကို ကြားသည်နှင့် သေလောက်အောင် ကြောက်လန့်သွားကြမည်ဖြစ်သော်လည်း ချူးယွင်ဖန်းကမူ နောက်မဆုတ်ခဲ့ပေ။ ထန်စစ်ယုနှင့် သူ၏ ပတ်သက်မှုမှာ အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်ဖြစ်ရာ ဒီလောက်နဲ့ ဘာလို့ အရှုံးပေးရမှာတဲ့လဲ။
ခန့်မှန်းရခက်သောအစွမ်းရှိသည်ဟု ကျော်ကြားသည့်လီချန်းယွမ်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်လည်း နောက်ဆုတ်မည်မဟုတ်ပေ။
"သူ ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ့ရဲ့ သည်းခံနိုင်စွမ်း အကန့်အသတ်ကို လာထိမှတော့ သူ့ကို ထိုက်တန်တဲ့အဖိုးအခကို ပြန်ပေးဆပ်ခိုင်းရမှာပေါ့။"
ချူးယွင်ဖန်း၏မျက်လုံးများထဲတွင် ပြင်းထန်သောသတ်ဖြတ်လိုသည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားခဲ့သည်။ သူ့ကို အပြင်ထွက်လာအောင် ဖိအားပေးရန်အတွက် ရှန်ဖေးယွင်က ချူးမိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီး ထိုကိစ္စ၏နောက်ကွယ်ကတရားခံမှာ လီချန်းယွမ်ဖြစ်နေသည်။
ယဲ့ချိုးရွှေသည် ချူးယွင်ဖန်းကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ လီချန်းယွမ်အကြောင်း ကြားပြီးသည့်တိုင် ချူးယွင်ဖန်းတစ်ယောက် ကြောက်ရွံ့ခြင်းမရှိသည်ကို သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ပြင်းထန်သော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒများပင် ပေါက်ကွဲထွက်လာခဲ့သေးသည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ ခံစားလိုက်ရသည်မှာ သူသည် မည်သည့်အရာကိုမျှ မကြောက်ရွံ့တတ်သူဟူ၍ပင်။ လီချန်းယွမ် မည်မျှအထိ ကြောက်စရာကောင်းသည်ကို ချူးယွင်ဖန်း မသိသေးသောကြောင့်သာ ယခုကဲ့သို့ ရဲရဲဝံ့ဝံ့ ပြောရဲခြင်း ဖြစ်လိမ့်မည်ဟု သူမ တွေးမိသည်။
အကယ်၍ တရှတွင်သာဆိုလျှင် မည်သူမျှ ဤကဲ့သို့သောစကားမျိုးကို ပြောရဲကြမည်မဟုတ်ပေ။
လီချန်းယွမ်မှာ လောက၌ လက်ချိုးရေတွက်ရသော လူငယ်ပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်အတွင်း အစွမ်းထက်ဆုံး ပါရမီရှင်အဖြစ် ကျော်ကြားသူ ဖြစ်သည်။ သူ၏ ပါရမီမှာ တော်ဝင်နန်းတွင်းကိုပင် တုန်လှုပ်စေလောက်အောင် ကြီးမားလှသည်။ သူ အလွန်ငယ်စဉ်က ထူးခြားသောကံကောင်းမှုတစ်ခုနှင့် ကြုံခဲ့ရသည်ဟု ဆိုကြသည်။ သူသည် ကြိုးကြာဖြူတစ်ကောင်၏ ဆိတ်ခြင်းကို ခံခဲ့ရပြီးနောက် အလွန်အစွမ်းထက်သောအမွေအနှစ်တစ်ခုကို ရရှိခဲ့သည်။ တရှ၌ ငယ်စဉ်ကတည်းကပင် ကျော်ကြားသူဖြစ်လေသည်။ အရွယ်ရောက်သောအခါတွင် တရှ၏ စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး စစ်တပ်ကိုဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့သည်။ မရေမတွက်နိုင်သောရန်သူများကို သုတ်သင်ခဲ့ပြီး ကျော်ကြားလာခဲ့သည်။ ဤသို့ဖြင့် သူသည် တရှ၏ လူငယ်မျိုးဆက်များထဲတွင် ပထမဆုံးသော မြို့စားဘွဲ့ရရှိသူ ဖြစ်လာခဲ့သည်။ အကယ်၍ တရှ၏ အစိတ်အပိုင်းတစ်ခုမဟုတ်ခဲ့လျှင် မြို့စားဘွဲ့ ရရှိခြင်းမှာ မည်မျှအထိ ဂုဏ်ယူစရာကောင်းသော အရာဖြစ်သည်ကို စိတ်ကူးကြည့်နိုင်မည် မဟုတ်ပေ။
မြို့စားဘွဲ့ ရရှိပြီးသည်နှင့် တစ်ပြိုင်နက် တရှ၏ စစ်မှန်သောအထက်တန်းလွှာ လူ့ဘောင်ထဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ သူတို့သည် သန်းပေါင်းကုဋေချီသောပြည်သူများအတွက် အရာရာကို ဆုံးဖြတ်ပေးကြသူများ ဖြစ်လာကြသည်။
ထို့ကြောင့် ယဲ့ချိုးရွှေ၏အမြင်တွင်မူ ချူးယွင်ဖန်း ဤသို့ပြောနိုင်ခြင်းမှာ မသိနားမလည်ဘဲ ရဲတင်းနေခြင်းသာဖြစ်မည်ဟု ယူဆမိလိုက်ပေသည်။
အခန်း (၁၅၉၃) မူလစွမ်းအားပေါင်းစပ်အစီအရင်
ယဲ့ချိုးရွှေ၏စိတ်ထဲတွင်မူ လီချန်းယွမ်သည် ရွယ်တူတန်းတူများကြား၌ ပြိုင်ဘက်ကင်း အနိုင်မရနိုင်သောသူဖြစ်သည်။ သူသည် ၎င်းတို့ကဲ့သို့သော Coreအဆင့်များကို တစ်ဦးတည်းနှင့် အပြတ်အသတ် သတ်ဖြတ်နိုင်သူ ဖြစ်သည်။ သူမ၏အမြင်တွင် ချူးယွင်ဖန်း ၏စကားများမှာ မည်သည့်အခါမျှ အကောင်အထည်ပေါ်လာမည်မဟုတ်ပေ။ ချူးယွင်ဖန်း သည် ယခုကဲ့သို့သောပတ်ဝန်းကျင်မျိုး၌ ဤမျှအဆင့်အထိ ကျင့်ကြံနိုင်သည်ကို သူမ အံ့ဩမိသကဲ့သို့ ဤနေရာရှိလူအများစုထက် ပို၍သန်မာနေသည်ကိုလည်း အံ့ဩမိသည်မှာ အမှန်ပင်။
သို့သော်လည်း ချူးယွင်ဖန်း၏အလားအလာမှာ ထိုမျှသာဖြစ်သည်။ သူနှင့် လီချန်းယွမ်ကြားရှိကွာဟချက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ချောက်ကြီးတစ်ခုကဲ့သို့ပင်။ ထို့အပြင် ချူးယွင်ဖန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်နေကာ လီချန်းယွမ်သည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်နေသည်သာ ဖြစ်သည်။ လီချန်းယွမ်ပြသခဲ့သော အံ့မခန်းအလားအလာများအရ သူ၏အစွမ်းမှာ မြို့စားအဆင့်တွင်သာ ရပ်တန့်နေလိမ့်မည်ဟု မည်သူမျှ မထင်ကြပေ။
တရှတွင် လီချန်းယွမ်သည် ရှေးခေတ်က ဧကရာဇ်မင်းတစ်ပါး၏လူဝင်စားဖြစ်ပြီး ထို့ကြောင့်ပင် မွေးကတည်းက အသိဉာဏ်ပညာနှင့်ပြည့်စုံလာသူဖြစ်သည်ဟု ကောလာဟလများထွက်ပေါ်နေကြောင်းကိုမူ ယဲ့ချိုးရွှေ သည် ချူးယွင်ဖန်းကို ထုတ်မပြောရဲခဲ့ပေ။ သူ ကျင့်ကြံအားထုတ်သည့်အခါတွင် အားစိုက်မှုတစ်ဝက်ဖြင့် ရလဒ် နှစ်ဆကို ရရှိနိုင်ပြီး တစ်ကြိမ်လျှင် မိုင်ပေါင်းထောင်ချီခရီးရောက်သကဲ့သို့ တိုးတက်နိုင်သည်။ သာမန်လူများနှင့် နှိုင်းယှဉ်ပါက တစ်တန်းတည်းထား၍ ပြောဆိုရန်ပင် မသင့်တော်ချေ။
ယဲ့ချိုးရွှေ မိမိကို မယုံကြည်သည်ကို ချူးယွင်ဖန်း မြင်သော်လည်း သူ ဂရုမစိုက်ပေ။ ယဲ့ချိုးရွှေ၏မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် လီချန်းယွမ်၏အစွမ်းမှာ Coreအဆင့်ထက် များစွာသာလွန်နေပြီး သူ၏အစွမ်းထက်လည်း အဆပေါင်းများစွာ ပိုမိုအားကောင်းနေကြောင်း သူ ခန့်မှန်းနိုင်သည်။ သို့သော်လည်း ဤသည်မှာ သူ၏နောက်ကွယ်မှ လိုက်မမီနိုင်တော့ဟု ဆိုလိုခြင်းမဟုတ်ပေ။
သူသည် ငယ်ရွယ်သော်လည်း မရေမတွက်နိုင်သောတိုက်ပွဲများကို ဖြတ်သန်းခဲ့ဖူးသည်။ ထိပ်တန်းပါရမီရှင်များဟု ကျော်ကြားခဲ့သူ အမြောက်အမြားသည်လည်း သူ၏လက်ချက်ဖြင့်ပင် သေဆုံးခဲ့ကြရဖူးသည်။ ထို့အပြင် ချူးသားစုဝင်များ၏ ကြေကွဲဖွယ် သေဆုံးမှုများကို ပြန်လည်တွေးမိသည့်အခါတိုင်း၊ သူ၏ဒေါသတရားမှာ အကောင်ပေါင်းသောင်းချီ၍ နှလုံးသားကို ကိုက်ခဲစားသောက်နေသကဲ့သို့ ခံစားနေရသည်။
"အစ်ကိုချူး ကျွန်မသိသလောက်တော့ လုဟုန်ယွမ်နဲ့ ကွေ့မင်ကျဲတို့က လူစုပြီး ဒီဘက်ကို လာနေကြပြီ။ ကျွန်မတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး။”
ယဲ့ချိုးရွှေက ဆိုသည်။
လုဟုန်ယွမ် နှင့် ကွေ့မင်ကျဲတို့သည် ထိုကိစ္စများကို သူမအား ဖုံးကွယ်ထားခြင်း မရှိခဲ့ကြပေ။ သူမသည် ချူးယွင်ဖန်းဘက်သို့ ကူးပြောင်းသွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြခြင်းလည်း ဖြစ်နိုင်သည်။ အဆုံးတွင်မူ သူတို့၏အမြင်၌ ယဲ့ချိုးရွှေသည် သူတို့နှင့် တစ်ဖက်တည်းသားသာဖြစ်သဖြင့် ချူးယွင်ဖန်းကို ထိုအကြောင်းများ ပြောပြလိမ့်မည်မဟုတ်ဟု ယူဆထားကြခြင်းဖြစ်သည်။
"ကိစ္စမရှိပါဘူး၊ သူတို့မှာ ဘယ်လိုနည်းလမ်းတွေ ရှိနေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”
ချူးယွင်ဖန်းက လှောင်ပြုံးပြုံးရင်း ပြောလိုက်လေသည်။
"အစ်ကိုချူး ပေါ့ပေါ့တန်တန် မတွေးပါနဲ့။ လုဟုန်ယွမ်နဲ့ကွေ့မင်ကျဲတို့က ရှင့်ရဲ့ ချိပ်စည်းကို ကိုယ်တိုင်မဖြေရှင်းနိုင်ကြပေမဲ့ တခြားလူတစ်ယောက်ရဲ့ အကူအညီနဲ့ အဲ့ဒါကို နှိမ်နင်းထားနိုင်ခဲ့ကြတယ်။ အဲ့ဒီလူရဲ့ နာမည်ကိုလည်း ရှင် ကြားဖူးမှာပါ။ သူကတော့ ကြယ်ပျံဘုရားကျောင်းရဲ့ ဆက်ခံသူ လျန်ရွေ့ချိုင်ပဲ။"
ယဲ့ချိုးရွှေက ရှင်းပြလိုက်သည်။
"မင်းပြောတာက တချီပြည်ကြီးကို တစ်ကိုယ်တော် ဖြိုခွင်းခဲ့တဲ့ လျန်ရွေ့ချိုင်လား?"
ချူးယွင်ဖန်း တစ်ယောက် အံ့ဩမှင်သက်သွားရသည်။ ဤအမည်ကို သူ ကြားဖူးနားဝ ရှိသည်။ ယခုအခါတွင် မိုးကြိုးခရမ်းဓားပိုင်နက်တစ်ခုလုံးမှာ ရှုပ်ထွေးပွေလီနေပြီး မည်သည့်စနစ်တကျအုပ်ချုပ်မှုမျိုးမှ မရှိတော့ပေ။ ယင်း၏ အကြီးမားဆုံးသော အကြောင်းရင်းမှာ တဝေနှင့်တချီဟူသောနိုင်ငံကြီးနှစ်ခု၏ မြို့တော်များ ကျဆုံးသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
တဝေ၏မြို့တော်ကို ထိုးဖောက်ဖျက်ဆီးခဲ့သူမှာ ရှန်ဖေးယွင်ဖြစ်သည်။ သူသည် တဝေပြည်၏ မြို့တော်အုပ်ချုပ်ရေးယန္တရားကို တစ်ကိုယ်တော် ချေမှုန်းပစ်ခဲ့သူ ဖြစ်သည်။ တချီပြည်တွင်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ရှိနေပြီး သူသည် ရှန်ဖေးယွင်ထက်ပင် ပို၍ အစွမ်းထက်သေးသည်။ ထိုသူသည်ကား ကြယ်ပျံဘုရားကျောင်း၏ ဆက်ခံသူ လျန်ရွေ့ချိုင်ပင် ဖြစ်လေသည်။ ထိုသူသည် တချီရှိ အဓိက အင်အားစုအားလုံးကို တစ်ကိုယ်တော် အနိုင်ယူခဲ့သည်။ ထို့နောက်တွင် လျှပ်စီးလက်သကဲ့သို့သောအရှိန်အဟုန်ဖြင့် တချီ၏မြို့တော်ကို တိုက်ခိုက်ကာ အင်အားတစ်သန်းရှိသောစစ်တပ်ကြီးကို အောင်နိုင်ခဲ့ပြီး တချီ၏ဧကရာဇ်မင်းကို အရှင်လတ်လတ် ဖမ်းဆီးကာ နန်းတွင်းအာဏာအကုန်လုံးကို သူ၏ လက်အောက်သို့ သွတ်သွင်းခဲ့လေသည်။
ဤပုဂ္ဂိုလ်သည် ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သူပင်။
မိုးကြိုးခရမ်းဓားပိုင်နက်အတွင်း၌ ဤကဲ့သို့သောအဖြစ်မျိုးမှာ တစ်ခါမျှ မရှိခဲ့ဖူးပေ။ ချူးယွင်ဖန်းသည် တဝေ၏အာဏာကို ပြောင်းလဲခဲ့စဉ်က Wei Wuji၏အမည်ကို အသုံးပြု၍ စစ်သည်တော်တစ်သန်းကို စုစည်းခဲ့ရသည်။ လျန်ရွေ့ချိုင်နှင့် ရှန်ဖေးယွင် တို့ကဲ့သို့ လူတစ်ဦးချင်းစီ၏အစွမ်းဖြင့် နိုင်ငံတစ်ခုကို ဖျက်ဆီးပစ်ခဲ့ခြင်းမှာ မည်မျှအထိ ဂယက်ရိုက်ခတ်သွားမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပေသည်။
ဤအချိန်တွင် လောကရှိလူသားအားလုံးသည် ထိပ်တန်းပညာရှင်တစ်ယောက်၏ စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားကြလေသည်။
"ဟုတ်ပါတယ်၊ သူ ချက်ချင်းရောက်မလာသေးတာဟာ လျန်ရွေ့ချိုင်နဲ့ သူ့ရဲ့လူတွေကို အဖော်ခေါ်ပြီး အစ်ကိုချူးကို ဝိုင်းရံပိတ်ဆို့ဖို့ စောင့်နေလို့ပဲ။"
ယဲ့ချိုးရွှေက ဆိုလိုက်လေသည်။
"လျန်ရွေ့ချိုင်က ရှန်ဖေးယွင်နဲ့ ယှဉ်ရင် ဘယ်လောက်တောင် သန်မာလို့လဲ။"
ချူးယွင်ဖန်းက မေးလိုက်သည်။
"သေချာပေါက် ပိုသန်မာတာပေါ့။ ရှန်ဖေးယွင်က ရွှေအမတေအလယ်အလတ်အဆင့်ပဲ ရှိသေးတာ၊ လျန်ရွေ့ချိုင် ကတော့ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ရွှေအမတေနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။"
ယဲ့ချိုးရွှေက ဆိုသည်။
"အစ်ကိုချူး လျန်ရွေ့ချိုင်က တချီထဲက အဓိကအင်အားစုတွေ အားလုံးကို သူ့ဆီ ရတနာမျိုးစုံနဲ့ လာပူဇော်ခိုင်းထားတယ်။ သူ ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ ရှင်သိလား။”
"သူက ဘာလုပ်မလို့လဲ?"
ချူးယွင်ဖန်းသည်လည်း ထိုကဲ့သို့သောသတင်းအချက်အလက်မျိုးကို ရရှိထားဖူးသော်လည်း ယခင်ကမူ သိပ်ပြီး အာရုံမထားခဲ့မိပေ။ ယခု ပြန်စဉ်းစားကြည့်မှသာ လျန်ရွေ့ချိုင်သည် တချီအတွင်းရှိ အင်အားစုအားလုံးကို သူတို့ဂိုဏ်း၏သိုလှောင်ရုံထဲတွင် ရှိသမျှဝိညာဉ်ကျောက်တုံးများနှင့် ရတနာများကို လာရောက်အပ်နှံရန် အမိန့်ထုတ်ခဲ့သည်ကို သတိရမိသည်။ အကယ်၍ မလိုက်နာပါက သို့မဟုတ် အားလုံးကို အပ်နှံခြင်းမပြုဘဲ ချန်ထားသည်ကို တွေ့ရှိပါက ထိုအင်အားစုမှာ အမြစ်ပြတ်သုတ်သင်ခံရမည်ဖြစ်သည်။
တချီအတွင်းရှိ အဓိကအင်အားစုအမျိုးမျိုးမှာ အဆုံးမရှိ ညည်းတွားနေကြသော်လည်း မလိုက်နာဘဲ မနေရဲကြပေ။ သို့မဟုတ်ပါက အလွယ်တကူပင် အသတ်ခံရမည် ဖြစ်သည်။
လျန်ရွေ့ချိုင်သည် မိုးကြိုးခရမ်းဓားပိုင်နက်မှလူတစ်ယောက် မဟုတ်သလို နောင်အနာဂတ်တွင်လည်း ဤနေရာ၌ အခြေချ ဖွံ့ဖြိုးတိုးတက်ရန် အစီအစဉ်မရှိပေ။ ထို့ကြောင့်ပင် သူသည် ဤဒေသ၏ရေရှည်ဖွံ့ဖြိုးမှုကို ဂရုမစိုက်ဘဲ အင်အားစုအသီးသီးကို နှစ်ပေါင်းများစွာ စုဆောင်းထားသမျှသော ပစ္စည်းများကို အပ်နှံရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
"သူက အဆင့်တက်ဖို့ ကြိုးစားနေတာ။ သူဟာ အင်ပါယာမြို့တော်ရဲ့ အပြင်ဘက်မှာ အစီအရင်အကြီးကြီးတစ်ခုကို တည်ဆောက်ထားတယ်။ အဲ့ဒီအစီအရင်ကို မူလစွမ်းအင် ပေါင်းစပ်ခြင်းအစီအရင်လို့ ခေါ်တယ်။”
ယဲ့ချိုးရွှေက ပြောလိုက်သည်။
"ဒါဆို... ဒါဟာ မူလစွမ်းအားပေါင်းစပ်အစီအရင်ပေါ့လေ" ချူးယွင်ဖန်း၏မျက်လုံးများထဲတွင် သဘောပေါက်သွားသည့် အရိပ်အယောင်များ လက်ခနဲတောက်ပသွားသည်။
"အစ်ကိချူး ရှင် ဒီအစီရင်အကြောင်း သိနေတာလား?"
ယဲ့ချိုးရွှေသည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ချူးယွင်ဖန်းအနေနှင့် ဤအကြောင်းကို သိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမကိုယ်တိုင်ပင်လျှင် ဤမူလစွမ်းအားပေါင်းစပ်အစီအရင်နှင့် ပတ်သက်သည့်အကြမ်းဖျင်း သတင်းအချက်အလက်များကို ရရှိရန် အတော်ပင် ကြိုးစားခဲ့ရသည်။
ဤအစီရင်မှာ ရှေးဟောင်းအစီရင်တစ်ခုဖြစ်သည်။ တရှတွင်ပင် လူအနည်းငယ်သာ သိကြသည်။ ချူးယွင်ဖန်းသိနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
"သိတာပေါ့။ မူလစွမ်းအားပေါင်းစပ်အစီအရင်ဆိုတာက ရတနာမျိုးစုံကို မူလစွမ်းအားနဲ့ ပေါင်းစပ်နိုင်တဲ့စွမ်းအင်တစ်မျိုးအဖြစ် သန့်စင်ပေးနိုင်တာ။ ဒါဟာ ကျင့်ကြံသူတွေအတွက် အရမ်းကိုအကျိုးရှိတယ်။ တစ်ခါ သန့်စင်ပြီးတာနဲ့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ အဟုန်နဲ့ တိုးတက်သွားနိုင်တယ်။”
ချူးယွင်ဖန်းတစ်ယောက် ပြောရင်းဖြင့် မျက်လုံးများအရောင်တောက်လာသည်။ သေချာသည်မှာ သူသည် မူလစွမ်းအားပေါင်းစပ်အစီအရင်အကြောင်းကို သိရှိနေခြင်းပင်။ ၎င်းကို နတ်ဘုရားကျင့်စဉ်တိုက်ပွဲစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်။ သို့သော်လည်း ဤ မူလစွမ်းအားပေါင်းစပ်အစီအရင်ကို တည်ဆောက်ရန်မှာ မလွယ်ကူပေ။ ရတနာမြောက်မြားစွာကို ကုန်ဆုံးစေရုံသာမက တည်ဆောက်ရန်အတွက်လည်း ဝိညာဉ်ကျောက်တုံးအမြောက်အမြား လိုအပ်သည်။
ဆေးဘရင်ဧကရာဇ်က နတ်ဘုရားကျင့်စဉ်တိုက်ပွဲစာအုပ်ထဲတွင် မှတ်တမ်းတင်ထားစဉ်က ဤ မူလစွမ်းအားပေါင်းစပ်အစီအရင်ကို အရေးတယူ မလုပ်ခဲ့ပေ။ အကြောင်းမှာ ရင်းနှီးရမှုနှင့် ရရှိလာသည့်ရလဒ်မှာ အလွန်ပင် ကွာခြားလွန်းလှသောကြောင့် ဖြစ်သည်။ ဤမျှကြီးမားလှသောအရင်းအမြစ်များကို အသုံးပြုမှသာ လူတစ်ယောက် သို့မဟုတ် လူအနည်းငယ်ကိုသာ အကျိုးပြုနိုင်မည်ဖြစ်ရာ ၎င်းမှာ မထိုက်တန်ဟုယူဆခြင်းဖြစ်သည်။
သာမန်အင်အားစုများသာ ဤ မူလစွမ်းအားပေါင်းစပ်အစီအရင်ကို ရရှိခဲ့မည်ဆိုလျှင်ပင် တည်ဆောက်ရန် မဝံ့ရဲကြပေ။ ဤသည်မှာ ငါးဖမ်းရန်အတွက် ကန်ထဲကရေကို အကုန်ထုတ်ပစ်လိုက်သလိုမျိုး၊ အခြေခံအုတ်မြစ်ကို အတင်းအဓမ္မ တူးထုတ်ပစ်လိုက်သလို ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း လျန်ရွေ့ချိုင်ကမူ မိုးကြိုးခရမ်းဓားပိုင်နက်ထဲတွင် ဤအချက်ကို ဂရုမစိုက်ပေ။ သူသည် မိုးကြိုးခရမ်းဓားပိုင်နက်ရှိသက်ရှိများကို ပုရွက်ဆိတ်များသဖွယ် သဘောထားသောကြောင့် မိမိကိုယ်ကျိုးအတွက် အရင်းအမြစ်မျိုးစုံကို မဆင်မခြင် လုယက်သိမ်းပိုက်နေလေခြင်းဖြစ်ပေသည်။