← Chapters

အခန်း (၁၆၀၃-၁၆၀၅)

Vol. 107 Ch. 1603-1605

အခန်း (၁၆၀၃-၁၆၀၅)

Vol. 107 Ch. 1603-1605

အခန်း (၁၆၀၃) ယဲ့ချိုးရွှေ၏စွမ်းအား

အချိန်ခဏလေးအတွင်းမှာပင် ၎င်းတို့သုံးယောက်စလုံးသည် ကြီးမားသောရလဒ်ကောင်းများကိုယ်စီရရှိခဲ့ကြပြီး အစွမ်းများမှာလည်း သိသိသာသာပင်တိုးတက်လာခဲ့ကြလေသည်။ သို့သော်လည်း အစီအရင်ထဲရှိမူလပေါင်းစပ်စွမ်းအားများမှာ အများအပြားကျန်ရှိနေသေးရာ ၎င်းမှာ ၎င်းတို့သုံးယောက်စလုံး အချိန်တိုအတွင်းကုန်စင်အောင်စုပ်ယူနိုင်မည့်ပမာဏမျိုးမဟုတ်ပေ။

ယဲ့ချိုးရွှေနှင့် ချူးဟုန်ချိုင်တို့သည်မူလပေါင်းစပ်စွမ်းအားများကိုစုပ်ယူနေခြင်းကို ရပ်တန့်လိုက်ကြသည်။ ၎င်းတို့၏ကျင့်ကြံမှုအဆင့်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာခဲ့ခြင်းကြောင့် ၎င်းကိုပြန်လည်ချေဖျက်ပြီး အခြေခိုင်အောင်လုပ်ရန် အချိန်လိုအပ်ပေသည်။ သို့မဟုတ်ပါက နောင်တစ်ချိန်ကျင့်ကြံမှုများပြုလုပ်သည့်အခါတွင် အုတ်မြစ်မခိုင်မာဘဲ ဘေးထွက်ဆိုးကျိုးများရှိလာနိုင်သည်ကို သိရှိကြသောကြောင့်ဖြစ်သည်။

"ကျွန်မတို့ ထပ်ပြီးမစုပ်ယူနိုင်တော့ဘူးဆိုမှတော့ ဒီအစီအရင်ကိုပဲဖျက်ဆီးပစ်လိုက်ရင်မကောင်းဘူးလား။"

ယဲ့ချိုးရွှေက အကြံပြုလေသည်။

"လျန်ရွေ့ချိုင်နဲ့တခြားသူတွေကသာ ဒါကိုအသုံးချသွားမယ်ဆိုရင် အကျိုးဆက်ကမှန်းလို့တောင်ရမှာမဟုတ်ဘူး။"

၎င်းတို့ကိုယ်တိုင်ပင်လျှင် ဤစွမ်းအင်ကိုစုပ်ယူပြီး အချိန်တိုအတွင်းမှာ အဆင့်များကျော်တက်လာခဲ့ခြင်းကိုကြည့်ခြင်းအားဖြင့် လျန်ရွေ့ချိုင်တို့သာအသုံးချခွင့်ရသွားခဲ့ပါက ၎င်းတို့၏ကျင့်ကြံမှုမှာ အမတေအဆင့်ကိုပင် ကျော်လွန်သွားနိုင်ပေသည်။ ထိုအချိန်ကျရောက်လျှင် တကယ်ပင်ကြောက်စရာကောင်းသည့်အခြေအနေမျိုး ဆိုက်ရောက်လာမည်ဖြစ်သည်။ အမှန်စင်စစ် ဤအစီအရင်မှာ ၎င်းတို့အတွက် အမတေအဆင့်ကို ကျော်လွန်နိုင်ရန် ရည်ရွယ်ပြီး အထူးပြင်ဆင်ထားခြင်းလည်းဖြစ်သည်။

သူမကိုယ်တိုင်သည်လည်း ရွှေအမတေအဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်သော်လည်း ထိုလူများမှာ မည်မျှအထိအစွမ်းထက်ပြီး ကြောက်စရာကောင်းသနည်းဆိုသည်ကို တွေးမိတိုင်း ရင်ထဲ၌ထိတ်လန့်နေမိဆဲပင်ဖြစ်သည်။

ချူးဟုန်ချိုင်သည် ယဲ့ချိုးရွှေကို ကြည့်ပြီး အံ့ဩလွန်း၍ ဘာမှမပြောနိုင်အောင်ဖြစ်သွားရသည်။

"ဒီမိန်းကလေးက တကယ်ကိုပြတ်သားရက်စက်တတ်တာပဲ။"

၎င်းကတွေးမိလိုက်သည်။ ထိုလူများသည် ဤအကြောင်းကိုသိသွားကြလျှင် တကယ်ပင်ရူးသွပ်သွားကြမည်မှာ သေချာလှပေသည်။

သို့သော်လည်း ၎င်းကဘာမှဝင်မပြောခဲ့ပေ။ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသည့်လောကဓံများက ၎င်းကိုအများကြီးရင့်ကျက်လာစေခဲ့သည်။ ရန်သူအပေါ်၌ သနားညှာတာနေခြင်းသည် မိမိကိုယ်ကိုယ်ပြန်၍ရက်စက်ရာရောက်သည်ဟူသောအချက်ကို ၎င်းကကောင်းကောင်းနားလည်နေသောကြောင့်ဖြစ်သည်။

ချူးယွင်ဖန်းက ခဏမျှစဉ်းစားပြီးနောက်တွင် ပြောလိုက်သည်။

"အခုလောလောဆယ် ဖျက်ဆီးဖို့မလိုသေးဘူး။ ဒီမူလပေါင်းစပ်စွမ်းအားတွေကို မူလပေါင်းစပ်ဆေးလုံးဖော်စပ်တဲ့နေရာမှာ အသုံးချလို့ရသေးတယ်။"

ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏မှတ်ဉာဏ်များထဲမှ ဆေးလုံးတစ်မျိုးကို သတိရသွားခြင်းဖြစ်သည်။ ၎င်းမှာ မူလပေါင်းစပ်ဆေးလုံးဖြစ်ပြီး ၎င်းဆေးလုံး၏ကုန်ကြမ်းမှာမူလပေါင်းစပ်စွမ်းအားပင်ဖြစ်သည်။ ဆေးဆရာများဖော်စပ်သောဆေးလုံးများထဲတွင် အထူးစွမ်းအင်များကိုအသုံးပြုပြီးဖော်စပ်ရသည့် ဆေးလုံးများသည် အစာချေဖျက်ရသည်မှာပို၍လွယ်ကူသလို သယ်ဆောင်ရသည်မှာလည်း အလွန်အဆင်ပြေလှသည်။ ဝိညာဉ်စွမ်းအားကိုသန့်စင်ပြီး ဝိညာဉ်ဆေးလုံးများအဖြစ်ဖော်စပ်နိုင်သကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူအချို့ကမူ ထိုဆေးလုံးများကို ငွေကြေးအဖြစ်ပင် အသုံးပြုကြလေသည်။ ထို့ကြောင့် ကျင့်ကြံမှုအဆင့်မြင့်မားလာလေလေ ဆေးဆရာများ၏အရေးပါမှုမှာ လျော့ကျမသွားဘဲ ပို၍ပင်တိုးလာတတ်ခြင်းဖြစ်သည်။

ဤစွမ်းအင်အားလုံးကို ၎င်းကဆက်၍မစုပ်ယူနိုင်တော့သောကြောင့် မူလပေါင်းစပ်ဆေးလုံးအဖြစ်ပြောင်းလဲ၍ ဖော်စပ်ထားခြင်းမှာ ပို၍ကောင်းမွန်ပေသည်။ နောင်တစ်ချိန်တွင် ၎င်းအဆင့်တက်နိုင်ရန်အတွက် ဤဆေးလုံးများအပေါ်၌ အများကြီးမူတည်နေပေလိမ့်မည်။ လျန်ရွေ့ချိုင်တို့အတွက်မူ ၎င်းကဘာမှအကြွင်းအကျန်ချန်ထားပေးမည်မဟုတ်ပေ။

"ကောင်းပါပြီ။"

ယဲ့ချိုးရွှေကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချူးယွင်ဖန်းသည် ဆေးဆရာတစ်ဦးဖြစ်ရုံသာမက အမျိုးမျိုးသော အဆင့်မြင့်စွမ်းအင်များကိုပါ ဆေးလုံးများအဖြစ် ဖော်စပ်နိုင်ခြင်းမှာ ယဲ့ချိုးရွှေအတွက် အံ့ဩစရာပင် ဖြစ်နေတော့သည်။ ဤသည်မှာ သာမန်ဆေးဆရာများ လုပ်ဆောင်နိုင်သည့်အရာမျိုးမဟုတ်ပေ။

"ဒါပေမဲ့ လျန်ရွေ့ချိုင်နဲ့ တခြားသူတွေ မကြာခင် ပြန်ရောက်လာကြတော့မယ်။ နည်းနည်းလောက် အရှိန်မြှင့်မှ ဖြစ်မယ်နော်။"

သူမက သတိပေးလေသည်။

"ရပါတယ်။ ငါက သူတို့ကို စောင့်နေတာ။ အခုချိန်မှာ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ မသေချာသေးဘူးလေ။"

ချူးယွင်ဖန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည်။

ထိုအခါမှသာ ယဲ့ချိုးရွှေ သည် ဤလူ၏ အစွမ်းသတ္တိများမှာ အဆမတန် တိုးတက်လာခဲ့သည်ကို သတိရသွားလေသည်။ မူလကပင် ချူးယွင်ဖန်းသည် သူမအတွက် အနက်အဓိပ္ပာယ် ဖော်ရခက်ပြီး မည်သူမျှ မယှဉ်နိုင်သောသူဟု ခံစားခဲ့ရသူ ဖြစ်သည်။ ယခုအခါ သူမကိုယ်တိုင် ရွှေအမတေအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့ကြားရှိ ကွာဟချက်မှာ ကျဉ်းမြောင်းသွားခြင်းမရှိဘဲ ပို၍ပင် ကျယ်ပြောလာသည်ဟု သူမ ခံစားနေရဆဲပင် ဖြစ်သည်။

"မင်းတို့နှစ်ယောက် အပြင်မှာ စောင့်ကြည့်ပေးထားကြပါ။ ငါ ဆေးလုံးဖော်စပ်တော့မယ်။"

ချူးယွင်ဖန်းက ဆိုသည်။

၎င်းတို့နှစ်ဦး အစီအရင်အတွင်းမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အစီအရင်ကြီးတစ်ခုလုံး တုန်ခါကာ စတင်လည်ပတ်လာသည်ကို ခံစားလိုက်ရလေသည်။ မရေမတွက်နိုင်သောမူလပေါင်းစပ်စွမ်းအားများမှာ ဆူပွက်နေသော ရေပူများကဲ့သို့ စတင်လှုပ်ရှားလာတော့သည်။

မူလပေါင်းစပ်စွမ်းအားများမှာ ချူးယွင်ဖန်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြလေသည်။ ၎င်းက လက်ကိုဆန့်ထုတ်ကာ ထိုစွမ်းအင်များကို ဖမ်းဆုပ်လိုက်ရာ ၎င်း၏ လက်ဖဝါးပေါ်တွင် ဖြူဖွေးသော မီးတောက်တစ်ခု စတင်တောက်လောင်လာတော့သည်။ ၎င်းသည် ဆေးဖော်စပ်သည့် မီးဖိုကိုပင် အသုံးမပြုတော့ဘဲ ကောင်းကင်ယံကို မီးဖိုအဖြစ်လည်းကောင်း၊ မြေကမ္ဘာကို အဖုံးအဖြစ်လည်းကောင်း သတ်မှတ်ကာ စတင်သန့်စင်လေတော့သည်။

တစ်ချိန်တည်းမှာပင် တချီ၏မြို့တော်၌ လူရိပ်ဆယ်ခုကျော် ရုတ်တရက် ပေါ်ထွက်လာလေသည်။ သယ်ယူပို့ဆောင်ရေးအစီအရင်အနီးတွင် စောင့်ဆိုင်းနေကြသော အင်အားစုအသီးသီးမှ ကင်းထောက်များမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"လျန်ရွေ့ချိုင်တို့အုပ်စု ပြန်ရောက်လာပြီဟေ့"

"ထင်တဲ့အတိုင်းပါပဲလား။ ချူးယွင်ဖန်းက တကယ်ကို သတ္တိခဲပဲ၊ အခုထိ မထွက်သွားသေးဘူး။ အခုတော့ သူ ထွက်ပြေးဖို့ လွယ်မှာမဟုတ်တော့ဘူး။"

"ဟုတ်တယ်၊ သူ မလွတ်လောက်တော့ဘူး၊"

လူတိုင်းက ထိုအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးနေကြစဉ် တချီရှိ အင်အားစုကြီးအသီးသီးမှ ပညာရှင်များသည်လည်း သတင်းရသည်နှင့် မူလစွမ်းအားပေါင်းစပ်အစီအရင်ရှိရာသို့ အပြေးအလွှား ရောက်ရှိလာကြလေသည်။ ၎င်းတို့ ရောက်ရှိသွားသည့်အခါ လျန်ရွေ့ချိုင်တို့အုပ်စုသည် အစီအရင်၏ အစွန်အဖျားသို့ ရောက်ရှိနေပြီဖြစ်ကာ ယဲ့ချိုးရွှေ၊ ချူးဟုန်ချိုင်တို့နှင့် ထိပ်တိုက်ရင်ဆိုင်နေသည်ကို တွေ့မြင်လိုက်ရလေသည်။

"မိန်းမယုတ်! နင် ငါတို့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ။"

လျန်ရွေ့ချိုင်က ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် အော်ဟစ်လိုက်သည်။

"နင့်ကို ငါမသတ်ရဲဘူးလို့ မထင်နဲ့။ နင် ဒီမှာတင် သေသွားရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။"

ယဲ့ချိုးရွှေသည် လျန်ရွေ့ချိုင်ကို အေးစက်စွာ စိုက်ကြည့်နေမိသည်။ ယခုအချိန်တွင် နောင်တရနေခြင်းမှာ အပိုအလုပ်သာဖြစ်သလို သူမအနေဖြင့်လည်း အမှန်တကယ် နောင်တရခြင်းမရှိပေ။

"စကားအပိုတွေ ပြောမနေနဲ့တော့။"

ယဲ့ချိုးရွှေက ဆိုသည်။

သူမ၏ နောက်ကွယ်တွင် ထိပ်တန်းပညာရှင်တစ်ဦး ရှိနေသည်ကို သိရှိထားသောကြောင့် အကြောက်အလန့်မရှိပေ။

သူမ၏ဘေးတွင်ရှိသော ချူးဟုန်ချိုင်သည်လည်း ခံစစ်အစီအရင်တစ်ခုကို ချက်ချင်းပင် ခင်းကျင်းလိုက်တော့သည်။

အဝေးမှ စောင့်ကြည့်နေကြသော တချီအင်အားစုအသီးသီးမှ ပညာရှင်များသည် ၎င်းတို့၏မြင်ကွင်းကိုကြည့်ကာ အံ့ဩတသ ဖြစ်နေကြလေသည်။ ယခုအခါ ၎င်းတို့သည် ချူးဟုန်ချိုင်၏အစွမ်းကို ကောင်းကောင်းခန့်မှန်း၍မရနိုင်တော့ပေ။ အစောပိုင်းက နတ်စွမ်းအားအဆင့်၌သာ ရှိသေးသောထိုလူငယ်သည် ယခုအခါ အမတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤသည်မှာ မည်မျှအထိ ကြီးမားသော တိုးတက်မှုမျိုးနည်းဟု တွေးတောနေကြသည်။

၎င်းတို့မှာ မနာလိုဖြစ်မိသော်လည်း ရှေ့သို့တိုးရန်မူ မဝံ့ရဲကြပေ။ သို့မဟုတ်ပါက သေတွင်းထဲသို့ ကိုယ်တိုင်ဆင်းသကဲ့သို့ ဖြစ်သွားမည်ကို သိရှိကြသောကြောင့်ဖြစ်သည်။

"လျန်ရွေ့ချိုင်.... ငါ့ကိုပဲ သူ့ကို သတ်ခွင့်ပေးပါ။ ဒီကောင်မက ငါတို့ကို သစ္စာဖောက်ခဲ့တာ။ အခုချက်ချင်း သေစေရမယ်။"

လုဟုန်ယွမ်က ရှေ့သို့ တက်လာသည်။ သူ၏မျက်လုံးများသည် ယဲ့ချိုးရွှေပေါ်သို့ စိုက်ကျနေပြီး သူမအား အပိုင်းပိုင်းဆွဲဖြဲပစ်လိုသည့် ဆန္ဒများ ပြင်းထန်နေလေသည်။

"ကောင်းပြီ.... မင်းကိုပဲ သတ်ခွင့်ပေးလိုက်မယ်။ မြန်မြန်လုပ်လိုက်တော့။"

လုဟုန်ယွမ်သည် အော်ဟစ်ကာ ချက်ချင်းပင် တိုက်ခိုက်လေတော့သည်။ ကောင်းကင်ယံထက်တွင် နှင်းခဲများ စတင်လွင့်ပျံလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြူဖွေးသော အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားစေသည်။

"နှင်းပျံဓါးချက်!"

ခြေလှမ်းတစ်ဝက်ရွှေအမတေပြီးပြည့်စုံခြင်းကျင့်ကြံမှုအဆင့်ဖြင့် လုဟုန်ယွမ်သည် ပတ်ဝန်းကျင်ကို ထိန်းချုပ်ကာ ထူးခြားသော နိမိတ်ပုံသဏ္ဌာန်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် တောက်ပသောဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယဲ့ချိုးရွှေဆီသို့ ဦးတည်သွားလေသည်။ သူမသည် မိမိထက် အစွမ်းနိမ့်သည်ဟု သူက အပြည့်အဝ ယုံကြည်ထားခြင်းဖြစ်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ယဲ့ချိုးရွှေက အော်ဟစ်လိုက်ပြီး သူမ၏ ချောမောလှပသော မျက်နှာထက်၌ ရေခဲကဲ့သို့ အေးစက်သော အမူအရာ ပေါ်ပေါက်လာသည်။ ထို့နောက် သူမသည် လက်ညှိုးဖြင့် ညွှန်လိုက်ရာ လေထုကို ဖြတ်သန်းကာ အမှတ်အသားမရှိသော တိုက်ကွက်တစ်ခု ပေါ်ထွက်လာတော့သည်။

"နတ်ဘုရားတိမ်တိုက်ဓားချက်!"

ဤလက်ညှိုးတိုက်ကွက်မှာ ဆတ်ကောင်၏ ဦးချိုကဲ့သို့ ထက်မြက်လှပြီး လုဟုန်ယွမ်၏ ဓားအလင်းတန်းပေါ်သို့ ထိမှန်သွားလေသည်။ ဓားအလင်းတန်းမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး နတ်ဘုရားတိမ်တိုက်ဓားချက်သည် လျှပ်စီးကဲ့သို့သောအရှိန်ဖြင့် လုဟုန်ယွမ်ရှိရာသို့ ဦးတည်သွားသည်။

လုဟုန်ယွမ်တစ်ယောက် အခြေအနေမကောင်းတော့သည်ကို သိလိုက်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ နတ်ဘုရားတိမ်တိုက်ဓားချက်သည် လုဟုန်ယွမ်၏ ဦးခေါင်းကို ဖောက်ထွက်သွားရာ ၎င်း၏ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားပြီး သွေးများ နေရာအနှံ့ စင်ထွက်သွားလေတော့၏။

လုဟုန်ယွမ်သေသွားလေပြီ....

ချက်ချင်းအသတ်ခံလိုက်ရခြင်းပင်ဖြစ်၏။

အခန်း (၁၆၀၄) မင်းအားနည်းချက်ကပြစ်ချက်ပဲကွ

ယဲ့ချိုးရွှေ၏ တစ်ချက်တည်းနှင့် အပြတ်ရှင်းနိုင်သော စွမ်းပကားမှာ လုဟုန်ယွမ်ကို ချက်ချင်းပင် အသက်ပျောက်သွားစေခဲ့သည်။ ဤသည်ကို လျန်ရွေ့ချိုင်နှင့် အခြားသူများ လုံးဝမမျှော်လင့်ထားခဲ့ကြပေ။ ၎င်းတို့၏အမြင်တွင် ယဲ့ချိုးရွှေ၏အစွမ်းမှာ လုဟုန်ယွမ်ထက်ပင် အနည်းငယ်နိမ့်ကျသည်ဟု ယူဆထားကြခြင်းဖြစ်သည်။ ၎င်းသည်မူလပေါင်းစပ်စွမ်းအားများကို စုပ်ယူပြီးနောက် တိုးတက်လာခဲ့လျှင်ပင် အလွန်ဆုံး လုဟုန်ယွမ်နှင့် အဆင့်တူရုံသာ ရှိသင့်သည်ဟု ထင်မှတ်ခဲ့ကြသည်။

ဤကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းသော တိုက်ပွဲရလဒ် ပေါ်ထွက်လာလိမ့်မည်ဟု ၎င်းတို့ လုံးဝမထင်မှတ်ထားခဲ့ကြပေ။

"နင် ရွှေအမတေအဆင့်ကို ဖြတ်ကျော်ပြီးပြီပဲ။"

လျန်ရွေ့ချိုင်က ချက်ချင်းပင် ရိပ်မိသွားလေသည်။ ယဲ့ချိုးရွှေ၏ စောနကတိုက်ကွက်မှာ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်မဟုတ်ဘဲ စစ်မှန်သော ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းပကားဖြစ်နေသည်မှာ ထင်ရှားလှသည်။

ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်သည် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဆိုသော်ငြားလည်း ထိုအဆင့်နှစ်ခုကြားရှိ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။

ယခုအခါ ယဲ့ချိုးရွှေသည် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဤသို့ဖြစ်ရန်အတွက် လမ်းကြောင်းတစ်ခုတည်းသာရှိပြီး ၎င်းမှာမူလပေါင်းစပ်စွမ်းအားများကို စုပ်ယူခြင်းပင်ဖြစ်သည်။ သို့သော် ၎င်းတို့ နားမလည်နိုင်သည့်အချက်မှာ သူမသည် ရက်အနည်းငယ်အတွင်း ဤအဆင့်ကို မည်သို့အောင်မြင်သွားသနည်းဟူသောအချက်ပင်ဖြစ်သည်။ ယဲ့ချိုးရွှေအနေဖြင့် ထိုစွမ်းအင်များကို စုပ်ယူခဲ့လျှင်ပင် ဤမျှတိုတောင်းသောအချိန်အတွင်း ထိုးဖောက်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သာမန်အားဖြင့် ရွှေအမတေကို စတင်စုစည်းရန်အတွက် လအတော်ကြာကျင့်ကြံပြီးမှသာ ဖြည်းဖြည်းချင်း စမ်းသပ်လုပ်ဆောင်ကြရခြင်းဖြစ်သည်။

၎င်းတို့မသိရှိသည့်အချက်မှာ ယဲ့ချိုးရွှေထံ၌ ချူးယွင်ဖန်းသင်ကြားပေးထားသည့် ချိပ်စည်းကိုးပါးရွှေအမတေကျင့်စဉ်ရှိနေခြင်းပင်ဖြစ်သည်။ ၎င်းမှာ ရွှေအမတေကို စုစည်းရန် နည်းစနစ်တစ်ခုသာမက ရှေးပညာရှိအပေါင်း၏ အတွေ့အကြုံများပါ ပါဝင်နေလေသည်။ ထို့ကြောင့် သူမအနေဖြင့် ဖြည်းဖြည်းချင်း စမ်းသပ်နေရန်မလိုဘဲ လမ်းညွှန်မြေပုံအတိုင်း လိုက်နာရုံဖြင့် သူမ၏ ရွှေအမတေကို လွယ်ကူစွာ စုစည်းနိုင်ခဲ့ခြင်းဖြစ်သည်။

လျန်ရွေ့ချိုင်၏စကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ယခင်က ၎င်းတို့သည် ယဲ့ချိုးရွှေကို အရေးမစိုက်ခဲ့ကြပေ။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်မှာ မဆိုးလှဟု ဆိုနိုင်သော်လည်း ၎င်းတို့နှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သို့သော် သူမသာ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားပြီဆိုလျှင်မူ အရာအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။

ဤသို့တွေးမိသည်နှင့် လူများက ယဲ့ချိုးရွှေကို ကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားလေတော့သည်။

"မိန်းမယုတ်! ငါ နင့်ကို သတ်ပစ်မယ်။"

ဤတစ်ကြိမ်တွင် ကွေ့မင်ကျဲက ဒေါသတကြီးဖြင့် ယဲ့ချိုးရွှေဆီသို့ တဟုန်ထိုး ပြေးဝင်လာလေသည်။

ယဲ့ချိုးရွှေသည်လည်း အကြောက်အလန့်မရှိဘဲ နတ်ဘုရားတိမ်တိုက်ဓားချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်လေသည်။

ဘုန်း!

၎င်းတို့နှစ်ဦး၏တိုက်ပွဲမှာ ရုတ်တရက်ပင် ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။ ၎င်းမှာ ဒုံးကျည်အမျိုးမျိုး တစ်ပြိုင်နက်တည်း မိုးရွာသကဲ့သို့ပင် ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားရလေသည်။ ကွေ့မင်ကျဲသည် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ယဲ့ချိုးရွှေထက် စောစီးစွာ ရောက်ရှိခဲ့သူဖြစ်သော်လည်း သူ၏စွမ်းအင်မှာမူမူလပေါင်းစပ်စွမ်းအားဖြင့် သန့်စင်ထားသော သူမ၏စွမ်းအင်အရည်အသွေးကို မမီပေ။ ထို့ကြောင့် ခဏတာအတွင်း ၎င်းတို့နှစ်ဦးမှာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြလေသည်။

လျန်ရွေ့ချိုင်ကမူ ၎င်းတို့အား ကြည့်ပင်မကြည့်ပေ။

"ဘယ်သူ အထဲဝင်ပြီး ချူးယွင်ဖန်း ကို ဖမ်းမလဲ။ သူ့ကို သေစေချင်တယ်။"

ထိုအခါ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးဖြစ်သောပညာရှင်အချို့မှာ စမ်းသပ်လိုစိတ် ပြင်းပြနေကြသဖြင့် အလင်းတန်းများအဖြစ် ပြောင်းလဲကာ မူလစွမ်းအားပေါင်းစပ်အစီအရင်၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်ပျံသန်းသွားကြလေသည်။

ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးသောသူများမှာမူ မလှုပ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်းသည် ယခင်က ရွှေအမတေ ပညာရှင်အများအပြားကို သတ်ဖြတ်ခဲ့ဖူးသဖြင့် သူ၏အစွမ်းမှာ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ထက် များစွာသာလွန်နေမည်မှာ သေချာသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သောသူကို ၎င်းတို့ မည်သို့ ဖမ်းဝံ့ပါမည်နည်း။

အထဲသို့ဝင်သွားသော ပညာရှင်များထဲတွင် ရွှေအမတေအလယ်အလတ်အဆင့်အဆင့်ရှိသူ နှစ်ဦးပင် ပါဝင်သဖြင့် ၎င်းတို့၏ အင်အားစုမှာ အလွန်ပင် တောင့်တင်းလှပေသည်။

သို့သော်လည်း လျန်ရွေ့ချိုင်တို့အုပ်စုမှာ သတင်းကောင်းကြားရမည့်အစား ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအင်ဖြင့်ပြုလုပ်ထားသည့် ဧရာမလက်ဝါးကြီးတစ်ဖက်က အလင်းတန်းအဖြစ် ပျံသန်းနေသော တရှမှပညာရှင်များကို ဖမ်းဆုပ်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရလေသည်။

ဘုန်း.... ဘုန်း.... ဘုန်း....

ပြင်းထန်သော ပေါက်ကွဲသံကြီးများကိုသာ ကြားလိုက်ရပြီး ထိုသူများမှာ ဝေဟင်ထက်၌ပင် ဖမ်းဆုပ်ခံရကာ ပေါက်ကွဲသွားကြလေသည်။ ၎င်းတို့၏ အသားနှင့်သွေးများမှာ လေထဲတွင်ပင် သွေးမိုးများအဖြစ် လွင့်စင်သွားကာ အစီအရင်၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။ ၎င်းတို့၏ ရွှေအမတေကိုလည်း ထိုလက်ဝါးကြီးက ဖမ်းဆုပ်သွားခဲ့လေသည်။

ရွှေအမတေအဆင့်သို့ ရောက်ရှိပြီးသော ပညာရှင်များ၏အမြုတေမှာ အခိုင်အမာ ဖြစ်တည်နေပြီဖြစ်ရာ ခန္ဓာကိုယ်ပျက်စီးသွားလျှင်ပင် အမြုတေမှာ လွယ်လွယ်နှင့် မပျက်စီးပေ။ အကယ်၍ ရွှေအမတေအဆင့် သို့မဟုတ် အမတေမဲ့အဆင့်သာ ဖြစ်ခဲ့လျှင်မူ ခန္ဓာကိုယ်နှင့်အတူ အမြုတေပါ ပျက်စီးသွားမည်ဖြစ်သည်။

"လျန်ရွေ့ချိုင်.... မင်း ငါ့ကို သတ်ချင်ရင် ကိုယ်တိုင် လာခဲ့စမ်းပါ။ ဘာလို့ ဒီလို အသေးအမွှားလေးတွေကို လွှတ်ပြီး အသေခံခိုင်းနေတာလဲ။"

အေးစက်သောအသံတစ်ခုက အစီအရင်အတွင်းမှ ထွက်ပေါ်လာလေသည်။

ထိုအခါမှသာ လျန်ရွေ့ချိုင် သည် ဘေးပတ်ဝန်းကျင်ရှိ လူများ၏အကြည့်မှာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်လေသည်။ ၎င်းတို့သည် လျန်ရွေ့ချိုင်က ၎င်းတို့အား အသေခံခိုင်းနေခြင်းဖြစ်သည်ဟု သံသယဝင်လာကြခြင်းဖြစ်သည်။ မူလကပင် ယုံကြည်မှု အားနည်းနေသော ထိုအဖွဲ့အစည်းမှာ ယခုအခါ ပြိုကွဲရန် အခြေအနေသို့ ဆိုက်ရောက်လာတော့သည်။

လျန်ရွေ့ချိုင် သည် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပြောဆိုနိုင်ခြင်းမရှိပေ။ အမှန်စင်စစ် ၎င်း၌ အခြေအနေကို စူးစမ်းရန်အတွက် ထိုသူများကို အသေခံခိုင်းသည့် အကြံအစည်ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ချူးယွင်ဖန်း ပြသခဲ့သော အစွမ်းသတ္တိများမှာ ၎င်း၏ရင်ကိုပင် တုန်လှုပ်သွားစေခဲ့သောကြောင့်ဖြစ်သည်။

၎င်း၏ အတွေးစများကို ချူးယွင်ဖန်း က ဖော်ထုတ်လိုက်သည့်အခါ လျန်ရွေ့ချိုင် မှာ အရှက်ရသလိုပင် ဖြစ်သွားခဲ့ရသည်။

"ကောင်းပြီလေ... မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့" ဟု လျန်ရွေ့ချိုင် က အော်ဟစ်လိုက်သော်လည်း ၎င်းသည် အစီအရင်ကို တိုက်ခိုက်ခြင်းမပြုဘဲ ယဲ့ချိုးရွှေ နှင့် ချူးဟုန်ချိုင် တို့ကိုသာ ဦးတည်တိုက်ခိုက်လိုက်လေသည်။ ၎င်း၏ လက်သီးချက်မှာ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ အရှိန်အဟုန်ပြင်းလှပေသည်။ ဤသည်မှာ ၎င်း၏ နာမည်ကျော် အစွမ်းထက်တိုက်ကွက်ဖြစ်သော တောင်ဖြိုလက်သီးပင်ဖြစ်သည်။

ဤလက်သီးချက်၏ အရှိန်အဝါအောက်တွင် တောင်တန်းတစ်ခုလုံးပင်လျှင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားနိုင်ပေသည်။

ယဲ့ချိုးရွှေ နှင့် ချူးဟုန်ချိုင် တို့သည် ရင်ထဲ၌ အလွန်အမင်း အန္တရာယ်ကြီးမားလှသည့် ခံစားချက်ကို ချက်ချင်းပင် ရရှိလိုက်ကြလေသည်။ ၎င်းတို့ ရှောင်တိမ်းရန် ကြိုးစားသော်လည်း မရနိုင်တော့ပေ။ အရှိန်အဝါတစ်ခု၏ ပိတ်ဆို့ထားခြင်းကို ခံလိုက်ရသကဲ့သို့ ၎င်းတို့၏ မူလနေရာမှာတင် ရပ်တန့်နေခဲ့ရလေသည်။

ထိုအခိုက်အတန့်တွင် ယဲ့ချိုးရွှေ သည် လျန်ရွေ့ချိုင် မည်မျှအထိ ကြောက်စရာကောင်းသည်ကို အမှန်တကယ် သိလိုက်ရလေသည်။ လျန်ရွေ့ချိုင် သည် ချူးယွင်ဖန်း ၏ လှည့်စားခြင်းကို ခံနေရသူဖြစ်သော်လည်း ၎င်း၏ စစ်မှန်သောအစွမ်းမှာမူ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ဖြစ်နေဆဲပင်။

ဤကဲ့သို့ အသက်အန္တရာယ်စိုးရိမ်ရသည့် အချိန်၌ လေထုထဲတွင် ဧရာမလက်ဝါးကြီးတစ်ဖက် ပေါ်ထွက်လာကာ ထိုလက်သီးချက်ကို တားဆီးလိုက်လေသည်။

ဘုန်း!

လက်သီးချက်နှင့် စွမ်းအင်လက်ဝါးကြီးတို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး လှိုင်းလုံးကြီးများအလား အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားလေသည်။ ဤအခွင့်အရေးကို အသုံးချကာ ယဲ့ချိုးရွှေနှင့် ကွေ့မင်ကျဲတို့မှာလည်း အမြန်ပင် လူခွဲလိုက်ကြလေသည်။ ဤနေရာရှိတိုက်ပွဲမှာ ၎င်းတို့ ဝင်ရောက်စွက်ဖက်နိုင်သည့် အခြေအနေမျိုး မဟုတ်တော့ပေ။

ယဲ့ချိုးရွှေနှင့် ချူးဟုန်ချိုင်တို့မှာ ဘေးဘက်သို့ ဆုတ်ခွာသွားကြပြီး ကွေ့မင်ကျဲကမူ လျန်ရွေ့ချိုင်၏နောက်ဘက်သို့ ဆုတ်ခွာသွားလေသည်။

ထို့နောက် အစီအရင်အတွင်းမှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာလေသည်။ လျန်ရွေ့ချိုင်နှင့် အခြားသူများသည် ထိုလူကို ယခုမှပင် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရလေတော့သည်။ ထိုသူမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ ၎င်း၏မျက်နှာမှာ ချောမောခန့်ညားပြီး ပြတ်သားသည့် အသွင်အပြင်ရှိကာ အသက် (၂၀) ခန့်သာ ရှိဦးမည်ဖြစ်သည်။ ၎င်းသည် အလွန်ပင် ငယ်ရွယ်ပုံရသော်လည်း ခန့်မှန်းရခက်သည့်အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားလေသည်။

ဤသူမှာ နာမည်ကျော်ချူးယွင်ဖန်းပင် ဖြစ်ရမည်ဟု လျန်ရွေ့ချိုင်တို့အုပ်စု သဘောပေါက်လိုက်ကြလေသည်။

ချူးယွင်ဖန်းကို မြင်တွေ့လိုက်ရသည့်အခါတွင် လျန်ရွေ့ချိုင်သည် နာကျည်းမှုဖြင့် အံကြိတ်လိုက်မိသည်။ ၎င်းသည် ချူးယွင်ဖန်းကို မိမိ၏ လက်ဖဝါးထဲတွင် ကစားနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ ချူးယွင်ဖန်းက ၎င်းကို မျောက်တစ်ကောင်လို ကစားသွားသည်ကို ခံစားနေရသောကြောင့်ဖြစ်သည်။

"မင်းက ထွက်မပြေးဘဲ ဒီမှာနေရဲတယ်ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။"

လျန်ရွေ့ချိုင်က အံကြိတ်ကာ ပြောလိုက်သည်။

"ငါ ဒီမှာ နေနေတာက မင်းကို သတ်ဖို့ပဲ။ ငါ့မှာ မင်းအပေါ် ဘာရန်ငြိုးမှ မရှိဘူး၊ ဒါပေမဲ့ မင်းက ငါ့ကို သတ်ချင်နေမှတော့ ငါ့ဘက်ကလည်း ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။"

ချူးယွင်ဖန်းက လှောင်ပြုံးလေးဖြင့် ဆိုလေသည်။

"ငါ့ကို သတ်မယ်ဟုတ်လား... ဟားဟားဟား...."

လျန်ရွေ့ချိုင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဘာရန်ငြိုးမှမရှိဘူး ဟုတ်လား။ မင်းက အားနည်းနေရက်နဲ့ လူတတ်ကြီးတစ်ယောက်လိုမျိုး သွားစော်ကားမိတာက မင်းရဲ့ အပြစ်ပဲကွ။"

လျန်ရွေ့ချိုင်သည် အရူးတစ်ယောက်လိုပင် အားရပါးရ ရယ်မောနေလေတော့၏။

အခန်း (၁၆၀၅) ချူးယွင်ဖန်းကတကယ်သန်မာတာပဲ

ချူးယွင်ဖန်း၏နှုတ်ခမ်းအစုံသည် အေးစက်သောအပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။

"အားနည်းတာက အပြစ်တစ်ခု ဟုတ်လား။"

၎င်းက ရေရွတ်လိုက်သည်။

ဤကဲ့သို့သော အတွေးအခေါ်မျိုးမှာ ယုတ္တိမရှိသော်လည်း လူအများစုအတွက်မူ ၎င်းမှာ ငြင်းပယ်၍မရသော အမှန်တရားတစ်ခု ဖြစ်နေတတ်သည်ကို ၎င်းသိရှိထားသည်။

မြို့ဝန်ဟွန်ထျန်ဖြစ်သူ လီချန်ယွမ်က ၎င်းကို သတ်ချင်သည်ဆိုလျှင် လီချန်ယွမ်၏အရှိန်အဝါကြောင့်ပင် ၎င်းအတွက် အမှုထမ်းပေးချင်ကြမည့်သူများမှာ မရေမတွက်နိုင်အောင် ရှိနေပေလိမ့်မည်။ လူတိုင်းသည် ချူးယွင်ဖန်းကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးအမြတ်များကိုသာ မက်မောနေကြခြင်းဖြစ်သည်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ ထိုသူအားလုံးသည် ချူးယွင်ဖန်း၏ စစ်မှန်သောအစွမ်းကို လွဲမှားစွာ ခန့်မှန်းခဲ့ကြခြင်းပင်ဖြစ်သည်။ ၎င်း၏ အစွမ်းမှာ ၎င်းတို့ မြင်တွေ့နေရသော အတိုင်းအတာထက် များစွာ သာလွန်လှပေသည်။

"ဒီယုတ္တိက မှန်ကောင်းမှန်နိုင်ပေမဲ့ မင်းကတော့ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ။"

ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

ထို့နောက် ၎င်းသည် လျန်ရွေ့ချိုင်၏နောက်ကွယ်တွင် ရပ်နေသော ကွေ့မင်ကျဲကို လှမ်းကြည့်လိုက်သည်။ ချူးယွင်ဖန်း၏အကြည့်နှင့် ဆုံလိုက်ရသည့်အခါ ကွေ့မင်ကျဲသည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ သားရဲကြီးတစ်ကောင်၏ အကြည့်ကို ခံနေရသကဲ့သို့ ခံစားလိုက်ရလေသည်။

"မင်း ငါ့ကို သစ္စာဖောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

ချူးယွင်ဖန်း က သက်ပြင်းချလျက် ဆိုသည်။

"သစ္စာဖောက်တယ် ဟုတ်လား... ငါတို့က မင်းရဲ့ လက်အောက်ငယ်သားတွေ ဘယ်တုန်းက ဖြစ်ဖူးလို့လဲ။ မင်းလို ဒေသခံတစ်ယောက်က ငါတို့ကို ခေါင်းငုံ့ခိုင်းရဲတာကိုက ကောင်းကင်နဲ့ မြေကြီးရဲ့ အတိုင်းအဆကို မသိတာပဲ။"

ကွေ့မင်ကျဲက ကျယ်လောင်စွာ ပြန်ပြောလေသည်။ ၎င်းသည် ချူးယွင်ဖန်းကို အထင်သေးစွာ ကြည့်နေခဲ့သည်။ ၎င်းအတွက်မူ ချူးယွင်ဖန်းရှေ့၌ ဦးညွှတ်ခဲ့ရခြင်းမှာ တစ်သက်စာ အရှက်ရစရာ ကိစ္စတစ်ခုပင်ဖြစ်သည်။

"ငါကတော့ မင်းကို မသတ်ချင်ပါဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင်က သေတွင်းထဲ ဆင်းချင်နေမှတော့ မင်းသွားချင်တဲ့ လမ်းကို ငါ ပို့ပေးရတာပေါ့။"

ချူးယွင်ဖန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

"မင်းက ချိပ်စည်းလက်ဖွဲ့တစ်ခုတည်းနဲ့ ငါ့ရဲ့ ယင်နှင့်ယန်စွမ်းအားချိပ်စည်းကို ပိတ်ဆို့ထားနိုင်မယ်လို့ ထင်နေတာလား။"

ထိုသို့ပြောဆိုရင်း ချူးယွင်ဖန်း၏ လက်ချောင်းများဖြင့် ချိပ်စည်းတံဆိပ်တစ်ခုကို ဖော်ဆောင်လိုက်သည်။

"ပေါက်ကွဲစမ်း!"

ထိုအခိုက်အတန့်တွင် ကွေ့မင်ကျဲသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ပိတ်ဆို့ချိပ်စည်းတံဆိပ်မှာ အစိတ်စိတ်အမွှာမွှာ စတင်ပျက်စီးလာသည်ကို ခံစားလိုက်ရလေသည်။ ၎င်းမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် ပေါက်ကွဲသွားခဲ့ပြီးနောက် ယင်နှင့်ယန်စွမ်းအားချိပ်စည်း၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများမှာလည်း တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့သည်။

ဘုန်း!

ကွေ့မင်ကျဲ၏ ခန္ဓာကိုယ်မှာ သွေးမိုးများအဖြစ် လေထဲ၌ ပေါက်ကွဲထွက်သွားလေတော့သည်။

အရာအားလုံးမှာ အလွန်ပင် မြန်ဆန်လွန်းလှသဖြင့် မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ဤသည်မှာ လျန်ရွေ့ချိုင်၏မျက်စိရှေ့မှောက်၌ပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ချူးယွင်ဖန်းသည် ပြောသည့်အတိုင်း လက်တွေ့လုပ်ဆောင်ပြခဲ့လေသည်။ ၎င်း၏ ရက်စက်ပြတ်သားမှုမှာ ၎င်းတို့၏ စိတ်ကူးထက် များစွာ သာလွန်နေခဲ့လေသည်။

တရှမှ ပညာရှင်များအားလုံးမှာလည်း တုန်လှုပ်သွားကြလေသည်။ ၎င်းတို့သည် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည်ဟု ထင်မှတ်ထားကြသော်လည်း အလောင်းတောင်နှင့် သွေးပင်လယ်ထဲမှ တက်လှမ်းလာခဲ့သော ချူးယွင်ဖန်း၏ အတွေ့အကြုံများနှင့် ယှဉ်လျှင်မူ ဘာမှမဟုတ်သည်ကို ယခုမှပင် သိမြင်လိုက်ကြရလေသည်။

"ဒီကောင်စုတ်! မင်းကတော့ တကယ်ကို သေချင်နေပြီပဲ"

လျန်ရွေ့ချိုင်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေလေသည်။ ချူးယွင်ဖန်းသည် ၎င်း၏ မျက်စိရှေ့မှောက်၌ပင် ဝံ့ဝံ့စားစား တိုက်ခိုက်ရဲခြင်းမှာ ၎င်းအား လုံးဝအလေးမထားခြင်းပင် ဖြစ်သည်။ ဤသည်မှာ ၎င်း၏မျက်နှာကို လက်ဝါးဖြင့် အကြိမ်ကြိမ် အရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

"ငါက သေချင်နေတာ ဟုတ်လား... တကယ်တော့ မင်းကိုယ်တိုင်က သေတွင်းကို ရှာနေတာ။"

ချူးယွင်ဖန်းက အေးစက်စွာ တုံ့ပြန်လိုက်လေသည်။

၎င်းသည် ပြောပြောဆိုဆိုနှင့်ပင် တိုက်စစ်ကို စတင်လိုက်သည်။ ချူးယွင်ဖန်းသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် လျန်ရွေ့ချိုင်၏နောက်ကွယ်ရှိ တရှမှ ပညာရှင်များအုပ်စုရှေ့သို့ ရောက်ရှိသွားလေသည်။

ထိုတရှမှ ပညာရှင်များမှာ ထိတ်လန့်သွားကြသလို ဒေါသလည်း ထွက်သွားကြလေသည်။ ချူးယွင်ဖန်းသည် ၎င်းတို့အား အနိုင်ကျင့်ရလွယ်သော အပျော့အဖတ်များဟု သတ်မှတ်နေခြင်းဖြစ်သောကြောင့်ပင်။

"မင်း သေချင်နေပြီပဲ။ လျန်ရွေ့ချိုင်ကို မင်း လျှော့တွက်မိသွားပြီ။"

ချက်ချင်းပင် ရွှေအမတေအလယ်အလတ်အဆင့်ရှိ ပညာရှင်တစ်ဦးက တိုက်ခိုက်လိုက်လေသည်။ ဝိညာဉ်လက်နက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းမှာ စာအုပ်တစ်အုပ် ပုံသဏ္ဌာန်ပင် ဖြစ်သည်။ ထိုစာအုပ်ပေါ်တွင် "သတ်ဖြတ်ခြင်း" ဟူသော စာလုံးတစ်လုံးတည်းကိုသာ ရေးသားထားလေသည်။

"အလတ်စားဝိညာဉ်လက်နက်လေးတစ်ခုတည်းနဲ့ ငါ့ရှေ့မှာ လာပြီး ဟောင်နေရသလား။"

ချူးယွင်ဖန်းက အော်ဟစ်လိုက်ရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

ထို"သတ်ဖြတ်ခြင်း"စာအုပ်မှာ ပေါက်ကွဲပျက်စီးသွားခဲ့သော်လည်း ချူးယွင်ဖန်း၏ လက်သီးချက်မှာမူ အရှိန်လျော့မသွားပေ။ ထို ရွှေအမတေအလယ်အလတ်အဆင့်ပညာရှင်သည် ချူးယွင်ဖန်းက မိမိ၏ ဝိညာဉ်လက်နက်ကို ဤမျှလွယ်ကူစွာ ဖျက်ဆီးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ၎င်းသည် လုံးဝ အကာအကွယ်မဲ့နေစဉ်မှာပင် ချူးယွင်ဖန်း ၏ လက်သီးချက်မှာ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

ဘုန်း!

၎င်း၏ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားလေသည်။ ၎င်း၏ အသားနှင့် သွေးများကို ချူးယွင်ဖန်းက သိမ်းဆည်းလိုက်သလို ရွှေအမတေကိုလည်း ဖမ်းဆုပ်လိုက်လေသည်။

ချူးယွင်ဖန်း၏အရှိန်မှာ မြန်ဆန်လွန်းလှသည်။ ရွှေအမတေအလယ်အလတ်အဆင့်ပညာရှင်တစ်ဦးကို သုတ်သင်ရန် ၎င်းအတွက် တစ်စက္ကန့်သာ အချိန်ယူခဲ့ရသည်။ သို့သော် ဤအချိန်လေးအတွင်းမှာပင် ကျန်ရှိနေသောပညာရှင်များမှာ အချိန်ရသွားခဲ့ပြီး အစီအရင်တစ်ခုအဖြစ် စုစည်းကာ ချူးယွင်ဖန်း ကို ဖိနှိပ်ရန် ကြိုးစားလိုက်ကြလေသည်။ ၎င်းတို့သည် အစီအရင်၏ စွမ်းအားကို အသုံးပြု၍ ၎င်းအား နှိမ်နင်းရန် ကြိုးပမ်းခြင်းဖြစ်သည်။

ခုနက ချူးယွင်ဖန်းက ရွှေအမတေအလယ်အလတ်အဆင့်တစ်ဦးကို အသာလေး သတ်ပစ်လိုက်ခြင်းမှာ ၎င်းတို့အား အလွန်ပင်

ထိတ်လန့်သွားစေခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် ချူးယွင်ဖန်း၏ လက်ရှိအစွမ်းကို လျှော့တွက်နေကြဆဲပင် ဖြစ်သည်။ ရွှေအမတေနှောင်းပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် ချူးယွင်ဖန်း၏ အစွမ်းမှာ ကောင်းကင်နှင့်မြေကြီး မှောက်ခုံဖြစ်သွားစေလောက်အောင် ပြောင်းလဲသွားခဲ့လေပြီ။

"အံ့ဖွယ်လက်သီး ရှစ်ချက်!"

ဤရိုးရှင်းလှသော လက်သီးချက်မှာ ကောင်းကင်နဂါး ရှစ်ကောင်အဖြစ် ပြောင်းလဲသွားကာ တရှမှ ပညာရှင်တစ်ဦးစီထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

ဘုန်း!

ဘုန်း!

ဘုန်း!

ထိုပညာရှင်များသည် ကောင်းကင်နဂါးရှစ်ကောင်၏ အရှိန်အဟုန်ဖြင့် ထိုးနှက်ခံလိုက်ရကာ ခန္ဓာကိုယ်များမှာ ပေါက်ကွဲထွက်သွားကြလေသည်။ ၎င်းတို့သည် နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြပြီး ၎င်းတို့၏ အသားနှင့်သွေးများကိုမူ ချူးယွင်ဖန်းက ဗြဟ္မသစ်ပင်အား အာဟာရကျွေးရန် သိမ်းဆည်းလိုက်လေသည်။ ၎င်းတို့၏ ရွှေအမတေများကိုလည်း ၎င်းကပင် တစ်ပါတည်း သိမ်းယူလိုက်ပြန်သည်။

လက်သီးတစ်ချက်တည်းဖြင့်ပင် တရှမှ ပညာရှင် ထက်ဝက်ကျော်မှာ ချက်ချင်းပင် သုတ်သင်ခြင်းခံလိုက်ရလေတော့သည်။

ကျန်ရှိနေသောသူများမှာလည်း ကြောက်လန့်တကြားဖြစ်ကာ ဝိညာဉ်လွင့်မတတ် ခံစားလိုက်ရလေသည်။ ၎င်းတို့၏ အစီအရင်မှာလည်း ဖျက်ဆီးခံလိုက်ရသဖြင့် စွမ်းအင်တုံ့ပြန်မှုဒဏ်ကို ပြင်းထန်စွာ ခံလိုက်ရသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် ဆက်လက်နေရဲခြင်း မရှိတော့ဘဲ ထွက်ပြေးရန်သာ ကြိုးစားကြလေသည်။

သို့သော်လည်း ချူးယွင်ဖန်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ၎င်း၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော မိုးကြိုးလက်နက်များ ပေါ်ထွက်လာပြီး ထွက်ပြေးနေသူများနောက်သို့ လျှပ်စီးအရှိန်ဖြင့် လိုက်လံတိုက်ခိုက်လေသည်။

"ရပ်စမ်း!"

လျန်ရွေ့ချိုင်က ဟိန်းဟောက်လိုက်သည်။ ၎င်းသည် ထိတ်လန့်တုန်လှုပ်နေသလို ဒေါသလည်း အလွန်ထွက်နေလေသည်။ ၎င်းသည် လက်ကို ဝှေ့ယမ်းလိုက်ကာ တောင်ဖြိုလက်သီးဖြင့် ချူးယွင်ဖန်းကို လှမ်း၍ တိုက်ခိုက်လိုက်လေသည်။

ချူးယွင်ဖန်းကလည်း လက်ဝါးဖြင့် ပြန်လည်ကာကွယ်လိုက်သည်။

ဘုန်း!

နှစ်ဖက်စလုံး၏စွမ်းအားများ ထိပ်တိုက်တွေ့ဆုံကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကြီးများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားလေသည်။

သို့သော်ငြားလည်း လျန်ရွေ့ချိုင်သည် ချူးယွင်ဖန်း၏ သတ်ဖြတ်မှုကို မတားဆီးနိုင်ခဲ့ပေ။ ၎င်း၏တိုက်ကွက်ကို ချူးယွင်ဖန်းက ခုခံထားနိုင်ချိန်မှာပင် ကျန်ရှိနေသော တရှမှ ပညာရှင်များမှာလည်း သေဆုံးသွားခဲ့ကြပြီး ၎င်းတို့၏ အလောင်းများကိုလည်း ချူးယွင်ဖန်းက သိမ်းဆည်းသွားခဲ့လေသည်။

ဤအကြောင်းအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ် ယူရသော်လည်း အမှန်တကယ် ဖြစ်ပျက်သွားသည်မှာ ခဏချင်းအတွင်း၌သာ ဖြစ်သည်။

လေထုထဲတွင် သွေးညှီနံ့များ လွှမ်းမိုးသွားခဲ့ပြီး တရှပညာရှင်များ၏ အော်ဟစ်ငိုယိုသံများမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင် ဖြစ်သည်။

"မင်းတော့ သေပြီ! မင်းတော့ အသေပဲ! မင်းက ငါတို့လူတွေကို သတ်ရဲတယ်ပေါ့လေ၊ မင်းလို ဒေသခံကောင်အတွက် ဒီကမ္ဘာပေါ်မှာ နေစရာနေရာ မရှိတော့ဘူးလို့သာ မှတ်ထားလိုက်။"

လျန်ရွေ့ချိုင်က မျက်လုံးမှ သွေးပွက်ပွက်ဆူကာ အော်ဟစ်လေသည်။

အင်အားစုအသီးသီးမှ ပညာရှင်များမှာမူ အံ့ဩလွန်း၍ ဆွံ့အလျက် ရှိနေကြလေသည်။ ၎င်းတို့၏အကြည့်ထဲတွင် ချူးယွင်ဖန်းသည် အနှိုင်းမဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလားပင် ဖြစ်နေတော့သည်။

ရွှေအမတေအဆင့်ပညာရှင်များကို ဤမျှအေးဆေးစွာ သတ်ဖြတ်နိုင်မည့်သူ ရှိလိမ့်မည်ဟု ၎င်းတို့ လုံးဝမထင်မှတ်ထားခဲ့ကြပေ။

"ချူးယွင်ဖန်းက.... တကယ်ကို သန်မာလွန်းတာပဲ!"

All Chapters