← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

Chapter 499 : အဲ့လူသားက အရမ်းကြောက်စရာကောင်းတာ… နာမည်က ရှန်မိုတဲ့

နတ်ဆိုးပင်လယ်၏ သတ္တမမြောက်အလွှာ။ ပျက်စီးနေသော နတ်ဆိုးနန်းတော်တစ်ခု။

ဤနေရာသည် တစ်ချိန်က မဟာနတ်ဆိုးကြီးတစ်ပါး၏ ဧကရာဇ်နန်းတော် ဖြစ်ခဲ့ဖူးသည်။ ထိုမဟာနတ်ဆိုးကြီး ကျဆုံးသွားပြီးနောက် သူ၏အာဏာကို ဆက်ခံသူက အမွေရရှိခဲ့၏။ သို့သော် ဤနန်းတော်၏ တည်နေရာမှာ စိတ်တိုင်းကျစရာ မရှိသဖြင့် နောက်ဆုံးတွင် စွန့်ပစ်ခြင်း ခံခဲ့ရလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် နတ်ဆိုးသားရဲများ စုဝေးရာနေရာ ဖြစ်လာခဲ့ပြီး တောင်ကုန်းများကို အပိုင်စီးကာ နယ်မြေစိုးမိုးထားကြသည်။ ထိုသားရဲများ၏ ခေါင်းဆောင်မှာ "လက်နက်နီ ဝေလငါးကြီး" ဟု လူသိများသော နတ်ဆိုးသားရဲ ဖြစ်သည်။ ၎င်း၏ ခွန်အားမှာ မယုံနိုင်လောက်အောင် ကြီးမားလှပြီး နတ်ဆိုးဧကရာဇ် တစ်ပါးပြီးလျှင် ဒုတိယလိုက်သည်။ သာမန် နတ်ဆိုးသခင်များမှာ ၎င်းကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။ နတ်ဆိုးများစွာမှာ ဤနန်းတော်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသော်လည်း ထိုဝေလငါးကြီး၏ အသူရာတွင်းကဲ့သို့ ကြီးမားလှသော ပါးစပ်အတွင်းသို့သာ ကျရောက်သွားခဲ့ကြရ၏။

သို့သော် ယခုအခါတွင်မူ ဤနန်းတော်သည် တစ်ဖန်ပြန်၍ စည်ကားလာခဲ့ပြီ ဖြစ်သည်။ နန်းတော်၏ အလယ်ဗဟိုရှိ ရာဇပလ္လင်ပေါ်တွင် အရပ်ပုပုနှင့် အမျိုးသမီးနတ်ဆိုးတစ်ဦးမှာ မောက်မာဝင့်ကြွားသော အရှိန်အဝါဖြင့် ထိုင်နေ၏။ သူ့ ဘယ်ညာဘေးတွင် ပြင်းထန်ပြီး အစွမ်းထက်သော နတ်ဆိုးသခင်များစွာ တန်းစီ၍ ရပ်နေကြသည်။ သို့သော်လည်း ရာဇပလ္လင်ပေါ်မှ ထိုအမျိုးသမီးကို မည်သူမျှ လျှော့မတွက်ရဲကြပေ။ သူသည် "စစ်မှန်သော နတ်ဆိုးသခင်အဆင့်"၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ပြီး ခွန်အားမှာ တူညီသောအဆင့်ရှိသူများထက် များစွာ သာလွန်လှသည်။

ဤနတ်ဆိုးများအားလုံးမှာ သူ့ ရိုက်နှက်ဆုံးမမှုကို ခံခဲ့ရပြီးနောက် သူ့ လက်အောက်သို့ အတင်းအကျပ် ဝင်ရောက်လာခဲ့ကြသူများ ဖြစ်သည်။ တစ်ချိန်က ဤနေရာကို စိုးမိုးခဲ့သော လက်နက်နီ ဝေလငါးကြီးမှာလည်း ယခုအခါ ထိုအမျိုးသမီး၏ အောင်ပွဲရ ရလဒ်တစ်ခုသာ ဖြစ်တော့သည်။ သူ့ အသားများမှာ စုဝေးနေသော နတ်ဆိုးသခင်များ၏ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့သည်မှာ ကြာလေပြီ။ ၎င်း၏ ဧရာမ အနီရောင်ဦးချိုကြီးမှာလည်း ယခုအခါ ရာဇပလ္လင်၏ အထက်တွင် မြင့်မားစွာ ချိတ်ဆွဲခြင်း ခံထားရ၏။ ထိုဦးချိုပေါ်ရှိ ပွတ်တိုက်ရာများမှာ ဝေလငါးကြီး၏ ယခင်က ဘုန်းမီးနေလ တောက်ပခဲ့မှုကို သက်သေခံနေကြဆဲ ဖြစ်သည်။

ရုတ်တရက် နတ်ဆိုးတစ်ကောင် ပြေးဝင်လာသည်။

"ခေါင်းဆောင်… သတင်းကြီးပါ”

အမျိုးသမီးနတ်ဆိုးမှ တည်ငြိမ်စွာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

ထိုနတ်ဆိုးမှ မဟာနတ်ဆိုးကြီး အတော်များများ သေဆုံးသွားသည့်အကြောင်းနှင့် နတ်ဆိုးစစ်တပ် သန်းပေါင်းများစွာ ရှုံးနိမ့်သွားသည့်အကြောင်းကို အမြန်ပင် သတင်းပို့လိုက်သည်။ ခန်းမအတွင်းရှိ စစ်မှန်သော နတ်ဆိုးသခင်များမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးထွက်ကုန်ကြသည်။

ဘယ်လိုဖြစ်ရတာလဲ။

တတိယ၊ ပဉ္စမ၊ ကိုးခုမြောက်နဲ့ ဆယ်ခုမြောက် မဟာနတ်ဆိုးကြီးတွေ အားလုံး သေကုန်ကြပြီလား။

ဘယ်လိုမျိုး ကပ်ဘေးသင့်တဲ့ စစ်ပွဲကြီး ဖြစ်သွားတာလဲ။

အမျိုးသမီး၏ မျက်ခုံးများ လှုပ်ရှားသွားသည်။

"အဲဒီတိုက်ပွဲမှာ လူသားတစ်ယောက်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ မင်းပြောတာလား"

"ဟုတ်ကဲ့ ဟုတ်ကဲ့!"

ထိုနတ်ဆိုးမှ အလျင်အမြန် ပြန်ဖြေသည်။

"သူ့နာမည်က ရှန်မို တဲ့… သူက ဓမ္မရုပ်ပွားတော်အဆင့်ကိုတောင် ရောက်နေပြီ… သူသာ မရှိရင် တတိယသခင်ကြီး သေမှာ မဟုတ်ဘူး… သူဟာ ပထမမြောက် မဟာနတ်ဆိုးကြီးနဲ့တောင် တိုက်ခိုက်ခဲ့ပြီး ဘာဒဏ်ရာမှမရဘဲ အကောင်းပကတိအတိုင်း ရှိနေတယ်လို့ ပြောကြတယ်”

နတ်ဆိုးသခင်များမှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။

အသက်အကြီးဆုံးနှင့် လျှို့ဝှက်ချက် အရှိဆုံးဖြစ်သော ပထမမြောက် မဟာနတ်ဆိုးကြီးနှင့် တိုက်ခိုက်ခဲ့ပြီး ဘာဒဏ်ရာမှ မရခဲ့ဘူးလား။

ထိုလူသားသည် တကယ်ကို ကြောက်စရာကောင်းလောက်အောင် သန်မာနေလိမ့်မည်။

"သူက သွားပြီး ရန်စရမယ့်လူ မဟုတ်ဘူး… ငါတို့ သတ္တမမြောက်အလွှာမှာ ရှိနေတာ ကံကောင်းတာပဲ"

"ဟုတ်တယ်… ငါတို့ ဒီမှာပဲ နယ်မြေသိမ်းပြီး သူ့နဲ့ လမ်းမဆုံအောင် နေကြတာပေါ့"

"ဒါပေမဲ့ မဖြစ်နိုင်ဘူး... ကိုးခုမြောက် မဟာနတ်ဆိုးကြီး သေသွားပြီဆိုတော့ ငါတို့ အလုပ်အကျွေးပြုဖို့ သခင်အသစ် တစ်ယောက်ယောက်ကို ရှာရတော့မှာပဲ"

နတ်ဆိုးသခင်များမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ရှန်မို၏ နာမည်ကို ပြောလိုက်တိုင်း သူတို့၏ အသံများတွင် ကြောက်ရွံ့မှုများ ပါဝင်နေသည်။ သို့သော်လည်း ရာဇပလ္လင်ပေါ်မှ အမျိုးသမီးမှာမူ... ထိုနာမည်ကို ကြားလိုက်ရချိန်တွင် မျက်လုံးများအတွင်း ကျေနပ်ဝမ်းမြောက်နေသော အပြုံးသဲ့သဲ့လေး ပေါ်ထွက်လာ၏။

ခေတ္တအကြာတွင် ထိုနတ်ဆိုးမှာ ထိုနေရာ၌ ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူ ထပ်မေးလိုက်သည်။

"တခြား ဘာရှိသေးလဲ”

ထိုနတ်ဆိုး အနည်းငယ် တွန့်ဆုတ်သွားပြီး

"ခေါင်းဆောင်... ပထမသခင်ကြီးက သူ့ရဲ့ မျိုးဆက်တစ်ယောက်ကို စေလွှတ်လိုက်ပါတယ်… သူ ပြောတာကတော့... ခေါင်းဆောင်ဟာ အခု ကိုးခုမြောက် မဟာနတ်ဆိုးကြီးရဲ့ နေရာကို ဆက်ခံဖို့ အရွေးချယ်ခံရမယ့် လောင်းလျာတွေထဲက တစ်ယောက် ဖြစ်လာပြီတဲ့… ခေါင်းဆောင်ကို ကြိုတင်ပြင်ဆင်ထားစေချင်တယ်လို့ ပြောပါတယ်"

အမျိုးသမီးသည် ဝုန်းခနဲ မတ်တတ်ရပ်လိုက်သည်။ နတ်ဆိုးသခင်အားလုံးမှာ လည်ပင်းညှစ်ခံထားရသော ကြက်ကလေးများအလား ငြိမ်သက်သွားကြ၏။ မျက်လုံးများမှာလည်း အံ့ဩလွန်းသဖြင့် ပြူးကျယ်နေကြသည်။

"ဟာ... သွားပြီ… ခေါင်းဆောင်က မဟာနတ်ဆိုးကြီး ဖြစ်တော့မှာလား"

"မယုံနိုင်စရာပဲ… ငါတို့က မဟာနတ်ဆိုးကြီးတစ်ပါးရဲ့ တိုက်ရိုက်လက်အောက်ခံတွေ ဖြစ်တော့မှာပေါ့"

"ခေါင်းဆောင်… ဒါက အကြီးအကျယ် အခွင့်အရေးပဲ”

အားလုံး၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ အမျိုးသမီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်သည်။

"သိပြီ… မင်း သွားလို့ရပြီ… မင်းတို့အားလုံးလည်း ထွက်သွားကြတော့… ငါ ကျင့်ကြံတော့မယ်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်”

နတ်ဆိုးသခင်များ ခေါင်းငြိမ့်ပြကာ အလျင်အမြန် ဆုတ်ခွာသွားကြသည်။

ကျွီ—

နန်းတော်၏ တံခါးမကြီးမှာ ဖြည်းဖြည်းချင်း ပိတ်သွားသည်။ သူ တစ်ယောက်တည်းသာ အတွင်း၌ ကျန်ရှိတော့၏။

"တွေးကြည့်စမ်း... ငါ့ရဲ့ ဂျူနီယာလေးက နတ်ဆိုးနှိမ်နင်းရေး ခံတပ်မှာ အသက်ရှင်နေရုံတင်မကဘဲ… ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက်တောင် ဖြစ်နေပြီလား"

"ဒါဆိုရင်... အခုကစပြီး သူဟာ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တစ်ယောက် ဖြစ်ဖို့ အရည်အချင်း ပြည့်မီသွားပြီပေါ့"

သူ့အကြည့်တွင် ကျေနပ်နှစ်သိမ့်မှု အရိပ်အယောင်များ ပါဝင်နေသည်။

"ခဏလေး စောင့်နေဦး ဂျူနီယာလေး… ငါတို့ ပြန်တွေ့ကြမှာပါ… ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး… ဒီ ကိုးခုမြောက် မဟာနတ်ဆိုးကြီး အဆင့်အတန်းကို... ငါ အရယူပြမယ်"

သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မိမိကိုယ်ကိုယ် ပိုမိုသန်မာစေရန်အတွက် နတ်ဆိုးချီစွမ်းအင်များကို စတင်ဝါးမျို စုပ်ယူလိုက်တော့သည်။

...

နတ်ဆိုးပင်လယ်၏ အဋ္ဌမမြောက်အလွှာ။ ထွားကျိုင်းလှသော ပုံရိပ်တစ်ခုမှာ လက်မောင်းနှစ်ဖက်လုံးကို အသုံးပြု၍ အင်အားကို ထုတ်ဖော်လိုက်ပြီး ရှေ့ရှိ ရက်စက်ကြမ်းကြုတ်လှသော နတ်ဆိုးသားရဲကြီးကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်သည်။ ပူလောင်လှသော သွေးများမှာ သူ၏တစ်ကိုယ်လုံးသို့ စင်ဟပ်သွား၏။

ဤသွေးများမှာ အကယ်၍သာ နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ဦးအပေါ်သို့ စင်ဟပ်ခဲ့လျှင် ၎င်းတို့၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ လောင်စား ပျက်စီးစေမည် ဖြစ်သည်။ သို့သော် သူကတော့ ဂရုမစိုက်ပေ။ ဂရုမစိုက်ရုံတင်မကဘဲ ထိုသွေးများကိုပင် တနင့်တပိုး သောက်သုံးနေတော့သည်။ အတော်ကြာမှ သူ ထိုသားရဲအလောင်းကို ကျေနပ်စွာဖြင့် ဘေးသို့ လွှင့်ပစ်လိုက်သည်။

ဝုန်း! ဝုန်း! ဝုန်း!

သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအား ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ခုခုက ပေါက်ထွက်တော့မည့်အလား ခံစားနေရ၏။

"စစ်မှန်တဲ့ နတ်ဆိုးသခင် အထွတ်အထိပ်အဆင့်”

"ဒီနှစ်တွေအတွင်း ငါ ကြိုးစားခဲ့တာတွေက အလကား မဖြစ်ခဲ့ဘူးပဲ”

သူ၏အတွင်း၌ တိုးပွားလာသော ကျယ်ပြောပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် နတ်ဆိုးစွမ်းအင်များကို ခံစားမိသောအခါ အလွန်အမင်း ဝမ်းသာသွားသည်။ သူသည် အခြားသူမဟုတ်။ ယခင်က ရှောင်ဖန်ဟု လူသိများသော ယခုအခါ "အန်းဖန်"ပင်။

သူသည် အန်းချန်းထံ သတင်းပို့ရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ပြီးနောက် နတ်ဆိုးသားရဲများကို သတ်ဖြတ်ကာ မိမိကိုယ်ကိုယ် လေ့ကျင့်ရန်အတွက် နက်ရှိုင်းသောအလွှာများသို့ ဝင်ရောက်လာခဲ့သည့်နေ့မှစ၍ နေ့ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။ သူ နေ့ညမပြတ် နတ်ဆိုးသားရဲများကို ရှာဖွေ သတ်ဖြတ်ကာ အမဲလိုက်ခဲ့၏။ ပျောက်ဆုံးနေသော ကံကောင်းခြင်း အခွင့်အရေးများစွာကိုလည်း ရရှိခဲ့သည်။

သူ၏ ခွန်အားမှာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာခဲ့သည်။ မဝင်လာခင်က နတ်ဘုရားနန်းတော်အဆင့်၏ ငွေရောင်အဆင့် စစ်မှန်သော နတ်ဆိုးသခင် တစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယခုမူ စစ်မှန်သော နတ်ဆိုးသခင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤခွန်အားနှင့် မဟာနတ်ဆိုးကြီး၏ မျိုးဆက်ဖြစ်မှု အဆင့်အတန်းကြောင့် သူသည် အခြားသူများထက် မာန်တက်စွာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။

"ရှန်မို အခု ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ သိချင်မိသားပဲ"

ရင်းနှီးနေသော ပုံရိပ်မှာ အန်းဖန်၏ စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး အသာအယာ ပြုံးလိုက်သည်။ သူ၏ ကိုယ်ပိုင်ပါရမီနှင့် စိတ်ဓာတ်ခိုင်မာမှုဖြင့် စစ်မှန်သော နတ်ဆိုးသခင် အထွတ်အထိပ်သို့ မနည်း ရောက်အောင် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ ရှန်မိုသည်လည်း အလားတူ အဆင့်မျိုးတွင်သာ ရှိနေဦးမည်ဟု သူထင်၏။

ဤမျှ လျင်မြန်စွာ ကြီးထွားလာမှုကို မြင်လျှင် အန်းချန်း ဧကန်မလွဲ ကျေနပ်ပေလိမ့်မည်ဖြစ်ပြီး သူ့ကို မဟာနတ်ဆိုးကြီး၏ သွေးများဖြင့် ဆုလာဘ် ပေးပေလိမ့်မည်။ ထိုသွေးများကိုသာ သူ ဝါးမျိုနိုင်မည်ဆိုလျှင် သူ၏ခွန်အားမှာ ပို၍ပင် မြင့်တက်လာရန် အခွင့်အရေး ရှိနေသည်။ ထိုအခါကျလျှင် သူ ရှန်မိုကို သေချာပေါက် ကျော်တက်နိုင်လိမ့်မည်။

အန်းဖန်သည် မိမိကိုယ်ကိုယ် ကျေနပ်နေရင်းဖြင့် လမ်းမထက်တွင် ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းကာ ပြန်လာခဲ့သည်။ ဆဋ္ဌမမြောက်အလွှာသို့ သူ လှမ်းဝင်လိုက်သည့် အခိုက်အတန့်တွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ သူ မြင်တွေ့ရသမျှ စစ်မှန်သော နတ်ဆိုးတိုင်းမှာ ဟိုဟိုဒီဒီ အပြေးအလွှား သွားလာနေကြသည်။ နတ်ဆိုးအရေအတွက်မှာလည်း သိသိသာသာ လျော့နည်းနေ၏။

အန်းဖန် တစ်ခုခု မှားနေပြီဟု ချက်ချင်း ရိပ်မိလိုက်သည်။ သူသည် အနားရှိ စစ်မှန်သော နတ်ဆိုးတစ်ကောင်ကို လှမ်းဖမ်းလိုက်ပြီး

"မကြာသေးခင်က ဘာတွေ ဖြစ်ခဲ့တာလဲ"

ထိုနတ်ဆိုးမှာ စိတ်တိုသွားပြီး အန်းဖန်၏ လက်ကို ခါထုတ်ရန် ပြင်လိုက်သော်လည်း ပူပြင်းလှသော သံညှပ်ကြီးတစ်ခုကဲ့သို့ အဖမ်းခံထားရမှုကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် ငြိမ်ကျသွားတော့သည်။ သူတို့ကြားမှ ကြီးမားလှသော ခွန်အားကွာခြားချက်ကို သူ ချက်ချင်း သဘောပေါက်သွားခြင်း ဖြစ်သည်။ သူ၏ မျက်နှာပေးမှာ ချက်ချင်းပင် ဖော်လံဖားလုပ်သည့် ပုံစံသို့ ပြောင်းလဲသွား၏။

"သ-သခင် မသိသေးဘူးလား… မဟာနတ်ဆိုးကြီး လေးပါးတောင် ကျဆုံးသွားပြီ… စတုတ္ထအလွှာမှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေလည်ရ အသတ်ခံလိုက်ရတယ်"

"အခု သခင်ကြီး အန်းချန်းက တခြား မဟာနတ်ဆိုးကြီးတွေဆီက နယ်မြေတွေကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတာ"

အန်းဖန်သည် ထိုနတ်ဆိုး၏ လက်မောင်းကို လွှတ်ပေးလိုက်ရင်း မှင်သက်သွားသည်။ "မဟာနတ်ဆိုးကြီး လေးပါး... ကျဆုံးသွားပြီ ဟုတ်လား”

"ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး… ငါ့ကို လာပြီး မလိမ်နဲ့"

သူ မယုံနိုင်စွာ ဆိုလိုက်သည်။

ထိုနတ်ဆိုးမှာ အမြန်ပင် ခေါင်းခါပြ၍

"ကျွန်တော် သခင်ကြီးကို မလိမ်ရဲပါဘူး"

ထို့နောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်တော့သည်။

အဆုံးတွင် သူ သက်ပြင်းချလိုက်ရင်း

"အဲဒီ လူသားက တကယ်ကို ကြောက်စရာကောင်းတာ… သူသာ မရှိရင် သခင်ကြီး အန်းမိုင်ဟာ စတုတ္ထအလွှာမှာရှိတဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်အားလုံးကို သုတ်သင်ပြီး ဘာဒဏ်ရာမှမရဘဲ ထွက်ပြေးသွားနိုင်မှာ… ဒါပေမဲ့ သူ့ကြောင့်... သခင်ကြီး အန်းမိုင် အသက်ရှင်လျက် ပြန်မထွက်နိုင်ခဲ့တာ… သူဟာ ပထမသခင်ကြီးနဲ့တောင် တိုက်ခိုက်ခဲ့ပြီး ဘာဒဏ်ရာမှ မရခဲ့ဘူးလို့တောင် ပြောကြတယ်"

အန်းဖန် မျက်မှောင်ကြုတ်လိုက်သည်။ "လူသားတစ်ယောက် ဟုတ်လား… သူ့နာမည်က ဘယ်သူလဲ”

ထိုနတ်ဆိုး ခဏစဉ်းစားလိုက်ပြီး

"ထင်တာတော့... ရှန်မို တဲ့…ဟုတ်တယ်… သေချာပေါက် ရှန်မို ပဲ”

အန်းဖန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တုန်လှုပ်သွားတော့သည်။

Chapter 500: သူ့မှာ ရုပ်ပွါးတော် တစ်ခုပဲရှိတယ်လို့ ဘယ်သူပြောလဲ

"ရှန်... မင်း ဘာပြောလိုက်တာလဲ… နောက်တစ်ခေါက် ပြန်ပြောစမ်း"

အန်းဖန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဟိန်းဟောက်လိုက်သည်။

သူ၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် စစ်မှန်သော နတ်ဆိုးမှာ အံ့အားသင့်သွားရသည်။ သို့သော်လည်း အန်းဖန်ကဲ့သို့ အစွမ်းထက်သူတစ်ဦးကို သူ မအောင့်သက်ဝံ့ပေ။

သူ အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"ရှန်မိုပါ… အဲဒီလူသားနာမည်က ရှန်မို တဲ့… အခု ကျွန်တော် သွားလို့ ရပြီလား"

အန်းဖန် စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်ရင်း လက်ဝေ့ယမ်းလိုက်သည်။

"သွား… သွားတော့"

ထိုအခါမှသာ နတ်ဆိုးမှာ အပြေးအလွှား ထွက်ခွာသွားတော့သည်။

အန်းဖန်သည် အလုပ်ရှုပ်နေကြသော နတ်ဆိုးအုပ်ကြီးကို ငေးကြည့်ရင်း ရပ်ကျန်ရစ်ခဲ့ကာ သူ၏နှလုံးသားထဲတွင် ခါးသီးမှုများ အတိုးအယုတ်မရှိ ပြည့်လျှံလာတော့သည်။

ရှန်မို!

နောက်တစ်ကြိမ်လည်း ရှန်မိုပဲလား။

ဘာလို့ အမြဲတမ်း သူပဲ ဖြစ်နေရတာလဲ။

သူ အစွမ်းကုန် ကြိုးစားခဲ့သည်။ အသည်းအသန် လေ့ကျင့်ခဲ့သည်။ သို့သော်လည်း ရှန်မိုကို မှီအောင် မလိုက်နိုင်သေးပေ။

မဟုတ်သေးဘူး။

သူသည် ရှန်မို၏ အရိပ်ကိုပင် မမြင်ရတော့ပေ။

ခြေဖနောင့်ကိုတောင် လှမ်းမမြင်နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေပြီ။

ရှန်မိုမှာ ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူ ဖြစ်နေပြီ။ ၎င်းကို ယှဉ်နိုင်ရန်အတွက်ဆိုလျှင် နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရှိရန် လိုအပ်သည်။ သို့သော် သူ၏ ပါရမီနှင့်ပင် နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲသော အလုပ်တစ်ခုပင် ဖြစ်သည်။

"သူ... သူ ဘယ်လိုများ လုပ်လိုက်တာလဲ"

အန်းဖန်သည် ငိုချင်စိတ်ကို အောင့်ထားရင်း နှလုံးသားတစ်ခုလုံး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

...

ပထမနတ်ဆိုးနန်းတော်။

ဝိုင်းစက်သော စားပွဲတွင် ပုံရိပ်သုံးခုသာ ကျန်ရှိတော့သည်။

ပထမမြောက် မဟာနတ်ဆိုးကြီး အန်းချန်း၊ ဆဋ္ဌမမြောက် မဟာနတ်ဆိုးကြီး အန်းချန် နှင့် သတ္တမမြောက် မဟာနတ်ဆိုးကြီး အန်းဝေ တို့ ဖြစ်ကြသည်။

သူတို့ သုံးယောက်လုံး စကားမပြောကြပေ။

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် အန်းချန်းမှ နောက်ဆုံးတွင် တည်ငြိမ်စွာ ပြောလိုက်သည်။

"နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်မောင်းကို ရှာဖွေတာ ဘယ်လိုအခြေအနေ ရှိသလဲ"

အန်းဝေ အေးစက်စွာ ပြန်ဖြေ၏။

"အဲဒီထဲက တစ်ဝက်ကိုပဲ ပြန်ရသေးတယ်… ကျန်တဲ့ တစ်ဝက် ဘယ်ရောက်နေလဲဆိုတာ မသိရသေးဘူး"

အန်းချန်း မျက်မှောင်ကြုတ်လိုက်၏။

"နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်မောင်းက ပင်မခန္ဓာကိုယ်နဲ့ ဆက်သွယ်ထားတာဆို… သူ့အလိုလို ပြန်လာလိမ့်မယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား"

အန်းဝေ တိတ်ဆိတ်သွားသည်။

အန်းချန်းမှ ရုတ်တရက် စကားဆိုလာသည်။

"နံပါတ် ၆… မင်း နံပါတ် ၅ ကို သစ္စာဖောက်ခဲ့တာပဲ"

အန်းချန် ခေါင်းခါလိုက်ပြီး

"အန်းဝူက သေဖို့ ကံပါပြီးသားပါ… ငါ သူ့ကို သစ္စာဖောက်တာ မဟုတ်ဘူး… ငါ့ရဲ့ အင်အားကို ထိန်းသိမ်းခဲ့တာ… အဲဒီမှာ ငါသာ ဆက်နေခဲ့ရင် သေရင်သေ၊ မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရမှာပဲ"

အန်းချန်းမှ ဆက်၍

"ဒါပေမဲ့ မင်း စောစောထွက်သွားလို့ အန်းမိုင် သေခဲ့ရတာ… အဲဒါကို မင်း ဘယ်လို ရှင်းပြမလဲ"

အန်းချန် ခေါင်းခါပြန်သည်။

"သူ့သေဆုံးမှုက ငါနဲ့ ဘာမှမဆိုင်ဘူး… သူက အရမ်းဇွတ်တရွတ်နိုင်လွန်းလို့ ဖြစ်တာ"

အန်းချန်းမှ အေးစက်စွာဖြင့်

"ဒါဆိုရင် ဘယ်ဘက်လက်မောင်းထဲမှာရှိတဲ့ နတ်ဆိုးဧကရာဇ်ရဲ့ သွေးထဲက တစ်စက်မှ မင်း ရမှာမဟုတ်ဘူး"

အန်းချန် မျက်နှာပေးမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ ဤရလဒ်ကို သူ မျှော်လင့်ထားပြီးသားပင်။ ဘာပဲဖြစ်ဖြစ် သူလုပ်ခဲ့သည့် လုပ်ရပ်မှာ ဂုဏ်သိက္ခာရှိသည့် လုပ်ရပ်မှ မဟုတ်ဘဲ။

ထို့အပြင် နတ်ဆိုးဧကရာဇ်၏ သွေးမရသော်လည်း သူ့တွင် တခြားရလဒ်များ ရှိသေးသည်။ မဟာနတ်ဆိုးကြီး အတော်များများ ကျဆုံးသွားပြီဖြစ်ရာ သူတို့၏ နယ်မြေများမှာ ပရမ်းပတာ ဖြစ်နေသည်။ ထိုနယ်မြေများကို သိမ်းပိုက်ရန် သူ၏ လက်အောက်ငယ်သားများကို သူ အမိန့်ပေးထားပြီးသား ဖြစ်လေ၏။

"ကျန်ရှိနေတဲ့ မဟာနတ်ဆိုးကြီး ငါးပါးဟာ တစ်ယောက်ကို နတ်ဆိုးဧကရာဇ်ရဲ့ သွေး နှစ်စက်စီ ရလိမ့်မယ်… ဒါက အစကတည်းက ပေးထားတဲ့ ကတိပဲ"

အန်းချန်း တည်ငြိမ်စွာ ပြောသည်။

"နံပါတ် ၂ နဲ့ နံပါတ် ၈ တို့က နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်ခြေထောက်ကို နိုးထစေဖို့ အခြေအနေ ကောင်းနေပြီ… နံပါတ် ၄ ကတော့ ညာဘက်ခြေထောက်ကို နိုးထစေပြီးပြီ… ငါ ကိုယ်တိုင် သူတို့ဆီကို သွေးတွေ သွားပို့ပေးမယ်"

"အကျအဆုံးတွေ များခဲ့ပေမဲ့ အစီအစဉ်ရဲ့ အရေးကြီးဆုံးအပိုင်းကတော့ ပြီးဆုံးသွားပါပြီ… နောက်တစ်ဆင့်ကတော့ နတ်ဆိုးဧကရာဇ်ရဲ့ ကိုယ်ထည်နဲ့ ဦးခေါင်းကို နိုးထစေဖို့ပဲ… မင်းတို့ နှစ်ယောက်က အဲဒီကိစ္စတွေကို အသီးသီး တာဝန်ယူရမယ်… ဒီတစ်ခါတော့ ဘာအမှားအယွင်းမှ မရှိစေနဲ့"

အန်းချန်နှင့် အန်းဝေတို့ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းငြိမ့်လိုက်ကြသည်။

"ကောင်းပါပြီ… လက်ခံပါတယ်"

အန်းချန်းမှ ဆက်၍

"လူသားတွေဘက်မှာ နောက်ထပ် ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူ တစ်ယောက် ထပ်တိုးလာပြီ… အရှိန်ရနေတုန်းမှာ သူတို့က ထိုးစစ်ဆင်လာဖို့ သေချာတယ်… အဲဒါက ငါတို့ရဲ့ အင်အားတွေကို ချုံ့ထားဖို့ အကြောင်းပြချက်ကောင်းပဲ… အသုံးမကျတဲ့ နယ်မြေအချို့ရှိတယ်… အဲဒါတွေကို လက်လွှတ်ပေးလိုက်လို့ ရတယ်"

အန်းဝေ အံ့အားသင့်သွားသည်။

"အဲဒီအတိုင်းပဲ ပေးလိုက်မှာလား… နတ်ဆိုးပင်လယ်ထဲမှာ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေ အများကြီး ရှိနေတာကို… အကယ်၍ သူတို့က နောက်ထပ် ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူတစ်ယောက် ထပ်မံ ထွက်ပေါ်လာအောင် လုပ်နိုင်သွားရင် ဘယ်လိုလုပ်မလဲ"

အန်းချန်း ခေါင်းခါလိုက်ပြီး

"အဲဒီ ရုတ်တရက် ပေါ်လာတဲ့ တစ်ယောက်ကတော့ ထူးဆန်းတယ်… သူ့ရဲ့ ပေါ်ထွက်လာမှုကို ငါ ဘယ်တုန်းကမှ ကြိုမမြင်ခဲ့ဘူး… ဒါပေမဲ့ သူ့နောက်မှာတော့ နောက်ထပ် ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူ ပေါ်လာမှာ မဟုတ်တော့ဘူး"

"သူတို့က နတ်ဆိုးပင်လယ်ရဲ့ ရတနာတွေကို လိုချင်တယ်ဆိုရင်တော့ ပေးဆပ်ရမယ့် တန်ဖိုး ရှိရလိမ့်မယ်"

အန်းချန် တစ်ခုခုကို စဉ်းစားနေပုံရသည်။

"မင်း ဆိုလိုတာက..."

အန်းချန်း တည်ငြိမ်စွာ ပြန်ဖြေသည်

"အလွှာတွေ ပိုနက်လေလေ၊ စိတ်ဝိညာဉ်ရတနာတွေထဲမှာပါတဲ့ နတ်ဆိုးချီစွမ်းအင်တွေက ပိုပြင်းထန်လေလေပဲ… အဲဒီရတနာတွေကို ရဖို့အတွက် လူသားတွေဟာ ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်… အဲဒါအပြင် အနက်ရှိုင်းဆုံး အလွှာတွေမှာ နတ်ဆိုးဝင်နေတဲ့ သားရဲတွေ အများကြီး ရှိနေတယ် မဟုတ်လား… အဲဒါတွေကို သူတို့ဘာသာ ရှင်းပါစေ"

ဤစကားကို ကြားသောအခါ အန်းချန်နှင့် အန်းဝေတို့ နှစ်ယောက်လုံး ခေါင်းငြိမ့်လိုက်ကြသည်။

နက်ရှိုင်းသော အလွှာများရှိ နတ်ဆိုးဝင်နေသည့် သားရဲများမှာ နတ်ဆိုးဧကရာဇ်များထက် မနိမ့်သော အစွမ်းရှိကြသည်။ သူတို့မှာ နတ်ဆိုးမျိုးနွယ်စု၏ အမိန့်ကို မနာခံကြပေ။ မဟာနတ်ဆိုးကြီးများပင်လျှင် ၎င်းတို့ကို ဒုက္ခပေးတတ်သော အရာများအဖြစ် မှတ်ယူကြ၏။ နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ နက်ရှိုင်းသော အလွှာများ၏ မြေပုံကို မသိကြပေ။ အကယ်၍ သူတို့သာ မျက်ကန်းတောတိုး ဝင်လာခဲ့မည်ဆိုလျှင် ထိုသားရဲများကို သွားရောက် ရန်စမိမည်မှာ သေချာပြီး ပဋိပက္ခများ ဖြစ်လာပေလိမ့်မည်။ ထိုအခါ အစောင့်များမှာ အထိအခိုက် အကျအဆုံး များပြားပေလိမ့်မည်။

ဤနည်းအားဖြင့် အန်းချန်း၏ ရည်မှန်းချက် အောင်မြင်သွားမည် ဖြစ်၏။

"ဒီအစည်းအဝေးကို ဒီမှာပဲ ရပ်နားမယ်… နတ်ဆိုးဖခင်ကြီးရဲ့ ကိုယ်ထည်နဲ့ ဦးခေါင်းကို နိုးထစေပြီးတာနဲ့ ငါတို့ ဒီကို ပြန်လာကြမယ်"

အန်းချန်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဘယ်လောက် ကြာမလဲ"

အန်းချန် ပြန်မေး၏။

"၁၅ နှစ်လောက် ကြာလိမ့်မယ်"

သူ ပြန်ဖြေသည်။

"ကောင်းပြီ… အဲဒီအချိန်ကျမှ ပြန်တွေ့ကြတာပေါ့"

...

နတ်ဆိုးပင်လယ်၏ နောက်ကျိပြီး ပိန်းပိတ်အောင် မှောင်နေသော ရေပြင်အောက်တွင် ထွားကျိုင်းသော ပုံရိပ်တစ်ခုမှာ ရေအောက်အနက်ပိုင်းမှနေ၍ လျင်မြန်စွာ ဖြတ်သန်းသွားနေသည်။

သူ၏ ရှိနေမှုမှာ နတ်ဆိုးဝင်နေသော သားရဲများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။ ရုပ်ဆိုးပန်းဆိုးနှင့် ဧရာမကြီးမားလှသော သားရဲကြီးများမှာ သူရှိရာသို့ ဝိုင်းအုံလာကြတော့သည်။

"ငါ့လမ်းက ဖယ်စမ်း"

ထိုပုံရိပ်မှ ဟိန်းဟောက်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ ထက်ရှသော လှံအလင်းတန်းတစ်ခုလည်း ပေါက်ကွဲထွက်ပေါ်လာသည်။

ချလွမ်!

ထိုအခါ အနားရှိ သားရဲအတော်များများ ချက်ချင်းပင် ငြိမ်ကျသွားသည်။ နောက်တစ်ခဏတွင် ၎င်းတို့မှာ ထိုးဖောက်ခြင်း ခံလိုက်ရပြီး အပိုင်းပိုင်း ပြတ်ထွက်သွားကြတော့၏။

ရေပြင်အောက်တွင် သွေးများ ဖုံးလွှမ်းသွားသည်။ အဝေးမှ သားရဲများမှာ ထိုမြင်ကွင်းကို မြင်ပြီး တုန်လှုပ်သွားကြကာ အမြီးခါ၍ ဝေးရာသို့ ထွက်ပြေးသွားကြတော့သည်။

"ဟူး... ဒါ နတ်ဆိုးပင်လယ်လား"

"မျှော်လင့်ထားတဲ့အတိုင်းပဲ... သာယာတဲ့နေရာတော့ မဟုတ်ဘူး"

လုတုန်းရွှမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဆုံးမဲ့သော အမှောင်ထုမှလွဲ၍ ဘာမှမရှိပေ။ အလင်းရောင်ဆိုသည်မှာလည်း တစ်ခါမှ မရှိခဲ့ဖူးပေ။

သူသည် ကုန်းမြေတိုက်ကြီးမှ ထွက်ခွာလာပြီး သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်လာကတည်းက ရည်ရွယ်ချက်မရှိဘဲ မျောပါလာခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာ တည်ငြိမ်စွာ မြင့်တက်လာခဲ့ပြီး ယခုအခါ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူ အရှေ့ပင်လယ်ရှိ ပင်လယ်မျက်စိတစ်ခုကို မတော်တဆ တွေ့ရှိခဲ့သည်။ ၎င်းကို ဖြတ်ကျော်လာခဲ့ရာမှ နတ်ဆိုးပင်လယ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သူ ဘာကြောင့် ဒီကို ရောက်လာသလဲဆိုသည်ကိုပင် သူကိုယ်တိုင်လည်း သေချာမသိပေ။ ဤဘက်အရပ်မှ တစ်ခုခုက သူ့ကို လှမ်းခေါ်နေသလိုမျိုးသာ သူ ခံစားနေရသည်။

'ငါ့ရဲ့ အရင်ဘဝတုန်းက ငါဟာ နတ်ဆိုးလိုက်လံနှိမ်နင်းရေးလှံရဲ့ ဝိညာဉ် ဖြစ်ခဲ့တာ’

'ဒီမှာ နတ်ဆိုးတွေ ဒီလောက်များနေမှတော့ သူတို့ကို အကုန်သုတ်သင်ဖို့က ငါ့ရဲ့ ကံကြမ္မာပဲလား’

'အဲဒီလိုဆိုရင်လည်း အဲဒီအတိုင်းပဲ ဖြစ်ပါစေပေါ့’

'ငါ မှတ်မိသလောက်ဆိုရင်... ငါ့ရဲ့ ဂျူနီယာညီလေးက နတ်ဆိုးပင်လယ်ကို စစ်မှုထမ်းဖို့ ခေါ်ခံလိုက်ရတယ် မဟုတ်လား’

'သူ့ကို ဘယ်တော့မှ ပြန်တွေ့ရမလဲဆိုတာ သိချင်မိပါရဲ့’

လုတုန်းရွှမ်သည် နှုတ်ခမ်းကို သပ်လိုက်ရင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။

...

လအနည်းငယ်အကြာ၊ ရွှေ့ဝူခံတပ်တွင်။

နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ မြို့ရိုးပေါ်တွင် စုဝေးနေကြပြီး တည်ငြိမ်နေသော နတ်ဆိုးပင်လယ်ပြင်ကြီးကို ငေးကြည့်နေကြသည်။ ၎င်းမှာ နွေလယ်ခေါင် အချိန် ဖြစ်၏။ ပင်လယ်ပြင်ကြီးမှာ အဆုံးမရှိ ကျယ်ပြောနေပြီး လှိုင်းလုံးများကြားတွင် အထီးကျန်သော ကျွန်းငယ်လေးအချို့သာ ငြိမ်သက်စွာ ရှိနေသည်။

ဝူကျန့်ယွင်နှင့် လီဟိုင်ထန်းတို့လည်း အခြားအစောင့်များနှင့်အတူ မြို့ရိုးပေါ်တွင် ရပ်နေကြသည်။ သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

"အစ်ကို ရှန် ဒီနေ့ ပြန်လာမယ်လို့ ငါ ကြားတယ်"

လီဟိုင်ထန်း ရင်ခုန်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဝူကျန့်ယွင်လည်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး

"အေးကွာ… နှစ်တွေတောင် အတော်ကြာသွားပြီ... နောက်ဆုံးတော့ သူ့ကို ပြန်တွေ့ရတော့မယ်"

လီဟိုင်ထန်း စိတ်ကို မနည်းထိန်းထားရသည်။

"ပြီးတော့ သူက မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ရထားတယ်လို့ ငါ ကြားတယ်”

"ဒါတင်မကသေးဘူး… သူက ဓမ္မရုပ်ပွားတော်အဆင့်ကိုတောင် ရောက်နေပြီတဲ့… အရမ်းစွမ်းအားကြီးတဲ့ ရုပ်ပွားတော်ကိုတောင် ဖန်တီးထားနိုင်တယ်လို့ ပြောကြတယ်”

ဝူကျန့်ယွင် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်

အနားရှိ အရပ်ရှည်ရှည် နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ယောက် ကြားသွားပြီး မကျေမနပ်နှင့် ဝင်ပြောလိုက်သည်။

"မင်းတို့ ဘာတွေ ပြောနေတာလဲ"

"စစ်သေနာပတိ ရှန် မှာ ရုပ်ပွားတော် တစ်ခုတည်း ရှိတယ်လို့ ဘယ်သူပြောလဲ"

"ငါ ကြားတာကတော့ သူမှာ နှစ်ခုရှိတယ်တဲ့… တစ်ခုက ဧရာမ ဆင်ကြီးဖြစ်ပြီး နောက်တစ်ခုကတော့ မြစ်ကြီးတစ်စင်းတဲ့.. နှစ်ခုလုံးက ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးတာ”

"အဲဒီ ဧရာမဆင်ကြီးက ခြေတစ်ချက်ဆောင့်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးတောင် တုန်ခါသွားတယ်”

"အဲဒီ မြစ်ကြီးကတော့ ရေတွေ ပြောင်းပြန်စီးပြီး နတ်ဆိုး သန်းပေါင်းများစွာကို တိုက်စားပစ်တာ”

"နတ်ဆိုးတွေက စစ်သေနာပတိ ရှန် ရဲ့ ရုပ်ပွားတော်တွေကို မြင်ရင် ကြောက်လန့်တကြား အော်ဟစ်ပြီး သေးတွေထွက်ရင်း အသက်လုပြီး ထွက်ပြေးကြတာကွ”

ဝူကျန့်ယွင် မှင်သက်သွားရသည်။

"ရုပ်ပွါးတော်က နှစ်ခုလား… အဲဒီလောက်တောင် စွမ်းအားကြီးတာလား… မဖြစ်နိုင်တာ..."

Chapter 501: ခံတပ်သို့ ပြန်ခြင်း

အရပ်ပုပုနှင့် အခြားနတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ယောက်ကလည်း သူတို့စကားကို ကြားသွားပြီး ဝင်ရောက်ပြောဆိုလာပြန်သည်။

"ဒါက ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ"

"စစ်သေနာပတိ ရှန်ရဲ့ ပါရမီနဲ့ဆိုရင် ဓမ္မရုပ်ပွားတော် နှစ်ခုကို စုစည်းနိုင်တာက သိပ်ပြီး ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး"

"ငါ ကြားတာကတော့ သူက နှစ်ခုတင်မကဘူး… သုံးခုတောင် စုစည်းထားတာတဲ့”

"အဲဒီ ဓမ္မရုပ်ပွားတော် သုံးခုနဲ့တင် မဟာနတ်ဆိုးကြီး အန်းမိုင်နဲ့ အန်းဝူတို့ကို တစ်ယောက်တည်း သုတ်သင်ခဲ့တာ… ပထမမြောက် မဟာနတ်ဆိုးကြီး အန်းချန်းနဲ့တောင် အကြိတ်အနယ် ယှဉ်တိုက်နိုင်ခဲ့တာကွ”

ဤစကားကို ကြားသောအခါ လီဟိုင်ထန်းနှင့် ဝူကျန့်ယွင်တို့ နှစ်ယောက်လုံး အသက်ရှူပင် မှားသွားကြသည်။

ဘုရားရေ!

ရှန်မိုက အဲဒီလောက်တောင် အစွမ်းထက်သွားတာလား။

ငါတို့ ဘာလို့ မသိခဲ့ရတာလဲ။

သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြပြီး

"ငါတို့ဆီက သတင်းတွေက ခေတ်နောက်ကျနေပြီ ထင်တယ်"

သူတို့ တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။

ရှန်မို ဘယ်လိုအရာမျိုးကိုပဲ အောင်မြင်အောင် လုပ်ပြလုပ်ပြ သူတို့ အံ့ဩတော့မည် မဟုတ်ပေ။ အကယ်၍ သူ တစ်ခုခုကို မလုပ်နိုင်တော့မှသာ ထူးဆန်းသည့်ကိစ္စ ဖြစ်ပေလိမ့်မည်။

"ကြည့်စမ်း… ဟိုမှာ ကြည့်ကြဦး… သူ ရောက်လာပြီ"

အစောင့်တစ်ယောက်မှ အနောက်မြောက်ဘက် ပင်လယ်ပြင်ဆီသို့ လက်ညှိုးထိုးရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ အားလုံး လှမ်းကြည့်လိုက်ကြရာ ပင်လယ်ပြင်ထက်တွင် တိုက်ပွဲဝင်စင်မြင့် အချို့ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ခံတပ်အသီးသီးဆီသို့ ဦးတည်နေကြပြီး၊ လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့် နှစ်ခုမှာ ရွှေ့ဝူခံတပ်ဆီသို့ ဦးတည်လာနေသည်။

"နောက်ဆုံးတော့ ပြန်လာပြီပဲ… ပြန်လာပြီ”

လီဟိုင်ထန်းနှင့် ဝူကျန့်ယွင်တို့

အလွန်ဝမ်းသာသွားကြသည်။

နှစ်ပေါင်းများစွာ ခွဲခွာနေခဲ့ရပြီးနောက် သူတို့၏ ခေါင်းဆောင်ကို နောက်ဆုံးတွင် ပြန်တွေ့ရတော့မည် ဖြစ်သည်။

"ကိုယ့်ကိုယ်ကိုယ် ပြန်လာမယ့် လင်ယောက်ျားကို စောင့်နေတဲ့ ဇနီးသည်လိုတောင် ခံစားနေရတယ်"

ဝူကျန့်ယွင် သူ့ကိုယ်သူ ရယ်မောကာ ပြောလိုက်သည်။ လီဟိုင်ထန်းမှလည်း တဟားဟား ရယ်မောရင်း

"ငါသာ မိန်းမဖြစ်ရင် စစ်သေနာပတိ ရှန်ကို ချက်ချင်း လက်ထပ်လိုက်မှာပဲ”

ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာလည်း ဝိုင်း၍ ရယ်မောကြတော့သည်။

"တော်စမ်းပါကွာ… စစ်သေနာပတိ ရှန်လို လူမျိုးကို လိုချင်နေတဲ့ မိန်းမတွေက မရေမတွက်နိုင်အောင် ရှိတာ"

"လီဟိုင်ထန်း... မင်းသာ မိန်းမဖြစ်သွားရင်တောင် မင်းအသားက အရမ်းမည်းနေတုန်းပဲ… အိပ်မက်တွေ အရမ်းမမက်နေနဲ့ဦး"

"ဟုတ်ပါ့... မင်းက လျှာနှစ်ခွနဲ့ မိန်းမတွေကိုမှ ကြိုက်တာလို့ ပြောဖူးတာ ငါမှတ်မိသေးတယ်နော်" လီဟိုင်ထန်း မျက်နှာမှာ အသားမည်းသဖြင့် သိပ်မသိသာသော်လည်း ရှက်လွန်းသဖြင့် ရဲတက်သွားတော့သည်။

ပင်လယ်ပြင်ထက်တွင် ရှန်မိုသည် လှိုင်းခွဲတိုက်ပွဲဝင်စင်မြင့်ပေါ်၌ ရပ်နေရင်း တဖြည်းဖြည်း နီးကပ်လာသော ရွှေ့ဝူခံတပ်ကြီးကို ကြည့်ကာ စိတ်လှုပ်ရှားနေမိသည်။

သူ နတ်ဆိုးပင်လယ်၏ စတုတ္ထအလွှာကို ငါးနှစ်တိုင်တိုင် စောင့်ကြပ်ခဲ့ပြီးနောက် ယခုအခါ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ လီဟိုင်ထန်း၊ ဝူကျန့်ယွင်နှင့် လက်နက်တိုက်မှ အစောင့်များ မည်သို့ရှိကြမည်နည်းဟု သူ တွေးတောနေမိသည်။

"ဗိုလ်ချုပ် ကျန်း!"

"စစ်သေနာပတိ ရှန်!"

တိုက်ပွဲဝင်စင်မြင့်များ ကမ်းမကပ်ရသေးမီကပင် မြို့ရိုးပေါ်မှ ကြိုဆိုနှုတ်ဆက်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ သူတို့၏ သူရဲကောင်း အောင်ပွဲခံပြန်လာမှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြခြင်း ဖြစ်၏။ ရှန်မို ဓမ္မရုပ်ပွားတော်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် သတင်းနှင့် အန်းမိုင်ကို သုတ်သင်ခဲ့သည့် သတင်းများ ရွှေ့ဝူခံတပ်သို့ ရောက်ရှိနှင့်နေသည်မှာ ကြာပြီဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်က တိုက်ပွဲအကြောင်းကို ခံတပ်အတွင်း၌ လူတိုင်း ပျော်ရွှင်ကြည်နူးစွာဖြင့် စိတ်လှုပ်ရှားတကြီး ပြောဆိုနေကြသည်။ ထိုတိုက်ပွဲကြောင့် နတ်ဆိုးများ အကုန်အစင် နောက်ဆုတ်သွားကြပြီး နတ်ဆိုးပင်လယ်၏ စတုတ္ထနှင့် ပဉ္စမအလွှာတို့ကို စွန့်ခွာသွားကြရသည်။ ယခုအခါ ခံတပ်မှ အစောင့်များမှာ ပိုမိုနက်ရှိုင်းသော ပင်လယ်ပြင်ထဲသို့ ဝင်ရောက်ကာ ပိုမိုများပြားသော ကောင်းကင်ဘုံရတနာများနှင့် မြေကမ္ဘာရတနာများကို ရှာဖွေစုဆောင်းနိုင်ကြတော့မည် ဖြစ်၏။

အနက်ရှိုင်းဆုံးနေရာများမှာ အန္တရာယ်များသော်လည်း ပျောက်ဆုံးနေသော နတ်ဆိုးပင်လယ်၏ ရတနာများကို ရရှိရန်အတွက် လူအများအပြားမှာ စွန့်စားရန် အသင့်ရှိနေကြသည်။ မိမိကိုယ်ကိုယ် ကံကောင်းသူတစ်ယောက် ဖြစ်လာနိုင်သည်ဟု သူတို့ မျှော်လင့်နေမိ၏။

ထိုညတွင် ရွှေ့ဝူခံတပ်တစ်ခုလုံး အောင်ပွဲခံ ပွဲလမ်းသဘင်များဖြင့် စည်ကားနေတော့သည်။ ညဘက် ကင်းစောင့်နေရသော အစောင့်များကိုပင် အစားအစာနှင့် လက်ဖက်ရည်များ ပို့ဆောင်ပေးခဲ့ကြ၏။ အခြားနေရာများတွင်လည်း အလားတူ ပျော်ပွဲရွှင်ပွဲများ ရှိနေကြသည်။

ကျူးချွဲခံတပ်တွင်မူ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ် ကျူးရွှမ်ကျီး "ရှင်သန်ထမြောက်လာခြင်း" ကြောင့် လူတိုင်း စိတ်ဓာတ်များ အထွတ်အထိပ်သို့ ရောက်နေကြသည်။ ထိုနေရာရှိ အစောင့်တိုင်းမှာ သူ့နာမည်ကို အောင်ပွဲခံဟစ်ကြွေးနေကြလေ၏။ နောက်ဆုံးတွင် သူတို့အားလုံး စုစည်းအားကိုးရမည့် ဗိုလ်ချုပ်တစ်ဦး ပြန်လည်ရှိလာပြီ ဖြစ်သောကြောင့် သူတစ်ပါး၏ အထင်အမြင်သေးခြင်းကို ခံရတော့မည် မဟုတ်ပေ။

ထျန်းကျန်းခံတပ်တွင်သာ ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးနေဆဲ ဖြစ်သည်၊ အကြောင်းမှာ သူတို့၏အရှင်သခင် အာယွမ် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ခြင်းကြောင့်ပင်။

ရွှေ့ဝူခံတပ်၏ လက်နက်တိုက်ရှိ ရှန်မို့ အခန်းအတွင်း၌မူ သူ ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း နတ်ဆိုးနှိမ်နင်းရေး လက်ပတ်ကို စစ်ဆေးနေသည်။ မကြာသေးမီက တိုက်ပွဲမှာ အလွန်ပြင်းထန်လှသဖြင့် စွမ်းဆောင်ရည်မှတ်တမ်းများစွာ ဝင်ရောက်လာခဲ့သော်လည်း သူ သေချာမကြည့်ရသေးပေ။ ယခု အေးအေးဆေးဆေး ရှိချိန်မှသာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

"စစ်မှန်သော နတ်ဆိုးသခင် အထွတ်အထိပ်အဆင့်ကို သတ်ဖြတ်ခြင်း — ဘီအဆင့် စွမ်းဆောင်ရည်မှတ်တမ်း သုံးခု ရရှိသည်။"

...

ရှန်မို စွမ်းဆောင်ရည်မှတ်တမ်းများကို တစ်ခုပြီးတစ်ခု အားရပါးရ ဖတ်ရှုနေသည်။ ခဏအကြာတွင် သူ၏မျက်လုံးများ ဝင်းလက်သွား၏။

မှတ်တမ်းနှစ်ခုတွင် ရပ်တန့်လိုက်သည်။

"ဒဏ်ရာအပြင်းအထန်ရနေသော တတိယမြောက် မဟာနတ်ဆိုး အန်းမိုင်ကို သတ်ဖြတ်ခြင်း — အေအဆင့် စွမ်းဆောင်ရည်မှတ်တမ်း ငါးဆယ့်ကိုးခု ချီးမြှင့်သည်။"

"မဟာနတ်ဆိုးဧကရာဇ်၏ ဘယ်ဘက်လက်ကို ဖြတ်တောက်ခြင်း — အေအဆင့် စွမ်းဆောင်ရည်မှတ်တမ်း လေးဆယ် ချီးမြှင့်သည်။"

သူ ဆက်လက်ဖတ်ရှုရာ "စုစုပေါင်း စွမ်းဆောင်ရည်မှတ်တမ်းများ - အေအဆင့် စွမ်းဆောင်ရည်မှတ်တမ်း ၁၀၅ ခု၊ ဘီအဆင့် စွမ်းဆောင်ရည်မှတ်တမ်း ၂၈၂ ခု၊ စီအဆင့် စွမ်းဆောင်ရည်မှတ်တမ်း ၃၅၀၀ နှင့် များပြားလှသော ဒီအဆင့် စွမ်းဆောင်ရည်မှတ်တမ်းများ။"

ရှန်မို အံ့ဩတကြီးဖြင့် ကြည့်ရင်း ကျေနပ်နေသည်။ မဟာနတ်ဆိုးတစ်ဦးမှ ဤမျှများပြားသော စွမ်းဆောင်ရည်မှတ်တမ်းများကို ပေးစွမ်းနိုင်သည်မှာ မဆန်းတော့ပေ။

ဒဏ်ရာရနေသည့် အန်းမိုင်ပင်လျှင် ဤမျှပေးနိုင်သေးသည်။ အချို့သော စွမ်းဆောင်ရည်များကိုတော့ အခြား နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်များနှင့် ခွဲဝေယူခဲ့ရသည်မှာ သေချာသည်။

'အကယ်၍ ငါသာ အန်းမိုင်ရဲ့ အထွတ်အထိပ်အခြေအနေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရင် အေအဆင့် စွမ်းဆောင်ရည်မှတ်တမ်း ၁၀၀ ကျော်တောင် ရနိုင်မှာပဲ!'

နတ်ဆိုးဧကရာဇ်၏ လက်ကို ဖြတ်နိုင်ခဲ့ခြင်းအတွက် ရရှိသည့် စွမ်းဆောင်ရည်မှတ်တမ်းမှာလည်း မျှော်လင့်ထားသည်ထက် ပိုမိုများပြားနေသဖြင့် သူ အံ့အားသင့်မိသည်။

"ဒီလောက်များပြားတဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေနဲ့ဆိုရင် ကောင်းကင်တာအိုဘဏ္ဍာတိုက်ထဲမှာ စိတ်ကြိုက် ဈေးဝယ်လို့ ရပြီ"

ရှန်မို သူလိုအပ်သည်များကို စဉ်းစားကြည့်လိုက်သည်။

ကောင်းကင်အဆင့် ထိပ်တန်း မြင်ယောင်ပုံဖော်ခြင်းပုံကြမ်း နှစ်ခု၊ ခန္ဓာကိုယ်ကို သန်မာစေရန် အနန္တ-အာဟာရဖြည့် သူတော်စင်ဆေးလုံးများ၊ နှစ်တစ်ထောင် ကောင်းကင်ပြာမိုးကြိုးကြာပန်း နှင့် ကမ္ဘာမြေမိခင် ကတ္တီပါစေး ကဲ့သို့သော ရှားပါးရတနာများ။

ထိုအကြောင်းကို တွေးမိသောအခါ သူ ပြုံးလိုက်မိသည်။ နောက်ရက်အနည်းငယ်အတွင်း ကောင်းကင်တာအိုဘဏ္ဍာတိုက် ရောက်ရှိလာမည်ဖြစ်ရာ သူ စိတ်ကြိုက် လဲလှယ်တော့မည် ဖြစ်၏။

…

ဘဏ္ဍာတိုက် ပေါ်ထွက်လာသောအခါ ရှန်မို သူ၏ စိတ်အာရုံဖြင့် အတွင်းသို့ ဝင်ရောက်ကာ ချက်ချင်းပင် စတင်လဲလှယ်တော့သည်။

"ဟင်းလင်းပြင် နတ်ဆိုးသတ်ဓားပျံ မသေမျိုးကျမ်း" ၏ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမအလွှာများ၊ နှစ်တစ်ထောင် ကောင်းကင်ပြာမိုးကြိုးကြာပန်း၊ ကမ္ဘာမြေမိခင် ကတ္တီပါစေး၊ ကြယ်တာရာဝိညာဉ်ကျောက်တုံး၊ ကောင်းကင်အဆင့် ထိပ်တန်း မြင်ယောင်ပုံဖော်ခြင်းပုံကြမ်းများ၊ အနန္တ-အာဟာရဖြည့် သူတော်စင်ဆေးလုံးများ စသဖြင့်အသုံးဝင်မည့် ရတနာများနှင့် ဆေးလုံးမှန်သမျှကို လဲလှယ်ယူလိုက်သည်။

သူသည် စွမ်းဆောင်ရည်မှတ်တမ်းများကို အသုံးပြု၍ မိမိ၏ အဆင့်ကိုလည်း ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်အဖြစ် မြှင့်တင်လိုက်သည်။

ဤသို့ ဝယ်ယူပြီးနောက်တွင် သူ၌ အေအဆင့် စွမ်းဆောင်ရည်မှတ်တမ်း ၁၀ ခုခန့် ကျန်ရှိတော့သည်။ မြေကမ္ဘာအဆင့် ဗိုလ်ချုပ်အဖြစ် တက်လှမ်းရန် နောက်ထပ် ၂၀ ခန့် လိုအပ်သေးသည်။ သို့သော် ရှန်မိုသည် ရာထူးတက်ခြင်းထက် မြေကမ္ဘာစာရင်းတွင် သူ၏ အဆင့်သတ်မှတ်ချက်ကိုသာ ပို၍ ဂရုစိုက်သည်။

သူ နောက်ဆုံး ပုံကြမ်းတစ်ခုကို လေ့လာလိုက်သည်။

"ရှီးပိုင်ကျူ မြင်ယောင်ပုံဖော်ခြင်းပုံကြမ်း - အရှိန်နှုန်းအပေါ် အဓိကထားထားတယ်… လိုက်လံတိုက်ခိုက်ဖို့ရော၊ ဆုတ်ခွာဖို့ပါ အကောင်းဆုံးပဲ"

သူ ပြုံးလိုက်ရင်း ဘဏ္ဍာတိုက်ထဲမှ ထွက်ခွာကာ ထိုပုံကြမ်းကို စစ်ဆေးလိုက်သည်။ အခြားပုံကြမ်းများမှာလည်း ကောင်းမွန်သော်လည်း လဲလှယ်ရမည့် တန်ဖိုးမှာ မြင့်မားလွန်းသည်။ ယဲ့ယန်တွင် ထိုပုံကြမ်းများကို ရရှိနိုင်မည့် အခွင့်အရေးများ ရှိလိမ့်မည်ဟု သူ တွေးမိ၏။ အလကားရနိုင်မည့် အခွင့်အရေး ရှိနေပါလျက်နှင့် ဘာကြောင့် ပေးဝယ်နေရဦးမည်နည်း။

ထိုအချိန်တွင် ကောင်းကင်ယံ၌ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး စာရင်းသုံးခု ဖြစ်ပေါ်လာသည်။ ကောင်းကင်စာရင်း၊

မြေကမ္ဘာစာရင်း နှင့် လူသားစာရင်းတို့ ဖြစ်သည်။

မကြာသေးမီက တိုက်ပွဲကြောင့် လူသားစာရင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ကျင့်ကြံသူအချို့ အဆင့်တက်လာပြီး အချို့မှာ အဆင့်ကျသွားကာ အချို့မှာမူ ကျဆုံးသွားခဲ့ကြသည်။

မြေကမ္ဘာစာရင်းတွင်မူ အပြောင်းအလဲ နည်းပါးသော်လည်း နတ်ဆိုးပင်လယ်အတွင်း ပျောက်ကွယ်သွားခဲ့သော အစောင့်အချို့မှာ စာရင်းမှ ထာဝရ ဖယ်ရှားခြင်း ခံလိုက်ရသည်။

ရှန်မိုမှာတော့ မြေကမ္ဘာစာရင်းတွင် ပထမနေရာ၌ပင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ကောင်းကင်စာရင်းတွင်လည်း အပြောင်းအလဲ အနည်းငယ် ရှိနေ၏။

သူ ထိုစာရင်းများကို ခေတ္တမျှ ကြည့်လိုက်သော်လည်း နောက်ထပ် ဂရုမစိုက်တော့ပေ။ သူ၏ အာရုံမှာ မိမိကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်ရန်အပေါ်၌သာ ရှိနေတော့သည်။

All Chapters