အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
Chapter 502: ကောင်းကင်တာအို၏ တာဝန်
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သုံးနှစ်အကြာတွင် ရှန်မိုတစ်ယောက် ရွှေ့ဝူခံတပ်အတွင်းသို့ အရှိန်အဝါရှိရှိ လျှောက်လှမ်းလာခဲ့သည်။ သူ ဖြတ်သန်းသွားသည့်လမ်းတွင် ရှိသမျှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တိုင်းမှ
"ဗိုလ်ချုပ်ရှန်ကို ဂါရဝပြုပါတယ်" ဟု ရိုသေစွာ အလေးပြုကြသည်။
ရှန်မိုလည်း ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်၏။
လွန်ခဲ့သော လအနည်းငယ်က သူ၏ စွမ်းဆောင်ရည်မှတ်တမ်းများမှာ ကောင်းကင်အဆင့် အစောင့်မှသည် မြေကမ္ဘာအဆင့် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်အဖြစ် တိုးမြှင့်ခံရရန် လုံလောက်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူ ကျန်းလုံရှန်း နှင့် ထန်ကျင်လုံ တို့ကဲ့သို့ ကျော်ကြားသော ဗိုလ်ချုပ်ကြီးများနှင့် တန်းတူ ရပ်တည်နေပြီ ဖြစ်၏။
ခံတပ်ဆယ်ခုလုံးမှ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ကြသလို ရွှေ့ဝူခံတပ်တွင်လည်း ကြီးကျယ်သော ဂုဏ်ပြုစားပွဲကြီး ကျင်းပခဲ့သည်။ ထိုစားပွဲတွင် ဗိုလ်ချုပ် ကျန်းလုံရှန်းမှ ရှန်မိုအား နောက်ထပ် ခံတပ်အရှင်သခင်အဖြစ် ကြေညာခဲ့သည်။ ကျန်းလုံရှန်း မရှိသည့်အချိန်တိုင်းတွင် ရှန်မိုသည် အာဏာအပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိသည်။ ထိုအရာကို မည်သူမျှ ကန့်ကွက်ခြင်းမရှိဘဲ ရွှေ့ဝူခံတပ်ရှိ စစ်သေနာပတိတိုင်း တညီတညွတ်တည်း မဲပေးထောက်ခံခဲ့ကြသည်။ ထိုအချိန်မှစ၍ ရှန်မိုသည် အမြင့်ဆုံးအာဏာပိုင် ဖြစ်လာခဲ့၏။ ရှန်မိုကို ပိုမိုထင်ပေါ်စေရန်အတွက် ကျန်းလုံရှန်းသည် နောက်ကွယ်သို့ ဆုတ်ပေးခဲ့လေသည်။
ယနေ့တွင် ရှန်မို မျှော်စင်၏ အဝင်ဝသို့ ရောက်ရှိလာသည်။ အစောင့်နှစ်ယောက်မှ သူ့ကိုမှတ်မိသဖြင့် အလေးပြုကြ၏။
မျှော်စင်၏ ထိပ်ဆုံးသို့ တက်လာသောအခါ စားပွဲရှည်ကြီးနောက်တွင် ထိုင်နေသော ကျန်းလုံရှန်းနှင့် အနားတွင် ရပ်နေသော စစ်သေနာပတိ ကျန့်ပိုင်ရှန့် တို့ကို တွေ့လိုက်ရသည်။ ကျန့်ပိုင်ရှန့် ကိုယ်ကိုကိုင်း၍
"ဗိုလ်ချုပ်ရှန်ကို ဂါရဝပြုပါတယ်"
သူ နှုတ်ဆက်လိုက်သည်။
ရှန်မို လက်ကာပြလိုက်ပြီး
"ကျွန်တော့်ကို ရှန်မို လို့ပဲ ခေါ်ပါ… ကျွန်တော်တို့က သူငယ်ချင်းတွေပဲဟာ"
ကျန့်ပိုင်ရှန့် ပြုံးလိုက်သော်လည်း သူ၏မျက်လုံးများမှာ ဝေဝါးနေသည်။ နှစ်အနည်းငယ်အတွင်းမှာတင် ဤလူငယ်လေးမှာ အောက်ခြေအဆင့် အစောင့်ဘဝမှ မြေကမ္ဘာအဆင့် ဗိုလ်ချုပ်အထိ ခုန်ပျံတက်လှမ်းနိုင်ခဲ့သည်။ ဤမျှ လျင်မြန်သော အရှိန်မျိုးမှာ ခံတပ်၏ ရှည်လျားသော သမိုင်းတစ်လျှောက်တွင် တစ်ခါမှ မရှိခဲ့ဖူးပေ။
ရှန်မိုမှ
"မကြာသေးခင်က အခြေအနေတွေ ဘယ်လိုရှိလဲ"
ကျန်းလုံရှန်း ပြန်ပြုံးပြပြီး
"နတ်ဆိုးတွေက စတုတ္ထနဲ့ ပဉ္စမအလွှာတွေကနေ အကုန်ဆုတ်ခွါသွားပြီ… ဒီသုံးနှစ်အတွင်းမှာ ငါတို့ ရတနာတွေ အမြောက်အမြား စုဆောင်းနိုင်ခဲ့တယ်… ငါတို့ရဲ့ အစောင့်တွေလည်း ကျင့်ကြံမှုမှာ အများကြီး တိုးတက်လာကြတယ်… နှစ်ပေါင်းများစွာ တစ်နေရာတည်းမှာ ရပ်တန့်နေတဲ့သူတချို့တောင် ရုတ်တရက် အဆင့်တက်သွားပြီး သက်တမ်းရာချီ ထပ်တိုးလာကြတယ်"
ကျန့်ပိုင်ရှန့် ရယ်မောရင်း
"ငါလည်း 'စစ်မှန်သော ကံကြမ္မာ ဓမ္မရုပ်ပွားတော်အဆင့်' ကို ပြန်ရောက်သွားပြီ… ငါ့အတွက် နောက်ထပ် နှစ်အနည်းငယ်တော့ အသက်ဆက်နိုင်ဦးမှာပါ”
ရှန်မို ခေါင်းငြိမ့်ပြပြီး
"နတ်ဆိုးတွေကရော ဘာတွေလုပ်နေလဲ"
ကျန်းလုံရှန်း မျက်နှာ အနည်းငယ် ညှိုးငယ်သွားကာ
"သူတို့ရဲ့ လှုပ်ရှားမှုတွေက ထူးဆန်းတယ်… တိုက်ပွဲတွေကို အစွမ်းကုန် ရှောင်နေကြတယ်… သူတို့ တစ်ခုခု ကြံစည်နေတယ်လို့ ထင်တာပဲ… သူတို့ အရင်က ဘယ်ဘက်လက်ကို လုပ်သလိုမျိုး မသေနိုင်သော နတ်ဆိုးဧကရာဇ်ရဲ့ တခြား ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို ပြန်နိုးထအောင် လုပ်နေတာ ဖြစ်နိုင်တယ်"
ရှန်မိုသည် သူ၏ ကံကြမ္မာစနစ်မှ မပြောင်းလဲသေးသော အချက်အလက်များကို ပြန်စဉ်းစားကြည့်သည်။ နတ်ဆိုးများ၏ လက်ရှိလှုပ်ရှားမှုမှာ သူ၏လမ်းကြောင်းကို အနှောင့်အယှက်ပေးနိုင်လောက်အောင် မကြီးမားသေးပေ။ သူသည် နတ်ဆိုးနှလုံးသားများနှင့် ဖြတ်တောက်ထားသော လက်ဖဝါးအစိတ်အပိုင်းများကို ကိုးဘုံငရဲရေခဲမီးတောက်ဖြင့် သန့်စင်ခဲ့ပြီးနောက် လွန်ခဲ့သော တစ်နှစ်ကပင် ဓမ္မရုပ်ပွားတော်အဆင့်၏ အဆင့်ငယ်အောင်မြင်မှုသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
အခြားသူများနှင့် မတူဘဲ ရှန်မိုတွင် ဓမ္မရုပ်ပွားတော် လေးခု ရှိသည်။ ၎င်းတို့မှာ 'ရှေးဦးရုပ်ပုံလွှာ ရုပ်ပွားတော်'၊ 'မသေနိုင်သော မြစ်ရုပ်ပွားတော်'၊ 'တောက်လောင်သော ကောင်းကင်မျက်လုံး ရုပ်ပွားတော်' နှင့် 'ဖြတ်သန်းသွားသော မြင်းဖြူရုပ်ပွားတော်' တို့ ဖြစ်ကြသည်။
အဆင့်ငယ်အောင်မြင်မှုသာ ရှိသေးသော်လည်း သူ ဓမ္မရုပ်ပွားတော်အဆင့် ပြည့်စုံခြင်းသို့ ရောက်နေသူများကိုပင် ယုံကြည်ချက်ရှိရှိ ရင်ဆိုင်နိုင်၏။ မသေနိုင်သော နတ်ဆိုးဧကရာဇ်မှ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လုံလုံလောက်လောက် ပြန်လည်နိုးထစေနိုင်မှသာ ရှန်မို၏ ကံကြမ္မာမှာ အမှန်တကယ် ပြောင်းလဲသွားပေလိမ့်မည်။
သူတို့ သုံးယောက် စကားဆက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ခမ်းနားထည်ဝါလှသော စိတ်ဆန္ဒတစ်ခု သူတို့အပေါ်သို့ သက်ရောက်လာသည်။ အတွင်းအပြင်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်တိုင်း ၎င်း၏ရှိနေမှုကို ခံစားလိုက်ရ၏။ ဤစိတ်ဆန္ဒမှာ အားလုံးအတွက် ရင်းနှီးပြီးသား ဖြစ်သည်။ ၎င်းမှာ "ကောင်းကင်တာအို၏ စိတ်ဆန္ဒ"ပင်။
ကျယ်ပြောပြီး ရှေးကျလှသော အသံကြီးက ခံတပ်တိုင်းတွင် ဟိန်းထွက်လာတော့သည်။
"နောက်ထပ် ၁၅ နှစ်အတွင်း နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုလုံးဟာ နတ်ဆိုးပင်လယ်ရဲ့ ပဉ္စမနဲ့ ဆဋ္ဌမမြောက်အလွှာ နှစ်ခုလုံးမှာ အနည်းဆုံး အခြေစိုက်စခန်း ငါးခုစီ တည်ထောင်ရမယ်"
"ဒီကာလအတွင်း ကောင်းကင်တာအိုဘဏ္ဍာတိုက်မှာ ပစ္စည်းလဲလှယ်တဲ့ ဈေးနှုန်းအားလုံးကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးမယ်"
"ဒီကာလအတွင်းမှာ ဘဏ္ဍာတိုက်ကနေ ပစ္စည်းလဲလှယ်တဲ့ အစောင့်တိုင်းဟာ နတ်ဆိုးပင်လယ်မှာ အနည်းဆုံး ငါးနှစ်တာ တာဝန်ထမ်းဆောင်ရမယ်"
"ငြင်းဆန်တဲ့သူတွေကိုတော့ ဖျက်ဆီးပစ်လိမ့်မယ်"
ထိုကြေညာချက်မှာ သုံးကြိမ်တိုင်တိုင် ပဲ့တင်ထပ်သွားသည်။ အစောင့်တိုင်းမှာ ဆွံ့အလျက် ရပ်နေကြ၏။
၁၅ နှစ်။
အခြေစိုက်စခန်း ၁၀ ခု။
မဖြစ်နိုင်တာ!
ကောင်းကင်တာအိုရဲ့ စိတ်ဆန္ဒက ရူးသွားပြီလား။
ကျန့်ပိုင်ရှန့် မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ စတုတ္ထအလွှာမှာ အခြေစိုက်စခန်း ၅ ခု ဆောက်ဖို့တောင် နှစ်ပေါင်း ၂၀ ကြာခဲ့တာ… အခု ၁၅ နှစ်အတွင်းမှာ နောက်ထပ် ၁၀ ခု ထပ်ဆောက်ခိုင်းတာလား"
ရှန်မို သေချာစဉ်းစားပြီးမှ
"ပဉ္စမအလွှာမှာ စခန်းတွေဆောက်ဖို့က သိပ်မခက်ပါဘူး… သူတို့က လက်လွှတ်ပေးပြီးသားပဲ… ဆဋ္ဌမမြောက်အလွှာကမှ တကယ့် စိန်ခေါ်မှုကြီးပဲ… အဲဒီနေရာက နတ်ဆိုးတွေရဲ့ အဓိကခြေကုပ်စခန်း ရှိနေတုန်းပဲ… အဲဒီမှာ သွားဆောက်တာက သူတို့ရဲ့ ပြင်းထန်တဲ့ ပြန်လည်တိုက်ခိုက်မှုကို ဖိတ်ခေါ်သလို ဖြစ်မှာပဲ… ကျွန်တော်တို့ဘက်က အကျအဆုံးတွေလည်း များလိမ့်မယ်"
ကျန်းလုံရှန်း သက်ပြင်းချလိုက်သည်။
"ကောင်းကင်တာအိုရဲ့ တာဝန်တွေက အမြဲတမ်း ပင်ပန်းရတာပဲ… ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး… အစွမ်းကုန် ကြိုးစားကြတာပေါ့"
ရှန်မို မျက်မှောင်ကြုတ်မိသည်။
တာဝန်များမှာ တဖြည်းဖြည်း ပိုခက်လာသည်။
အကယ်၍ နောင်တစ်ချိန်မှာ လုံးဝ မဖြစ်နိုင်တဲ့ အမိန့်တစ်ခုခု ထုတ်လာရင်ရော။
အစောင့်တိုင်းကို သေတွင်းထဲ ပို့လိုက်မှာလား။
ကျန်းလုံရှန်းမှ အစီအစဉ်ချလိုက်သည်။
"ရှန်မို… မင်း ခံတပ်ကိုပဲ စောင့်ရှောက်ပါ… ငါ အခြေစိုက်စခန်း ဆောက်တာတွေကို သွားပြီး ကြီးကြပ်ပေးမယ်"
ရှန်မို ခေါင်းခါလိုက်ပြီး
"ဗိုလ်ချုပ်ရဲ့ စေတနာကို နားလည်ပါတယ်… ဒါပေမဲ့ ဗိုလ်ချုပ်ပဲ အနားယူပါ… ပဉ္စမအလွှာကို ကျွန်တော်ပဲ တာဝန်ယူပါ့မယ်"
ခံတပ်တိုင်းမှာ ပဉ္စမနဲ့ ဆဋ္ဌမအလွှာတွေမှာ စခန်းများ ဆောက်ရမည်ဖြစ်၍ ယဲ့ယန်လည်း သေချာပေါက် သွားလိမ့်မည်။ ဤကဲ့သို့သော အခွင့်အရေးကောင်းများကို သူ လက်လွှတ်မည် မဟုတ်ပေ။
ကျန်းလုံရှန်းက အသာအယာ ရယ်မောလိုက်ပြီး
"ကောင်းပြီလေ… အခု ပဉ္စမအလွှာကတော့ အတော်လေး ဘေးကင်းနေပြီဆိုတော့ မင်းပဲ တာဝန်ယူလိုက်ပါ… ဆဋ္ဌမအလွှာအတွက် အဆင်သင့်ဖြစ်တဲ့အခါမှ ငါ သွားကြီးကြပ်ပေးမယ်"
ရှန်မို ဘာမှပြန်မပြောပေ။ သူ၏ လက်ရှိခွန်အားနှင့်ဆိုလျှင် အန်းချန်းတစ်ယောက်သာလျှင် သူ့ကို အမှန်တကယ် ယှဉ်နိုင်လိမ့်မည်။ ၁၅ နှစ်အကြာတွင် အန်းချန်းသည်လည်း ပို၍ အားနည်းသွားပေလိမ့်မည်။ နိုးထလာသော မသေနိုင်သော နတ်ဆိုးဧကရာဇ်ကသာ အခြေအနေကို ပြောင်းလဲနိုင်ပေလိမ့်မည်။
ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် ရှန်မို၊ ကျန့်ပိုင်ရှန့်၊ ဝမ်ရှင်းအန်း နှင့် အခြားသူများ နတ်ဆိုးပင်လယ်၏ ပဉ္စမမြောက်အလွှာဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ နတ်ဆိုးများ ဆုတ်ခွာသွားခဲ့သည်မှာ ကြာပြီဖြစ်၍ ယခုအခါ သူတို့အတွက် တစ်ခုတည်းသော အနှောင့်အယှက်မှာ နတ်ဆိုးစစ်တပ်ကပင် ထိန်းချုပ်မရနိုင်သော၊ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသည့် နတ်ဆိုးသားရဲများသာ ဖြစ်သည်။ ထို့အပြင် ပဉ္စမအလွှာမှာ အစောင့်အများစုအတွက် မရင်းနှီးသေးသော နယ်မြေဖြစ်သဖြင့် ပဋိပက္ခများကို ရှောင်လွှဲ၍ မရနိုင်ပေ။
နတ်ဆိုးများ မရှိတော့သော်လည်း အခြေစိုက်စခန်းများ တည်ဆောက်ရာတွင် ဒဏ်ရာရသူနှင့် အသက်ဆုံးရှုံးသူအချို့ ရှိနေဆဲ ဖြစ်သည်။
ရှန်မို ရှိနေဦ ရွှေ့ဝူခံတပ်မှ အစောင့်များမှာတော့ အသက်ဆုံးရှုံးမှု မရှိခဲ့ပေ။ တစ်ညတွင် အရက်မူးနေသော ဝမ်ရှင်းအန်းမှ မပြီးသေးသော အခြေစိုက်စခန်း ကျုံးထဲသို့ ပြုတ်ကျကာ အသားပွန်းပဲ့သွားခဲ့သည်သာ ရှိလေသည်။
Chapter 503: ဗိုလ်ချုပ်ယဲ့ကို စစ်ကူတောင်းလိုက်ပါတော့
ကျူးချွဲ ၅-၁ အခြေစိုက်စခန်း။
အေးစက်ပြီး ခန့်ညားသော လူငယ်တစ်ဦး အခြေစိုက်စခန်း၏ လမ်းမကြီးပေါ်တွင် လျှောက်လှမ်းလာသည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နတ်ဆိုးနှိမ်နင်းရေး အစောင့်တိုင်းက သူ့ကို အလေးပြုကြသည်။ သူ အတော်အတန် ဝေးကွာသွားပြီးနောက် လူငယ်နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ဦးမှ တိုးတိုးလေး မေးလိုက်သည်
"ဟေး… အဲဒါ ဘယ်သူလဲ… မင်းတို့အားလုံး ဘာလို့ သူ့ကို အလေးပြုနေကြတာလဲ"
"သူက ကြည့်ရတာ တော်တော်ငယ်သေးတယ်… ငါနဲ့တောင် ရွယ်တူလောက်ပဲ ရှိမယ်"
ဘေးနားရှိ အသက်ကြီးသော နတ်ဆိုးနှိမ်နင်းရေး အစောင့် ခေါင်းခါယမ်းလိုက်ပြီး
"မင်း သူ့ကို မသိဘူးလား… မင်း ဒီကို ရောက်တာ သိပ်မကြာသေးဘူး ထင်တယ်"
လူငယ်အစောင့်မှ အနေရခက်စွာ ပြုံးလိုက်ရင်း
"ဟုတ်တယ်… လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ကျူးချွဲမြို့ (၄) ကနေ ခံတပ်ကို ပြောင်းလာတာ"
"ခံတပ်ကို ရောက်တာ မကြာသေးဘူး… အခု နတ်ဆိုးပင်လယ်ရဲ့ ပဉ္စမမြောက်အလွှာကို ရောက်လာတာပဲ"
အသက်ကြီးသော အစောင့်မှာ အသံကို နှိမ့်လိုက်ပြီး
"အဲဒီလူငယ်က ယဲ့ယန် တဲ့… ပြီးခဲ့တဲ့ တိုက်ပွဲကြီးတုန်းက သူက 'စစ်မှန်သော နတ်ဆိုးသခင် အထွတ်အထိပ်အဆင့်' တစ်ယောက်ကို တစ်ယောက်ချင်း ယှဉ်တိုက်ပြီး သတ်ပစ်ခဲ့တာ… သူ့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အထင်ကြီးစရာပဲ"
"ဗိုလ်ချုပ် ကျူးရွှမ်ကျီး က သူ့ကို အရမ်းတန်ဖိုးထားတယ်… သူက အခု ဒုတိယစစ်သေနာပတိအဖြစ်တောင် ရာထူးတိုးသွားပြီ"
လူငယ်အစောင့်မှာ အံ့ဩလွန်းသဖြင့် အသက်ရှူပင် မှားသွားသည်။
"ဒုတိယစစ်သေနာပတိ… သူ့မှာ အဲဒီလောက် အဆင့်ရှိလို့လား"
အသက်ကြီးသော အစောင့် ခေါင်းခါပြလိုက်ပြီး
"ဒုတိယစစ်သေနာပတိ ဖြစ်ဖို့ဆိုရင် အရင်က မြေကမ္ဘာအဆင့် အစောင့် ဖြစ်ဖို့ လိုအပ်တယ်… အဲဒါက အရင်တုန်းကပေါ့"
"အခု ဗိုလ်ချုပ်ကျူး ပြန်ရောက်လာပြီဆိုတော့ ဘယ်သူ့ကို ဒုတိယစစ်သေနာပတိ ခန့်မလဲဆိုတာ သူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ"
"မင်းရဲ့ ကျင့်ကြံမှုက လိုအပ်ချက်နဲ့ ကိုက်ညီနေသရွေ့ အဲဒီ ရာထူးကို ရနိုင်တယ်"
"အကယ်၍ မင်းရဲ့ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုက နတ်ဘုရားနန်းတော် အထွတ်အထိပ်ကို ရောက်နေပြီး သွေးနဲ့ချီ ကျင့်ကြံမှုက ရွှေရောင်အထွတ်အထိပ် သခင်အဆင့်ကို ရောက်နေမယ်ဆိုရင် မင်းလည်း ဖြစ်နိုင်တာပဲ"
လူငယ်အစောင့်မှာ ထပ်မံ အံ့အားသင့်သွားရသည်။
"ဟာ… နတ်ဘုရားနန်းတော် အထွတ်အထိပ်နဲ့ ရွှေရောင်အထွတ်အထိပ် သခင်အဆင့်လား… သူက အသက်ဘယ်လောက်ရှိပြီလဲ… စိတ်ဝိညာဉ်စွမ်းအင်ရော သွေးနဲ့ချီ ကျင့်ကြံမှုမှာပါ အဲဒီလောက်အထိ ရောက်နေတာလား"
"ဗိုလ်ချုပ်ကျူးက သူ့ကို ဘာလို့ ဒီလောက် တန်ဖိုးထားတာလဲဆိုတာ မဆန်းတော့ပါဘူး… သူ့ကို သူ့ရဲ့ လူယုံတစ်ယောက်လိုတောင် ဆက်ဆံနေတာပဲ"
အသက်ကြီးသော အစောင့်မှာ သက်ပြင်းချလျက်
"ယဲ့ယန်ဟာ နောက်ထပ် ရှန်မို တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်"
အနားရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အားလုံးကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြကြသည်။
မကြာသေးခင်ကပင် ရှန်မို၏ ထူးကဲလှသော စွမ်းဆောင်ချက်များမှာ နတ်ဆိုးနှိမ်နင်းရေး ခံတပ် ဆယ်ခုလုံးသို့ ပျံ့နှံ့နေပြီဖြစ်သည်။ အချို့လူများမှာ မဟာနတ်ဆိုးကြီး ဆယ်ပါး၏ အမည်များကို မသိချင် မသိကြမည်ဖြစ်သော်လည်း "ရှန်မို" ဆိုသည့် နာမည်ကို မသိသူ တစ်ယောက်မှ မရှိပေ။ ယခုအခါ ရှန်မိုတွင် သူ့ကိုယ်သူ "ရှန်မျိုးနွယ်စစ်တပ်" ဟု ခေါ်ဆိုကြသည့် ရူးသွပ်သော နောက်လိုက်များပင် ရှိနေပြီဖြစ်သည်။ ရှန်မိုသည် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်အားလုံးထဲတွင် အစွမ်းထက်ဆုံး ဖြစ်လာလိမ့်မည်ဟု သူတို့ ယုံကြည်နေကြသည်။ သူသည် နတ်ဆိုးနှိမ်နင်းရေး အစောင့်များကို ဦးဆောင်ပြီး နတ်ဆိုးမျိုးနွယ်စုကို ထာဝရ နှိမ်နင်းသွားလိမ့်မည်။ တစ်နေ့တွင် နတ်ဆိုးနှိမ်နင်းရေး အစောင့်အားလုံးကို လွတ်လပ်ခွင့် ပေးလိမ့်မည်။
လူငယ်အစောင့်မှ အားတက်သရော ခေါင်းငြိမ့်၍
"စစ်သေနာပတိ ယဲ့ဟာ ဗိုလ်ချုပ်ရှန်ပြီးရင် ရုပ်ပွားတော်အဆင့်ကို ဒုတိယမြောက် ရောက်ရှိမယ့် ပညာရှင် ဖြစ်လာလိမ့်မယ် ထင်တယ်နော်"
"ဗိုလ်ချုပ်ရှန် နဲ့ စစ်သေနာပတိ ယဲ့… သူတို့နှစ်ယောက်ဟာ ငါ့ရဲ့ စံပြပုဂ္ဂိုလ်တွေပဲ”
ပတ်ဝန်းကျင်ရှိ အစောင့်များအားလုံး ဝိုင်း၍ ရယ်မောလိုက်ကြသည်။
"မင်းရဲ့ ပါရမီနဲ့ဆိုရင် တပ်မှူး ဖြစ်တာတောင် တော်တော်လေး ဟုတ်နေပြီ… အိပ်မက်တွေကို သိပ်အမြင့်ကြီး မမက်ပါနဲ့"
"ဟုတ်ပါ့… ဗိုလ်ချုပ်ရှန်ရဲ့ ပါရမီနဲ့ ခွန်အားကို မင်းက ရာခိုင်နှုန်းတစ်ခုလောက်တောင် မှီမှာ မဟုတ်ဘူး"
"ငါ့အမြင်တော့ ယဲ့ယန်ဟာ ရှန်မိုနဲ့ ယှဉ်ရင် အဝေးကြီး လိုသေးတယ်… အကယ်၍ မင်း စံပြပုဂ္ဂိုလ် ထားချင်တယ်ဆိုရင် ရှန်မိုကိုပဲ ထားစမ်းပါ”
"မှန်တယ်… ငါလည်း သဘောတူတယ်”
ထို့နောက် အစောင့်များထံမှ နောက်ထပ် ရယ်မောသံများ ထွက်ပေါ်လာပြန်သည်။
အဝေးတစ်နေရာတွင် ယဲ့ယန်သည် လက်သီးကို တင်းတင်းဆုပ်ထား၏။ သူ့နဖူးပေါ်တွင် အကြောများမှာ ထောင်ထွက်နေ၏။ သူသည် ထိုစကားလုံးတိုင်းကို ကြားနေရသည်။
ရှင်းလင်းပြတ်သားစွာပင်။
ဘာလို့ သူတို့က သူ့အကြောင်းပြောတိုင်း ရှန်မိုကို ထည့်ထည့်ပြောနေရတာလဲ။
ထိုလူအကြောင်းကို တွေးမိရုံနှင့် သူ၏နှလုံးသားမှာ အေးစက်လာရသည်။ ထိုသို့ဖြစ်နေရသည့် မိမိကိုယ်ကိုယ်လည်း သူ မုန်းတီးမိသည်။
ဟိုတုန်းက ချန်းမြစ်ကမ်းပါးမှာ ပထမဆုံး တွေ့ခဲ့ကြတုန်းက ဘာလို့ သူ ရှန်မိုကို အဲဒီနေရာမှာတင် သတ်မပစ်ခဲ့မိတာလဲ။
အကယ်၍သာ သူ အစွမ်းကုန် ကြိုးစားခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။
သူ၏ ဂုဏ်ကျက်သရေ အားလုံးမှာ ရှန်မို၏ အရိပ်အောက်တွင် မှေးမှိန်နေရသည်။ ထွန်းလင်းတောက်ပနေသော လမင်းကြီးရှေ့တွင် ပိုးစုန်းကြူးလေးတစ်ကောင်လို ဖြစ်နေရသည်။
လုံးဝကို အရေးမပါသလိုပင်။
"အနည်းဆုံးတော့ ကျူးရွှမ်ကျီးက ငါ့ကို ယုံကြည်တယ်… တန်ဖိုးထားတယ်"
"သူက ကျူးချွဲ ၅-၁ အခြေစိုက်စခန်းကို စောင့်ရှောက်ဖို့ ငါ့ကို တာဝန်ပေးထားတာ… ငါ ဒါကို အကောင်းဆုံး လုပ်ပြရမယ်"
"အနာဂတ်မှာ ကျူးရွှမ်ကျီးဟာ ငါ့ရဲ့ အကြီးမားဆုံး ထောက်တိုင် ဖြစ်လာလိမ့်မယ်… ပြီးတော့ တစ်နေ့မှာ... ဒီလို လှပတဲ့ အမျိုးသမီးကို ငါ့ရဲ့ အိမ်သူသက်ထားအဖြစ်တောင် သိမ်းပိုက်နိုင်မလားပဲ"
ယဲ့ယန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အပြုံးသဲ့သဲ့လေး ပြုံးလိုက်သည်။ သူ ကျူးရွှမ်ကျီးကို ပထမဆုံးအကြိမ် တွေ့ကတည်းက သူ့ အလှအပတွင် စွဲလမ်းခဲ့ရခြင်း ဖြစ်သည်။ သို့သော် လင်းတုန်းထျန်းရဲ့ လွှမ်းမိုးမှုကြောင့် မကြာသေးခင်ကမှ သူ၏ အကြိုက်မှာ အနည်းငယ် ပြောင်းလဲစပြုလာသည်။
"တောက်… လင်းတုန်းထျန်းက ဘာလို့ ကျားရော မရော နှစ်မျိုးလုံးကို ကြိုက်နေရတာလဲ… ငါ့ကိုပါ တစ်မျိုးကြီး ခံစားလာရအောင် လုပ်နေပြီ"
ယဲ့ယန် စိတ်ထဲမှ အကြိမ်အနည်းငယ် ဆဲဆိုလိုက်ပြီး ထိုထူးဆန်းသော အတွေးများကို ခါထုတ်ကာ အခြေစိုက်စခန်း၏ အဝင်ဝဆီသို့ လျှောက်သွားလိုက်သည်။
နတ်ဆိုးပင်လယ်၏ ပဉ္စမမြောက်အလွှာသို့ ရောက်ရှိလာကတည်းက သူ တာဝန်များကို အကောင်းဆုံးဖြစ်အောင် မနားမနေ လုပ်ဆောင်ခဲ့သည်။ ကျူးချွဲ ၅-၁ အခြေစိုက်စခန်း၏ မိုင် ၅၀၀ အတွင်းရှိ သတ္တမအဆင့် နတ်ဆိုးဝင်နေသော သားရဲအားလုံးကို သူ ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ဤသတ္တမအဆင့် နတ်ဆိုးသားရဲများမှာ နတ်ဘုရားနန်းတော် (သို့မဟုတ်) အရှင်သခင် အဆင့် ကျင့်ကြံသူများကဲ့သို့ သန်မာကြသည်။ နတ်ဆိုးချီစွမ်းအင်များ၏ လွှမ်းမိုးမှုကြောင့် ၎င်းတို့မှာ ပိုမို သွေးဆာပြီး ရက်စက်ကြလေ၏။ အကယ်၍ တစ်ယောက်ချင်း ယှဉ်တိုက်ရမည်ဆိုလျှင် သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ ၎င်းတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော် သူသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သလို သူ၏ အတွင်း၌လည်း လင်းတုန်းထျန်း နှင့် လင်းဟူ ဆိုသည့် ဝိညာဉ်နှစ်ခု ရှိနေသည်။ ဤသတ္တမအဆင့် နတ်ဆိုးသားရဲများကို ကိုင်တွယ်ရန်မှာ သူ့အတွက် မခက်ခဲပေ။ ထိုသားရဲများကို သုတ်သင်ပြီးနောက် ကျူးချွဲ ၅-၁ အခြေစိုက်စခန်း တည်ဆောက်ခြင်းမှာ ပို၍ လွယ်ကူလာခဲ့သည်။ နတ်ဆိုးနှိမ်နင်းရေး အစောင့်များကို ခြိမ်းခြောက်နိုင်မည့် နတ်ဆိုးသားရဲ အနည်းငယ်သာ ကျန်တော့၏။
ထိုအချိန်မှာပင် မြို့ရိုးပေါ်ရှိ အစောင့်များထံမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"နတ်ဆိုးသားရဲ… နတ်ဆိုးသားရဲတစ်ကောင် တိုက်ခိုက်နေပြီ… အရှည်ပေ တစ်ထောင်ကျော် ရှိတယ်”
"ဘုရားရေ... သားရဲလှိုင်းလုံးကြီးပဲ… နတ်ဆိုးသားရဲတွေ ပိုပြီး ရောက်လာနေပြီ”
ယဲ့ယန်၏ နှလုံးခုန်သံမှာ အလွန် ပြင်းထန်လာသည်။
အလျား ပေတစ်ထောင်လောက်ရှိတဲ့ သားရဲလား။
ဒါဆိုရင် အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ဖြစ်ဖို့ များတယ်။
အဋ္ဌမအဆင့် နတ်ဆိုးသားရဲဟာ ရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက်နဲ့ ညီမျှတယ်။
ဒါကို သူ ဘယ်လို ကိုင်တွယ်နိုင်မှာလဲ။
ဒါ့အပြင် သူ မိုင် ၅၀၀ အတွင်းမှာရှိတဲ့ နတ်ဆိုးသားရဲတွေကို အကုန်ရှင်းထားပြီးပြီလေ။
ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ နတ်ဆိုးသားရဲတွေ ဒီလောက်များများ စုဝေးလာရတာလဲ။
"စစ်သေနာပတိ ယဲ့… ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
နတ်ဆိုးနှိမ်နင်းရေး အစောင့်များကြားတွင် ထိတ်လန့်မှုများ ပျံ့နှံ့သွားသည်။
ယဲ့ယန်သည် အခြေစိုက်စခန်းတွင် အသန်မာဆုံးသူ ဖြစ်၏။ သူတို့အားလုံးသည် ဗီဇအရပင် သူ့အနားသို့ စုရုံးလာကြပြီး တစ်ခုခု ဆုံးဖြတ်ပေးရန် မျှော်လင့်နေကြသည်။
ယဲ့ယန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"အကာအကွယ်ကို ချက်ချင်း အသက်သွင်းလိုက်”
"ကျားဖြူခံတပ် နဲ့ နဂါးပြာခံတပ်တွေက အခြေစိုက်စခန်းတွေ ဒီနားမှာ ရှိတယ်… အခုချက်ချင်း စစ်ကူတောင်းလိုက်ကြ"
ယဲ့ယန်သည် သန်မာရုံတင်မကဘဲ အလေးအမြတ် ထားခြင်းကိုလည်း ခံရသူဖြစ်သည်။ သူ၏ ဩဇာမှာ အမြင့်ဆုံးဖြစ်၏။ သူ့စကားများကို အမိန့်များအဖြစ် သတ်မှတ်ကြသည်။
သူ ပြောပြီးသည်နှင့် လူများမှာ အမိန့်ကို အကောင်အထည်ဖော်ရန် အပြေးအလွှား သွားကြတော့သည်။
တပ်မှူးတစ်ယောက်က ယဲ့ယန်၏ အနားသို့ အပြေးလာပြီး
"စစ်သေနာပတိ ယဲ့… ရွှေ့ဝူခံတပ်က ဗိုလ်ချုပ်ရှန် ကလည်း ပဉ္စမအလွှာမှာ ရှိနေတာပဲ… သူက ကျွန်တော်တို့နဲ့ အနီးဆုံးပါ"
"ပေတစ်ထောင်ကျော်ရှိတဲ့ အဲဒီသားရဲကြီးက အရမ်းစွမ်းအားကြီးတယ်… အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ဖြစ်ဖို့များတယ်… ဗိုလ်ချုပ်ရှန်က ရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက်ပဲ… ကျွန်တော်တို့ သူ့ဆီက အကူအညီ တောင်းသင့်တယ်"
သူ မပြောဘဲ မနေနိုင်၍ ဆိုလိုက်သည်။
ယဲ့ယန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ဗိုလ်ချုပ်ရှန် က... သူ့ကိစ္စတွေနဲ့သူ အလုပ်ရှုပ်နေတာ… မလိုအပ်ဘဲ သူ့ကို သွားပြီး ဒုက္ခမပေးကြရအောင်"
သူ၏ နှလုံးသားထဲတွင် ရာခိုင်နှုန်းပြည့် မလိုလားပေ။
ဘာလို့ ပြဿနာတက်တိုင်း ရှန်မိုကိုပဲ ခေါ်နေရမှာလဲ။
တခြားလူကို ခေါ်လို့ မရဘူးလား။
သွေးနတ်ဘုရားခံတပ် နဲ့ ပန်လုံခံတပ်က နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တွေလည်း ပဉ္စမအလွှာမှာ ရှိနေတာ မဟုတ်လား။
အဲဒီ ဗိုလ်ချုပ်တွေ ရောက်လာတဲ့အထိ သူတို့ တောင့်ခံထားနိုင်ရင် လုံလောက်ပြီ မဟုတ်လား။
ဝုန်း!
နားကွဲမတတ် အသံကြီးက ကောင်းကင်ယံသို့ တုန်ခါသွားစေသည်။
ကျူးချွဲ ၅-၁ အခြေစိုက်စခန်းအတွင်းရှိ အဆောက်အဦးများမှာ ပြင်းထန်စွာ တုန်ခါသွားကြ၏။ ဧရာမ ကျောက်တုံးကြီးများ မြေပြင်ပေါ်သို့ ပြိုကျလာသည်။ ထိတ်လန့်နေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ အော်ဟစ်နေကြသည်။ ကံမကောင်းသော အစောင့်အချို့မှာ ကျောက်တုံးကြီးများ ပိသွားကြသဖြင့် အသက်ရှင်၊ မရှင် မသိရတော့ပေ။
"အကာ… အကာအကွယ်က..."
တပ်မှူးသည် အပေါ်မှ အကာအကွယ်အလင်းတန်းကို မော့ကြည့်လိုက်ရာ သူ၏မျက်နှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။ ယဲ့ယန်လည်း မော့ကြည့်လိုက်ရာ သူ၏နှလုံးသားမှာ အေးစက်သွားရ၏။ အကာအကွယ် အလင်းရောင်မှာ ပိန်းပိတ်အောင် မှောင်နေသော နတ်ဆိုးချီစွမ်းအင်များဖြင့် လုံးဝ ဖုံးလွှမ်းခြင်း ခံထားရသည်။
ယဲ့ယန်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ လွန်ခဲ့သော ခဏပိုင်းက သူ့၌ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသော်လည်း ယခုမူ လုံးဝ မရှိတော့ပေ။
ဤ ပေတစ်ထောင်ကျော်ရှိသော ဧရာမသားရဲကြီးမှာ အမှန်တကယ်ပင် အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ဖြစ်နေသည်။
ရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက် မရှိဘဲနှင့် ဒါကို ကိုင်တွယ်ရန်မှာ မဖြစ်နိုင်ပေ။
ဝုန်း!
ဝံပုလွေနှင့်တူသော ဧရာမသားရဲကြီးသည် သူ၏ ဧရာမ လက်သည်းကြီးကို မြှောက်ကာ ရိုက်ချလိုက်သည်။ အခြေစိုက်စခန်းမှာ နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြန်၏။
အကာအကွယ်ကြီးမှာ ထိုဖိအားအောက်တွင် အက်ကွဲသံများ ထွက်ပေါ်လာပြီး မနည်း တောင့်ခံထားရသည်။
"စစ်သေနာပတိ ယဲ့… အခုချက်ချင်း ဗိုလ်ချုပ်ရှန် ဆီကနေ အကူအညီ တောင်းပါတော့… ထပ်စောင့်နေရင် နောက်ကျသွားလိမ့်မယ်”
တပ်မှူးမှ အသည်းအသန် အော်ဟစ်လိုက်သည်။
ယဲ့ယန်သည် အံကို တင်းတင်းကြိတ်လိုက်ပြီး
"စ... စစ်ကူ တောင်းလိုက်ကြ”
Chapter 504: ဓား (၄) စင်းနှင့် ဖျက်ဆီးခြင်း
ရွှေ့ဝူ ၅-၁ အခြေစိုက်စခန်း။
မြင့်မားလှသော မျှော်စင်ထိပ်တွင် ရှန်မိုသည် အလွန်အမင်း သက်သောင့်သက်သာရှိသော ပုံစံဖြင့် လဲလျောင်းနေသည်။ ဓားငယ်လေးတစ်စင်းက သူ့ပတ်ပတ်လည်တွင် ပျော်ရွှင်စွာ ဝဲပျံနေ၏။ ၎င်းမှာ အခြားမဟုတ်။ "ကောင်းကင်ဖြတ်တောက်ခြင်း ဓားကျမ်း" ၏ ဓားဝိညာဉ် "စွေ့ရှင်း" ပင်။
ရှန်မို ပါးစပ်ဟလိုက်တိုင်း စွေ့ရှင်းသည် အနားရှိ လင်ဗန်းဆီသို့ ပျံသန်းသွားသည်။ ဓားငယ်လေးသည် အသာအယာ လှုပ်ခါလိုက်ရုံဖြင့် မမြင်နိုင်သော လေစီးကြောင်းများကို ထုတ်လွှတ်လိုက်၏။ ခဏချင်းမှာပင် လက်သီးဆုပ်ခန့်ရှိသော ခရမ်းရောင်အသီးအချို့မှာ အခွံများ နွှာပြီးသားဖြစ်သွားကာ လက်မအရွယ်အစား အသားဖတ်လေးများအဖြစ် ရှန်မို၏ နှုတ်ခမ်းဖျားသို့ ရောက်ရှိလာတော့သည်။
သူ တစ်ကိုက် ကိုက်လိုက်သည်နှင့် ချိုမြိန်သော အရည်များမှာ ပါးစပ်အတွင်း ပြည့်လျှံသွားကာ စိတ်ဝိညာဉ်စွမ်းအားစီးကြောင်းများ သူ၏ တစ်ကိုယ်လုံးသို့ စီးဆင်းသွားသည်။ ၎င်းမှာ စိတ်မကောင်းစရာအားလုံးကို မေ့ပျောက်သွားစေလောက်အောင် တကယ်ပင် လန်းဆန်းစေသော ခံစားချက်မျိုးဖြစ်သည်။
ရှန်မိုမှ နှုတ်ခမ်းကို သပ်လိုက်ရင်း
"ဒီ 'ပင်ကိုယ်နတ်ဆိုးဝိညာဉ်သီး' တွေက တော်တော်လေး အရသာရှိတာပဲ"
စွေ့ရှင်း ရယ်မောရင်း စာလုံးလေးများ ဖော်ပြလိုက်သည်။
"ဒါတွေက မူလတုန်းက 'ပင်ကိုယ်စစ်မှန်ဝိညာဉ်သီး' တွေလေ… သာမန်လူတစ်ယောက်တောင် တစ်ကိုက်စားလိုက်ရုံနဲ့ တစ်ရက်အတွင်း အခြေခံတည်ဆောက်ပြီး နတ်ဘုရားဖြစ်နိုင်တဲ့အရာမျိုးပေါ့… အခုတော့ နတ်ဆိုးချီစွမ်းအင်တွေ စိမ့်ဝင်သွားပေမဲ့ သူတို့ရဲ့ ဆေးဖက်ဝင်စွမ်းအားက လျော့မသွားဘဲ ပိုတောင် အစွမ်းထက်လာသေးတယ်… ဖေဖေ့မှာ 'ထာဝရမီးလျှံ' ရှိလို့သာ နတ်ဆိုးချီကို သန့်စင်နိုင်တာ… တခြားလူဆိုရင် ဒါတွေကို ထိတောင် မထိရဲဘူး"
ရှန်မို တဟားဟား ရယ်မောလိုက်သည်။ အမှန်ပင် နတ်ဆိုးပင်လယ်၏ ပဉ္စမမြောက်အလွှာသည် ယခင်က တစ်ခါမှမမြင်ဖူးသော ရှားပါးရတနာများနှင့် စိတ်ဝိညာဉ်ပင်များဖြင့် ပြည့်နှက်နေသည်။ ဤကောင်းကင်ဘုံနှင့် မြေကမ္ဘာရတနာများသည် နတ်ဆိုးချီစွမ်းအင်များကြောင့် သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြသည်။ အချို့မှာ ပို၍ အစွမ်းထက်လာပြီး အချို့မှာမူ ပို၍ အန္တရာယ်များလာကြသည်။
ပင်ကိုယ်နတ်ဆိုးဝိညာဉ်သီးမှာ ထင်ရှားသော ဥပမာတစ်ခုပင်။
နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့မှာ ၎င်းတို့ကို ပင်ကိုယ်စစ်မှန်ဝိညာဉ်သီးဟု ထင်မှတ်ကာ တွေဝေခြင်းမရှိဘဲ စားသုံးမိခဲ့ကြသည်။ သို့သော် အတွင်းရှိ နတ်ဆိုးချီစွမ်းအင်များက သူတို့ကို ရူးသွပ်သွားစေကာ သွေးဆာနေသော လူသတ်သမားများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထိုအခါ သူတို့၏ ရဲဘော်ရဲဘက်များကပင် ကိုယ်တိုင်လက်ဖြင့် အဆုံးစီရင်ပေးခဲ့ကြရ၏။
ထိုအချိန်မှစ၍ မည်သည့် နတ်ဆိုးနှိမ်နင်းရေး အစောင့်မျှ ပင်ကိုယ်နတ်ဆိုးဝိညာဉ်သီးကို မထိရဲကြတော့ပေ။ ရှန်မိုကမူ တိုက်ဆိုင်မှုတစ်ခုကြောင့် အနည်းငယ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ "ကိုးဘုံငရဲရေခဲမီးတောက်" ဖြင့် သူ နတ်ဆိုးအညစ်အကြေးများကို ဖယ်ရှားနိုင်ကာ သန့်စင်သော ဆေးဖက်ဝင်စွမ်းအားကို ရယူနိုင်သည်။
ပင်ကိုယ်နတ်ဆိုးဝိညာဉ်သီး ငါးလုံးသည် နှစ်တစ်ထောင် ကောင်းကင်ပြာမိုးကြိုးကြာပန်း တစ်ပွင့်နှင့် နှိုင်းယှဉ်နိုင်သည်။ နှစ်တစ်ထောင် ကောင်းကင်ပြာမိုးကြိုးကြာပန်းကို ရှာရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲသော်လည်း ပင်ကိုယ်နတ်ဆိုးဝိညာဉ်သီးကိုမူ အလွယ်တကူ စုဆောင်းနိုင်သည်။ အခြားသူများမှ ဤရတနာများကို ရှောင်ကြဉ်ကြသော်လည်း သူ့အတွက်မူ များလေ ကောင်းလေပင်။ ထိုအသီးများကို စုဆောင်းရန် တာဝန်ပေးထားကတည်းက သူ နေ့တိုင်း တစ်တောင်းစာခန့် ရရှိနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် "ကောင်းကင်နှင့်မြေကမ္ဘာ ဧရာမမီးဖို" အတတ်ပညာ ရှိနေ၏။ မဟုတ်လျှင် ထိုမျှများပြားသော အသီးများကို သန့်စင်ရန်မှာ လက်ပန်းကျစရာ ဖြစ်ပေလိမ့်မည်။
ဝူး—
အသံသဲ့သဲ့လေးတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်မှာ အနည်းငယ် တုန်ခါသွား၏။
ရှန်မို ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဟိုဘက်မှာ လှုပ်ရှားမှုတစ်ခု ရှိနေတယ်"
စွေ့ရှင်းက ခေတ္တရပ်သွားပြီးမှ
"ဒါ ကျူးချွဲ ၅-၁ အခြေစိုက်စခန်း ဘက်ကပဲ… ဒီလောက် ဆူညံနေတာဆိုရင်... နတ်ဆိုးသားရဲ တိုက်ခိုက်တာ ဖြစ်ရမယ်"
ကျူးချွဲ ၅-၁ အခြေစိုက်စခန်း... ရှန်မို၏ စိတ်များ နိုးကြားသွားကာ ချက်ချင်းပင် ထရပ်လိုက်သည်။ ယဲ့ယန်သည် ကျူးချွဲခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ဦး ဖြစ်သည်။ မကြာသေးခင်အထိ ထိုနေရာသို့ သွားရန် အကြောင်းပြချက် မရှိဘဲ ဖြစ်နေခဲ့၏။ သူသည် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တစ်ဦး ဖြစ်သော်လည်း ထိုနေရာမှာ ကျူးချွဲခံတပ် ပိုင်ဆိုင်သော နေရာဖြစ်သည်။ ယခုမူ သူ့အတွက် အကြောင်းပြချက်တစ်ခု ရရှိသွားပြီ ဖြစ်သည်။
၎င်းက အိမ်ပေါက်ဝအထိ ရောက်လာခြင်းပင်။
"ဗိုလ်ချုပ်ရှန်… ဗိုလ်ချုပ်ရှန်”
မျှော်စင်အောက်ခြေမှ နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ယောက် လှမ်းအော်လိုက်သည်။
"ကျူးချွဲ ၅-၁ အခြေစိုက်စခန်းကို အဋ္ဌမအဆင့် နတ်ဆိုးသားရဲတစ်ကောင်က တိုက်ခိုက်နေပါတယ်… သူတို့… ဗိုလ်ချုပ်ရဲ့ အကူအညီကို အရေးပေါ် လိုအပ်နေပါတယ်”
ရှန်မို၏ မျက်လုံးများ ဝင်းလက်သွားကာ
"သူတို့ကို ပြောလိုက်ပါ… ငါ အခုချက်ချင်း လာခဲ့မယ်လို့!"
"သွားကြစို့ ကလေးလေး”
စွေ့ရှင်းသည် ရှန်မို၏ အင်္ကျီလက်အောက်ထဲသို့ လိမ္မာစွာ ဝင်ရောက်သွားသည်။
ရှန်မိုသည် တစ်ချက်တည်း ခုန်လိုက်ရုံဖြင့် လျှပ်စီးကဲ့သို့ ပြေးထွက်သွားတော့၏။ "ရှီးပိုင်ကျူ" ရုပ်ပွားတော်ကို စုစည်းပြီးကတည်းက လှုပ်ရှားမှုမှာ ပို၍ လျင်မြန်လာခဲ့သည်။ သူသည် ရုပ်ပွားတော်အဆင့်၏ အစောပိုင်းတွင်သာ ရှိသေးသော်လည်း အထွတ်အထိပ်အဆင့်ရှိသူများပင် သူ့နောက်ကို မှီအောင် လိုက်နိုင်မည် မဟုတ်ပေ။
ရွှေ့ဝူ ၅-၁ အခြေစိုက်စခန်းနှင့် ကျူးချွဲ ၅-၁ အခြေစိုက်စခန်းကြားတွင် မိုင်ပေါင်း ၃၀၀၀ ကျော် ဝေးကွာသည်။ ထိုကြားတွင် အဆုံးမဲ့သော တောင်တန်းများနှင့် နက်ရှိုင်းသော လျှိုမြောင်များ ရှိနေ၏။ အချို့နေရာများမှာ နတ်ဆိုးဧကရာဇ်ကဲ့သို့ သန်မာသော နတ်ဆိုးသားရဲများ၏ အသိုက်အမြုံများ ဖြစ်ကြသည်။ ရှန်မို အရေးမကြီးလျှင် ထိုသားရဲများကို သွားရောက် မရန်စဘဲ ပတ်သွားလေ့ရှိ၏။ ထိုသားရဲများကို အလွယ်တကူ သတ်နိုင်လောက်သော အစွမ်းရှိမှသာ သူ ပြန်လာပေလိမ့်မည်။
၁၅ မိနစ်ခန့်အကြာတွင် ရှန်မိုသည် ကျူးချွဲ ၅-၁ အခြေစိုက်စခန်း၏ အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ထိုနေရာတွင် မြင့်မားသော တောင်ကြီးတစ်လုံး ရှိနေ၏။ ဤနေရာတွင် ရပ်ကြည့်လိုက်ရုံဖြင့် အခြေစိုက်စခန်း အပြင်ဘက်တွင် ဖြစ်ပျက်သမျှကို တစ်ချက်တည်း မြင်နိုင်စွမ်းရှိသည်။
"သားရဲလှိုင်းလုံးကြီးလား”
"ပြီးတော့ အဋ္ဌမအဆင့် နတ်ဆိုးသားရဲက ဦးဆောင်နေတာပဲ… ဒါက ပုံမှန်တော့ မဟုတ်ဘူး"
ရှန်မိုသည် အဝေးမှနေ၍ ဂယောက်ဂယက်ဖြစ်နေသော နတ်ဆိုးသားရဲအုပ်ကြီးကို ကြည့်ကာ တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်သည်။ သူ၏ ကံကြမ္မာစနစ်ကို ကြည့်လိုက်သော်လည်း ဘာမှပြောင်းလဲမှု မရှိပေ။ ၎င်းမှာ ဆဋ္ဌမမြောက်အလွှာမှ နတ်ဆိုးမျိုးနွယ်စုများ ပြဿနာရှာနေခြင်းသာ ဖြစ်ရမည်။ သို့သော် ဤကဲ့သို့သော အသေးအဖွဲ လှည့်ကွက်များကို ကိုင်တွယ်ရန်မှာ အလွန်လွယ်ကူလှသည်။
ဆိုရိုးစကားအတိုင်းပင်။
ကြီးမားလှသော ခွန်အားသည် လှည့်ကွက်အားလုံးကို ချေဖျက်နိုင်သည်။
အကယ်၍ မင်းမှာ လုံလောက်သော အစွမ်းရှိမည်ဆိုလျှင် မည်သည့် ပရိယာယ်နှင့် ပူးပေါင်းကြံစည်မှုမဆို စက္ကူချပ်ကဲ့သို့ပင် နုနယ်လှ၏။
ကျူးချွဲ ၅-၁ အခြေစိုက်စခန်း။
အကာအကွယ်မှာ ပြိုလဲလုနီးပါး ဖြစ်နေပြီ။ ကျောက်တုံးကြီးများမှာ အပေါ်မှ ပြိုကျလာနေ၏။ နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ အဆက်မပြတ် ထိမှန်နေကြပြီး နေရာအနှံ့တွင် အသည်းအသန် အော်ဟစ်သံများ ဆူညံနေသည်။
တုန်ခါမှုများကြောင့် မြေပြင်ပင်လျှင် စတင်အက်ကွဲလာခဲ့ပြီ ဖြစ်သည်။
နတ်ဆိုးချီစွမ်းအင်များမှာ မြေအောက်မှ တိုးထွက်လာပြီး အခြေစိုက်စခန်းအတွင်းသို့ စိမ့်ဝင်လာကြသည်။ အစောင့်အချို့မှာ နတ်ဆိုးချီ၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီဖြစ်ရာ ရက်စက်ကြမ်းကြုတ်လာပြီး သူတို့၏ ရဲဘော်ရဲဘက်များကိုပင် ဓားဖြင့် ပြန်လည် တိုက်ခိုက်နေကြတော့သည်။
"ငါတို့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နောက်တစ်သေတ္တာကို ထပ်သုံးလိုက်ပြီ”
အကာအကွယ်၏ အလယ်ဗဟိုတွင် အစောင့်နှစ်ယောက်မှာ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။
အဋ္ဌမအဆင့် နတ်ဆိုးသားရဲကြီးမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ ၎င်း၏ လှုပ်ရှားမှုတိုင်းမှာ အကာအကွယ်ပေါ်သို့ မခံမရပ်နိုင်သော ဖိအားများကို သက်ရောက်စေသည်။ မကြာမီ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများမှာ ပူပြင်းသော နေရောင်အောက်မှ နှင်းများအလား လျင်မြန်စွာ အရည်ပျော် ကုန်ဆုံးနေကြ၏။ မကြာခဏဆိုသလို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော်မှာ ၁၀ ကြိမ်ခန့် အသက်ရှူချိန်အတွင်းမှာပင် စွမ်းအင်များ ကုန်ခမ်းသွားကာ အသုံးမကျသော အခွံများအဖြစ် ပြောင်းလဲသွားကြသည်။
ယခုအခါ အကာအကွယ် အလယ်ဗဟို၌ အလွန် အန္တရာယ်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေသည်။ အကယ်၍ တစ်ယောက်ယောက် သူ၏လက်ကို ထိုနေရာသို့ ထည့်လိုက်မည်ဆိုလျှင် ခဏချင်းမှာပင် ခြောက်ကပ်သွားပေလိမ့်မည်။
ယဲ့ယန်သည် ထိုအသံများကို နားထောင်နေရင်း သူ၏ အကြည့်မှာ ပို၍ ပြင်းထန်လာသည်။ သူ၏ စိတ်ထဲတွင် လင်းတုန်းထျန်းမှ ဟောက်လိုက်၏။
"ပြေးတော့… မင်း ရှန်မိုကို စောင့်နေရင် သူ ဒီကိုမရောက်ခင်မှာ ဒီစခန်းက အရင်ပြိုလဲသွားလိမ့်မယ်… လင်းဟူရဲ့ အကာအကွယ်နဲ့ဆိုရင် အနည်းဆုံးတော့ ငါတို့ အသက်ရှင်ရက် လွတ်နိုင်သေးတယ်”
ယဲ့ယန်သည် လက်သီးကို တင်းတင်းဆုပ်ထားကာ မျက်နှာတွင် ရုန်းကန်နေရသော အရိပ်အယောင်များ ပေါ်နေသည်။
သူ ကျူးရွှမ်ကျီးအပေါ် အထင်ကြီးစေရန်အတွက် ဤအခြေစိုက်စခန်းကို တည်ဆောက်ရန် သူ၏ နှလုံးသွေးများစွာကို ရင်းနှီးခဲ့ရသည်။ သို့သော် ယခုအခါ ထိုအရာအားလုံးမှာ မီးခိုးကဲ့သို့ ပျောက်ကွယ်တော့မည် ဖြစ်သည်။
"သွားရမယ့် အချိန်ရောက်ပြီ”
ယဲ့ယန်သည် အခြေစိုက်စခန်း အပြင်ဘက်ရှိ ပေတစ်ထောင်ကျော်ရှိသော ဧရာမသားရဲကြီးကို ကြည့်လိုက်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။ သူသည် အမြဲတမ်း ကြိုတင်ပြင်ဆင်တတ်သူဖြစ်ရာ ဖြစ်နိုင်သမျှ အခြေအနေတိုင်းကို သူ တွေးတောထားပြီးသားဖြစ်သည်။
ကျူးချွဲ ၅-၁ အခြေစိုက်စခန်း အနီးတွင် အဋ္ဌမအဆင့် နတ်ဆိုးသားရဲများမှာ ရှားပါးလှသော်လည်း ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူ ထည့်သွင်းစဉ်းစားထားခဲ့သည်။ ထို့ကြောင့် သူ့တွင် အရန်အဖြစ် ထွက်ပြေးရန် အစီအစဉ်တစ်ခု ရှိနေခြင်း ဖြစ်၏။ ၎င်းမှာ "အသေးစား တယ်လီပို့ မှော်စာရွက်" ပင်။ ၎င်းမှာ ကောင်းကင်တာအိုဘဏ္ဍာတိုက်မှ စွမ်းဆောင်ရည်မှတ်တမ်း အမြောက်အမြားဖြင့် လဲလှယ်ထားရသော အဖိုးတန် မှော်စာရွက် ဖြစ်ပြီး အသုံးပြုလိုက်သည်နှင့် သူ့ကို အခြေစိုက်စခန်းအပြင်ဘက်သို့ ချက်ချင်း ပို့ဆောင်ပေးလိမ့်မည်။
သို့သော် ဤမှော်စာရွက်မှာ ဘယ်နေရာကို ရောက်သွားမည်ဆိုသည်မှာ ခန့်မှန်း၍မရပေ။ အခြား အခြေစိုက်စခန်းတစ်ခုသို့ ရောက်သွားနိုင်သလို ကံမကောင်းလျှင် အဋ္ဌမအဆင့် နတ်ဆိုးသားရဲတစ်ကောင်၏ အသိုက်အမြုံထဲသို့ပင် တည့်တည့် ရောက်သွားနိုင်သည်။ သို့သော် ဘာပဲဖြစ်ဖြစ် ဒီမှာ သေရတာထက်စာရင် ပိုကောင်းသည်။ အခြေစိုက်စခန်း လုံးဝ မပြိုလဲခင်မှာ ထွက်ပြေးရမည့် အချိန်ရောက်ပြီ ဖြစ်သည်။
"ကြည့်စမ်း… ဟိုမှာ”
ယဲ့ယန် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မြို့ရိုးပေါ်မှ အံ့ဩတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ယဲ့ယန်လည်း ဗီဇအရ မော့ကြည့်လိုက်မိသည်။
ရုတ်တရက် သူသည် ရှေးကျသော ဓားလေးစင်း ကောင်းကင်ယံကို ဖြတ်သန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုဓားများသည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှပြီး တောင်တန်းများကဲ့သို့ လေးလံလှသည်။ သမိုင်းဦး မြစ်ရေပြင်ထဲတွင် နှစ်ပေါင်းများစွာ စိမ်ထားသည့်အလား ခံစားရစေ၏။ ထိုရှေးကျသော ဓားများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခြေစိုက်စခန်း အပြင်ဘက်ရှိ နတ်ဆိုးသားရဲတိုင်းမှာ သူတို့၏ နတ်ဆိုးအရှိန်အဝါများကို ဗီဇအရပင် ပြန်လည် သိမ်းဆည်းလိုက်ကြသည်။ ကြောက်စရာကောင်းသော သဘာဝရန်သူကြီး တစ်ဦးကို တွေ့လိုက်ရသည့်အလားပင်။
"သေကြစမ်း"
နက်ရှိုင်းသော အသံတစ်ခုမှာ အခြေစိုက်စခန်း၏ အထက်တွင် ပဲ့တင်ထပ်သွားသည်။ ဓားလေးစင်းမှာ လျှပ်စီးအလား ရှေ့သို့ တိုးဝင်သွား၏။ ၎င်းတို့သည် ဧရာမသားရဲကြီး၏ ဦးခေါင်း၊ လည်ချောင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ကို အသီးသီး ပစ်မှတ်ထားထားသည်။ ၎င်း၏ မာကျောလှသော အရေခွံနှင့် အသားများမှာ ထိုဓားသွားများရှေ့တွင် တို့ဟူးတုံးများကဲ့သို့ပင် ဖြစ်သွားတော့သည်။ ရှေးကျသော ဓားများမှာ အလွယ်တကူပင် ထိုးဖောက်ဝင်ရောက်သွားလေ၏။
ထို့နောက် ခရမ်းပုပ်ရောင် သွေးများမှာ ဓားသွားများနှင့်အတူ ပန်းထွက်လာသည်။ တစ်စုံတစ်ယောက်က အချိန်ကို ခဏ ရပ်တန့်လိုက်သကဲ့သို့ပင် ဧရာမသားရဲကြီးမှာ ချက်ချင်း ငြိမ်သက်သွားတော့သည်။