အခန်း (၅၀၅-၅၀၇)
Vol. 34 Ch. 505-507
Chapter 505: ရှန်မို သတ်နိုင်ပါ့မလား
ဝုန်း!
ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြိုကျသွားသည်။ အနားရှိ သေးငယ်သော နတ်ဆိုးသားရဲအချို့မှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ နေရာမှာတင် အသားဖတ်များအဖြစ် ကြိတ်ခြေခြင်း ခံလိုက်ရတော့၏။ ဧရာမ အလောင်းကောင်ကြီး မြေပြင်နှင့် ရိုက်မိရာမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းများကြောင့် အခြားသော နတ်ဆိုးသားရဲပေါင်းများစွာမှာ လေထဲသို့ လွင့်စင်သွားပြီး ကမ်းပါးနံရံများနှင့် ရိုက်မိကာ အချို့မှာ သေဆုံးကုန်ကြပြီး အချို့မှာမူ ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။
ဤတိုက်ချက်တစ်ချက်တည်းနှင့်တင် အနည်းဆုံး နတ်ဆိုးသားရဲ တစ်ထောင်ခန့် သေဆုံးသွားခဲ့သည်။ အဋ္ဌမအဆင့် သားရဲကြီး၏ မရပ်မနား တိုက်ခိုက်မှုများ ရပ်တန့်သွားသည်နှင့် အခြေစိုက်စခန်း၏ အကာအကွယ် အလင်းတန်းမှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ပြန်လည် တောက်ပလာတော့သည်။ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများမှာလည်း ခဏချင်းအတွင်း စွမ်းအင်ကုန်ခမ်းသွားခြင်းမျိုး မရှိတော့ပေ။ မြေပြင်တုန်ခါမှုများ ရပ်တန့်သွားသလို အပေါ်ဘက် မျက်နှာကျက်မှ ဧရာမ ကျောက်တုံးကြီးများ ပြိုကျလာခြင်းလည်း မရှိတော့ပါ။
"သေသွားပြီ... သေသွားပြီလား… ဒီလောက်အလွယ်တကူပဲ သေသွားတာလား"
မြို့ရိုးပေါ်ရှိ ကျူးချွဲခံတပ်မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရသည်။ တောင်တစ်လုံးကဲ့သို့ ထွားကျိုင်းပြီး ကြောက်စရာကောင်းလှသော ထိုသားရဲကြီးမှာ ဤမျှလွယ်ကူစွာ အသတ်ခံလိုက်ရသည်မှာ မယုံနိုင်စရာပင်။ ၎င်း၏ မာကျောသော အရေခွံ၊ ထူထဲသော အရိုးများနှင့် ပြဒါးကဲ့သို့ ခဲနေသော သွေးများမှာ ထိုရှေးကျသော ဓားသွားရှေ့တွင် ဘာကြောင့်များ တို့ဟူးတုံးတစ်ခုလို နုနယ်သွားရသနည်း။
"ဟိုအပေါ်ကို ကြည့်လိုက်ကြဦး”
နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ယောက်မှ ကောင်းကင်ယံသို့ လက်ညှိုးထိုးပြရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။ လူတိုင်း သူညွှန်ပြရာသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ ကောင်းကင်ယံတွင် ဝတ်ရုံ တဖျတ်ဖျတ် လွင့်နေသော ပုံရိပ်တစ်ခု လေထဲတွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။
"အဲဒါ... ရွှေ့ဝူခံတပ်က ဗိုလ်ချုပ်ရှန်ပဲ”
"ဗိုလ်ချုပ်ရှန်က အဋ္ဌမအဆင့် နတ်ဆိုးသားရဲကို သတ်ပြီး ငါတို့ကို ကယ်တင်လိုက်တာပဲ”
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှန်”
နတ်ဆိုးနှိမ်နင်းရေး အစောင့်များမှာ အပျော်ကြီး ပျော်နေကြသည်။ အချို့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အဝေးမှနေ၍ ဒူးထောက်ကာ ကျေးဇူးတင်လွန်း၍ ငိုပင် ငိုနေကြတော့သည်။
"စစ်သေနာပတိ ယဲ့… တွေ့လား… ဗိုလ်ချုပ်ရှန် ရောက်လာပြီ… သူလာမယ်ဆိုတာ ကျွန်တော် သိနေသားပဲ”
အစောပိုင်းက တပ်မှူးသည် ယဲ့ယန်၏ အနားသို့ အပြေးရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူသည် ရဲဘော်ရဲဘက်များကို ကယ်တင်ရင်း လက်တစ်ဖက် ဆုံးရှုံးခဲ့ရသူ ဖြစ်သော်လည်း ယခုအခါ နာကျင်မှုကိုပင် မခံစားရတော့ဘဲ ပါးစပ်နားရွက် ချိတ်မတတ် ပြုံးနေတော့သည်။
ယဲ့ယန်မှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
"ငါ သိပါတယ်… သူ လာလိမ့်မယ်လို့ ငါ အမြဲ ယုံကြည်ထားပြီးသားပါ"
သူ၏ စိတ်ထဲတွင် လင်းတုန်းထျန်းမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ရှန်မို... သူ့ရဲ့ ခွန်အားက ပိုပြီးတော့တောင် ကြီးမားလာပြီပဲ… အဲဒါ လူသားမျိုးနွယ်ရဲ့ ဓမ္မရုပ်ပွားတော်အဆင့် ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဧကရာဇ်အဆင့်နဲ့ ညီမျှတဲ့ အဋ္ဌမအဆင့် နတ်ဆိုးသားရဲကွ… သူက ခဏလေးအတွင်းမှာ သတ်ပစ်လိုက်တာ… ဒီအတိုင်းဆိုရင် ရှန်မို အနည်းဆုံးတော့ ဓမ္မရုပ်ပွားတော်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေပြီ… ပြည့်စုံခြင်းအဆင့်ကိုတောင် ရောက်နေတာ ဖြစ်နိုင်တယ်..."
ယဲ့ယန်က ခေါင်းခါယမ်းလိုက်ပြီး
"ခန့်မှန်းမနေပါနဲ့တော့… သူ့ရဲ့ စွမ်းအားကို တိုင်းတာဖို့ ကြိုးစားနေတာက အဓိပ္ပာယ်မရှိပါဘူး"
သူ၏မျက်နှာကို ပွတ်သပ်လိုက်ရင်း စိတ်ခံစားချက် ကောင်းမွန်နေဟန်ကို အစွမ်းကုန် ပြသလိုက်သည်။
"ဗိုလ်ချုပ်ရှန်… ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"
သူသည် စိတ်ဝိညာဉ်စွမ်းအားကို စုစည်းကာ ကောင်းကင်ယံသို့ ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။ သူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး အသံမှာလည်း ပျော်ရွှင်မှုကြောင့် တက်ကြွနေသည်။ အခြားသော နတ်ဆိုးနှိမ်နင်းရေး အစောင့်များ၏ ခံစားချက်ကို တကယ်ပင် ကိုယ်ချင်းစာ နားလည်နေသည့်အလားပင်။
လင်းတုန်းထျန်းကမူ
"မင်း သရုပ်ဆောင်တာ တော်တော် ကောင်းတာပဲ"
သူ နှာခေါင်းရှုံ့ကာ ပြော၏။
ယဲ့ယန် မျက်နှာသေနှင့်ပင် ပြန်ဖြေလိုက်သည်။
"အင်အားနည်းတဲ့အခါ... ဦးညွှတ်ရုံကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး"
ရှူး—
ရှန်မို လေထဲတွင် ဝဲပျံလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကျူးချွဲ ၅-၁ အခြေစိုက်စခန်း အတွင်းသို့ ဆင်းသက်လိုက်သည်။
"စစ်သေနာပတိ ယဲ့… ပြန်တွေ့ကြပြန်ပြီပေါ့"
ရှန်မိုသည် ယဲ့ယန်၏ ကံကြမ္မာစနစ်ကို ပြုံး၍ ကြည့်လိုက်သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင်။
လင်းတုန်းထျန်း၏ ကံကြမ္မာနှင့် ပေါင်းစပ်ပြီးနောက် ယဲ့ယန်၏ ကံကောင်းမှုမှာ ပို၍ပင် နက်ရှိုင်းလာခဲ့သည်။ ရှန်မို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ယဲ့ယန်၏ ပတ်ဝန်းကျင်တွင် ရှိနေသော ကြီးမားလှသည့် အခွင့်အရေးများကို မြင်နေရသည်။ အခွင့်အရေးတစ်ခုမှာမူ သူ၏ အာရုံကို အထူး ဆွဲဆောင်နေသည်။ ၎င်းမှာ "ကိုးခုမြောက် ကောင်းကင်ဘုံ နတ်ဘုရားမိုးကြိုးမီးလျှံ" နှင့် ဆက်နွယ်နေခြင်းပင်။
[လတ်တလော အခွင့်အရေး ၁- ယနေ့တွင် အခြေစိုက်စခန်းမှာ အကျပ်အတည်းနှင့် ရင်ဆိုင်ရသည်။ တစ်ယောက်တည်း မဖြေရှင်းနိုင်သဖြင့် ရှန်မို ရောက်ရှိလာပြီး ကယ်တင်ခဲ့ရာ ယဲ့ယန်မှာ စိတ်ပျက်အားငယ်မှုကို ခံစားရသည်။ ထိုညတွင် အပြင်ထွက် လမ်းလျှောက်နေစဉ် ကျူးချွဲ ၅-၁ အခြေစိုက်စခန်း၏ အရှေ့တောင်ဘက် မိုင် ၃၀၀ အကွာရှိ ရေကန်တစ်ခု၏ အောက်ခြေတွင် သံချေးတက်နေသော ဓားတစ်စင်းနှင့် ကြယ်တာရာ စိတ်ဝိညာဉ်ကျောက်တုံး သုံးတုံးကို တွေ့ရှိလိမ့်မည်။ အကယ်၍ ထိုကြယ်တာရာ စိတ်ဝိညာဉ်ကျောက်တုံးများကို ဓားထဲသို့ ထည့်သွင်း သန့်စင်လိုက်မည်ဆိုလျှင် လက်နက်ဝိညာဉ်တစ်ခု မွေးဖွားလာလိမ့်မည်။]
[လတ်တလော အခွင့်အရေး ၂- တစ်လအတွင်းတွင် ယဲ့ယန်သည် ကျူးချွဲ ၅-၁ အခြေစိုက်စခန်းမှ နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့ကို ဦးဆောင်ကာ အခြေစိုက်စခန်းအသစ် တည်ထောင်ရန် ပဉ္စမအလွှာ၏ အနက်ပိုင်းသို့ သွားရောက်လိမ့်မည်။ နေရာရွေးချယ်နေစဉ် မတော်တဆ မြေအောက်လိုဏ်ဂူတစ်ခုအတွင်းသို့ ပြုတ်ကျသွားကာ ကျဆုံးသွားသော နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိလိမ့်မည်။ ထိုနေရာတွင် 'ကိုးခုမြောက် ကောင်းကင်ဘုံ နတ်ဘုရားမိုးကြိုးမီးလျှံ' မှ ဆင်းသက်လာသော အဖော်ရတနာ 'မိုးကြိုးမီးလျှံနှင်းရည်' တစ်စက်ပါဝင်သည့် ပယင်းတုံးတစ်ခုကို ရရှိလိမ့်မည်။ ၎င်းကို သန့်စင်ပြီးနောက် သူ၏ကျင့်ကြံမှုမှာ အကြီးအကျယ် တိုးတက်လာကာ 'ကောင်းကင်ဘုံအထွတ်အထိပ် ရိုသေထိုက်သောအဆင့်' သို့ တက်လှမ်းနိုင်လိမ့်မည်။]
[လတ်တလော အခွင့်အရေး ၃- သုံးလအကြာတွင် ကျူးချွဲ ၅-၂ အခြေစိုက်စခန်း ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများကို ရှင်းလင်းနေစဉ် ယဲ့ယန်သည် 'ဧရာမပါးစပ်ငါး' တစ်ကောင်၏ ဝါးမျိုခြင်းကို မတော်တဆ ခံရလိမ့်မည်။ ထိုငါး၏ ဝမ်းဗိုက်အတွင်းမှ 'မြေကမ္ဘာခွဲ ချပ်ဝတ်တန်ဆာ' ၏ အပိုင်းအစများကို တွေ့ရှိလိမ့်မည်။ ထိုချပ်ဝတ်၏ လက်နက်ဝိညာဉ်မှတစ်ဆင့် ၎င်းမှာ ကိုယ်ခံပညာဘိုးဘေး၏ အောင်မြင်မှုလမ်းကြောင်းတွင် ဝတ်ဆင်ခဲ့သော ချပ်ဝတ်ဖြစ်ကြောင်းနှင့် ၎င်းသည် 'ကောင်းကင်ဖွင့်ဓား' နှင့် ပဲ့တင်ထပ်နိုင်ကာ စွမ်းအားပိုမို ကြီးမားလာနိုင်ကြောင်း သိရှိရလိမ့်မည်။]
[လတ်တလော အခွင့်အရေး ၄- ယနေ့မှစ၍ တစ်နှစ်အကြာတွင် နဂါးပြာ ၅-၂ အခြေစိုက်စခန်းသို့ သတ္တမအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲတစ်ကောင်အား ကူညီတိုက်ခိုက်ပေးစဉ် ယဲ့ယန်သည် မဆုတ်မနစ် သေလုမတတ် တိုက်ခိုက်ရင်း သူ၏ ကိုယ်ခံပညာဝိညာဉ်၏ အစွမ်းအစများကို မထင်မှတ်ဘဲ နိုးထစေနိုင်ခဲ့သဖြင့် ခွန်အားများ အကြီးအကျယ် တိုးတက်လာလိမ့်မည်။]
[လတ်တလော အခွင့်အရေး ၅- ...]
ရှန်မိုသည် ဤအခွင့်အရေးများအားလုံးကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။ ကြယ်တာရာ စိတ်ဝိညာဉ်ကျောက်တုံးများကို စွေ့ရှင်း သို့မဟုတ် ထိုက်အာတို့အား ပေးလိုက်မည်ဆိုလျှင် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်လိမ့်မည်။ သံချေးတက်နေသော ထိုဓားမှာလည်း အဆင့်အတန်း အလွန်မြင့်မားဖွယ်ရှိသော်လည်း သူကိုယ်တိုင် အသုံးမပြုပါက အခြားတစ်ယောက်ယောက်အား ပေးနိုင်သေးသည်။
"ကိုးခုမြောက် ကောင်းကင်ဘုံ နတ်ဘုရားမိုးကြိုးမီးလျှံ" ၏ အဖော်ရတနာဖြစ်သော "မိုးကြိုးမီးလျှံနှင်းရည်" မှာမူ အလွန်ရှားပါးလှသော ကောင်းကင်ဘုံရတနာ ဖြစ်သည်မှာ ထင်ရှား၏။ ၎င်းကို သန့်စင်လိုက်သည်နှင့် သူ၏ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်သွားမည်မှာ သေချာသည်။ ထို့အပြင် "ကောင်းကင်ဖွင့်ဓား" နှင့် ပဲ့တင်ထပ်နိုင်ပြီး စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် "မြေကမ္ဘာခွဲချပ်ဝတ်တန်ဆာ" အပိုင်းအစများကိုမူ သူ အမှန်တကယ် ရယူရမည်ဖြစ်သည်။ အခွင့်အရေးက ရှေ့မှာ ရှိနေသည်။ သူကိုယ်တိုင် မလိုအပ်လျှင်ပင် ဤအခွင့်အရေးများကို လက်လွတ်ခံ၍ မဖြစ်ပေ။
"ဗိုလ်ချုပ်ရှန်ကို ဂါရဝပြုပါတယ်"
ယဲ့ယန်မှ ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ၏ ပုံစံမှာ အလွန် စစ်မှန်နေသည်။ သူ၏ မျက်နှာပေါ်မှ ခါတိုင်း တွေ့ရလေ့ရှိသော အေးစက်မှုများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရှန်မို ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
"အားနာစရာ မလိုပါဘူး… လူသားမျိုးနွယ်ရဲ့ ခံတပ်အချင်းချင်း ကူညီကြတာပဲ… ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ"
အခြားတစ်နေရာ၊ ပဉ္စမအလွှာ၏ အဝင်ဝတွင်မူ ပုံရိပ်သုံးခု လျင်မြန်စွာ ပျံသန်းလာနေကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ကျူးချွဲခံတပ်မှ ကျက်သရေရှိသော အမျိုးသမီး ဗိုလ်ချုပ် ကျူးရွှမ်ကျီး ဖြစ်သည်။ သူ့ နောက်တွင်မူ အမျိုးသားတစ်ဦးနှင့် ဝက်ဝံကြီးတစ်ကောင် လိုက်ပါလာကြသည်။ သူတို့မှာ သွေးနတ်ဘုရားခံတပ်မှ ဗိုလ်ချုပ် ရှုံလင်း နှင့် နဂါးပြာခံတပ်မှ ဗိုလ်ချုပ် ပိုင်ကျွယ် တို့ ဖြစ်ကြသည်။
ပဉ္စမအလွှာ၏ အခြေအနေမှာ ပုံမှန်မဟုတ်သောကြောင့် အန္တရာယ်အဆင့်ကို အတိအကျ မသိရသေးသလို အစွမ်းထက်သော အဋ္ဌမအဆင့် နတ်ဆိုးသားရဲများမှာလည်း အရိပ်ထဲတွင် ပုန်းအောင်းနေတတ်ကြသည်။ ဤခံတပ်နှစ်ခုတွင် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် ပိုမိုများပြားသဖြင့် အကျအဆုံး များပြားမည်ကို စိုးရိမ်၍ စစ်ကူလွှတ်လိုက်ခြင်း ဖြစ်သည်။
ကျူးရွှမ်ကျီးကမူ ပဉ္စမအလွှာ၏ အဝင်ဝတွင် အဆင့်တက်ရန်အတွက် လိုအပ်သော ကောင်းကင်ဘုံရတနာကို ရှာဖွေနေခြင်း ဖြစ်သည်။ ကျူးချွဲ ၅-၁ အခြေစိုက်စခန်းတွင် တစ်ခုခုဖြစ်နေကြောင်း ကြားလိုက်ရသဖြင့် သူ ချက်ချင်း အပြေးရောက်လာခဲ့သည်။ ထို့ကြောင့် ပိုင်ကျွယ်နှင့် ရှုံလင်းတို့နှင့် လမ်းမှာ ဆုံခဲ့ခြင်းပင်။
'ကျေးဇူးပြုပြီး ဘာမှ မဖြစ်ပါစေနဲ့' ဟု ကျူးရွှမ်ကျီး စိတ်ထဲမှ ဆုတောင်းနေမိသည်။ ပိုင်ကျွယ်မှ သူ့ကို နှစ်သိမ့်လိုက်၏။
"ဗိုလ်ချုပ်ကျူး စိတ်မပူပါနဲ့… အဋ္ဌမအဆင့် နတ်ဆိုးသားရဲတွေက သူတို့ရဲ့ နယ်မြေကို အရမ်းကာကွယ်တတ်ကြတယ်… သူတို့ရဲ့ အသိုက်ထဲကနေ အလွယ်တကူ ထွက်လာမှာ မဟုတ်ဘူး"
ရှုံလင်း ခေါင်းငြိမ့်ရင်း အသံဩဩကြီးဖြင့် ပြောလိုက်သည်။
"ငါ့အထင်တော့ သတ္တမအဆင့် အထွတ်အထိပ် သားရဲ ဆယ်ကောင်လောက်က တိုက်ခိုက်နေတာ ဖြစ်မယ်… အခြေစိုက်စခန်းက မတောင့်ခံနိုင်တော့လို့ အကူအညီတောင်းတာ နေမှာပါ"
ပုံရိပ်သုံးခုမှာ အရှိန်မြှင့်၍ ပျံသန်းလာကြသည်။ မကြာမီမှာပင် သူတို့ ကျူးချွဲ ၅-၁ အခြေစိုက်စခန်း၏ ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။
"ဟမ်… ကြည့်စမ်း… ဟိုမှာ ဧရာမ သားရဲကြီးက သေနေပြီပဲ"
ပိုင်ကျွယ် မြေပြင်ပေါ်မှ တောင်တစ်လုံးကဲ့သို့ အလောင်းကြီးကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ ရှုံလင်းမှာ သေချာ အာရုံခံကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သေတာ သေချာတယ်… ကျန်ရှိနေတဲ့ အရှိန်အဝါအရ ဆိုရင်တော့ ဒါဟာ အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ဖြစ်ဖို့ များတယ်"
"ဒါကို ဘယ်သူ လုပ်လိုက်တာလဲ… အဋ္ဌမအဆင့် နတ်ဆိုးသားရဲကို ဘယ်သူက သတ်နိုင်တာလဲ"
"ပဉ္စမအလွှာမှာ နောက်ထပ် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက် ရှိနေတာလား"
ကျူးရွှမ်ကျီး ရှန်မိုကို ချက်ချင်း သတိရလိုက်သည်။ "ကျန်းလုံရှန်း ပြောတာတော့ ရွှေ့ဝူခံတပ်က ရှန်မို ဆိုတဲ့ လူငယ်လေး တစ်ယောက် ပဉ္စမအလွှာမှာ ရှိနေတယ်လို့ သိရတယ်… အကယ်၍ ဒီမှာ တခြား ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် ရှိမယ်ဆိုရင်တော့ သူပဲ ဖြစ်ရမယ်"
"ဒါပေမဲ့... ရှန်မိုက ဓမ္မရုပ်ပွားတော်အဆင့်ကို ရောက်တာ မကြာသေးဘူးလေ… သူ့ရဲ့ အစွမ်းက ဒီလောက်အထိ ကြီးမားနေမှာ မဟုတ်ဘူး..."
သူ အံ့ဩတကြီး ရေရွတ်မိသည်။
ရှုံလင်းနှင့် ပိုင်ကျွယ်တို့သည်လည်း ထိုနာမည်ကို ကြားသောအခါ အံ့အားသင့်သွားကြ၏။ ရှန်မို ဘယ်သူလဲဆိုသည်ကို သူတို့ ကောင်းစွာ သိကြသည်။ မကြာသေးခင်ကမှ သူ၏ အမည်မှာ ခံတပ်ဆယ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်၏။ သို့သော်လည်း သူတို့ရှေ့မှ ဧရာမသားရဲကြီး၏ အလောင်းနှင့် ရှန်မိုကို ဆက်စပ်ကြည့်ရန်မှာ ခက်ခဲနေဆဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးမှာ အတွေ့အကြုံရင့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့ပင်လျှင် အဋ္ဌမအဆင့် နတ်ဆိုးသားရဲတစ်ကောင်ကို အနိုင်ယူရန် သို့မဟုတ် မောင်းထုတ်ရန်သာ တတ်နိုင်ကြပြီး သတ်ပစ်ရန်မှာမူ တစ်ကဏ္ဍခြားနေသော ကိစ္စပင်။
ရှန်မိုကမူ ဓမ္မရုပ်ပွားတော်အဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးပေ။
သူ ဘယ်လောက်ပဲ သန်မာပါစေ သူတို့ မရောက်လာခင်မှာတင် ဤသားရဲကြီးကို သုတ်သင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
"ပဉ္စမအလွှာကို ကောင်းကင်ဘုံရတနာ လာရှာတဲ့ တခြား ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်"
ပိုင်ကျွယ်မှ ခန့်မှန်းကာပြောသည်။
ရှုံလင်း ခေါင်းငြိမ့်ပြ၍
"ဖြစ်နိုင်တယ်"
ကျူးရွှမ်ကျီးမှာတော့ တည်ငြိမ်စွာဖြင့်
"မြန်မြန် သွားကြစို့… အခြေစိုက်စခန်းကို ရောက်ရင် အမှန်တရားကို သိရမှာပါ"
Chapter 506: လက်ဆောင် ရတနာအသစ်
ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်သုံးဦးမှာ ထပ်မံအရှိန်မြှင့်လိုက်ကြရာ သူတို့၏ပုံရိပ်များ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။ သူတို့ ပြန်လည်ပေါ်လာချိန်တွင် အခြေစိုက်စခန်း၏ ကောင်းကင်ယံ၌ ဝဲပျံနေကြပြီဖြစ်သည်။
"ကြည့်ကြစမ်း… ဟိုမှာ… အဲဒါ ဗိုလ်ချုပ်ကျူးပဲ"
"ကျန်တဲ့ ဗိုလ်ချုပ်နှစ်ယောက်လည်း တခြားခံတပ်တွေက ဖြစ်ရမယ်”
မျက်စိရှင်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့မှာ သူတို့ကို ချက်ချင်းသတိထားမိသွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်သုံးဦးမှာ မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာကြ၏။
ယဲ့ယန်လည်း ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ကျူးရွှမ်ကျီးဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ သူ၏နှလုံးသားမှာ တစ်ချက်တုန်ရင်သွားရသည်။
သူ ကျူးချွဲ ၅-၁ အခြေစိုက်စခန်းကို အစွမ်းကုန်ကာကွယ်ပါမည်ဟု ကျူးရွှမ်ကျီးအား တစ်ချိန်က ကတိပေးခဲ့ဖူးသည်။ သို့သော် ယခုမူ အခြေစိုက်စခန်းကို မကာကွယ်နိုင်ခဲ့ရုံသာမက ရှန်မို၏ အကူအညီကိုပင် ရယူခဲ့ရသည်။ ဤမျှလောက် အရှက်ရမှုကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။
"ဗိုလ်ချုပ်ကျူး၊ ဗိုလ်ချုပ်ပိုင်၊ ဗိုလ်ချုပ်ရှုံတို့ကို ဂါရဝပြုပါတယ်"
ယဲ့ယန်က တိုးတိုးလေး နှုတ်ဆက်လိုက်သည်။ ကျူးရွှမ်ကျီး သူ့ကို ခေါင်းငြိမ့်ပြသော်လည်း သူ့အကြည့်မှာ ယဲ့ယန်ကို ကျော်လွန်၍ ရှန်မိုထံသို့ ရောက်ရှိသွားသည်။ ရှုံလင်းနှင့် ပိုင်ကျွယ်တို့ကမူ ယဲ့ယန်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ရှန်မိုကိုသာ စိုက်ကြည့်နေကြ၏။
"ရှန်မို… မင်း တကယ်ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ကျူးရွှမ်ကျီး ပြုံး၍ ပြောရင်း အနားသို့ လျှောက်လာသည်။
ရှန်မို လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဂါရဝပြုလိုက်၏။
"စီနီယာ သုံးယောက်လုံးနဲ့ ဆုံရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"
ရှုံလင်းနှင့် ပိုင်ကျွယ်တို့ အံ့ဩသွားကြသည်။ ပိုင်ကျွယ် ရှေ့သို့ လှမ်းလာပြီး
"ဒါ ရှန်မို ပေါ့… တွေ့ရတာ ဝမ်းသာပါတယ် ဝမ်းသာပါတယ်… မင်းရဲ့နာမည်ကို ကြားနေရတာ ကြာပါပြီ"
သူသည် ရှန်မိုကို အကဲခတ်ကြည့်ရင်း တအံ့တဩ ချီးကျူးနေမိသည်။ သူ ရှန်မိုကို လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်၏။
ရှုံလင်း၏ အသံမှာ ဩဇာအပြည့်နှင့် ဟိန်းထွက်လာသည်။
"ရွှေ့ဝူခံတပ်က ရှန်မိုဟာ တကယ့်ကို ထူးခြားတဲ့သူလို့ စစ်ထျန်းက ငါ့ကို လူကိုယ်တိုင် ပြောဖူးတယ်… အခု မင်းနဲ့တွေ့ရတော့ အဲဒီစကား မှန်တယ်ဆိုတာ အတည်ပြုနိုင်သွားပြီ”
ရှန်မို သူတို့ကို ဖော်ရွေသော အပြုံးဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။ အခြားသူများမှ မိမိအပေါ် ဖော်ရွေလျှင် မိမိကလည်း ပြန်လည်ဖော်ရွေခြင်းမှာ ယဉ်ကျေးမှုပင် ဖြစ်သည်။
"ဒါနဲ့... ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ… ဘယ်ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်က အဲဒီသားရဲကြီးကို သတ်လိုက်တာလဲ"
ပိုင်ကျွယ် အပြင်ဘက်ရှိ ဧရာမအလောင်းကြီးကို လက်ညှိုးထိုးပြရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။ ရှုံလင်းကလည်း ရှန်မိုဘက်သို့ လှည့်ကြည့်ကာ
"ဟုတ်ပါ့… ငါတို့က စိုးရိမ်တကြီးနဲ့ မနားတမ်း လာခဲ့ကြတာ… နောက်ဆုံးတော့ ငါတို့ အကူအညီတောင် မလိုတော့ဘူး ဖြစ်နေတယ်… တကယ် ဘာတွေဖြစ်ခဲ့တာလဲ"
ကျူးရွှမ်ကျီး တစ်ယောက်သာလျှင် ထူးခြားမှုကို ခံစားမိနေသည်။ ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အားလုံးမှာ ရှန်မိုကို အလွန်အမင်း ကျေးဇူးတင်သော၊ လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သူ သတိထားမိလိုက်၏။
'ဒီအဋ္ဌမအဆင့် နတ်ဆိုးသားရဲကို ရှန်မို သတ်လိုက်တာများလား…’
သူ့သံသယမှာ တွေးရုံဖြင့်ပင် ရယ်စရာကောင်းသည်ဟု ထင်နေမိသည်။
ရှန်မို ဘာမှပြန်မပြောရသေးခင်မှာပင် အနားရှိ တပ်မှူးမှ မနေနိုင်တော့ဘဲ
"ဗိုလ်ချုပ်တွေကို သတင်းပို့ပါတယ်… အဲဒီအဋ္ဌမအဆင့် နတ်ဆိုးသားရဲကြီးကို ဗိုလ်ချုပ်ရှန်က သုတ်သင်လိုက်တာပါ”
ထိုစကားကြောင့် ပိုင်ကျွယ်နှင့် ရှုံလင်းတို့ စွံ့အသွားကြသည်။
"ချီးပဲ… ဘာပြောတယ်”
ပိုင်ကျွယ်မှာ အံ့ဩလွန်းသဖြင့် ဆဲရေးသံပင် ထွက်သွားတော့၏။ ရှုံလင်းမှာမူ ရှန်မို၏ အနားသို့ တိုးသွားပြီး သူ့အပေါ်တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေမလားဆိုသည့်အလား လိုက်လံ အာရုံခံကြည့်နေသည်။
ကျူးရွှမ်ကျီးမှာ အမှန်တရားကို ကြိုတင်ခန့်မှန်းထားသဖြင့် အခြားသူများလောက် မအံ့ဩသော်လည်း ရှန်မိုကို လေးစားသော အကြည့်ဖြင့် ကြည့်နေမိသည်။
'ကျန်းလုံရှန်း... ရှင် လူရွေးတာ တကယ့်ကို တော်တာပဲ!'
သူ စိတ်ထဲမှ ချီးကျူးလိုက်သည်။
ရှန်မိုမှာ မချိပြုံး ပြုံးလိုက်ရုံသာ တတ်နိုင်တော့၏။ ထို့နောက် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ
"ဟုတ်ပါတယ်… အဲဒီအဋ္ဌမအဆင့် နတ်ဆိုးသားရဲကို ကျွန်တော် သတ်လိုက်တာပါ… အကြောင်းရင်းကတော့ ရိုးရိုးလေးပါပဲ… ကျွန်တော်က တခြားသူတွေထက် ဓမ္မရုပ်ပွားတော် အနည်းငယ် ပိုပြီး စုစည်းထားနိုင်လို့ပါ"
ရှုံလင်းနှင့် ပိုင်ကျွယ်တို့မှာ ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရသည်။
ပိုင်ကျွယ်၏ မျက်လုံးများ ဝင်းလက်သွားကာ
"ဟုတ်သားပဲ… မင်းမှာ ဓမ္မရုပ်ပွားတော် နှစ်ခုရှိတယ်လို့ အဘိုးကြီးထန်က ပြောဖူးတယ်… တစ်ခုက ဆင်ကြီးတစ်ကောင်ဖြစ်ပြီး နောက်တစ်ခုက မြစ်ကြီးတစ်စင်း ဆိုလား"
"အဲဒါတွေက ဘာလဲဆိုတာ အတိအကျ မသိပေမဲ့ အဝေးကနေ မြင်ရုံနဲ့တင် ရှေးကျပြီး စွမ်းအားကြီးတဲ့ အရှိန်အဝါတွေ ထွက်နေတယ်လို့ သူပြောတယ်… အဲဒီရုပ်ပွားတော်တွေရဲ့ အဆင့်က တကယ့်ကို မြင့်မားမှာ သေချာတယ်"
"အဲဒါကြောင့်လည်း မင်းက အဋ္ဌမအဆင့် နတ်ဆိုးသားရဲကို အလွယ်တကူ သတ်နိုင်တာကိုး… တကယ့်ကို အထင်ကြီးစရာပဲ”
ပိုင်ကျွယ်က စစ်မှန်သော လေးစားမှုဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
'တကယ်ပဲ နောက်လှိုင်းက ရှေ့လှိုင်းကို တွန်းထုတ်သွားပြီ… အသက်ကြီးတဲ့သူတွေကတော့ ကမ်းခြေမှာ သောင်တင်ကျန်ရစ်ခဲ့တော့မှာပဲ’
ရှန်မိုနှင့် နှိုင်းယှဉ်လျှင် သူသည် ကြက်မအိုကြီးတစ်ကောင်လို ခံစားနေရသည်။
ရှုံလင်းကမူ ရှန်မိုကို သတိထားသော အကြည့်ဖြင့် ကြည့်နေ၏။ သူ၏အမြင်တွင် ကျန်းလုံရှန်းမှာ ပထမတန်းစား ပါရမီရှင်တစ်ဦးဖြစ်သည်။ ကျန်းလုံရှန်းသာ ဒဏ်ရာမရခဲ့လျှင် သူ၏ခွန်အားမှာ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်အားလုံးထဲတွင် ထိပ်သီး သုံးယောက်စာရင်းဝင် ဖြစ်လိမ့်မည်ဟု စစ်ထျန်း မကြာခဏ ပြောလေ့ရှိသည်။ သို့သော် ယခုမူ သူသည် ကျန်းလုံရှန်းထက်ပင် အကန့်အသတ်မဲ့ ပါရမီရှိသော လူသားတစ်ဦးကို တွေ့မြင်နေရပြီဖြစ်၏။ ၎င်းမှာ တကယ်ပင် အံ့ဩစရာကောင်းလှသည်။ ပြန်ရောက်လျှင် ဤအကြောင်းကို စစ်ထျန်းအား ချက်ချင်း သတင်းပို့ရမည်။
"ကျေးဇူးတင်ပါတယ်… မင်းသာ မရှိရင် ကျူးချွဲ ၅-၁ အခြေစိုက်စခန်းဟာ သေချာပေါက် ပျက်စီးသွားမှာပဲ"
ကျူးရွှမ်ကျီးမှ ရှန်မိုအား စစ်မှန်သော ရိုသေမှုဖြင့် အနည်းငယ် ဦးညွှတ်ပြလိုက်သည်။
"ဒါနဲ့… ကျွန်မတို့ ကျူးချွဲခံတပ်မှာလည်း ပါရမီရှင် လူငယ်တစ်ယောက် ရှိသေးတယ်… ဗိုလ်ချုပ်ရှန်နဲ့ မိတ်ဆက်ပေးချင်လို့ပါ"
ကျူးရွှမ်ကျီး ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်သည်။
"ယဲ့ယန်… ဒီကို လာခဲ့ဦး"
ယဲ့ယန်မှာ ကိုယ်ကို တောင့်ထားမိသော်လည်း လျှောက်လာခဲ့၏။ ရှန်မိုကမူ အတော်လေး သဘောကျကာ ပြုံးနေသည်။
ကျူးရွှမ်ကျီးမှ နွေးထွေးစွာဖြင့်
"သူ့နာမည်က ယဲ့ယန် ပါ… ကျွန်မတို့ခံတပ်ရဲ့ ထိပ်တန်းပါရမီရှင်ပေါ့… သူက ဗိုလ်ချုပ်ရှန်ထက် အသက်နည်းနည်း ပိုကြီးပေမဲ့ ကျင့်ကြံမှုမှာတော့ နတ်ဘုရားနန်းတော် အထွတ်အထိပ်၊ ရွှေရောင်အထွတ်အထိပ် ရိုသေထိုက်သောအဆင့်ကို ရောက်နေပါပြီ"
"နောက်ထပ် အနှစ် ၃၀ ကနေ ၅၀ အတွင်းမှာ သူ ဓမ္မရုပ်ပွားတော်အဆင့်ကို တက်လှမ်းနိုင်မယ်လို့ ကျွန်မ မျှော်လင့်ထားတယ်"
"အဲဒီနေ့ ရောက်လာလို့ သူ့မှာ အကူအညီ လိုအပ်လာခဲ့ရင် ဗိုလ်ချုပ်ရှန်က သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးပါဦးနော်”
ယဲ့ယန်၏ စိတ်ထဲတွင် ခါးသီးမှုကို ခံစားနေရသည်။ ကျူးရွှမ်ကျီး သူ့ကို တကယ်တန်ဖိုးထား၍ ကိုယ်တိုင် ရှေ့ထွက်ပြီး မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သော်လည်း...
ဗိုလ်ချုပ်ကျူး… အစ်မတော်ကျူး… မင်း လူမှားပြီး အကူအညီတောင်းနေပြီ။
ရှန်မိုမှာ ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"ဗိုလ်ချုပ်ကျူးက အားနာစရာတွေ ပြောနေပြန်ပြီ… ကျွန်တော်တို့အားလုံး လူသားမျိုးနွယ်တွေပဲဟာ… တတ်နိုင်သမျှ ကူညီပေးမှာပေါ့"
"ဒါ့အပြင် ကျွန်တော်နဲ့ ယဲ့ယန်က သိနေတာ ကြာပါပြီ… ကျွန်တော်တို့ နှစ်ယောက်လုံးက အတင်းအကျပ် စစ်မှုထမ်းရတဲ့ အစီအစဉ်ကနေ နတ်ဆိုးနှိမ်နင်းရေး အစောင့်တွေ ဖြစ်လာကြတာလေ"
ကျူးရွှမ်ကျီး အံ့ဩသွားရသည်။
"မင်းတို့ သိနေတာ ကြာပြီလား"
သူ ယဲ့ယန်ကို ကြည့်လိုက်သည်။
"မင်း ဒါကို ငါ့ကို တစ်ခါမှ မပြောဖူးဘူးနော်"
ယဲ့ယန်မှာ ကြိုတင်ပြင်ဆင်ထားသော အကြောင်းပြချက်ကို သုံး၍ အတင်းပြုံးလိုက်သည်။
"ဗိုလ်ချုပ်ရှန်နဲ့ အစကတည်းက သိခဲ့တာ မှန်ပါတယ်… ဒါပေမဲ့ ဒါကို လူသိရှင်ကြား မဖြစ်စေချင်လို့ပါ"
"ဗိုလ်ချုပ်ရှန်နဲ့ သိတဲ့ အဆက်အသွယ်ကို သုံးပြီး ရာထူးတက်ဖို့ ကြိုးစားနေသလိုမျိုး ခံစားရမှာ စိုးလို့ပါ… ကျွန်တော် အဲဒီလိုမျိုး မဖြစ်ချင်ဘူး"
ကျူးရွှမ်ကျီးမှ ထိုစကားကို ကြားသောအခါ သဘောကျစွာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းတယ်… ဒါဟာ ပါရမီရှင်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်ပဲ”
"ကျင့်ကြံသူတွေအနေနဲ့ ကိုယ်ပိုင် အဆက်အသွယ်တွေကို အားမကိုးဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး တစ်လှမ်းချင်း တက်လှမ်းရမယ်… ဒါမှ ခိုင်မာမှာ"
သူ ယဲ့ယန်၏ ပုခုံးကို အားရပါးရ ပုတ်ပေးလိုက်ပြီး မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပြည့်နေသည်။
"အနာဂတ်မှာ ဗိုလ်ချုပ်ရှန်နဲ့ ဆက်ဆံရေး ကောင်းကောင်းထားဖို့ မမေ့နဲ့… မင်းက အဋ္ဌမအဆင့် နတ်ဆိုးသားရဲကို ရင်ဆိုင်နိုင်တဲ့ အစွမ်းမရှိသေးဘူး… အကယ်၍ အန္တရာယ်နဲ့ ကြုံလာရင် ချက်ချင်း အကူအညီတောင်းရမယ်… နားလည်လား”
ယဲ့ယန် ခေါင်းငြိမ့်ပြ၍
"နားလည်ပါပြီ"
ကျူးရွှမ်ကျီး လေသံကို ပြန်တည်ငြိမ်လိုက်ရင်း
"ဗိုလ်ချုပ်ရှန်… အနာဂတ်မှာလည်း ကျူးချွဲခံတပ်ရဲ့ အခြေစိုက်စခန်းတွေကို ဆက်ပြီး ကူညီပေးဖို့ ကျွန်မ မျှော်လင့်ပါတယ်"
ခေတ္တစဉ်းစားပြီးနောက် သူ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ရစ်ပတ်ထားသော နက်မှောင်သည့် ရေစက်ကလေး တစ်စက်ပင်။
သူ ထိုအရာကို ထုတ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် လေထုထဲမှ ရေဓာတ်များကို စုပ်ယူနေတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး စိုထိုင်းဆများဖြင့် ပြည့်နှက်သွားသည်။
ရှုံလင်း ထိုအရာကို မသိသော်လည်း ပိုင်ကျွယ်ကမူ ချက်ချင်း သိလိုက်သည်။
"ဒါက... ထိပ်တန်း ကောင်းကင်ဘုံရတနာ 'အနက်ရောင်ရေဝိညာဉ်အဆီအနှစ်' မဟုတ်လား”
ကျူးရွှမ်ကျီး ခေါင်းငြိမ့်၍
"အတိအကျပဲ"
သူ ထိုအရာကို ရှန်မိုထံ ကမ်းပေးလိုက်သည်။
"ဒါက 'အနက်ရောင်ရေဝိညာဉ်အဆီအနှစ်' တစ်စက်ပါ… ပဉ္စမအလွှာမှာ ကောင်းကင်ဘုံရတနာ ရှာနေရင်း တိုက်တိုက်ဆိုင်ဆိုင် ရလာတာ"
"ဗိုလ်ချုပ်ရှန်မှာ မြစ်ကြီးတစ်စင်းပုံစံ ဓမ္မရုပ်ပွားတော် ရှိတယ်လို့ ကျွန်မ ကြားထားတယ်"
"ဒီရတနာက မြစ်တွေ၊ ကန်တွေနဲ့ ဆက်နွယ်နေတဲ့ ဓမ္မရုပ်ပွားတော်တွေကို အားကောင်းစေဖို့အတွက် အကောင်းဆုံးပဲ"
"ဒါကို ကျွန်မဆီမှာ သိမ်းထားတာထက် ဗိုလ်ချုပ်ရှန်ကို ပေးလိုက်တာက ပိုပြီး အသုံးဝင်လိမ့်မယ်"
ရှန်မိုမှာ အနည်းငယ် အံ့ဩသွားရသည်။ နောက်တစ်ကြိမ် ကောင်းကင်တာအိုဘဏ္ဍာတိုက် ပေါ်လာသည့်အခါ သူ "အနက်ရောင်ရေဝိညာဉ်အဆီအနှစ်" တစ်စက်၊ နှစ်စက်ခန့် လဲလှယ်ရန် စဉ်းစားထားခဲ့ပြီး ဖြစ်၏။ ကျူးရွှမ်ကျီး ပြောသကဲ့သို့ပင် ဤရတနာသည် မြစ်ချောင်းအခြေပြု ဓမ္မရုပ်ပွားတော်များအတွက် အထူးကောင်းမွန်သဖြင့် သူ၏ "မသေနိုင်သော မြစ်ရုပ်ပွားတော်" အတွက် အလွန်သင့်တော်သည်။ သို့သော် ဤရတနာမှာ ကောင်းကင်တာအိုဘဏ္ဍာတိုက်တွင် ဘီအဆင့် စစ်မြေပြင်မှတ်တမ်း ၉၀ တိတိ ပေးရမည်ဖြစ်သည်။ ၎င်းမှာ အေအဆင့် စစ်မြေပြင်မှတ်တမ်း တစ်ခုစာနှင့် နီးပါးတူသည်။အလွန်ပင် ဈေးကြီးလှ၏။ "အနက်ရောင်ရေဝိညာဉ်အဆီအနှစ်" ကို နတ်ဆိုးပင်လယ်၏ အနက်ပိုင်းတွင် တွေ့နိုင်သော်လည်း အလွန်ရှားပါးသည်။ ယခုအခါ ကျူးရွှမ်ကျီးမှ သူ့ကို တစ်စက် ပေးလာသဖြင့် သူ သဘာဝကျစွာပင် ဝမ်းမြောက်သွားတော့သည်။
ရတနာကို အိမ်ပေါက်ဝအထိ လာပေးနေမှတော့ ဘာကြောင့် ငြင်းရမည်နည်း။
ကျူးရွှမ်ကျီး သူ့ကို ဘာကြောင့် ဤမျှ အဖိုးတန်သည့်အရာ ပေးရသလဲဆိုသည့် အကြောင်းရင်းကိုလည်း သူ ခန့်မှန်းမိပါသည်။
Chapter 507 : မြေကမ္ဘာခွဲချပ်ဝတ်
မျှော်လင့်ထားသည့်အတိုင်းပင်။
ကျူးရွှမ်ကျီး ပြုံးပြီး ပြောလိုက်သည်။
"ကျွန်မ တခြားရည်ရွယ်ချက် မရှိပါဘူး… နောက်နောင် ဗိုလ်ချုပ်ရှန်ဘက်က ကူညီပေးနိုင်ဖို့ပဲ မျှော်လင့်တာပါ"
"ရွှေ့ဝူ ၅-၁ အခြေစိုက်စခန်းက ကျူးချွဲ ၅-၁ စခန်းနဲ့ အနီးဆုံးပဲလေ… နောက်တစ်ခါ အဋ္ဌမအဆင့် နတ်ဆိုးသားရဲ ထပ်ပေါ်လာခဲ့ရင် ဒီ 'အနက်ရောင်ရေဝိညာဉ်အဆီအနှစ်' ကို ထောက်ထားပြီး ဗိုလ်ချုပ်ရှန်ဘက်က တတ်နိုင်သလောက် ကူညီပေးပါဦး"
"အကယ်၍ ဗိုလ်ချုပ်ကိုယ်တိုင် မကိုင်တွယ်နိုင်လောက်တဲ့ အန္တရာယ်မျိုးနဲ့ ကြုံလို့ တကယ် မကူညီနိုင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး"
ဤစကားများမှာ တကယ့်ကို ကိုယ်ချင်းစာတရားရှိလှသည်။
တတ်နိုင်လျှင်ကူညီပါ၊ တကယ်မတတ်နိုင်လျှင် မည်သူမျှ အတင်းအကျပ် မတိုက်တွန်းဟု ဆိုလိုခြင်းဖြစ်သည်။
ကျူးရွှမ်ကျီးသည် စီနီယာတစ်ယောက်အနေဖြင့် အရှိန်အဝါ မပြဘဲ ရှန်မိုကို တန်းတူရည်တူ တောင်းဆိုခဲ့ခြင်းမှာ သိသာလှသည်။
ရှန်မို အနည်းငယ် ခေါင်းငြိမ့်ပြကာ
"ကျွန်တော် သဘောတူပါတယ်"
"နောက်ဆိုရင် ကျူးချွဲခံတပ်က တည်ထောင်ထားတဲ့ အခြေစိုက်စခန်းတွေကို ကျွန်တော် မကြာခဏ လာလည်မှာပါ"
သူသည် ကျူးရွှမ်ကျီး၏ တောင်းဆိုချက်ကို သဘာဝကျကျပင် လက်ခံလိုက်သည်။ ယခင်က ယဲ့ယန်ထံသို့ မကြာခဏသွားပြီး အခွင့်အရေးများကို နှိုက်ယူရန် ခိုင်လုံသော အကြောင်းပြချက် မရှိခဲ့သော်လည်း ယခုမူ ရှိသွားပြီ ဖြစ်သည်။ ပူးတွဲကာကွယ်ရေး အကြောင်းပြချက်ဖြင့် သူ မကြာခဏ သွားရောက်နိုင်သည်။ ၎င်းကို မည်သူမျှ ကန့်ကွက်မည်မဟုတ်ပေ။ အကြောင်းမှာ ကျူးရွှမ်ကျီး ကိုယ်တိုင်က ရှန်မိုကို ဖိတ်ခေါ်ရန်အတွက် အဖိုးအခ ပေးထားပြီးဖြစ်သောကြောင့် ဖြစ်၏။ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက် ရက်အနည်းငယ်ခြားတစ်ခါ လာရောက်ကူညီပေးမည်ဆိုလျှင် လူတိုင်းမှာ အတိုင်းမသိ ဝမ်းသာကြမည်သာ ဖြစ်သည်။
ရှန်မို၏ စကားကို ကြားသောအခါ ကျူးရွှမ်ကျီး အလွန်အမင်း ဝမ်းသာသွားသည်။ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တစ်ဦးအတွက် ဤကတိစကားမှာ အလွန်လေးနက်လှသည်။
သူ တောက်ပစွာ ပြုံးလိုက်ပြီး
"ကောင်းပြီ… ဒါဆိုရင် တို့တွေ သိပ်စိမ်းမနေကြရအောင်… ငါ့ကို မမလို့ပဲ ခေါ်ပါ… ငါက မင်းကို မောင်လေးရှန် လို့ ခေါ်မယ်… ဘယ်လိုလဲ"
"ရပါတယ်… မမကျီး"
"... မမရွှမ် လို့ပဲ ခေါ်ပါ"
"ကောင်းပါပြီ… မမရွှမ်"
ခဏကြာ စကားစမြည်ပြောပြီးနောက် ကျူးရွှမ်ကျီး၊ ရှုံလင်း နှင့် ပိုင်ကျွယ်တို့မှာ နောက်ဆုံးတွင် နှုတ်ဆက်ထွက်ခွာသွားကြသည်။ ရှုံလင်းနှင့် ပိုင်ကျွယ်တို့မှာ သူတို့၏ အခြေစိုက်စခန်းများသို့ ပြန်၍ စောင့်ကြပ်ရမည် ဖြစ်၏။ ကျူးရွှမ်ကျီးကမူ သူ အဆင့်တက်ရန် လိုအပ်သော ရှားပါးပစ္စည်းများကို ရှာဖွေရန် အလုပ်ရှုပ်နေ၏။ မည်သူမျှ အားမနေကြပေ။
သူတို့ ထွက်ခွာသွားပြီးနောက် ကျူးချွဲ ၅-၁ အခြေစိုက်စခန်းမှာ ပြန်လည် အလုပ်ရှုပ်လာပြန်သည်။ ဒဏ်ရာရသူများကို ကုသခြင်း၊ အပျက်အစီးများကို ရှင်းလင်းခြင်း စသည်တို့ကို စနစ်တကျ လုပ်ဆောင်ကြသည်။
ကျူးချွဲခံတပ်သည် ခံတပ်အားလုံးထဲတွင် အားအနည်းဆုံး ဖြစ်နိုင်သော်လည်း နတ်ဆိုးနှိမ်နင်းရေး အစောင့်များ၏ စိတ်ဓာတ်နှင့် တိုက်ပွဲဝင်လိုစိတ်မှာမူ ပြင်းထန်နေဆဲ ဖြစ်သည်။
ယခုအခါ ကျူးရွှမ်ကျီး ပြန်ရောက်လာပြီ ဖြစ်သောကြောင့် ကျူးချွဲခံတပ်၏ အစောင့်များမှာ ပို၍ပင် တက်ကြွနေကြ၏။ ဤကဲ့သို့သော အခက်အခဲလေးက သူတို့ကို ဘယ်တော့မှ အရှုံးပေးစေမည် မဟုတ်ပေ။
ရှန်မို ယဲ့ယန်ကို ပြုံးစစဖြင့် ကြည့်လိုက်ပြီး
"စစ်သေနာပတိ ယဲ့… ဗိုလ်ချုပ်ကျူးက မင်းကို တကယ့်ကို အထင်ကြီးတာပဲ"
ယဲ့ယန် အတင်းပြုံးလိုက်ရင်း
"လောလောဆယ်တော့ ဗိုလ်ချုပ်ကျူးရဲ့ အာရုံစိုက်မှုကို ရအောင်ပဲ ကြိုးစားနေရတုန်းပါ"
ရှန်မို လက်ဝှေ့ယမ်းပြလိုက်ကာ
"စစ်သေနာပတိ ယဲ့… အခြေစိုက်စခန်း ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ဖွဲ့စည်းရေးကို မင်းပဲ တာဝန်ယူလိုက်တော့"
သူပြောပြီး မြေပြင်ကို အသာအယာ နင်းကာ လေကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
ယဲ့ယန်သည် အဝေးသို့ ပျောက်ကွယ်သွားသော ရှန်မို၏ ပုံရိပ်ကို ကြည့်ကာ သက်ပြင်းကို အသာအယာ ချလိုက်သည်။ သူ၏ စိတ်ထဲတွင် လင်းတုန်းထျန်းမှ တိုးတိုးလေး ပြောလိုက်၏။
"ရှန်မိုတော့ နောက်ဆိုရင် ဒီကို ခဏခဏ လာတော့မှာပဲ..."
ယဲ့ယန် ခါးသီးစွာ ပြုံးလိုက်သည်။
"ငါတို့ ဘာလုပ်နိုင်မှာလဲ… ဘာပဲဖြစ်ဖြစ် သူက ကျူးရွှမ်ကျီးကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့သူလေ"
"ဒါ့အပြင် သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်တွေအတွက်တော့ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက် ခဏခဏ လာလည်တာက ပျော်စရာကိစ္စပဲ မဟုတ်လား"
လင်းတုန်းထျန်း တိတ်ဆိတ်သွား၏။
သူလည်း ထပ်ပြောစရာ စကားမရှိတော့ပေ။ "လောလောဆယ်တော့ ငါတို့ တစ်လှမ်းချင်းပဲ သွားရမှာပေါ့"
"ငါ အခွင့်အရေးတွေရှာဖို့ အပြင်ကို ခဏခဏ ထွက်ရမယ်… ငါနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ရုပ်ပွားတော်ပုံဖော်ပုံကိုလည်း အမြန်ဆုံး ရှာရမယ်"
ယဲ့ယန် လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအား ကျင့်ကြံမှုမှာ နတ်ဘုရားနန်းတော် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ အချိန်မရွေး ဓမ္မရုပ်ပွားတော်ကို စတင် စုစည်းနိုင်သည်။ သူ အခု လိုအပ်နေသည်မှာ မိမိနှင့် ကိုက်ညီသော ထိပ်တန်း ကောင်းကင်အဆင့် ရုပ်ပွားတော်ပုံဖော်ပုံ တစ်ခုပင်။
...
အချိန်များ ကုန်လွန်သွားရာ နောက်ထပ် သုံးနှစ် ကြာသွားခဲ့ပြီ ဖြစ်သည်။
ဤနှစ်များအတွင်း နတ်ဆိုးနှိမ်နင်းရေး အစောင့်များသည် နတ်ဆိုးပင်လယ်၏ ပဉ္စမမြောက်အလွှာကို စူးစမ်းရှာဖွေရာတွင် လျင်မြန်စွာ တိုးတက်လာခဲ့၏။ သွေးနတ်ဘုရားခံတပ် နှင့် ပန်လုံခံတပ် ကဲ့သို့သော အစွမ်းထက်သည့် ခံတပ်များသည် သုံးနှစ်အတွင်းမှာပင် အခြေစိုက်စခန်း ခုနစ်ခုစီ တည်ထောင်နိုင်ခဲ့သည်။ ရွှေ့ဝူခံတပ်မှာမူ အနည်းငယ် နိမ့်ပါးပြီး အခြေစိုက်စခန်း ငါးခု တည်ထောင်နိုင်ခဲ့သည်။ ဤအတိုင်းဆိုလျှင် နောက်ထပ် နှစ်လ၊ သုံးလအတွင်း ပဉ္စမမြောက်အလွှာတစ်ခုလုံးကို အပြည့်အဝ စူးစမ်းပြီးစီးပေမည်။ ထိုအချိန်ကျလျှင် ဆဋ္ဌမမြောက်အလွှာကို စူးစမ်းရန် ပြင်ဆင်မှုများ စတင်တော့မည် ဖြစ်သည်။
ရွှေ့ဝူ ၅-၅ အခြေစိုက်စခန်း။
မြင့်မားသော မျှော်စင်ထိပ်တွင် ရှန်မိုသည် "ဝိညာဉ်ရတနာ မှော်စာရွက်များ၏ ဆန်းကြယ်သော အတတ်ပညာ" စာအုပ်ကို တိတ်ဆိတ်စွာ ဖတ်နေသည်။ သို့သော် သူ၏ ဘေးပတ်လည်မှ မပြတ်ထွက်ပေါ်နေသော အသံအချို့က သူ့ကို အေးအေးဆေးဆေး ကျမ်းစာဖတ်ခွင့် ပေးမည့်ပုံ မပေါ်ပေ။
"ဟိုတုန်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်တုန်းက နင် ဘာလို့ တစ်ယောက်တည်း ထွက်သွားတာလဲ… နင်သာ မရှိရင် သခင်က ဟင်းလင်းပြင် တိုက်စားမှုကို ခုခံရင်း ဒဏ်ရာရမှာ မဟုတ်ဘူး”
"ငါ နင့်ကို ပြောပြီးပြီပဲ… ကိုယ်ခံပညာဘိုးဘေးက ငါတို့ကို စွန့်ပစ်ခဲ့တာလို့… ဘာလို့ နားမထောင်တာလဲ… သူသာ ငါတို့ကို လွှင့်မပစ်ခဲ့ရင် ငါ သူ့ကို ထားခဲ့မလား"
"လျှောက်မပြောနဲ့… သခင်က ငါတို့ကို မစွန့်ပစ်ပါဘူး… သူက ငါတို့ကို ဟင်းလင်းပြင် တိုက်စားမှုကို ခုခံဖို့ပဲ လိုအပ်ခဲ့တာ”
"နင်ကတော့ အသိဉာဏ်မရှိတဲ့ လက်နက်ဝိညာဉ်ပဲ… သူသာ ငါတို့ကို ရှာချင်ရင် ရှာတာ ကြာပြီပေါ့… ဘာလို့ အခုထိ စောင့်နေမှာလဲ… သူ 'မဟာကမ္ဘာ' ကို သွားတုန်းက ငါတို့ကို ဟင်းလင်းပြင်ဒဏ် ခံခိုင်းခဲ့တာ ဘယ်လောက် နာကျင်ခဲ့လဲ နင်မှတ်မိသေးလား… နင် အကုန် မေ့သွားပြီလား”
"ငါ ဂရုမစိုက်ဘူး… သခင်က ငါတို့အပေါ် အမြဲတမ်း အကောင်းဆုံးပဲ… ငါ့တစ်သက်လုံးမှာ သူ့ကိုပဲ သခင်အဖြစ် အသိအမှတ်ပြုခဲ့တာ”
"ဟိဟိဟိ… နင်တို့ နှစ်ယောက် ရန်ဖြစ်တာကို ကြည့်ရတာ တော်တော် ပျော်စရာကောင်းတယ်… ကဲ... ထပ်ဖြစ်ကြစမ်းပါ… အသံကို ပိုကျယ်ကျယ် လုပ်ကြစမ်း”
အသံဩဩကြီးနှင့် စူးရှရှ အသံတို့မှာ အဆုံးမရှိ ငြင်းခုံနေကြသည်။ ထိုရှုပ်ထွေးမှုများကို ကြည့်ပြီး ပျော်နေသော အသံတစ်ခုလည်း ရှိနေသေး၏။ ခဏအကြာအထိ ထိုနှစ်ယောက် ဆက်လက် ငြင်းခုံနေဆဲဖြစ်ရာ ရှန်မို၏ ဘေးတွင် နောက်ထပ် စာသားလေးတစ်ခု ဝဲပျံလာပြန်သည်။
"ဟူး... ငါ့အမြင်တော့ ဒီ ကိုယ်ခံပညာဘိုးဘေး ဆိုတဲ့လူဟာ ငါ့ဖေဖေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး"
ရှန်မို မျက်ခုံးပင့်လိုက်ပြီး
"တိတ်ကြစမ်း… အားလုံး တိတ်ကြ"
သူ ပြောလိုက်မှသာ အသံများ ငြိမ်ကျသွားတော့သည်။ သို့သော် သူတို့မှာ တိုးတိုးလေး ဆက်၍ ညည်းတွားနေကြပုံရသည်။
ရှန်မိုသည် သူ၏ နဖူးကို ပွတ်သပ်လိုက်ရုံသာ တတ်နိုင်တော့၏။
သူသည် ယဲ့ယန်၏ အခွင့်အရေးကို နှိုက်ယူပြီးနောက် "မြေကမ္ဘာခွဲချပ်ဝတ်တန်ဆာ" ၏ အပိုင်းအစများကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူ မြေကမ္ဘာခွဲချပ်ဝတ် နှင့် ကောင်းကင်ဖွင့်ဓား တို့ ပေါင်းစပ်လိုက်လျှင် မည်သို့သော ပဲ့တင်ထပ်မှုနှင့် စွမ်းအားမျိုး ထွက်ပေါ်လာမည်ကို စမ်းသပ်လိုရုံသာ ဖြစ်သည်။
သို့သော် မြေကမ္ဘာခွဲချပ်ဝတ်တန်ဆာ၏ လက်နက်ဝိညာဉ် "ဟေးယန်"သည် ဤမျှ ကြာမြင့်လှသော အချိန်ကာလအထိ လုံးဝ ပျောက်ကွယ်မသွားသေးဘဲ ကျန်ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ရှန်မိုသည် အပိုင်းအစများကို ရရှိပြီးနောက် သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ထားခဲ့သည်။ ထို့နောက် အခြေစိုက်စခန်းသို့ ပြန်ရောက်သည်နှင့် တစ်ခုခု ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်သည်။ မြေကမ္ဘာခွဲချပ်ဝတ် အပိုင်းအစများသည် "ကြယ်တာရာ ကျောက်တုံး" တစ်တုံးကို အတင်းအကျပ် စုပ်ယူလိုက်၏။ ထို့နောက် တစ်ရက်မပြည့်ခင်မှာပင် နှစ်ပေါင်းများစွာ အိပ်မောကျနေသော လက်နက်ဝိညာဉ်သည် ရုတ်တရက် နိုးထလာခဲ့သည်။
ကောင်းကင်ဖွင့်ဓား၏ လက်နက်ဝိညာဉ် "ကျီလင်း" သည် ဟေးယန်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် ဆဲဆိုတော့သည်။ ဤလက်နက်ဝိညာဉ် နှစ်ခု ပြန်လည် ဆုံတွေ့ကတည်းက သူတို့၏ ငြင်းခုံသံများမှာ တစ်ခါမျှ မရပ်စဲခဲ့ပေ။ ပြဿနာရှာတတ်သော ဝိညာဉ်မှာမူ ထိုက်ယီနတ်ဆိုးချပ်ဝတ်၏ ဗီဇအရ ပုန်ကန်တတ်သော ဝိညာဉ် "ထိုက်အာ"ပင်။ အရင်က ထိုက်အာသည် ကိုးဘုံငရဲရေခဲမီးတောက်ကို အလွန်ကြောက်သဖြင့် အသံကျယ်ကျယ် သိပ်မထွက်ရဲပေ။ ကျီလင်းမှာလည်း ရှန်မိုနှင့် စကားမပြောချင်သဖြင့် သိပ်မထွက်တတ်ပေ။ ပုံမှန်အားဖြင့် စွေ့ရှင်း တစ်ယောက်သာ ရှန်မို၏ ဘေးတွင် ဝဲပျံရင်း သူ့ကို "ဖေဖေ" ဟု အမြဲ ခေါ်နေတတ်ခြင်း ဖြစ်သည်။
သို့သော် ယခု ဟေးယန် ရောက်လာသည့်အခါ ၎င်းမှာ တိတ်ဆိတ်နေသော ရေကန်ထဲသို့ ဧရာမ ကျောက်တုံးကြီး တစ်လုံး ပစ်ချလိုက်သည့်အလား ဖြစ်သွားသည်။ လှိုင်းတံပိုးများ ထကြွလာပြီး ဆူညံသံများမှာ မရပ်မနား ဖြစ်လာတော့၏။
"သခင်သစ်… အခုကစပြီး ရှင့်ကို ကျွန်တော့်ရဲ့ သခင်သစ်အဖြစ် သတ်မှတ်ပါတယ်… ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ”
ဟေးယန် ရိုသေစွာ ပြောသည်။
ရှန်မိုမှာ ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး
"မင်းက ဘာလို့ ငါ့ကို သခင်အဖြစ် ဒီလောက်တောင် အသိအမှတ်ပြုချင်နေရတာလဲ"
ဟေးယန် လေးနက်စွာဖြင့်
"ပြီးခဲ့တဲ့ အခေါက်က ကိုယ်ခံပညာဘိုးဘေးဟာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ဖို့ ကျွန်တော်တို့ လက်နက်ဝိညာဉ်တွေကို ဒိုင်းအဖြစ် သုံးခဲ့တုန်းက ကျွန်တော် အကြီးအကျယ် နာကျင်ခဲ့ရတယ်… ကိုယ်ခံပညာဘိုးဘေးကို ထားခဲ့ပြီးနောက်မှာ နောက်ထပ် ဘယ်သူနဲ့ပဲ တွေ့တွေ့၊ သူ့ကို ငါ့ရဲ့ သခင်အဖြစ် အသိအမှတ်ပြုမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားခဲ့တာ”
ရှန်မို အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။ ဤလက်နက်ဝိညာဉ် ဟေးယန်မှာ ရိုးသားပြီး အားကိုးထိုက်ပုံရသည်။ ၎င်းမှာ အသုံးချရန် ထိုက်တန်ပေလိမ့်မည်။
"ကောင်းပြီ… ငါ လက်ခံတယ်"
"ဒါပေမဲ့ ငါ သိချင်တာက ကောင်းကင်ဖွင့်ဓား နဲ့ မြေကမ္ဘာခွဲချပ်ဝတ် ကြားမှာ ဘယ်လိုမျိုး ပဲ့တင်ထပ်မှု ရှိတာလဲ… ငါ့ကို ပြောပြဦး"
ရှန်မို တည်ငြိမ်စွာ မေးလိုက်သည်။
"မပြောနဲ့နော်”
ကျီလင်း လှမ်းအော်လိုက်သည်။
ဟေးယန် သူ့ကို လျစ်လျူရှုပြီး ရိုသေစွာ ပြန်ဖြေသည်။
"ကျွန်တော် သိပါတယ်… ကောင်းကင်ဖွင့်ဓားရဲ့ စွမ်းရည်က သွေးချီစွမ်းအင်ကို သွေးအဆီအနှစ် အဖြစ် ပြောင်းလဲပေးတာပါ"
"မြေကမ္ဘာခွဲချပ်ဝတ်ရဲ့ စွမ်းရည်ကတော့ ဝိညာဉ်စွမ်းအားကို ဝိညာဉ်အဆီအနှစ်အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်"
"ဒီနှစ်ခု ပဲ့တင်ထပ်တဲ့အခါမှာ သွေးအဆီအနှစ်နဲ့ ဝိညာဉ်အဆီအနှစ်တွေ ပေါင်းစပ်သွားပြီး အလွန်အမင်း အစွမ်းထက်တဲ့ စွမ်းအားတစ်ခု ဖြစ်ပေါ်လာပါတယ်" "ကိုယ်ခံပညာဘိုးဘေးက အဲဒါကို 'ကောင်းကင်နှင့်မြေကမ္ဘာ သွေးဝိညာဉ်အလင်းတန်း' လို့ ခေါ်ခဲ့တယ်… ကောင်းကင်နှင့်မြေကမ္ဘာ သွေးဝိညာဉ်အလင်းတန်းဟာ တိုက်ပွဲမှာ အလွန်စွမ်းအားကြီးပါတယ်… အလယ်အလတ်အဆင့် သူတော်စင်အဆင့် ကိုယ်ခံပညာ အတတ်ပညာတစ်ခုရဲ့ အစွမ်းကုန် တိုက်ကွက်တစ်ခုနဲ့ ညီမျှတယ်လို့ ကိုယ်ခံပညာဘိုးဘေးက ပြောခဲ့ဖူးတယ်"
"ဒါပေမဲ့ ပိုပြီး အံ့ဩဖို့ကောင်းတာက အဲဒီအလင်းတန်းကို ဟင်းလင်းပြင်ကို အာရုံခံဖို့အတွက် အသုံးပြုနိုင်တာပါပဲ"