အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
Chapter 508: ဓမ္မပုံရိပ် (၅) ခု
ရှန်မို မျက်ခုံးပင့်လိုက်သည်။
လင်းတုန်းထျန်း၏ ကံကြမ္မာစနစ်မှတစ်ဆင့် သူ "ကမ္ဘာငယ်" နှင့် "မဟာကမ္ဘာ" တို့၏ ခြားနားချက်ကို ပထမဆုံးအကြိမ် သိရှိခဲ့ခြင်းဖြစ်သည်။ ကိုးဘုံငရဲရေခဲမီးတောက်ကလည်း သူ့ကို "ဟင်းလင်းပြင်" နှင့် "ကမ္ဘာ" တို့၏ ဆက်နွယ်မှုအကြောင်း ပြောပြဖူးသည်။ ယခုမူ သူ အချို့ကို ခန့်မှန်းမိနေပြီဖြစ်လေ၏။
ဤကမ္ဘာမှာ ကမ္ဘာငယ်တစ်ခုသာ ဖြစ်သည်။ ဟင်းလင်းပြင်၏ အလွန်တွင် "မဟာကမ္ဘာ" ဟု ခေါ်သော အခြားကမ္ဘာတစ်ခု ရှိနေသည်။ ကိုယ်ခံပညာဘိုးဘေး နှင့် ရှန်းကုသခင် တို့ကဲ့သို့ ထိပ်သီးပညာရှင်များသည် ဤကမ္ဘာငယ်မှ ထွက်ခွာကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး မဟာကမ္ဘာသို့ ဦးတည်သွားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ အဘယ်ကြောင့် ထွက်သွားပြီးနောက် ပြန်မလာကြသနည်းဆိုသည်ကိုမူ ရှန်မို မသိပေ။ ဖြစ်နိုင်သည်မှာ အစွမ်းထက်သော ပညာရှင်များကို ကမ္ဘာငယ်သို့ ပြန်လာခြင်းမှ တားဆီးထားသည့် တစ်စုံတစ်ရာသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစု ရှိနေနိုင်ပါသည်။
ရှန်မို ဤအရာအားလုံးအပေါ် အလွန်အမင်း စိတ်ဝင်စားနေမိသည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့နေ့တွင် သူသည်လည်း ဤကမ္ဘာငယ်မှ ထွက်ခွာကာ မဟာကမ္ဘာသို့ သွားရမည်ကို သိနေသောကြောင့်ပင်။ ယခုအခါ ကောင်းကင်ဖွင့်ဓားနှင့် မြေကမ္ဘာခွဲချပ်ဝတ်တို့၏ ပဲ့တင်ထပ်မှုမှတစ်ဆင့် "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ပေါ်ထွက်လာခြင်းက သူ့ကို ဟင်းလင်းပြင်အကြောင်း ပို၍ စိတ်ဝင်စားလာစေသည်။
"ဟင်းလင်းပြင်ကို အာရုံခံဖို့က ဘာကြောင့် လိုအပ်တာလဲ"
ရှန်မို ပြန်မေးလိုက်သည်။
ဟေးယန် လေးနက်စွာဖြင့်
"ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး မဟာကမ္ဘာကို ရောက်ဖို့ဆိုရင် ဟင်းလင်းပြင်ကို နားလည်သဘောပေါက်ရမယ်လို့ ကိုယ်ခံပညာဘိုးဘေးက ပြောခဲ့ပါတယ်"
"ဟင်းလင်းပြင်အပေါ် နားလည်မှု တစ်စုံတစ်ရာ ရရှိထားတဲ့ ကျင့်ကြံသူတွေပဲ ဘေးကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မယ့် အခွင့်အရေး ရှိတာပါ"
"မဟုတ်ရင်တော့ ဟင်းလင်းပြင်ထဲမှာ လမ်းပျောက်သွားလိမ့်မယ်… အဲဒီရဲ့ နောက်ဆက်တွဲက တကယ့်ကို ကြောက်စရာကောင်းပါတယ်"
"သခင့်ရဲ့ ဝိညာဉ်စွမ်းအား ဒါမှမဟုတ် သွေးချီစွမ်းအားတွေ ဘယ်လောက်ပဲ ကြီးမားနေပါစေ ဟင်းလင်းပြင်ရဲ့ တိုက်စားမှုကို မခုခံနိုင်ပါဘူး"
ရှန်မို စဉ်းစားလိုက်သည်။
"ဟင်းလင်းပြင်ကို အာရုံခံပြီးရင် ကိုယ့်ရဲ့ ခွန်အားကိုရော မြှင့်တင်နိုင်လား"
ဟေးယန် ပြတ်သားစွာဖြင့်
"မြှင့်တင်နိုင်ပါတယ်"
"ကိုယ်ခံပညာဘိုးဘေး ပြောတာတော့ ဟင်းလင်းပြင်ကို အာရုံခံပြီးနောက်မှာ သူဟာ သူ့ခန္ဓာကိုယ်ထဲမှာ 'ဟင်းလင်းပြင် စွမ်းအား' အစအနတစ်ခုကို ရရှိခဲ့တယ်တဲ့"
"ရန်သူနဲ့ တိုက်ခိုက်တိုင်းမှာ ဒီဟင်းလင်းပြင် စွမ်းအား အစအနလေးက ပြိုင်ဘက်ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်"
"ဓမ္မရုပ်ပွားတော်အဆင့်ရဲ့ အထက်မှာရှိတဲ့ 'နိဗ္ဗာန်အဆင့်'မှာဆိုရင် မင်းမှာ ဟင်းလင်းပြင် စွမ်းအား ရှိ၊ မရှိ ဆိုတာက အားကြီးသူနဲ့ အားနည်းသူကို ခွဲခြားပေးတဲ့ အရာပါပဲ"
"နိဗ္ဗာန်အဆင့်တူချင်းမှာတောင် ဟင်းလင်းပြင် စွမ်းအားကြောင့် ခွန်အားကွာဟချက်က အကြီးကြီး ဖြစ်သွားနိုင်ပါတယ်"
"ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာကိုတော့ ကျွန်တော်လည်း အတိအကျ မသိပါဘူး"
ရှန်မို အံ့ဩတကြီးဖြင့် နှုတ်ခမ်းကို သပ်လိုက်မိသည်။ သူ ဟင်းလင်းပြင် စွမ်းအားကို နားလည်သဘောပေါက်ရန် အချိန်အနည်းငယ် ပေးရမည် ဖြစ်ပုံရသည်။
"မြေကမ္ဘာခွဲချပ်ဝတ်က အခုရှိနေတဲ့ အခြေအနေနဲ့ ဝိညာဉ်အဆီအနှစ်ကို စုစည်းပေးနိုင်လား"
ဟေးယန် ခေါင်းခါယမ်းကာ
"မြေကမ္ဘာခွဲချပ်ဝတ်က အခု လေးပုံတစ်ပုံတောင် မရှိတော့ပါဘူး… ဝိညာဉ်အဆီအနှစ် စုစည်းပေးနိုင်စွမ်းက အရမ်းနိမ့်ပါတယ်… အကယ်၍ မြေကမ္ဘာခွဲချပ်ဝတ်သာ အကောင်းအတိုင်း ရှိနေမယ်ဆိုရင် ဝိညာဉ်စွမ်းအား အမျှင်တန်း ၁၀၀ ကို ဝိညာဉ်အဆီအနှစ် ၁ မျှင်အဖြစ် ပြောင်းပေးနိုင်ပါတယ်… ဒါပေမဲ့ အခုတော့ အနည်းဆုံး အမျှင် ၅၀၀ လိုအပ်သလို အချိန်ကလည်း လေး၊ ငါးဆ ပိုကြာပါလိမ့်မယ်"
"ဒါပေမဲ့ သခင်… စိတ်မပူပါနဲ့… ကျွန်တော် မြေကမ္ဘာခွဲချပ်ဝတ်ရဲ့ တခြားအပိုင်းအစတွေ ရှိနေတာကို အာရုံခံလို့ ရပါတယ်"
"အခုတောင် ဒီအခြေစိုက်စခန်းရဲ့ မြေအောက်ထဲမှာ အပိုင်းအစတစ်ခု ရှိနေတာကို ကျွန်တော် အာရုံခံမိနေတယ်"
ရှန်မို မျက်ခုံးပင့်လိုက်မိသည်။ ကံကောင်းမှုက သူ့ဆီကို တန်းတန်းမတ်မတ် လာနေမှတော့ ဘာကမှ တားဆီးနိုင်မည် မဟုတ်ပေ။ သူ၏ လက်ရှိ နားလည်သဘောပေါက်မှုနှင့်ဆိုလျှင် ဟင်းလင်းပြင်ကို အာရုံခံရန် ကြိုးစားကြည့်နိုင်ပေလိမ့်မည်။ သူသာ အောင်မြင်သွားပါက သူ၏ ခွန်အားမှာ အဆမတန် တိုးတက်သွားမည်ဖြစ်၏။
ဟေးယန် တည်ငြိမ်စွာ သတိပေးသည်။
"သခင်… ဟင်းလင်းပြင်ဟာ တကယ့်ကို အန္တရာယ်များပါတယ်… သေချာ ပြင်ဆင်ထားရမယ်"
"အရင်က ကိုယ်ခံပညာဘိုးဘေး ဟင်းလင်းပြင်ကို အာရုံခံတုန်းက သူဟာ လက်တစ်ဖက် ဒါမှမဟုတ် ခြေတစ်ဖက် မကြာခဏ ဆုံးရှုံးခဲ့ရတယ်… တစ်ခါတုန်းကဆိုရင် ခေါင်းနဲ့ ကိုယ်အထက်ပိုင်းပဲ ကျန်တဲ့အထိတောင် ဖြစ်ခဲ့ဖူးတယ်"
"ကံကောင်းတာက သူ့ရဲ့ ရုပ်ခန္ဓာက အလွန်အမင်း သန်မာနေလို့သာ အသက်ရှင်ခဲ့တာပါ"
ရှန်မို အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
"ငါ နားလည်ပါပြီ… ဟင်းလင်းပြင်က ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ငါ ပြင်ဆင်ထားပြီးသားပါ"
ထို့အပြင် သူ၏ ရုပ်ခန္ဓာမှာ ထိုအဆင့်ရှိ ကိုယ်ခံပညာဘိုးဘေးထက် နိမ့်ကျလိမ့်မည်ဟု မယုံကြည်ပေ။ သူ၏ ရုပ်ခန္ဓာမှာ အဆင့်တူချင်းတွင် ကိုယ်ခံပညာဘိုးဘေးထက် ပို၍ပင် ခိုင်ခံ့ပြီး စွမ်းအားကြီးမားမည်မှာ သေချာ၏။
ရှန်မို ခေါင်းကို မော့လိုက်သည်။ သူ၏ အကြည့်မှာ အိမ်ခေါင်မိုး၊ ကောင်းကင်ယံတို့ကို ဖောက်ထွက်ကာ ကမ္ဘာငယ်၏ အပြင်ဘက်ရှိ ကျယ်ပြောလှပြီး အဆုံးမဲ့ကာ ရှုပ်ထွေးလှသော ဟင်းလင်းပြင်ဆီသို့ ရောက်ရှိသွားသည့်အလားပင်။
"ဟင်းလင်းပြင်ကို အာရုံခံမယ့်နေ့က သိပ်မဝေးတော့ဘူး"
ရှန်မို အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ပြုံးလိုက်သည်။
...
နောက်ထပ် နှစ်နှစ် ကုန်လွန်သွားခဲ့သည်။
ရှန်မို၊ ရှုံလင်း နှင့် ပိုင်ကျွယ် တို့ကဲ့သို့သော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ၏ ဦးဆောင်မှုဖြင့် ခံတပ်ကြီး ၁၀ ခုသည် ဆဋ္ဌမမြောက်အလွှာသို့ တရားဝင် ဝင်ရောက်ခဲ့ကြသည်။ ဆဋ္ဌမမြောက်အလွှာ၏ အန္တရာယ်မှာ ပဉ္စမအလွှာထက် များစွာ သာလွန်သည်။ ဤနေရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် အတားအဆီးများမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလှ၏။
ရှန်မိုကဲ့သို့သော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များ ရှိနေသော်လည်း နေရာအနှံ့ကို မလွှမ်းခြုံနိုင်ပေ။ ဆဋ္ဌမမြောက်အလွှာသို့ စတင်ဝင်ရောက်သည့် ပထမဆုံးနေ့မှာတင် နတ်ဆိုးနှိမ်နင်းရေး အစောင့်များ အကျအဆုံး ရှိခဲ့သည်။ ခံတပ် ၁၀ ခုမှ နတ်ဆိုးနှိမ်နင်းရေး အစောင့် တစ်သောင်းနီးပါး၏ ကူညီမှုဖြင့် ဆဋ္ဌမမြောက်အလွှာ၏ အဝင်ဝတွင် အခြေစိုက်စခန်းကြီး နှစ်ခုကို ညှပ်ပူးညှပ်ပိတ်ပုံစံဖြင့် တည်ဆောက်နိုင်ခဲ့ကြသည်။
ရှေ့သို့ နောက်ထပ် တစ်လှမ်းတိုးရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှသည်။ အခြေစိုက်စခန်း နှစ်ခုလုံးမှာ နေ့တိုင်း နတ်ဆိုးများ၏ အကြီးအကျယ် တိုက်ခိုက်မှုကို ခံနေရသည်။ ဆဋ္ဌမမြောက်အလွှာ၏ နတ်ဆိုးချီစွမ်းအင်မှာ ပို၍ပင် ထူထပ်လှရာ ရှန်မိုကိုယ်တိုင်ပင် သူ၏ ခွန်အားမှာ အနည်းငယ် အနှိမ်ခံထားရသလို ခံစားနေရသည်။ သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်များအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။
တိုက်ပွဲမြေပြင်၏ အဝေးတစ်နေရာတွင်မူ နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးများက အခြေအနေကို စောင့်ကြည့်နေကြသည်။ သူတို့သည် တိုက်ပွဲတွင် ပါဝင်ခြင်းမရှိပေ။ ရှန်မိုက သူတို့ဆီသို့ ပြေးထွက်သွားတိုင်း သူတို့ အဝေးသို့ ဆုတ်ခွာသွားကြသည်။ ရှန်မို အခြေစိုက်စခန်းသို့ ပြန်လာသည့်အခါ သူတို့ကလည်း ပြန်လိုက်လာကြသည်။ ၎င်းမှာ အဆုံးမရှိ စိတ်ပျက်စရာ ကောင်းလှ၏။
ဤသည်မှာ နတ်ဆိုးများ၏ ကြောက်စရာကောင်းသော အချက်ဖြစ်သည်။
သူတို့ အရေအတွက် အလွန်များ၍ အစွမ်းထက်သည့် တစ်ဦးတစ်ယောက် ထွက်ပေါ်လာရန် အခွင့်အရေး နည်းပါးလျှင်ပင် နတ်ဆိုးဧကရာဇ်များမှာ အမြဲ အထိုက်အလျောက် ရှိနေစမြဲပင်။ ဤနတ်ဆိုးဧကရာဇ်များသည် "မဟာကောင်းကင်နတ်ဆိုး" တို့၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့နှင့် အာဏာပိုင်စိုးရှင်များဖြစ်ကြသော မဟာကောင်းကင်နတ်ဆိုး ၁၀ ပါးတို့၏ တစ်ခုတည်းသော ခြားနားချက်မှာ သူတို့သည် "အာဏာပိုင်စွမ်းအား" ကို မတတ်မြောက်ထားခြင်းသာ ဖြစ်သည်။
ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်း။
ရှန်မို အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး စိတ်ကို တည်ငြိမ်စေလိုက်သည်။
စိတ်အာရုံတစ်ခုဖြင့် သူ၏ သိစိတ်သည် "နတ်ဘုရားနန်းတော်" အတွင်းသို့ ဝင်ရောက်သွား၏။ နတ်ဘုရားနန်းတော်၏ နံရံလေးဖက်တွင် ယခုအခါ ဓမ္မရုပ်ပွားတော် လေးခုကို ထွင်းထုထားပြီး ဖြစ်သည်။
ပထမတစ်ခုမှာ အဆုံးမရှိ ကျယ်ပြောလှသော "မသေနိုင်သော မြစ်" ပင်။ ဒုတိယတစ်ခုမှာ အလင်းတန်းတစ်ခုကဲ့သို့ မြင့်မြတ်တောက်ပသော "လျင်မြန်သော မြင်းဖြူ" ဖြစ်သည်။ တတိယတစ်ခုမှာ အရာအားလုံးကို ဖောက်ထွက်လောင်ကျွမ်းစေမည့် "တောက်လောင်သော ကောင်းကင်မျက်လုံး" ဖြစ်ပြီး စတုတ္ထတစ်ခုမှာမူ ကြမ်းကြုတ်ရဲရင့်၍ ကောင်းကင်နှင့် မြေကမ္ဘာကို ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ဖြစ်နေသော "တိုက်ပွဲမိစ္ဆာ" ဖြစ်လေ၏။
ဤစတုတ္ထမြောက် ဓမ္မရုပ်ပွားတော်ကို ရှန်မို လွန်ခဲ့သော နှစ်ဝက်ခန့်က ယဲ့ယန်ထံမှ နှိုက်ယူခဲ့ခြင်း ဖြစ်သည်။ "တိုက်ပွဲမိစ္ဆာ" သည် အလွန်ရှားပါးလှသော နတ်ဆိုးသားရဲတစ်မျိုး ဖြစ်သည်။ ဒဏ္ဍာရီများအရ ၎င်းသည် "ကြယ်ဆုပ်ကိုင်မျောက်" နှင့် "ကောင်းကင်တုန်ခါစေသော နတ်ဆိုးမျောက်" တို့ ပေါင်းစပ်ရာမှ မွေးဖွားလာသော ကောင်းကင်နှင့် မြေကမ္ဘာ၏ သားရဲဖြစ်ပြီး ဤထူးခြားသော ပေါင်းစပ်မှုမှသာ မွေးဖွားနိုင်သည်။ ဤသားရဲ မွေးဖွားလာရန် အခွင့်အရေးမှာ အလွန်နည်းပါးသလို ငယ်စဉ်မှာပင် သေဆုံးသွားတတ်ကြသည်။ "တိုက်ပွဲမိစ္ဆာ" များသည် မျိုးပွားနိုင်စွမ်းမရှိဘဲ တိုက်ပွဲအတွက်သာ အသက်ရှင်ကြသူများ ဖြစ်သည်။ နတ်ဆိုးများ ကမ္ဘာကို အုပ်စိုးခဲ့သော ရှေးဟောင်းခေတ်တွင်ပင် တိုက်ပွဲမိစ္ဆာကို တွေ့ရခဲလှသည်ဟု ဆိုကြသည်။ ယခုခေတ်တွင်မူ ကြားပင်မကြားဖူးတော့ပေ။ ရှန်မိုသည် ရှေးဟောင်းကျမ်းအချို့မှတစ်ဆင့်သာ ဤရှားပါးမျိုးစိတ်၏ အကျဉ်းချုပ်ကို သိရှိခဲ့ခြင်းဖြစ်၏။
"နှိမ်နင်းဖို့အတွက် 'ဦးဆောင်ဆင်ကြီး'၊ ပြန်လည်ကုသဖို့အတွက် 'မသေနိုင်သော မြစ်'၊ အာရုံခံဖို့အတွက် 'တောက်လောင်သော ကောင်းကင်မျက်လုံး'၊ အရှိန်အတွက် 'လျင်မြန်သော မြင်းဖြူ'၊ တိုက်ခိုက်ဖို့အတွက် 'တိုက်ပွဲမိစ္ဆာ'”
ရှန်မိုက ပြုံးလိုက်သည်။ ဤဓမ္မရုပ်ပွားတော် ငါးခုနှင့်ဆိုလျှင် သူသည် ကဏ္ဍတိုင်းတွင် ပြည့်စုံသွားပြီ ဖြစ်သည်။ သူ့ကိုယ်သူ "ငါးထောင့်စုံ စစ်သည်တော်" ဟုပင် ခေါ်နိုင်ပေသည်။
ဤရက်ပိုင်းအတွင်း "မိုးကြိုးမီးလျှံနှင်းရည်" နှင့် "အနက်ရောင်ရေဝိညာဉ်အဆီအနှစ်" တို့ကဲ့သို့သော ရှားပါးရတနာများကို သန့်စင်ပြီးနောက် သူ၏ အဆင့်မှာ ထပ်မံတိုးတက်သွားခဲ့သည်။ ယခုမူ သူသည် ဓမ္မရုပ်ပွားတော်အဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။ သူ၏ လက်ရှိခွန်အားနှင့်ဆိုလျှင် နတ်ဆိုးနှိမ်နင်းရေး ခံတပ်အတွင်းရှိ မည်သည့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်မျှ သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။
တစ်ချိန်က သူ့ကို ခြိမ်းခြောက်နိုင်ခဲ့သော မဟာကောင်းကင်နတ်ဆိုးများသည်လည်း ယခုအခါ စိုးရိမ်စရာ မဟုတ်တော့ပါ။ ပထမမြောက် မဟာကောင်းကင်နတ်ဆိုး "အန်းချန်း" နှင့် ရင်ဆိုင်ရလျှင်ပင် သူ အနိုင်ရရန် ၅၀ သို့မဟုတ် ၆၀ ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်သည်။
"လမ်းလျှောက်ထွက်ကြည့်ဦးမှပဲ"
စိတ်ခံစားချက် ကောင်းနေသဖြင့် ရှန်မို မြင့်မားသော မျှော်စင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အားလုံးမှ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြသည်။
"ဗိုလ်ချုပ်ရှန်ကို ဂါရဝပြုပါတယ်”
"ဗိုလ်ချုပ်ရှန်… မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေခင်ဗျာ”
ရှန်မို ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်းအတွင်းတွင် လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ် နှင့် နဂါးမျိုးနွယ်တို့မှ နတ်ဆိုးနှိမ်နင်းရေး အစောင့်အားလုံး ရှိနေကြသည်ကို တွေ့ရသည်။
ဘာပဲဖြစ်ဖြစ် လက်ရှိတွင် ဆဋ္ဌမမြောက်အလွှာ၌ အခြေစိုက်စခန်း နှစ်ခုသာ ရှိသေးသည်။ ဤအခြေစိုက်စခန်းကို ရွှေ့ဝူခံတပ်၏ နတ်ဆိုးနှိမ်နင်းရေး အစောင့်များကသာ တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ အခြားခံတပ်များမှ အစောင့်များက အခြေစိုက်စခန်းအသစ်များ ထပ်မံတည်ဆောက်လိုပါက ဤနေရာကို အခြေခံစခန်းအဖြစ် သုံး၍ တစ်လှမ်းချင်း ရှေ့တိုးကြရမည် ဖြစ်သည်။ ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်းတွင် အခြေစိုက်ထားသော နတ်ဆိုးနှိမ်နင်းရေး အစောင့်အများစုမှာ လူသားခံတပ်လေးခု၊ နတ်ဆိုးမျိုးနွယ်၏ "ရွှေတောင်ခံတပ်" နှင့် နဂါးမျိုးနွယ်၏ "အေးစက်သောနဂါးခံတပ်" တို့မှ လာကြသူများ ဖြစ်သည်။
အနီးအနားရှိ "သွေးနတ်ဘုရား ၆-၁ အခြေစိုက်စခန်း" မှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ ထိုနေရာရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်အများစုမှာ နတ်ဆိုးခံတပ် လေးခုနှင့် နဂါးမျိုးနွယ်၏ "ပန်လုံခံတပ်" တို့မှ လာကြသူများ ဖြစ်သည်။
ရှန်မိုသည် စစ်ဆေးရေးထွက်သည့်အလား အခြေစိုက်စခန်းကို ပတ်ကြည့်နေ၏။
သူ ဆက်လက် ကျင့်ကြံရန်အတွက် မြင့်မားသော မျှော်စင်သို့ ပြန်ရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ပြေးလာသည်ကို တွေ့လိုက်ရသည်။
"ရှန်မို… ငါ့ရဲ့ ဗိုလ်ချုပ်ရှန်ကြီးရေ… မင်းကို နောက်ဆုံးတော့ ရှာတွေ့ပြီဟေ့”
Chapter 509 : မင်းကိုယ်မင်း မယုံရင်တောင် မင်းကံကြမ္မာကို ယုံလိုက်ပါ
ရောက်ရှိလာသူမှာ တခြားသူမဟုတ်ဘဲ ဝမ်ရှင်းအန်းပင် ဖြစ်သည်။
သူသည် ရွှေ့ဝူခံတပ်၏ ဒုတိယစစ်သေနာပတိဖြစ်ပြီး လက်နက်တိုက်ကို တာဝန်ခံအုပ်ချုပ်ရသူလည်း ဖြစ်သည်။ ယခုအခါ ရှန်မိုမှာ ကိုယ်ရံတော်မလိုတော့လောက်အောင် အစွမ်းထက်နေပြီ ဖြစ်သော်လည်း ဝမ်ရှင်းအန်းကမူ ရှန်မို၏ဘေးတွင် နေထိုင်ခွင့်ပြုရန် ကျန်းလုံရှန်းထံ ကိုယ်တိုင်တောင်းဆိုထားခဲ့သည်။ ရှန်မို ဘယ်သွားသွား သူ နောက်က တကောက်ကောက် လိုက်နေတတ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အရေးကြီးကိစ္စအားလုံးနီးပါးကို ဝမ်ရှင်းအန်းမှ ရှန်မိုထံ အစီရင်ခံတင်ပြခဲ့ခြင်း ဖြစ်သည်။
"တစ်ခုခု ဖြစ်လို့လား"
ရှန်မိုက မျက်ခုံးပင့်ကာ မေးလိုက်သည်။
ဝမ်ရှင်းအန်း ခေါင်းငြိမ့်ပြပြီး
"တကယ်ပဲ တစ်ခုခု ဖြစ်လို့ပါ… နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့က အနီးနားမှာရှိတဲ့ နတ်ဆိုးအခြေချရွာ တစ်ခုလုံး ပျောက်ကွယ်သွားတာကို တွေ့ခဲ့ကြတယ်… အဲဒါက တစ်ညတည်းနဲ့ ဘာအရိပ်အယောင်မှ မကျန်ဘဲ ပျောက်သွားတာ"
ရှန်မို မျက်မှောင်ကြုတ်သွားသည်။ နတ်ဆိုးအခြေချရွာတစ်ခုလုံး ပျောက်သွားသည်လား။
ဝမ်ရှင်းအန်း အသံကိုနှိမ့်ကာ
"နတ်ဆိုးတွေက နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပြန်လည်ရှင်သန်လာစေဖို့အတွက် ဒီအခြေချရွာတွေကို ယဇ်ပူဇော်လိုက်တာလို့ ကျွန်တော် ထင်တယ်… အရင်တစ်ခေါက် နတ်ဆိုးဧကရာဇ်ရဲ့ ဘယ်ဘက်လက်ကို ရှင်သန်အောင် လုပ်တုန်းကလည်း အသက်ပေါင်းများစွာကို လုယူခဲ့ကြတာ မဟုတ်လား… အဲဒီယဇ်ပူဇော်ခံရတဲ့သူတွေထဲမှာ ခံတပ်ရဲ့ အကာအကွယ်အောက်မှာရှိတဲ့ လူသားတွေ၊ မိစ္ဆာတွေနဲ့ နဂါးမျိုးနွယ်တွေတောင် ပါခဲ့သေးတယ်"
ရှန်မို ခေါင်းငြိမ့်လိုက်သည်။
အရင်က ရှေးဟောင်းယဇ်ပလ္လင်မှာ သူ တွေ့ခဲ့ရသည့် သွေးကန်ဘေးတွင် အလောင်းများစွာ ရှိနေခဲ့၏။ ထိုအထဲတွင် နတ်ဆိုးအချင်းချင်းပင် ပါဝင်သည်။ မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ အင်္ဂါအစိတ်အပိုင်းများကို ပြန်လည်အသက်သွင်းရန်အတွက် မဟာနတ်ဆိုးသခင်ကြီးများသည် မည်သည့်အရာကိုမဆို လုပ်ဆောင်ဝံ့ကြသည်။ သူတို့မျက်လုံးထဲတွင် သွေးနှောနေသော အဆင့်နိမ့်နတ်ဆိုးလေးများမှာ နတ်ဆိုးအစစ်ပင် မဟုတ်ဘဲ နတ်ဆိုးချီနံ့နံနေသည့် တိရစ္ဆာန်များမျှသာ ဖြစ်သည်။
တိရစ္ဆာန်တွေဖြစ်နေမှတော့ သူတို့ကို သတ်ဖြတ်ပြီး သူတို့ရဲ့သွေးနဲ့ နတ်ဆိုးဧကရာဇ်ကို ပြန်ရှင်အောင်လုပ်တာ မဆန်းတော့ပေ။
"ဒါက အရေးကြီးတယ်… အစအနတွေကို လိုက်ကြည့်ရင် နတ်ဆိုးယဇ်ပလ္လင်ကို ရှာတွေ့နိုင်ကောင်းရဲ့"
ရှန်မို ပြောလိုက်သည်။
ဝမ်ရှင်းအန်း ပြုံးလျက်
"ဒါက ကြီးမားတဲ့ ကုသိုလ်ထူးပဲ မဟုတ်လား… ဒါနဲ့တင် 'ပြင်းရှသောအရက်' တစ်အိုးလောက်နဲ့ လဲလို့ရပြီလား"
ရှန်မို မရယ်ဘဲ မနေနိုင်တော့ပေ။
"ကောင်းပြီ… တစ်အိုး သွားထုတ်လိုက်တော့"
အခြေစိုက်စခန်းတွင် အရက်ချက်တတ်သော နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ဦးရှိရာ သူချက်သောအရက်မှာ ကောင်းကင်တာအိုဘဏ္ဍာတိုက်မှ လဲလှယ်ရသော အရက်စစ်စစ်နှင့် မခြားနားလှပေ။
အရသာမှာ တထပ်တည်းနီးပါးပင် ဖြစ်သည်။
သိပ်ဇီဇာမကြောင်တတ်လျှင် သောက်လို့ အလွန်ကောင်းသည်။
ဝမ်ရှင်းအန်း ပြောနေသည်မှာ ထိုအရက်တုကို ဆိုလိုခြင်းဖြစ်၏။
ရှန်မိုမှ ဆက်၍
"ဒါနဲ့… မင်းကို ပေးထားတဲ့ ဓားက ဘယ်လိုလဲ"
ယဲ့ယန်၏ အခွင့်အရေးများထဲမှ တစ်ခုမှာ သံချေးတက်နေသော ဓားရှည်တစ်စင်းနှင့် ကြယ်တာရာ ဝိညာဉ်ကျောက်တုံး အချို့ဖြစ်သည်။ ထိုသံချေးတက်နေသော ဓားမှာ "ခုနစ်စင်ကြယ်ဓား" ဟု ခေါ်ပြီး မူလက အဆင့်နိမ့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။ နတ်ဆိုးချီများ၏ တိုက်စားမှုကို ခံရပြီးနောက် ၎င်းမှာ တဖြည်းဖြည်း တုံးသွားကာ ယခင်ပိုင်ရှင်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရ၏။ ယခုမူ အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက်မျှသာ ဖြစ်တော့သည်။
၎င်းကို နတ်ဆိုးများကို သတ်ဖြတ်ရာတွင် မကြာခဏ အသုံးပြုမှသာ သံချေးများ တဖြည်းဖြည်း စင်ကြယ်သွားမည် ဖြစ်သည်။
ရှန်မိုသည် ဓားကို အသုံးမပြုသည့်အပြင် နတ်ဆိုးသွေးနှင့် ဆေးကြောရန်လည်း စိတ်မဝင်စားသဖြင့် ဝမ်ရှင်းအန်းကိုသာ ပေးလိုက်ခြင်း ဖြစ်၏။
ထိုစကားကို ကြားသည်နှင့် ဝမ်ရှင်းအန်းသည် ခါးမှဓားကို ချက်ချင်းဆွဲထုတ်လိုက်ပြီး
"ဒီ ခုနစ်စင်ကြယ်ဓားက ကျွန်တော့်အတွက်တော့ အကောင်းဆုံးပဲ… မကြာသေးခင်က ဒါနဲ့ နတ်ဆိုးအတော်များများကို သတ်ခဲ့တယ်… ကြည့်လိုက်… သံချေးအချို့တောင် စင်သွားပြီ"
ဝမ်ရှင်းအန်း တဟားဟား ရယ်ကာ
"အဘိုးကြီးဝမ်တစ်ယောက် ကောင်းကင်အဆင့် လက်နက်ကို ကိုင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး… သံချေးတက်နေရင်တောင် ဒါက ကောင်းကင်အဆင့် လက်နက်ပဲ”
ဝမ်ရှင်းအန်း၏ စိတ်လှုပ်ရှားမှုကို မြင်သောအခါ ရှန်မိုလည်း ပြုံးမိသည်။
သာမန် နတ်ဆိုးနှိမ်နင်းရေး အစောင့်များအတွက် အဆင့်မြင့် မြေကမ္ဘာအဆင့် လက်နက်ဆိုသည်မှာပင် အမြင့်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ ကောင်းကင်အဆင့် လက်နက်ဆိုသည်မှာ အိပ်မက်ထဲတွင်သာ တွေ့ဖူးကြခြင်း ဖြစ်၏။ ဝမ်ရှင်းအန်း စစ်သေနာပတိ ဖြစ်ခဲ့စဉ်ကပင် သူစုဆောင်းထားသော စစ်မြေပြင်မှတ်တမ်းများမှာ ကောင်းကင်အဆင့် လက်နက်တစ်ခုနှင့် လဲရန် မလုံလောက်ခဲ့ပေ။ လုံလောက်လျှင်ပင် သူသည် လက်နက်ထက် ကျင့်စဉ်များ၊ ကိုယ်ခံပညာ တိုက်ကွက်များ သို့မဟုတ် စိတ်ဝိညာဉ်ဆေးလုံးများကိုသာ လဲလှယ်လိမ့်မည် ဖြစ်သည်။ ထိုအရာများက လက်နက်ထက် ပို၍ အသုံးဝင်သောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ သူသည် ကောင်းကင်အဆင့် ရတနာဓားတစ်စင်းကို ရရှိထားသဖြင့် တန်ဖိုးထားနေခြင်းပင်။
"မင်း သဘောကျရင် ပြီးတာပါပဲ"
ရှန်မို အသာအယာ ပြောလိုက်သည်။ သူ၏ အကြည့်မှာ ဝမ်ရှင်းအန်းကို ကျော်လွန်သွားပြီး သူ့ကို ရှောင်ရန် ကြိုးစားနေသော နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ဦးကို သတိထားမိလိုက်သည်။
သူ ပြုံးလျက်
"စစ်သေနာပတိ ယဲ့… ဒီကို လာပါဦး"
ယဲ့ယန်သည် စိတ်ထဲမှ ကျိန်ဆဲနေမိသော်လည်း မျက်နှာတွင်မူ အတင်းပြုံးကာ အပြေးရောက်လာသည်။ သူသည် တာဝန်တစ်ခုမှ အခုလေးတင် ပြန်ရောက်လာပြီး အနားယူရန် ပြင်နေစဉ် ရှန်မိုနှင့် လမ်းဆုံခဲ့ခြင်း ဖြစ်သည်။ သူသည် ကြောက်စိတ်ကြောင့် ရှန်မိုကို မမြင်ချင်ယောင်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ရှန်မိုက သူ့ကို တစ်ချက်တည်းနှင့် မြင်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ မတတ်သာတော့သဖြင့် ယဲ့ယန်သည် စိတ်ကိုတင်းကာ အနားတိုးသွားပြီး
"ဗိုလ်ချုပ်ရှန်… တစ်ခုခု ခိုင်းစရာ ရှိလို့လားခင်ဗျာ"
ရှန်မိုသည် ယဲ့ယန်၏ ကံကြမ္မာစနစ်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
"အဘိုးကြီးဝမ်… ယဇ်ပလ္လင်တည်နေရာကို ရှာဖို့အတွက် လက်ရုံးတစ်ဆူ လိုနေတယ် မဟုတ်လား… စစ်သေနာပတိယဲ့က ဒီအလုပ်အတွက် အသင့်တော်ဆုံးပဲလို့ ငါ ထင်တယ်"
ဝမ်ရှင်းအန်း ခေါင်းငြိမ့်ကာ
"ယဲ့ယန် လား… မင်းအကြောင်း ငါ ကြားဖူးပါတယ်… မင်းက မှတ်တမ်းကောင်းတွေရှိသလို ဗိုလ်ချုပ်ကျူးရွှမ်ကျီးရဲ့ တန်ဖိုးထားမှုကိုလည်း ခံရတဲ့သူပဲ"
"လွန်ခဲ့တဲ့ တစ်နှစ်က မင်းဟာ နဂါးပြာ ၅-၂ အခြေစိုက်စခန်းမှာ သတ္တမအဆင့် အထွတ်အထိပ် နတ်ဆိုးတွေရဲ့ လှိုင်းလုံးကြီးကို ခုခံခဲ့တယ်… ဗိုလ်ချုပ်ရှန် စစ်ကူနဲ့ ရောက်မလာမချင်း နှစ်ရက်တိုင်တိုင် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့တာပဲ"
"မဆိုးဘူး မဆိုးဘူး… ငါနဲ့အတူ နတ်ဆိုးယဇ်ပလ္လင်ရဲ့ တည်နေရာအစစ်အမှန်ကို ရှာဖို့ မင်း လိုက်မလား"
ထိုစကားကို ကြားလိုက်ရသည့်အခါ ယဲ့ယန်၏ စိတ်ထဲတွင် မုန်တိုင်းထန်သွားတော့သည်။ သူသည် အမြဲတမ်း အန္တရာယ်နှင့် ရလဒ်ကို တွက်ချက်တတ်သူ ဖြစ်သည်။ နတ်ဆိုးယဇ်ပလ္လင် တည်နေရာကို ရှာဖွေခြင်းကဲ့သို့သော အလုပ်မျိုးမှာ ပင်ပန်းရုံသာမက အလွန်အန္တရာယ် များလှသည်။ အကယ်၍ မှားယွင်းသွားပါက အသက်ပင် ဆုံးရှုံးနိုင်၏။ ဝမ်ရှင်းအန်း ပြောနေသော တစ်နှစ်က "မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သည်" ဆိုသော ကိစ္စမှာလည်း တကယ်တမ်းတွင် သူဖြစ်ချင်ခဲ့သည့်အရာ မဟုတ်ပေ။ သူ့နောက်ကွယ်တွင် မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြသဖြင့် သူ ထွက်ပြေးချင်သော်လည်း ထွက်မပြေးရဲခဲ့ခြင်းပင်။ သူ အံကြိတ်ကာ ရှေ့တိုးခဲ့ရုံသာ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဝိညာဉ်သုံးခုကို ပိုင်ဆိုင်ထားသလို ဝှက်ဖဲများစွာလည်း ရှိနေသဖြင့် ရှန်မို ရောက်မလာမချင်း နှစ်ရက်တိုင်တိုင် တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်၏။
ယဲ့ယန် စိတ်ထဲမှ သံသယဝင်နေမိသည်။ ရှန်မိုသည် သူ့ကို ဖယ်ရှားပစ်ရန်အတွက် ဤကဲ့သို့ အန္တရာယ်များသော အလုပ်ကို ခိုင်းနေခြင်းလား။ ဤသို့တွေးမိသည့်အခါ သူ၏ စိုးရိမ်စိတ်မှာ ပို၍ပင် ကြီးထွားလာသည်။ ရှန်မိုသည် ယဲ့ယန်၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်မိသည်။
နတ်ဆိုးယဇ်ပလ္လင်ကို ရှာဖွေရန်အတွက် ကံကောင်းမှု လိုအပ်သည်။ သာမန်ကံကောင်းမှုမျိုး မဟုတ်ဘဲ ကြီးမားသော ကံကြမ္မာအထောက်အပံ့ လိုအပ်ခြင်း ဖြစ်သည်။ သာမန်လူများမှာ ထိုအရာကို ဘယ်တော့မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဝမ်ရှင်းအန်း၏ ကံကောင်းမှုမှာ အများဆုံး ပျမ်းမျှအထက် အဆင့်မျှသာ ဖြစ်သည်။ သူသာ နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့ကို ခေါ်ပြီး သွားရှာမည်ဆိုလျှင် မိမိကိုယ်ကိုယ် ဘေးကင်းအောင် ထိန်းသိမ်းနိုင်လျှင်ပင် ကံကောင်းလှပြီ။ ယဇ်ပလ္လင်ကို တွေ့ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
ရှန်မိုကိုယ်တိုင် အချိန်ပေးရှာလျှင်ပင် အောင်မြင်မည်ဟု မသေချာပေ။ ထို့အပြင် ရှန်မိုသည် ဤကဲ့သို့သော အရာများတွင် အချိန်မဖြုန်းချင်ပါ။ ကျင့်ကြံခြင်းက ပို၍ အကျိုးရှိသည်မှာ ထင်ရှား၏။
သို့သော် ယဲ့ယန်မှာမူ မတူပေ။ သူသည် လင်းတုန်းထျန်း၏ ကံကြမ္မာနှင့် ပေါင်းစပ်ထားသူ ဖြစ်သည်။ သူ၏ ကံကောင်းမှုကို "ကောင်းကင်ကို ဆန့်ကျင်သော ကံကြမ္မာ" ဟုသာ တင်စားနိုင်သည်။ သူသာ ရှာဖွေရေးအဖွဲ့တွင် ပါဝင်မည်ဆိုလျှင် နတ်ဆိုးယဇ်ပလ္လင်၏ တည်နေရာကို သေချာပေါက် ရှာတွေ့လိမ့်မည်။ ထို့အပြင် အသက်ရှင်လျက် ပြန်လာနိုင်မည်မှာလည်း သေချာသည်။ ဤအချက်အပေါ်တွင် ရှန်မို အလွန်ယုံကြည်မှု ရှိနေ၏။
"ဗိုလ်ချုပ်ရှန်… ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ကျွန်တော် မထမ်းဆောင်နိုင်မှာ စိုးရိမ်မိပါတယ်… တခြား တစ်ယောက်ယောက်ကို ရွေးချယ်ပေးပါ" ဟု ယဲ့ယန်က တံတွေးကို မြိုချရင်း လျင်မြန်စွာ ပြောလိုက်သည်။
ရှန်မို သူ၏ ပုခုံးကို ခိုင်ခိုင်မာမာ ပုတ်လိုက်ပြီး
"စစ်သေနာပတိ ယဲ့… ငါ မင်းကို ယုံကြည်တယ်… လူတိုင်းကလည်း မင်းကို ယုံကြည်ကြတယ်… မင်းကိုယ်မင်းလည်း ယုံကြည်ရမယ်လေ”
မင်းကိုယ်မင်း မယုံကြည်နိုင်ရင်တောင် မင်းရဲ့ ကံကြမ္မာကိုတော့ ယုံကြည်လိုက်ပါ။
ယဲ့ယန် အသံကိုနှိမ့်ကာ
"ဒါပေမဲ့ ဗိုလ်ချုပ်ရှန်… ကျွန်တော် အခုလေးတင် တာဝန်က ပြန်ရောက်တာဆိုတော့ ဗိုလ်ချုပ်ကျူးရွှမ်ကျီးကို အစီရင်ခံဖို့ လိုသေးတယ်… ဗိုလ်ချုပ်ကျူးက ကျွန်တော့်ရဲ့ အစီရင်ခံစာကို မရရင် စိတ်ပူနေပါလိမ့်မယ်"
ရှန်မို မျက်လုံးကို အနည်းငယ် စူးရှစွာ ကြည့်လိုက်သည်။ သူသည် ကျူးရွှမ်ကျီးကို ဒိုင်းအဖြစ် သုံးပြီး ငါ့ကို ခုခံနေတာပေါ့။
ဝမ်ရှင်းအန်းမှာလည်း ဝါရင့်တစ်ယောက်ဖြစ်သဖြင့် ယဲ့ယန်၏ စကားထဲတွင် ငြင်းဆန်လိုသည့် အရိပ်အယောင်များကို ကြားနေရသည်။
ရှန်မို ပြုံးလိုက်ပြီး
"ဒါဆိုရင် အခုပဲ မမရွှမ်ကို ဆက်သွယ်ပြီး အခြေအနေကို အစီရင်ခံလိုက်လေ"
ယဲ့ယန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဝတ်ရုံထဲမှ နတ်ဆိုးကျောက်ဆောင် အသံလွှင့်ကျောက်စိမ်း တစ်ခုကို ထုတ်ယူလိုက်သည်။ နတ်ဆိုးပင်လယ်၏ အနက်ပိုင်းသို့ ရောက်လေလေ၊ သာမန် အသံလွှင့်ကျောက်စိမ်းများမှာ အလုပ်မလုပ်တော့ဘဲ ပျက်ကွက်တတ်လေ ဖြစ်သည်။ စစ်သေနာပတိအဆင့်နှင့် အထက်ကိုမူ ပို၍ အဖိုးတန်သော နတ်ဆိုးကျောက်ဆောင် အသံလွှင့်ကျောက်စိမ်းများ ထုတ်ပေးထားသည်။ ဤအသံလွှင့်ကျောက်စိမ်းများကို "နတ်ဆိုးကျောက်ဆောင် ကျောက်စိမ်း" ဟုခေါ်သော အထူးကျောက်စိမ်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ နတ်ဆိုးချီများ၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် ပြုလုပ်ရန် ခက်ခဲသော်လည်း ၎င်း၏ အားသာချက်မှာ ထူထပ်သော နတ်ဆိုးချီများကြားမှပင် သတင်းစကားကို ပေးပို့နိုင်ခြင်း ဖြစ်သည်။ နတ်ဆိုးကျောက်ဆောင် ကျောက်စိမ်းကို ပဉ္စမနှင့် ဆဋ္ဌမအလွှာများတွင် အများဆုံး တွေ့ရသည်။ အရင်က တူးဖော်ရန် ခက်ခဲသဖြင့် အများအပြား မဖြန့်ဝေနိုင်ခဲ့သော်လည်း ယခုအခါ ပဉ္စမအလွှာကို ထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့် ဤအသံလွှင့်ကျောက်စိမ်းများမှာ ပို၍ အသုံးများလာခဲ့သည်။ ယခုအခါ တပ်မှူး အဆင့်များပင် အသုံးပြုနိုင်ပြီ ဖြစ်သည်။
ခဏကြာ စောင့်ဆိုင်းပြီးနောက် အသံလွှင့်ကျောက်စိမ်း၏ အခြားတစ်ဖက်မှ ကျူးရွှမ်ကျီး၏ အသံ ထွက်ပေါ်လာသည်။
"ယဲ့ယန်… တာဝန်က ဘယ်လိုလဲ"
ယဲ့ယန်သည် ပုံမှန်အတိုင်း အစီရင်ခံလိုက်ပြီး နတ်ဆိုးယဇ်ပလ္လင်ကို ရှာဖွေရမည့် တာဝန်သစ်အကြောင်းကိုလည်း ထည့်ပြောလိုက်သည်။ ရှန်မို ရှိနေသဖြင့် သူသည် စကားကို လိမ်ညာ၍ မပြောရဲဘဲ အမှန်အတိုင်းသာ ပြောပြခဲ့သည်။ နောက်ဆုံးတွင် သူက
"... ဗိုလ်ချုပ်ကျူး… ဗိုလ်ချုပ်ရှန်က ကျွန်တော့်ကို ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ပေးအပ်ထားပါတယ်… ဒါပေမဲ့ ကျွန်တော် ဒါကို မလုပ်နိုင်မှာ စိုးရိမ်မိတယ်… ဗိုလ်ချုပ် ဘယ်လို ထင်ပါသလဲ"
Chapter 510: ယဲ့ယန်အကြောင်း အသိဆုံးသူ
ယဲ့ယန် စကားပြောပြီးနောက် ကျူးရွှမ်ကျီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ယဲ့ယန်၏ စိတ်ထဲတွင် ရုတ်တရက် စိတ်လှုပ်ရှားမှုများ တိုးလျှံလာခဲ့၏။
မျှော်လင့်ချက် ရှိလာပြီ။
သူသည် ကျူးရွှမ်ကျီး တန်ဖိုးထားရသူ မဟုတ်ပါလား။ ကျူးရွှမ်ကျီးသာ သဘောမတူလျှင် သူ သွားစရာ မလိုတော့ပေ။
သို့သော် နောက်တစ်စက္ကန့်တွင် ကျူးရွှမ်ကျီးမှ ဝမ်းသာအားရ ပြောလိုက်သည်။
"ဒါ တကယ့်ကို ကောင်းတဲ့ကိစ္စပဲ… ဗိုလ်ချုပ်ရှန်က မင်းကို တန်ဖိုးထားပြီး ယုံကြည်လို့ ပေးတဲ့တာဝန်ပဲ”
ယဲ့ယန် စွံ့အသွားသည်။
"??"
ကျူးရွှမ်ကျီးမှ ပျော်ရွှင်စွာဖြင့် ဆက်ပြော၏။
"ဒီတာဝန်ဟာ မင်းရဲ့ အရည်အချင်းကို ပြသဖို့ အခွင့်အရေးကောင်း တစ်ခုပဲ"
"မင်းဟာ ကျူးချွဲခံတပ်ရဲ့ နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ယောက်ဖြစ်တယ်… မင်းလုပ်သမျှ အရာတိုင်းဟာ ခံတပ်ရဲ့ ဂုဏ်သိက္ခာပဲ"
"မင်းသာ နတ်ဆိုးယဇ်ပလ္လင်ကို ရှာတွေ့ခဲ့ရင် လူသားမျိုးနွယ် နတ်ဆိုးနှိမ်နင်းရေး အစောင့်အားလုံးက ကျူးချွဲခံတပ်အတွက် ဂုဏ်ယူကြလိမ့်မယ်"
ယဲ့ယန် - "..."
ကျူးရွှမ်ကျီး ခေတ္တရပ်ကာ
"ဒါပေမဲ့ ဒီတာဝန်က တကယ် ပင်ပန်းပြီး အတော်လေး အန္တရာယ်များတယ်"
ယဲ့ယန်၏ မှေးမှိန်သွားသော မျက်လုံးများမှာ ချက်ချင်း ပြန်လည် ဝင်းလက်လာပြန်သည်။
ကျူးရွှမ်ကျီး ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြန်မေးသည်ကို သူကြားလိုက်ရသည်။
"ဗိုလ်ချုပ်ရှန် မင်းဘေးမှာ ရှိနေလား"
ယဲ့ယန် အမြန်ပြန်ဖြေသည်။
"ရှိပါတယ်… သူ ဒီမှာတင် ရှိနေတာ… အခုပဲ သူ့ကို စကားပြောခိုင်းလိုက်ပါ့မယ်"
ရှန်မို ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"မမရွှမ်"
ကျူးရွှမ်ကျီး ရိုးသားစွာ ပြော၏။
"မောင်လေးမို… တို့ရဲ့ ကျူးချွဲခံတပ်မှာ ပါရမီရှင် ရှားပါးတာ မင်းသိသားပဲ… ပါရမီရှင်တစ်ယောက်ယောက် ထိခိုက်ဆုံးရှုံးသွားတာဟာ တို့အတွက် တကယ့်ကို ကြီးမားတဲ့ ထိုးနှက်ချက်ပဲ..."
ယဲ့ယန်၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားရသည်။
ဗိုလ်ချုပ်ကျူး! မမဟာ ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပါပဲ!
"... အဲဒါကြောင့် ယဲ့ယန်ကို အသက်ဘေးက ကယ်တင်နိုင်မယ့် ဝှက်ဖဲတစ်ခုခု ပေးလို့ရမလား”
"မကြာသေးခင်က မမ 'အနက်ရောင်ရေဝိညာဉ်အဆီအနှစ်' သုံးစက် ရထားတယ်… အကယ်၍ မင်းက ယဲ့ယန်ကို အသက်ကယ်ဝှက်ဖဲ တစ်ခုခု ပေးမယ်ဆိုရင် မမ အဲဒီအဆီအနှစ်တွေကို ချက်ချင်း လူလွှတ်ပြီး ပို့ပေးလိုက်မယ်”
ကျူးရွှမ်ကျီး၏ လေသံထဲတွင် တောင်းဆိုသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
ယဲ့ယန်၏ မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားတော့၏။
ရှန်မိုမှ ပြုံးကာ
"ရပါတယ်… ယဲ့ယန်က ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲလေ… သူ ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာကို ကျွန်တော်လည်း မမြင်ချင်ပါဘူး"
"မမရွှမ် စိတ်ချပါ… ကျွန်တော် သူ့ကို အသက်ကယ်ဝှက်ဖဲ သေချာပေါက် ပေးလိုက်ပါ့မယ်"
ထိုအခါမှ ကျူးရွှမ်ကျီး စိတ်အေးသွားပြီး
"ကောင်းပြီ ကောင်းပြီ… မောင်လေးမို ကျေးဇူးအများကြီး တင်ပါတယ်”
"ယဲ့ယန်… ဗိုလ်ချုပ်ရှန်ကို အမြန် ကျေးဇူးတင်လိုက်ဦး" ယဲ့ယန်မှာ အင်တင်တင်ဖြင့်
"... ကျေးဇူး... ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှန်"
ရှန်မို ပြုံးပြီး
"မလိုပါဘူး… ကျေးဇူးတင်ချင်ရင် မင်းကို လမ်းညွှန်ပေးတဲ့ ဗိုလ်ချုပ်ကျူးကိုပဲ ကျေးဇူးတင်လိုက်ပါ"
"... ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကျူး။"
ကျူးရွှမ်ကျီးသည် ရှန်မိုနှင့် ခေတ္တမျှ ထပ်မံစကားပြောပြီးနောက် အသံလွှင့်ကျောက်စိမ်းကို ပိတ်လိုက်သည်။ သူ ရှန်မို၏ စရိုက်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိပုံရသည်။
ထို့နောက် ရှန်မိုသည် မှော်စာရွက် နှစ်ခုကို ထုတ်ယူလိုက်သည်။
"ဒီမှော်စာရွက်ကို ငါကိုယ်တိုင် ရေးဆွဲထားတာ… ဒါကို 'ဝှက်ဖဲဓားမှော်စာရွက်' လို့ ခေါ်ပြီး အထဲမှာ ငါ့ရဲ့ ဓားချီစွမ်းအင် အမျှင်တန်းတစ်ခု ပါဝင်တယ်" "မဟာနတ်ဆိုးသခင်ကြီး ၁၀ ပါးနဲ့ တိုက်ရိုက် မဆုံသရွေ့တော့ မင်းတို့ အသက်ဘေး အန္တရာယ် မရှိနိုင်ပါဘူး"
သူသည် မှော်စာရွက်နှစ်ခုကို ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ကို တစ်ခုစီ ပေးလိုက်သည်။ မကြာသေးခင်က သူသည် "ဝိညာဉ်ရတနာ မှော်စာရွက်များ၏ ဆန်းကြယ်သော အတတ်ပညာ" ကို လေ့လာနေပြီး အဆင့်နိမ့် မှော်စာရွက်အချို့ကို စတင် ရေးဆွဲတတ်လာခဲ့ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဤမှော်စာရွက်မှာ မည်သည့် အထူးအာနိသင်မျှ မရှိသော အဆင့်နိမ့် မြေကမ္ဘာအဆင့် မှော်စာရွက်အလွတ်မျှသာ ဖြစ်သည်။ သို့သော် ၎င်းမှာ တိုက်ကွက်တစ်ခုကို သိုလှောင်ထားနိုင်သည်။ ထို့ကြောင့် သူသည် "ဟင်းလင်းပြင် ရှေးဟောင်းဓား" ၏ ဓားချီစွမ်းအင် တစ်ခုကို ထည့်သွင်းထားခဲ့သည်။ သိသာသည်မှာ အဆင့်မြင့် ဝိညာဉ်အဆင့် မှော်စာရွက်အလွတ်တစ်ခု သိုလှောင်နိုင်သော စွမ်းအားမှာ သိပ်မကြီးမားလှပေ။ ထို့ကြောင့် ဤမှော်စာရွက်ထဲရှိ ဓားချီမှာ ဟင်းလင်းပြင် ရှေးဟောင်းဓား၏ အစွမ်းကုန် စွမ်းအား၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိပေလိမ့်မည်။
ဝမ်ရှင်းအန်း တဟားဟား ရယ်မောကာ
"စစ်သေနာပတိ ယဲ့… ဘာရပ်လုပ်နေတာလဲ… သွားကြစို့”
"ငါတို့သာ နတ်ဆိုးယဇ်ပလ္လင်ကို တကယ် ရှာတွေ့ခဲ့ရင် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုပဲ… ခံတပ်တစ်ခုလုံးလည်း ဂုဏ်တက်သွားမှာ”
ယဲ့ယန်ကမူ မချိပြုံး ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။ ယခုအချိန်တွင် ကျူးရွှမ်ကျီး၏ ခွင့်ပြုချက်နှင့် ရှန်မို၏ အသက်ကယ်ဝှက်ဖဲပါ ရရှိထားပြီးဖြစ်ရာ သူ ငြင်းဆန်ရန် အကြောင်းပြချက် မရှိတော့ပေ။ လိုက်သွားရုံသာ ရှိတော့သည်။ သူ၏ ကံကောင်းမှုများ ဆက်လက်ရှိနေပါစေဟုသာ သူ ဆုတောင်းနေမိသည်။
ရှန်မိုသည် ထိုနှစ်ယောက် ထွက်ခွာသွားသည်ကို ပြုံးလျက် ကြည့်နေခဲ့၏။ ဝမ်ရှင်းအန်းသည် ဝါရင့်တစ်ယောက်ဖြစ်ရာ ယဲ့ယန် မည်သို့သော လူစားမျိုးဖြစ်သည်ကို ရိပ်မိပြီးသား ဖြစ်လိမ့်မည်။ သို့သော် မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ပေ။ ယဲ့ယန်အတွက်မူ သူ ပို၍ပင် စိုးရိမ်စရာ မရှိချေ။ ဤကမ္ဘာပေါ်တွင် ယဲ့ယန်ကို ယဲ့ယန်ကိုယ်တိုင်ထက်ပင် ရှန်မိုက ပို၍ သိနားလည်သည်။
'မျှော်လင့်ထားတဲ့အတိုင်းပဲ… ယဲ့ယန်ရဲ့ ကံကြမ္မာစနစ်က ပြောင်းလဲသွားပြီ’
ထွက်ခွာသွားသော ယဲ့ယန်၏ နောက်ကျောကို ကြည့်ရင်း ရှန်မို မြင်တွေ့လိုက်ရသည်မှာ မျှော်လင့်ထားသည့်အတိုင်း တစ်စုံတစ်ခု ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။