ဒါမင်းကိုယ်တိုင်ပြောတဲ့စကားနော်
Vol. 22 Ch. 213
“မင်းက ငါ့ရဲ့ အင်မော်တယ်သတ်လှံကို လိုချင်တယ်ပေါ့၊ ကိုယ့်အစွမ်းကိုယ်ရော ပြန်မချိန်ဆတော့ဘူးလား”
“ငါကမင်းကို တကယ်ကြောက်နေတယ်လို့ထင်နေတာလား”
ကျန့်ရင်းသည် ကျန်းချန်ကို တည့်တည့်ချိန်ရွယ်ကာ အေးစက်စွာပြောလိုက်သည်။
“မင်းမပေးချင်ဘူးဆိုမှတော့ အစွမ်းနဲ့ပဲစကားပြောကြတာပေါ့”
“နိုင်တဲ့လူက ရတနာကိုးပါးစလုံးကိုပိုင်စေရမယ်”
အစ်ကိုကြီးချန်က သဘောကျစွာရယ်မောလိုက်သည်။
“ဒါမင်းကိုယ်တိုင်ပြောတဲ့စကားနော်”
ဒါက သူစောင့်နေတဲ့စကားပဲ...
မူလကသူသည် အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စု၏ရတနာကိုးပါးကို စိတ်မဝင်စားခဲ့ပေ။ သို့မဟုတ်ပါက နှလုံးသားဌာနနှင့် သူ၏ပတ်သက်မှုအရ နှလုံးသားထိုးဖောက်ကန်တော့ကို ခိုးယူရန် နည်းလမ်းရှာခဲ့သည်မှာကြာလေပြီ။
သူမလိုချင်တာတောင်မှ တချို့လူတွေက အဝေးကြီးကနေ အရောက်လာပို့ပေးနေမှတော့ မတတ်နိုင်ပေ။ အင်မော်တယ်သတ်လှံသည် အဆင့်ကျော်သတ်ဖြတ်နိုင်သည်ဟုကြားရသဖြင့် အနည်းငယ်တော့စိတ်ဝင်စား၏။
သို့သော်လည်း သူ့ဘေးမှလန်ယီမှာ မပျော်နိုင်ရှာပေ။ သူမက စိုးရိမ်တကြီးဖြင့် ကျန်းချန်ကို ဆွဲလိုက်သည်။
“အင်မော်တယ်သတ်လှံက ရတနာကိုးပါးထဲမှာထိပ်ဆုံးပဲ၊ ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ တစ်ပြိုင်နက် တိုက်ခိုက်နိုင်တာ”
“ကျန့်ရင်းက သူတော်စင်အဆင့်နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ ဒီရတနာသာ သူ့လက်ထဲရှိရင် အောက်လောကမှာ သူ့ကိုတစ်ဦးချင်းယှဉ်တိုက်ပြီး တားနိုင်မယ့်သူရှိမယ်မထင်ဘူး”
သူမသည် ဂိုဏ်းချုပ်ကျန်းက အစစ်အမှန်အင်မော်တယ်ကိုသတ်ခဲ့ပြီးပြီဖြစ်ကြောင်း မသိသေးပေ။
“လန်ယီ၊ နောက်ကျသွားပြီ”
ကျန်းချန်ကို သူမတားဆီးနေသည်ကို မြင်သောအခါ ကျန့်ရင်းက ချက်ချင်းပင် ယုံကြည်မှုတိုးလာသည်။
“စကားကပြောပြီးနေပြီ”
“နယ်ပယ်အသီးသီးကမိတ်ဆွေတွေလည်း ကြားကြတယ်မဟုတ်လား၊ ကျေးဇူးပြုပြီး သက်သေအဖြစ် ကူညီပေးကြပါ”
သူက ပတ်ဝန်းကျင်ကိုကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ဒီတိုက်ပွဲက ငါနဲ့ ကျန်းချန်ကြားက တစ်ယောက်ချင်းစိန်ခေါ်ပွဲပဲ။ ငါနိုင်ရင် အရိုးချေဖျက်အလံက ငါ့အပိုင်ဖြစ်ရမယ်”
“သူနိုင်ရင် အင်မော်တယ်သတ်လှံက သူ့အပိုင်ဖြစ်မယ်”
“ရှုံးတဲ့သူဘက်က ဘာကန့်ကွက်မှုမှမရှိစေရဘူး”
“ငါတို့က အစစ်အမှန်အင်မော်တယ်တွေကို အတူတကွတော်လှန်ဖို့အတွက်ပဲ။ စကားဖျက်တဲ့သူကို လူအားလုံးဝိုင်းဝန်းခိုက်တိုက်ကြမယ်”
ပတ်ဝန်းကျင်မှ ကျွမ်းကျင်သူများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြသည်။ ဓားသူတော်စင်ကွေ့ချန်းပင် ဘာမှမပြောနိုင်တော့ပေ၊ တားဆီးရန်အကြောင်းပြချက်မရှိ။
အစ်ကိုကြီးချန်မှာတော့ အားရပါးရ ရယ်မောချင်နေလေပြီ။ ဤလူသည် မိမိကိုယ်တိုင် ကျင်းပိုနက်အောင်တူးနေရုံသာမက အမြဲတမ်းပိုင်ဆိုင်မှုအဖြစ် တိတ်တဆိတ်ပြောင်းလဲလိုက်ပြီး သက်သေများပင်ရှာထားလိုက်သေးသည်။
“ဒါဆိုစကြတာပေါ့”
စကားအဆုံးတွင် သူသည် ရှေးဟောင်း ယန်အင်မော်တယ်ဓားကို ထုတ်ယူလိုက်သည်။ အင်မော်တယ်သတ်လှံ၏စွမ်းအားကို မသိသေးသဖြင့် အနည်းငယ်အလေးအနက်ထားရန် ဆုံးဖြတ်လိုက်၏။ လှံတစ်စင်းနှင့် ဓားတစ်လက်၊ အကွာအဝေးတစ်ခုမှနေ၍ ရင်ဆိုင်လိုက်ကြသည်...
နယ်ပယ်အသီးသီးမှ သောင်းနှင့်ချီသော ကျွမ်းကျင်သူများ၏စောင့်ကြည့်မှုအောက်တွင် နှစ်ဦးသား တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်...
ထို့နောက် ဘာကိုမှမမြင်ရတော့ပေ။ ကျန်းချန်၏ သူတော်စင်နယ်ပယ်ပွင့်ထွက်လာပြီး ပင်မစည်းမျဉ်း ၉၉၂ ခု စတင်အလုပ်လုပ်သောအခါ ထိုဟင်းလင်းပြင်မှာ လုံးဝ ပရမ်းပတာဖြစ်သွားလေ၏။
ဓားသူတော်စင်ကွေ့ချန်းနှင့် မိစ္ဆာသူတော်စင်ရှုယွမ်တို့အပါအဝင် အတွင်းတွင်မည်သို့ဖြစ်နေသည်ကို မည်သူမျှမမြင်နိုင်တော့ပေ။ သူတို့မြင်ရသည်မှာ ကြီးမားသော ရွှေရောင်လှံအလင်းတစ်ခု တိုးထွက်လာပြီးနောက် ပိုမိုခမ်းနားသောအလင်းတန်းတစ်ခု၏ ချေမှုန်းခြင်းခံလိုက်ရသည်ကိုသာ။
ရှေးဟောင်း ယန်အင်မော်တယ်ဓားက လှံအလင်းကို ချက်ချင်းဝါးမြိုလိုက်ပြီးနောက် ကျန့်ရင်း၏ ခန္ဓာကိုယ်ကိုပါ တစ်ပါတည်းဝါးမြိုသွားတော့သည်။ လှံအလင်းမှာ အလင်းစက်များအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
ကျန်းချန်၏ အင်မော်တယ်နှင့် မိစ္ဆာခန္ဓာကိုယ်မှာ စွမ်းအားပြခွင့်ပင်မရလိုက်သော်လည်း သူ၏ဝိညာဉ်မှာမူ တစ်ခါမှမကြုံဖူးသည့် ပြင်းထန်သောတိုက်ခိုက်မှုကိုခံလိုက်ရသည်။
ထိုတိုက်ခိုက်မှုမှာ အစစ်အမှန်အင်မော်တယ်ကျန့်ထိုင်၏ ဝိညာဉ်တိုက်ခိုက်မှုထက်ပင် ပို၍တိုက်ရိုက်ကျကာ ရတနာများ၏ခံစစ်ကိုကျော်ဖြတ်ပြီး သူ၏ဝိညာဉ်အနက်ရှိုင်းဆုံးဆီသို့ ဝင်ရောက်လာ၏။
ချက်ချင်းဆိုသလိုပင် သူ၏သူတော်စင်ဝိညာဉ်အတွင်း၌ မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ လှုပ်ခတ်သွားသည်။ ရေတွက်မရသော ရွှေရောင်မီးလျှံများက ဥက္ကာခဲများကျဆင်းလာသလို ရူးသွပ်စွာတိုက်ခိုက်လာရာ သူ့အသိစိတ်မှာ ပရမ်းပတာဖြစ်လုနီးပါးပင်။ အကယ်၍ ဤနေရာတွင် အခြားသောသူတော်စင်အဆင့်ကျွမ်းကျင်သူသာဆိုလျှင် သူတို့၏ဝိညာဉ်မှာ နေရာတင်ပျက်စီးသွားလောက်ပြီဖြစ်သည်။
တိုက်ပွဲဌာနမှ ကျွမ်းကျင်သူတစ်ယောက်က လွန်ခဲ့သောနှစ်ပေါင်းများစွာက နယ်မြေဖြတ်ကျော်ခြင်း၏ စည်းမျဉ်းဖိနှိပ်မှုအောက်တွင် မိစ္ဆာသူတော်စင်များစွာကို အဘယ်ကြောင့်သတ်နိုင်ခဲ့သည်ကို သူနားလည်သွားလေပြီ။
ဤလှံ၏စွမ်းအားမှာ ထူးခြားလှ၏...
ကံကောင်းထောက်မစွာဖြင့် သူ၏ သူတော်စင်ဝိညာဉ်အရည်အသွေးမှာ ခေတ်အဆက်ဆက်ကိုကျော်လွန်ကာ ထူးကဲနေခြင်းပင်။ တခဏအတွင်းမှာပင် အတိုင်းအဆမဲ့သော ဝိညာဉ်ပင်လယ်ကြီးက ပိုမိုပြင်းထန်သောလှိုင်းလုံးကြီးများကိုလှုပ်ခတ်စေပြီး ကျူးကျော်လာသော မီးလျှံအားလုံးကို ချေမှုန်းပစ်လိုက်သည်။
လူတိုင်း ကွင်းပြင်ကိုပြန်ကြည့်လိုက်သောအခါ တိုက်ပွဲကပြီးဆုံးသွားလေပြီ။ ရွှေအင်မော်တယ်သတ်လှံမှာ မြေပြင်ပေါ်တွင်လဲလျောင်းနေသည်။ ကျန့်ရင်း၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာမူ ရှေးဟောင်းယန်အင်မော်တယ်ဓား၏တိုက်ခိုက်မှုအောက်တွင် ပြာပင်မကျန်အောင် ဖျက်ဆီးခံလိုက်၏။
အင်မော်တယ်သတ်လှံသည် သတ်ဖြတ်ခြင်းကိုသာအဓိကထားပြီး ခံစစ်မရှိသောကြောင့်ဖြစ်သည်။ နှစ်ဦးသား တစ်ပြိုင်နက်တိုက်ခိုက်ကြရာတွင် ကျန်းချန်ကတားဆီးနိုင်ခဲ့သော်လည်း သူကမတားနိုင်ခဲ့ပေ။ ထို့ကြောင့် သူသေသွားသည်။
အစ်ကိုကြီးချန်ကတော့ ဤရလဒ်မှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုယူဆသည်။ သူ၏တိုက်ခိုက်မှုကို အစစ်အမှန်အင်မော်တယ်ကျန့်ထိုင်ပင် မတားနိုင်ခဲ့။ ထို့အပြင်သူသည် ကံစမ်းမဲလှည့်ပြီးကာစဖြစ်ရာ ပင်မစည်းမျဉ်း ၄၈၀ တိုးလာပြီး သူတော်စင်နယ်ပယ်မှာလည်း အဆပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့သည်။ သူတော်စင်နောက်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်လိုက်နိုင်ခြင်းမှာသာမန်သာ။
သို့သော် အခြားလူများမှာမူ ထိုသို့မတွေးကြပေ။
ဒါ ဘာအခြေအနေလဲ...
ကျန့်ရင်း ဘယ်မှာလဲ...
သူတို့သည် ဝိညာဉ်အာရုံဖြင့် ကျန့်ရင်း၏အရိပ်အယောင်ကို လိုက်ရှာနေကြဆဲ။ သို့သော် ဘယ်မှာရှာတွေ့နိုင်တော့မည်နည်း။ သူတို့မှင်တက်နေစဉ်မှာပင် ကျန်းချန်က အားနာမနေတော့ဘဲ အင်မော်တယ်သတ်လှံကို သိမ်းယူလိုက်၏။
“အားလုံးကြားတဲ့အတိုင်းပဲ၊ နိုင်တဲ့သူကရမှာ၊ အမြဲတမ်းပဲ”
စကားအဆုံးတွင် သူသည် ဤအဆင့်မြင့်ရှေးဟောင်းရတနာကို သိုလှောင်လက်စွပ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်တော့သည်။ တခြားလူက ရတနာလာပို့ပေးတယ်ဆိုတာ... ဒီလောကက လူတွေက တကယ်ကို ရက်ရောကြတာပဲ။
တိုက်ပွဲဌာနမှ အခြားအဖွဲ့ဝင်များမှာမူ ဤရလဒ်ကို လုံးဝလက်မခံနိုင်ကြပေ။
“ဒါမဖြစ်နိုင်ဘူး”
“မျိုးနွယ်စုခေါင်းဆောင်မရှုံးသေးဘူး”
“သူဒီမှာရှိနေဦးမှာပါ၊ တိုက်ပွဲကမပြီးသေးဘူး”
တိုက်ပွဲဌာန၏ အရင်ကဂုဏ်သိက္ခာများကြောင့် သူတို့သည် ဤအမှန်တရားကို ရင်မဆိုင်နိုင်ကြပေ။
ကျန်းချန်က ပခုံးတွန့်ပြလိုက်သည်...
“ဒါဆိုရင်လည်း သူ့ကိုထွက်လာခိုင်းလိုက်လေ၊ ဒါမှမဟုတ် သွားရှာကြမလား... လမ်းပျောက်နေတာများလား”
“မျိုးနွယ်စုခေါင်းဆောင်က ဒီလိုလွယ်လွယ်နဲ့မသေနိုင်ဘူး”
“မင်း ဘယ်လိုမှော်အတတ်တွေသုံးလိုက်တာလဲ”
“ငါတို့ရဲ့အင်မော်တယ်သတ်လှံကိုပြန်ပေး”
ဂိုဏ်းချုပ်ကျန်းက စိတ်မရှည်စွာဖြင့် သူ၏ဓားကိုမြှောက်လိုက်သည်။
“မင်းတို့ကို ငါက မျက်နှာသာပေးနေတယ် ထင်နေလား၊ အောက်လောကကိုသွားပြီး သူ့ကို အဖော်သွားလုပ်ပေးချင်တာလား”
ချက်ချင်းပင် စွပ်စွဲသံအားလုံး ရပ်တန့်သွားသည်။ တိုက်ပွဲဌာနအဖွဲ့ဝင်များမှာ ချွေးစေးများထွက်လာပြီး ရုတ်တရက် သတိဝင်လာကြ၏။
ခေါင်းဆောင်လည်း သေပြီ၊ အင်မော်တယ်သတ်လှံလည်း မရှိတော့ဘူး၊ သူတို့ ဘာနဲ့ မာန်တက်နေဦးမှာလဲ...
“ကျွန်တော်... ကျွန်တော် ခေါင်းဆောင်ကို သွားရှာလိုက်ဦးမယ်”
“ကျွန်တော်လည်းသွားမယ်”
ဝှစ်...
စက္ကန့်ပိုင်းအတွင်းမှာပင် တိုက်ပွဲဌာနအဖွဲ့ဝင်အားလုံးမှာ ယုန်ထက်မြန်သောအရှိန်ဖြင့် ဆုတ်ခွာသွားကြတော့သည်။
ဘာဖြစ်သွားတာလဲ...
သူတို့ကတော့ သည်းထိတ်ရင်ဖိုစရာတိုက်ပွဲကြီးဖြစ်လာမည်ဟု ထင်ထားကြ၏။ အထူးသဖြင့် အင်မော်တယ်သတ်လှံ၏ဂုဏ်သတင်းကိုကြားပြီးနောက် လူအများက ကျန်းချန် အပြင်းအထန်အရိုက်ခံရလိမ့်မည်ဟုပင် ထင်ခဲ့ကြသည်။
သို့သော်...
တစ်စက္ကန့်မပြည့်ခင်မှာ ကျန့်ရင်းသေပြီး တိုက်ပွဲကပြီးသွားခဲ့ပြီ။
ဒါကဘာလဲ...
အပြတ်အသတ် ချေမှုန်းလိုက်တာလား...
ဒါမှမဟုတ် မှော်အတတ်တစ်ခုခု သုံးလိုက်တာလား...
ဒါမှမဟုတ် နှစ်ယောက်သား ဇာတ်တိုက်ထားတာလား...
ဓားသူတော်စင်ကွေ့ချန်း၊ ဓားသူတော်စင်လင်ရှင်း၊ ရွှေနဂါးဘုရင်နှင့် မိစ္ဆာသူတော်စင်ရှုယွမ်တို့ကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူများကမူ ထိုသို့မတွေးကြပေ။ အသေးစိတ်ကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရသော်လည်း ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်စွမ်းအားများကို သူတို့ အပြည့်အဝနားလည်လိုက်ကြသည်။ အကယ်၍ သူတို့သာ ထိုတိုက်ပွဲ၏အလယ်ဗဟိုသို့ရောက်သွားခဲ့လျှင် သူတို့လည်းသေသွားနိုင်သည်မဟုတ်ပါလား။ ထိုအချက်ကတင် လုံလောက်နေပါပြီ...
“ဂိုဏ်းချုပ်ကျန်း...”
ဓားသူတော်စင်ကွေ့ချန်းက ကျန်းချန်ကို လက်မထောင်ပြချင်စိတ်ပင် ပေါက်သွားသည်။
“ခင်ဗျားရဲ့အစွမ်းကတော့ သမိုင်းတစ်လျှောက် အောက်လောကမှာ နံပါတ်တစ်လို့တောင် ပြောလို့ရမယ်”
ဤအသိအမှတ်ပြုမှုမှာ လူတိုင်း၏ထောက်ခံမှုကို ချက်ချင်းရရှိသွားသည်။ သူတို့သည် အရင်က အစစ်အမှန်အင်မော်တယ်ကို သတ်သည့်တိုက်ပွဲကို မမြင်ခဲ့ရသော်လည်း ဤတိုက်ပွဲကတော့ သူတို့မျက်စိရှေ့တင် တိုက်ခိုက်ခဲ့ကြ၏။ သူမည်သို့လုပ်လိုက်သည်ကိုမသိသော်လည်း ကျန့်ရင်းကိုသတ်ပြီး အင်မော်တယ်သတ်လှံကိုသိမ်းယူလိုက်သည်မှာ အငြင်းပွားဖွယ်မရှိသော အမှန်တရားပင်။
“ဂိုဏ်းချုပ်ကျန်းက အစွမ်းထက်လှပါတယ်”
“ဂိုဏ်းချုပ်ကျန်းရဲ့ဦးဆောင်မှုနဲ့ဆိုရင် အစစ်အမှန်အင်မော်တယ်ဆိုတာ ဘာပြောစရာရှိတော့မှာလဲ”
“အရမ်းတော်လွန်းတယ်၊ ငါတို့ အောက်လောက နယ်ပယ်ပေါင်းစုံရဲ့ အလင်းရောင်ပဲ”
မိစ္ဆာသူတော်စင်ရှုယွမ်မှာလည်း ဆွံ့အသွားရသည်။ ဤအစွမ်းမှာ သူ့ထက် အပြတ်အသတ် သာလွန်နေပြီဖြစ်ရာ ကန့်ကွက်စရာမရှိတော့။
“ဒီလူက နယ်ပယ်တစ်ခုရဲ့ အကန့်အသတ်ကိုတောင် ကျော်လွန်သွားပြီ”
“သူ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တာ တကယ်ကိုမှန်ကန်တဲ့ရွေးချယ်မှုပဲ”