← Chapters

လိမ်နေတာထင်တယ်

Vol. 22 Ch. 214

လိမ်နေတာထင်တယ်

Vol. 22 Ch. 214

ကျန့်ရင်းကိုသတ်၍ အင်မော်တယ်သတ်လှံကို ရရှိလိုက်ပြီးနောက် ကျန်းချန်၏ဂုဏ်သတင်းမှာ တစ်ဟုန်ထိုးမြင့်တက်သွားပြန်သည်။ ယခုအခါ အမဲလိုက်ခံနေရသော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများသာမက အစစ်အမှန်အင်မော်တယ်လေးဦး၏ လက်အောက်ခံများပင်လျှင် ဘက်ပြောင်းလာကြတော့သည်။

ထို့နောက် ဖေးရှန်ဂိုဏ်းသို့ခိုလှုံကြသည်။ ကျန်းချန်နှင့် သူတို့မှာ အောက်လောကမှ တက်လာသူများဖြစ်ခြင်းကြောင့် လောကတစ်ခုတည်းမှလာသူများဖြစ်ကြ၏။ ထို့အပြင် ဤနေရာတွင် မည်သည့်ကန့်သတ်ချက်မှမရှိသော်လည်း အင်မော်တယ်လေးဦးဘက်တွင်မူ ကျွန်များကဲ့သို့ဆက်ဆံခံရပြီး တင်းကျပ်လှကာ မည်သည့်လွတ်လပ်ခွင့်မှမရှိ။

ရက်အနည်းငယ်အတွင်းမှာပင် ဖေးရှန်ဂိုဏ်းဘက်၌ လူပေါင်း ၁၂၀,၀၀၀ ခန့် စုဝေးမိသွားသည်။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေတွင် သေဆုံးသွားသူများနှင့် အစစ်အမှန်အင်မော်တယ်များ၏လက်ချက်ဖြင့် သေဆုံးသွားသူများကိုဖယ်လိုက်လျှင် ကျွန်းပေါ်တွင်ကျန်ရှိသမျှ အောက်လောကကျင့်ကြံသူအားလုံးနီးပါးပင်။ ဤလူများထဲတွင် သူတော်စင်အဆင့်ကျွမ်းကျင်သူ သောင်းနှင့်ချီ၍ပါဝင်သည်။ တစ်ဦးတည်းသော ပေါ်မလာသေးသူမှာ အစွမ်းအထက်ဆုံးဟုဆိုရမည့် ဟင်းလင်းပြင်နယ်မြေမှလူများသာ။

သို့သော်လည်း အစ်ကိုကြီးချန်က သိပ်ဂရုမစိုက်ပေ။ သူသိသည်မှာ အားပေးမည့်ပရိသတ်ကြီးမှာ ပို၍အင်အားတောင့်တင်းလာပြီဖြစ်ကြောင်းသာ။

"လက်ရှိမှာ အင်မော်တယ်လေးဦးလက်အောက်မှာ နောက်လိုက်တစ်သိန်းကျော်ရှိသေးတယ်"

"သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအားအရပြောရရင် ငါတို့ဘက်က သူတို့ထက်သာနေပြီ"

"စိုးရိမ်ရတာက အစစ်အမှန်အင်မော်တယ်လေးယောက်ပဲ"

အစည်းအဝေးခန်းမအတွင်းတွင် ထိပ်တန်းသူတော်စင်အဆင့်ကျွမ်းကျင်သူ ရာပေါင်းများစွာစုဝေးနေကြ၏။ ဘယ်ဘက်တွင် ဓားနယ်မြေနှင့် ကောင်းကင်မိစ္ဆာနယ်မြေမှ ကျွမ်းကျင်သူများ တန်းစီနေပြီး ညာဘက်တွင် မိစ္ဆာနယ်မြေနှင့် ကောင်းကင်ကျမ်းနယ်မြေမှ အားကောင်းသူများ တန်းစီနေကြသည်။ အောက်လောက၏ နယ်မြေပေါင်းသောင်းခြောက်ထောင်ထဲမှ ထိပ်တန်းအဆင့် ၂၀ ရှိသော နယ်မြေများအနက် ၁၅ ခုမှာ ဤနေရာတွင်ရှိနေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး အင်မော်တယ်ဖြစ်သူမိုချန်ပင် သက်ပြင်းမချဘဲမနေနိုင်ပေ။ ဤလူတစ်ယောက်ချင်းစီမှာ ထူးချွန်သောပါရမီနှင့် ထူးခြားသောကံကြမ္မာရှိကြသူများဖြစ်ပြီး လူထဲကလူ လူစွမ်းကောင်းများပင်။ အချို့မှာ ကံကောင်းမှုအဆင့်အရပြောလျှင် ကံကြမ္မာ၏သားတော်များပင် ဖြစ်နိုင်သည်။

သို့မဟုတ်ပါက အောက်လောက၏ မရေမတွက်နိုင်သော ကျင့်ကြံသူများထဲမှ ထင်ရှားလာရန်မဖြစ်နိုင်။ အကယ်၍ သူတို့သည် နောင်တွင် အင်မော်တယ်လောက၌ အသက်ရှင်ကျန်ရစ်ခဲ့လျှင် အနည်းဆုံးထက်ဝက်ခန့်မှာ အင်မော်တယ်လောက၏ အကောင်ကြီးကြီးများ ဖြစ်လာကြပေလိမ့်မည်။

သို့သော် ယခုအခါ ဂိုဏ်းချုပ်သည် ပင်မထိုင်ခုံတွင်ထိုင်နေပြီး ဤလူအုပ်ကြီးက ကြယ်များခြံရံထားသောလမင်းကဲ့သို့ ဝန်းရံထား၏။ သူလိုက်ပါကူညီနေသော အဘိုးကြီးသည် အစွမ်းအထက်ဆုံးလူနောက်ကို လိုက်နေခြင်းပင်... သူ၏အမြင်စူးရှမှုကို မချီးကျူးဘဲမနေနိုင်တော့ပေ။

"ဂိုဏ်းချုပ်ကျန်း... ရတနာကိုးပါးအင်မော်တယ်ဝင်္ကပါကို ခင်ဗျားကျွမ်းကျင်သွားပြီလားလို့ သိချင်မိပါတယ်"

"ဟုတ်ပါတယ်... အစစ်အမှန်အင်မော်တယ်လေးယောက်ကိုတိုက်ဖို့ဆိုရင် ဒီဝင်္ကပါက အလွန်အရေးကြီးပါတယ်"

သူတို့၏မေးမြန်းမှုကိုကြားသောအခါ အစ်ကိုကြီးချန် အနည်းငယ်ခေါင်းကိုက်သွားသည်။ ကျန့်ရင်းကိုသတ်ပြီးနောက် ကျန်သော ဌာန ၆ ခုမှာလည်း ဤနေရာတွင်ခိုလှုံနေကြ၏။ သူသာ ထိုရတနာ ၆ ခုကို တောင်းဆိုခဲ့လျှင် ထိုဌာနများက လုံးဝငြင်းဆန်ရဲကြမည်မဟုတ်။

သူစကားတစ်ခွန်းပြောလိုက်ရုံဖြင့် အများအကျိုးအတွက်ဟုဆိုကာ အခြားနယ်မြေများကလည်း ထိုရတနာများကို လုယူပေးကြပေလိမ့်မည်။ သို့သော် ကျန်းချန်သည် ထိုရတနာများကိုမယူခဲ့ပေ။

"တကယ်တော့... အဲဒီဝင်္ကပါမရှိလည်း အစစ်အမှန်အင်မော်တယ်လေးယောက်ကို တိုက်နိုင်ပါတယ်..."

ယခုအခါ သူအလွန်အားကောင်းနေပြီဖြစ်ရာ အင်မော်တယ်လေးယောက်ကို ရှာမတွေ့ခြင်းကသာ ပြဿနာဖြစ်နေသည်။

ဓားသူတော်စင်ကွေ့ချန်းက အလျင်အမြန် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျန်း... ရန်သူကိုလျှော့မတွက်ပါနဲ့"

ရွှေနဂါးဘုရင်ကလည်းဆိုသည်။

"ကျွန်တော်အစိုးရိမ်ဆုံးက အင်မော်တယ်လေးယောက် စုပေါင်းသွားမှာကိုပဲ... ဂိုဏ်းချုပ်ကျန်းရဲ့အစွမ်းက အရမ်းထက်မြက်ပြီး အင်မော်တယ်တစ်ယောက်ကို အနိုင်ယူနိုင်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ လေးယောက်လုံးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ဒီဝင်္ကပါမပါဘဲ လုံးဝမဖြစ်နိုင်ပါဘူး"

ကျန်သူများကလည်း ခေါင်းညိတ်ထောက်ခံကြသည်။

"ဟုတ်ပါတယ်... ဒီဝင်္ကပါကိုလေ့ကျင့်ဖို့က နှောင့်နှေးလို့မဖြစ်ပါဘူး"

"ဂိုဏ်းချုပ်ကျန်း... အချိန်မဆွဲပါနဲ့တော့"

မိစ္ဆာသူတော်စင်ရှုယွမ်၏မျက်လုံးများတွင် မိစ္ဆာအလင်းများတောက်ပလာပြီး သူက ကြမ်းတမ်းစွာဆိုသည်။

"ဂိုဏ်းချုပ်ကျန်း... ခင်ဗျားက ဟိုဌာန ၆ ခုရဲ့ ရတနာတွေကိုလုဖို့ ဝန်လေးနေတာလား... အခုက သနားကြင်နာနေရမယ့်အချိန် မဟုတ်ဘူးနော်... ခင်ဗျားတကယ်ပဲ လက်မရဲဘူးဆိုရင် ဒီမိစ္ဆာကပဲ အဲဒီလူတွေကို ရှင်းပေးလိုက်ပါ့မယ်"

မိစ္ဆာနယ်မြေမှ အခြားမိစ္ဆာသူတော်စင်များကလည်း သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်ဖော်လာကြသည်။

"ကျွန်တော်တို့ အစအနမကျန်အောင် ရှင်းပေးပါ့မယ်"

"ပြီးရင်လည်း ဒါဟာ မိစ္ဆာနယ်မြေရဲ့လက်ချက်လို့ပဲ သတ်မှတ်လိုက်ပေါ့၊ ဂိုဏ်းချုပ်ကျန်း စိတ်အေးအေးထားပါ"

ကျန်းချန်ဆွံ့အသွား၏။

မင်းတို့ကို မိစ္ဆာကျင့်ကြံသူလို့ခေါ်တာ မဆန်းပါဘူး၊ မင်းတို့လုပ်ရပ်တွေက တကယ်ကို ဘာကိုမှဂရုမစိုက်တာပဲ...

ထိုရတနာ ၆ ခုကို မယူရခြင်းမှာ ရတနာကိုးပါးအင်မော်တယ်ဝင်္ကပါကို တည်ဆောက်ရန် လုံးဝဆန္ဒမရှိသောကြောင့်ဖြစ်သည်။ ထိုဝင်္ကပါ၏အချက်အချာမှာ အင်မော်တယ်သတ်လှံဖြစ်ရမည်ဖြစ်ပြီး ကျန်ရတနာ ၈ ခုမှာ ထိုအချိန်တွင် အဆီအနှစ်အမြောက်အမြား ထုတ်ယူခံရမည်ဖြစ်သဖြင့် အကြီးအကျယ်ထိခိုက်ပျက်စီးကာ အဆင့်ကျသွားနိုင်သည်။

ထို့အပြင် အင်မော်တယ်သတ်လှံရရှိမည့် အဆပေါင်းများစွာသောစွမ်းအားမှာလည်း ခေတ္တသာ။ ၎င်းသည် သိသာထင်ရှားသော အရှုံးပေါ်မည့်အလုပ်ပင်။ အထူးသဖြင့် အရိုးချေဖျက်အလံမှာ စုန်းဌာန၏ပစ္စည်းဖြစ်ရာ တိုက်ပွဲတစ်ခုအတွက်နှင့် လန်ယီ၏တန်ဖိုးကြီးရတနာကို မဖျက်ဆီးချင်ပေ။

"မလိုဘူး"

သူကလက်ဝှေ့ယမ်းကာ အေးဆေးစွာပြောလိုက်သည်။

"ငါ့မှာ ရန်သူကိုနှိမ်နင်းဖို့ အစီအစဉ်ရှိပြီးသားပါ။ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖန်တီးကြပါနဲ့"

လူတိုင်းမှင်တက်သွားပြီးနောက် အံ့သြတကြီးမေးမြန်းကြသည်။

"ဂိုဏ်းချုပ်ကျန်းမှာ ဘယ်လိုထက်မြက်တဲ့အစီအစဉ်ရှိလို့လဲ..."

"ဒီအဖိုးကြီး အသေးစိတ်သိချင်မိပါတယ်"

အစ်ကိုကြီးချန်တွင် မည်သို့သောထက်မြက်သည့်အစီအစဉ်ရှိမည်နည်း...

သူတို့ကို အကြောင်းပြချက်ပေးပြီး ရှောင်လွှဲနေခြင်းသာ။ ယခု သူ့ကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံးအရာမှာ ရန်သူများ တိုက်ခိုက်မလာသေးသည့်အချက်ပင်။

သူကပဲ ကမ္ဘာပတ်ပြီး လိုက်ရှာနေရမှာလား...

သူတို့က အစစ်အမှန်အင်မော်တယ်တွေဆိုပြီးတော့ ဘာလို့ဒီလောက်ကြောက်နေကြတာလဲ...

သို့သော် ထိုအချိန်တွင် အပြင်ဘက်မှတစ်စုံတစ်ယောက် ရုတ်တရက်ပြေးဝင်လာသည်။

"အရေးကြီးသတင်း"

"အစစ်အမှန်အင်မော်တယ်ဟွမ်းချုံ၊ နင်ဝူတို့ မိုင်ပေါင်းငါးသန်းအကွာအဝေးမှာ အစစ်အမှန်အင်မော်တယ်ရှောက်ချုံ၊ ဆင်းချွမ်တို့နဲ့ အပြင်းအထန်တိုက်ခိုက်နေကြပါတယ်"

"ဘာ"

လူတိုင်း ပြိုင်တူမတ်တပ်ရပ်လိုက်ကြသည်။

"သူတို့အချင်းချင်း ပြန်ချနေကြတာလား"

"ဒါအခွင့်ကောင်းပဲ"

"ဟုတ်တယ်... သူတို့အချင်းချင်းတိုက်လို့ နှစ်ဖက်စလုံးအင်အားချည့်နဲ့နေတုန်းမှာ ငါတို့က ရုတ်တရက်တိုက်ခိုက်ပြီး တစ်ခါတည်းအမြစ်ပြတ်ရှင်းပစ်လို့ရတယ်"

လူများစွာမှာ အလွန်စိတ်လှုပ်ရှားသွားကြပြီး အစ်ကိုကြီးချန်လည်း သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ နောက်ဆုံးတော့ သူတို့မျက်နှာပြလာကြပြီ။ ဤလူတစ်စုက သူ့ကို နေ့တိုင်းအစည်းအဝေးခေါ်နေသဖြင့် သေမတတ်စိတ်ပျက်နေ၏။

"ဒါဆို အမြန်သွားကြတာပေါ့"

"မသင့်တော်ဘူး"

ဓားသူတော်စင်ကွေ့ချန်းက တားလိုက်သည်။

"ဂိုဏ်းချုပ်ကျန်း... ဒီကိစ္စက အရမ်းထူးဆန်းနေတယ်"

မိစ္ဆာသူတော်စင်ရှုယွမ်ကလည်း လေးနက်စွာခေါင်းညိတ်သည်။

"မှန်တယ်... ဒီမိစ္ဆာရဲ့ နှစ်ပေါင်းရှစ်သန်းကျော်အတွေ့အကြုံအရဆိုရင် ဒါဟာ ထောင်ချောက်ဖြစ်ဖို့များတယ်"

သွားကြွက်ဘုရင်က သူ၏နှုတ်ခမ်းမွှေးကိုသပ်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"ဖြစ်နိုင်တာမဟုတ်ဘူး၊ သေချာပေါက်ထောင်ချောက်ပဲ။ ဒါက ငါတို့ကိုဆွဲဆောင်ဖို့လုပ်ထားတဲ့အကွက်ပဲ"

ဝါးမျိုခွေးဘုရင်က အံ့သြတကြီးမေးလိုက်သည်။

"မင်းက ဘာလို့ အဲလောက်သေချာနေတာလဲ"

ကောင်းကင်ကျမ်းနယ်မြေမှ ပညာရှိကြီးက အေးဆေးစွာဆိုသည်...

"မင်းတို့သာ အဲဒီအင်မော်တယ်တွေနေရာမှာဆိုရင်၊ အင်မော်တယ်ကိုသတ်နိုင်ပြီး အင်မော်တယ်သတ်လှံကိုပါရထားတဲ့လူ ရှိနေတယ်ဆိုတာသိရင် ဘာတွေးမလဲ"

ဒါကတော့...

အရင်က သတ်ဖို့ဖြတ်ဖို့အော်နေသူအချို့ ငြိမ်ကျသွား၏။ သေချာစဉ်းစားကြည့်လျှင် အမှန်တကယ်ကို မှားယွင်းနေသည်။

ပုံမှန်အခြေအနေဆိုလျှင် ထိုအင်မော်တယ်များသည် ကျန်းချန်ကို သူတို့၏ နံပါတ်တစ်ရန်သူအဖြစ် သတ်မှတ်ထားသင့်သည်။ အထူးသဖြင့် လူပေါင်း ၁၂၀,၀၀၀ ခန့် ဤနေရာတွင်စုဝေးနေပြီး အစွမ်းထက်ဆုံးအင်အားစုဖြစ်လာချိန်မျိုးတွင်ဖြစ်သည်။ ထိုအင်မော်တယ်လေးဦးသည် အုပ်စုနှစ်စုကွဲနေပြီး တစ်ဦးကိုတစ်ဦးမကြည်ဖြူကြလျှင်ပင် ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် အချင်းချင်းသတ်ဖြတ်နေကြရန်မဖြစ်နိုင်ပေ။

"ဒါပေမဲ့ ဒီလိုရှားပါးတဲ့အခွင့်အရေးကို သွားမကြည့်ရရင်တော့ နှမြောစရာပဲ"

အစ်ကိုကြီးချန်သည် သူတို့ပြောသည်မှာယုတ္တိရှိကြောင်း နားလည်ပါသည်။ ဝေနိုင်ငံ၏ဝန်ကြီးချုပ် ချောင်ချောင်ကိုတိုက်ရန် ဆွန်ကွမ်းနှင့် လျှိုပေ့တို့ မဟာမိတ်ဖွဲ့ခဲ့ကြသလိုပင် အင်အားကြီးသူတစ်ဦးနှင့် အားနည်းသူနှစ်ဦးရှိနေလျှင် အားနည်းသူနှစ်ဦးပေါင်းတိုက်ခြင်းမှာ ပုံမှန်လုပ်ထုံးလုပ်နည်းပင်။

သို့သော်လည်း သူကတော့ ချက်ချင်းစစ်တိုက်ချင်နေတုန်းပင်။ အဘယ်ကြောင့်ဆိုသော် သူသည် လုံလောက်အောင် အစွမ်းထက်သောကြောင့်ဖြစ်သည်...

မည်သည့်ချုံခိုတိုက်ခိုက်မှု သို့မဟုတ် ထောင်ချောက်ဖြစ်ပါစေ လူချင်းတွေ့လိုက်ရလျှင် ဖြေရှင်းရသည်မှာ လွယ်ကူလှသည်။ တကယ်လို့ သူမနိုင်ခဲ့လျှင်ပင် အသက်ပြန်ရှင်နိုင်သေးရာ အနိုင်သေချာပြီးသားမဟုတ်ပါလား...

နှမြောစရာကောင်းသည်မှာ အခြားသူများက သူ၏အတွင်းစိတ်ကိုမသိကြ။

"ဂိုဏ်းချုပ်ကျန်း... စိတ်မစောပါနဲ့၊ ငါတို့ဒီမှာပဲထိုင်ပြီး ရန်သူတွေအင်အားကုန်ခမ်းသွားအောင် စောင့်လို့ရပါတယ်"

"ဟုတ်ပါတယ်... ငါတို့က အချက်အချာကျတဲ့နေရာကိုယူထားပြီး လူထုရဲ့ထောက်ခံမှုကိုလည်းရထားတာဟာ စစ်ဗျူဟာရဲ့အဓိကအချက်ပဲ"

"ငါတို့က ဘာမှမပြောင်းလဲဘဲနေလိုက်ရင် ပြောင်းလဲမှုအားလုံးကိုရင်ဆိုင်နိုင်လို့ တစ်ဖက်လူကသာလမ်းပျောက်ပြီး သူတို့ရဲ့အားနည်းချက်ကို ဖော်ပြလာပါလိမ့်မယ်..."

"ခံစစ်စစ်က တိုက်စစ်ထက် ပိုလွယ်ကူပါတယ်၊ ဂိုဏ်းချုပ်ကျန်း ကျေးဇူးပြုပြီး သေချာစဉ်းစားပါ"

ဤအောက်လောကမှအကြီးအကဲများ တစ်ယောက်တစ်ပေါက်ပြောနေသည်ကို နားထောင်ရင်း အစ်ကိုကြီးချန်ရူးတော့မည်။

မင်းတို့က ဘာလို့ ဒီလောက်တောင်ထက်မြက်နေကြရတာလဲ...

နောက်ဆုံးတော့ ရန်သူက ထောင်ချောက်တစ်ခုဆင်လိုက်ပါပြီဆိုမှ မင်းတို့က အကုန်လုံးရိပ်မိနေကြတော့ ဘာသွားကစားတော့မှာလဲ...

ဒီအတိုင်းသာအသေရပ်နေလျှင် ဘယ်တော့မှပြီးတော့မှာလဲ...

ဒါတကယ်ကို စိတ်ပျက်စရာကောင်းတယ်...

All Chapters