ဒီလူတွေက အရည်အချင်းရှိလွန်းတယ်
Vol. 22 Ch. 215
ကျန်းချန်တစ်ယောက် ဆက်မစောင့်နိုင်တော့ပေ။ သူအမှန်တရားတစ်ခုကို နားလည်သွားလေပြီ။ အားပေးကြမ်းသည့်ပရိသတ်ကြီးရှိနေခြင်းက အထင်ကြီးစရာကောင်းသော်လည်း တစ်ခါတစ်ရံတွင် သူ့ကိုနောက်တွန့်စေပြီး လွတ်လပ်စွာလှုပ်ရှားခွင့်ကို အနှောင့်အယှက်ဖြစ်စေသည်။
ထားလိုက်တော့... ထားလိုက်တော့...
သူတစ်ယောက်တည်းသွားတာ အကောင်းဆုံးပဲ။ ဤသို့တွေးပြီး ထိုင်ရာမှထကာ အပြင်သို့ထွက်ရန် ပြင်လိုက်သည်။
"ဂိုဏ်းချုပ်ကျန်း... ဘာလုပ်မလို့လဲ..."
"ဪ... နည်းနည်းမွန်းကြပ်လို့ လေကောင်းလေသန့်ထွက်ရှူမလို့ပါ"
ဓားသူတော်စင်ကွေ့ချန်းနှင့် ရွှေနဂါးဘုရင်တို့အပါအဝင် ကျွမ်းကျင်သူများ ကြောင်အကုန်၏။ ဤအကြောင်းပြချက်က အတော်လေးရင်းနှီးနေသလိုပင်။ ယခင်တစ်ခေါက် အစစ်အမှန်အင်မော်တယ်ကျန့်ထိုင်ကို တစ်ယောက်တည်း သွားရောက်နှိမ်နင်းစဉ်ကလည်း ဤဆင်ခြေကိုပင်သုံးခဲ့သည်မဟုတ်ပါလား။
မလုပ်ပါနဲ့ဦးဆရာကြီးရာ... ခင်ဗျားတစ်ယောက်တည်း ထပ်သွားဦးမလို့လား...
"ဂိုဏ်းချုပ်ကျန်း... မလောပါနဲ့ဦး"
"ဒီတစ်ခေါက်အခြေအနေက အရင်နဲ့မတူဘူး"
"ဟုတ်တယ်... အရင်တစ်ခေါက်က ငါတို့ဘက်ကချုံခိုတိုက်တာ၊ ရန်သူမမျှော်လင့်ထားချိန်မှာ မိသွားတာလေ"
"ဒီတစ်ခါကတော့ ရန်သူဘက်ကအကွက်ချပြီး ထောင်ချောက်ဆင်ထားတာ..."
"ဒါတင်မကသေးဘူး၊ အရင်တစ်ခေါက်က အင်မော်တယ်တစ်ယောက်တည်း၊ ဒီတစ်ခါက လေးယောက်တောင်"
အစ်ကိုကြီးချန်မှာ လူအုပ်ကြီး၏ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရပြန်သည်။ ဤကျွမ်းကျင်သူအုပ်စုမှာ ယခုအခါ သူ့ကို ကယ်တင်ရှင်တစ်ဦးကဲ့သို့သတ်မှတ်ထားကြရာ သူမတော်တဆထောင်ချောက်ထဲမိပြီး အသတ်ခံရမှာကို အလွန်စိုးရိမ်နေကြ၏။ သူ့ကို ရတနာတစ်ခုလိုတန်ဖိုးထားနေကြသဖြင့် သေတွင်းထဲသွားနေသည်ကို မည်သို့ကြည့်ရက်ပါမည်နည်း။
အစ်ကိုကြီးချန်မှာ ဒေါသထွက်လွန်း၍ ဘာပြောရမှန်းမသိတော့။
မင်းတို့ငါ့ကိုကူညီချင်ရင် အဲ့လောက်ဉာဏ်မကောင်းပါနဲ့လား...
"ငါတကယ်ပဲ လမ်းလျှောက်ထွက်ချင်ရုံပါ။ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဒီလောက်လေးတောင် လွတ်လပ်ခွင့်မရှိတော့ဘူးလား"
သူ အမှန်တကယ်စိတ်ညစ်နေသည်ကိုမြင်သောအခါ လူအုပ်ကြီးမှာ လမ်းကိုဖြည်းဖြည်းချင်းဖယ်ပေးလိုက်ကြသည်။ ဂိုဏ်းချုပ်ကျန်းသည် ခန်းမထဲမှ အလျင်အမြန်ထွက်လာပြီး ပျံတက်ရန်ပြင်လိုက်၏။
သို့သော် သူ့နောက်မှဆွေးနွေးသံများကို ကြားနေရဆဲဖြစ်ပြီး အလွန်နီးကပ်နေသည်။ နောက်လှည့်ကြည့်လိုက်သောအခါ စိတ်ဓာတ်တွေ လုံးဝပြိုလဲသွားတော့သည်။
ဒီလူတွေက ငါ့နောက်ကို ငါးမီတာအကွာအဝေးကနေ တစ်ဖဝါးမခွာလိုက်နေကြတာပဲ။ သူဘယ်သွားသွား ဒီလူအုပ်ကြီးက နောက်ကပါနေသည်။ သူ့ကိုစောင့်ကြည့်နေသည့်ပုံစံမျိုးပင်။
သူက မျက်နှာပျက်ပျက်ဖြင့် လက်နှစ်ဖက်ကိုဖြန့်ကာ ပြောလိုက်သည်။
"ငါက လေကောင်းလေသန့်ရှူနေတာပါ။ မင်းတို့ ကိုယ့်အလုပ်ကိုသွားလုပ်ကြပါ၊ ငါ့နောက်လိုက်မနေကြပါနဲ့"
ဓားသူတော်စင်ကွေ့ချန်းက မျက်နှာအိုကြီးကိုဖြဲကာ ပြုံးလျက်ပြောသည်။
"ဪ... ကျွန်တော်တို့လည်း လေကောင်းလေသန့်ရှူနေတာပါပဲ"
မိစ္ဆာသူတော်စင်ရှုယွမ်ကလည်း အေးဆေးစွာဆိုသည်။
"ဟုတ်တယ်... ဒီမိစ္ဆာကလည်း ရုတ်တရက်မွန်းကြပ်လာလို့ လေကောင်းလေသန့် အသည်းအသန်ရှူချင်နေတာ"
"တိုက်ဆိုင်လိုက်တာ၊ အကုန်လုံး လေကောင်းလေသန့်ရှူချင်နေကြတာပဲ"
"ဟားဟား... ဟုတ်တယ်၊ ဂိုဏ်းချုပ်ကျန်းနောက်ကလိုက်ရင်း ဒီနေရာတစ်ဝိုက်ကို လေ့လာတာလည်း မဆိုးပါဘူး"
ကျန်းချန်မှာ လုံးဝရူးချင်သွားတော့သည်။
သူ့ဘေးကင်းရေးကို ဒီလောက်တောင် စိုးရိမ်နေရသလား...
သူကတော့ အထာကျကျ အကွက်ထဲတမင်ဝင်ပြီး လူစွမ်းကောင်းလုပ်ချင်နေယုံပါ။ တကယ်လို့ မနိုင်ရင်လည်း သေလိုက်ရုံပေါ့။ ဒဏ္ဍာရီထဲက အသေခံနေရင်တောင်မကယ်တဲ့ အလွန်းတဲ့ အသင်းသားတွေ ဘယ်ရောက်ကုန်တာလဲ... ဘာလို့ ငါ့အသင်းသားတွေက မြေခွေးတွေထက်တောင် ပါးနပ်နေကြတာလဲ...
ထို့နောက် ဖေးရှန်ဂိုဏ်းတွင် ထူးဆန်းသောမြင်ကွင်းတစ်ခုပေါ်လာ၏။ ဂိုဏ်းချုပ်ကျန်းသည် လွတ်မြောက်မည့်အခွင့်အရေးကိုရှာဖွေရင်း ဂိုဏ်းအတွင်း၌ ဟိုဟိုဒီဒီလျှောက်သွားနေသည်။ ကျွမ်းကျင်သူအုပ်စုကလည်း နောက်မှအတင်းကပ်လိုက်နေကြ၏။ ထို့အပြင် လူများက ပိုပိုများလာသည်။ ကောင်းကင်တစ်ခုလုံးပြည့်နှက်နေရာ မသိလျှင် မြွေကစားနည်းကစားနေသည်ဟုပင် ထင်ရသည်။
နောက်ဆုံးတွင် ဘာမှလုပ်မရတော့သည့်အဆုံး ကျန်းချန်စိတ်ကိုတင်းလိုက်သည်။ သူ၏အရှိန်ကအမြန်ဆုံးဖြစ်ရာ အဆိုးဆုံးအနေဖြင့် အတင်းပျံထွက်သွားလိုက်ရုံပင်။
မည်သို့ဆိုစေ သူတို့ သူ့ကိုတားနိုင်မှာမဟုတ်...
ဤသို့တွေးပြီး သူတွေဝေမနေတော့ဘဲ ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ပျံတက်သွားတော့သည်။
ဒီတစ်ခါတော့ သူ့နောက်ကလူတွေ ဆူညံပွက်လောရိုက်ကုန်ကြသည်။
"ဂိုဏ်းချုပ်ကျန်း ထွက်ပြေးသွားပြီ"
"မြန်မြန်... နောက်ကလိုက်ကြ"
"ဂိုဏ်းချုပ်ကျန်းကို အသေခံခိုင်းလို့မဖြစ်ဘူး"
"မြန်မြန်... သူတစ်ယောက်တည်းတော့မဖြစ်နိုင်ဘူး..."
ဓားသူတော်စင်ကွေ့ချန်းနှင့် မိစ္ဆာသူတော်စင်ရှုယွမ်တို့ကဲ့သို့သော ခေါင်းဆောင်များက လူအုပ်ကြီးကို နောက်ကလိုက်ရန် အလျင်အမြန်ညွှန်ကြားလိုက်ကြသည်။ မကြာမီ ဖေးရှန်ဂိုဏ်းဘက်မှ ကျင့်ကြံသူ ၁၂၀,၀၀၀ စလုံး နောက်ကလိုက်လာကြ၏။
သူတို့ အင်အားအကုန်ထုတ်သုံးလိုက်ရသည်။ အကယ်၍ ရန်သူက ကျားကို တောင်ပေါ်ကမျှားထုတ်လိုက်ခြင်းဆိုလျှင် ဤနေရာမှာကျန်ခဲ့သူတွေအကုန် သေကုန်မှာစိုးရိမ်ရ၏။
ကောင်းကင်ယံမှာပျံသန်းရင်း လူတိုင်းအတော်လေးစိတ်တိုနေကြသည်။ ဂိုဏ်းချုပ်ကျန်းသည် အလွန်အစွမ်းထက်သော်လည်း ဦးနှောက်ကိုအသုံးမချခြင်းက သူတို့ကိုရင်တမမဖြစ်စေသည်။
"တစ်ဖက်လူက ထောင်ချောက်ဆင်ထားတာ သေချာတယ်။ ငါတို့ ဒီလိုမျိုးပျံသွားရင် ချုံခိုတိုက်ခိုက်ခံရမှာ မဟုတ်ဘူးလား"
"ဒါပေမဲ့ ဂိုဏ်းချုပ်ကျန်းသေသွားမှာကိုတော့ ဒီတိုင်းကြည့်မနေနိုင်ဘူးလေ"
"သူသာသေသွားရင် ငါတို့မှာ အစစ်အမှန်အင်မော်တယ်တွေကို သတ်နိုင်မယ့်နည်းလမ်းမရှိတော့ဘူး"
"ဟုတ်တယ်... သူ့ရဲ့အလံတော်သာပြိုလဲသွားရင် ငါတို့လူတွေရဲ့ စိတ်ဓာတ်တွေ အကုန်ပျက်ကုန်လိမ့်မယ်..."
"ဟူး..."
"သူကတော့ တကယ်ကိုစိတ်ပူရတဲ့လူပဲ"
"တစ်လှမ်းချင်းပဲ သွားကြတာပေါ့။ သူ့ကို ပြန်လာဖို့နားချနိုင်ရင် အကောင်းဆုံးပဲ။ အကယ်၍ ခေါ်မရဘူးဆိုရင်တော့ တစ်ဖက်လူနဲ့ အပြတ်အသတ်တိုက်ရတော့မှာပဲ"
"အဲဒီအချိန်ကျရင် တိုက်ပွဲတစ်ရာနယ်မြေက ကျွမ်းကျင်သူတွေက သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုပြသပြီး ဒီလူ ၁၂၀,၀၀၀ ကို ကောင်းကောင်းကွပ်ကဲပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
ဤလူများသည် မတူညီသောနယ်ပယ်ကမ္ဘာများမှ လာကြသူများဖြစ်ပြီး သူတော်စင်ဖြစ်လာသည့်လမ်းစဉ်များကလည်း ကွဲပြားကြသည်။ သူတို့သည် ကျွမ်းကျင်သူများဖြစ်ကြသည့်အပြင် ကိုယ်စီကိုယ်စီ ထူးခြားသောအရည်အချင်းများလည်း ရှိကြသည်။
တိုက်ပွဲတစ်ရာနယ်မြေသည် တစ်နှစ်ပတ်လုံး တိုက်ပွဲဝင်နေသည့်နေရာဖြစ်ရာ စစ်သူရဲကောင်းများသည် စစ်ဗျူဟာနှင့် စစ်ဝင်္ကပါများတွင် အလွန်ကျွမ်းကျင်၏။ ယခုလို လူအင်အားများပြားချိန်မှာ သူတို့၏အရည်အချင်းကို ပြသရမည့်အချိန်ပင်။
"ဓားသူတော်စင်အိုကြီး စိတ်ချပါ၊ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်"
"တစ်ဖက်လူက ထောင်ချောက်ဆင်ထားတာ သိပြီးသားဆိုတော့ ငါတို့က အသင့်ပြင်ထားပြီး သူတို့ရဲ့အစီအစဉ်ကို သူတို့ဆီပြန်ပေးလို့ရတာပေါ့"
"မှန်တယ်... ဂိုဏ်းချုပ်ကျန်းတစ်ယောက်တည်း သွားတိုက်တာက မိုက်မဲသလိုဖြစ်နေပေမယ့် အဲဒါကို ငါတို့အတွက် အကျိုးရှိမယ့်အခြေအနေဖြစ်အောင် ပြောင်းလဲလို့မရတာမှမဟုတ်"
"ဪ"
မိစ္ဆာသူတော်စင်ရှုယွမ် စိတ်ဝင်စားသွားသည်။
"ဘယ်လိုပြောင်းမှာလဲ"
တိုက်ပွဲတစ်ရာနယ်မြေမှ ထိပ်တန်းစစ်သူကြီးကျန်းချီက စစ်တံဆိပ်ကိုလှုပ်ယမ်းကာ တည်ငြိမ်စွာဆိုသည်။
"ဘယ်လိုထောင်ချောက်မျိုးမဆို အကြောက်ရဆုံးက တစ်ဖက်လူက အကွက်ထဲမဝင်တာမဟုတ်ဘူး၊ တစ်ယောက်ယောက်က အချိန်မတိုင်ခင် အကွက်ထဲအရင်ဝင်သွားတာပဲ"
"ဂိုဏ်းချုပ်ကျန်းက ထောင်ချောက်ထဲကို အရင်ဝင်သွားတာက တစ်ဖက်လူကို စိတ်မတည်မငြိမ် ဖြစ်စေနိုင်တယ်။ အကယ်၍ သူတို့ကချုံခိုတိုက်ခိုက်မှုကို အချိန်မတိုင်ခင်စတင်လိုက်ရင် ကျန်းချန်တစ်ယောက်တည်းကိုပဲ ပိတ်မိသွားစေမှာဖြစ်ပြီး သူတို့ရဲ့အစီအစဉ်တွေအကုန် ပေါ်ကုန်လိမ့်မယ်။ အကယ်၍ မတိုက်ဘူးဆိုရင်လည်း ဂိုဏ်းချုပ်ကျန်းရဲ့ ချေမှုန်းတာကို သူတို့ခံရလိမ့်မယ်"
"အဲဒီအချိန်ကျမှ ငါတို့က အပြင်ဘက်ကနေ ဝိုင်းတိုက်လိုက်မယ်ဆိုရင် ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ"
မဟာယီနယ်မြေမှ ဓမ္မသတ်သူတော်စင်သုံးဦးက သူတို့၏မုတ်ဆိတ်များကိုသပ်ကာ ချီးကျူးကြသည်။
"ဒါဟာ တကယ့်ကို ကောင်းကင်ကိုပြောင်းပြန်လှန်တာပဲ။ လမ်းဆုံးနေပုံရပေမယ့် အဲဒီမှာပဲ အောင်ပွဲရနိုင်မယ့်အခွင့်အရေးကို ဝှက်ထားတာ"
"မှန်တယ်... စစ်မြေပြင်မှာ အသုံးမချလို့ရတဲ့အရာ ဘာမှမရှိဘူး။ ကိုယ်တိုင်မှားယွင်းသွားတာကိုတောင် အခွင့်အရေးအဖြစ် ပြောင်းလဲပစ်လို့ရတယ်"
လူတိုင်းယုံကြည်သွားကြပြီး တိုက်ပွဲဝင်လိုစိတ်များ နှစ်ဆတိုးလာသည်။
အကယ်၍ ဂိုဏ်းချုပ်ကျန်းသာ ဤစကားများကိုကြားလျှင် သွေးအန်မှာသေချာသည်။
မင်းတို့တွေ လူရောဟုတ်ကြရဲ့လား...
သူကတော့ ထောင်ချောက်ထဲကိုတမင်သွားနေတာပါဆိုမှ ဒါကိုတောင် အောင်ပွဲအဖြစ်ပြောင်းဦးမလို့လား...
ဒီလူတွေထဲမှာ ပါရမီရှင်တွေ ဒီလောက်တောင်များနေရသလား...
ဒီလို ထူးကဲတဲ့အရည်အချင်းရှိတဲ့လူတွေနဲ့ နေ့တိုင်းနေနေရရင် သူဘယ်လိုလုပ် အထာကျကျ လူစွမ်းကောင်းလုပ်ခွင့်ရတော့မှာလဲ...
ကံကောင်းထောက်မစွာဖြင့် သူသည် ထိုမြင်ကွင်းကိုမမြင်လိုက်ရပေ။ ယခုအချိန်တွင် သူသည် အစစ်အမှန်အင်မော်တယ်လေးဦး တိုက်ခိုက်နေသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ သေချာကြည့်လိုက်သောအခါ အခြေအနေမှာ သူထင်ထားသလောက်မရိုးရှင်းကြောင်း တွေ့လိုက်ရ၏။
အစစ်အမှန်အင်မော်တယ်လေးဦးသည် နှစ်ယောက်ချင်းစီတိုက်ခိုက်နေကြသည်မှာမှန်သော်လည်း ထိုနှစ်ဖက်အပြင် ဤတိုက်ပွဲထဲသို့ပါဝင်လာသည့် အခြားအဖွဲ့တစ်ဖွဲ့ရှိနေသေးသည်။ ထိုအဖွဲ့မှာ လူတစ်ထောင်ခန့်သာရှိပြီး တစ်ကိုယ်လုံးဗလာကျင်းလျက် ခါးတောင်းကျိုက်ထား၏။ လူရိုင်းများကဲ့သို့ဝတ်ဆင်ထားပြီး ကိုင်ဆောင်ထားသည့်လက်နက်များမှာလည်း ကျောက်တုတ်များနှင့် ခက်ရင်းများသာဖြစ်သည်။
သို့သော် သူတို့၏အရပ်အမောင်းမှာ သာမန်လူထက် အဆပေါင်းများစွာမြင့်မားကာ ၁၀ မီတာ (၃၂ ပေခန့်) ကျော်အထိ ရှိကြသည်။ သူတို့၏ ကြေးနီရောင်ကြွက်သားများမှာ တလက်လက်တောက်ပနေပြီး သူတို့၏တိုက်ခိုက်မှုများတွင် သာမန် ဓားအလင်း၊ လှံအလင်းများ မရှိသလို သူတော်စင်အဆင့်၏ အငွေ့အသက်ကိုပင် ရှာမတွေ့နိုင်ပေ။
တိုက်ခိုက်ပုံမှာလည်း ရှေးကျလှပြီး ထုရိုက်ခြင်း၊ ရိုက်ခွဲခြင်းများသာ ဖြစ်သော်လည်း သူတော်စင်အဆင့် ကျွမ်းကျင်သူများမှာ ထိုကြမ်းတမ်းသော လက်နက်များအောက်တွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြသည်။ သူတို့သည် သူတော်စင်အဆင့် ကျွမ်းကျင်သူများကြားတွင် ပန်းခြံထဲလမ်းလျှောက်နေကြ၏။ (သာသာယာယာရိုက်နှက်နေကြတာ)
ရိုက်ချက်တိုင်းက ကမ္ဘာမြေကြီးကို တုန်ခါသွားစေနိုင်သည်။ အစစ်အမှန်အင်မော်တယ်လေးဦး၏ တာအိုနှလုံးသားတိုက်ခိုက်မှုများကသာ သူတို့၏အရေပြားကိုကွဲအက်စေပြီး သွေးများကိုရေလိုထွက်စေ၏။
ရှေ့မှ ကြေကွဲဖွယ်ကောင်းလှသောတိုက်ပွဲကိုကြည့်ရင်း ကျန်းချန်သည် ဤဘီလူးကြီးများ၏ဇာစ်မြစ်ကို ချက်ချင်းသိလိုက်သည်။ ၎င်းသည် အောက်လောက နယ်မြေပေါင်းသောင်းခြောက်ထောင်တွင် နံပါတ်တစ်အဆင့်ရှိ ဟင်းလင်းပြင်မျိုးနွယ်စုဖြစ်လေ၏။
ဒီပူးပေါင်းကြံစည်မှုထောင်ချောက်ထဲကို သူတို့က အရင်ဆုံးပြေးဝင်သွားလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့။