ခင်ဗျားကအစွမ်းထက်လွန်းတယ်
Vol. 22 Ch. 217
"မင်းတို့စကားပြောတာ ခဏလောက်ရပ်ပေးလို့ မရဘူးလား"
ဝင်္ကပါကို အင်အားသုံး၍ဖျက်ဆီးနိုင်သည်ဟူသော စကားကိုကြားလိုက်ရချိန်တွင် ကျန်းချန်မှာ အလွန်အမင်းစိတ်ပျက်၍ အားမလိုအားမရဖြစ်သွား၏။
"နောက်ဆုံးတော့ တစ်ခါလောက် သေခွင့်ရပြီလို့ အောက်မေ့တာ"
"စိတ်ပျက်စရာပဲ၊ အမှတ်သန်းရာချီကို ထပ်ပြီးဖြုန်းရတော့မှာပေါ့"
သူ့တွင်'ဆယ်ဆတိုက်ခိုက်မှုစွမ်းရည်ရှိသည်။ အစစ်အမှန်အင်မော်တယ်များကို အလွယ်တကူသတ်ဖြတ်နိုင်သော သူ၏လက်ရှိအစွမ်းအပြင် အင်မော်တယ်သတ်လှံ၏ ပံ့ပိုးမှုပါပေါင်းစပ်လိုက်လျှင် တိုက်ခိုက်မှုစွမ်းအားမှာ ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေလေပြီ။ ၎င်းအပေါ်တွင် ဆယ်ဆတိုးစွမ်းရည်ပါ ထပ်မံဖြည့်စွက်လိုက်ပါက အမှန်တကယ်ပင် မြင့်မြတ်အင်မော်တယ်အဆင့်ကို ရောက်နိုင်မည်ဖြစ်သည်။
နှမြောစရာပင်။
အကယ်၍ ရန်သူများသာ ထိုစကားကိုမပြောခဲ့လျှင် သူသိလိမ့်မည်မဟုတ်။ သူ၏တိုက်ခိုက်မှုများသည် ဝင်္ကပါကိုသာအားဖြည့်ပေးနေသည်ဟုမှတ်ယူကာ ကြည်ကြည်ဖြူဖြူ သေဆုံးပေးပြီးမှ ပြန်လည်ရှင်သန်လိုက်မည်။ သို့သော် ယခုမူ ၎င်းကိုဖျက်ဆီးရမည့်နည်းလမ်းကို သူတို့က ရှင်းပြလိုက်ပြီဖြစ်ရာ သူကသာ သေဆုံးရန်စောင့်ဆိုင်းနေပါက မိမိ၏အစွမ်းကို အသုံးမပြုဘဲ ငြင်းဆန်ခြင်းဖြစ်ပေလိမ့်မည်။ စနစ်ကလည်း ထိုလုပ်ရပ်ကို ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအဖြစ် ဆုံးဖြတ်သွားနိုင်ချေရှိသည်။
"ဟင်းလင်းပြင်နယ်မြေက မိတ်ဆွေတို့၊ ခဏလောက် နောက်ဆုတ်ပေးကြပါဦး"
သူသက်ပြင်းချရင်း အင်မော်တယ်သတ်လှံနှင့် ရှေးဟောင်းယန်အင်မော်တယ်ဓားတို့ကို ပြန်လည်မြှောက်ကိုင်လိုက်သည်။ ဟင်းလင်းပြင်နယ်မြေမှ ကျွမ်းကျင်သူများမှာမူ ဝေခွဲမရသည့် အမူအရာဖြင့် ကြည့်နေ၏။
"ခင်ဗျားရဲ့တိုက်ခိုက်မှုတွေက မီးခိုးရောင်မြူခိုးတွေကို ပိုပြီးအားကောင်းလာအောင်ပဲလုပ်ပေးမှာလေ"
"ဟုတ်တယ်၊ အဲဒါက မြန်မြန်သေစေလိမ့်မယ်"
ဂိုဏ်းချုပ်ကျန်း၏ လက်တွေ့ပြသခဲ့သောအစွမ်းနှင့် မကြောက်မရွံ့တတ်သော စိတ်ဓာတ်တို့ကြောင့်သာ သူတို့က လေးစားစွာဖြင့် တားမြစ်နေခြင်းဖြစ်သည်။ အကယ်၍ အခြားသူတစ်ဦးဖြစ်ပါက (ဓားသူတော်စင်ကွေ့ချန်းပင်ဖြစ်ပါစေ) သူတို့က တစ်ချက်ပင် လှည့်ကြည့်လိမ့်မည်မဟုတ်။
ပိချန်းက ကျန်းချန်၏ပုခုံးကိုပုတ်ရင်း
"ညီအစ်ကို၊ အင်အားထက် ဉာဏ်ပညာကိုဦးစားပေးပါ၊ အရင်ဆုံးစဉ်းစားပါဦး"
ဟု ဆိုလိုက်သည်။ သူ့အတွက်မူ ကျန်းချန်မှာ တိုက်ပွဲဝင်ညီအစ်ကိုတစ်ဦး ဖြစ်နေပြီဖြစ်သည်။
သို့သော် ကျန်းချန်မှာ စိတ်သက်သာရာမရနိုင်ပေ။
တကယ်ပါပဲ... ထောင်ချောက်ထဲကို တည့်တည့်တိုးဝင်လာတဲ့ မင်းတို့လိုလူအတွေက ငါ့ကို ဉာဏ်သုံးဖို့လာပြောနေတာလား...
မင်းတို့က ငါ့ထက်ပိုပြီးပါးနပ်တယ်လို့ ခံစားနေရတာလား...
"စိတ်မပူပါနဲ့ မိတ်ဆွေကြီးရာ၊ ဒီဝင်္ကပါကို ငါကိုင်တွယ်နိုင်ပါတယ်"
ပိချန်းက သူ၏ လေးထောင့်ကျကျမေးရိုးရှိသောခေါင်းကြီးကို ခါယမ်းလိုက်ပြီး သူ့မျက်လုံးကြီးများထဲတွင် သနားဂရုဏာရိပ်များ ဖုံးလွှမ်းနေသည်။
"ညီအစ်ကို၊ ခင်ဗျား အဆုံးသတ်မှာ ရူးသွပ်စွာ တိုက်ခိုက်သွားချင်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အဲဒါက ရန်သူ့အကွက်ထဲ ရောက်သွားတာပဲ၊ သူတို့က ငါတို့ကိုလှောင်ကြလိမ့်မယ်။ ငါတို့ သေရမယ်ဆိုရင်တောင် ငါတို့ရဲ့တည်ငြိမ်မှုကိုမပျက်စေဘဲ သေတာကမှ သူတို့ကို ပြန်လှောင်ပြောင်တာပဲ၊ သူတို့ကို ဘာကျေနပ်မှုမှမပေးရဘူး"
ဒီလူတွေ ဘာတွေပြောနေမှန်း ကျန်းချန်နားမလည်နိုင်တော့ပေ။ သူသည် ဘာမျှမတတ်နိုင်သည့်အဆုံး ပါးစပ်ပိတ်နေတော့၏။ ထို့နောက် အပေါ်ဘက်သို့ တည့်တည့်ချိန်ရွယ်လိုက်သည်။
ထိုအချိန်တွင် စစ်ကူများဖြစ်ကြသည့် ဓားသူတော်စင်ကွေ့ချန်း၊ မိစ္ဆာသူတော်စင်ရှုယွမ်နှင့် ကျန်သောသူများရောက်ရှိလာ၏။ မီးခိုးရောင်ဝင်္ကပါကြီးကို မြင်လိုက်ရသည့်အခါ လူတိုင်း၏နှလုံးသားများမှာ ထိတ်လန့်သွားကြသည်။
"ဂိုဏ်းချုပ်ကျန်းတစ်ယောက် ထောင်ချောက်ထဲကို တကယ်မိသွားပြီပဲ"
"အထဲမှာ ဟင်းလင်းပြင်မျိုးနွယ်စုဝင်တွေလည်း ရှိနေတယ်..."
"အစစ်အမှန်အင်မော်တယ်လေးယောက်ကတော့ အပေါ်မှာပဲ..."
"သူတို့ တကယ်ကြီးပူးပေါင်းနေကြတာပဲ၊ ဒါကထောင်ချောက်ပဲ"
"ငါတို့ ဘာလုပ်ကြမလဲ"
"ဝင်္ကပါကိုဖျက်ဆီးမယ်၊ ဂိုဏ်းချုပ်ကျန်းကို ကယ်ထုတ်မယ်၊ ပြီးရင် အသေခံတိုက်မယ်"
"ဟုတ်တယ်၊ ဟင်းလင်းပြင်မျိုးနွယ်စုဝင်တွေက အတွင်းကရှိနေတော့ ငါတို့ဘက်က အခွင့်အရေးပိုသာတယ်"
တိုက်ပွဲတစ်ရာနယ်မြေမှ စစ်သူတော်စင်များ စစ်ဗျူဟာများခင်းကျင်းနေစဉ် ကောင်းကင်ဝင်္ကပါနယ်မြေမှ သူတော်စင်နှစ်ဦး ရှေ့သို့ပျံထွက်လာပြီး သူတို့ကိုတားဆီးလိုက်သည်။
"နေဦး... ဝင်္ကပါကို လုံးဝမတိုက်ကြနဲ့ဦး"
"ဘာဖြစ်လို့လဲ"
ဝင်္ကပါသူတော်စင်ကူပင်းက ဝင်္ကပါကို စိုက်ကြည့်နေ၏။ မိစ္ဆာသူတော်စင်ရှုယွမ်က အလျင်အမြန်မေးလိုက်သည်။
"ဒီဝင်္ကပါက ဘာများထူးခြားလို့လဲ"
"ဒီမီးခိုးရောင်မြူခိုးတွေက သေစေနိုင်တယ်၊ ပြီးတော့ ဒီဝင်္ကပါက အတွင်းကရော အပြင်ကပါ တိုက်ခိုက်မှုမှန်သမျှကိုစုပ်ယူပြီး ပိုပြီးတော့အားကောင်းလာမှာ"
လူတိုင်း ချက်ချင်း နားလည်သွားကြသည်။
"ဒါကြောင့် အပြင်ကသစ္စာဖောက်တွေက ဝိုင်းတိုက်နေကြတာကိုး၊ အဲဒါက ဝင်္ကပါကို ပိုပြီးအားကောင်းလာအောင် လုပ်ပေးနေတာပဲ"
"ဒါဆို ဘာလုပ်ရမလဲ၊ ဖျက်လို့ရတဲ့နည်းလမ်းရောရှိလား"
ကူပင်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း...
"ဝင်္ကပါရဲ့ အချက်အချာကို တိုက်ရိုက်တိုက်ခိုက်ဖို့ နည်းလမ်းရှာရမယ်။ ဒါပေမဲ့ ငါတို့ရဲ့တိုက်ခိုက်မှုတွေက ဝင်္ကပါကိုမထိရဘူး၊ မဟုတ်ရင် ဂိုဏ်းချုပ်ကျန်းကို ထိခိုက်လိမ့်မယ်"
တိုက်ပွဲတစ်ရာနယ်မြေမှ သူတော်စင်များသည် ခိုင်မာစွာခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် သူတို့သည် တာဝန်များခွဲဝေလိုက်ကြသည်။
"ဓားသူတော်စင်ကွေ့ချန်း၊ ခင်ဗျားက ဓားနယ်မြေရဲ့ရှေ့တန်းကတိုက်ပါ။ စာပေသူတော်စင်ထိုက်ချန်း၊ ခင်ဗျားက ဓားနယ်မြေရဲ့ဘေးကနေကူပေးပါ..."
သူတို့ တာဝန်ခွဲဝေမှုမပြီးဆုံးမီမှာပင် ဝင်္ကပါအတွင်းမှ ကျန်းချန်က စတင်တိုက်ခိုက်လိုက်လေပြီ။
ဆယ်ဆတိုးဓားချက်...
အင်မော်တယ်သတ်လှံ၏အားဖြည့်မှုပါ ပေါင်းစပ်လိုက်သည့် တစ်ချက်တည်းသော တိုက်ခိုက်မှုဖြစ်သည်။ အပေါ်ရှိ အစစ်အမှန်အင်မော်တယ်လေးဦးမှာမူ ၎င်းကို ဟာသတစ်ခုသဖွယ် သတ်မှတ်နေဆဲ...
သေလုမျောပါးပိုးကောင်တစ်ကောင်၏ အကျိုးမဲ့နောက်ဆုံးရုန်းကန်မှုအဖြစ်သာ ထင်မှတ်နေကြသည်။
နောက်စက္ကန့်တွင်မူ သူတို့သတိလစ်ကုန်၏။
မီးခိုးရောင်မြူခိုးဝင်္ကပါကြီး မီးဟုန်းဟုန်းတောက်သွားပြီး သွေးရောင်အလား နီရဲသွားတော့သည်။ နားကွဲလုမတတ်ပေါက်ကွဲသံကြီးသည် ကမ္ဘာမြေကိုတုန်ခါသွားစေပြီး ကောင်းကင်ကြီးတစ်ခုလုံး ပုံပျက်ပန်းပျက်ဖြစ်သွား၏။
ဝင်္ကပါကိုဝိုင်းထားသော သစ္စာဖောက်များသည် ချက်ချင်းဆိုသလို ပြာအဖြစ်ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံးတွင်လည်း အနက်ရောင်အပေါက်ကြီးများ ပွင့်ထွက်သွားတော့သည်။
ဝင်္ကပါကြီး ချက်ချင်းကြေမွသွားခဲ့လေပြီ။
အစစ်အမှန်အင်မော်တယ်လေးဦးမှာ ထိပ်ဆုံးမှခံလိုက်ရသည်။ ဟွမ်းချုံ၊ နင်ဝူနှင့် ရှောက်ချုံတို့သည် မီးလျှံများ၏ဝါးမြိုခြင်းမခံရမီမှာပင် ကြိုတင်ကာကွယ်ရန် အခွင့်အရေးမရလိုက်ကြပေ။
ဟင်းလင်းပြင်ထဲတွင် အလင်းလုံးသုံးခုပျောက်ကွယ်သွားသည်။ သူတို့၏ တာအိုနှလုံးသားများဖြစ်သည်။ ဆယ်ဆစွမ်းအားအောက်တွင် ပြန်လည်ခုခံရန် အခွင့်အရေးမရှိခဲ့ကြ။
ဒုတိယအဆင့်အင်မော်တယ်ချပ်ဝတ်ကြောင့် ဆင်းချွမ်တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သို့သော် သူ၏တာအိုနှလုံးသားမှာ ပျက်စီးသွားပြီဖြစ်သဖြင့် သတိလစ်ကာ မြေပြင်ပေါ်ပြုတ်ကျသွား၏။
ကျန်းချန်လည်း ဆေးလုံးများကို ပါးစပ်ထဲအတင်းထိုးထည့်နေရသည်။ ဤဆယ်ဆတိုက်ခိုက်မှုအတွက် အမှတ် သန်း ၅၀၀ ကုန်သွားသည့်အပြင် သူ၏ ချီစွမ်းအားအကုန်လုံး ကုန်ခမ်းသွား၏။
ဖုန်မှုန့်များငြိမ်သက်သွားသည့်အခါ မိုင်ပေါင်းတစ်သောင်းကျယ်သော အနက်ရောင်ချိုင့်ခွက်ကြီးနှင့် ပျောက်ကွယ်သွားသော ကောင်းကင်အစိတ်အပိုင်းကြီးကိုကြည့်ကာ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဒါ... ပြီးသွားပြီလား...
ဘာဖြစ်သွားတာလဲ...
လေးမျက်နှာဝိညာဉ်မဲ့ဝင်္ကပါက အနှိုင်းမဲ့ဆို...
ငါတို့ အရင်းအမြစ်ပုလဲတွေကို လုယူရမယ်မဟုတ်လား...
အစစ်အမှန်အင်မော်တယ်လေးယောက် ဘယ်ရောက်ကုန်ပြီလဲ...
ငါတို့ နောက်ဆုံးတိုက်ပွဲအတွက် လူအင်အားတစ်သိန်းနှစ်သောင်းတောင် စုစည်းခဲ့တာ...
အခုတော့မလိုတော့ဘူးလား...
ငါတို့ မိုင်ပေါင်းငါးသန်းကို အရှိန်အကုန်တင်ပြီးပြေးလာတာ... မီးရှူးမီးပန်းကြည့်ဖို့ပဲလား...
လူတိုင်း မေးခွန်းပေါင်းများစွာဖြင့် ဆွံ့အနေကြ၏။ အောက်ဘက်တွင်မူ ဟင်းလင်းပြင်မျိုးနွယ်စုဝင်များလည်း ကြောင်ကြည့်နေကြဆဲ။
"ခုနကတိုက်ခိုက်မှုက... မြင့်မြတ်အင်မော်တယ်အဆင့်လား"
"ဖြစ်နိုင်ပါတယ်။ ငါတို့သာခုခံခဲ့ရင် အတူတူသေဆုံးကုန်မှာပဲ"
ပိချန်းက ကျန်းချန်ကိုကြည့်နေသည့် အကြည့်များမှာ လေးစားကြည်ညိုမှုများ ပြည့်နှက်နေပြီဖြစ်သည်။
ညီအစ်ကိုကြီး... ခင်ဗျားဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ ဒီလိုဘီလူးတစ်ယောက်ကတော့... တကယ်ကိုမယုံနိုင်စရာပဲ...
ကျန်းချန်၏စွမ်းအင်များ အတော်အတန်ပြန်လည်ပြည့်ဖြိုးလာသည့်အခါ လူအုပ်ကြီးမှာ အသိဝင်လာပြီး သူ့ထံသို့ပြေးလာကြတော့သည်။
"ဂိုဏ်းချုပ်ကျန်း... ခင်ဗျားတကယ်ပဲ ဘယ်လောက်တောင်အစွမ်းထက်တာလဲ"
"အစစ်အမှန်အင်မော်တယ်လေးယောက် တစ်ချက်တည်းနဲ့အမြစ်ပြတ်သွားတာပဲ..."
"ဒီသူတော်စင်က အခုတကယ်ကြီးအညံ့ခံပါပြီ"
"အဲဒီတိုက်ခိုက်မှုက ငါတို့အဆင့်ထက် အများကြီးသာလွန်တယ်... ကြောက်စရာကြီး"