ပုံရိပ်ယောင်အင်မော်တယ်ပုလင်း
Vol. 22 Ch. 218
ကျန်းချန်သည် ချုံခိုတိုက်ခိုက်ခံရမည်ကိုသိလျက်နှင့် အဘယ်ကြောင့်လာရောက်ခဲ့သည်ကို လူတိုင်း နားလည်သွားကြတော့သည်။ ဤမျှအစွမ်းထက်သောခွန်အားရှိနေပါက အဘယ်ကြောင့် ချုံခိုတိုက်ခိုက်မှုကိုကြောက်ရွံ့နေရန် လိုအပ်မည်နည်း။
ထို့အပြင် သူသည် အဘယ်ကြောင့် ရတနာကိုးပါးကိုရှာဖွေရန်နှင့် အင်မော်တယ်ကိုးပါးဝင်္ကပါကိုခင်းကျင်းရန် မကြိုးစားခဲ့သနည်းဟူသော အချက်ကိုလည်း သူတို့သိရှိသွား၏။ လုံးဝမလိုအပ်သောကြောင့်ပင်။ သူသည် အစစ်အမှန်အင်မော်တယ်လေးဦးကို ဝင်္ကပါကြီးနှင့်အတူတစ်ပါတည်း တိုက်ရိုက်ချေမှုန်းပစ်ခဲ့သည်။
၎င်းသည် မည်သို့သောအစွမ်းမျိုးနည်း... ၎င်းမှာ အောက်လောက၏ အထွတ်အထိပ်အစွမ်း ဖြစ်တော့သည်။
ပြင်းထန်သောတုန်လှုပ်မှုများအပြီးတွင် လူအုပ်ကြီးထံမှ အောင်ပွဲခံအော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်ကျန်းက တကယ်ကိုနတ်ဘုရားတစ်ပါးလို ရဲစွမ်းသတ္တိရှိတယ်"
"နောက်ဆုံးတော့ အဲဒီအစစ်အမှန်အင်မော်တယ်တွေအကုန် အလဲထိုးခံလိုက်ရပြီ"
"ငါတို့အောက်လောကဆိုတာ သူတို့စိတ်တိုင်းကျသတ်ဖြတ်လို့ရတဲ့နေရာမဟုတ်ဘူး"
"ဂိုဏ်းချုပ်ကျန်းရှိနေသရွေ့ အစစ်အမှန်အင်မော်တယ်တွေဆိုတာ ဘာမှမဟုတ်ပါဘူး..."
သူတို့အတွက်မူ အစစ်အမှန်အင်မော်တယ်ငါးဦးမှာ တောင်ကြီးငါးလုံးကဲ့သို့ပင်။ သူတို့ကျင့်ကြံခြင်း၏ အန္တိမပန်းတိုင်မှာ အင်မော်တယ်အဖြစ်တက်လှမ်းရန်ဖြစ်ရာ အစစ်အမှန်အင်မော်တယ်ငါးဦး ပထမဆုံးပေါ်ပေါက်လာချိန်က သူတို့အပေါ်သက်ရောက်ခဲ့သောဖိအားကို ခန့်မှန်းကြည့်နိုင်၏။ ယခုမူ တိမ်တိုက်များကင်းစင်၍ နေရောင်ခြည်ပေါ်ထွန်းလာသကဲ့သို့ ခြိမ်းခြောက်မှုများပျောက်ကွယ်သွားခဲ့လေပြီ။
"အခု ငါတို့ရှေ့မှာရှိတဲ့ပြဿနာက ဒီအမြစ်မဲ့ကျွန်းကနေ ဘယ်လိုထွက်ခွာမလဲဆိုတာပဲ"
"ဟုတ်တယ်၊ အဲဒီသန့်စင်သောအင်မော်တယ်ကြာပန်းက လူတစ်သောင်းပဲဆန့်တာ..."
"ငါတို့ တတ်နိုင်သမျှမြန်မြန် ကောင်းကင်အင်မော်တယ်အဆင့်အထိကျင့်ကြံဖို့ လိုအပ်နေသေးပုံပဲ"
ကျန်းချန်ရှိနေသဖြင့် မည်သူမျှ အချင်းချင်းသတ်ဖြတ်ရန် သို့မဟုတ် ကြာပန်းပေါ်ရှိနေရာများအတွက် လုယူတိုက်ခိုက်ရန် စိတ်မကူးရဲကြတော့ပေ။
တစ်ခဲနက် ချီးကျူးထောပနာပြုခြင်းခံရသဖြင့် အစ်ကိုကြီးချန်ကျေနပ်သွား၏။
"အားလုံးငြိမ်ငြိမ်နေကြပါ။ ဒီသနားစရာကောင်းတဲ့အင်မော်တယ်ကို မေးမြန်းစရာအချို့ရှိသေးတယ်"
ထိုသို့ပြောပြီးနောက် သူသည် သေလုမျောပါးဖြစ်နေသော အစစ်အမှန်အင်မော်တယ်ဆင်းချွမ်ကို ဆွဲမလိုက်သည်။ လူတိုင်းကလည်း သူ့အနားသို့ အလျင်အမြန်စုရုံးလာကြ၏။
"မှန်တယ်၊ ဒီအင်မော်တယ်ငါးယောက်မှာ တစ်ခုခုမှားယွင်းနေတယ်"
"ခုနက သူတို့ လေးမျက်နှာဝိညာဉ်မဲ့ဝင်္ကပါကို အတူတူသုံးသွားကြတာ။ သူတို့က တစ်ဖွဲ့တည်းဖြစ်နေတာ သိသာတယ်၊ မဟုတ်ရင် ဒီလောက်တိုက်ဆိုင်စရာအကြောင်းမရှိဘူး"
"ဒါဆို သူတို့က ဘာဖြစ်လို့ အရင်က အဓိကစခန်းသုံးခုအဖြစ် တမင်ခွဲထုတ်ထားတာလဲ"
"ဒီသူတော်စင် သံသယဖြစ်တာကတော့ သူတို့က ငါတို့တစ်ဦးနဲ့တစ်ဦးသတ်ဖြတ်မိအောင် တမင်တကာ မြှောက်ပင့်ပေးနေတာပဲ"
"ငါတို့သေလေလေ သူတို့အတွက်အကျိုးရှိလေလေ ဖြစ်မလား"
"ဒါဆို သူတို့က ဘာအကျိုးအမြတ်ရနိုင်မှာလဲ"
"ဒါက နောက်ကွယ်မှာ ကြီးမားတဲ့ပူးပေါင်းကြံစည်မှုတစ်ခုခုရှိနေတာ သေချာတယ်"
"မေးကြည့်ရင်သိရမှာပေါ့"
ဟင်းလင်းပြင်နယ်မြေမှ ရိုးသားဖြောင့်မတ်သောအုပ်စုကို ချွင်းချက်ထားလျှင် နယ်မြေတစ်ခု၏ထိပ်တန်းသို့ ရောက်ရှိလာသော မည်သူမျှ ဦးနှောက်မရှိသူများမဟုတ်ကြ။
ဤအချက်က အစ်ကိုကြီးချန်ကို မျက်ရည်မထွက်ဘဲ ငိုချင်စိတ်ပေါက်သွားစေသည်။ ဤပြဿနာကို သူတစ်ဦးတည်းသာ ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်မှတ်ထားခဲ့ရာ သူတို့၏သံသယများကို ရှင်းလင်းပေးရင်း ဟန်ထုတ်ခြင်းဘုရင်အဖြစ် နောက်တစ်ကြိမ် လူစွမ်းကောင်းလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ဤလူများမှာ အလွန်အမင်းပါးနပ်နေကြလိမ့်မည်ဟု မည်သူသိမည်နည်း။ သူမစဉ်းစားရသေးသည့်အချက်များကိုပင် ဤလူများက ထည့်သွင်းစဉ်းစားပြီးဖြစ်နေကြသည်။
မင်းတို့တွေ တစ်ခါလောက်ပဲဖြစ်ဖြစ် တုံးအပေးလို့မရဘူးလား၊ တစ်ခါလောက်ပါပဲ...
"ဒီသူတော်စင်ဆီမှာ ဝိညာဉ်ဝေဝါးစေတဲ့နည်းပညာတစ်ခု ရှိပါတယ်။ သူအမှန်အတိုင်းပြောပြလာစေဖို့ ငါအာမခံတယ်"
မိစ္ဆာသူတော်စင်ရှုယွမ်စကားအဆုံးတွင် ဝိညာဉ်ဟင်းလင်းပြင်နယ်မြေမှ မဟာဝိညာဉ်တော်သုံးပါးလည်း ပျံဝဲရောက်ရှိလာ၏။ ထိုတောက်ပနေသော ဝိညာဉ်များထံမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်...
"မိစ္ဆာသူတော်စင်ပြောတာ မှားနေပြီ။ ဝိညာဉ်နဲ့ပတ်သက်လာရင် ငါတို့ ဝိညာဉ်ဟင်းလင်းပြင်နယ်မြေထက် ပိုပြီးကျွမ်းကျင်တဲ့သူမရှိဘူး"
"ငါတို့ကို သူ့ရဲ့အင်မော်တယ်ဝိညာဉ်ထဲ ဝင်ခွင့်ပေးလိုက်ပါ၊ အရာအားလုံးကို ငါတို့ရှာဖွေပေးမယ်"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါတို့ရဲ့ပုံရိပ်ယောင်ဌာနကိုပဲ လုပ်ခွင့်ပေးလိုက်ပါ"
"ငါတို့ရဲ့ပုံရိပ်ယောင်မြေပုံထဲမှာ သူ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်းဝန်ခံလာလိမ့်မယ်..."
ခဏအတွင်းမှာပင် အဓိကနယ်မြေများမှာ အရင်ဦးဆုံးလုပ်ဆောင်ခွင့်ရရန် အပြိုင်အဆိုင်ဖြစ်လာကြသည်။ အခြားနည်းလမ်းမရှိပေ။ ခုနကတိုက်ပွဲတွင် သူတို့သည် မည်သည့်အခန်းကဏ္ဍမှမပါဝင်ခဲ့သဖြင့် အလွန်အရှက်ရနေကြသောကြောင့်ဖြစ်သည်။
ယခုအခါ လူတိုင်း လူစွမ်းကောင်းလုပ်လိုကြ၏။ ရန်သူကို အမှန်အတိုင်းပြောခိုင်းရန်အတွက်ပင် နည်းလမ်းပေါင်းစုံ ပေါ်ထွက်လာတော့သည်။
အစ်ကိုကြီးချန်မှာ စိတ်ပျက်လွန်းသဖြင့် အော်ဆဲမိတော့မလိုပင်ဖြစ်သွားသည်။
မင်းတို့တွေက အရည်အချင်းရှိလွန်းတယ်... ငါ့ရဲ့ လူစွမ်းကောင်းလုပ်မယ့်အခွင့်အရေးကို အတင်းလုနေကြတာလား။ ဒီအကွက်ချတတ်တဲ့လူတွေက ငါ့ရဲ့ဟန်ထုတ်တဲ့နေရာကိုပဲ အမြဲမျက်စိကျနေကြတာပဲ...
"တော်ပြီ၊ တော်ပြီ၊ ဒီဂိုဏ်းချုပ်မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်"
"ဌာနမှူးချင်၊ ခင်ဗျားရဲ့ နှလုံးသားထိုးဖောက်ကန်တော့ကို ခဏငှားပါဦး"
နှလုံးသားထိုးဖောက်ကန်တော့ဆိုသည်မှာ အဆင့်အတန်းများကိုကျော်ဖြတ်၍ လူတို့၏နှလုံးသားကိုလွှမ်းမိုးနိုင်သော မှော်ရတနာတစ်ခုဖြစ်သည်။ သူ၏ လက်ရှိနယ်ပယ်နှင့် ပေါင်းစပ်လိုက်လျှင် ဒုက္ခိတဖြစ်နေသော အစစ်အမှန်အင်မော်တယ်ကို နာခံလာအောင်ပြုလုပ်ရန် မခက်ခဲပေ။
"ပြဿနာမရှိပါဘူး"
ဂိုဏ်းချုပ်ကျန်းက တောင်းဆိုသဖြင့် ချင်စော့သည် မျိုးနွယ်စု၏ရတနာကို တွေဝေမနေဘဲ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။ နောက်ဆုံးတွင် သူမသည် ကူညီပံ့ပိုးပေးရန်အတွက် သူမနှင့် မျိုးနွယ်စုအကြီးအကဲအချို့ပါ နှလုံးသားဌာန၏ လျှို့ဝှက်နည်းပညာကို အတူတူအသုံးပြုပေးရန် လိုအပ်သလားဟု စေတနာရှေ့ထား၍ မေးမြန်းခဲ့သေးသည်။
"မလိုဘူး၊ မလိုဘူး"
ထိုသို့ပြောပြီးနောက် ကျန်းချန်သည် နှလုံးသားထိုးဖောက်ကန်တော့ကို အသက်သွင်းလိုက်ရာ ခဏအတွင်းမှာပင် နတ်ဘုရားအဆင့် နှလုံးသားမျိုးစေ့၏ ဖြူစင်သောအလင်းတန်း တောက်ပလာတော့သည်။ ချင်စော့နှင့် နှလုံးသားဌာနမှ မျိုးနွယ်စုဝင်များမှာ မှင်တက်သွားကြ၏...
"နတ်ဘုရားအဆင့် နှလုံးသားမျိုးစေ့"
"ဂိုဏ်းချုပ်ကျန်း... ခင်ဗျားမှာ တကယ်ပဲ နတ်ဘုရားအဆင့်နှလုံးသားမျိုးစေ့ ရှိနေတာလား"
"ဘုရားရေ... ခင်ဗျားက နှလုံးသားဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်များလား"
နှလုံးသားဌာနမှအဖွဲ့ဝင်များမှာ အံ့အားသင့်လျက် ဝမ်းသာသွားကြသည်။ သူတို့သည် ကျန်းချန်နောက်သို့ အချိန်အတော်ကြာလိုက်ပါလာခဲ့ကြပြီး ယခုအခါ သူတို့စိုးရိမ်သည်မှာ ဖေးရှန်ဂိုဏ်း၏ဝါးမြိုခြင်းခံရမည်ကိုမဟုတ်ဘဲ ဤဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် မပြုလုပ်နိုင်မည်ကိုသာ။ ဂိုဏ်းချုပ်ကျန်းနောက်သို့ လိုက်ပါခြင်းမှာ အနာဂတ်ရှိသည်။
သူ၏ တပည့်များအပေါ်ဆက်ဆံမှုကိုကြည့်လျှင်သိနိုင်၏။ အင်မော်တယ်လောကသို့ ရောက်လျှင်ပင် သူတို့သည် အောင်မြင်မှုရရန် ဆက်လက်ဆွဲခေါ်ခံရမည်ဖြစ်သည်။
"ဂိုဏ်းချုပ်ကျန်းက ငါတို့နှလုံးသားဌာနရဲ့မျိုးဆက်ဖြစ်ရမယ်၊ ဒါအမှန်တရားပဲ"
"ဒါဆို ငါတို့ကမိသားစုဝင်တွေပေါ့"
"ဟားဟား၊ ဂိုဏ်းချုပ်ကျန်းက ငါတို့နဲ့ အရမ်းရင်းနှီးတယ်လို့ အရင်ကတည်းကခံစားမိသား။ အကြောင်းအရင်းကဒါကိုး"
လန်ယီသာ ထိုနေရာတွင်ရှိနေပါက သူတို့နှင့် သတ်ပုတ်နေလောက်ပြီဖြစ်သည်။
သူက စုန်းဌာနရဲ့ မျိုးဆက်ပါဆိုနေ...
နှလုံးသားထိုးဖောက်ကန်တော့၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း နိုးလာသော အစစ်အမှန်အင်မော်တယ်ဆင်းချွမ်၏ မျက်လုံးများဝေဝါးသွားပြီး နောက်ဆုံးတွင် ဝိညာဉ်ပျောက်ဆုံးသွားသကဲ့သို့ ဗလာဖြစ်သွားတော့သည်။ ဤအချိန်တွင် သူတွေးသမျှကို ကျန်းချန်က တိုက်ရိုက်သိရှိနိုင်ပြီဖြစ်သည်။
"ငါမေးမယ်၊ မင်းတို့အင်မော်တယ်ငါးယောက်လုံးက တစ်ဖွဲ့တည်းလား"
အစစ်အမှန်အင်မော်တယ်ဆင်းချွမ်က ဗလာကျင်းသောအသံဖြင့်ဖြေသည်။
"ဟုတ်ကဲ့၊ ကျွန်တော်တို့ကို မဟာဆင့်ကဲပြောင်းလဲခြင်းအင်မော်တယ်ဧကရာဇ်က စေလွှတ်လိုက်တာပါ"
"သူက ဒီကိုဘာလာလုပ်ခိုင်းတာလဲ"
"မင်းတို့ကြားမှာ အချင်းချင်းသတ်ဖြတ်အောင် မြှောက်ပင့်ပေးဖို့နဲ့ အောက်လောကကတက်လှမ်းလာသူအားလုံးကို သတ်ဖြတ်ဖို့ပါ"
"ဘာ"
အနားရှိလူများမှာ ချက်ချင်းပင် ဒေါသထွက်ကာ တစ်ယောက်ပြီးတစ်ယောက် ဆဲဆိုကြလေ၏။
"အဲဒီအောက်တန်းစားအင်မော်တယ်ဧကရာဇ်က ဘာဖြစ်ချင်နေတာလဲ"
"ငါတို့သူ့ကို သိတောင်မသိဘူး"
"ကောင်းပြီ၊ ဒီသူတော်စင်က အဲဒီမဟာဆင့်ကဲပြောင်းလဲခြင်းအင်မော်တယ်ဧကရာဇ်ဆိုတဲ့နာမည်ကို မှတ်ထားလိုက်ပြီ။ နောင်တစ်ချိန် ငါဧကရာဇ်ဖြစ်လာတဲ့အခါ သူ့ကိုအမြစ်ပြတ်အောင် ဖျက်ဆီးပစ်မယ်"
အစ်ကိုကြီးချန်က လက်ဝေ့ယမ်းလိုက်ပြီး ထပ်မေးလိုက်သည်။
"သူတစ်ယောက်တည်းပဲလား"
မိုချန်က အင်မော်တယ်လောက၏အခြေအနေကို ရှင်းပြထားဖူးသဖြင့် အင်မော်တယ်လောကသည် တက်လှမ်းလာသူများကိုမကြိုဆိုကြောင်း သိရှိထားသည်။
"သူတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာ ချန်းရွှီအင်မော်တယ်ဧကရာဇ်၊ ကျိုယန်အင်မော်တယ်ဧကရာဇ်၊ နှလုံးမဲ့ဓားဧကရာဇ်၊ လီယွီအင်မော်တယ်ဧကရာဇ်၊ သွေးနီမိစ္ဆာဧကရာဇ်၊ ဝမ်ရှီးမိစ္ဆာဧကရာဇ်၊ ဟင်းလင်းပြင်ခွဲနတ်ဆိုးဧကရာဇ်..."
အစစ်အမှန်အင်မော်တယ်ဆင်းချွမ်သည် အင်မော်တယ်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်အဆင့်ရှိ ထိပ်တန်းကျွမ်းကျင်သူ နာမည်ပေါင်းများစွာကို တစ်ဆက်တည်းရွတ်ဆိုပြလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ လူတိုင်းတုန်လှုပ်သွားကြတော့သည်။ အထက်အင်မော်တယ်လောကသို့ မရောက်မီမှာပင် သူတို့သည် လူတိုင်း၏ပစ်မှတ်ဖြစ်နေကြပြီလော။
"ဘာဖြစ်လို့ ငါတို့ကိုကိုင်တွယ်ချင်နေကြတာလဲ"
"ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်လောကက တက်လှမ်းလာသူတွေကို မမြင်ချင်လို့ပါ။ မင်းတို့တွေဟာ အနှေးနဲ့အမြန် အင်မော်တယ်လောကရဲ့ဟန်ချက်ကို ဖျက်ဆီးပစ်ကြလိမ့်မယ်..."
အစစ်အမှန်အင်မော်တယ်ဆင်းချွမ်က တစ်ဆင့်ချင်းရှင်းပြလိုက်သည့်အခါ ဤကြီးမားသော ပူးပေါင်းကြံစည်မှု၏ အနားစွန်းတစ်ခုပေါ်ထွက်လာတော့သည်။
ဟင်းလင်းပြင်အင်မော်တယ်လောကသည် ၎င်း၏အချုပ်အနှောင်များမှ လွတ်မြောက်ပြီးနောက် တက်လှမ်းခြင်းစည်းမျဉ်းများ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ဓားနယ်မြေ၊ မိစ္ဆာနယ်မြေ သို့မဟုတ် ပုံရိပ်ယောင်ဌာန၊ ရေဌာနတို့မှ ပါရမီရှင်များဖြစ်ကြသော သူတော်စင်အဆင့်ကျင့်ကြံသူများသည် နောင်တွင် ပုံမှန်အတိုင်းတက်လှမ်းနိုင်ကြတော့မည်။
ဘေးဒုက္ခများကိုကျော်ဖြတ်၍ အင်မော်တယ်လောကသို့တက်လှမ်းပြီးနောက်တွင် ရောက်ရှိမည့်နေရာမှာ ကျပန်းဖြစ်၏။ အင်မော်တယ်လောကမှာလည်း အလွန်ကျယ်ပြောလှသဖြင့် တက်လှမ်းလာသူများသည် သမုဒ္ဒရာထဲသို့ကျဆင်းသွားသော ရေစက်ကလေးများကဲ့သို့ ဖြစ်နေမည်။
ထိုအချိန်ကျလျှင် မည်သူက သူတို့ကိုရှာဖွေနိုင်မည်နည်း။ ထိုအချိန်ကျလျှင် ဤမိစ္ဆာဧကရာဇ်များနှင့် အင်မော်တယ်ဧကရာဇ်များ မည်မျှသန်မာပါစေ၊ တက်လှမ်းလာသူများ၏ ထွန်းတောက်လာမှုကို တားဆီးနိုင်မည်မဟုတ်။
ဤအရာကိုကာကွယ်ရန်အတွက် ဟင်းလင်းပြင်အင်မော်တယ်လောက၏ စည်းပွင့်သွားသည်နှင့် အင်မော်တယ်လောကမှ ကျွမ်းကျင်သူများသည် ချက်ချင်းလှုပ်ရှားကြ၏။ ထိပ်တန်းကျွမ်းကျင်သူတစ်စုပူးပေါင်း၍ ကောင်းကင်လျှို့ဝှက်ချက်များကိုဖုံးကွယ်ခဲ့ကြပြီး အင်မော်တယ်ရတနာဖြစ်သော ပုံရိပ်ယောင်အင်မော်တယ်ပုလင်းကို အောက်သို့စေလွှတ်ခဲ့ကြသည်။