← Chapters

အာဇာနည် ဂိုဏ်းချုပ်ကျန်း

Vol. 22 Ch. 220

အာဇာနည် ဂိုဏ်းချုပ်ကျန်း

Vol. 22 Ch. 220

အကယ်၍ ထွက်ခွာခွင့်ရမည်ဆိုပါက မည်သူက ဤနေရာတွင် ဆက်လက်နေထိုင်လိုမည်နည်း။ ခဏချင်းမှာပင် ကျန်းချန်သည် လူအုပ်ကြီး၏ဝိုင်းရံခြင်းကိုခံလိုက်ရပြန်သည်။ ဟင်းလင်းပြင်နယ်မြေမှဖြစ်စေ၊ မိစ္ဆာနယ်မြေမှဖြစ်စေ လူတိုင်းက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။

"ဂိုဏ်းချုပ်ကျန်း... အပြင်ခေါ်ထုတ်ပေးနိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ ဒီကျေးဇူးကို မဖြစ်မနေပြန်ဆပ်ပါ့မယ်"

"စကားတွေအများကြီး မပြောတော့ပါဘူး၊ တကယ်လို့ အပြင်ရောက်သွားရင် တစ်ချက်ပဲအမိန့်ပေးလိုက်ပါ၊ အသက်နဲ့လဲပြီး လုပ်ဆောင်ပေးပါ့မယ်"

"ဒါသာအောင်မြင်သွားရင် ဂိုဏ်းချုပ်ကျန်းက မိစ္ဆာနယ်မြေတစ်ခုလုံးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သွားပါပြီ"

ဟင်းလင်းပြင်နယ်မြေမှလူများက ပို၍ပွင့်လင်းရိုးသားကြသည်။ မျိုးနွယ်စုခေါင်းဆောင်ပိချန်းက

"ညီအစ်ကို... နောင်ကျရင် ခင်ဗျားဘယ်သူ့ကိုရိုက်ချင်လဲသာပြော၊ ချက်ချင်းပြေးရိုက်ပေးမယ်"

ဟု တစ်ခွန်းတည်းဆိုလိုက်သည်။

အကယ်၍ အခြားသူတစ်ဦးသာဆိုပါက ဤမျှများပြားလှသော အောက်လောကပါရမီရှင်များ၏ မျက်နှာသာပေးမှုကိုရရှိသဖြင့် အလွန်ဝမ်းသာနေပေလိမ့်မည်။ ဤမျှများပြားသော လူအုပ်ကြီး၏ ကျေးဇူးကြွေးကိုရရှိရန်မှာ အင်မော်တယ်ဧကရာဇ်တစ်ပါးပင် မတတ်နိုင်သောအရာဖြစ်သည်။

သူတို့သာ အင်မော်တယ်လောကသို့ရောက်ရှိသွားပြီး ကျင့်ကြံခြင်းပြီးဆုံးသွားချိန်တွင် မည်မျှကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီးဖြစ်လာမည်ကို တွေးကြည့်ရုံနှင့်သိနိုင်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ အစ်ကိုကြီးချန်ကတော့ ထိုအရာများကိုစိတ်မဝင်စား။ သူသည် ထိုလူများနှင့် အတူတူခရီးမသွားချင်။ ထိုလူများမှာ အရည်အချင်းရှိလွန်းနေသောကြောင့် သူ၏ဟန်ထုတ်ခွင့်များကို လုယူနေကြလိမ့်မည်။

သူတို့ကို သူ့အတွက် အမှတ်များရှာဖွေပေးမည့် လက်အောက်ငယ်သားများအဖြစ် ပြောင်းလဲရန်လည်း မဖြစ်နိုင်ပေ။ အချို့သောသူများမှာ အခြားသူ၏လက်အောက်တွင် ငုံ့ခံနေမည့်သူများမဟုတ်ကြ။ ထို့ကြောင့် သူလုံးဝစိတ်မဝင်စားပေ။

"ကောင်းပါပြီ၊ ငါလည်းစမ်းကြည့်ရုံပါပဲ။ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာတော့ မသေချာသေးဘူး"

"ဂိုဏ်းချုပ်ကျန်း... ခင်ဗျားရဲ့အစီအစဉ်ကဘာလဲ"

"ငါတို့လည်း အကြံဉာဏ်တွေဝိုင်းပေးလို့ရတာပေါ့!"

ငါ့ကိုချမ်းသာပေးကြပါဦး... မင်းတို့ရဲ့နတ်ဘုရားစွမ်းအင်တွေကိုသုံးပြီး ဝင်မရှုပ်ကြပါနဲ့တော့...

"ငါ့ရဲ့နည်းလမ်းက ရိုးရှင်းပါတယ်။ အစွန်အဖျားကအဆိပ်မြူတွေကို ဖြတ်ကျော်တိုက်ခိုက်ဖို့ပဲ။ အဲဒါကိုကျော်ဖြတ်နိုင်ရင် ဒီအင်မော်တယ်ရတနာထဲကနေ ငါတို့ထွက်သွားနိုင်ပြီ"

ထိုစကားကိုကြားလိုက်ရသည်နှင့် လူတိုင်း အသက်ရှူရပ်မတတ် တုန်လှုပ်သွား၏။

"ဘာ"

"အဆိပ်မြူတွေကိုဖြတ်ကျော်မယ် ဟုတ်လား"

"လုံးဝမဖြစ်နိုင်တာ"

"အဲဒီမြူခိုးတွေက အင်မော်တယ်အရှင်သခင်ကိုတောင် သွေးရည်ဖြစ်အောင် အရည်ပျော်စေနိုင်တာ။ ဂိုဏ်းချုပ်ကျန်း... စိတ်လိုက်မာန်ပါမလုပ်ပါနဲ့"

"ဟုတ်တယ်... ဒါဟာ သေလမ်းကိုသွားတာပဲ၊ ရှင်ဖို့လမ်းစလုံးဝမရှိဘူး"

သူတို့ စတင်ဝင်ရောက်လာချိန်က ထိုအဆိပ်မြူများအား စမ်းသပ်လေ့လာသူအချို့ကို မြင်တွေ့ခဲ့ရသည်။ မြူအစအနလေးတစ်ခုနှင့်ထိရုံမျှဖြင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပြာတောင်မကျန်ဘဲ ချက်ချင်းပျောက်ကွယ်သွား၏။ အလွန်အန္တရာယ်ကြီးလှသည်။

အစ်ကိုကြီးချန်မှာ သူပြန်လည်ရှင်သန်နိုင်ကြောင်း ထုတ်ပြော၍မရပေ။

"ငါ့ကို ထပ်ပြီးမဖျောင်းဖျကြပါနဲ့တော့"

"ဒီဂိုဏ်းချုပ်မှာ အခွင့်အရေး ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုရင်တောင်..."

သူသည် ရှေးဟောင်းယန်အင်မော်တယ်ဓားကို ဆွဲထုတ်လိုက်ပြီး အပေါ်မြှောက်ကိုင်လိုက်သည်။

"ဒါပေမဲ့ အားလုံးက နေရောင်ခြည်ကိုပြန်မြင်ရဖို့နဲ့ လွတ်လပ်ခွင့်ရဖို့အတွက်ဆိုရင် ငါဘာလို့မစမ်းသပ်ရမှာလဲ"

အစ်ကိုကြီးချန်သည် လူအများ၏ကြည်ညိုမှုကို ပြန်လည်စုဆောင်းနေပြန်ပြီဖြစ်သည်။

"၁ ရာခိုင်နှုန်းပဲရှိရင်တောင် စမ်းသပ်ရကျိုးနပ်ပါတယ်"

"အားလုံးအတွက် ငါဒီစွန့်စားမှုကိုလုပ်ဆောင်ဖို့ အသင့်ပဲ"

ဤကြေညာချက်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းသလို၊ သူရဲကောင်းဆန်ကာ သေခြင်းတရားကိုမမှုသည့် အမူအရာမျိုးဖြစ်၏။ ခဏချင်းမှာပင် လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားကြပြီး မိုချန်ပင်လျှင် ချွင်းချက်မရှိဖြစ်သွားရသည်။

သူက... ဒီလောက်တောင်မြင့်မြတ်တာလား...

ကျင့်ကြံခြင်းလောကမှာ ဒီလောက်အဆင့်အတန်းမြင့်တဲ့သူ တကယ်ရှိနေတာလား...

အမှန်အတိုင်းပြောရလျှင် ဤလူပေါင်းတစ်သိန်းနှစ်သောင်းကျော်ထဲတွင် အများစုမှာ ဖြောင့်မတ်သောလမ်းစဉ်ကို လျှောက်လှမ်းသူများမဟုတ်ကြ။ မိစ္ဆာလမ်းစဉ်နှင့် ဆိုးယုတ်သောလမ်းစဉ်ကို လျှောက်လှမ်းသူအလွန်များ၏။

နာမည်ကျော်ဂိုဏ်းကြီးများမှ ကျင့်ကြံသူများသည်ပင်လျှင် သူတော်စင်များမဟုတ်ကြချေ။ ဆက်တိုက်ဖြစ်ပေါ်နေသော အကျပ်အတည်းများကြောင့်သာ ပူးပေါင်းဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်းသိရှိသဖြင့် ညီညွတ်နေကြခြင်းဖြစ်သည်။ ယခုအခါ ကျန်းချန်ကဲ့သို့သောလူမျိုး ပေါ်ထွက်လာသဖြင့် သူတို့ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

"ဂိုဏ်းချုပ်ကျန်း... ဒီလောက်အထိလုပ်ပေးဖို့မလိုပါဘူး"

"ဒီအဖိုးကြီး တကယ်ကိုရှက်မိပါတယ်"

"ဂိုဏ်းချုပ်ကျန်း... ကျေးဇူးပြုပြီးပြန်စဉ်းစားပါဦး"

လူတိုင်းထွက်သွားချင်ကြသည်မှာ မှန်သော်လည်း ကျန်းချန်၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်မှာ ကျင့်ကြံခြင်းလောကတွင် ကြားဖူးနားဝပင်မရှိသောအရာမျိုး ဖြစ်နေသည်။ အကယ်၍ သူတို့သာဆိုပါက အောင်မြင်ရန် ၁၀ ရာခိုင်နှုန်းသာရှိသော သေလမ်းသို့ လုံးဝသွားကြမည်မဟုတ်။

နှစ်ပေါင်းသန်းနှင့်ချီ၍ နေထိုင်လာသော ဤမြေခွေးအိုကြီးများသည်ပင် ဤမျှစိတ်လှုပ်ရှားမှုမျိုး မရှိသည်မှာကြာလေပြီ။ သူတို့အမြင်တွင် ဤလုပ်ရပ်မှာ အလွန်မိုက်မဲသော်လည်း စိတ်ထဲတွင်မူ မချီးကျူးဘဲမနေနိုင်ကြပေ။ ပါရမီရှင်လူငယ်အချို့မှာမူ လက်သီးကိုတင်းတင်းဆုပ်ကာ မျက်ရည်များပင်ဝဲနေကြသည်။

ပိချန်းက ကျန်းချန်၏ပုခုံးကိုပုတ်ကာပြောသည်။

"ညီအစ်ကိုက ငါတို့ဟင်းလင်းပြင်နယ်မြေကလူတွေကိုတောင် အရှက်ရစေတယ်"

"ငါဆုံးဖြတ်လိုက်ပြီ၊ အတူလိုက်ပြီး လမ်းရှင်းပေးမယ်"

မိတ်ဆွေကြီး... ခင်ဗျားက ဘာလို့ဒီလောက်တောင် အတည်ကြီးလုပ်နေတာလဲ...

ငါကတကယ်မသေဘူး၊ ခင်ဗျားလိုက်လာရင်တော့ တကယ်သေသွားမှာ...

ပြီးတော့ ဒါက ငါ့ရဲ့ဟန်ထုတ်ရမယ့်အခွင့်အရေးပဲ၊ လာမလုနဲ့...

"ဟင့်အင်း၊ လုံးဝမလိုက်ခဲ့နဲ့"

"ငါ့မှာ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အခွင့်အရေးရှိသေးတယ်၊ တကယ်လို့ အောင်မြင်သွားရင်ရော"

"ငါတစ်ယောက်တည်းဆိုရင်ရပြီ၊ နောက်ထပ်လူတွေကို အလဟဿအသေမခံနိုင်ဘူး"

ထိုသို့ပြောပြီးနောက် သူသည် ပိချန်း၏လက်ကြီးကိုဖယ်ထုတ်ကာ နောက်လှည့်မကြည့်ဘဲ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

တစ်ဦးတည်းသော သံသယရှိသူမှာ မျက်စိသုံးလုံးကျားဖြစ်၏။ ဤကောင်မှာ ကျန်းချန်နှင့် အဝတ်တစ်ထည်တည်း အတူဝတ်နေသည့်ကောင်ဖြစ်ရာ ဤလုပ်ရပ်မှာ ဟန်ထုတ်ရန်ပြင်ဆင်ခြင်းသာဖြစ်မည်ဟု သူက ပြင်းပြင်းထန်ထန်သံသယရှိနေသည်။ သို့သော် သူထုတ်မပြောရဲပေ။

မဟုတ်ပါက ကျန်သူများက သူတို့၏သူရဲကောင်းကို အသရေဖျက်သည်ဟုဆိုကာ ဤနိမ့်ကျသောတိရစ္ဆာန်လေးကို ဒေါသတကြီး သတ်ဖြတ်ကြပေလိမ့်မည်။

ကျန်းချန်သည် နှစ်နာရီကြာအောင် အရှိန်အကုန်တင်ပျံသန်းခဲ့ပြီးနောက် ရှေ့တွင် မီးခိုးရောင်မြူခိုးအထပ်ထပ်ကို တွေ့လိုက်ရ၏။ ကျန်သောသူများကလည်း နောက်မှ အနီးကပ် လိုက်ပါလာကြသည်။

"ဂိုဏ်းချုပ်ကျန်း... တကယ်ပဲဆုံးဖြတ်ပြီးပြီလား"

"အခု ပြန်လှည့်မယ်ဆိုရင်တောင် မနောက်ကျသေးပါဘူး"

"ခင်ဗျားဟာ အောက်လောက နယ်မြေတစ်သောင်းရဲ့ နံပါတ်တစ်ပါရမီရှင်ပါ၊ ဒီလိုမျိုး အသက်ပေးလိုက်ရမှာက ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါပဲ"

အစ်ကိုကြီးချန်က တွေဝေနေမည်မဟုတ်။ သူနောက်လှည့်ကြည့်ကာ အသာအယာ ပြုံးပြလိုက်သည်။

"စိတ်ချပါ... ငါသာအပြင်ထွက်နိုင်မယ်ဆိုရင် ဒီအင်မော်တယ်ရတနာကို အင်မော်တယ်လောကအစစ်ထဲကို ယူသွားပါ့မယ်။ အဲဒီကျရင် မင်းတို့အားလုံးကို ကယ်ထုတ်ဖို့ နည်းလမ်းရှာပါ့မယ်"

ထိုသို့ပြောပြီးနောက်သူသည် အဆိပ်မြူများထဲသို့ဝင်သွားတော့သည်။

"ဂိုဏ်းချုပ်ကျန်း"

ချင်စော့နှင့် နှလုံးသားဌာနမှလူများမှာ စိတ်လှုပ်ရှားစွာဖြင့် ငိုကြွေးကုန်ကြသည်။

"ဂိုဏ်းချုပ်ကျန်းရဲ့မြင့်မြတ်မှုက အတိုင်းအဆမရှိပါဘူး"

"နှမြောစရာပဲ... ရင်နာလိုက်တာ"

"အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ၊ ဒီအဘိုးကြီးကတော့ ခင်ဗျားရဲ့ကျေးဇူးကို ဒီနေ့မှာအမှတ်ရနေပါ့မယ်"

"ငါဟာ နှစ်ပေါင်းကိုးသန်းလောက် လှည့်လည်ခဲ့ပေမဲ့ ဘယ်သူ့ကိုမှ တကယ်မလေးစားခဲ့ဖူးဘူး၊ ဒီနေ့ ဂိုဏ်းချုပ်ကျန်းကိုမြင်မှပဲ လေးစားမိတော့တယ်"

သူတို့သည် မီးခိုးရောင်မြူခိုးများကို စိုက်ကြည့်နေကြသော်လည်း မည်သည့်အသံမျှ ထွက်မလာတော့ပေ။ သူဖြတ်ကျော်သွားနိုင်သလား သို့မဟုတ် သေဆုံးသွားပြီလားဆိုသည်ကို မည်သူမျှမသိရှိနိုင်။

သူတို့သာအမှန်တရားကို သိသွားပါက ဆွံ့အသွားကြပေလိမ့်မည်။ မြူခိုးထဲရောက်သွားသည်နှင့် အစ်ကိုကြီးချန်မှာ မျှော်လင့်ထားသည့်အတိုင်း သေဆုံးသွား၏။ ထို့နောက် မျှော်လင့်ထားသည့်အတိုင်းပင် စနစ်၏အကြောင်းကြားစာ ထွက်ပေါ်လာသည်။

"ဒင်...လက်ခံသူ သေဆုံးသွားသည်။ ရန်သူ့အင်အားကိုတိုင်းတာပြီး ပြန်လည်ရှင်သန်ခြင်းအစီအစဉ်ကို ရေးဆွဲနေပါသည်"

"ဒင်... လက်ခံသူသည် ပုံရိပ်ယောင်အင်မော်တယ်ပုလင်းကို အောင်မြင်စွာသန့်စင်လိုက်ပါပြီ"

"ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ"

ဟင်... ဒီလောက်လွယ်တာလား...

ကျန်းချန်သည် စနစ်ကသူ့ကို အဆိပ်ဒဏ်ခံနိုင်သောစွမ်းအားများပေးကာ မြူခိုးထဲမှ လွတ်မြောက်အောင် လုပ်ပေးလိမ့်မည်ဟု ထင်ထားခဲ့၏။ စနစ်က ဤမျှတိုက်ရိုက်ကျလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ့ကို ထိုအင်မော်တယ်ရတနာ၏ အရှင်သခင်အဖြစ် တစ်ခါတည်း သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။

အရာအားလုံးမှာ များစွာရိုးရှင်းသွား၏။ သူသည် ထိုအဆိပ်မြူများ မည်မျှကျယ်ပြောသည်၊ မည်မျှကြာအောင် ပျံသန်းရမည်ကို မသိရှိခဲ့သော်လည်း ယခုမူ ထိုပြဿနာပြေလည်သွားလေပြီ။ စိတ်ကူးလိုက်ရုံဖြင့် သူသည် အင်မော်တယ်ရတနာ၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

စိမ်းပြာရောင်ရှိသော အင်မော်တယ်ပုလင်းလေးမှာ သူ့ရှေ့ရှိဟင်းလင်းပြင်တွင် လွင့်မျောနေသည်။ အောက်ဘက်တွင် တိမ်တိုက်အထပ်ထပ်ရှိနေပြီး ထိုတိမ်တိုက်များ၏အောက်တွင်မူ အောက်လောကနယ်မြေတစ်သောင်း ရှိနေသည်။ ဟင်းလင်းပြင်အင်မော်တယ်လောကမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး တက်လှမ်းခြင်းစည်းမျဉ်းများ ပြန်လည်နိုးထလာလေပြီ။

ပြင်ပလောက၏စည်းမျဉ်းများကို ပြန်လည်ခံစားလိုက်ရချိန်တွင် သူ၏နယ်ပယ်မှာ ပွင့်ထွက်သွားသလိုခံစားလိုက်ရ၏။ သူသည် မကြာမီအဆင့်တက်ကာ အင်မော်တယ်လောကသို့ တက်လှမ်းရတော့မည်ဖြစ်ကြောင်း အာရုံရလိုက်တော့သည်။

All Chapters