အခန်း (၆၈)
Vol. 7 Ch. 68
အမှတ်မထင် ဖူးစာ
အပိုင်း ၆၈
သူတို့ ထွက်သွားတော့မည့်အချိန်မှာပင် အဘွားနှစ်က ယန်ရွှယ်ကို ပြန်ခေါ်ကာ အသံကို နှိမ့်လိုက်သည်။
"ယန်ကျိဇူက မနေ့တစ်နေ့က စေ့စပ်လိုက်ပြီ။ မင်္ဂလာဆောင်ကိုလည်း နောက်လမှာ လုပ်ဖို့ သတ်မှတ်ထားတယ်။"
အဘွားနှစ်မှာ ထက်မြက်သူဖြစ်သလို ယန်ရွှယ်မှာလည်း ထိုနည်းအတိုင်းပင်။ ထပ်မံ ရှင်းပြနေရန် မလိုတော့ဘဲ သူမ အားလုံးကို နားလည်သွားသည်။
သူမ မေးခွန်းတစ်ခုသာ မေးလိုက်သည်။ "အရင်လူနဲ့ပဲလား?"
အဘွားနှစ်က ခေါင်းငြိမ့်ပြသည်။ "ပြီးခဲ့တဲ့ ဆောင်းရာသီကတည်းက လက်ထပ်ဖို့ စကားပြောထားတာ၊ ဒါပေမဲ့ နွေဦးရောက်တော့ အိမ်ဆောက်ဖို့ မြေကွက်အချို့ သွားကြည့်တာ တစ်ကွက်မှ မကြိုက်ကြဘူးလေ။"
ယန်ရွှယ် ဘာမှ ထပ်မပြောတော့ပေ။ သူမသည် ရေခပ်ကာ ရေချိုးရန် နေရာရှာလိုက်သည်။
၉ နှစ်၊ ၁၀ နှစ် အရွယ် ကလေးတစ်ယောက်ကို တစ်နေကုန်နီးပါး ပွေ့ချီထားရသဖြင့် သူမ၏ လက်မောင်းများမှာ အားမရှိသလို ဖြစ်နေသည်။ သူမ ရေဇလုံကို မလိုက်စဉ်တွင် လက်က ချော်သွားသည်။
သူမ ကိုယ့်ကိုယ်ကိုယ် ပြန်မထိန်းနိုင်မီမှာပင် ဘေးက အမျိုးသားက လက်လှမ်းကာ ယူပေးလိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ?"
သူသည်လည်း ထက်မြက်သူ ဖြစ်သည်။ အဘွားနှစ် ပြောခဲ့သော စကား၏ အဓိပ္ပာယ်ကို သူလည်း သေချာပေါက် နားလည်သွားသည်။
တိုက်ဆိုင်လိုက်တာ။ ယန်ကျိဇူက အိမ်သစ်ဆောက်ဖို့ မြေရှာလို့ မရဖြစ်နေတဲ့အချိန်မှာပဲ ယန်ကျိအန်းက ရုတ်တရက် လန့်သွားရတယ်တဲ့။
ပြီးတော့ သူတို့ကလည်း အလောတကြီးပါပဲ။ ယန်ကျိအန်းက အိမ်ပေါ်က ဆင်းပေးလိုက်တာနဲ့ စေ့စပ်ပွဲကို အမြန်ဆုံး အတည်ပြုလိုက်ကြတယ်ပေါ့။
ယန်ရွှယ်၏ အပြုံးတွင် ခနဲ့တဲ့တဲ့ အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ "ကျွန်မ မိသားစုရဲ့ ဒီလို ရှုပ်ထွေးတဲ့ ပြဿနာတွေကြောင့် ရှင် တော်တော် ပင်ပန်းနေမှာပဲ။"
"မဟုတ်ပါဘူး၊"
ချီဖန့်က ရေဇလုံကို ချပေးပြီး သူမအတွက် အဝတ်အစားသစ်များကို ကမ်းပေးလိုက်သည်။ "ကိုယ့်မိသားစုကလည်း ဒီထက် သိပ်မသာပါဘူး။"
ထိုအချိန်မှ ယန်ရွှယ် သတိရသွားသည်။ ဤအမျိုးသားသည်လည်း သူ့နည်းသူ့ဟန်ဖြင့် သနားစရာကောင်းသော ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရရုံသာမက၊ သူ၏ မိသားစုနှင့် ပတ်သက်မှုမှာလည်း နောက်ဆုံးအချိန်အထိ တင်းမာနေခဲ့ပြီးမှသာ ရန်ငြိုးများကို စွန့်လွှတ်နိုင်ခဲ့သူ မဟုတ်ပါလား။
သူမ ပြန်မပြောနိုင်မီမှာပင် ယန်စုန့်ရှန်းနှင့် ယန်ကျိဇူတို့ လယ်ကွင်းမှ ပြန်ရောက်လာကြသည်။
ယန်ရွှယ်၏ အမူအရာမှာ မှောင်မိုက်သွားသည်။ အခြားအရာများကို ဘေးဖယ်ထားကာ သူမသည် အမြန် ရေချိုး၊ အဝတ်အစားလဲပြီး အပြင်သို့ ထွက်လာခဲ့သည်။
ခြံထဲတွင် ယန်စုန့်ရှန်းနှင့် သူ၏ သားဖြစ်သူတို့သည် ဂျုံရိတ်သည့် တံစဉ်များကို နံရံတွင် ချိတ်ဆွဲလိုက်ပြီး ခြေထောက်မှ ရွှံ့များကို ဆေးရန် ရေခပ်နေကြသည်။ ယန်ရွှယ်ကို မြင်သောအခါ ယန်စုန့်ရှန်းမှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"ရှောင်ရွှယ်၊ ပြန်ရောက်ပြီလား?"
ထို့နောက် သူက စိုးရိမ်သယောင် ဟန်ဆောင်ကာ ပြောလိုက်သည်။ "မင်းတို့ လာတာ အချိန်ကိုက်ပဲ။ ကျိအန်း နေမကောင်းဖြစ်နေတာ နှစ်ရက်ရှိပြီ။ မင်းနဲ့ မတွေ့ရတာ နှစ်ဝက်လောက် ရှိပြီဆိုတော့ အစ်မကို သတိရလို့ ဖြစ်မှာပါ"
တကယ့်ကို လှပပြောင်မြောက်လှတဲ့ စကားလုံးတွေပဲ။ သူကတော့ ဂရုစိုက်တတ်တဲ့ လူကြီးသူမ၊ ယန်ရွှယ်ကတော့ သူမရဲ့ မောင်လေးကို လပေါင်းများစွာ ပစ်ထားခဲ့တဲ့ လျစ်လျူရှုတတ်တဲ့ အစ်မပေါ့။
သူ့အဆိုအရ ယန်ကျိအန်း ဖျားရတာက လန့်သွားလို့ မဟုတ်ဘဲ ယန်ရွှယ်က ရက်ရက်စက်စက် ထားပစ်ခဲ့လို့ ဖြစ်ရတာတဲ့။ အပြစ်အားလုံးက သူမအပေါ်မှာပဲ ပုံကျသွားသည်။
ယန်ရွှယ် ငြင်းမနေတော့ပါ။ သူမသည် ရှေ့သို့ တည့်တည့်လျှောက်သွားပြီး ကျိဇူ၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။
ယန်ကျိဇူက အရပ်သိပ်မရှည်သော်လည်း ၅ ပေ ၇ လက်မခန့်ရှိပြီး လယ်ယာအလုပ်များကြောင့် သန်မာသူဖြစ်ရာ သေးသွယ်လှပသော ယန်ရွှယ်က သူ့ကို လက်ပါလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ယန်စုန့်ရှန်း၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားသည်။ ယန်ကျိဇူ အကြောင်သားဖြစ်သွားရာမှ သတိဝင်လာပြီး "မင်း သေချင်နေတာလား!" ဟု ဒေါသတကြီး ဟိန်းဟောက်ကာ သူမထံ ပြေးဝင်တော့သည်။
သို့သော် တစ်စုံတစ်ဦးက ပို၍ မြန်ဆန်လှသည်။ လက်တစ်ဖက်က သူ၏ လက်မောင်းကို ဆုပ်ကိုင်ကာ အားဖြင့် လိမ်ချလိုက်သည်။
ယန်ကျိဇူ နာကျင်မှုကို မခံစားရမီမှာပင် ယန်ရွှယ်က သူ၏ နောက်ထပ် ပါးတစ်ဖက်ကိုလည်း အသံမြည်အောင် ရိုက်လိုက်ပြန်သည်။
သူမ၏ လက်မှာ ရိုက်လိုက်သည့် ဒဏ်ကြောင့် ကျဉ်သွားသော်လည်း သူမက ဂရုမစိုက်ဘဲ သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ငါ ဘာလို့ ရိုက်တာလဲဆိုတာ နင် ကောင်းကောင်းသိတယ် မဟုတ်လား?"
သူမက သူ့ကို ပြန်ဖြေခွင့်မပေးခဲ့ပေ။ "ကျိအန်း ဘယ်လိုကြောင့် လန့်သွားလဲ၊ ဘယ်သူက လန့်အောင်လုပ်လဲဆိုတာ မသိချင်ယောင် ဆောင်မနေနဲ့။"
သူ့မျက်နှာ ပျက်သွားသည်ကို မြင်သောအခါ သူမက ခနဲ့ပြုံး ပြုံးလိုက်သည်။ "ခြံတံခါးက သော့ခတ်ထားပြီးသား။ ကျိအန်း ပြောတာက တစ္ဆေက ပြတင်းပေါက် အပြင်ဘက်မှာ ရှိနေတာတဲ့၊ အရပ်က ငါ့ထက် ခေါင်းတစ်လုံးခွဲလောက် ပိုမြင့်တယ်တဲ့။ ငါ့ကို ငအလို့ ထင်နေတာလား?"
ယန်စုန့်ရှန်းက ၆ ပေနီးပါး အရပ်ရှည်သော်လည်း သူ၏ သားသမီးများမှာ ပိုင်ရှို့ကျန့်ဘက်သို့ ပါသဖြင့် အရပ်ပုကြသည် - အထူးသဖြင့် သားကြီး ယန်ကျိဇူ ဖြစ်သည်။
ယန်ကျိအန်း လက်ဟန်ခြေဟန်ဖြင့် ပြကတည်းက ယန်ရွှယ် အမှန်တရားကို ရိပ်မိခဲ့သည်။ သူမသည် ယန်ကျိဇူ လယ်ထဲက ပြန်လာမည့်အချိန်ကို စောင့်နေပြီး ခြံတံခါးဝမှာတင် သူ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။
ကျေးလက်တောရွာများတွင် ခြံတံခါးများကို ညမရောက်မချင်း ဖွင့်ထားလေ့ရှိရာ ဆူညံသံကြောင့် လူအုပ်ကြီး စုရုံးလာသည်။ ယန်စုန့်ရှန်း၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေပြီး ပြောလိုက်သည်။
"တော်စမ်း! မင်း ကျိအန်းအတွက် စိတ်မကောင်းဖြစ်နေရင်တောင် ကျိဇူအပေါ် အငြိုးမထားသင့်ဘူး။ သူ လန့်သွားတာနဲ့ ကျိဇူနဲ့ ဘာဆိုင်လို့လဲ?"
သူသည် ချီဖန့် ၏ လက်ကို ယန်ကျိဇူထံမှ ခွာရန်ပင် ကြိုးစားလိုက်သေးသည်။
"ဒါ မိန်းမတစ်ယောက်ရဲ့ ရမ်းကားမှုပဲ! မင်းက အလိုမလိုက်နဲ့!"
သူတို့ရွာမှာ ယောက်ျားတစ်ယောက်က မိန်းမနိုင်တာဟာ အရှက်ရစရာ တစ်ခုပါ။ ယန်ကျိဇူက ယန်ရွှယ်ကို ရိုက်ဖို့ပြင်လို့သာ ချီဖန့်က အလိုလို တားဆီးမိတာ ဖြစ်လိမ့်မည်၊ အော်လိုက်လျှင် သူ ပြန်လွှတ်လိမ့်မည်ဟု ယန်စုန့်ရှန်းက တွေးပုံရသည်။
သို့သော် ချီဖန့်က ယန်ကျိဇူ၏ လက်မောင်းကို ပို၍ လိမ်ချလိုက်ပြီး ယန်စုန့်ရှန်း၏ လက်ကို အသာအယာ ရှောင်လိုက်ရာ ယန်ကျိဇူမှာ နာကျင်လွန်းသဖြင့် အော်ဟစ်တော့သည်။ ချီဖန့် ပြောလိုက်သည်။ "ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် အရင် ပြန်ဆင်ခြင်သင့်တယ် မဟုတ်လား?"
ယန်စုန့်ရှန်း ဆွံ့အသွားသည်။ 'ဆင်ခြင်ရမယ်? ဘာကိုလဲ?'
ချီဖန့်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ "ယန်ရွှယ်က ကျွန်တော်နဲ့ လက်ထပ်ထားတာ နှစ်ဝက် ရှိပြီ။ သူမ တစ်ခါမှ အလိုမကျ ဒေါသမထွက်ဖူးဘူး၊ အမြဲတမ်း သိမ်မွေ့ပြီး တာဝန်ကျေပွန်တဲ့ ဇနီးတစ်ယောက်ပဲ။"
ထို့ကြောင့် အမြဲသိိမ်မွေ့သော ယန်ရွှယ်က ဒေါသထွက်နေသည်ဆိုလျှင် အပြစ်က သူတို့ဘက်မှာသာ ရှိရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ခြံပြင်က အိမ်နီးနားချင်းများပင် နားလည်သွားကြသည်။ တကယ်လည်း... အဓိပ္ပာယ်ရှိလှသည်။
ဘာပဲဖြစ်ဖြစ် ရှောင်ရွှယ်က လူတိုင်းအပေါ် အမြဲပြုံးရွှင်ပြီး ချိုသာတဲ့သူ မဟုတ်လား။ အရင်တစ်ခေါက် လျော်ကြေးကိစ္စအတွက် တိုက်ပွဲဝင်တာကလွဲရင် သူမ ဒီလောက် ဒေါသထွက်တာ ဘယ်သူမြင်ဖူးလို့လဲ?
ထိုအချိန်တွင် ပိုင်ရှို့ကျန့်လည်း ဆူညံသံကြား၍ အထဲမှ ပြေးထွက်လာခဲ့သည်။ မြင်ကွင်းကို မြင်သည်နှင့် သူမသည် ချီဖန့်ထံ ပြေးဝင်ကာ အော်ဟစ်တော့သည်။ "မင်းတို့ ရူးနေကြပြီလား? ငါ့ ကျိဇူ ကို လွှတ်စမ်း!"
ယန်ရွှယ်က အခွင့်အရေးကို ယူကာ ချီဖန့်ကို ဘေးသို့ ဆွဲထုတ်ပြီး လက်လွှတ်ခိုင်းလိုက်သော်လည်း သူမ၏ စကားလုံးများမှာတော့ မပျော့ပြောင်းသွားပေ။
"ဒီ ဒုတိယမြောက် ပါးရိုက်ချက်ကတော့ ငါ့အဖေ ဆုံးတုန်းက ကျိအန်းကို အလောင်းသွားကြည့်ဖို့ နင် တိုက်တွန်းခဲ့တဲ့အတွက်ပဲ။"
လက်မောင်း လိမ်ခံထားရသဖြင့် မျက်နှာရှုံ့မဲ့နေသော ယန်ကျိဇူမှာ ထိုစကားကို ကြားသောအခါ ခေါင်းမော့လာပြီး သူ၏ မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
ကြည့်နေသူများလည်း အကုန်လုံး အံ့သြတုန်လှုပ်သွားကြသည်။
ယန်ပိုင်ရှန်း၏ သွေးသံရဲရဲ အလောင်းကြီးကို မြင်လိုက်ရပြီးကတည်းက ယန်ကျိအန်းမှာ စကားထစ်သွားခဲ့ရသည်ကို လူတိုင်းသိကြသည်။ ထိုစဉ်က အခြေအနေမှာ ရှုပ်ထွေးနေသဖြင့် ကလေးတစ်ယောက် မတော်တဆ ရောက်သွားသည်ဟုသာ အားလုံးက ထင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယန်ရွှယ်က ပို၍ သိနေသည်။ "အဲဒီနေ့က ငါ မထွက်သွားခင် ကျိအန်း လန့်သွားမှာစိုးလို့ အိမ်မှာပဲ နေဖို့၊ အပြင်မထွက်ဖို့ ထပ်ခါတလဲလဲ မှာခဲ့တယ်။ သူ နားထောင်အောင် ရှေ့တံခါးကိုတောင် သော့ခတ်ထားခဲ့တာ။"
သူမက ယန်ကျိဇူကို စိုက်ကြည့်လိုက်သည်။ "ဒါပေမဲ့ သူ ပြတင်းပေါက်ကနေ ခုန်ထွက်သွားခဲ့တယ်။ အဲဒီအချိန်မှာ အိမ်မှာ နင်တစ်ယောက်တည်း ရှိနေတာ။"
ပိုင်ရှို့ကျန့်မှာ အယူသည်းသူဖြစ်ပြီး ထိုကဲ့သို့ မင်္ဂလာမရှိသော နေရာသို့ သူမ၏ သားကို မသွားခိုင်းဘဲ တခြား ကလေးငယ်များကိုလည်း မသွားရန် တားဆီးထားခဲ့သည်။
ယန်ရွှယ်က ခနဲ့ပြုံး ပြုံးလိုက်သည်။ "ငါ့အဖေ ကြိတ်မိပြီး သေသွားတာကို နင် ကောင်းကောင်းသိရက်နဲ့ ကျိအန်းကို အဲဒီကို ဘာလို့ လွှတ်ခဲ့တာလဲ? နင် ဘာတွေ ကြံစည်နေတာလဲ?"
ယခုတစ်ကြိမ်တွင်မူ ကြည့်နေသူများကြား တိုးတိုးတိုးတိုး ဝေဖန်သံများ ထွက်ပေါ်လာသည်။ ယန်ကျိဇူ၏ မျက်နှာမှာ နီရဲလာပြီးမှ ပြန်ဖြူဖျော့သွားသည်။
"မ-မင်း လျှောက်ပြောနေတာ!"
ယန်စုန့်ရှန်း၏ မျက်နှာမှာ မှောင်မိုက်သွားသည်။ "ကျိဇူရဲ့ မင်္ဂလာဆောင်အတွက် မင်းအိမ်ကို သုံးဖို့ ငါတို့ပေးတဲ့ ပိုက်ဆံကို မကျေနပ်ရင် တိုက်ရိုက်ပြောလို့ ရပါတယ်။ ဒီလိုမျိုး နာမည်ဖျက်ဖို့ မလိုပါဘူး။"
တစ်နည်းအားဖြင့် ယန်ရွှယ်၏ ပေါက်ကွဲမှုမှာ ပိုက်ဆံကိစ္စကြောင့် ရမ်းကားခြင်းသာ ဖြစ်သည်ဟု သူက လွှဲချလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ အခုမှ ရောက်တာလေ။ ဘယ်သူ့ကို တိုင်ပင်ဖို့ အချိန်ရှိမှာလဲ?" ချီဖန့်က သူ၏ အမှားကို အေးစက်စွာ ထောက်ပြလိုက်သည်။
ယန်စုန့်ရှန်း ဆွံ့အသွားသည်။
ယန်ရွှယ်မှာ ဆင်ခြေများကို နားထောင်ရန် စိတ်မရှည်တော့ပေ။ သူမသည် ယန်ကျိဇူဘက် လှည့်လိုက်သည်။
"ဒါဆို ကျိန်စမ်း။"
သူမသည် ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်ပြီး ခြံထဲခြံပြင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။
"ဒီမှာ ရှိနေတဲ့ လူအားလုံးရှေ့မှာ ကောင်းကင်ကြီးကို ကျိန်ဆိုစမ်း။ တကယ်လို့ ကျိအန်းကို သွားဖို့ တိုက်တွန်းခဲ့တာ နင်ဖြစ်ရင်၊ တစ္ဆေဟန်ဆောင်ပြီး သူ့ကို ခြောက်လှန့်ခဲ့တာ နင်ဖြစ်ရင်... နင့်မှာ ဘယ်တော့မှ သားသမီး မရပါစေနဲ့၊ နင့်ရဲ့ မိသားစုတစ်ခုလုံး သားသမီးမျိုးဆက်ပြတ်ပါစေလို့ ကျိန်ဆိုစမ်း။ နင် လုပ်ရဲရဲ့လား?"
"ဘာကြောက်စရာ ရှိလဲ? ငါ မလုပ်ရင် မလုပ်တာပဲ!"
ယန်ကျိဇူ၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးမှ လက်ကို မြှောက်လိုက်သည်။
သို့သော် သူက "ကျိန်ဆိုပါတယ်" ဟု မပြောမီမှာပင် ပိုင်ရှို့ကျန့်က သူ၏ လက်မောင်းကို အတင်းဆွဲချလိုက်သည်။
"မလုပ်နဲ့! မင်း အဲဒီလို မကျိန်ရဘူး!"
ယန်ကျိဇူက ငယ်ရွယ်ပြီး မိုက်မဲသူ၊ ယန်စုန့်ရှန်းက ပါးနပ်သူ ဖြစ်သော်လည်း၊ ပိုင်ရှို့ကျန့်မှာ စာမတတ်ဘဲ အယူသည်းသူဖြစ်ရာ ထိုကဲ့သို့ ကျိန်စာများကို တကယ် ကြောက်လန့်နေခြင်း ဖြစ်သည်။
ထပ်ပြီး ရှင်းပြနေဖို့ လိုဦးမလား? ယန်ရွှယ်သည် ထိုမိသားစုကို အေးစက်သော အပြုံးဖြင့် တစ်ချက်ကြည့်ကာ လှည့်ထွက်လာခဲ့သည်။
ချီဖန့်သည် သူမနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူ၏ အရပ်အမောင်းဖြင့် သူမကို အပြည့်အဝ ကာကွယ်ပေးထားသည်။ ယန်စုန့်ရှန်း မိသားစု၏ မကျေနပ်မှုများနှင့် လူအုပ်ကြီး၏ စူးစမ်းသော အကြည့်များမှ သူမကို ကွယ်ပေးထားခြင်း ဖြစ်သည်။
အနောက်ဘက် အခန်းတံခါးသို့ ရောက်မှသာ သူ၏ လက်က သူမ ပုခုံးပေါ်သို့ ခဏမျှ တင်လိုက်ပြီးမှ အမြန်ပြန်ရုပ်သိမ်းလိုက်သည်။
သို့သော်လည်း တစ်စုံတစ်ဦးက သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးနေသည်ကို ယန်ရွှယ် နားလည်လိုက်သည်။ ချီဖန့်သာ မပါလျှင် ထိုလူသုံးယောက်ကို ခြံရှေ့မှာတင် တစ်ယောက်တည်း ရင်ဆိုင်ရမည်ဖြစ်ရာ သူမ သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။
သူမသည် သူ့ဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်သည်။ "ဒါဆို ကျွန်မက တကယ်ပဲ သိမ်မွေ့ပြီး သီလရှိတဲ့သူပေါ့ ဟုတ်လား?"
"အင်း။"
သူက အတည်အပေါက် ပြန်ဖြေလိုက်ရုံသာမက သူမ၏ ခေါင်းကိုပါ အသာအယာ ပုတ်ပေးလိုက်သေးသည်။ သို့သော် အသံကြား၍ ထွက်လာသော အဘွားနှစ်ကို မြင်သောအခါ လက်ကို အမြန် ပြန်ရုပ်လိုက်သည်။
အဘွားအိုမှာ ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလား ဇဝေဇဝါ ဖြစ်သွားသည်။
ချီဖန့်ကတော့ ဘာမှမဖြစ်သလိုပင် မေးလိုက်သည်။ "ဆူညံသံကြောင့် ကျိအန်း နိုးသွားလား?"
"မနိုးပါဘူး၊ အိပ်နေတုန်းပဲ" အဘွားအိုက ပြန်ဖြေပြီးမှ ယန်ရွှယ်ကို မေးခဲ့သည်။ "ဒါဆို အဲဒီတုန်းက တကယ်ပဲ ယန်ကျိဇူ လုပ်တာလား?"
ယန်ပိုင်ရှန်းမှာ သူမ၏ လက်ထဲတွင် ကြီးပြင်းလာသူ မဟုတ်သော်လည်း သူမ၏ မွေးစားသားပင် ဖြစ်သည်။ ထိုနေ့က သူမ စိတ်မကောင်းဖြစ်ပြီး ပြေးသွားခဲ့ရသဖြင့် အိမ်မှာ ဘာဖြစ်ခဲ့သည်ကို သူမ မသိခဲ့ပေ။
ယန်ရွှယ် ခေါင်းငြိမ့်ပြပြီး သူမကို အထဲသို့ တွဲခေါ်သွားသည်။ "အဲဒီတုန်းကတည်းက ကျွန်မ သံသယရှိခဲ့တာ၊ ဒါပေမဲ့ ကိစ္စတွေက များလွန်းနေလို့။ သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဒီနေ့တော့ အဟောင်းရော အသစ်ရော အပြတ်ရှင်းလိုက်ပြီ။"
သူမ ခဏရပ်လိုက်ပြီးမှ တွန့်ဆုတ်စွာ မေးခဲ့သည်။ "အဘွား... ကျွန်မ လုပ်တာ အရမ်းလွန်သွားသလား?"
"လွန်ရမှာလားအေ? သူတို့က တစ်ခါမဟုတ် နှစ်ခါမဟုတ် လွန်လာတာ ကြာလှပြီ။ တစ်ယောက်ယောက်က သူတို့ကို ဒီလို ဆုံးမဖို့ လိုနေတာပဲ။"
သို့သော် ယန်ရွှယ် စိုးရိမ်သည်မှာ မိသားစုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သဖြင့် အဘွားနှစ်အတွက် နေရထိုင်ရ ခက်ခဲသွားမည်ကို ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမ ပြန်လာတာ အချိန်ကိုက် ဖြစ်နေသလို၊ အဘွားနှစ်ကလည်း သူမနှင့် ကျိအန်းဘက်က ရပ်တည်ပေးနေသည်ကို မည်သူမဆို ရိပ်မိနိုင်သည်။
ယန်ရွှယ် သူမ၏ စိုးရိမ်မှုကို မပြောမီမှာပင် ချီဖန့်က ဝင်ပြောလိုက်သည်။ "အဘွား... ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပါလား?"
ယန်ရွှယ် အံ့သြစွာဖြင့် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ အဘွားနှစ်မှာလည်း ခဏမျှ မှင်သက်သွားပြီးမှ လက်ခါပြလိုက်သည်။ "ငါက အဲဒီကို လိုက်ပြီး ဘာလုပ်မှာလဲအေ? ငါ့ပစ္စည်းတွေ အကုန်လုံးက ဒီမှာပဲဟာ။"
"ဒါ့အပြင် ငါကလည်း သွားရလာရတာ မလွယ်တော့ဘူး" အဘွားအိုက သူမ၏ စည်းထားသော ခြေထောက်လေးများကို မြှောက်ပြသည်။
"ကြက်ကလေးတွေ ရောင်းဖို့တောင် သူများအကူအညီ တောင်းနေရတာ။"
"ရပါတယ်၊ ကျွန်တော် ချီသွားပါ့မယ်၊" ချီဖန့်က သူ၏ ပုံမှန် အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ အိမ်မှာ နေရာရှိပါတယ်။"
အဘွားအို၏ ရင်ထဲတွင် နွေးထွေးသွားရသော်လည်း ငြင်းဆိုနေဆဲပင်။ "မင်းတို့နှစ်ယောက် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရင်ပဲ ငါ့အတွက် လုံလောက်ပါပြီ။ ငါ မလိုက်တော့ဘူး။"
သူမက ခန် ဆီသို့ လျှောက်သွားပြီး အပေါ်က သစ်သားသေတ္တာကြီးကို ပုတ်ပြလိုက်သည်။ "ငါ့ပစ္စည်းတွေကို စောင့်ကြည့်ရဦးမယ်... ပြီးတော့ ဒီအခန်းတွေကိုလည်းပေါ့။ ငါ သေတဲ့အခါ ဘိုးဘွားတွေဆီ သွားဖို့ ဒီနေရာကပဲ ငါ့ရဲ့ နားခိုရာ ဖြစ်မှာ။"
လူကြီးသူမများသည် သူတို့၏ နောက်ဆုံးခရီးအတွက် အလွန်အလေးထားကြပြီး ဇာတိမြေကို စွန့်ခွာရန် ဝန်လေးကြသည်။ အဘွားနှစ်မှာ ပြောင်းရွှေ့ရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။ ထိုအစား သူမက မေးလိုက်သည်။
"မင်းတို့ အခုချက်ချင်း ပြန်မှာတော့ မဟုတ်ပါဘူးနော်?"
ယန်ရွှယ် သူမကို ဘယ်လို နားချရမှန်း မသိတော့ပေ။ "မပြန်သေးပါဘူး၊ ကျိအန်း အခြေအနေ နည်းနည်း ပိုကောင်းလာတဲ့အထိ နေဦးမှာပါ။"
"ဒါဆိုရင် နင့်အဘွားလေးဆီကိုလည်း သွားတွေ့လိုက်ဦးလေ" အဘွားအိုက ဆိုသည်။
"ဘာပဲဖြစ်ဖြစ် သူမကပဲ မင်းတို့နှစ်ယောက်ကို အောင်သွယ်ပေးခဲ့တာ။ ကောင်းတဲ့ အောင်သွယ်မှုပဲ မဟုတ်လား။"
ထိုစကားကြောင့် ယန်ရွှယ်သည် စောစောက ပြတ်သွားသော စကားဝိုင်းကို သတိရသွားသည်။ ချီဖန့်က ချက်ချင်း လှမ်းကြည့်လိုက်သည်။
"အဘွားလေး ဟုတ်လား?"
ယန်ရွှယ်မှာ အဘွားနှစ်နားသို့ ကပ်သွားရုံမှအပ အခြားရွေးချယ်စရာ မရှိတော့ပေ။
"ဟို... အဘွားကို မပြောရသေးတဲ့ အကြောင်းတစ်ခု ရှိသေးတယ်။ အဘွားလေး မိတ်ဆက်ပေးတဲ့သူနဲ့က အဆင်မပြေခဲ့ဘူး။ ဒါက... တခြားတစ်ယောက်ပါ။"
"ဒါက တခြားတစ်ယောက် ဟုတ်လား?"
အဘွားနှစ်ကိုယ်တိုင်ပင် ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုးကို မမျှော်လင့်ထားခဲ့ပေ။ သူမသည် ချီဖန့်ကို ခြေဆုံးခေါင်းဆုံး သေသေချာချာ ကြည့်လိုက်သည်။
ချီဖန့်ကလည်း အကြည့်ခံလိုက်သည်။ ဘာပဲဖြစ်ဖြစ် ထိုအဘွားအိုသာ မရှိလျှင် ယန်ရွှယ်သည် နယ်စပ်အထိ ရောက်လာလိမ့်မည် မဟုတ်ပေ။
ထို့နောက် အဘွားအိုသည် ချီဖန့်မှာ သူမသူငယ်ချင်းဟောင်း၏ မြေးဖြစ်သည်ဆိုသည်ကို ချက်ချင်းပင် မေ့သွားပုံရသည်။
"ဒီတစ်ယောက်က ပိုပြီး ရုပ်ချောသားပဲ။ ငါသာ နင့်နေရာမှာဆိုရင်လည်း မှားပြီး ရွေးမိမှာပဲ။"
ကြည့်ရတာ သူတို့မိသားစုရဲ့ ရုပ်ချောတာ ကြိုက်တဲ့စိတ်က မျိုးရိုးလိုက်ပုံရသည်။ ယန်ရွှယ် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
"ကျွန်မတို့ ဟိုဘက်က လူနဲ့ နောက်မှ ပြန်ဆုံပြီး ငွေတစ်ရာ တင်တောင်းတာကို ပြန်ပေးလိုက်ပါပြီ။"
"ကောင်းတယ်၊ ကောင်းတယ်။"
အဘွားနှစ်က ခေါင်းငြိမ့်ပြပြီးမှ ယန်ရွှယ်ကို မေးခဲ့သည်။ "ဒါဆို ဒီတစ်ခါ ကျိအန်းကို တစ်ခါတည်း ခေါ်သွားတော့မှာပေါ့?"
အခုလို လန့်သွားတဲ့ ကိစ္စသာ မရှိရင်တောင် ယန်ရွှယ်က မောင်လေးကို ခေါ်သွားဖို့ စီစဉ်ထားပြီးသားပါ။ အခု ယန်ကျိဇူ၏ လုပ်ရပ်ကြောင့်ဆိုလျှင်တော့ မခေါ်သွားဘဲ မနေနိုင်တော့ပေ။
.....
ချီဖန့်ကတော့ သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်နေမိသည်။ " ထပ်ပြီး ကျေးဇူးတင်ပါတယ် အဘွားလေး၊ ကျေးဇူးတင်ပါတယ် အဒေါ်ရှို့ဖန်၊ ပြီးတော့ ကျေးဇူးတင်ပါတယ် ချီဖန့် - ချီဖန့်လို့ နာမည်မှည့်ထားတဲ့အတွက်!"