အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
Tab 1
အခန်း (၂၇၁) - ရွှေရောင်မူလအသီးနှင့် အိပ်ရာထက်မှ အမြုတေအရှင်သခင်များ
~ထိုကာလအတောအတွင်း စုယွီ တစ်ယောက် ဆေးလုံးတောင်ပေါ်တွင် အခြေကျနေပုံမှာ လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေသယောင် ရှိလေ၏။ အပြင်လောကတွင် မိုးမီးလောင်နေပါစေ သူကတော့ ဂူအောင်းကာ ကျင့်ကြံခြင်းကိုသာ ဖိလုပ်နေတော့သည်။ လက်ထဲတွင်လည်း တတိယအဆင့် အဆင့်နိမ့် ကြေးမုံ လမင်း အဆောင်များကို တစ်ရွက်ပြီးတစ်ရွက် ရေးဆွဲနေလိုက်ရာ မင်နံ့သင်းသင်းနှင့် စာရွက်သံ တရှဲရှဲကသာ သူ့အဖော် ဖြစ်နေချေ၏။ ဟွမ်ရှင်းယီ ဆိုသည့် လူ ဘာတွေ ကြံစည်နေသည် ဆိုတာကို စိတ်ဝင်စားဖို့ နေနေသာသာ ခေါင်းထဲပင် ထည့်မထားခဲ့ပေ။
သို့သော် အပြင်ဘက်မှ စုမိသားစု ခေါင်းဆောင်များမှာမူ ထိုသို့ မဟုတ်ကြ။ သူတို့ခမျာ ခေါင်းမီးတောက်နေကြရှာသည်။
စုပင်းက မျက်ခုံးများ တွန့်ချိုးကာ အကြံထုတ်နေလေ၏။
"ယွင်ကျန်းဂိုဏ်းဘက်ကို သတင်းလှမ်းပို့ကြည့်ကွာ... စုဇီကို ပြောလိုက်... ဂိုဏ်းရဲ့ အရှိန်အဝါလေးဘာလေး သုံးပြီး.. ဘယ်ကောင်က ငါတို့နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ခြေထိုးနေလဲဆိုတာ စုံစမ်းပေးပါဦးလို့"
ပြောပြောဆိုဆိုနှင့် သူက ယွီခယ်အာ ဘက်သို့ လှည့်ကြည့်လိုက်ပြီး ဆက်ပြောပြန်သည်။
"ခယ်အာ... သမီးရော... ကောင်းကင် အပျက်အစီး ခန်းမဆောင်ဘက်ကို လှမ်းမေးကြည့်လို့ မရဘူးလား"
ယွီခယ်အာက ခဏမျှ တွေးတောလိုက်ပြီး ခေါင်းခါလိုက်၏။
"အဲဒီ ခန်းမဆောင်က သတင်းအချက်အလက်တွေကို အဆင့်အတန်း ခွဲခြားထားတာ ဦးလေးရ... သမီးရဲ့ အဆင့်နဲ့ ကြည့်ခွင့်ရှိ မရှိတော့ မသေချာဘူး... ဒါပေမဲ့ တာအိုဆရာ ရှုယွီကိုတော့ ဆက်သွယ်ကြည့်လိုက်ပါ့မယ်"
စုပင်းက ခေါင်းညိတ်လိုက်ပြီး စုရွီအန်း ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်ပြန်၏။
"ရွီအန်း... မင်းလည်း လူလွှတ်ပြီး ကျန်တဲ့ ဈေးကွက်တွေက ဆေးဆိုင်တွေကို သတိပေးထားလိုက်... ကိစ္စ မပြီးမချင်း မျက်စိဒေါက်ထောက် ကြည့်ထားကြ... တစ်နေရာတည်းမှာ အကြာကြီး မနေတာ အကောင်းဆုံးပဲ"
*
အချိန်ကား ရေစီးသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါသည်။ တစ်လခန့် ကြာမြင့်သွားသောအခါ ဆေးလုံးတောင်ပေါ်ရှိ စုမိသားစုထံသို့ နောက်ထပ် ဆေးဆိုင်နှစ်ဆိုင် ပြဿနာတက်သည့် သတင်းဆိုးက ရောက်ရှိလာပြန်ချေသည်။
ထိုအချိန်၌ပင် မျှော်လင့်စောင့်စားနေသော ဧည့်သည်တော် ရောက်ရှိလာလေ၏။ ကောင်းကင် အပျက်အစီး ခန်းမဆောင်မှ တာအိုဆရာ ရှုယွီပင် ဖြစ်၏။
နန်းတော်အပြင်ဘက်ရှိ ဧည့်ရိပ်သာဆောင်တွင် ယွီခယ်အာနှင့် လီပင်ချန်းတို့က သူ့ကို ဧည့်ခံနေကြရ၏။ တာအိုဆရာ ရှုယွီက နန်းတော်ကြီးဘက်သို့ လှမ်းမျှော်ကြည့်ရင်း မျက်နှာတွင် အပြုံး တစ်ခုကို ချိတ်ဆွဲထားလိုက်သည်။
"တာအိုမိတ်ဆွေ စုယွီက အောင်းနေတုန်းလားဗျ... မဟုတ်ရင် သူက ကျုပ်ကို တန်းဆက်သွယ်မှာလေ... အခုတော့ မိန်းကလေးယွီက ဆက်သွယ်လာတော့ ကျုပ်ဖြင့် စောင့်လိုက်ရတာဗျာ"
ယွီခယ်အာကတော့ နှုတ်ခမ်းပါးလေးကို ကွေးညွတ်အောင် ပြုံးလိုက်ရင်း ပြန်ဖြေလိုက်သည်။
"သူက အခုမှ တံခါးပိတ် ကျင့်ကြံနေတာမို့လို့ပါ... ဒါကြောင့် တာအို မိတ်ဆွေ ရှုယွီကို စာပို့ပြီး ဖိတ်လိုက်ရတာပါရှင်"
ရှုယွီက အသံထွက်အောင် ရယ်မောလိုက်သော်လည်း စိတ်ထဲတွင်မူ တွက်ချက်မှုပေါင်းများစွာ ပြုလုပ်နေမိ၏။ 'ဟွန်း... မိန်းမတွေ... မိန်းမတွေ... ပါးစပ်က ဘုရား . ဘုရား... လက်က ကားယား ကားယား ဆိုတာ ဒါမျိုးပဲ... နှုတ်ခမ်းပါးလေးနဲ့ စကားပြောတာ ချိုသလောက် ဉာဏ်ကတော့ မြွေဟောက်ပဲ'
သူ သိထားသလောက် ဆိုလျှင် စုယွီ ပျောက်ချက်သားကောင်းနေသည်မှာ ၅ နှစ်ခန့် ရှိနေတော့၏။ ပုံမှန်ဆိုလျှင်တော့ တံခါးပိတ် ကျင့်ကြံနေသည်မှာ သေချာသလောက် ရှိနေ၏။
'ဒီတစ်ခါ ဂူအောင်းပြီး ပြန်ထွက်လာရင် ဒီလူ.. စုယွီ ဘာတွေများ ထူးခြားလာပါ့မလဲ'
ရှုယွီ တစ်ယောက် စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေမိသည်။
'အရင်တုန်းက အခြေခံတည်ဆောက်ခြင်း ၈ ဆင့်မြောက် ဆိုတော့... ဒီတစ်ခါ ၉ ဆင့်မြောက်များ ဖြစ်လာမလား... ဒါမှမဟုတ် သူ့ရဲ့ အဆောင်ပညာတွေ... ရုပ်သေးပညာတွေက တတိယအဆင့် အဆင့်နိမ့် ရောက်ကုန်ပြီလား'
အရင်တုန်းက စုယွီက သူ့ကို တတိယအဆင့် လေစွမ်းအင် ကျောက်တုံး ရှာခိုင်းဖူးသည်ကို ရှုယွီ.. ပြန်လည်အောက်မေ့ သွားမိ၏။ ထိုကျောက်မှာ အလွန် ရှားပါးသော ပစ္စည်း ဖြစ်ပေသည်။
မှော်လက်နက် လုပ်မည်လော ပျံသန်းလှေ လုပ်မည်လော ၊ ရုပ်သေးရုပ် လုပ်မည်လော.. ဘာလုပ်လုပ် အသုံးဝင်လှသဖြင့် ဂိုဏ်းကြီးများက အလုအယက် သိမ်းဆည်းထားကြသည် မဟုတ်ပါလော။ သာမန် လမ်းကြောင်းမှ နေ၍ ဝယ်ယူရန်မှာ မလွယ်ကူလှချေ။
ရှုယွီက အတွေးစကို ဖြတ်ပြီး ယွီခယ်အာကို မေးလိုက်သည်။
"မိန်းကလေးယွီက စုမိသားစု ဆေးဆိုင်တွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကြောင့် ကျွန်တော့်ကို ခေါ်တာလား"
"ဟုတ်ပါတယ်ရှင်... ဘယ်သူကများ နောက်ကွယ်က ကြိုးကိုင်နေလဲဆိုတာ သိချင်လို့ပါ"
ရှုယွီက ခေါင်းခါလိုက်ပြီး လေးနက်စွာ ဆိုလိုက်၏။
"စိတ်မကောင်းပါဘူးဗျာ... ခန်းမဆောင်မှာ စည်းမျဉ်းတွေ ရှိတယ်... ဒီသတင်းကို တာအိုမိတ်ဆွေ စုယွီ ဆိုရင်တော့ ဝယ်လို့ ရနိုင်တယ်... မိန်းကလေးယွီ ဆိုရင်တော့ ရောင်းပေးဖို့ အခွင့်အရေး မရှိဘူးဗျ"
ထိုစကားကို ကြားလိုက်ရသောအခါ ယွီခယ်အာ၏ မျက်နှာထားမှာ တည်ငြိမ်သွားလေ၏။ စိတ်ဆိုးသွားခြင်း မဟုတ်ဘဲ အခြေအနေက တော်တော်လေး လေးနက်နေပြီဆိုတာကို သဘောပေါက်လိုက်ခြင်းပင် ဖြစ်၏။
ဆိုလိုသည်မှာ စုမိသားစုကို ဒုက္ခပေးနေသူက သာမန်လူ မဟုတ်ပေ။ အတော်လေး အင်အားကြီးမားသော သူတစ်ယောက် ဖြစ်ရချေမည်။
ယွီခယ်အာ ခေါင်းစားနေစဉ်မှာပင် သူမ၏ မျက်ခုံးတန်းလေးများ လှုပ်ရှားသွား၏။ နန်းတော်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ မျက်ဝန်းအိမ်ထဲတွင် ပျော်ရွှင်ရိပ်များ သန်းသွားတော့၏။
ခဏအကြာတွင် နန်းတော်ထဲမှနေ၍ လူရိပ်တစ်ခု ထွက်ပေါ်လာချေသည်။
အစိမ်းရောင် ဝတ်ရုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး လေတိုးသံပင် မကြားလိုက်ရဘဲ ဧည့်ရိပ်သာဆောင်ထဲသို့ ချက်ချင်း ရောက်ရှိလာသူမှာ စုယွီပင် ဖြစ်၏။
စုယွီက ယွီခယ်အာ ဘေးတွင် ဝင်ထိုင်လိုက်ပြီး မျက်နှာထား ပြုံးပြုံးနှင့် နှုတ်ဆက်လိုက်၏။
"ဟာ... တာအိုဆရာ ရှုယွီ ပါလား... ဘာကိစ္စများ ရှိလို့ ဆေးလုံးတောင်အထိ ဒုက္ခခံပြီး ကြွလာရတာတုန်းဗျ"
ယွီခယ်အာက ဘေးမှနေ၍ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို တရစပ် ရှင်းပြလိုက်သည်။
စုယွီ မျက်မှောင် အနည်းငယ် ကြုတ်သွားလေ၏။ သူက ရှုယွီဘက်သို့ လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"တာအိုဆရာ ရှုယွီ... ခင်ဗျားတို့ ခန်းမဆောင်မှာ ဒီသတင်း ရှိတယ်မလား"
"ရှိတာပေါ့ဗျာ... ဒါပေမဲ့ ဈေးကတော့ အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး ၁၀၀ ကျမယ်"
ဈေးနှုန်းကို ကြားလိုက်သည်နှင့် စုယွီ သဘောပေါက်လိုက်သည်။ သတင်းတန်ဖိုးက ကြီးလွန်းနေသည် သို့မဟုတ် ပါဝင်ပတ်သက်နေသူက အဆင့်အတန်း မြင့်လွန်းနေသည် ဆိုတာပင်။
စုယွီ ခဏမျှ စဉ်းစားပြီး ကျောက်တုံး ၁၀၀ ကို ထုတ်ပေးလိုက်သည်။
မကြာခင်မှာပင် သူ့ထံ ကိုးသွယ် အလင်း တံဆိပ်ပြားဆီသို့ သတင်း တစ်ခု ဝင်ရောက်လာလေ၏။ စုယွီက ဝိညာဉ်အာရုံဖြင့် ဖတ်ရှုကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် အေးစက်သော အရောင်တစ်ချက် ဝင်းလက်သွားသည်ကို မြင်လိုက်ရသည်။ မျက်နှာကလည်း ချက်ချင်းဆိုသလို မဲမှောင်သွားပြီး အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် ပုံစံမျိုး ပေါက်သွားလေတော့သည်။
ထိုအမူအရာကို မြင်လိုက်ရသော ရှုယွီက ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်၏။
"တာအိုမိတ်ဆွေ... တခြားကိစ္စ မရှိတော့ရင် ပြန်ခွင့်ပြုပါဦး"
"နေပါဦးဗျ... တာအိုဆရာ ရှုယွီရဲ့... ကျွန်တော်သာ ခင်ဗျားတို့ ခန်းမဆောင်မှာ ဒီပြဿနာကို ဖြေရှင်းပေးဖို့ တာဝန် အပ်မယ်ဆိုရင် ဆုကြေး ဘယ်လောက်လောက် ပေးရမယ် ထင်လဲ"
ရှုယွီက အံ့သြသလို ကြည့်ပြီး ခေါင်းခါလိုက်သည်။
"ဒီကိစ္စကလေ... ခက်တယ်ဗျ... ခင်ဗျား.. အလယ်အလတ်စား ကျောက်တုံး တစ်သောင်းလောက် ပုံပေးရင်တောင် လောက်မယ် မထင်ဘူး"
ပြောပြီးသည်နှင့် ရှုယွီ ထွက်ခွာသွားတော့သည်။ သူ့စကားက ဈေးနှုန်းဖြတ်ပေးရုံ သက်သက် မဟုတ်ပေ။ မင်း ဒီကိစ္စကို မနိုင်လောက်ဘူး ဟု သွယ်ဝိုက်ပြီး ပြောသွားခြင်းနှင့် တူနေချေသည်။
ရှုယွီ ပြန်သွားသည်နှင့် တပြိုင်နက် စုယွီ၏ မဲမှောင်နေသော မျက်နှာက ပကတိ အတိုင်း ပြန်ဖြစ်သွားပြီး မျက်မှောင်သာ ကြုတ်နေတော့၏။ တကယ်တော့ သူက တာဝန်အပ်ရန် စိတ်ကူးမရှိခဲ့ပေ။ ရှုယွီကို.. ငါတော့ ဒုက္ခရောက်နေပြီ ဟု အထင်မှားအောင် သရုပ်ဆောင်ပြလိုက်ခြင်းသာ ဖြစ်၏။ အနည်းဆုံးတော့ ကိုယ့်ဘက်က အေးဆေးလွန်းနေလျှင် မကောင်းပေဘူးလော။
ဘေးရှိ ယွီခယ်အာနှင့် လီပင်ချန်းတို့က သူ့ကို စိုးရိမ်တကြီး ကြည့်နေကြရှာသည်။
စုယွီက သက်ပြင်းချလိုက်ပြီး အမှန်တရားကို ဖွင့်ဟလိုက်လေ၏။
"လွန်ခဲ့တဲ့ တစ်နှစ်လောက်က... ဟွမ်မိသားစုက ဟွမ်ရှင်းယီ ဆိုတဲ့ကောင်... လီမိသားစုက ဆေးဆရာ အရှင်သခင် ချန်ချင်း နဲ့ 'နှစ်ကိုယ်တူ ကျင့်ကြံခြင်း' လုပ်ပြီး အမြုတေ အစစ် ဖွဲ့စည်းသွားနိုင်ပြီတဲ့... ပထမအဆင့် အရှင်သခင် ဖြစ်သွားပြီပေါ့ဗျာ"
"ပြီးတော့ လွန်ခဲ့တဲ့ ၆ လကလည်း... ကျန်းမိသားစုက ကျန်းပိုင်ယွီ ဆိုတဲ့ကောင်မလေးပါ အဲဒီလိုပဲ အမြုတေ ဖွဲ့စည်းသွားသတဲ့... ဒီကိစ္စတွေ အားလုံးက ကျန်းပိုင်ယွီ... ဟွမ်ရှင်းယီ နဲ့ ရွှီချန်ချင်း ဆိုတဲ့ သုံးယောက် ပေါင်းလုပ်နေကြတာပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ယွီခယ်အာနှင့် လီပင်ချန်းတို့၏ မျက်နှာများမှာ သွေးဆုတ်ဖြူဖျော့သွားကြလေတော့သည်။ စုယွီလို လူက ချွေးတလုံးလုံး ကျင့်ကြံနေချိန်တွင် ဟိုကောင်များကမူ အိပ်ရာထက်၌ ပျော်ပါးရင်း အဆင့်တက်သွားကြသည် မဟုတ်ပါလော။
အခန်း (၂၇၂) - ရွှေရောင်မူလအသီးနှင့် အမြုတေအရှင်သခင် အမွေအနှစ် (အပိုင်း - ၃)
~ထိုသတင်းစကားကို ကြားလိုက်ရသောအခါ လီပင်ချန်းခမျာ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရှာလေ၏။ ကျောက်ခုံပေါ်မှပင် လိမ့်ကျလုမတတ် ဖြစ်သွားကာ မျက်နှာထားမှာလည်း သွေးမရှိတော့သည့်အလား ဖြူဖျော့သွားချေသည်။
လီပင်ချန်းတစ်ယောက် တုန်တုန်ရီရီနှင့် စကားပင် ထစ်အသွားရသည်။
"အရှင်... အရှင်သခင် သုံး... သုံးပါးတောင် ဟုတ်လားဗျ"
ယွီခယ်အာ၏ မျက်နှာထားမှာလည်း အနည်းငယ် ပျက်ယွင်းသွား၏။ သူမက စုယွီကို လှမ်းကြည့်ပြီး မပွင့်တပွင့်.. မေးလိုက်သည်။
"ဒီကိစ္စကို တာအိုမိတ်ဆွေလော့ဆီ အကြောင်းကြားလိုက်ရင် ကောင်းမလားဟင်"
စုယွီက ခေါင်းခါလိုက်ပြီး အခြေအနေကို သုံးသပ်ပြလိုက်သည်။
"ကျန်းပိုင်ယွီက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နဲ့ ပေါင်းသွားပြီ... ဟွမ်ရှင်းယီနဲ့ ရွှီချန်ချင်းကလည်း တစ်ဖွဲ့တည်း ဖြစ်နေကြပြီ... လီမိသားစုကလည်း ဆေးပညာရှင် မျိုးရိုးဆိုတော့ တာ့ယွဲ့ နယ်မြေထဲမှာ အဆက်အသွယ်က မသေးလှဘူးဗျ"
"ဒီကိစ္စက ယွင်ကျန်းဂိုဏ်း ဝင်ပါလာရင်တောင် ပြီးချင်မှ ပြီးမှာ... တာအိုမိတ်ဆွေလော့က ဝင်ကူညီမယ် ဆိုရင်တောင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နဲ့ တခြား အင်အားစုတွေက လက်ပိုက်ကြည့်နေမယ် ထင်လား... ကျုပ်တော့ မထင်ဘူး"
အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် သုံးပါးကို ရင်ဆိုင်ရသည်မှာပင် ခေါင်းခဲစရာ ကောင်းနေတော့၏။ ယခုမူ သူတို့၏ နောက်ကွယ်ရှိ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နှင့် လီမိသားစု၏ ကွန်ရက်များကိုပါ ထည့်တွက်ရဦးမည် ဖြစ်၏။
ထို့ကြောင့်လည်း တာအိုဆရာ ရှုယွီက ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးလျှင်တောင် ပြဿနာ ပြေလည်နိုင်မည် မဟုတ်ဟု ပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရှုပ်ထွေးပွေလီလှသော ကြိုးမျှင်များက များပြားလွန်းလှပေ၏။
သို့သော် စုယွီကမူ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့်ပင် အကြံဉာဏ် ပေးလိုက်သည်။
"မိသားစု ခေါင်းဆောင်ကို ပြောလိုက်ဗျာ... ယွင်ကျန်းဂိုဏ်း နယ်မြေ အပြင်ဘက်က ဆေးဆိုင်ခွဲတွေမှာ ရှိနေတဲ့ မိသားစုဝင်တွေ အကုန်လုံးကို ပြန်ခေါ်လိုက်... ခဏလောက် ပုန်းနေခိုင်းလိုက်... သူတို့က ဆေးလုံးတောင်အထိတော့ လာရဲမှာ မဟုတ်ပါဘူး... တကယ်လို့ လာခဲ့ရင်လည်း အကောင်းသားပဲ"
"ကောင်းပါပြီ... ငါ.. မိသားစု ခေါင်းဆောင်နဲ့ တိုင်ပင်လိုက်ပါ့မယ်"
ယွီခယ်အာလည်း စဉ်းစားကြည့်လိုက်ရာ ဤနည်းလမ်းသည်သာ အကောင်းဆုံး ဖြစ်မည်ဟု ယူဆလိုက်လေ၏။
လီပင်ချန်းမှာမူ ကြောက်လွန်းသဖြင့် ပြန်ရန် ပြင်နေရှာသည်။ သူ့ပုံစံကို ကြည့်ပြီး စုယွီက နှစ်သိမ့်လိုက်သည်။
"ခင်ဗျားကလည်းဗျာ... သိပ်မစိုးရိမ်ပါနဲ့... စုမိသားစုက အဲ့လောက်လည်း မပျော့ညံ့ပါဘူး... သူတို့ရဲ့ အမြုတေဖွဲ့စည်းခြင်း ပထမအဆင့်လောက်နဲ့တော့ ကျုပ်တို့ကို လာကလိလို့ မရပါဘူးဗျ"
"ခင်ဗျား စဉ်းစားကြည့်ဗျာ... သူတို့က ဘာလို့ ဝေးလံခေါင်ဖျားတဲ့ နေရာက ဆေးဆိုင်ခွဲတွေကိုမှ ရွေးတိုက်နေရတာလဲ... သူတို့ စုမိသားစုကို အနိုင်ယူဖို့ အခွင့်အရေး မရှိဘူးလို့ ခံစားနေရလို့သာ အခုလို အောက်တန်းကျတဲ့ နည်းတွေကို သုံးနေရတာပေါ့"
"အခု သူတို့ကို ယွင်ကျန်းဂိုဏ်း နယ်မြေထဲ ဝင်ခိုင်းလိုက်လေ... ဒါမှမဟုတ် ဆေးလုံးတောင်ပေါ် တက်လာခိုင်းလိုက်... သူတို့မှာ သတ္တိရှိမရှိ ကြည့်ရတာပေါ့"
လီပင်ချန်း သေချာ စဉ်းစားကြည့်လိုက်သောအခါ စုယွီ ပြောသည်မှာ ဟုတ်နေသည်ကို တွေ့လိုက်ရသည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် သုံးပါးတောင် ရှိနေသည် မဟုတ်ပါလော။
တကယ်လို့ သူတို့ကသာ စုမိသားစုကို အပြတ်ရှင်းချင်သည် ဆိုလျှင် ဘာကြောင့် ဆေးလုံးတောင်ပေါ်သို့ တိုက်ရိုက် တက်မလာကြသနည်း။ ဘာကြောင့် ယွင်ကျန်းဂိုဏ်းနှင့် ဝေးကွာသော နေရာများကိုသာ ရွေးချယ် တိုက်ခိုက်နေကြသနည်း။
ဆိုလိုသည်မှာ စုမိသားစုနှင့် ယွင်ကျန်းဂိုဏ်းသည် သူတို့ ကြောက်ရွံ့နေရသော အင်အားစုများ ဖြစ်နေသောကြောင့်ပင်။
ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် အရှင်သခင် သုံးပါးကြောင့် ကြောက်လန့်နေသော လီပင်ချန်း၏ စိတ်များမှာ တည်ငြိမ်သွားတော့သည်။ မျက်နှာပေါ်ရှိ အကြောက်တရားများ လွင့်ပါးသွားပြီး အရှက်ကြောင့် မျက်နှာကြီး ရဲတက်လာလေ၏။
လီပင်ချန်းက ကပျာကယာ ဦးညွှတ်လိုက်ပြီး တောင်းပန်လိုက်သည်။
"မျှော်စင်သခင် ပြောတာ မှန်ပါတယ်ဗျာ... ကျွန်တော်က အလကား ယုန်သူရဲ ဖြစ်သွားမိပါတယ်"
စုယွီက လက်ကာပြလိုက်ရင်း ပြောလိုက်၏။
"စိတ်အေးအေးသာ ထားပါ... ဆေးလုံးတောင်က ဘေးကင်းပါတယ်... သွားကြပါတော့"
လီပင်ချန်းက ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး... ဆေးမျှော်စင်ဘက်မှာ လုပ်စရာလေးတွေ ရှိသေးလို့ပါ"
လီပင်ချန်း ထွက်သွားပြီးနောက် စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေ၏။ ယွီခယ်အာက မိသားစု ခေါင်းဆောင် စုပင်းကို သွားရှာရန် ထရပ်လိုက်ချိန်တွင် စုယွီက တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် သုံးခုကို ထုတ်ယူကာ သူမအား ကမ်းပေးလိုက်သည်။
"ဒီအထဲက တစ်ခုကို မင်း အသက်အန္တရာယ် ကာကွယ်ဖို့ ယူထားလိုက်... ကျန်တဲ့ နှစ်ခုကိုတော့ မိသားစု ခေါင်းဆောင်ပဲ ဖြစ်ဖြစ်... ပဉ္စမ ဘိုးဘေးကြီးပဲ ဖြစ်ဖြစ်... လိုအပ်သလို ပေးလိုက်ပါ"
"ငါ အချိန်တစ်ခုလောက် တံခါးပိတ် ကျင့်ကြံဖို့ လိုတယ်... ယွင်ကျန်းဂိုဏ်း နယ်မြေ အပြင်ဘက်က ဆေးဆိုင်တွေ အကုန် ပိတ်ထားလိုက်... တကယ်လို့ သူတို့က နယ်မြေထဲ ကျူးကျော်လာရင် တာအိုမိတ်ဆွေလော့ကို အကူအညီ တောင်းလိုက်ပါ"
"တကယ်လို့ ဆေးလုံးတောင်ပေါ်အထိ တက်လာရဲရင်တော့... ဒီ ကြေးမုံလမင်း အဆောင်တွေကို သုံးလိုက်ပေါ့... သူတို့မှာ အသက်ကယ် ဝှက်ဖဲ မပါလာရင်တော့... အခြေခံတည်ဆောက်ခြင်း အဆင့်လောက်နဲ့ကတော့ လှုပ်တောင် လှုပ်နိုင်မှာ မဟုတ်ဘူး... ကြက်ကလေး ငှက်ကလေးလို သတ်ပစ်လိုက်ရုံပဲ"
"ကျန်တဲ့ ကိစ္စတွေကိုတော့ ငါ ကျင့်ကြံရာကနေ ပြန်ထွက်လာမှ ဆက်ပြောကြတာပေါ့"
စုယွီသည် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း မရှိပေ။ ယွီခယ်အာ ထွက်ခွာသွားသည်နှင့် တပြိုင်နက် နေလမင်း ကျွန်းပေါ်ရှိ ရေခဲနှင့်မီး ဂူစံအိမ်သို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။ သူ၏ ရည်ရွယ်ချက်ကား ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို အပြီးသတ် ဖန်တီးရန်ပင် ဖြစ်၏။
သူ၏ တာအိုခန္ဓာ ရုပ်သေးမှာ တာ့ယွဲ့ တောင်တန်းရှိ လော့ယွဲ့ မဟာမိတ် အပျက်အစီး နယ်မြေထဲတွင် ပိတ်မိနေသော်လည်း... ထိုနေရာမှ အခွင့်အရေးများ၊ ကျင့်စဉ်များနှင့် ရှေးဟောင်း စာအုပ်စာပေ အမြောက်အမြားကို စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်၏။
လက်ရှိတွင် သူ့ရုပ်သေး၏ စွမ်းအားမှာ တစ်ဝက်ခန့်သာ ပြန်လည် ပြည့်ဝသေး၏။
တာအိုခန္ဓာ ရုပ်သေး မရှိဘဲနှင့် စုယွီသည် အပြင်ထွက်မည့် စွန့်စားခန်းကို ဖွင့်မည် မဟုတ်ပေ။
သူ့လက်ထဲတွင် တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်များနှင့် အခြား ဝှက်ဖဲများ ရှိနေသော်လည်း... အနည်းငယ်တော့ စွန့်စားရာ ရောက်နေသေးသည်။
လောလောဆယ်တွင် သူ့ရုပ်သေးက အပျက်အစီး နယ်မြေထဲတွင် အခွင့်အရေးများကို ဆက်လက် ရှာဖွေနေနိုင်သေးရာ... အလျင်စလို ထွက်စရာ အကြောင်းမရှိပေ။
သူ့ဘက်မှ အရေးကြီးဆုံးမှာ အခြေခံတည်ဆောက်ခြင်း အဆင့်အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဖန်တီးရန်ပင် ဖြစ်၏။ သူ၏ စိတ်ထဲတွင် ကျင့်စဉ်လမ်းကြောင်း အတွက် အကြံဉာဏ်များ ရရှိထားပြီး ဖြစ်၏။
အခြေခံတည်ဆောက်ခြင်း အဆင့် ကိုးဆင့်အထိ ပါဝင်မည့် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကိုသာ သူ ဖန်တီးနိုင်ခဲ့လျှင်... အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ မရောက်ရှိသေးလျှင်တောင်မှ... ဟွမ်ရှင်းယီ၊ ကျန်းပိုင်ယွီနှင့် ရွှီချန်ချင်း တို့ကို ရင်ဆိုင်ရန် ယုံကြည်ချက် အပြည့်ရှိနေမည် ဖြစ်၏။
အခြား ဝှက်ဖဲများကို မသုံးလျှင်တောင်မှ သူ၏ ကိုယ်ပိုင် စွမ်းအား သက်သက်ဖြင့်ပင် ထိုကောင်များကို ဖိနှိပ်ထားနိုင်ပေလိမ့်မည်။
ထို့ကြောင့် စုယွီသည် အပြင်ဘက်မှ ဆေးဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းလိုက်ပြီး တံခါးပိတ် ကျင့်ကြံခြင်းကို ပြုလုပ်လိုက်ခြင်း ဖြစ်၏။
ရာနှုန်းပြည့် သေချာသည့် အချိန်ကျမှသာ သူ ထွက်လာပြီး ထိုကောင်များကို အသေကောင် ဖြစ်အောင် လုပ်ပစ်မည် ဖြစ်၏။
အပြင်ဘက်လောကတွင်...
စုဖုန်းသည် ယွီခယ်အာ ပေးလာသော တတိယအဆင့် ကြေးမုံလမင်း အဆောင် နှစ်ခုကို ကိုင်ထားရင်း ဝမ်းသာအားရ ဖြစ်နေရှာလေ၏။
"စုဇီ ပြောပြချက်အရဆိုရင် ဒုတိယအဆင့် ထိပ်တန်း အဆောင်ကတောင် အမြုတေတစ်ဝက် အဆင့်ကို ဒုက္ခပေးနိုင်တယ်တဲ့... အခု တတိယအဆင့် ဆိုတော့... တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့် အရှင်သခင်တွေကိုတောင် ယှဉ်နိုင်တာပေါ့ကွ"
ယွီခယ်အာက စုယွီ၏ အစီအစဉ်ကို စုဖုန်းအား ပြောပြလိုက်သည်။ ဤပြဿနာသည် အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် သုံးပါးနှင့် သက်ဆိုင်နေသည်ကို ကြားလိုက်ရသောအခါ စုဖုန်း၏ ကျောပြင်တွင် ချွေးစေးများ ပျံတက်လာလေတော့သည်။
သူ့လက်ထဲရှိ တတိယအဆင့် အဆောင် နှစ်ခုကို ပြန်ကြည့်လိုက်မိသောအခါမှ... စုယွီ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက် နားလည်သွားလေတော့သတည်း။
အခန်း (၂၇၃) - ရွှေရောင်မူလအသီးနှင့် အမြုတေအရှင်သခင် အမွေအနှစ် (အပိုင်း - ၄)
~စုဖုန်၏ မျက်နှာထားကား ချက်ချင်းပင် ပျက်ယွင်းသွားလေတော့သည်။
"ကောင်းပြီလေ... သူတို့ကို အခုချက်ချင်း ပြန်လာဖို့ အမိန့်ပေးလိုက်တော့"
ဤအချိန်သည် စိတ်လိုက်မာန်ပါ လုပ်ရမည့်အချိန် မဟုတ်ပေ။ စုယွီ၏ လက်ထဲတွင် တတိယအဆင့် အဆင့်နိမ့် ရုပ်သေးရုပ် ရှိနေသည်ကို သူ သိထားသော်လည်း၊ ယခုအခါ တတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက်များပင် ရှိနေပြီ ဖြစ်သော်လည်း... ရန်သူ့ဘက်ကလည်း ပျော့ညံ့နေသည် မဟုတ်ချေ။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်နှင့် လီမိသားစု ဆေးဆရာတို့ကိုသာ ထည့်တွက်ဦးမည်။ အခြားသော မဟာမိတ် အင်အားစုများ၊ နောက်ကွယ်မှ အဆက်အသွယ်များ၊ ဝှက်ဖဲများကို ထည့်မတွက်လျှင်ပင်... သူတို့ဘက်၌ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် ငါးပါးကျော် ရှိနေပြီ ဖြစ်၏။
ထိုအထဲတွင်မှ ဝါရင့် အမြုတေအဆင့် အရှင်သခင် ပိုင်ယွဲ့ကြီးလည်း ပါဝင်နေသေး၏။
ဘယ်လိုလုပ်ကြမည်နည်း။
အပြင်ဘက်ရှိ ဆေးဆိုင်များကို ရုပ်သိမ်းကာ မိသားစု၏ အင်အားနှင့် ယွင်ကျန်းဂိုဏ်း၏ အကာအကွယ်အောက်တွင် ခိုလှုံနေခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မိမိကိုယ်ကို အသက်ရှင်အောင် နေထိုင်ခြင်းကသာ အဓိက မဟုတ်ပါလော။
အသက်ရှင်နေမှသာ ဆုံးရှုံးသွားသမျှကို အရင်းရော အတိုးပါ ပြန်ယူနိုင်မည် ဖြစ်၏။
နောက်လာမည့် လအနည်းငယ် အတွင်းတွင် စုမိသားစုသည် အပြင်လောကရှိ ဆေးဆိုင်ခွဲများမှ မိသားစုဝင်များကို ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့ကြ၏။ သို့သော် ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပေ။ အပြန်လမ်းတွင် မိသားစုဝင် နှစ်ဦး လုပ်ကြံခံလိုက်ရပြီး တောကြီးမျက်မည်းထဲတွင် အလောင်းအစားမဲ့ စွန့်ပစ်ခံခဲ့ရရှာသည်။
ကံကောင်းသည်ဟုပင် ဆိုရပေမည်။
စုမိသားစုသည် အချိန်မီ ဆုတ်ခွာနိုင်ခဲ့သဖြင့် ကျန်ရှိနေသော ဆေးဆိုင်ခွဲများမှ မိသားစုဝင် ခုနစ်ဦးစလုံး ဘေးကင်းစွာဖြင့် ပြန်လည် ရောက်ရှိလာနိုင်ခဲ့ကြ၏။
---
ယွင်ကျန်းဂိုဏ်း...။
လော့ချန်ယွီသည် စုမိသားစုမှ စုယွီ ပေးပို့လိုက်သော သတင်းစကားကို ဖတ်ရှုလိုက်သည်။ ထို့နောက် သူမ၏ ရှေ့တွင် ရှိနေသော စုဇီအား ထိုစာကို ကမ်းပေးလိုက်ရင်း နှုတ်ခမ်းစွန်းတွင် အပြုံးရေးရေးလေး တစ်ခုကို ချိတ်ဆွဲလိုက်၏။
"ညီမလေး... နင့်မောင်က ယွင်ကျန်းဂိုဏ်းကို ဒီကိစ္စထဲ ဝင်မပါစေချင်ဘူးတဲ့... ရန်သူတွေကို ယွင်ကျန်းဂိုဏ်း နယ်မြေထဲ မဝင်အောင် တားပေးထားရင် ရပြီတဲ့ဟေ့"
"ဘာလဲ... သူက ငါ့ကို အားမကိုးချင်တာလား... ငါက သူတို့လောက်ကို မကာကွယ်ပေးနိုင်ဘူးလို့ သူထင်နေတာလား"
လော့ချန်ယွီ၏ စကားများကို ကြားရသောအခါ၊ စုဇီက မျက်မှောင်လေး အနည်းငယ် ကြုတ်လိုက်ပြီး စာကို သေချာ စဉ်းစားသုံးသပ်လိုက်သည်။
"ဒီအခြေအနေမှာ ကျွန်မတို့ စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်ဘူး အစ်မလော့... သူတို့က စုမိသားစု ဆေးဆိုင်တွေကို ပစ်မှတ်ထားနေတယ် ဆိုကတည်းက ကျွန်မတို့ကို အပြင်ထွက်လာအောင် မျှားခေါ်နေတာ သေချာတယ်"
"ပြီးတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်လို အကောင်ကြီးကြီးတွေ ပါနေတယ်ဆိုရင်... ကျွန်မတို့ ပိုပြီးတော့တောင် သတိထားရဦးမယ်"
သူမက လော့ချန်ယွီကို မော့ကြည့်လိုက်ပြီး လေးနက်စွာ ဆက်ပြောလိုက်ပြန်၏။
"အစ်မလော့... အစ်မရဲ့ အရေးကြီးဆုံး တာဝန်က ကျင့်ကြံဖို့နဲ့ ကိုယ်ပိုင် စွမ်းအားကို မြှင့်တင်ဖို့ပါပဲ... အစ်မက အခုဆိုရင် အမြုတေဖွဲ့စည်းခြင်း အဆင့်ရဲ့ အဟန့်အတားကို ချိုးဖျက်ပြီးပြီမို့လို့ ရှေ့ဆက်လျှောက်မယ့် လမ်းက ဖြောင့်ဖြူးနေပြီလေ"
"တစ်နေ့နေ့မှာ အစ်မသာ အမြုတေဖွဲ့စည်းခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ရင်... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တို့... လီမိသားစုတို့... ဟွမ်ရှင်းယီနဲ့ ကျန်းပိုင်ယွီတို့ ဆိုတာတွေက အစ်မရှေ့မှာ ပုရွက်ဆိတ်လောက်ပဲ ရှိတော့မှာပါ"
"အခုအချိန်မှာ အစ်မ တစ်ခုခု ဖြစ်သွားရင် တန်မှာ မဟုတ်ဘူးနော်"
ထိုစကားကို ကြားလိုက်ရသောအခါ လော့ချန်ယွီသည် မြူနှင်းများ ဖုံးလွှမ်းနေသော ယွင်ကျန်းဂိုဏ်း၏ တောင်ထွတ်များကို မော့ကြည့်လိုက်သည်။ ရေခဲပြင်ထက်တွင် ပွင့်လန်းလာသော နှင်းကြာပန်းလေး တစ်ပွင့်အလား... သူမ၏ ရင်သပ်ရှုမောဖွယ် မျက်နှာပြင်ထက်တွင် အပြုံးရိပ် တစ်ခု ပွင့်အာလာတော့၏။
လော့ချန်ယွီက မပွင့်တပွင့်.. ရေရွတ်လိုက်သည်။
"နင်ကလေ... နင့်မောင်နဲ့ တော်တော် တူလာပြီပဲ"
စုယွီ ပေးပို့လိုက်သော သတင်းစကား၏ အဓိပ္ပာယ်မှာလည်း သူမကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်စေလိုပြီး ကိုယ်ပိုင် စွမ်းရည်ကို အရင် မြှင့်တင်စေချင်သည့် သဘောပင် ဖြစ်ပေလိမ့်မည်။
စုမိသားစု အနေဖြင့်မူ...
အပြင်ဘက်ရှိ ဆေးဆိုင်များ အားလုံးကို ယာယီ ပိတ်သိမ်းလိုက်ပြီး မိသားစုဝင် အားလုံး ဆေးလုံးတောင်သို့ ပြန်လည် ဆုတ်ခွာသွားကြပြီ ဖြစ်၏။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ လူများကသာ အလုံးအရင်းနှင့် ဝင်ရောက် မတိုက်ခိုက်သရွေ့... ဆေးလုံးတောင်၏ လုံခြုံရေးကို အာမခံနိုင်စွမ်း ရှိပေသည်။
ထိုသို့ဆိုလျှင် စိုးရိမ်စရာ မရှိတော့ပေ။
ထိုအတွေးနှင့်အတူ လော့ချန်ယွီ၏ ရင်ထဲ၌ တိတ်တဆိတ် ပျိုးထောင်ထားခဲ့သော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ တဖြည်းဖြည်း ပြယ်လွင့်သွားလေတော့သည်။ ဟုတ်ပေသည်... သူမ အနေဖြင့် ကျင့်ကြံခြင်းကိုသာ အဓိကထားသင့်၏။ သူမ၏ စွမ်းအားများ တိုးတက်လာသည်နှင့် တစ်ပြိုင်နက် အပြင်လောကတွင် ခုန်ဆွခုန်ဆွ လုပ်နေသော ကောင်များသည် လူပြက်များထက် ပိုမည် မဟုတ်တော့ချေ။
လောကြီးစရာ မလိုပါလေ။
ထိုအချိန်၌ လော့ချန်ယွီက စုဇီဘက်သို့ လှည့်ကြည့်လိုက်သည်။
"ညီမလေး... ဆရာက ဒီရက်ပိုင်း ဂိုဏ်းချုပ် ရာထူးကနေ အနားယူဖို့ စဉ်းစားနေတယ်... နင်များ ယွင်ကျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် လုပ်ချင်မလားလို့"
စုဇီ ပြန်မဖြေခင်မှာပင် လော့ချန်ယွီက ထပ်လောင်း ပြောလိုက်ပြန်၏။
"ကုန်းစွန်းယီ ဆိုတဲ့ကောင်ကတော့ ငါတို့ဂိုဏ်းရဲ့ အမြုတေ ဖွဲ့စည်းခွင့် အခွင့်အရေး တစ်ခုကို ဖြုန်းတီးပစ်လိုက်ပြီ... ဒါပေမဲ့ ငါ့ကို အချိန်နည်းနည်းလောက် ပေးပါ... နောက်ထပ် နှစ် ၃၀ အတွင်းမှာ နင့်အတွက် အခွင့်အရေး တစ်ခု ငါ ပြန်ရှာပေးမယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ငြင်းဆန်ရန် ပြင်ဆင်နေသော စုဇီ၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားလေတော့သည်။
သူမက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းခါလိုက်၏။
"အစ်မက ကျွန်မကို ဂိုဏ်းချုပ် ဖြစ်စေချင်တယ် ဆိုရင်လည်း ကျွန်မ လက်ခံပါတယ်... အမြုတေ ဖွဲ့စည်းခွင့် အခွင့်အရေး ကိစ္စကတော့ နောက်မှ ပြောကြတာပေါ့"
"အမြုတေ ဖွဲ့စည်းဖို့ အခွင့်အရေး ဆိုတာ ရခဲလှပါတယ်... တကယ်လို့များ ဂိုဏ်းထဲမှာ ပါရမီရှင် တစ်ယောက်ယောက် ပေါ်ထွက်လာတာမျိုး... ဒါမှမဟုတ် ညီမလေးထျဲက အဆင့်တက်ဖို့ ပိုသင့်တော်နေတာမျိုး ဆိုရင်... ကျွန်မတို့ အနေနဲ့ ဒီအခွင့်အရေးကို အလဟဿ မဖြစ်စေသင့်ဘူးလေ"
လော့ချန်ယွီက လက်ကို မြှောက်လိုက်ပြီး သူမ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးဖြင့် စုဇီ၏ နဖူးကို ထောက်လိုက်သည်။
"နင်က တကယ့် ငတုံးမလေးပဲ"
ပြောပြီးသည်နှင့် လော့ချန်ယွီက ရယ်မောလိုက်လေ၏။
"ငါသာ နင့်နေရာမှာဆိုရင် ဝက်တစ်ကောင်လို အော်ရယ်ပြီးတော့ အစ်မလော့ကို ကျေးဇူးတင်လိုက်ပြီ... အစ်မလော့က တကယ်ပဲ အလှပဂေးလေးပါ ဘာညာဆိုပြီး ဖားလိုက်ဦးမှာ... အဲဒီလို ငါ့ကို မျက်နှာလိုမျက်နှာရ လုပ်ရမှာ သိလားဟယ်"
စုဇီတစ်ယောက် လော့ချန်ယွီကို ကြည့်ပြီး ဆွံ့အသွားရှာသည်။ ထို့နောက် သူမက ပြန်ပြောလိုက်လေ၏။
"ဟုတ်ကဲ့ပါရှင့်... ဟုတ်ကဲ့ပါ... အစ်မလော့က ဝက်ပါ... ဝက်လိုလည်း ခဏခဏ ရယ်တတ်ပါတယ်ရှင့်"
"ဟေ့... ငါက နင့်ကို ပြောနေတာလေ... နင်က ငါ့ကို ပြန်နှက်နေတာလား"
"အစ်မ ပြောတော့ ဝက်လို ရယ် ဆို... အခု ကျွန်မ ပြောတာ မှန်သွားပြီမလား... အစ်မက ဝက်မကြီး... ဟီးဟီးဟီး"
ပြောပြောဆိုဆိုနှင့် စုဇီ၏ ကိုယ်မှ အလင်းရောင် တစ်ချက် ဝင်းလက်သွားပြီး ထွက်ပြေးခြင်း ကျင့်စဉ်ကို အသုံးပြုကာ ပျံသန်း ထွက်ပြေးသွားလေတော့သည်။ စိတ်ဆိုးသွားသော လော့ချန်ယွီကလည်း ချက်ချင်းပင် အနောက်မှ လိုက်ပါသွားလေ၏။
လျှို့ဝှက် နယ်မြေထဲတွင်တော့ မိန်းမလှလေး နှစ်ဦး၏ ကြည်နူးဖွယ်ရာ ရယ်မောသံများသာ ပဲ့တင်ထပ် ကျန်ရစ်ခဲ့လေတော့သည်။
---
ကြာနီကန်... ကောင်းကင်ဆေးလုံးကျွန်း... လီမိသားစု...။
ယနေ့ခေတ် လီမိသားစုသည် ယခင်က လီမိသားစု မဟုတ်တော့ချေ။
ဟိုးအရင်တုန်းက ရွှီချန်ချင်း လီမိသားစုထဲသို့ သမက်အဖြစ် ဝင်ရောက်လာစဉ်က သူသည် တောသားလေး တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။ လီမိသားစုက သူ့ကို ရွေးချယ်ခဲ့ခြင်းမှာလည်း သူ၏ ထူးခြားသော ပါရမီကြောင့်သာ ဖြစ်ပေသည်။
သို့သော် သူ အရွယ်ရောက်လာသောအခါ ရွှီချန်ချင်းသည် လီမိသားစု၏ သမက် ဖြစ်လာခဲ့၏။
မူလကဆိုလျှင် သမက် တစ်ယောက် အနေဖြင့် ရွှီချန်ချင်းအတွက် နာမည် တစ်ခု ရဖို့ဆိုသည်မှာ မလွယ်ကူလှပေ။ သူသာ အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် အရှင်သခင် အစစ်အမှန် ဖြစ်လာခဲ့လျှင်တောင်မှ... လီမိသားစု၏ ဒုတိယ ခေါင်းဆောင် နေရာလောက်သာ ရနိုင်မည် ဖြစ်၏။
သို့သော် အဓိက အလှည့်အပြောင်းကား...
လွန်ခဲ့သော နှစ်ပေါင်းများစွာက အခြေခံတည်ဆောက်ခြင်း အဆင့်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက်သည် လီမိသားစုထံသို့ ရောက်ရှိလာပြီး 'ဟောင်ထျန်းဆေးလုံး' ကို ဖော်စပ်ပေးရန် တောင်းဆိုခဲ့ဖူးခြင်းပင် ဖြစ်၏။
ထိုစဉ်က သူတို့သည် ဟောင်ထျန်းဆေးလုံးကို လုယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင်... လီမိသားစု၏ ဘိုးဘေးကြီးပါ အသက်ပေးလိုက်ရရှာသည်။
လီမိသားစု ဘိုးဘေးကြီး သေဆုံးသွားခြင်းနှင့်အတူ လီမိသားစု၏ ကြီးမားလှသော ကြွယ်ဝချမ်းသာမှုနှင့် အခြေခံအုတ်မြစ် အားလုံးသည် ရွှီချန်ချင်း၏ လက်ထဲသို့ သက်ဆင်းသွားခဲ့ရလေတော့သည်။
ထိုအရာသည်ပင်လျှင် သူ့အတွက် အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းနိုင်စေမည့် ရွှေရောင် အခွင့်အလမ်းကြီး ဖြစ်လာခဲ့လေသတည်း။