← Chapters

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် စွမ်းအား ကူးပြောင်းခြင်း (အပိုင်း - ၂)

~"ဘာဖြစ်လို့လဲ... ငါက မှော်ရတနာတွေကို ပိုင်ဆိုင်ဖို့ ခွင့်ပြုချက် လိုသေးလို့လား"

ထိုအတွေးနှင့်အတူ စုယွီသည် အခြားသော ပင်မ တောင်ထွတ်များကို လှမ်းမျှော်ကြည့်လိုက်၏။ ထိုနေရာများတွင်ရော မှော်ရတနာများ ရှိနေနိုင်မလား။

သူ၏ တာအိုခန္ဓာ ရုပ်သေးသည် လော့ယွဲ့ မဟာမိတ် အဖွဲ့၏ နယ်မြေအတွင်း လှည့်လည်သွားလာရင်း ဖြစ်နိုင်ချေရှိသော အခွင့်အလမ်းမှန်သမျှကို ရှာဖွေစူးစမ်းနေခဲ့သည်။

လက်ရှိအချိန်တွင် မှော်ရတနာများနှင့် ရတနာပစ္စည်းများမှာ သူ့အတွက် အသုံးမဝင်သေးသော်လည်း၊ ရှေးဟောင်း ကျင့်စဉ်များနှင့် စာအုပ်စာပေများမှာမူ စုယွီအတွက် တန်ဖိုးအရှိဆုံး အရာများ ဖြစ်နေပေသည်။

---

နေလမင်း ကျွန်းပေါ်ရှိ တတိယအဆင့် ရေခဲနှင့်မီး ဂူစံအိမ်အတွင်း...

စုယွီသည် တင်ပျဉ်ခွေ ထိုင်လျက် ရှိနေလေ၏။

သူသည် အခြေခံတည်ဆောက်ခြင်း အဆင့်အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဖန်တီးရင်း တစ်ဖက်မှလည်း 'နေရောင်ခြည် မူလသဘောတရား ကျင့်စဉ်'ဟု ခေါ်ဆိုသော ထူးခြားသည့် ရှေးဟောင်း ရေဓာတ် ကျင့်စဉ်ကို နေ့စဉ် လေ့ကျင့်နေသည်။

ဤကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အခြေခံအုတ်မြစ် ချရာတွင် 'နေရောင်ခြည် ဝိညာဉ်ရေ' ဟု ခေါ်သော ရှေးဟောင်း ရေဓာတ် ထိပ်တန်း ရတနာ တစ်မျိုးကို အသုံးပြုရန် လိုအပ်ပေသည်။

ရှေးခေတ်ကာလက လော့ယွဲ့ မဟာမိတ် အဖွဲ့၏ ရွှေယန် တောင်ထွတ်သခင်ကြီး ကိုယ်တိုင်ပင် ထိုရတနာကို ရှာမတွေ့နိုင်ခဲ့ပေ။

ယခုလက်ရှိ တာ့ယွဲ့ နယ်မြေတွင်မူ ထိုရတနာကို ရှာဖွေတွေ့ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

သို့သော် စုယွီတွင် ကျွမ်းကျင်မှု မျက်နှာပြင် ရှိနေသည် မဟုတ်ပါလော။ သူသည် ကနဦး ကျွမ်းကျင်မှု အဆင့် ရရှိသည်နှင့် တပြိုင်နက်... ထို ကန့်သတ်ချက်ကို လျစ်လျူရှုပြီး 'နေရောင်ခြည် မူလသဘောတရား ကျင့်စဉ်' ကို ဆက်လက် ကျင့်ကြံနိုင်မည် ဖြစ်၏။

အချိန်ကာလသည် မျက်စိတစ်မှိတ် အတွင်းမှာပင် သုံးလ ကုန်ဆုံးသွားခဲ့ပါသည်။

ထိုနေ့တွင်...

"ဝီ..."

စုယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါတွင် သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ အံ့ဖွယ် ရေဓာတ် ချီ စွမ်းအင် တစ်မျိုးသည် သူ့ခန္ဓာကိုယ် အတွင်း၌ စုစည်းလာ၏။ နောက်တစ်ခဏတွင် သူ၏ ဒန်တျန် အတွင်း၌ မူလက ရှိနေသော 'ကောင်းကင်နှင်းခဲ ကျဆင်းခြင်း' ၏ ချီ စွမ်းအင်များ… ထကြွလာလေတော့သည်။

စုယွီသည် 'နေရောင်ခြည် မူလသဘောတရား ကျင့်စဉ်' ကို ဆက်တိုက် လေ့ကျင့်နေရင်းမှ... ဤ ရေဓာတ် ကျင့်စဉ်အသစ်သို့ စတင် ကူးပြောင်း ကျင့်ကြံလိုက်သည်။

'ကောင်းကင်နှင်းခဲ ကျဆင်းခြင်း' ပိုင်ဆိုင်သော ချီ စွမ်းအင်များသည် တဖြည်းဖြည်းနှင့် 'နေရောင်ခြည်ချီ' အဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။

နှစ်လပင် မပြည့်မီ အချိန်အတွင်း...

"ဟူး..."

စုယွီသည် အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ အတွင်း ချီ စွမ်းအင်များသည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်သို့ နီးကပ်စွာ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ... သူ၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု အလိုအလျောက် ပေါ်လာတော့၏။

ကူးပြောင်းမှု လုပ်ငန်းစဉ် ပြီးဆုံးသွားခဲ့တော့၏။

တစ်နှစ်နီးပါး ကာလအတွင်း စုယွီသည် 'နေရောင်ခြည် မူလသဘောတရား ကျင့်စဉ်' ကို ဓာတ်ကြီးငါးပါး ကျင့်စဉ်ထဲသို့ ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့သည်။ ထိုပေါင်းစပ်မှုသည် ဓာတ်ကြီးငါးပါး ချီ စွမ်းအင်၏ အင်အားကို သိသိသာသာ မြှင့်တင်ပေးလိုက်ပြီး ယခင်ကထက် များစွာ ပိုမို သန်မာလာစေခဲ့သည်။

အထူးသဖြင့် 'နေရောင်ခြည် ချီ။' သည် ရုပ်ခန္ဓာကို ဆန့်ကျင်သော ဝိသေသလက္ခဏာ တစ်ခု ပါရှိပြီး... ရန်သူ၏ အသားနှင့် အရိုးများကို အရည်ပျော်ကျသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

ထို ချီ စွမ်းအင်မျိုးသည် အလွန်တရာ ခြိမ်းခြောက်နိုင်စွမ်း ရှိပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားပြန်၏။

သူ၏ တာအိုခန္ဓာ ရုပ်သေး ရှာဖွေပေးခဲ့သော လော့ယွဲ့ မဟာမိတ် အဖွဲ့၏ ကျင့်စဉ်များနှင့် ရှေးဟောင်း စာအုပ်စာပေများ၏ အကူအညီဖြင့်... နောက်ထပ် တစ်နှစ်အကြာတွင် စုယွီသည် အခြေခံတည်ဆောက်ခြင်း အဆင့်အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ပထမအလွှာကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ဤအခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးသည်နှင့် နောက်ဆက်တွဲ အလွှာများကို ဖန်တီးရန်မှာ များစွာ လွယ်ကူသွားတော့မည် ဖြစ်၏။

တတိယမြောက် နှစ်တွင် စုယွီ၏ ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် နှစ်ခုစလုံးသည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်သို့ တက်လှမ်းနိုင်ခဲ့သည်။

စုယွီ တံခါးပိတ် ကျင့်ကြံပြီး ရှစ်နှစ် အကြာတွင်... သူသည် အခြေခံတည်ဆောက်ခြင်း အဆင့်အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ် ကိုးဆင့်မြောက် အထိ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေတော့သည်။

*

"ဝုန်း"

နေလမင်း ကျွန်းပေါ်ရှိ ရေခဲနှင့်မီး ဂူစံအိမ်၏ အလယ်ဗဟိုတွင် ဖြစ်၏။

စုယွီ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို လေ့ကျင့်နေစဉ် ရုတ်တရက် ဆိုသလိုပင်... ဂူစံအိမ် တစ်ခုလုံးရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် လှုံ့ဆော်ခြင်း ခံလိုက်ရပြီး ဝိညာဉ်စွမ်းအင် ဆူနာမီ လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ်လာလေတော့သည်။ ၎င်းသည် သူ ယခင်က ကျင့်ကြံစဉ် ဖြစ်ပေါ်ခဲ့သော ပမာဏထက် အနည်းဆုံး ဆယ်ဆခန့် ပိုမို ကြီးမားပြင်းထန်နေ၏။

"ဘုန်း"

စုယွီ၏ ခန္ဓာကိုယ်သည် အောက်ခြေမဲ့ တွင်းနက်ကြီး တစ်ခုအလား ပြောင်းလဲသွားပြီး... ဧရာမ ဝိညာဉ်စွမ်းအင် ပမာဏကြီးကို စုပ်ယူလိုက်သည်။

စုယွီ၏ ခန္ဓာကိုယ်ထဲရှိ ချီ စွမ်းအင်များ စတင် ပေါင်းစည်းသွားသောအခါ ဖော်ပြ၍ မရနိုင်သော အရှိန်အဝါ တစ်ခုသည် သူ၏ တစ်ကိုယ်လုံးသို့ စီးဆင်းသွားတော့သည်။ ထိုအခိုက်အတန့်တွင် မူလက ပြင်းထန်စွာ လှုပ်ရှားနေသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် ရုတ်ချည်း နူးညံ့သွားကြလေ၏။

ဝိညာဉ်စွမ်းအင်များ စီးဆင်းမှု ရပ်တန့်သွားခြင်း မဟုတ်ဘဲ... ယဉ်ပါးသွားသည့် သဘောမျိုး ဖြစ်သွားခြင်း ဖြစ်၏။

ယခင်ကဆိုလျှင် အတင်းအကြပ် စီးဆင်းခိုင်းရသလို ဖြစ်နေသော်လည်း... ယခုအခါတွင်မူ ၎င်းတို့သည် မိမိသဘောအလျောက် စုယွီထံသို့ တိုးဝင်လာနေကြခြင်း ဖြစ်၏။

ကောင်းကင်နှင့် မြေကြီးကြားတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု စုစည်းလာနေ၏။ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါး၏ 'ဝိညာဉ်ဖိအား' နယ်ပယ်မျိုး ဖြစ်ပေါ်လာသည့်နှယ်။

ကောင်းကင်နှင့် မြေကြီးတို့ တုန်ခါမြည်ဟီးသွားသည်နှင့်အမျှ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါ တစ်ခုသည် နေလမင်း ကျွန်းတစ်ဝိုက်ကို ဖြတ်သန်း တိုက်ခတ်သွားလေတော့သည်။

လေထုသည် ဖိသိပ်ခြင်း ခံလိုက်ရပြီး စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ဘေးတစ်ဖက်တွင်...

နှစ်ခြိုက်စွာ အိပ်မောကျလျက် ကျင့်ကြံနေသော မြေကမ္ဘာ မီးလျှံမျောက်ဝံကြီးသည် ရုတ်တရက် ထခုန်လိုက်ပြီး... လေထဲတွင် ကိုယ်ကို လှန်ကာ အခင်းအကျင်းဖြင့် ကာရံထားသော ဝိညာဉ်သစ်သီးပင် ဘေးသို့ ဆင်းသက်လိုက်သည်။ ထိုနေရာတွင် အမွှေးနက် လင်းယုန်ကြီးလည်း ရှိနေလေ၏။

ယဉ်ပါးသော သားရဲ နှစ်ကောင်စလုံးသည် မျက်လုံး ပြူးကျယ်လျက် ဝိညာဉ်စွမ်းအင် လှိုင်းလုံးများ၏ အလယ်ဗဟိုရှိ လူရိပ်ကို စိုက်ကြည့်နေကြ၏။

မီးလျှံမျောက်ဝံကြီးက ဟိန်းဟောက်လိုက်၏။

"ဂါး..."

သခင်ကြီး ဘာဖြစ်သွားတာလဲ...။

ကြောက်စရာ ကောင်းလိုက်တဲ့ အရှိန်အဝါပါလား။

ဝိညာဉ်သစ်သီးပင်ပေါ်တွင် နားနေသော အမွှေးနက် လင်းယုန်ကြီးက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး အော်မြည်သံဖြင့် ပြန်ဖြေလိုက်သည်။

အဆင့်တက်သွားပုံ ရတယ်ဟေ့...။

မီးလျှံမျောက်ဝံကြီးက ထပ်မံ ဟိန်းဟောက်လိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်၏။

"သခင်ကြီးက တကယ် သခင်ကြီးပါပဲကွာ... ဒီလို အဆင့်တက်တာက တတိယအဆင့် မိစ္ဆာသားရဲတွေထက်တောင် ပိုကြောက်စရာ ကောင်းနေပါလား"

အမွှေးနက် လင်းယုန်ကြီးသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး ရင်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။

သခင်ကြီး၏ စွမ်းအားများက တိုးတက်သထက် တိုးတက်လာနေတော့၏။

တကယ်လို့ သူသာ သခင်ကြီး၏ ခြေလှမ်းများကို မမီတော့လျှင်... နောင်တစ်ချိန် သခင်ကြီး ခရီးသွားသောအခါ သယ်ဆောင်ခွင့် ရတော့မည် မဟုတ်ပေ။

ဂူစံအိမ်၏ အလယ်ဗဟိုတွင်...

စုယွီသည် အခြေခံတည်ဆောက်ခြင်း အဆင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ကိုးဆင့်မြောက် အလွှာကို လေ့ကျင့်နေစဉ်... ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်၏ ချီ စွမ်းအင်များသည် သူ့ခန္ဓာကိုယ် အတွင်း၌ တဖြည်းဖြည်း ပေါင်းစပ်လာနေသည်။ ဓာတ်ကြီးငါးပါး ချီ စွမ်းအင်များသည် ဒန်တျန် အတွင်း၌ ပေါ်ပေါက်လာပြီး... ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ လည်ပတ်မှု အောက်တွင် ခန္ဓာကိုယ် အနှံ့သို့ စီးဆင်းသွားလေတော့သည်။

ထိုအခိုက်အတန့်တွင် စုယွီ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ အပြောင်းအလဲများ ဖြစ်ပေါ်လာနေ၏။

ဓာတ်ကြီးငါးပါး ချီ စွမ်းအင်များသည် ခန္ဓာကိုယ် အနှံ့သို့ ကူးခတ်သွားလာနေပြီး... ခန္ဓာကိုယ်ရှိ ဆဲလ်များ အားလုံးသည် ထိုစွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေကြ၏။

ဓာတ်ကြီးငါးပါး ချီ စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ဆဲလ်များသည် အဆက်မပြတ် ကြီးထွားလာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်ပေါ်နေသည်။

တဖြည်းဖြည်းနှင့် ဘဝသစ် တစ်ခု၏ စွမ်းအားများ ပြည့်နှက်နေသော ခန္ဓာကိုယ် တစ်ခု ပုံဖော်လာနေတော့၏။

ဒါသည် အရည်အသွေး ပြောင်းလဲမှု သက်သက် မဟုတ်ဘဲ... သက်ရှိအဆင့်အတန်း တစ်ခုလုံး၏ ပြောင်းလဲမှုကြီးပင် ဖြစ်၏။

တစ်ချိန်တည်းမှာပင်...

စုယွီ၏ ဒန်တျန် အတွင်းရှိ ဓာတ်ကြီးငါးပါး တာအို အခြေခံအုတ်မြစ်များသည်လည်း... ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ချီ စွမ်းအင် လည်ပတ်မှုနှင့် ဟန်ချက်ညီစွာ... တစ်စတစ်စ ပြောင်းလဲလာနေသည်။

'သစ်သား တာအို အခြေခံ' သည် မားမားမတ်မတ် ရပ်တည်နေပြီး... ငြိမ်းချမ်းသော အစိမ်းရောင် အလင်းတန်းများ ဝန်းရံလျက် ရှိနေ၏။ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော မြူခိုးထုကြီး ကဲ့သို့ပင် ရှေးဟောင်း ရနံ့သင်းသင်းလေးကို ထုတ်လွှတ်နေသည်။

'ထျန်းဖုန်း တာအို အခြေခံ' သည် နိဗ္ဗာန်မီးတောက်များ အကြားတွင် ရေချိုးသန့်စင်နေသည့်နှယ်

... ပြာပုံထဲမှ ပြန်လည် မွေးဖွားလာသော ဖီးနစ်ငှက် ကဲ့သို့ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သော အော်မြည်သံများကို ပြုလုပ်နေသည်။

'ကုန်းကျင်း တာအို ဓား' သည် ဖျော့တော့သော ရွှေရောင် နတ်ဘုရား အလင်းတန်းများကို ထုတ်လွှတ်နေ၏။... ဓားသံများ ကောင်းကင်ယံသို့ ပျံ့လွင့်ကာ မရေမတွက်နိုင်သော ဓားစွမ်းအင်များ စုစည်းနေသည်။

ရွှမ်မင် ဆန်းကြယ် 'မြေကမ္ဘာ တာအို အခြေခံ' သည် မရပ်မနား တုန်ခါနေပြီး... ဧရာမ ပုံသဏ္ဍာန်ကြီး အဖြစ်သို့ ကြီးထွားလာနေသယောင် ရှိသည်။ ရုတ်တရက် သုံးမှတ်ခန့် နက်ရှိုင်းစွာ နစ်မြုပ်သွားသောအခါ... ဒန်တျန် နေရာလပ် အတွင်းရှိ ဖိအားများသည် ပိုမို ပြင်းထန်လာလေတော့သတည်း။

အခန်း (၂၇၈) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် စွမ်းအား ကူးပြောင်းခြင်း (အပိုင်း - ၃)

ရေဓာတ် ဝိညာဉ်အမြစ်၏ ထိပ်ဆုံး၌ ရေစက်ကလေး တစ်စက်သည် မားမားမတ်မတ် ရပ်တည်နေ၏။ ထိုရေစက်ကလေး အတွင်း၌ ဆန်းကြယ်သော ပင်လယ်ပြင်ကြီး တစ်ခု ဖွဲ့တည်နေသယောင် ရှိသည်။ ပင်လယ်ကြမ်းပြင် အောက်၌ ဖြူဖွေးနေသော အရိုးစုများ စုပုံနေပြီး... အပေါ်ဘက်၌ ဝိညာဉ်ရေများသည် မရပ်မနား တဝုန်းဝုန်း စီးဆင်းနေလေတော့သည်။

ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်၏ ပြောင်းလဲမှုများနှင့်အတူ... စုယွီသည် သူ့ပတ်ဝန်းကျင်ရှိ သဘာဝ စွမ်းအား အတက်အကျများကို ဝေဝါးဝါး အာရုံခံစားမိလာ၏။ ထိုခံစားမှုသည် 'လူနှင့် ကောင်းကင်ဘုံ တစ်သားတည်း ဖြစ်ခြင်း' အဆင့်သို့ ရောက်ရှိသွားသကဲ့သို့... တာအိုနှင့် သဘာဝလောကကြီး သဟဇာတ ဖြစ်သွားသည့် ခံစားချက်မျိုးပင်။

ဒါသည် စုယွီ အနေဖြင့် သဘာဝ စွမ်းအား၏ တည်ရှိမှုကို ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရခြင်း ဖြစ်ပေသည်။

အတိတ်ကာလတုန်းက ဆိုလျှင် သူ၏ ဝိညာဉ်အမြစ် ပါရမီ ညံ့ဖျင်းမှုကြောင့် သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ကို လျစ်လျူရှုထားခဲ့ကြ၏။ သဘာဝ စွမ်းအင်များနှင့် ရင်းနှီးကျွမ်းဝင်မှုမှာ မရှိသလောက်ကို နည်းပါးခဲ့သည်။

ပါရမီရှင်များနှင့် မိစ္ဆာကောင်လေးများ လျင်မြန်စွာ ကျင့်ကြံနိုင်ခြင်းမှာ သူတို့နှင့် သဘာဝ ဝိညာဉ်စွမ်းအင်များ၏ ရင်းနှီးကျွမ်းဝင်မှုသည် တစ်သားတည်း ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

ယခုအခါ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်၏ အသွင်ပြောင်းလဲမှုသည် စုယွီ၏ ကိုယ်ပိုင် ဝိညာဉ်အမြစ်ကိုပါ အနည်းငယ် ပိုမို ကြည်လင် တောက်ပလာစေခဲ့ပါသည်။

တစ်နာရီ မပြည့်မီ အချိန်အတွင်း...

"ဝီ..."

စုယွီ၏ အရှိန်အဝါသည် တည်ငြိမ်သွား၏။ သို့သော် ထိုအရှိန်အဝါက.. နေလမင်း ကျွန်းတစ်ဝိုက်သို့ ပျံ့နှံ့သွားသောအခါ... ကျွန်းပေါ်ရှိ ဝိညာဉ်စွမ်းအင် အားလုံးကို ခဲသွားစေသကဲ့သို့ ဖြစ်ပေါ်စေ၏။ ကြောက်မက်ဖွယ် ကောင်းလှသော 'ဝိညာဉ်ဖိအား' ကြောင့်... အစွန်းဘက် အခင်းအကျင်းထဲရှိ မြေကမ္ဘာ မီးလျှံမျောက်ဝံနှင့် အမွှေးနက် လင်းယုန်တို့ခမျာ မြေကြီးပေါ်တွင် ဝပ်တွား ခယမိလျက်သား ဖြစ်သွားရရှာသည်။

စုယွီသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို တစ်ပတ်ပြည့်အောင် လည်ပတ်လိုက်ပြီး... အတွင်းရှိ ဓာတ်ကြီးငါးပါး ချီ စွမ်းအင်များ တစ်ခုတည်း အဖြစ် ပေါင်းစပ်သွားသောအခါမှ... ကျင့်ကြံခြင်းကို တဖြည်းဖြည်း ရပ်တန့်လိုက်သည်။

"ဟူး..."

ဖော်ပြ၍ မရနိုင်သော သက်ရှိရနံ့သင်းသင်းလေး ပါဝင်သည့် လေသက်ပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်လေ၏။

စုယွီ ဖြည်းညှင်းစွာ မျက်လုံး ဖွင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် စုယွီ၏ မျက်လုံးများသည် ဝိညာဉ်ကြေးမုံပြင် တစ်ခုကဲ့သို့ ကြည်လင်နေပြီး... ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းဝပ်နေသည်။

သူ၏ ခန္ဓာကိုယ်မှလည်း မလွန်ဆန်နိုင်သော ရနံ့သင်းသင်းလေး တစ်ခု ထွက်ပေါ်နေ၏။ အသွင်ပြောင်းလဲသွားသော လူသားဆေးပင် တစ်ပင်ကဲ့သို့... စုယွီ၏ အရေပြားများသည် နတ်ဘုရား၏ အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ တောက်ပနေပြီး... ဓာတ်ကြီးငါးပါး အရောင်အဝါများ ခန္ဓာကိုယ် အနှံ့ ဖြာကျနေသည်။

ပြောရမယ် ဆိုရင်တော့... စုယွီ၏ ခန္ဓာကိုယ်သည် ရှားပါး ဆေးပင်ကြီးများထက်ပင် ပိုမို အာဟာရ ပြည့်ဝနေပေလိမ့်မည်။

သူသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သည်။

[ ကျင့်စဉ် : ဓာတ်ကြီးငါးပါး ကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်၊ ကျွမ်းကျင်မှု ၀.၀၈%) ]

'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်' နှင့် အခြား ကျင့်စဉ်များ၏ ကျွမ်းကျင်မှုများကို ကြည့်လိုက်သောအခါ... ၎င်းတို့သည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ထက် ပိုမို မြင့်မားနေသည်ကို တွေ့ရသည်။

[ ကျင့်စဉ် : အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ် (ဒုတိယအကွင်း ကိုးပတ်လည်၊ ကျွမ်းကျင်မှု ၄၁.၈၂%)၊ နေရောင်ခြည် မူလသဘောတရား ကျင့်စဉ် (ဒုတိယနယ်ပယ် ကိုးဆင့်မြောက်၊ ကျွမ်းကျင်မှု ၄၁.၈၂%)၊ ကောင်းကင်ဘုံ ဖီးနစ် နိဗ္ဗာန် ကျင့်စဉ်..... ]

"ခဏလောက် ဆက်ပြီး ကျင့်ကြံလိုက်ရင် ဓာတ်ကြီးငါးပါး ကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုက ကျန်တာတွေကို မီသွားလောက်ပါတယ်"

"ဓာတ်ကြီးငါးပါး ကျင့်စဉ်ရဲ့ တိုးတက်မှု နှုန်းအရဆိုရင်... အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖျက်ဖို့ သုံးလေးနှစ်လောက်ပဲ ကြာတော့မှာပါ"

စုယွီ အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သည်။

သို့သော်...

စုယွီသည် ကျွမ်းကျင်မှု မျက်နှာပြင်မှ အာရုံလွှဲလိုက်ပြီး နေလမင်း ကျွန်းကို ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

ခုနက သူ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို တစ်နာရီတောင် မပြည့်တပြည့် ကျင့်ကြံလိုက်သည်မှာ... ဒုတိယအဆင့် သုံးထပ် ဂူစံအိမ်မှ ထုတ်ပေးသော သဘာဝ ဝိညာဉ်စွမ်းအင် ထက်ဝက်နီးပါး ကုန်ခမ်းသွားခဲ့တော့၏။

ဒီအတိုင်းသာ ဆက်သွားရင်... ငါ အမြုတေဖွဲ့စည်းခြင်း အလယ်အလတ် အဆင့် ရောက်တဲ့အချိန်ကျရင်... ဒီ ဒုတိယအဆင့် သုံးထပ် ဂူစံအိမ်က ငါ့ရဲ့ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် ကျင့်ကြံမှုကို တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။

စဉ်းစားရင်းနှင့် စုယွီသည် လော့ယွဲ့ မဟာမိတ် အဖွဲ့ အပျက်အစီးများထဲရှိ လျှို့ဝှက် ဂူကောင်းကင် ကို သတိရသွား၏။

ရွှေယန် ပင်မတောင်ထွတ်ပေါ်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဤနေရာရှိ ဒုတိယအဆင့် သုံးထပ် ဂူစံအိမ်ထက် များစွာ ပိုမို သိပ်သည်းသည်။

ထိုနေရာသည် စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ဂူကောင်းကင် တည်ရှိရာ နေရာ ဖြစ်ပေသည်။

အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီးများ ကျင့်ကြံခဲ့သော နေရာဖြစ်သဖြင့်... သူသာ ထိုနေရာသို့ သွားရောက် ကျင့်ကြံနိုင်လျှင် သဘာဝ ဝိညာဉ်စွမ်းအင် ပြဿနာကို ပူစရာ လိုတော့မည် မဟုတ်ပေ။

[ သက်တမ်း : ၁၁၄ / ၄၅၅ ]

[ ကျင့်စဉ် : ဓာတ်ကြီးငါးပါး ကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်၊ ကျွမ်းကျင်မှု ၀.၀၈%) ..... ]

[ မန္တန်များ : မြေကမ္ဘာ သစ်သား နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ် စုစည်းခြင်း နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ်လှံ နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ် မွေးမြူခြင်း နည်းစနစ် (ပြီးပြည့်စုံ)၊ သစ်သားနွယ်ပင် တစ်သောင်း နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ်ဝါးမျိုခြင်း နည်းစနစ် (ပြီးပြည့်စုံ).... မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည် (ပြီးပြည့်စုံ)၊ လျှို့ဝှက်ဆန်းကြယ် ချပ်ဝတ် (ပြီးပြည့်စုံ)၊ မြေကမ္ဘာနဂါး ကောင်းကင်လှန် နည်းစနစ် (ပြီးပြည့်စုံ)၊ လျှို့ဝှက်ဆန်းကြယ် နဂါးလှောင် နည်းစနစ် (ပြီးပြည့်စုံ)၊ ရေခဲနှင့်မီး ဝိညာဉ်ဆင့်ခေါ် နည်းစနစ် (ပြီးပြည့်စုံ)၊ နဂါးပျံ ဖီးနစ်ကကြိုး နည်းစနစ် (ပြီးပြည့်စုံ)၊ ရေခဲနှင့်မီး ငရဲ နည်းစနစ် (ပြီးပြည့်စုံ)၊ ယင်နှင့်ယန် လွတ်မြောက်ခြင်း စွမ်းရည် (ပြီးပြည့်စုံ) ]

"အခြေခံ တည်ဆောက်ခြင်း ကိုးဆင့်မြောက်မှာ သက်တမ်းက ၄၅၅ နှစ်အထိ ရောက်သွားပြီပဲ"

စုယွီ တွက်ချက်ကြည့်လိုက်ရာ... ယခုအချိန်မှ စ၍ သူ၏ ကျင့်ကြံခြင်း ရပ်တန့်သွားလျှင်တောင်မှ နောက်ထပ် ၃၄၁ နှစ်တိတိ နေထိုင်နိုင်ဦးမည် ဖြစ်၏။

အရှင်သခင် ပိုင်ယွဲ့ကြီး သေသွားသည့်တိုင်အောင် သူ အေးဆေး နေနိုင်သေးသည် မဟုတ်ပါလော။

အောက်ဘက်ရှိ မန္တန်ပေါင်းများစွာကို ကြည့်လိုက်သောအခါ အားလုံးသည် 'ပြီးပြည့်စုံသော အဆင့်' သို့ ရောက်ရှိနေကြပြီ ဖြစ်၏။

ဆိုလိုသည်မှာ သူသည် ထိုမန္တန်များကို စိတ်ရှိတိုင်း လိုသလို ထုတ်သုံးနိုင်ပြီ ဖြစ်၏။

ယခုအခါ သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ကျင့်ကြံပြီးဖြစ်ရာ... သူ၏ မန္တန်များကို ကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။ "ငါသာ ဒီမန္တန်တွေကို ဓာတ်ကြီးငါးပါး ချီ စွမ်းအင်နဲ့ ပေါင်းစပ်ပြီး ထုတ်သုံးမယ်ဆိုရင်... သူတို့ရဲ့ စွမ်းအားတွေ ဘယ်လို ပြောင်းလဲသွားမလဲ"

သူ တတ်မြောက်ထားသော မန္တန်များမှာ မနည်းလှပေ။

ပြန်စဉ်းစားကြည့်လိုက်တော့ ဓာတ်ကြီးငါးပါး ကျင့်စဉ်အတွက် သီးသန့် မန္တန်များ ထပ်မံ ဖန်တီးနေစရာ မလိုတော့ကြောင်း ခံစားလိုက်ရသည်။

ဤ သီးခြား မန္တန်များသည်ပင်လျှင် သူ၏ ဓာတ်ကြီးငါးပါး တာအို လမ်းစဉ်ကို ထုတ်ဖော်ရန် လုံလောက်နေပြီ ဖြစ်၏။

ထိုသို့ တွေးမိသည်နှင့်...

"မြေကမ္ဘာသစ်သား နည်းစနစ်"

စုယွီ လက်သင်္ကေတ တစ်ခု ရေးဆွဲလိုက်သည်နှင့် နောက်တစ်ခဏတွင် ရောင်စုံ ဝိညာဉ်နွယ်ပင်များသည် မြေကြီးထဲမှ တိုးထွက်လာကြ၏။ ဤ ရောင်စုံ ဝိညာဉ်နွယ်ပင်များသည် အရွယ်အစား မပြောင်းလဲသော်လည်း... ၎င်းတို့ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် စုယွီကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

ချက်ချင်းပင် စုယွီ၏ အကြည့်သည် ဝိညာဉ်သစ်သီးပင်ဆီသို့ ရောက်သွား၏။ စိတ်အကြံ တစ်ချက်နှင့်အတူ ရောင်စုံ ဝိညာဉ်နွယ်ပင် တစ်ပင်သည် လျှပ်စီးလက်သကဲ့သို့ ထိုအပင်ဆီသို့ လှမ်းတက်သွားလေတော့သည်။

ရောင်စုံ နတ်ဘုရား နဂါး တစ်ကောင်လိုပင်။

စုယွီ၏ အသံ ပဲ့တင်ထပ်သွား၏။

"မီးလျှံမျောက်ဝံ... ဒီ သစ်သားနွယ်ပင်ကို ချိုးဖျက်ပစ်စမ်း"

ချိုးဖျက်ရမယ်...လား။

မြေကြီးပေါ်တွင် ဝပ်တွားနေသော မြေကမ္ဘာ မီးလျှံမျောက်ဝံကြီးမှာ ခေါင်းရှုပ်သွားရရှာသည်။ သူသည် မိမိထံ တိုးဝင်လာသော ရောင်စုံ ဝိညာဉ်နွယ်ပင်ကို ကြည့်လိုက်ရာ... ၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် သေမတတ် ကြောက်လန့်သွားမိသည်။

ငါ... ငါ လုပ်နိုင်ပါ့မလားလို့။

သို့သော် သူ ငြင်းဆန်ချိန်ပင် မရလိုက်ပေ။ ရောင်စုံ ဝိညာဉ်နွယ်ပင်သည် သူ့ထံသို့ ရိုက်နှက်ရန် ရောက်ရှိလာတော့၏။

"ဂါး..."

မြေကမ္ဘာ မီးလျှံမျောက်ဝံကြီးသည် ကြောက်လန့်တကြား ထခုန်လိုက်မိသည်။ နောက်တစ်ခဏတွင် အဆင့်မြင့် မှော်လက်နက် သံတုတ်ကြီး တစ်ချောင်း သူ့လက်ထဲ၌ ပေါ်လာလေ၏။ အနီရောင်နှင့် အဝါရောင် သန်းသော မိစ္ဆာစွမ်းအင်များ သံတုတ်ကြီးထဲသို့ စီးဝင်သွားပြီးနောက်... သူသည် အော်ဟစ်ကာ အစွမ်းကုန် လွှဲရိုက်လိုက်လေတော့သတည်း။

အခန်း (၂၇၉) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် စွမ်းအား ကူးပြောင်းခြင်း (အပိုင်း - ၄)

ကောင်းကင်ယံမှ သံတုတ်ကြီး တစ်ချောင်း ထိုးဆင်းလာ၏။

နေလမင်း ကျွန်းကြီး တစ်ခုလုံး တုန်ခါသွားလေတော့သည်။

"ဘုန်း"

လေထုထဲတွင် အဆင့်မြင့် မှော်လက်နက် ဖြစ်သော မြေကမ္ဘာ မီးလျှံမျောက်ဝံကြီး၏ သံတုတ်သည် ရောင်စုံ ဝိညာဉ်နွယ်ပင်နှင့် ကြမ်းတမ်းစွာ ထိပ်တိုက် တွေ့ဆုံသွားလေ၏။

အဝါရောင်နှင့် အနီရောင် ရောယှက်နေသော စစ်မှန်သော မီးတောက်များ ပေါက်ကွဲထွက်လာသည်။ သို့သော် စွမ်းအားနှစ်ခု ထိတွေ့လိုက်သည်နှင့် တပြိုင်နက် သံတုတ်ပေါ်ရှိ မီးတောက်များသည် လေပြင်းမုန်တိုင်း အောက်မှ မီးပွားလေး တစ်ခုအလား လွင့်ပါးပျက်စီးသွားရလေတော့သည်။

ဟိန်းညံသော အသံကြီး ပဲ့တင်ထပ်သွား၏။

သံတုတ်ကို ကိုင်ဆောင်လျက် ပေါ်ထွက်လာသော မီးလျှံမျောက်ဝံကြီးခမျာ မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားတစ်ခု၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရပြီး လွင့်ထွက်သွားလေတော့သည်။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် ပြုတ်ထားသော ပုစွန်တစ်ကောင်လို ကွေးကောက်သွားပြီး... ထို ကြမ်းတမ်းသော တိုက်ခိုက်မှုအောက်တွင် အရေပြားများ ကွဲအက်သွား၏။

“ဇွပ်”

သားရေအိတ် ပေါက်သွားသကဲ့သို့ သွေးများ ပန်းထွက်လာသည်။

သို့သော် လေထုထဲ၌ စုယွီ၏ ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ ပေါ်လာပြီး မီးလျှံမျောက်ဝံကြီး၏ အနောက်သို့ ရောက်ရှိသွား၏။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လွင့်ထွက်နေသော မျောက်ဝံကြီးကို ဖမ်းထိန်းလိုက်ကာ သက်ရောက်လာသော အရှိန်များကို လျှော့ချပေးလိုက်၏။

"ဝီ..."

နောက်တစ်ခဏတွင် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်' စတင် လည်ပတ်လာပြီး... သစ်သားဓာတ် ချီ စွမ်းအင်များကို မီးလျှံမျောက်ဝံကြီး၏ ခန္ဓာကိုယ်ထဲသို့ သွတ်သွင်းပေးလိုက်သည်။

အသက်ဓာတ်.. အလင်းရောင် အစိမ်းတန်းများသည် မီးလျှံမျောက်ဝံကြီး တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။

စုယွီနှင့် မီးလျှံမျောက်ဝံကြီး မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ချိန်တွင် မီးလျှံမျောက်ဝံကြီး၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် သွေးစများ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်၏။

မီးလျှံမျောက်ဝံကြီးမှာမူ အနည်းငယ် မှင်သက်နေရှာလေ၏။

သူသည် ကောင်းကင်ယံသို့ လွင့်ထွက်သွားပြီး နေလမင်း ကျွန်း၏ အခင်းအကျင်း အကာအကွယ်နှင့် သွားရောက် ရိုက်ခတ်မိကာ ဂယက်ထသွားစေခဲ့သော သူ၏ သံတုတ်ကြီးကို မျှော်ကြည့်လိုက်မိသည်။

ထို့နောက် လေထုထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ရောင်စုံ ဝိညာဉ်နွယ်ပင်ကို ကြည့်လိုက်ပြန်သည်။

"ဂလု"

မီးလျှံမျောက်ဝံကြီးသည် တံတွေး တစ်ချက် မျိုချလိုက်မိ၏။ အမြီးက ကွေးကျသွားပြီး ကျောပြင်ကြီး တောင့်တင်းသွားလေတော့သည်။

ကြောက်စရာ ကောင်းလိုက်တဲ့ နွယ်ပင်ပါလား...။

သူ၏ စွမ်းအားသည် ဒုတိယအဆင့် ထိပ်တန်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။ ထို့အပြင် သူ၏ သွေးစည်းသည်လည်း အနည်းငယ် အဆင့်မြင့်လာပြီ ဖြစ်ရာ... သူ၏ အင်အားသည် လုံးဝ မနည်းလှပေ။

အနည်းဆုံးတော့ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ပါရမီရှင်များနှင့် အဆင့်မြင့်များထက် မနိမ့်ကျပေ။

သို့သော် ခုနက ထို သေးငယ်သော နွယ်ပင်လေး တစ်ပင်တည်းက သူ့ကို အပြတ်အသတ် ချေမှုန်းသွားခဲ့သည် မဟုတ်ပါလော။

တစ်ချက်တည်း ထိတွေ့လိုက်ရုံနှင့် သူ၏ ရုပ်ခန္ဓာကြီး တစ်ခုလုံး ကြေမွတော့မလို လက်မတင်လေးပင်။

သို့သော် စုယွီက မီးလျှံမျောက်ဝံကြီး၏ လက်မောင်းကို ပုတ်လိုက်ပြီး ချီးကျူးလိုက်သည်။

"မဆိုးဘူး... ဓာတ်ကြီးငါးပါး ချီ စွမ်းအင်ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို တောင့်ခံနိုင်တယ်ဆိုတော့... မင်း အလကား အစာကုန်ခံပြီး ကြီးလာတာ မဟုတ်ဘူးပဲ"

စုယွီသည် အစွမ်းကုန် အားမစိုက်ခဲ့ဘဲ နွယ်ပင် တစ်ပင်တည်းကိုသာ ထိန်းချုပ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း...

ခုနက မီးလျှံမျောက်ဝံကြီး ထုတ်ဖော်ပြသခဲ့သော တိုက်ခိုက်စွမ်းရည်သည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်တွင် ပျမ်းမျှအထက် ရောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။

နောက်ထပ် နှစ်အနည်းငယ် (သို့မဟုတ်) ဆယ်စုနှစ် အနည်းငယ် ဆက်လက် ကျင့်ကြံလိုက်လျှင်... တူညီသော အဆင့်အတန်းရှိသူများ အထဲတွင် သူ့ကို အနိုင်ယူနိုင်သူ သိပ်ရှိတော့မည် မဟုတ်ပေ။

မီးလျှံမျောက်ဝံကြီးသည် ပါးစပ်ဟပြီး ကန့်ကွက်ရန် ပြင်လိုက်သော်လည်း... ဒုတိယအဆင့် ထိပ်တန်း အရည်အသွေးရှိသော ပြီးပြည့်စုံသည့် 'သားရဲဆေးလုံး' တစ်လုံး သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်လာသည်။ မီးလျှံမျောက်ဝံကြီးသည် အမှတ်တမဲ့.. အလိုက်သင့် မြိချလိုက်မိလေ၏။

ခန္ဓာကိုယ် အတွင်း၌ ရုန်းကြွလာသော ဆေးစွမ်းအင်ကို ခံစားလိုက်ရသောအခါ မီးလျှံမျောက်ဝံကြီးသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး... ဟိန်းဟောက်ချင်စိတ်ကို ထိန်းကာ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

'ဟာ... ဆုချတာလား... စောစောက ပြောပါလားဗျာ'

"ကဲ... ပြန်ပြီး ဆက်ကျင့်ကြံတော့"

စုယွီက တိုက်တွန်းလိုက်၏။

"ဂါး..."

မီးလျှံမျောက်ဝံကြီးသည် ပျော်ရွှင်စွာဖြင့် သူ၏ သံတုတ်ကြီးကို သွားကောက်ပြီး အခင်းအကျင်းထဲသို့ ဝင်ရောက်သွား၏။ သစ်ပင်ပေါ်တွင် နားနေသော အမွှေးနက် လင်းယုန်ကြီးကို မခို့တရို့ ပြုံးပြလိုက်ပြီးနောက်... ဆေးစွမ်းအင်ကို စုပ်ယူရန် လှဲချလိုက်လေတော့သည်။

အမွှေးနက် လင်းယုန်ကြီး : တုံးလိုက်တဲ့ မျောက်။

စုယွီသည်လည်း 'ဝိညာဉ်သစ်သီးပင်' ဆီသို့ သွားလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ... တောက်ပသော အစိမ်းရောင် အလင်းတန်းများသည် သစ်ပင် တစ်ပင်လုံးကို လွှမ်းခြုံသွား၏။

"ဝိညာဉ်ပျိုးထောင်ခြင်း နည်းစနစ် "

မကြာမီ အချိန်အတွင်းမှာပင် သစ်ပင်ကြီးသည် အစိမ်းရောင် အလင်းတန်းများ ဝန်းရံခြင်း ခံလိုက်ရပြီး ၎င်း၏ သက်ရှိ အရှိန်အဝါသည် သိသိသာသာ တိုးပွားလာသည်။

ဤနည်းစနစ်၏ အဓိက လုပ်ဆောင်ချက်မှာ 'ဝိညာဉ်စိုက်ခင်းသမား' များကဲ့သို့ပင် သက်ရှိ ဝိညာဉ်များကို အာဟာရ ဖြည့်တင်းပေးခြင်း ဖြစ်၏။

ကျင့်ကြံခြင်း အစောပိုင်း ကာလများတုန်းက စုယွီသည် ဆေးဖက်ဝင် အပင်များ၏ သဘာဝနှင့် စိုက်ပျိုးခြင်း အကြောင်း လေ့လာရင်း ဤနည်းစနစ်ကို အဓိက လေ့ကျင့်ခဲ့ဖူးသည်။

ဝိညာဉ်သစ်သီးပင်ကို အချိန်အတော်ကြာ ပျိုးထောင်ပေးပြီးနောက်... စုယွီသည် လက်ရှိ နည်းစနစ်၏ ကွာခြားချက်ကို ခံစားမိလိုက်ပြီး တွေးတောလိုက်မိ၏။

"အာနိသင်က အများကြီး ပိုအားကောင်းလာတာပဲ... ဒီအတိုင်းသာ ဆက်သွားရင် ဒီနည်းစနစ် တစ်ခုတည်းနဲ့တင် ငါ ဝိညာဉ်စိုက်ခင်းသမား ဖြစ်သွားနိုင်လောက်တယ်"

ထို့နောက် စုယွီသည် ဂူ၏ အလယ်ဗဟိုသို့ ရွှေ့ပြောင်းသွားပြီး... 'ဝိညာဉ်ဝါးမျိုခြင်း နည်းစနစ်'၊ 'နက်ရှိုင်းသော အအေးဓာတ် ချပ်ဝတ် နည်းစနစ်'၊ 'မြေကမ္ဘာနဂါး ကောင်းကင်လှန် နည်းစနစ်' နှင့် 'နဂါးပျံ ဖီးနစ်ကကြိုး နည်းစနစ်' စသည့် အခြားသော မန္တန်များကို စမ်းသပ်ကြည့်လိုက်သည်။

ခြွင်းချက်မရှိ... မန္တန် အားလုံးကို ဓာတ်ကြီးငါးပါး ချီ စွမ်းအင်ဖြင့် လည်ပတ် အသုံးပြုနိုင်ကြောင်း တွေ့ရှိရသည်။

ထို့အပြင် စွမ်းအားမှာလည်း နေလမင်း ကျွန်း တစ်ခုလုံးကို တုန်ခါသွားစေနိုင်လောက်အောင် ကြီးမားပြင်းထန်လှပေသည်။ မန္တန် အားလုံးသည် ယခင်ကနှင့် ယှဉ်လျှင် အသွင်ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။

မန္တန် အားလုံးကို စမ်းသပ်ပြီးနောက် စုယွီသည် သူ၏ အရှိန်အဝါကို ပြန်လည် ထိန်းချုပ်လိုက်သည်။ တစ်ခဏချင်းပင် သူ၏ ခန္ဓာကိုယ်မှ ချီ စွမ်းအင် အငွေ့အသက် လုံးဝ ထွက်ပေါ်ခြင်း မရှိတော့ပေ။

သူ၏ သက်ရှိ အရှိန်အဝါကိုပင် လုံးဝ ဖုံးကွယ်ထားနိုင်စွမ်း ရှိသည်။

သူ၏ ခန္ဓာကိုယ် အသွင်အပြင်နှင့် အရေပြားကို မူလ အတိုင်း ပြန်လည် ပြောင်းလဲလိုက်ပြီး... ထူးဆန်းသော ရနံ့များ မထွက်တော့သလို၊ အရေပြားမှာလည်း ကြည်လင်တောက်ပခြင်း မရှိတော့ပေ။ စုယွီသည် သူ၏ လက်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။

"ဒါ အတော် ကောင်းသွားပြီ... မဟုတ်ရင် ခုနက ပုံစံနဲ့ဆို အရမ်း သိသာလွန်းနေမှာ... အရူးတောင် ရိပ်မိနိုင်တယ်"

အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံပြီးစီးသွားခဲ့တော့၏။

အတိတ်က လော့ချန်ယွီ၏ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အရှိန်အဝါနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ...

လော့ချန်ယွီက တော်တော်လေး အားနည်းသလို သူ ခံစားလိုက်ရသည်။

စုယွီ စဉ်းစားလိုက်၏။

"ဒါဆို နောက်တစ်ဆင့်က... အမြုတေဖွဲ့စည်းခြင်း အဆင့်အတွက် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဖန်တီးဖို့ပဲ... နှစ်အနည်းငယ်လောက်ဆို လုံလောက်ပါတယ်"

"အဲဒါပြီးရင်တော့ 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ်' ရဲ့ နောက်ဆက်တွဲ ကျင့်စဉ်တွေကို ရှာဖွေရတော့မယ်"

လက်ရှိ ကျင့်စဉ်တွင် မပြည့်စုံသော အခန်းငယ် သုံးခုသာ ပါဝင်ပြီး... အလှည့် သုံးခု၊ ၂၇ ပတ်လည် အဖြစ် ဖွဲ့စည်းထားကာ... အမြုတေဖွဲ့စည်းခြင်း ကိုးဆင့်မြောက် အထိသာ ကျင့်ကြံနိုင်သည်။

ယခင်ကဆိုလျှင် အမြုတေဖွဲ့စည်းခြင်း ကိုးဆင့်မြောက် အထိ ကျင့်ကြံနိုင်သည်ကိုပင် စုယွီ ကျေနပ်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ... နောက်ဆက်တွဲ ကျင့်စဉ်များကို ရှာဖွေရန်မှာ အရေးတကြီး လိုအပ်လာတော့၏။

ခဏမျှ တွေးတောပြီးနောက် စုယွီသည် တံခါးပိတ် ကျင့်ကြံခြင်းကို တရားဝင် အဆုံးသတ်လိုက်လေတော့သည်။

ခဏနေရင် သူသည် တတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက်ကို ဖန်တီးရန် ကြိုးစားရဦးမည်။

ပြီးတော့ ဆေးဖော်ခြင်း... တတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် အဖြစ်သို့လည်း တိုးမြှင့်ရပေဦးမည်။

ကျွမ်းကျင်မှု တိုးတက်လာသောအခါမှသာ... ရွှေရောင် မူလဆေးလုံး ကို ကိုယ်တိုင် ဖော်စပ်ရန် ကြိုးစားနိုင်မည် ဖြစ်၏။

All Chapters