← Chapters

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀-၂၈၂)

Vol. 19 Ch. 280-282

အခန်း (၂၈၀) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် စွမ်းအား ကူးပြောင်းခြင်း (အပိုင်း - ၅)

~တစ်ဖက်တွင်... လော့ယွဲ့ မဟာမိတ် အပျက်အစီး နယ်မြေ၏ လျှို့ဝှက် ဂူကောင်းကင်အတွင်း၌ ဖြစ်၏။

တာအိုခန္ဓာ ရုပ်သေး၏ စွမ်းအားများသည် အပြည့်အဝ ပြန်လည် ပြည့်ဝသွားခဲ့တော့၏။

စုဆောင်းရရှိခဲ့သော ရတနာများနှင့်အတူ ရုပ်သေးရုပ်သည် လျှို့ဝှက်နယ်မြေ၏ အစွန်းတစ်နေရာသို့ ရောက်ရှိလာလေ၏။ ထို့နောက် သူသည် ရုပ်သေးဝိညာဉ်၏ စွမ်းအားနှင့် မိမိကိုယ်ပိုင် စွမ်းအားများကို ပေါင်းစပ်ကာ ဟင်းလင်းပြင် စွမ်းအားကို အတင်းအကြပ် ထုတ်ဖော်လိုက်ပြီး... လျှို့ဝှက်နယ်မြေ၏ ဟင်းလင်းပြင်ကို လှုပ်ခတ်သွားစေလိုက်သည်။

လျှို့ဝှက်နယ်မြေ၏ အခင်းအကျင်းမှ ကြောက်မက်ဖွယ် ဖိအားများ ကျရောက်လာသောအခါ... ရုပ်သေးရုပ် အတွင်းရှိ 'သိုလှောင် လက်စွပ်' မှော်ရတနာ သန္ဓေသားသည် ကာကွယ်ရေး အလွှာတစ်ခုကို ထုတ်လွှတ်ပြီး ခေတ္တမျှ တားဆီးပေးထားလိုက်သည်။

"ဝုန်း"

နောက်တစ်ခဏတွင်...

ရုပ်သေးရုပ်သည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင် အားလှိုင်းများကြားထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

လော့ယွဲ့ မဟာမိတ် အဖွဲ့၏ လျှို့ဝှက်နယ်မြေ အတွင်းမှ ရတနာ အမြောက်အမြားကို သူ ရရှိခဲ့ပြီးဖြစ်ရာ... ထိုပစ္စည်းများကို ပြန်သယ်သွားပြီး မိမိ၏ စွမ်းအားကို မြှင့်တင်ရမည့် အချိန် ရောက်လာတော့၏။

ရုပ်သေးရုပ်သာ အပြင်သို့ ထွက်မလာဘဲ ထိုပစ္စည်းများကို စုယွီထံ မပေးအပ်နိုင်လျှင်... ထိုအရာ အားလုံးသည် အသုံးမဝင်သော အမှိုက်များသာ ဖြစ်နေပေဦးမည်။

အသုံးပြုနိုင်မှသာ ရတနာ စစ်စစ် ဖြစ်လာမည် မဟုတ်ပါလော။

ထို့ကြောင့် မည်သို့ပင် ဖြစ်ပါစေ ၊ ရုပ်သေးရုပ်သည် တစ်ခေါက်တော့ ပြန်ထွက်လာရမည် ဖြစ်၏။

ထို့နောက် အပြင်လောကမှ တတိယအဆင့် ဝိညာဉ်သတ္တု ကုန်ကြမ်း အချို့ကို စုဆောင်းပြီး... လော့ယွဲ့ မဟာမိတ် အပျက်အစီး နယ်မြေထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်သောအခါ... ရုပ်သေးရုပ်သည် နယ်မြေကို ရှာဖွေရင်း ဝိညာဉ်သတ္တုများ၏ အဆီအနှစ်ကို ဝါးမျိုကာ မိမိကိုယ်ကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်၏။

အပြင်လောကတွင်...

မြေအောက် ချော်ရည်ပူ ကမ္ဘာကြီး အတွင်း၌ ဖြစ်၏။

ဝိညာဉ်အပင်များမှ ထွက်ပေါ်နေသော ဖျော့တော့သည့် အစိမ်းရောင် အလင်းတန်းလေးများကသာ ဤမှောင်မိုက်သော နေရာကို အလင်းရောင် ပေးစွမ်းနေပြီး... တစ်ခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော သားရဲများ၏ ဟိန်းဟောက်သံ သဲ့သဲ့ကသာ ဤနေရာ၌ အသက်ရှိကြောင်း ပြသနေလေ၏။

ထိုအခိုက်အတန့်တွင်... လော့ယွဲ့ မဟာမိတ် အပျက်အစီး၏ အခင်းအကျင်း အကာအကွယ် အစွန်းဘက်၌ ဟင်းလင်းပြင် အားလှိုင်းများ ရုတ်တရက် ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ရေနွေးအိုး ဆူပွက်နေသကဲ့သို့... ကြောက်မက်ဖွယ် ဟင်းလင်းပြင် အရှိန်အဝါသည် မြေအောက်ကမ္ဘာ တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားလေတော့သည်။

မြေအောက်ကမ္ဘာရှိ ဝိညာဉ်ကျောက်တုံး သိုက်ကြီးတစ်ခု၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာ၌... 'ကောင်းကင်မိုးကြိုး ကြွက်' တစ်ကောင်သည် လျှပ်စီးများ လက်နေသော ဧရာမ ဝိညာဉ်ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ဝပ်လျက် နှစ်ခြိုက်စွာ ကျင့်ကြံနေလေ၏။

သို့သော် နောက်တစ်ခဏတွင် ထို ကြောက်မက်ဖွယ် ဟင်းလင်းပြင် အရှိန်အဝါကြီး ဖြတ်သန်းသွား၏။

မိုးကြိုးကြွက်၏ အမွေးအမျှင်များ ထောင်မတ်သွားပြီး မိုးကြိုးပစ်သံများ ထွက်ပေါ်လာကာ... ဂူတစ်ခုလုံး လျှပ်စီးအလင်းရောင်များဖြင့် ပြည့်နှက်သွားလေတော့သည်။

မိုးကြိုးကြွက် လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်ကာ အံ့အားသင့်ခြင်းနှင့် ဒေါသတို့ ရောယှက်နေသော အသံဖြင့် အော်ဟစ်လိုက်လေ၏။

"ထပ်လာပြန်ပြီလား..."

ဤ အရှိန်အဝါသည် သူ့ကို သေမင်း၏ ခြိမ်းခြောက်မှုကို ဝေဝါးဝါး ခံစားလိုက်ရစေသည်။

"ဝုန်း"

မိုးကြိုးကြွက်သည် ချက်ချင်းပင် ဂူထဲမှ ဒုံးဆိုင်းထွက်ခွာလာပြီး... မြေအောက်ကမ္ဘာ၏ မျက်နှာပြင်ပေါ်သို့ မျက်စိတစ်မှိတ် အတွင်း ရောက်ရှိလာသည်။ နောက်တစ်ခဏတွင် မိုးကြိုးအလင်းလုံးကြီး တစ်ခုသည် အပေါ်ဘက်၌ ပေါ်ထွက်လာပြီး... ကြောက်မက်ဖွယ် အရှိန်အဝါ လာရာဘက်သို့ လှည့်ကြည့်လိုက်လေ၏။

ထိုအခိုက်အတန့်တွင် သူသည် လေထဲ၌ လူရိပ်တစ်ခု ဘွားခနဲ ပေါ်လာသည်ကို မြင်လိုက်ရပြီး... ထိုလူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ရေနွေးဆူသကဲ့သို့ လှုပ်ခတ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူရိပ် ပေါ်လာသည်နှင့် တပြိုင်နက်... သူ့ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သယောင် ခံစားလိုက်ရ၏။

ထိုအကြည့် တစ်ချက်တည်းနှင့်ပင် မိုးကြိုးကြွက်၏ အမွေးများ ထပ်မံ ထောင်မတ်သွားပြီး... ကြီးမားသော ကြောက်ရွံ့မှုကြီး တစ်ခု သူ့အပေါ် ကျရောက်လာလေတော့သည်။

ထိုခံစားမှုသည် ကြောက်မက်ဖွယ် သားရဲကြီး တစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီး... မိမိကိုယ်တိုင် သားကောင် ဖြစ်သွားရသည့်နှယ်။

လော့ယွဲ့ မဟာမိတ် အပျက်အစီး၏ အခင်းအကျင်း အကာအကွယ် အစွန်းဘက်တွင်...

တာအိုခန္ဓာ ရုပ်သေးသည် အပြင်သို့ ထွက်လာလာချင်းပင် စွမ်းအားကြီးမားသော အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ... ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများကို ထိန်းချုပ်ထားသော ဧရာမ ကြွက်မိစ္ဆာကြီးကို တွေ့လိုက်ရပြီး... ထိုအရှိန်အဝါကြောင့် လန့်သွားမိလေ၏။

"ဒါ မြေအောက် ချော်ရည်ပူ ကမ္ဘာက မိစ္ဆာဘုရင် လေးပါးထဲက တစ်ပါးဖြစ်တဲ့... ကောင်းကင်မိုးကြိုး ကြွက် ဆိုတာလား"

သူသည် လျှို့ဝှက်နယ်မြေမှ ထွက်ခွာရန် ဟင်းလင်းပြင် စွမ်းအားကို အတင်းအကြပ် ထုတ်သုံးခဲ့ရသဖြင့်... သူ၏ ကိုယ်ပိုင် စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေတော့၏။

ယခုအချိန်တွင် သူသည် ထိုကောင်ကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ယုံကြည်မှု မရှိပေ။

"ဝီ..."

နောက်တစ်ခဏတွင် ရုပ်သေးရုပ်သည် လက်ကျန် စွမ်းအားများကို အလျင်အမြန် စုစည်းပြီး ဟင်းလင်းပြင် စွမ်းအားကို အသက်သွင်းလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ပုံရိပ်သည် မြေအောက် ချော်ရည်ပူ ကမ္ဘာထဲမှ ပျောက်ကွယ်သွားလေတော့သည်။

လျှို့ဝှက်နယ်မြေ အခင်းအကျင်း၏ ဖိနှိပ်မှုမှ လွတ်မြောက်သွားသောအခါ... ရုပ်သေးရုပ်သည် ယခင်က မခံစားဖူးသော သက်သာရာရမှုကို ခံစားလိုက်ရသည်။

မျက်တောင် တစ်ခတ် အတွင်းမှာပင်...

သူသည် မြေအောက်ကမ္ဘာမှ လွတ်မြောက်လာပြီး တာ့ယွဲ့ တောင်တန်း ၏ ကောင်းကင်ယံ အထက်သို့ ရောက်ရှိလာပါသည်။

ရုပ်သေးရုပ် ဝမ်းသာအားရ ဖြစ်သွား၏။ "ငါ လွတ်လာပြီဟေ့"

ချက်ချင်းပင် စိတ်အကြံ တစ်ချက်ဖြင့် သူ၏ လက်ထဲတွင် အဆောင်လက်နက် တစ်ခု ပေါ်လာပြီး... ပြတ်သားစွာပင် အသက်သွင်းလိုက်လေတော့သည်။

"ဝီ..."

'မိုးကြိုး ထွက်ပြေးခြင်း အဆောင်' ။

"ဝုန်း"

ရုပ်သေးရုပ်သည် လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွား၏။ တတိယအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲများထက်ပင် သာလွန်သော ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တာ့ယွဲ့ တောင်တန်း၏ အပြင်ဘက်သို့ ဦးတည် ထွက်ပြေးသွားလေတော့သည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင်... ရုပ်သေးရုပ်သည် မိုင်ပေါင်း တစ်ရာခန့် ခရီးပေါက်ရောက်သွားခဲ့ပါသည်။

ထို့နောက် သူသည် ဒုတိယမြောက် မိုးကြိုး ထွက်ပြေးခြင်း အဆောင်ကို ဆက်လက် အသက်သွင်းလိုက်ပြီး... တာ့ယွဲ့ တောင်တန်းမှ လွတ်မြောက်သွားသော အခါမှသာ 'မြေလျှိုးမိုးပျံ ကျင့်စဉ်' ကို အသုံးပြုကာ မြေကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။

မြေအောက် ချော်ရည်ပူ ကမ္ဘာ...။

ကောင်းကင်မိုးကြိုး ကြွက်သည် ရုပ်သေးရုပ် ပျောက်ကွယ်သွားသည်ကို ငေးကြောင်ကြည့်နေမိသည်။ ခဏအကြာတွင် မြွေလိပ်အိုကြီး ၊ တောင်နက် နွားသိုးကြီး နှင့် မျက်လုံးဖြူ ဝိညာဉ်ကျား တည်းဟူသော မိစ္ဆာဘုရင် သုံးပါးသည် အေးအေးလူလူ ရောက်ရှိလာကြလေ၏။ မိုးကြိုးကြွက်ကြီး အသက်ပျောက်မတတ် ကြောက်လန့်နေသည်ကို မြင်လိုက်ရသောအခါ... သူတို့ မနေနိုင်ဘဲ အံ့သြသွားကြ၏။

မြွေလိပ်အိုကြီးက မေးလိုက်သည်။ "မိုးကြိုးကြွက်... မင်း ဘာတွေ မြင်လိုက်ရလို့လဲ"

မိုးကြိုးကြွက်သည် အသိစိတ် ပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ "ထူးဆန်းတယ်... အဲဒီကောင်က ရုတ်တရက် ပေါ်လာတယ်... ပြီးတော့ ရုတ်တရက် ပြန်ပျောက်သွားတယ်"

"ဒါ ဘယ်လို ထွက်ပြေးခြင်း ကျင့်စဉ်မျိုးလဲ"

မိုးကြိုးကြွက်၏ အသေးစိတ် ပြောပြချက်ကို နားထောင်ပြီးနောက်... မိစ္ဆာဘုရင် လေးပါးစလုံးသည် ဟင်းလင်းပြင်ကိုပင် ဂယက်ထစေပြီး တတိယအဆင့် မိစ္ဆာဘုရင် တစ်ပါး၏ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားနိုင်သော ထို ထွက်ပြေးခြင်း ကျင့်စဉ်အကြောင်းကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြ၏။

ထိုကဲ့သို့သော ကျင့်စဉ်မျိုးသည် သူတို့၏ စိတ်ကူးဉာဏ်ထက်ပင် ကျော်လွန်နေသည်။

ဆွေးနွေးပြီးသည့်တိုင် မိစ္ဆာဘုရင် လေးပါးသည် မည်သည့် အဖြေမျှ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်တွင် တောင်နက် နွားသိုးကြီးက ရုတ်တရက် ပြောလိုက်သည်။

"သူက ဒီနေရာမှာ ပြန်ပေါ်လာတယ်... ပြီးတော့ ဒီလို ထူးဆန်းတဲ့ ကျင့်စဉ်ကို ပိုင်ဆိုင်ထားတယ် ဆိုတော့... မင်းတို့ကော ဘယ်လိုထင်လဲ... သူများ ဟို လော့ယွဲ့ မဟာမိတ် အပျက်အစီး လျှို့ဝှက်နယ်မြေထဲ ဝင်သွားခဲ့တာများလား"

ဒီတစ်ခါတွင် မိုးကြိုးကြွက် နှုတ်ဆိတ်သွားလေ၏။

မြွေလိပ်အိုကြီးသည် အခင်းအကျင်း အကာအကွယ် အတားအဆီးကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ နေသည်။ အတော်ကြာမှ သူသည် တည်ငြိမ်စွာ ပြောလိုက်လေ၏။

"ဒီလောကကြီးမှာ ထူးဆန်းတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ လူတွေ အများကြီး ရှိပါတယ်... လူသား ကျင့်ကြံသူတွေ အသုံးပြုတဲ့ နည်းလမ်းတွေက ရေတွက်လို့တောင် မကုန်နိုင်ပါဘူး"

"ငါတို့ မိစ္ဆာမျိုးနွယ်တွေမှာလည်း အစွမ်းထက်တဲ့ သွေးမျိုးဆက်တွေ အများကြီး ရှိတာပဲလေ... မိုးကြိုးကြွက်ရဲ့ မိုးကြိုးစွမ်းအားလိုမျိုးပေါ့”

အခန်း (၂၈၁) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် စွမ်းအား ကူးပြောင်းခြင်း (အပိုင်း - ၆)

"သူ ဝင်နိုင် မဝင်နိုင် ဆိုတာတော့ မသေချာဘူး... ဒါပေမဲ့ ဝင်ဖို့ အခွင့်အလမ်း ရှိ..မရှိ မေးရင်တော့ အဖြေက သေချာပေါက် ရှိတယ် လို့ပဲ ဖြေရလိမ့်မယ်"

ကောင်းကင်မိုးကြိုး ကြွက်၏ မျက်လုံးများ အရောင်တောက်လာပြီး ကြားဖြတ်ပြောလိုက်လေ၏။ "ဒါဆို ငါတို့ လိုက်သွားကြမလား... အဲဒီကောင်ကို ငါတို့ ရှာရမယ် မဟုတ်ဘူးလား"

ထိုအခါ၊ တောင်နက် နွားသိုးကြီးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"မင်း သူ့နောက်ကို မီအောင် လိုက်နိုင်လို့လား... ပြီးတော့ ခုနက မင်းပဲ ပြောတယ်လေ... တစ်ဖက်လူက မနိမ့်ကျဘူး အန္တရာယ် အငွေ့အသက်တောင် ရလိုက်တယ် ဆို... အခုကျတော့ အသတ်ခံရမှာ မကြောက်ဘဲ လိုက်ချင်နေပြန်ပြီလား"

ထိုစကား ကြားသောအခါ မိုးကြိုးကြွက်က မကျေမနပ် ဆဲရေးလိုက်လေ၏။

"ချီးတဲ့မှပဲ... ငါ အဲ့လောက်လည်း မပျော့ညံ့ပါဘူးကွ... တကယ်လို့ မနိုင်ရင်တောင် ထွက်မပြေးနိုင်ဘူးလို့ ထင်နေလား"

တောင်နက် နွားသိုးကြီး ဘာမျှ ပြန်မပြောနိုင်တော့ပေ။ အမှန်တကယ်လည်း မိုးကြိုးကြွက်သည် ထွက်ပြေးရာတွင် ဆရာ တစ်ဆူ ဖြစ်ပေသည်။

ထိုအချိန်တွင် မျက်လုံးဖြူ ဝိညာဉ်ကျားက လေးနက်စွာ ဝင်ပြောလိုက်သည်။

"စောင့်ကြည့်ကြတာပေါ့... သူ ဘယ်ရောက်သွားလဲ ငါတို့မှ မသိတာ... တကယ်လို့များ နောက်တစ်ခါ ပြန်ပေါ်လာရင် ငါတို့ သူ့ကို တားဆီးနိုင်မလား ကြိုးစားကြတာပေါ့... အဲဒီကျမှ သူ တကယ် ဝင်နိုင် မဝင်နိုင် အဖြေပေါ်မှာပါ"

မိစ္ဆာဘုရင် လေးပါး ဆွေးနွေးတိုင်ပင်ပြီးနောက် မြေအောက် ချော်ရည်ပူ ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ပြန်လည် ရောက်ရှိသွားလေတော့သည်။

လဝက်ခန့် ကြာမြင့်ပြီးနောက်...

ဆေးလုံးတောင်... နေလမင်း ကျွန်း မြေအောက်... ရေခဲနှင့်မီး နှစ်လွှာသုံးထပ် ဂူစံအိမ် အတွင်း...။

စုယွီသည် ရုပ်သေးရုပ်၏ လက်ထဲမှ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး အတွင်းသို့ ကြည့်ရှုလိုက်ရာ... တောင်ငယ်လေးများ ပမာ စုပုံနေသော ဝိညာဉ်ကျောက်တုံးများကို တွေ့မြင်လိုက်ရသည်။

အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး ခြောက်သောင်းကျော် နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၉ တုံး ပါဝင်သည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများမှာမူ ငါးသိန်းကျော်အထိ ရှိနေသည်။

ထို့အပြင် အနည်းငယ် ပျက်စီးနေသော မှော်လက်နက် ပုံကြီး တစ်ပုံလည်း ရှိနေသေး၏။

အလယ်အလတ်စားနှင့် အဆင့်နိမ့် မှော်လက်နက်များမှာ နှစ်ကာလ ကြာမြင့်မှုကို မခံနိုင်ဘဲ ပျက်စီးကုန်ကြသဖြင့် တစ်ခုမျှ မကျန်ရှိတော့ချေ။ အများစုမှာ လုံးဝ ပျက်စီးနေပြီ ဖြစ်ရာ စုယွီအတွက် အသုံးမဝင်တော့ပေ။

အဆင့်မြင့် မှော်လက်နက်များ အနေဖြင့်မူ သုံးရာနီးပါးခန့် စုဆောင်း ရရှိထားသည်။

ထိုအထဲမှ တစ်ရာကျော်မှာ အကောင်းပကတိ အတိုင်း ရှိနေသေးပြီး... ကျန်အရာများမှာမူ အခင်းအကျင်းများ သို့မဟုတ် ကုန်ကြမ်းပစ္စည်းများ ပျက်စီးနေသဖြင့် ပြန်လည် ပြုပြင်ရန် လိုအပ်နေသည်။

ထိပ်တန်းအဆင့် မှော်လက်နက် ၁၃ ခုလည်း ပါဝင်သည်။

ရှေးဟောင်း စစ်ပွဲများကြောင့် ဖြစ်မည်... ၆ ခုမှာ ပျက်စီးနေပြီး ၇ ခုသာ အကောင်းကျန်ရစ်သည်။

ထို့အပြင် အဆင့်နိမ့် မှော်ရတနာ တစ်ခု၊ အဆင့်နိမ့် မိစ္ဆာရတနာ တစ်ခု နှင့် မှော်ရတနာ သန္ဓေသား တစ်ခုတို့လည်း ပါဝင်နေသေး၏။

ဒါတင် မကသေးပေ...

သိုလှောင်လက်စွပ် အတွင်း၌ နှစ်ကာလ ကြာမြင့်နေသော အဆင့်မြင့် ဝိညာဉ်ဆေးပင်များလည်း အများအပြား ပါဝင်နေသည်။ ဝိညာဉ်သစ်သီးပင် ၂ ပင်၊ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ရာတွင် သုံးသော ပစ္စည်းတစ်ပုံ၊ ဟောင်ထျန်းဆေးလုံး ပစ္စည်းတစ်ပုံ နှင့် ရွှေရောင် မူလဆေးလုံး ဖော်စပ်ရာတွင် သုံးသော ဖြည့်စွက် ပစ္စည်းများလည်း ပါဝင်သည်။

ဝိညာဉ်အပင်များ အနေဖြင့် (ဝိညာဉ်သစ်သီးပင်များ အပါအဝင်) စုစုပေါင်း ၁၄ မျိုး၊ အပင်ရေ ၃၇ ပင် ရရှိထားသည်။ ၎င်းတို့သည် အခြေခံတည်ဆောက်ခြင်း ဆေးလုံး၊ ဒုတိယအဆင့် ဆေးလုံး၊ ဟောင်ထျန်းဆေးလုံး၊ ရွှေရောင် မူလဆေးလုံး နှင့် တတိယအဆင့် ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းများ ဖြစ်ကြ၏။

ဤဝိညာဉ်အပင်များ ပိုင်ဆိုင်ထားခြင်းဖြင့်... စုမိသားစု၏ အခြေခံအုတ်မြစ်သည် ယွီမိသားစုကိုပင် ကျော်လွန်သွားပြီ ဖြစ်၏။

သာမန် အမြုတေဖွဲ့စည်းခြင်း အဆင့် အင်အားစု အချို့တောင်မှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။

စုယွီ ခေတ္တမျှ စဉ်းစားပြီးနောက်... ဤ ဝိညာဉ်အပင် အားလုံးကို နေလမင်း ကျွန်းပေါ်တွင် စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။ အထူး အခင်းအကျင်း တစ်ခု ပြုလုပ်ကာ ဝိညာဉ်မြေဆီလွှာများဖြင့် သီးသန့် နေရာ တစ်ခု ဖန်တီးပေးလိုက်သည်။

ထို့အပြင် အပင်များ ကျန်းမာ သန်စွမ်းစွာ ကြီးထွားလာစေရန်အတွက် ကျင့်စဉ်များနှင့် ဝိညာဉ်ပျိုးထောင်ခြင်း မန္တန်များကိုပါ အသုံးပြု ပေးလိုက်သည်။

"ဒီပစ္စည်းတွေကို ဒီမှာပဲ ထားတာ ကောင်းမယ်... လိုအပ်လာမှ ကိုယ်တိုင် ဆေးဖော်ယူလိုက်မယ်... လော့ယွဲ့ မဟာမိတ် အပျက်အစီး နယ်မြေက ရလာတဲ့ ပစ္စည်းတွေကို လောလောဆယ် ဘယ်သူ့ကိုမှ အသိပေးလို့ မဖြစ်သေးဘူး"

"ဟောင်ထျန်းဆေးလုံး အတွက်က 'ရွှီထျန်း ကြာပန်း' နဲ့ တခြား ဖြည့်စွက် ဆေးဖက်ဝင် အပင်တချို့ လိုနေသေးတယ်... ရွှေရောင် မူလဆေးလုံး အတွက်ကတော့ ဖြည့်စွက်ပစ္စည်း ၁၃ မျိုးလောက် လိုနေသေးတယ်... မဆိုးပါဘူး... အချိန်ပေးပြီး ရှာလိုက်ရင် ရနိုင်လောက်ပါတယ်"

စုယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် အဆင့်နိမ့် မိစ္ဆာရတနာ ပုလဲကို ထုတ်ယူလိုက်သည်။

ဤ မိစ္ဆာရတနာ၏ ကိုယ်ထည်သည် အလွန် ထူးဆန်းလှ၏။ သွေးရောင် ဓားသွားများဖြင့် ဖွဲ့စည်းထားသော အတောင်ပံ ပုံသဏ္ဍာန် လက်နက်တစ်ခု ဖြစ်နေသည်။

လူသတ်လက်နက် စစ်စစ်ပင် ဖြစ်၏။

"နှမြောစရာပဲ... တကယ်လို့များ အင်မော်တယ် ရတနာ ဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းမလဲ" စုယွီ တွေးတောလိုက်မိသည်။ "တာ့ယွဲ့ နယ်မြေထဲမှာ စတုတ္ထအဆင့် လက်နက်သွန်းလုပ်သူ ရှိပါ့မလား"

သူသည် နာမည်ကျော်ကြားသော စတုတ္ထအဆင့် ဆေးပညာရှင်၊ လက်နက်သွန်းလုပ်သူ သို့မဟုတ် ထိုအဆင့်ရှိသော ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မကြားဖူးခဲ့ပေ။

တာ့ယွဲ့ နယ်မြေထဲတွင် စတုတ္ထအဆင့် လက်နက်သွန်းလုပ်သူ မရှိလျှင်... ဤပစ္စည်းကို ပြုပြင် ပြောင်းလဲရန် နောင်တစ်ချိန်ကျမှ အခြား နည်းလမ်း ရှာရပေလိမ့်မည်။

မှော်ရတနာ တစ်ခုသည် သာမန် အခြေတည်ဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးအတွက်ပင် ဇိမ်ခံပစ္စည်း ဖြစ်နေပေသည်။

၎င်း၏ တန်ဖိုးသည် သာမန် မဟုတ်ချေ။

လက်နက်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက်... စုယွီသည် ရုပ်သေးရုပ်၏ လက်ထဲမှ ရေပြာရောင် ပုလဲကို ယူလိုက်သည်။ လက်ထဲတွင် ကိုင်ထားရင်း စိတ်အကြံ တစ်ချက် ပြုလုပ်လိုက်သည်နှင့် ပုလဲသည် ချက်ချင်းပင် 'ကောင်းကင်လျှို့ဝှက် ရေလေး' အစုအဝေး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ရှေ့တွင် ဝဲပျံနေလေတော့သည်။

နောက်တစ်ခဏတွင် စုယွီ၏ စိတ်အကြံ တစ်ချက်ဖြင့် ထို ရေလေး အစုအဝေးသည် မရေမတွက်နိုင်သော ရေစက်ကလေးများ အဖြစ် ကွဲထွက်သွား၏။

ထိုရေစက်ကလေးများ ဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် လေးလံသည့် အရှိန်အဝါကို အာရုံခံမိလိုက်သောအခါ... စုယွီ ကြက်သီးမွေးညင်း ထသွားရသည်။

ဤနေရာရှိ ရေစက် တစ်စက်ချင်းစီသည် ပေတစ်ထောင် မြင့်သော တောင်တစ်လုံးကို ပြာကျသွားအောင် လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။

ရိုက်ချက် တစ်ချက်တည်းနှင့် တောင်တန်းကြီး တစ်ခုလုံးကို ကြေမွသွားစေနိုင်ပေသည်။

"မှော်ရတနာ ဆိုတဲ့အတိုင်းပဲ... အရှိန်အဝါက တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ"

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် စုယွီသည် ကောင်းကင်လျှို့ဝှက် ရေလေး ပုလဲကို မူလ အခြေအနေသို့ ပြန်လည် ပြောင်းလဲလိုက်ပြီး... သူ၏ ဒန်တျန် အတွင်းသို့ ထည့်သွင်းကာ ဓာတ်ကြီးငါးပါး ကျင့်စဉ်ဖြင့် ပျိုးထောင်ထားလိုက်သည်။

မှော်ရတနာ သန္ဓေသား အဆင့်ရှိသော သိုလှောင်လက်စွပ်ကိုမူ... အတွင်းရှိ ပစ္စည်းများ အားလုံးကို သူ့ကိုယ်ပိုင် 'သိုလှောင် လက်စွပ်' ထဲသို့ ပြောင်းရွှေ့လိုက်ပြီး... သိုလှောင်လက်စွပ်ကို တာအိုခန္ဓာ ရုပ်သေးအား ပြန်လည် ပေးအပ်လိုက်သည်။

ထို့အပြင် အလယ်အလတ်စား ဝိညာဉ်ကျောက်တုံးများ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများနှင့် အဆောင်လက်နက် ထက်ဝက်ခန့်ကိုလည်း ရုပ်သေးရုပ်အတွက် ချန်ထားပေးခဲ့သည်။

"သိုလှောင်လက်စွပ်နဲ့ ရေခဲဝိညာဉ် ပုလဲ သာ ရှိရင်... တာအိုခန္ဓာ ရုပ်သေးရဲ့ ကိုယ်ပိုင် ကာကွယ်နိုင်စွမ်းက အများကြီး တိုးတက်လာလိမ့်မယ်... ပြီးတော့ တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်တွေလည်း ရှိသေးတယ်... နောက်တစ်ခါ လော့ယွဲ့ မဟာမိတ် အပျက်အစီး နယ်မြေထဲ ပြန်ဝင်ရင် နေရာစုံအောင် ရှာဖွေနိုင်လောက်တယ်"

တာအိုခန္ဓာ ရုပ်သေး လိုအပ်မည့် ပစ္စည်းများကို ထားခဲ့ပြီးနောက်... စုယွီသည် ရုပ်သေးကို သူ၏ ဒန်တျန် အတွင်းသို့ ပြန်လည် စုပ်ယူလိုက်သည်။

လော့ယွဲ့ မဟာမိတ် လျှို့ဝှက်နယ်မြေ အပျက်အစီးများထဲမှ ထွက်ခွာလာပြီးနောက် ရုပ်သေးဝိညာဉ်သည် နောက်တစ်ကြိမ် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်၏။

ပြန်လည် ကုစားပေးနိုင်ရန်အတွက် စုယွီသည် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အသုံးပြုရပေဦးမည်။

"အချိန်တွက်ကြည့်ရတာ... လေ့ထင်း ဈေးကွက် ရဲ့ ပုံမှန် ကုန်သွယ်ရေး ပွဲတော် ကျင်းပဖို့ သုံးလလောက် လိုသေးတာပဲ" စုယွီ စဉ်းစားလိုက်၏။ "အဲဒီအချိန်ကျရင် လေ့ထင်း ဈေးကွက်ကို သွားပြီး လိုအပ်တဲ့ ပစ္စည်းတွေ စုံမစုံ သွားကြည့်ရမယ်"

ဟောင်ထျန်းဆေးလုံးနှင့် ရွှေရောင် မူလဆေးလုံး အတွက် ဆေးဖက်ဝင် ပစ္စည်းများ လိုအပ်နေသေးသည်။

ထို့အပြင် တတိယအဆင့် အဆင့်နိမ့် ရုပ်သေးရုပ် ဖန်တီးရန် ပစ္စည်းများနှင့်... လက်နက်သွန်းလုပ်သူ ရုပ်သေးရုပ်၏ အဆင့်ကို မြှင့်တင်ရန် ပစ္စည်းများလည်း လိုအပ်နေသေး၏။

အဆောင်လက်နက် ရေးဆွဲရန် ကုန်ကြမ်းပစ္စည်းများ ရှိလျှင်လည်း ဝယ်ယူရပေဦးမည်။

လိုအပ်သည်များက တော်တော်လေး များပြားနေသေးသည်။

ထိုအတွေးများကို ခေတ္တ ဘေးဖယ်ထားလိုက်ပြီး... စုယွီသည် ကျောက်စိမ်းပြားများနှင့် ရှေးဟောင်း စာအုပ်ပုံကြီးကို ကြည့်လိုက်မိသည်။ ထောင်ချီသော ပမာဏ ရှိပြီး အားလုံးသည် အလွန် အသုံးဝင်သော အရာများ ဖြစ်ကြ၏။ အားလပ်ချိန်များတွင် ၎င်းတို့ကို ထပ်ခါထပ်ခါ ဖတ်ရှု လေ့လာခြင်းဖြင့်... ဓာတ်ကြီးငါးပါး လမ်းစဉ်ကို နားလည် သဘောပေါက်ရန်နှင့် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဆက်လက် ဖန်တီးရာတွင် အထောက်အကူ ဖြစ်စေနိုင်ပေလိမ့်မည်။

လေ့ထင်း ဈေးကွက် ကုန်သွယ်ရေး ပွဲတော် ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်... စုယွီသည် နေလမင်း ကျွန်းပေါ်ရှိ သူ၏ ဂူစံအိမ်တွင် 'မိုးကြိုး ထွက်ပြေးခြင်း အဆောင်' နှင့် 'အင်မော်တယ် လက်ညှိုး အဆောင်' တို့ကို ရေးဆွဲရန်နှင့် ပြုပြင်မွမ်းမံရန် ကြိုးစားနေသည်။

လွန်ခဲ့သော နှစ်များအတွင်း သူသည် ၎င်းတို့ကို ပြုပြင်မွမ်းမံရန် ကြိုးစားခဲ့သော်လည်း ရလဒ်များမှာ သိပ်မကောင်းလှပေ။

တစ်လခန့် ကြာမြင့်ပြီးနောက်...

ကျောက်စိမ်း စားပွဲခုံ ရှေ့တွင်...

အကြိမ် ၂၀ ကျော် ကျရှုံးပြီးနောက်... ရုတ်တရက် စုယွီ၏ ခေါင်းထဲ၌ ဉာဏ်အလင်း တစ်ချက် ပွင့်သွား၏။ သူသည် 'ကြေးမုံလမင်း အဆောင်'ကို အူတိုင်အဖြစ် အသုံးပြုပြီး... 'မိုးကြိုး ထွက်ပြေးခြင်း အဆောင်' ၏ ထွက်ပြေးခြင်း စွမ်းရည် ကို ပေါင်းစပ်ထည့်သွင်းလိုက်သည်။ ထို့နောက် အာရုံထွေပြား စွမ်းအား ကို ဖယ်ရှားလိုက်ပြီး ဟင်းလင်းပြင် စွမ်းအား ကို ပြုပြင်မွမ်းမံလိုက်သည်။

အဆောင်သစ် တစ်ခုကို ရေးဆွဲရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက်... အကြိမ် ၄၀ နီးပါး ကျရှုံးမှု အပြီးတွင် နောက်ဆုံး၌ အောင်မြင်သွားခဲ့သည်။

"ဝူး.."

ဟင်းလင်းပြင် အားလှိုင်းများ ထကြွလာပြီးနောက်... ကျောက်စိမ်း စားပွဲခုံပေါ်ရှိ ကျောက်စိမ်း အဆောင်ပြားလေး ထဲမှ လျှပ်စီး အရိပ်အယောင် တစ်ခု လက်ခနဲ ထွက်ပေါ်လာသည်။

အဆောင်သစ် ရေးဆွဲခြင်း အောင်မြင်သွားခဲ့တော့၏။ ၎င်းသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ စွမ်းအားကို အသုံးပြုထားပြီး ဟင်းလင်းပြင် စွမ်းအားနှင့် မိုးကြိုး စွမ်းအား နှစ်မျိုးစလုံးကို ပေါင်းစပ်ထားခြင်း ဖြစ်၏။

ခဏချင်း အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များသည် အဆောင်ထဲသို့ တိုးဝင်သွားကြလေ၏။

ခဏအကြာတွင် အဆောင်ပေါ်ရှိ အရှိန်အဝါများသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။

စုယွီသည် အဆောင်ရေးဆွဲသော စုတ်တံကို ချလိုက်ပြီး... ခရမ်းရောင် အလင်းတန်း သဲ့သဲ့ ထွက်ပေါ်နေသော ကျောက်စိမ်း အဆောင်ပြားလေးကို ကြည့်ကာ မျက်လုံးများ အရောင်တောက်သွား၏။

အဆောင်ပြားလေးမှ ထွက်ပေါ်နေသော သိမ်မွေ့သည့် အရှိန်အဝါ အတက်အကျများကို ခံစားလိုက်ရသောအခါ... သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မပွင့်တပွင့်.. ရေရွတ်လိုက်လေ၏။

"ပြီးသွားပြီဟေ့"

ဟင်းလင်းပြင် စွမ်းအားနှင့် မိုးကြိုး ထွက်ပြေးခြင်း စွမ်းရည်တို့ ပေါင်းစပ်ထားသော ဒီ တတိယအဆင့် အဆင့်နိမ့် အဆောင်သစ်ကို ဘယ်လို နာမည်ပေးရင် ကောင်းမလဲ။

ခဏမျှ စဉ်းစားပြီးနောက် စုယွီ ဆုံးဖြတ်လိုက်သည်။

"အရင်တုန်းက ကြေးမုံလမင်း အဆောင် ကို အာရုံထွေပြားလမင်း အဆောင် လို့ ပြောင်းခဲ့တယ်... ဒီတော့ ဒီ အဆောင်သစ်ကို 'ခရမ်းရောင် လမင်း အဆောင်' လို့ ခေါ်ကြတာပေါ့"

‘'ထွက်ပြေးခြင်း အဆောင်' တို့၊ 'ဟင်းလင်းပြင် အဆောင်' တို့ လို့တော့ လုံးဝ ပေးလို့ မဖြစ်ဘူး။ အဲဒီ နာမည်တွေက အရမ်း ပေါ်လွင်လွန်းတယ်။

'ခရမ်းရောင် လမင်း အဆောင်' ဆိုတဲ့ နာမည်က ကောင်းတယ်... ဘာအတွက် သုံးမှန်း ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ။’

နာမည် ပေးပြီးနောက် စုယွီသည် ပစ္စည်းများ အားလုံးကို သိမ်းဆည်းလိုက်ပြီး... ဆေးလုံးတောင် ပေါ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ တောင်တန်းများကြားရှိ လူပြတ်သော နေရာတစ်ခုကို ရှာဖွေပြီး 'ခရမ်းရောင် လမင်း အဆောင်' ကို စမ်းသပ် အသက်သွင်းလိုက်သည်။

"ဝီ..."

တစ်ခဏချင်းပင် စုယွီ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် အားလှိုင်းများ ပေါ်လာလေ၏။

မိုးကြိုး ထွက်ပြေးခြင်း စွမ်းရည်၏ စွမ်းအား သက်ရောက်သွားသည်နှင့် တပြိုင်နက်... စုယွီ၏ ပုံရိပ်သည် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားလေတော့သည်။

မျက်တောင် တစ်ခတ် အတွင်းမှာပင်...

မိုင် လေးရာ နီးပါးခန့် ဝေးကွာသော နေရာ တစ်ခုတွင် စုယွီ၏ ပုံရိပ် ပြန်လည် ပေါ်လာလေ၏။

သူသည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ထို အမြန်နှုန်းကြောင့် အံ့အားသင့်သွားရသည်။ တကယ်ကြီး ဒီလောက် မြန်တာလားဟ။

ယခင်က သူ အသုံးပြုခဲ့သော အထူးအဆင့် ဒုတိယအဆင့် 'မိုးကြိုး ထွက်ပြေးခြင်း အဆောင်' ထက် ဆယ်ဆကျော် ပိုမို လျင်မြန်ပြီး... ခရီးအကွာအဝေး သည်လည်း ယခင်က မိုင် တစ်ရာ ခန့်သာ ရှိရာမှ ယခု မိုင် သုံးလေးရာ အထိ တိုးတက်လာခဲ့ပါသည်။

ဤ အကွာအဝေးသည် အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါး၏ ဝိညာဉ်အာရုံမှ လွတ်မြောက်ရန် လုံလောက်သော အကွာအဝေး ဖြစ်ပေသည်။

ဤ တတိယအဆင့် အဆင့်နိမ့် အဆောင်သစ် ဖြစ်သော 'ခရမ်းရောင် လမင်း အဆောင်' သည်... ဧကန်မုချ အသက်ကယ် 'ရတနာ' စစ်စစ် ဖြစ်ပေတော့သည်။

"ဒီပစ္စည်းနဲ့ ဟင်းလင်းပြင် စွမ်းအားသာ ရှိရင်... နောင်တစ်ချိန် ဘာပဲ ဖြစ်လာ ဖြစ်လာ... ငါ့မှာ ထွက်ပြေး လွတ်မြောက်နိုင်ခြေ အများကြီး ရှိသွားပြီ"

အထူးသဖြင့် ယခုအခါ ၊ ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး ဓာတ်ကြီးငါးပါး ချီ စွမ်းအင်များကို ပိုင်ဆိုင်ထားပြီ ဖြစ်ရာ... စုယွီ ယုံကြည်မှု ပိုရှိလာသည်။

တာ့ယွဲ့ နယ်မြေ ဟူသော ဤ ကျဉ်းမြောင်းလှသည့် နေရာလေး အတွင်းတွင်... သူ့ကို ခြိမ်းခြောက်နိုင်သူ သိပ်များများစားစား ရှိတော့မည် မဟုတ်ပေ။

တိုက်ခိုက်နိုင်လျှင်တော့ ကိစ္စမရှိ..

တကယ်လို့ မနိုင်သည့် ပြိုင်ဘက်တွေနှင့် တွေ့လျှင်တော့... ဒီ နည်းလမ်းတွေက အရမ်း အသုံးဝင်မှာ သေချာသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... တချို့ အဘ်ိုးကြီးတွေက တကယ့်ကို အရှက်မရှိကြဘူးလေ... သတိထားတာတော့ အကောင်းဆုံးပဲ။

အခန်း (၂၈၂) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်း (အပိုင်း - ၁)

~'ခရမ်းရောင် လမင်း အဆောင်' ၏ အမြန်နှုန်းနှင့် အကွာအဝေးကို စမ်းသပ်ပြီးနောက်... စုယွီသည် နေလမင်း ကျွန်းရှိ သူ၏ ဂူစံအိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

သူ၏ တတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက် ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ... ၂၃ စုံခန့် ကျန်ရှိနေသေးသဖြင့် လောလောဆယ် လုံလောက်သေးသည်ဟု ဆိုရမည်။

ယခုအချိန်အထိ သူ စုဆောင်းထားသော အဆောင်လက်နက် အရေအတွက်ကို ရေတွက်ကြည့်လိုက်လေ၏။

"တတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင် ၄၁ ခု နဲ့ ဒုတိယအဆင့် ထိပ်တန်း အဆောင် ၃၈၆ ခု"

လွန်ခဲ့သော နှစ်များအတွင်း သူသည် 'ဓာတ်ကြီးငါးပါး ကျင့်စဉ်' ကို ဖန်တီးရာတွင် အာရုံစိုက်နေခဲ့ရသဖြင့် အဆောင်လက်နက် ရေးဆွဲရန် အချိန် သိပ်မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် တတိယအဆင့် အဆင့်နိမ့် အဆောင်လက်နက် အရေအတွက်မှာ မပြောပလောက်အောင် နည်းပါးနေခြင်း ဖြစ်၏။

သို့သော် ယွင်ကျန်းဂိုဏ်းနှင့် နှစ်စဉ် အဆောင်လက်နက် အရောင်းအဝယ် ပြုလုပ်နေသဖြင့်... ဒုတိယအဆင့် ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို သူ ရရှိထားခဲ့သည်။ အဆောင်လက်နက် ရေးဆွဲရာတွင် အသုံးပြုခဲ့သော်လည်း... ယခု သူ၏ လက်ထဲတွင် ကုန်ကြမ်းပစ္စည်း ၄၀၀၀ ကျော် စုဆောင်းမိထားပါသည်။

"ကျန်နေတဲ့ လဝက်လောက် အချိန်အတွင်းမှာ... တတိယအဆင့် အဆင့်နိမ့် ကုန်ကြမ်းတွေ အကုန်သုံးပြီး ကြေးမုံလမင်း အဆောင်တွေ ရေးဆွဲလိုက်ဦးမယ်"

စုယွီသည် အဆောင်ရေးဆွဲရန် ပစ္စည်းများနှင့် စုတ်တံကို ထုတ်ယူလိုက်သည်။

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး... စိတ်ကို တည်ငြိမ်စွာထားကာ ယခင် အဆောင်ရေးဆွဲစဉ်က ရရှိခဲ့သော အတွေ့အကြုံများကို ပြန်လည် ဆန်းစစ်လိုက်သည်။ ထို့နောက်မှ အလုပ်စတင်လိုက်လေတော့သည်။

အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားပြန်၏။

၁၂ ရက် ကြာမြင့်ပြီးနောက်...

စုယွီသည် တတိယအဆင့် အဆင့်နိမ့် ကုန်ကြမ်းများ အားလုံးကို အသုံးပြုပြီး... ကြေးမုံလမင်း အဆောင် ၃ ခုကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့သည်။

ထို့နောက် သူသည် တံခါးပိတ် ကျင့်ကြံနေသော သူ၏ သားရဲများဖြစ်သည့် မြေကမ္ဘာ မီးလျှံမျောက်ဝံနှင့် အမွှေးနက် လင်းယုန်တို့ကို ခေါ်ထုတ်လိုက်သည်။

နန်းတော်...။

အပြင်ဘက် ခြံဝင်းရှိ ဧည့်ရိပ်သာဆောင် အတွင်း၌...

ဝိညာဉ်လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုနေကြစဉ်... စုယွီသည် ယွီခယ်အာနှင့် ယွီချန်ချင်းတို့ကို တစ်လှည့်စီ ကြည့်လိုက်မိသည်။

ယွီခယ်အာ၏ ကျင့်ကြံခြင်း အဆင့်သည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး... စုယွီထက်ပင် တိုးတက်မှုနှုန်း မြန်ဆန်နေသေးသည်။

သို့သော် ယခုအခါ သူမသည် အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖျက်ရန်မှာ ထင်သလောက် မလွယ်ကူလှပေ။

ယွီချန်ချင်းမှာမူ ယွီခယ်အာလောက် ပါရမီ မကောင်းလှသဖြင့်... အခြေခံတည်ဆောက်ခြင်း ခြောက်ဆင့်မြောက်သို့ မနည်း ကြိုးစားပြီး ရောက်ရှိလာခြင်း ဖြစ်၏။

ဒီအတိုင်းသာ ဆက်သွားလျှင်... ယွီချန်ချင်း အနေဖြင့် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်သို့ ရောက်ရှိရန်ပင် ခက်ခဲပေလိမ့်မည်။

ယွီချန်ချင်း နှပ်ပေးထားသော ဝိညာဉ်လက်ဖက်ရည်ကို သောက်ရင်း... စုယွီ ထိုကိစ္စကို တွေးတောနေမိသည်။ သို့သော် သူ တတ်နိုင်သည်မှာ သိပ်မရှိလှပေ။ ကျင့်ကြံခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီအပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလော။ နောင်တစ်ချိန်ကျမှ နည်းလမ်းတစ်ခုခု ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။

တကယ်လို့ တခြားနည်းလမ်း မရှိတော့လျှင်... ယွီချန်ချင်းကို 'အဆင့်ချိုးဖျက်ဆေး' သုံးပြီး အမြုတေအတု အဆင့် အထိ ရောက်အောင် ကူညီပေးရပေမည်။

"နောက် သုံးရက်နေရင် လျှို့ဝှက်ဈေးကွက် တစ်ခုမှာ ကုန်သွယ်ရေး ပွဲတော် ကျင်းပလိမ့်မယ်... အဲဒီကို သွားကြည့်ကြတာပေါ့"

စုယွီ ပြုံးပြီး လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ ထို့နောက် ယွီခယ်အာ ဘက်သို့ လှည့်ပြီး သူ၏ လက်ထဲတွင် ပေါ်လာသော ကျောက်စိမ်းပြား တစ်ခုကို ကမ်းပေးလိုက်သည်။

"ဒါ မင်းအတွက်... အသုံးဝင်လောက်တယ်"

ကျောက်စိမ်းပြားကို လက်ခံရယူလိုက်ရင်း ယွီခယ်အာက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "ဒါ ဘာကြီးလဲဟင်"

စုယွီ ပြန်ဖြေလိုက်သည်။ "ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်ခုထဲကနေ မကြာသေးခင်ကမှ ရထားတဲ့ အမွေအနှစ် တစ်ခုပဲ... 'သားရဲမွေးမြူသူ'လို့ ခေါ်တယ်... ရှေးဟောင်း ကျင့်ကြံခြင်း အတတ်ပညာ တစ်ရာထဲက တစ်ခုပေါ့... သားရဲတွေကို မွေးမြူပြီး ယဉ်ပါးအောင် လုပ်တဲ့ ပညာရပ်လေ"

"သားရဲမွေးမြူသူ ဟုတ်လား" ယွီခယ်အာ အံ့သြသွား၏။ "အဲဒီအကြောင်း ကြားဖူးတယ်... အိမ်က စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်... ဒါပေမဲ့ တကယ့် အမွေအနှစ်ကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး"

ထို့နောက် သူမသည် ဝိညာဉ်အာရုံဖြင့် ကျောက်စိမ်းပြား အတွင်းသို့ စူးစမ်းကြည့်လိုက်ရာ... ကြီးမားလှသော အမွေအနှစ် သတင်းအချက်အလက်များသည် သူမ၏ ခေါင်းထဲသို့ ဝင်ရောက်လာတော့သည်။

ယွီချန်ချင်းက အပြုံးနုနုလေးဖြင့် စုယွီအတွက် လက်ဖက်ရည် ထပ်ထည့်ပေးနေရင်း... သူမ၏ အကြည့်များသည် စုယွီအပေါ်သို့ မကြာခဏ ကျရောက်နေသည်။

ယွီခယ်အာ အမွေအနှစ်ကို လက်ခံရယူနေစဉ်... စုယွီသည် အခြား ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး ယွီချန်ချင်းအား ပေးလိုက်သည်။

ယွီချန်ချင်း လန့်သွားပြီး ရင်တုန်ပန်းတုန်ဖြင့် မေးလိုက်သည်။ "ကျွန်မ... ကျွန်မ အတွက်လည်း ရှိတာလားဟင်"

စုယွီက ရယ်မောပြီး ခေါင်းညိတ်ပြလိုက်သည်။ "ကျင့်စဉ် တစ်ခုပါပဲ... မင်းက ယွင်ကျန်းဂိုဏ်းရဲ့ ရေဓာတ် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံနေတာမလား... အဲဒါက မဆိုးပေမဲ့ သိပ်ပြီး အဆင့်မြင့်တာတော့ မဟုတ်ဘူး... ဒီကျင့်စဉ်က တော်တော် ကောင်းတယ်... ပြောင်းပြီး ကျင့်ကြံကြည့်ပါလား"

ယွီချန်ချင်း ဝမ်းသာအားရဖြင့် ကျောက်စိမ်းပြားကို ယူလိုက်ပြီး ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ... သူမ တအံ့တဩ အသံဖြင့် ရေရွတ်လိုက်မိသည်။

"အခြေတည် ဝိညာဉ်အဆင့် ကျင့်စဉ်ကြီးပါလား"

ပြီးပြည့်စုံသော ရေဓာတ် ကျင့်စဉ် တစ်ခု ဖြစ်သည့် 'ရွှမ်ရေ သဘောတရား ကျင့်စဉ်' ... အခြေတည် ဝိညာဉ်အဆင့် ကိုးဆင့်မြောက် အထိ ကျင့်ကြံနိုင်သည် မဟုတ်ပါလော။

ဤကျင့်စဉ်သည် 'မဆိုးပါဘူး' ဆိုသော အဆင့်ထက် များစွာ သာလွန်နေပေသည်။

ယွင်ကျန်းဂိုဏ်းတွင်ပင် ဤကျင့်စဉ်မျိုးကို 'ဂိုဏ်း၏ အသက်သွေးကြော ကျင့်စဉ်' အဖြစ် သတ်မှတ်ထားလောက်ပေသည်။

တာ့ယွဲ့ နန်းတော်ရှိ ထိပ်တန်း ကျင့်စဉ်များပင်လျှင် ဤကျင့်စဉ်လောက် ကောင်းချင်မှ ကောင်းပေလိမ့်မည်။

တစ်နာရီခန့် ကြာသောအခါ...

ယွီခယ်အာနှင့် ယွီချန်ချင်းတို့သည် အမွေအနှစ် လက်ခံရယူခြင်းမှ အသီးသီး ပြန်လည် နိုးထလာကြပြီး... ချက်ချင်းပင် စုယွီအား ကြည့်လိုက်ကြ၏။

ယွီခယ်အာ၏ မျက်နှာတွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေပြီး စုယွီကို ပြောလိုက်သည်။

"ဒီ အမွေအနှစ်ထဲမှာ တတိယအဆင့် အဆင့်နိမ့် သားရဲမွေးမြူနည်း ပါတယ်... ဒါဆိုရင် တိမ်တိုက်ကျားတွေ အဆင့်တက်ဖို့ အခွင့်အလမ်း အများကြီး ရှိလာနိုင်တယ်"

စုယွီ ဤနည်းလမ်းကို သိပြီးသား ဖြစ်၏။ သူ့ဆီမှာလည်း သားရဲမွေးမြူသူ အမွေအနှစ် ရှိနေသည် မဟုတ်ပါလော။

သားရဲထိန်းကျောင်းသူ တစ်ယောက် အနေဖြင့် မိမိ၏ သားရဲများကို တတိယအဆင့်သို့ တက်လှမ်းစေလိုလျှင်... အောင်မြင်မှုနှုန်း မြင့်မားစေရန် နည်းလမ်း နှစ်သွယ် ရှိသည်။

ပထမ တစ်နည်းမှာ... သားရဲများ၏ သွေးစည်းကို ပျိုးထောင်ပြီး သူတို့၏ မွေးရာပါ စွမ်းရည်များကို မြှင့်တင်ပေးခြင်း ဖြစ်၏။

ဒုတိယ တစ်နည်းမှာ... 'သားရဲပေါင်းစုံ ဆေးလုံး' ဟု ခေါ်သော တတိယအဆင့် အဆင့်နိမ့် ဆေးလုံးကို အသုံးပြုခြင်း ဖြစ်၏။ ဤဆေးလုံးသည်လည်း သားရဲများ အဆင့်တက်ရန် အခွင့်အလမ်းကို တိုးမြှင့်ပေးနိုင်သည်။

သို့သော် ဤဆေးလုံး၏ အဓိက ကုန်ကြမ်းပစ္စည်းများမှာ 'ဝိညာဉ်သားရဲ သွေးအဆီအနှစ်'နှင့် 'တတိယအဆင့် မိစ္ဆာ အမြုတေ'တို့ ဖြစ်ကြ၏။

စုယွီ၏ လက်ထဲတွင် မိစ္ဆာ အမြုတေ ရှိသော်လည်း... ဝိညာဉ်သားရဲ သွေးအဆီအနှစ်ကို ရရှိရန်မှာ ခက်ခဲလှပေသည်။

တကယ်လို့များ 'သားရဲပေါင်းစုံ ဆေးလုံး' တစ်အိုးစာ ဖော်စပ်နိုင်လောက်အောင် ကုန်ကြမ်းပစ္စည်းများ စုဆောင်းနိုင်ခဲ့လျှင်...၊

မြေကမ္ဘာ မီးလျှံမျောက်ဝံ၊ အမွှေးနက် လင်းယုန် နှင့် တိမ်တိုက်ကျားများ အားလုံးသည် တတိယအဆင့် အဆင့်နိမ့် သားရဲများ အဖြစ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရရှိလာကြပေလိမ့်မည်။

စုယွီ ပြုံးပြီး ပြောလိုက်သည်။

"ဒီတစ်ခါ ကုန်သွယ်ရေး ပွဲတော်ကို သွားရတဲ့ ရည်ရွယ်ချက်က... အဲဒီ ပစ္စည်းတွေ ရမလားလို့ သွားရှာကြမလို့လေ"

နောက်တစ်နေ့ နံနက်ခင်းတွင်...

တိမ်တိုက်ကျား၏ ဟိန်းဟောက်သံနှင့်အတူ... စုယွီ၊ ယွီခယ်အာ နှင့် ယွီချန်ချင်း တို့သည် ကျားစီးလျက် ဆေးလုံးတောင် ပေါ်မှ ထွက်ခွာလာကြ၏။ တိမ်တိုက်ကျားသည် အတောင်ပံများကို ခတ်လိုက်ရာ လေပြင်းများ ထန်သွားပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် တိမ်တိုက်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားကာ လေ့ထင်း ဈေးကွက် ဆီသို့ ဦးတည် သွားရောက်လေတော့သည်။

တာ့ယွဲ့ မှောင်ခိုဈေးကွက် တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် သားရဲဒီရေ အပြီးတွင်... စုယွီနှင့် သူ့အဖွဲ့သည် ဆေးလုံးတောင်မှ အပြင်သို့ မထွက်ခဲ့သည်မှာ အတော်လေး ကြာမြင့်ခဲ့တော့၏။

All Chapters