အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အခန်း (၂၈၃) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်း (အပိုင်း - ၂)
~လေ့ထင်း ဈေးကွက်သို့ သွားရမည့် ခရီးစဉ်သည် ယခုတစ်ခေါက်တွင် အန္တရာယ် ကင်းရှင်းနေမည် ဖြစ်သောကြောင့်... စုယွီသည် မိန်းကလေး နှစ်ဦးကိုပါ သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။ ခရီးလမ်းတစ်လျှောက်တွင် သူတို့သည် အပန်းဖြေရင်း ရှုခင်းများကို ကြည့်ရှုခံစားခဲ့ကြ၏။ ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်နေခြင်း၏ ငြီးငွေ့ဖွယ်ရာများကို ရှောင်ရှားရင်း... လောကကြီးကို တွေ့ကြုံခံစားခြင်းသည်လည်း ကျင့်ကြံခြင်း တစ်မျိုးပင် မဟုတ်ပါလော။
ခရီးစဉ် တစ်လျှောက်တွင် တိမ်တိုက်ကျားသည် တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော် ပျံသန်းခဲ့သည်။
လှပသော ရေကန်များနှင့် တောင်တန်းများကို တွေ့ရှိပါက သူတို့ ရံဖန်ရံခါ ရပ်နားခဲ့ကြ၏။
ရေကန်ဘေးတွင် သို့မဟုတ် ပန်းခင်းများကြားတွင် လက်ဖက်ရည် ဖျော်သောက်ရင်း... နတ်မိမယ်လေး နှစ်ပါးနှင့် အတူ ကုန်ဆုံးရသော အချိန်ကာလသည် အလွန် သာယာလှပသော ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။
နှစ်ရက် ကြာပြီးနောက်...
မိုးကြိုး ဝါးတော ၏ အပြင်ဘက်တွင် ဧရာမ သတ္တဝါကြီး တစ်ကောင် ကောင်းကင်မှ ဆင်းသက်လာလေ၏။ တိမ်တိုက်ကျား ပင် ဖြစ်၏။
ရှေ့နားတွင် ရှိနေသော လူအချို့သည် တိမ်တိုက်ကျား၏ အားကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် အံ့သြတကြီး လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ အနောက်မလှမ်းမကမ်းတွင် တိမ်တိုက်ကျား ဆင်းသက်လာသည်ကို တွေ့လိုက်ရပြီး... အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးနှင့် နတ်မိမယ်လေး နှစ်ပါး ဆင်းလာကြသည်ကို မြင်လိုက်ရသည်။
ထို့နောက် တိမ်တိုက်ကျားသည် အရွယ်အစား သေးငယ်သွားပြီး... အတောင်ပံလေးများကို ခတ်ကာ ယွီခယ်အာ၏ ရင်ခွင်ထဲသို့ ပျံသန်း ဝင်ရောက်သွား၏။
မူလ ပုံသဏ္ဍာန်တွင် ကြီးမားပြီး ကြောက်မက်ဖွယ် ကောင်းသော်လည်း... သေးငယ်သွားသော တိမ်တိုက်ကျားသည် မယုံနိုင်လောက်အောင် ချစ်စရာ ကောင်းနေပြန်သည်။
အဝါရောင်နှင့် အဖြူရောင် အစင်းကြားများ ရောယှက်နေပြီး... ပျော့ပျောင်းသော သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် အမွေးအမျှင်များနှင့်အတူ... ခန္ဓာကိုယ်မှ အလင်းရောင် ဖျော့ဖျော့လေး ထွက်ပေါ်နေသဖြင့်... အဝေးမှ ကြည့်လျှင် အတောင်ပံပါသော ကျားပေါက်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ထိုလူအုပ်စုထဲမှ မိန်းကလေးငယ် တစ်ဦးသည် တိမ်တိုက်ကျားကို မြင်လိုက်ရသောအခါ မနေနိုင်တော့ဘဲ အာမေဋိတ်သံ ထွက်ပေါ်လာလေ၏။ "ချစ်စရာလေး..."
သူမဘေးမှ ဝတ်ရုံဖြူ လူငယ်တစ်ဦးကလည်း အံ့သြသွား၏။ "တိမ်တိုက်ကျားလား... ဒီသားရဲက ဒီလောက်ထိ ဝိညာဉ် အရှိန်အဝါ ရှိနေတာလား... ပြီးတော့ ဒီအရှိန်အဝါက မသေးလှဘူး... အစွမ်းထက်တဲ့ သွေးစည်း ပါနေပုံပဲ"
သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော သက်ကြီးပိုင်း လူကြီးတစ်ဦးက တိမ်တိုက်ကျားကို တစ်ချက် ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီ သားရဲထိန်းကျောင်းသူက ကံကောင်းတဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတာပဲ... တိမ်တိုက်ကျားရဲ့ သွေးစည်းက အသွင်ပြောင်းလဲထားပုံ ရတယ်... အခုဆိုရင် ဝိညာဉ်သားရဲ တစ်ကောင်လို ဖြစ်နေပြီ"
ထိုစကားသည် ဝတ်ရုံဖြူ လူငယ်ကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ သူသည် လေ့ထင်း ဈေးကွက် ဘက်သို့ လျှောက်လှမ်းသွားနေသော စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့ကို တားဆီးရန် ကြိုးစားလိုက်လေ၏။ "မိတ်ဆွေတို့... ခဏလောက် နေပါဦး"
စုယွီ ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဝတ်ရုံဖြူ လူငယ်နှင့် သူ၏ အပေါင်းအပါများကို အကဲခတ်လိုက်သည်။ အထူးသဖြင့် ထိုလူကြီးကို သူ စိတ်ဝင်စားသွားမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူကြီးထံမှ အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် အရှင်သခင် တစ်ပါး၏ အရှိန်အဝါများ ထွက်ပေါ်နေသောကြောင့် ဖြစ်၏။
သို့သော် သူ၏ အရှိန်အဝါကို မှော်လက်နက် တစ်ခုဖြင့် ဖုံးကွယ်ထားသဖြင့် သာမန်လူများ သတိထားမိမည် မဟုတ်ပေ။
သူ့ဘေးနားရှိ ယွီခယ်အာနှင့် ယွီချန်ချင်း တို့ပင်လျှင် ထိုလူကြီး၏ ကျင့်ကြံခြင်း အဆင့်ကို ရိပ်မိခြင်း မရှိကြချေ။
စုယွီသည် ဝတ်ရုံဖြူ လူငယ်ကို ကြည့်ပြီး မေးလိုက်သည်။ "ဘာကိစ္စ ရှိလို့လဲ မိတ်ဆွေ"
ဝတ်ရုံဖြူ လူငယ်က အပြုံးပါးပါးလေး ပြုံးလိုက်ပြီး စုယွီကို အကဲခတ်လိုက်သည်။ ထို့နောက် ယွီခယ်အာနှင့် ယွီချန်ချင်း တို့ကိုပါ တစ်ချက် ဝေ့ကြည့်လိုက်ရာ... အထူးသဖြင့် ယွီခယ်အာကို ပိုမို အာရုံစိုက်လိုက်မိသည်။
သူ ရယ်မောလိုက်ပြီး ပြောလိုက်၏။ "လူငယ်လေး... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က မင်းရဲ့ အသက်အရွယ်နဲ့ ယှဉ်ရင် အထင်ကြီးစရာပဲ... ဒါပေမဲ့ ငါ မင်းကို လေ့ထင်း ဈေးကွက် ကုန်သွယ်ရေး ပွဲတော်မှာ တစ်ခါမှ မတွေ့ဖူးပါဘူး... နာမည်လေးများ သိခွင့်ရှိမလား"
ထိုလူငယ်နှင့် သူ၏ အဖွဲ့သည် စုယွီကို မသိကြပေ။
သို့သော် စုယွီသည် သူ၏ ရုပ်သေးရုပ်ကို အသုံးပြု၍ လေ့ထင်း ဈေးကွက် ကုန်သွယ်ရေး ပွဲတော်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ဖူးသဖြင့်... ဤလူများ အကြောင်းကို အချက်အလက် အချို့ သိရှိထားသည်။
သူတို့သည် 'ထျဲ မိသားစု' မှ ဖြစ်ကြသည်... ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်ထားသော 'တံခါးပိတ် မိသားစု' တစ်ခု ဖြစ်၏။
စုယွီသည် ထိုလူကြီး၊ ဝတ်ရုံဖြူ လူငယ်နှင့် မိန်းကလေးငယ်တို့ကို ကုန်သွယ်ရေး ပွဲတော်တွင် အကြိမ်ကြိမ် တွေ့ဖူးခဲ့သည်။
သူ့ကို တားဆီးရသည့် ရည်ရွယ်ချက်ကို စဉ်းစားနေစဉ်... သူတို့၏ အာရုံသည် တိမ်တိုက်ကျား အပေါ်သို့ ကျရောက်နေသည်ကို သတိထားမိလိုက်သောအခါ စုယွီ ရိပ်မိလိုက်သည်။
စုယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ယွင်ကျန်းဂိုဏ်းရဲ့ နာယက စုယွီ ပါ... တွေ့ရတာ ဝမ်းသာပါတယ်"
"လေ့ထင်း ဈေးကွက် ကုန်သွယ်ရေး ပွဲတော်ကိုတော့ အခုမှ ပထမဆုံး လာဖူးတာပါ"
ယွင်ကျန်းဂိုဏ်းလား...။
ဂိုဏ်းကိုတော့ သူ သိသည်။ သို့သော် နာယက စုယွီ ဆိုတာကိုတော့ သူ တစ်ခါမှ မကြားဖူးပေ။
ထိုစကားကို ကြားသောအခါ ဝတ်ရုံဖြူ လူငယ်က ပြုံးလိုက်ပြီး မိတ်ဆက်လိုက်သည်။ "ထျဲ မိသားစုက... ထျဲထုန်ရှန်း ပါ... ထုန်ရှန်း လို့ ခေါ်နိုင်ပါတယ်"
ထို့နောက် ထုန်ရှန်းသည် ယွီခယ်အာ၏ ရင်ခွင်ထဲမှ တိမ်တိုက်ကျားကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ "ခင်ဗျားရဲ့ သားရဲလေးက အရမ်း လှပတာပဲ... ကျုပ် ညီမလေးက အရမ်း သဘောကျနေတယ်... ဒါကြောင့် ကျုပ် ခင်ဗျားတို့ကို တားလိုက်တာပါ... အရောင်းအဝယ်လေး တစ်ခု လုပ်ချင်လို့ပါ"
သူသည် တိမ်တိုက်ကျားကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ "အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်... ဒီ သားရဲလေးကို ကျုပ်တို့ဆီ ရောင်းလိုက်ရင် ဘယ်လိုလဲ"
"ဒီ ဈေးနှုန်းက ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခု ဝယ်လို့ ရတဲ့ ဈေးနှုန်းနော်"
"ဒါမှမဟုတ်ရင်လည်း... ဒီ ဝိညာဉ်ကျောက်တုံးတွေနဲ့ ခင်ဗျားအတွက် ကျင့်ကြံခြင်း အရင်းအမြစ် တချို့ လဲလှယ်လို့ ရတာပေါ့... လေ့ထင်း ဈေးကွက်က သာမန် ဈေးကွက် မဟုတ်ဘူး... အထဲက ပစ္စည်းတွေက တန်ဖိုးကြီးတယ်... အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် မရှိရင်... ခင်ဗျား ဘာမှ ရလိုက်မှာ မဟုတ်ဘူးနော်"
သူ ပြုံးနေသော်လည်း သူ့လေသံထဲတွင် အတင်းအကျပ် စေခိုင်းလိုသည့် သဘောမျိုး ပါဝင်နေသည်။
သာမန် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် သားရဲ တစ်ကောင်အတွက် ဆိုလျှင် အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင် ဆိုသည့် ဈေးနှုန်းသည် သင့်တင့်မျှတပြီး ရိုးသားမှု ရှိသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ထိုစကားကို ကြားလိုက်ရသောအခါ ယွီခယ်အာ၏ ရင်ခွင်ထဲမှ တိမ်တိုက်ကျားသည် ထုန်ရှန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ လည်ချောင်းထဲမှ ခြိမ်းခြောက်သံ တစ်ခု ဟိန်းခနဲ ထွက်ပေါ်လာ၏။
ယွီခယ်အာ၏ မျက်နှာထားမှာလည်း မကောင်းတော့ချေ။ သူမ၏ တိမ်တိုက်ကျားသည် တန်ဖိုးထားရသော အဖော်မွန် ဖြစ်ပြီး... သူတို့ကြားတွင် ထူးခြားသော သံယောဇဉ် ရှိနေသည်။
ယေဘုယျအားဖြင့် ရည်ရွယ်ချက် တစ်ခုခုအတွက် ယဉ်ပါးအောင် လုပ်ထားသော သားရဲများကိုသာ သားရဲထိန်းကျောင်းသူများက ရောင်းချလေ့ ရှိကြ၏။
သားရဲထိန်းကျောင်းသူ တစ်ယောက် အတွက် ကိုယ်တိုင် ပျိုးထောင်ထားသော သားရဲသည် 'မိသားစုဝင်' ကဲ့သို့ပင် ဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်စရာ မလိုပေ။
ထိုသို့ မေးမြန်းခြင်းသည် အလွန် ရိုင်းပျရာ ရောက်သည်။
စုယွီသည် ထုန်ရှန်းကို ဘေးတိုက် တစ်ချက် ကြည့်လိုက်သည်။
"မင်း ဘယ်သူပဲ ဖြစ်ဖြစ်... မင်းနောက်က လူကြီးကို မျက်နှာထောက်ပြီး ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်... အခု ဖယ်လိုက်တော့"
"ဝီ..."
နိမ့်သော တုန်ခါသံ တစ်ချက် ထွက်ပေါ်လာ၏။
တစ်ခဏချင်းပင် ထုန်ရှန်း၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားလေတော့သည်။
စုယွီ၏ အကြည့်နှင့် ဆုံမိလိုက်သည့် အခိုက်အတန့်တွင်... ထုန်ရှန်း၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အမွေးအမျှင်များ ထောင်မတ်သွားရသည်။ အသက်ရှူရ ကြပ်သွားပြီး ခေါင်းထဲတွင် ဘာမျှ မရှိတော့သလို ဖြူလျော်သွားတော့သည်။
စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့ မိုးကြိုးဝါးတောထဲသို့ ဝင်ရောက်သွားပြီး ခဏအကြာမှသာ ထုန်ရှန်း အသိစိတ် ပြန်ဝင်လာနိုင်ခဲ့သည်။ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူဖျော့နေပြီး ချွေးစေးများဖြင့် ရွှဲနစ်နေ၏။ ကျောပြင် တစ်ခုလုံး စိုရွှဲနေပြီး ခြေထောက်များ ပျော့ခွေနေသည်။
လူကြီးနှင့် မိန်းကလေးငယ်တို့သည် ထုန်ရှန်း၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိလိုက်ကြပြီး... အဝေးသို့ ထွက်ခွာသွားသော စုယွီတို့ သုံးယောက်၏ ကျောပြင်ကို ကြည့်ကာ အံ့အားသင့်သွားကြလေတော့သည်။
အခန်း (၂၈၄) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်း (အပိုင်း - ၃)
မိုးကြိုးဝါးတော အတွင်းသို့ ရောက်သွားပြီးနောက်မှ ထိုလူကြီးသည် မျက်မှောင်ကြုတ်လျက် ထျဲထုန်ရှန်း ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ"
ထျဲထုန်ရှန်းမှာ အသက်ရှူသံ ပြင်းပြင်းဖြင့် မောဟိုက်နေဆဲ ဖြစ်၏။ သူ၏ မျက်လုံးများ ပြူးကျယ်နေပြီး မိုးကြိုးဝါးတော ဘက်သို့ လှမ်းကြည့်နေကာ... မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အကြွင်းအကျန်များက ထင်ဟပ်နေလေ၏။
"အဲဒီ... ခုနက လူရဲ့ မျက်လုံးတွေက အရမ်း ကြောက်စရာ ကောင်းတယ်ဗျ... တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ကျွန်တော့်ရဲ့ စိတ်ဓာတ်တွေ အကုန် ပြိုလဲသွားသလိုပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ မိန်းကလေးငယ်၏ မျက်နှာထားမှာ အံ့သြသွား၏။
"ဘယ်လို ဖြစ်နိုင်မှာလဲ"
"အစ်ကို့ရဲ့ စွမ်းအားနဲ့ဆိုရင် သာမန် အမြုတေအတု အဆင့်ကိုတောင် အေးဆေး ပြန်ဆုတ်နိုင်တဲ့ အနေအထား ရှိတာပဲ... ဟိုလူက အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူလေးပဲ ရှိသေးတာ မဟုတ်ဘူးလား"
လူကြီးသည်လည်း သံသယများဖြင့် ပြည့်နှက်နေသည်။ ခုနက စုယွီ့ဆီမှ မည်သည့် ကြောက်မက်ဖွယ် အရှိန်အဝါမျိုးကိုမျှ သူ မခံစားခဲ့ရပေ။
ထိုလူငယ်က ဘယ်လို နည်းလမ်းကို သုံးပြီး ထုန်ရှန်းကို ဖိနှိပ်သွားတာလဲ။
ကြောက်ရွံ့မှုများ ပြည့်နှက်နေသော ထျဲထုန်ရှန်း၏ မျက်လုံးများကို ကြည့်ပြီးနောက်... လူကြီးက မျက်မှောင် အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။
"ကဲ... အရင် ဝင်ကြစို့... ကုန်သွယ်ရေး ပွဲတော် မစခင် ထုန်ရှန်း မင်း တံခါးပိတ် ကျင့်ကြံပြီး စိတ်ကို အရင် ငြိမ်အောင် ထားလိုက်ဦး... မဟုတ်ရင် စိတ်ဒဏ်ရာ ရသွားလိမ့်မယ်"
ဒါသည် ရှင်းလင်းသော သင်ခန်းစာ တစ်ခုပင် ဖြစ်၏။
ထိုအချက်ကို တွေးတောမိရင်း လူကြီး တီးတိုး ရေရွတ်လိုက်လေ၏။ "အဲဒီလူက ဘယ်သူလဲ ဆိုတာ နောက်မှ စုံစမ်းရမယ်... စိတ်ဝင်စားစရာပဲ... နာမည်မကြီးတဲ့ လူငယ်လေး တစ်ယောက်က မင်းကို တစ်ချက်ကြည့်ရုံနဲ့ ဒီလောက် ကြောက်သွားအောင် လုပ်နိုင်တယ် ဟုတ်လား"
"ယွင်ကျန်းဂိုဏ်း... လော့ချန်ယွီလို ပါရမီရှင် တစ်ယောက် ထွက်ပေါ်ပြီးပြီ မဟုတ်လား... အခု နောက်တစ်ယောက် ထပ်ထွက်လာပြန်ပြီလား"
လူကြီးသည် ဒေါသထွက်ခြင်း မရှိဘဲ ပိုမို၍ပင် စိတ်ဝင်စားသွားပြီး သိချင်စိတ် ပြင်းပြလာသည်။
မည်သို့ပင် ဖြစ်စေ... စုယွီက သူသည် ယွင်ကျန်းဂိုဏ်း၏ နာယက ဖြစ်ကြောင်း ပြောခဲ့ပြီး၊ ယွင်ကျန်းဂိုဏ်း၏ အင်အားကိုလည်း လျှော့တွက်၍ မရပေ။ ထျဲမိသားစုသည် တံခါးပိတ် ကျင့်ကြံသော မိသားစု ဖြစ်သော်လည်း... စိတ်လိုက်မာန်ပါ လုပ်ရလောက်အောင် မိုက်မဲခြင်း မရှိကြပေ။
ခုနက သူ တိမ်တိုက်ကျားကို ဝိညာဉ်ကျောက်တုံး တစ်ထောင် ပေးဝယ်မည်ဟု ကမ်းလှမ်းခဲ့ခြင်းမှာ... တိမ်တိုက်ကျား၏ သွေးစည်းကို သဘောကျရုံ သက်သက် မဟုတ်ပေ။
ဒုတိယ အချက် အနေဖြင့်... နာမည်မကြီးသော လူငယ်လေး တစ်ယောက်က အခုလို အံ့သြဖွယ် စွမ်းရည်ရှိသော ပါရမီရှင် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။
တတိယ အချက် အနေဖြင့်... အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင် ဆိုသည့် ဈေးနှုန်းသည် တကယ်ကို နည်းပါးသော ပမာဏ မဟုတ်ချေ။
ထျဲထုန်ရှန်းနှင့် မိန်းကလေးငယ် တို့သည်လည်း အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြ၏။ သူတို့သည် ထျဲမိသားစု၏ မျိုးဆက်သစ် ပါရမီရှင်များ ဖြစ်ကြ၏။ မိသားစု အတွင်းရှိ ရွယ်တူတန်းတူများ အကြားတွင် သူတို့သည် ထိပ်တန်း အဆင့်တွင် ရှိကြသူများ ဖြစ်၏။
သို့သော် ယခု... နာမည်မရှိသော လူငယ် ကျင့်ကြံသူလေး တစ်ယောက်လောက်ပင် စွမ်းရည် မရှိတော့ဘူးလား။
"သွားကြစို့... ဝင်ကြမယ်"
ထို့နောက် သူတို့ အုပ်စုသည် မိုးကြိုးဝါးတော အတွင်းသို့ ဝင်ရောက်သွားကြ၏။ အာရုံထွေပြား အခင်းအကျင်း ကို ဖြတ်ကျော်သွားပြီးနောက်... စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့၏ ပုံရိပ်များကို မမြင်တွေ့ရတော့ချေ။
*
လေ့ထင်း ဈေးကွက် စံအိမ်တော်...။
ခြံဝင်းငယ်လေး တစ်ခု အတွင်း၌...
ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့သည် ကျင့်ကြံနေကြ၏။
အကာအရံ တစ်ခု၏ အနောက်ဘက် အပြင်ဘက်တွင်မူ... လှပသော ဂီတပညာရှင် မိန်းကလေးငယ် ခြောက်ဦးသည် သူတို့အတွက် တီးမှုတ် ဖျော်ဖြေပေးနေကြရသည်။ ထို ဆူညံသံများကို နားထောင်ရင်း ဂီတပညာရှင် ခြောက်ဦး၏ စိတ်အစဉ်သည် ဗြောင်းဆန်နေကြရှာသည်။
ခဏအကြာတွင်... အကာအရံ နောက်ကွယ်မှ ဟွမ်ရှင်းယီ၏ ပျင်းရိလေးတွဲ့သော အသံ ထွက်ပေါ်လာလေ၏။
"နင်တို့တွေ... အထဲ ဝင်ခဲ့ကြ"
ထိုနေ့ ညတွင်...
ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့သည် လေ့ထင်း ဈေးကွက်သို့ ရောက်ရှိနေကြသော မိတ်ဆွေဟောင်းများထံ သွားရောက် လည်ပတ်ကြ၏။ မတော်တဆ ဆိုသလိုပင် သူတို့ သတင်းတစ်ခု ကြားလိုက်ရလေ၏။
"ယွင်ကျန်းဂိုဏ်းက ပါရမီရှင် သုံးယောက် ရောက်နေတယ်တဲ့... တစ်ယောက် နာမည်က စုယွီ တဲ့လား"
ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့သည် ထိုသတင်းနှင့်အတူ ခြံဝင်းငယ်လေးဆီသို့ ပြန်လာခဲ့ကြ၏။
"ကြည့်ရတာ လော့ချန်ယွီ ပါမလာဘူး ထင်တယ်" ဟု ရွှီချန်ချင်းက မျက်လုံးများကို မှေးစင်းကာ ပြောလိုက်သည်။
"ဟွန်း... ကောင်းပြီလေ... စိတ်ဝင်စားစရာပဲ" ဟွမ်ရှင်းယီ၏ မျက်ဝန်းထဲတွင် ဆောင်းဦး ရေပြင်ကဲ့သို့ ကြည်လင်နေသော်လည်း... အနီရောင် အလင်းတန်း တစ်ချက် ဖျတ်ခနဲ လက်သွားသည်ကို တွေ့နိုင်သည်။ သူမ တခစ်ခစ် ရယ်မောလိုက်ပြီး...
"စုယွီ ဟုတ်လား... ယွင်ကျန်းဂိုဏ်းရဲ့ နာယက တဲ့လား... သူ့ရဲ့ အဆင့်အတန်းနဲ့ အခန်းကဏ္ဍ အရဆိုရင်တော့ ယွင်ကျန်းဂိုဏ်းရဲ့ နာယက ဆိုတာ မမှားပါဘူး... ဒါပေမဲ့ သူက ယွင်ကျန်းဂိုဏ်း နယ်မြေထဲကနေ ထွက်ပြီး လေ့ထင်း ဈေးကွက်အထိ လာရဲတယ် ပေါ့လေ... တော်တော် သတ္တိကောင်းတဲ့ ကောင်ပဲ"
ရွှီချန်ချင်းက သူမကို ကြည့်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။ "ဘာလဲ... မင်း သူ့ကို တစ်ခုခု လုပ်ချင်လို့လား"
ဟွမ်ရှင်းယီက ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ပြီး... လှပသော မြွေမိစ္ဆာမလေး တစ်ကောင်ကဲ့သို့ ရွှီချန်ချင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူမသည် ရွှီချန်ချင်း၏ ရင်ဘတ်ကို ပွတ်သပ်ရင်း မပွင့်တပွင့်.. ပြောလိုက်လေ၏။
"ကောလာဟလတွေ အရဆိုရင်... ဒီလူက ဆေးဖော်တာ၊ အဆောင်ရေးဆွဲတာနဲ့ ရုပ်သေး လုပ်တာတွေမှာ ထူးခြားတဲ့ ပါရမီ ရှိတယ် ဆိုပဲ"
"တကယ်လို့ ငါတို့ သူ့ကို ဖမ်းပြီး... ငါတို့အတွက် အဆောင်တွေ ရေးခိုင်းမယ်... ရုပ်သေးတွေ လုပ်ခိုင်းမယ်... ပြီးရင် အဲဒီ အဆောင်တွေ ရုပ်သေးတွေနဲ့ ယွင်ကျန်းဂိုဏ်းကို ပြန်တိုက်ခိုင်းရင် ဘယ်လိုနေမလဲဟင်"
ပြောပြီးသည်နှင့် ဟွမ်ရှင်းယီသည် ရွှီချန်ချင်း ဘက်သို့ သူမ၏ နှုတ်ခမ်းနီနီလေးများကို ဖွင့်ဟကာ... ဆွဲဆောင်မှုရှိသော လေငွေ့များကို မှုတ်ထုတ်လိုက်သည်။ ညှို့ဓာတ် ပြင်းပြင်းနှင့် ဖမ်းစားလိုက်ခြင်းပင်။
ရွှီချန်ချင်းသည် ရင်ခွင်ထဲမှ မိန်းမလှလေးကို စွဲမက်စွာ စိုက်ကြည့်နေမိသည်။ သူမ၏ မွှေးပျံ့သော ရနံ့များကို အသက်ရှူသွင်းလိုက်ပြီး... ချစ်ခင်ကြင်နာမှု အပြည့်ပါသော လေသံဖြင့် ပြောလိုက်လေ၏။
"မင်း ဘာပဲ လုပ်ချင် လုပ်ချင်... လုပ်သာလုပ်ကွာ"
"ဒါပေမဲ့ အခုတော့... အထဲ ဝင်ကြစို့"
သတင်းများအရ စုယွီနှင့် သူ့အဖွဲ့သည် အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် အဆင့်တွင်သာ ရှိကြသေးသည်ဟု ဆိုသည်။ ရွှီချန်ချင်းမှာမူ ဟွမ်ရှင်းယီနှင့် နှစ်ပေါင်းများစွာ နှစ်ကိုယ်တူ ကျင့်ကြံခဲ့ပြီး ဖြစ်သဖြင့် အမြုတေဖွဲ့စည်းခြင်း ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ... ဤကိစ္စကို အထင်ကြီးစရာ မလိုဟု ယူဆထားသည်။
တကယ်လို့ ဟွမ်ရှင်းယီက စုယွီတို့ကို ဖမ်းချင်တယ် ဆိုလျှင်တောင်... လေ့ထင်း ဈေးကွက် ကုန်သွယ်ရေး ပွဲတော် ပြီးသည့် အထိ စောင့်လိုက်ရုံသာ။ သူတို့ ဈေးကွက်ကနေ ထွက်သွားသော အချိန်ကျမှ လှုပ်ရှားလိုက်လျှင် ရလေပြီ။ အားစိုက်စရာတောင် လိုမှာ မဟုတ်ချေ။
အချိန်ကာလသည် လျှပ်တစ်ပြက် အတွင်းမှာပင် နှစ်ရက် ကုန်ဆုံးသွားခဲ့ပါသည်။
လေ့ထင်း ဈေးကွက် ကုန်သွယ်ရေး ပွဲတော်သို့ လာရောက်ကြသော အဓိက ကျင့်ကြံသူများသည် မိုးကြိုးဝါးတော စံအိမ်တော် သို့ အသီးသီး ရောက်ရှိနေကြပြီ ဖြစ်၏။ ထိုအထဲတွင် စုယွီ၏ မိတ်ဆွေဟောင်း အချို့လည်း ပါဝင်ကြ၏။
ဒီနေ့မနက် ပွဲတော် စတင်သည်နှင့် တပြိုင်နက်... နောက်ဖေးခြံဝင်းသို့ သွားရာ လမ်းတစ်လျှောက်တွင် လော့ချန်ယွီ၏ အစ်ကို ဖြစ်သူ လော့ချန်ကုန်း ၊ မူးယစ်လမင်း နန်းတော် မှ တာအိုဆရာမ ချင်းချွမ် နှင့် ကောင်းကင် အပျက်အစီး ခန်းမဆောင်မှ တာအိုဆရာ ရှုယွီ တို့ကို စုယွီ အလှည့်ကျ တွေ့ဆုံခဲ့ရသည်။
စုယွီကို တွေ့လိုက်ရသောအခါ လော့ချန်ကုန်းနှင့် တာအိုဆရာ ရှုယွီတို့သည် မအံ့သြသွားကြပေ။ သူတို့သည်လည်း 'ယွင်ကျန်းဂိုဏ်း နာယက ပါရမီရှင် စုယွီ' သတင်းကို ကြားသိထားပြီး ဖြစ်သောကြောင့်ပင်။
သို့သော် အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လတ်ဆတ် တက်ကြွသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် တာအိုဆရာမ ချင်းချွမ်မှာမူ စုယွီကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရသည်။
"ရှင်... ရှင်က အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်ကို ရောက်နေပြီလား... ပြီးတော့ လေ့ထင်း ဈေးကွက်ကိုလည်း လာနိုင်တယ် ပေါ့လေ"
သူမ၏ တုံ့ပြန်မှုကို ကြည့်ကာ၊ စုယွီ ပြုံးလိုက်၏။
"ကျွန်တော့် ကျင့်ကြံမှုက နည်းနည်းလေး တိုးတက်လာရုံပါဗျာ... အခုမှ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်ကို ကပ်သီးကပ်သပ် ရောက်လာတာပါ... တာအိုမိတ်ဆွေ ချင်းချွမ်ကို မီဖို့ အဝေးကြီး လိုပါသေးတယ်"
"လေ့ထင်း ဈေးကွက်ကို လာနိုင်တာကတော့... တာအိုမိတ်ဆွေ ရှုယွီရဲ့ ထောက်ခံချက်ကြောင့်ပါဗျာ”
အခန်း (၂၈၅) - ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ဟွမ်ရှင်းယီ၏ ကျဆုံးခန်း (အပိုင်း - ၄)
~"အော်"
တာအိုဆရာမ ချင်းချွမ်သည် ဟင်္သာမလေး တစ်ကောင်အလား လည်တိုင်ကျော့ကျော့ကို မော့ထားရင်း မာန်မာန လွှမ်းခြုံသော လေသံဖြင့် ဆိုလိုက်လေ၏။
"ရှင်က ကိုယ့်အခြေအနေကိုယ် သိသားပဲ... ရှင့်လိုလူက ကျွန်မကို ဘယ်ယှဉ်နိုင်ပါ့မလဲ... ကဲပါလေ... နောက်ကျရင် ကျွန်မ ဆေးဖော်တာတို့ အဆောင်ရေးတာတို့ လိုအပ်လာရင် ရှင့်ကို စီးပွားရေး သဘောမျိုးနဲ့ အလုပ်အပ်တာပေါ့"
စုယွီမှာမူ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရချေသည်။ ဤကဲ့သို့ ပွင့်လင်းလွန်းသော မိန်းကလေးမျိုးမှာ ရှားပါးလှပေစွ။
ယေဘုယျအားဖြင့် ပြောရလျှင် သူမကဲ့သို့သော မိန်းကလေးမျိုးသည် ဤအသက်အရွယ်အထိ အသက်ရှင် နေထိုင်နိုင်ခဲလှပေသည်။
တာအိုဆရာမ ချင်းချွမ်၏ ဘေးတွင် ရပ်နေသော တာအိုဆရာ ရှုယွီသည် ခေါင်းကို ခါယမ်းလိုက်ပြီး စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့အား ရယ်မောကာ ပြောလိုက်သည်။
"တာအိုမိတ်ဆွေစု... မိတ်ဆွေယွီနဲ့ မိန်းကလေးခယ်အာတို့... သူ့ကို သည်းခံပေးကြပါဗျာ... ဂျူနီယာညီမလေး ချင်းချွမ်က အမြဲတမ်း ဒီလိုပါပဲ... စိတ်ရင်းကတော့ မဆိုးရှာပါဘူး"
"စီနီယာအစ်ကို လျဲ့ကျိုက ဂျူနီယာညီမလေး ချင်းချွမ်ကို စွန့်စားခန်း ခရီးစဉ်တွေမှာ ခေါ်သွားပေးဖို့ ကျွန်တော့်ကို ခဏခဏ မှာကြားတတ်တယ်... ဒါပေမဲ့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပါပဲ... ရလဒ်ကတော့ သိပ်မကောင်းလှပါဘူးဗျာ"
ထိုစကားကို ကြားသောအခါ တာအိုဆရာမ ချင်းချွမ်က ရှုယွီကို မျက်စောင်းထိုးကာ နှာခေါင်းရှုံ့လိုက်လေ၏။
"ဘာကွ... ရှင်ကများ ခရီးခေါ်သွားတယ် ဟုတ်လား... ပြဿနာတက်ရင် ရှင်းပေးရတာက ကျွန်မပါနော်... ရှင်ကတော့ အမြဲတမ်း ထွက်ပြေးဖို့ပဲ ချောင်းနေတာ မဟုတ်လား"
ထိုသို့ စကားစမြည် ပြောဆိုရင်း သူတို့အဖွဲ့သည် နောက်ဖေးခြံဝင်းရှိ ကုန်သွယ်ရေး ကွင်းပြင်ဆီသို့ လျှောက်လှမ်းသွားကြ၏။
နေရာသို့ ရောက်ရှိသောအခါ ကပ်လျက်ရှိနေသော စားပွဲဝိုင်း အလွတ်အချို့ကို ရှာဖွေပြီး နေရာယူ ထိုင်လိုက်ကြလေ၏။
လော့ချန်ကုန်းသည် စုယွီကို ကြည့်ကာ အံ့သြတကြီး မှတ်ချက်ပြုလိုက်သည်။
"တာအိုမိတ်ဆွေစု... ခင်ဗျားရဲ့ ကျင့်ကြံမှုနှုန်းက တကယ့်ကို မြန်တာပဲဗျာ...ကျွန်တော်တို့ ပြန်တွေ့တဲ့ အချိန်မှာ ခင်ဗျားက အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူ ဖြစ်နေပြီပဲ"
စုယွီက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်သည်။
"အစ်ကိုလော့ရာ... ကျွန်တော့်ရဲ့ ကျင့်ကြံမှုနှုန်းက မြန်တယ်လို့ မဆိုသာပါဘူးဗျာ... အခုဆို အသက်က ရာဂဏန်း ကျော်နေပြီ... နှစ်တစ်ရာနီးပါး ကျင့်ကြံမှ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက်ကို ကပ်သီးကပ်သပ် ရောက်လာတာပါ... ဒါကို မြန်တယ်လို့ ခေါ်လို့ရပါ့မလား"
"အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ဖြစ်ဖို့ ဆိုတာကတော့ ပိုပြီးတောင် ဝေးပါသေးတယ်... ကျွန်တော့်ရဲ့ စွမ်းအားက အားနည်းပါတယ်ဗျာ... သာမန် ရှစ်ဆင့်မြောက် ကျင့်ကြံသူကိုတောင် နိုင်ပါ့မလား မသိဘူး"
နှစ်ဝိုင်းကျော်တွင် ထိုင်နေသော တာအိုဆရာမ ချင်းချွမ်သည် သူတို့ ပြောစကားများကို နားစွင့်နေလေ၏။ စုယွီ၏ စကားကို ကြားလိုက်ရသောအခါ သူမသည် ချက်ချင်းပင် ဝင်ရောက် ပြောဆိုလိုက်သည်။
"ဒါက လွယ်ပါတယ်... ကျွန်မနဲ့ ခဏခဏ လေ့ကျင့်ပေးလေ... ရှင့်ရဲ့ စွမ်းအားတွေ အများကြီး တိုးတက်လာမယ်လို့ အာမခံတယ်"
"ကျွန်မ အမြင် ပြောရရင်... ရှင်က မိစ္ဆာတောင်တန်းက ရွှေကျောက်စိမ်း နတ်မိမယ် ဂိုဏ်း အပျက်အစီးဆီကို ကျွန်မတို့နဲ့အတူ လိုက်ခဲ့သင့်တယ်... အဲဒီမှာ မိစ္ဆာသားရဲတွေ အများကြီး ကျန်နေသေးတယ်... လေ့ကျင့်ဖို့ အကောင်းဆုံး နေရာပဲ... သေမှာတော့ မကြောက်နဲ့ပေါ့"
ထိုအခါ၊ လော့ချန်ကုန်းသည် စုယွီကို ကြည့်ရင်း တခွီးခွီး.. ရယ်မောလိုက်သည်။
တာအိုဆရာ ရှုယွီမှာမူ တာအိုဆရာမ ချင်းချွမ်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေရှာလေ၏။ 'ဒီကောင်မလေးက သူများ ပြောသမျှ တကယ် ယုံနေတာလား... ပြီးတော့ စကားပြန်ပြောတာကလည်း ဒဲ့ဒိုးကြီးပါလား'
ကုန်သွယ်ရေး ပွဲတော်သို့ ပါဝင်ဆင်နွှဲမည့် ကျင့်ကြံသူများသည် တစ်ဦးပြီး တစ်ဦး ရောက်ရှိလာကြပြီး နောက်ဖေးခြံဝင်း အတွင်း စီစဉ်ထားသော စားပွဲဝိုင်းများတွင် နေရာယူလိုက်ကြ၏။
ရုတ်တရက်...
စုယွီ၏ မျက်လုံးများ မှေးစင်းသွားလေ၏။ သူ၏ မြင်ကွင်းထဲတွင် ရွှီချန်ချင်းနှင့် ဟွမ်ရှင်းယီတို့ ဝင်ရောက်လာကြ၏။ တာ့ယွဲ့ ဈေးကွက် စားပွဲပွဲတော်တွင် တွေ့ဆုံခဲ့စဉ်ကနှင့် ယှဉ်လျှင် ဟွမ်ရှင်းယီ၏ ပုံစံမှာ လုံးဝ ကွဲပြားခြားနားနေတော့၏။ သူမသည် ခန္ဓာအလှကို ပေါ်လွင်စေသော အဝါရောင် ဂါဝန်ပါးလေးကို ဝတ်ဆင်ထားပြီး... မရေရာသော ဆွဲဆောင်မှု အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ဟွမ်ရှင်းယီ၏ ပတ်ဝန်းကျင်တွင် ညှို့ယူဖမ်းစားနိုင်သော အရှိန်အဝါ တစ်ခု ရှိနေပြီး နတ်မိမယ် တစ်ပါးကဲ့သို့ပင် ဖြစ်နေလေ၏။ သူမ၏ လှုပ်ရှားမှုတိုင်းသည် မြင်သူတကာကို ဖမ်းစားနိုင်စွမ်း ရှိနေပေသည်။
တာအိုဆရာ ရှုယွီ ပြောပြခဲ့ဖူးသော သတင်းအချက်အလက်များကို ပြန်လည် သတိရလိုက်ရင်း... စုယွီသည် သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး တိတ်တဆိတ် တွေးတောလိုက်သည်။
'နှစ်ကိုယ်တူ ကျင့်ကြံခြင်းလား... နှစ်ကိုယ်တူ ကျင့်စဉ်က ဒီလောက်ထိတောင် အပြောင်းအလဲ ဖြစ်စေတာလား... အရင်တုန်းက ရိုးရိုးရှင်းရှင်းလေးပဲ ရှိခဲ့တာ... အခုကျတော့ သူ့ရဲ့ အရှိန်အဝါက လုံးဝ ပြောင်းလဲသွားပြီး တခြား လူတစ်ယောက်လို ဖြစ်နေပါရောလား'
ကျင့်ကြံသူ အားလုံး နေရာယူပြီးသော အခါ... မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်ယံမှ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု သက်ဆင်းလာလေ၏။ လျှပ်စီးများ ဝန်းရံထားသော လူရိပ်တစ်ခုသည် ပရိသတ်များ၏ ရှေ့မှောက်တွင် ဘွားခနဲ ပေါ်လာတော့သည်။
"ဟား... ဟား... ဟား"
အရှင်သခင် လေ့ထင်း ရောက်ရှိလာပြီးတည်း။
သူက အားရပါးရ ရယ်မောလိုက်ကာ... စားပွဲဝိုင်းများတွင် ထိုင်နေကြသော ကျင့်ကြံသူများကို နှုတ်ဆက်လိုက်သည်။
"တာအိုမိတ်ဆွေများ အားလုံး... မင်္ဂလာပါဗျာ... လေ့ထင်း ဈေးကွက် ကုန်သွယ်ရေး ပွဲတော်ကနေ ကြိုဆိုပါတယ်"
"ထုံးစံအတိုင်း စည်းမျဉ်းဟောင်း အတိုင်းပါပဲ... ကျုပ် အရင် စဖွင့်လိုက်မယ်"
ပြောပြောဆိုဆိုနှင့် အရှင်သခင် လေ့ထင်းသည် အချိန်ဆွဲမနေတော့ပေ။ လက်ကို ဝှေ့ယမ်းလိုက်ရာ... ငါးပေခန့် ရှည်လျားသော ဝါးတစ်လုံး သူ့လက်ထဲတွင် ပေါ်လာသည်။
အရှင်သခင် လေ့ထင်းက ပြုံးစစဖြင့် ပြောလိုက်လေ၏။
"ဒါက နှစ်ငါးရာ သက်တမ်းရှိတဲ့ တတိယအဆင့် မိုးကြိုးဝါးပါ... အရည်အသွေးကောင်းတဲ့ မှော်လက်နက်တွေ... အဆောင်လက်နက်တွေ ဖန်တီးရာမှာ အသုံးပြုနိုင်ပါတယ်... ကျုပ်က အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (သို့မဟုတ်) တတိယအဆင့် အဆောင်လက်နက်တွေနဲ့ပဲ လဲလှယ်ပါမယ်... တာအိုမိတ်ဆွေများ စိတ်ကြိုက် ဈေးပေးနိုင်ပါတယ်"
လူအုပ်ကြီးထဲမှ ကျင့်ကြံသူ အချို့သည် တီးတိုး ဆွေးနွေးလိုက်ကြ၏။
ဤအဆင့်အတန်းရှိသော မိုးကြိုးဝါးသည် သာမန် ကျင့်ကြံခြင်း မိသားစုများအတွက် အသုံးမဝင်လှသော်လည်း... အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများအတွက်မူ အလွန် အသုံးဝင်လှပေသည်။
"အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး ရှစ်ရာ"
အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူ တစ်ဦးက စမ်းသပ်သည့် သဘောဖြင့် ဈေးစဖွင့်လိုက်သည်။
နောက်တစ်ခဏတွင်... စုယွီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ထျဲမိသားစုမှ ထျဲထုန်ရှန်းက ဈေးထပ်ပေးလိုက်သည်။
"အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်နှစ်ရာ"
ထျဲမိသားစုသည် လက်နက်သွန်းလုပ်ခြင်းကို အထူးပြုသော မိသားစု ဖြစ်သဖြင့်... ဤ နှစ်ငါးရာ သက်တမ်းရှိ မိုးကြိုးဝါးသည် သူတို့အတွက် အကောင်းဆုံး ကုန်ကြမ်းပစ္စည်း တစ်ခု ဖြစ်ပေသည်။
ထို့နောက် အခြား လူတစ်ယောက်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဈေးထပ်တိုးလိုက်သည်။
"အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်သုံးရာ"
စုယွီ အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်လေ၏။
"အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင့်ငါးရာ"
သူ့မျက်နှာချင်းဆိုင်ရှိ ထျဲထုန်ရှန်း၊ လူကြီးနှင့် မိန်းကလေးငယ်တို့သည် စုယွီကို အံ့သြတကြီး လှမ်းကြည့်လိုက်ကြ၏။ သူတို့သည် စုယွီအကြောင်း စုံစမ်းထားပြီး ဖြစ်ရာ... သူသည် ယွင်ကျန်းဂိုဏ်း လက်အောက်ခံ မိသားစုငယ်လေး တစ်ခု၏ အကြီးအကဲ တစ်ဦးမျှသာ ဖြစ်ကြောင်း သိထားကြ၏။
ထိုမိသားစုတွင် အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါးမျှပင် မရှိချေ။
ထိုကဲ့သို့ အားနည်းသော မိသားစုက မိုးကြိုးဝါး တစ်ခုအတွက် အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်ငါးရာ ပေးရဲသည် ဟုတ်လား။
ထျဲထုန်ရှန်းသည် စုယွီက ဈေးကို တမင်သက်သက် မြှင့်တင်နေခြင်း လောဟု မေးမြန်းချင်သော်လည်း... ယခင်က ပဋိပက္ခ ဖြစ်ဖူးသည်ကို ပြန်လည် တွေးတောမိပြီး နောက်ဆုံးတွင် ဆက်လက် ဈေးမပြိုင်တော့ရန် ဆုံးဖြတ်လိုက်လေသည်။
သူ၏ မိသားစု အနေဖြင့် ထိုပစ္စည်း တစ်ခုတည်းကို မရမဖြစ် လိုအပ်နေသည်တော့ မဟုတ်ပေ။ ထို့ကြောင့် သူ နောက်ဆုတ်လိုက်ခြင်း ဖြစ်၏။
အရှင်သခင် လေ့ထင်းသည် စုယွီဘက်သို့ လှည့်ကာ ပြုံးပြီး ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်... တာအိုမိတ်ဆွေလေး... ဒီ မိုးကြိုးဝါးက ခင်ဗျားအပိုင် ဖြစ်သွားပါပြီ"
စုယွီသည် အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး တစ်ထောင်ငါးရာ့ တစ်ဆယ်ကို ထုတ်ယူကာ အရှင်သခင် လေ့ထင်းအား ပေးအပ်လိုက်သည်။
ထိုအထဲမှ ကျောက်တုံး ဆယ်တုံးမှာ ကုန်သွယ်မှု အခွန်အခ ဖြစ်ပေသည်။
အရှင်သခင် လေ့ထင်းက လက်ညှိုးဖြင့် ညွှန်လိုက်ရာ... သူ၏ ရှေ့တွင် ဝဲပျံနေသော မိုးကြိုးဝါးသည် မျက်စိတစ်မှိတ် အတွင်း စုယွီ၏ ရှေ့မှောက်သို့ ရောက်ရှိသွားလေတော့သတည်း။