အခန်း (၂၃၉-၂၄၀)
Vol. 24 Ch. 239-240
အခန်း ၂၃၉ - ဦးဦးဖျားဖျား အသာစီးရယူခြင်း
"ခင်... ခင်ဗျားတို့... ကျွန်တော်တို့ သိသမျှ အကုန်ပြောပြပြီးပါပြီ ကျွန်တော်တို့ စကားထဲမှာ မုသားတစ်စက်မှ မပါပါဘူး အခု ခင်ဗျားတို့ ရှာနေတဲ့သူကိုလည်း တွေ့ပြီဆိုတော့ ကျွန်တော်တို့ကို သွားခွင့်ပြုလို့ မရဘူးလားဗျာ"
ကပ္ပတိန်က ခါးသီးသော အပြုံးဖြင့် ဆိုသည်။
ဖန့်ချန်နှင့် လမ်းခွဲပြီးနောက် မကြာမီမှာပင် သူတို့သည် ပင်လယ်နဂါးဂိုဏ်း တပည့်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ယခုအခါ သူတို့သည် ပင်လယ်နဂါးဂိုဏ်းကိုရော ဖန့်ချန်ကိုပါ ရန်မစလိုတော့ဘဲ ထိုကိစ္စထဲမှသာ အမြန်ဆုံး လွတ်မြောက်ချင်နေကြသည်။
"ဟုတ်ပါတယ် အဲဒီလူက ဟိုသင်္ဘောပေါ်မှာ ရှိပါတယ် ခင်ဗျားတို့ သူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်မှာပါ ကျုပ် တို့ကို ဒီမှာ ဆက်ထားစရာ အကြောင်းမရှိတော့ပါဘူး"
ဟု နောက်ထပ် ကျင့်ကြံသူတစ်ဦးက ဆိုသည်။
"ကျွန်... ကျွန်တော် ဝိညာဉ်သားရဲတောင်ကြား က မိတ်ဆွေတစ်ယောက်ဆီ သွားစရာ ရှိသေးလို့ပါကျွန်တော်တို့ကို သွားခွင့်ပြုပါဦး..."
ကျန်ရှိနေသော ကျင့်ကြံသူများကလည်း တစ်ယောက်တစ်ပေါက် ဝိုင်းဝန်း တောင်းပန်ကြတော့သည်။
အသက်လတ်ပိုင်း အမျိုးသားနှင့် မိန်းကလေးငယ်လေးသာ တိတ်ဆိတ်နေကြသည်။
သူတို့သည် တောင်းပန်တိုးလျှိုးနေသည့် လူအုပ်ထဲတွင် အလွန်ငြိမ်သက်နေသဖြင့် မည်သည့်ကျင့်ကြံသူမှ သူတို့ကို သတိမထားမိကြပေ။
"ဝိညာဉ်သားရဲတောင်ကြားက မိတ်ဆွေဆီ သွားမယ် ဟုတ်လား"
ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသော မျက်လုံးတစ်ဖက်လပ် ကျင့်ကြံသူက ခပ်ပြုံးပြုံးဖြင့် ထိုကျင့်ကြံသူကို ကြည့်လိုက်သည်။
"ဘာလဲ ဝိညာဉ်သားရဲတောင်ကြား နာမည်ကို ပြောလိုက်ရင် ငါတို့က ကြောက်သွားမယ် ထင်နေတာလား ငါတို့ ပင်လယ်နဂါးဂိုဏ်း ရှေ့မှာ ဝိညာဉ်သားရဲတောင်ကြားဆိုတာ ဘာမို့လို့လဲ အဲဒါက မီးတောက်အင်ပါယာရဲ့ ထိပ်တန်းဂိုဏ်း ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ငါတို့ ပင်လယ်နဂါးဂိုဏ်း မျက်လုံးထဲမှာတော့ ဘာမှ မဟုတ်ဘူး"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဝိညာဉ်သားရဲတောင်ကြားက ပင်လယ်နဂါးဂိုဏ်းကို လုံးဝ မယှဉ်နိုင်ပါဘူးကျွန်တော် စကားမှားသွားတာပါ"
ထိုကျင့်ကြံသူက ငြင်းခုံလိုစိတ် မရှိဘဲ ချက်ချင်း ဝန်ခံလိုက်သည်။
မျက်လုံးတစ်ဖက်လပ် ကျင့်ကြံသူ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။
"မင်းတို့တွေ သခင်လေး သေဆုံးမှုနဲ့ ဘာမှမပတ်သက်သရွေ့ ငါတို့ မင်းတို့ကို ဒုက္ခမပေးပါဘူးဒါပေမဲ့ ပါးစပ်ပြောနဲ့တော့ မရဘူး တကယ့် တရားခံကို ဖမ်းမိတဲ့အထိ စောင့်ကြည့်ရဦးမယ် အဲဒီကျမှ မင်းတို့ အပြစ်မရှိတာ သက်သေပြနိုင်မှာ"
ဖမ်းဆီးခံထားရသူများ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
သူတို့မှာ ထိုကိစ္စထဲသို့ အလွန် နက်ရှိုင်းစွာ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ထဲမှ အချို့မှာ ဖန့်ချန်အပေါ် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေကြသည်။
တကယ်လို့ ဖန့်ချန်သာ မရှိလျှင် သူတို့သည် မီးတောက် အင်ပါယာသို့ ဘေးကင်းစွာ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုမူ ပင်လယ်နဂါးဂိုဏ်း၏ အကျဉ်းသားများကဲ့သို့ နှစ်လတိုင်တိုင် ဖမ်းဆီးခံထားရသည် မဟုတ်ပါလား။
ထိုအချိန်တွင် ကုန်းပေါ်ရှိ ကျင့်ကြံသူ အများအပြားမှာလည်း အဝေးမှ ထူးခြားမှုကို သတိထားမိနေကြပြီ ဖြစ်သည်။
အချို့က ဖန့်ချန် မောင်းနှင်လာသော မြွေအဆင့် သင်္ဘောနှင့် ၎င်းနောက်မှ လိုက်လာသော ပင်လယ်နဂါးဂိုဏ်း၏ သင်္ဘောကြီး သုံးစီးကို မှတ်မိကြသည်။
သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားပြီးနောက် အမျိုးသမီး ကျင့်ကြံသူ တစ်ဦးသည် နောက်လိုက် ဆယ်ဦးကျော်နှင့်အတူ ဆိပ်ကမ်းသို့ ရောက်ရှိလာကာ အဝေးသို့ ငေးကြည့်လိုက်သည်။
"သခင်မလေး အဲဒါတွေက ပင်လယ်နဂါးဂိုဏ်းရဲ့ သင်္ဘောတွေ အစစ်ပဲ"
ဟု အဘိုးအိုတစ်ဦးက တိုးတိုးလေး ဆိုသည်။
"ပင်လယ်နဂါးဂိုဏ်းက ငါတို့ ပိုင်မိသားစု ဆိပ်ကမ်းကို လာခဲပါတယ် သူတို့ ရုတ်တရက် ရောက်လာတာမှာ အကြောင်းရင်း တစ်ခုခု ရှိရမယ် ဟိုသင်္ဘောကို ကြည့်ဦး အဲဒါ ပင်လယ်နဂါးဂိုဏ်းရဲ့ မြွေအဆင့်သင်္ဘောပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ပညာရှင်တစ်ယောက် ရောက်လာတာများလား"
ဟု လူငယ်ကျင့်ကြံသူတစ်ဦးက တည်ကြည်သော မျက်နှာဖြင့် ဆိုသည်။
ဤဆိပ်ကမ်းမှာ ထင်ရှားသော ကျင့်ကြံသူမိသားစုဖြစ်သည့် ပိုင်မိသားစု ပိုင်ဆိုင်ခြင်း ဖြစ်သည်။
စောစောက အမျိုးသမီးမှာ ပိုင်မိသားစု၏ ဆက်ခံသူ ပိုင်ချန်ချန် ပင် ဖြစ်သည်။
ဂိုဏ်းချုပ်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့် ဘိုးဘေးကြီး မှလွဲ၍ ပိုင်ချန်ချန်သည် ပိုင်မိသားစု၏ အရေးကိစ္စအတော်များများကို စတင် စီမံခန့်ခွဲနေပြီဖြစ်ရာ ထိုဆိပ်ကမ်းမှာ သူတို့၏ အကြီးမားဆုံးနှင့် အရေးအပါဆုံးသော ပိုင်ဆိုင်မှု ဖြစ်သည်။
မည်သည့်သင်္ဘောမျိုး ဆိုက်ကပ်သည်ဖြစ်စေ ပိုင်မိသားစုကို ဝိညာဉ်ကျောက်တုံး အချို့ ပေးဆောင်ရသည်။
ထို့အပြင် ပင်လယ်ထဲမှ ရရှိသော ရတနာများနှင့် သားရဲဝိညာဉ်အမြုတေများကို ကျင့်ကြံသူများသည် ဤဆိပ်ကမ်းတွင် လာရောက်ရောင်းချလေ့ရှိရာ ၎င်းမှာ ပိုင်မိသားစု၏ အဓိက အကျိုးအမြတ် ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော ဆိပ်ကမ်းများစွာ ရှိနေသဖြင့် ပင်လယ်နဂါးဂိုဏ်းရှေ့တွင်မူ ပိုင်မိသားစုမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်လှသည်။
ပင်လယ်နဂါးဂိုဏ်းက သူတို့ကို အထင်သေးသောကြောင့် ယခင်က မည်သည့် ပတ်သက်မှုမှ မရှိခဲ့ဖူးပေ။
ယနေ့တွင် ပင်လယ်နဂါးဂိုဏ်း သင်္ဘောများ ရုတ်တရက် ပေါ်လာခြင်းက ပိုင်မိသားစုဝင်များကို စိုးရိမ်ပူပန်စေသည်မှာ သဘာဝပင်။
"သခင်မလေး ဘိုးဘေးကြီးကို ထွက်လာဖို့ အကြောင်းကြားသင့်သလား"
အဘိုးအိုက တီးတိုးမေးသည်။
ပိုင်ချန်ချန်က ခေတ္တမျှ စဉ်းစားပြီးမှ ခေါင်းခါလိုက်သည်။
"မလိုသေးပါဘူး ဘိုးဘေးကြီးက တရားအားထုတ်နေတာ အချိန်မတန်ဘဲ ထွက်လာရင် သူ့ရဲ့ ကျင့်ကြံမှုကို ထိခိုက်လိမ့်မယ်"
ခဏအကြာတွင် သူက ဆက်ပြောသည်။
"သူတို့ကို ဆိုက်ကပ်ခွင့် ပေးလိုက်ပါ ဆိုက်ကပ်လာရင် သူတို့ ဘာလို့ ရောက်လာတာလဲဆိုတာ ငါတို့ သိရမှာပါ ငါတို့ဘက်က တတ်နိုင်သမျှ အလိုက်အထိုက် နေပေးကြတာပေါ့"
ထိုစကားကြောင့် ဆိပ်ကမ်းရှိ ကျင့်ကြံသူအားလုံးမှာ တိတ်ဆိတ်စွာဖြင့် ဝင်လာမည့် သင်္ဘောများကို စောင့်ကြည့်နေကြသည်။
ဆိပ်ကမ်းတစ်ခုလုံး အချိန်များ ရပ်တန့်သွားသကဲ့သို့ ငြိမ်သက်နေပြီး လူတိုင်းက လုပ်လက်စ အလုပ်များကို ချထားကာ စောင့်ဆိုင်းနေကြသည်။
ဖန့်ချန်သည် ခဏမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
ဓားငယ်လေး သည် ငွေရောင်လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအသိ များနှင့်အတူ သူ၏နောက်မှ လိုက်လာသော သင်္ဘောကြီးတစ်စီးထံသို့ ပျံသန်းသွားတော့သည်။
"သူက အရင် စတိုက်ရဲတယ်ပေါ့"
မျက်လုံးတစ်ဖက်လပ် ကျင့်ကြံသူမှာ အနည်းငယ် အံ့ဩသွားသော်လည်း ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"အဲဒီဓားကို တားကြ"
ဝိညာဉ်ရတနာ ပေါင်းများစွာ ပျံတက်လာပြီး ဓားငယ်လေးကို ကြားဖြတ်တားဆီးရန် ကြိုးစားကြသည်။
အမှိုက်တွေ
ဖန့်ချန်သည် ဓားငယ်လေးဆီမှ ထိုစကားလုံးကို ကြားလိုက်ရသကဲ့သို့ ခံစားရသည်။
၎င်း၏ အသံတွင် အထင်သေးလှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် လမ်းကြောင်းပေါ်ရှိ ဝိညာဉ်ရတနာအားလုံးကို တစ်ခုပြီးတစ်ခု ရိုက်ခွဲပစ်လိုက်ပြီး မျက်လုံးတစ်ဖက်လပ် ကျင့်ကြံသူ၏ ဦးခေါင်းကို မတားဆီးနိုင်သော စွမ်းအားဖြင့် ဖောက်ထွက်သွားတော့သည်။
အခြားသင်္ဘောနှစ်စီးပေါ်မှ ကျင့်ကြံသူများမှာ ထိတ်လန့်မှုနှင့်အတူ ဒေါသများ တလိပ်လိပ် တက်လာကြသည်။
မျက်လုံးတစ်ဖက်လပ် ကျင့်ကြံသူမှာ မိမိကိုယ်ကိုယ် ကာကွယ်ရန် ဝိညာဉ်အကာအကွယ်ကို ထုတ်ထားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်ပျောက်သွားခဲ့ရသည်။
ဓားငယ်လေးမှာ သူ့ကို သတ်ပြီးနောက် ဖန့်ချန်၏ ဘေးသို့ ချက်ချင်း ပြန်ရောက်လာသည်။
ထိုတစ်ချက်တည်းသော တိုက်ခိုက်မှုမှာ ဝိညာဉ်ရတနာ ခုနစ်ခု၊ ရှစ်ခုခန့်ကို ဖျက်ဆီးပစ်ခဲ့ရုံသာမက အဆင့် ၁၂ ကျင့်ကြံသူ၏ အကာအကွယ်ကို ဖောက်ပြီး သတ်ပစ်နိုင်ခဲ့သည်။
ဖန့်ချန် ကုန်ဆုံးလိုက်သော ဝိညာဉ်စွမ်းအင်များမှာလည်း လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ပြိုင်ဘက်များမှာ ချက်ချင်း ပြန်မတိုက်ရဲကြပေ။
ဖန့်ချန်၏ ယခင်တိုက်ခိုက်မှုမှာ ဓားကျင့်ကြံသူ တစ်ဦး၏ ပုံစံနှင့် လုံးဝ တူညီနေသောကြောင့် ဖြစ်သည်။
ဓားကျင့်ကြံသူ ဆိုသော စကားလုံးနှစ်လုံးမှာပင် ကျင့်ကြံသူများကို ခြောက်လှန့်ရန် လုံလောက်လှသည်။
၎င်းမှာ ဖန့်ချန် အသုံးချလိုသော အရှိန်အဝါ ပင် ဖြစ်သည်။
တစ်ဖက်လူက ရုတ်တရက် မလှုပ်ရှားရဲသရွေ့ ဖန့်ချန်အတွက် ဝိညာဉ်စွမ်းအင် အပြည့်ပြန်ဖြည့်ရန် အချိန်လုံလောက်သွားပေလိမ့်မည်။
"သံတမန် လီထျန်းလျို အသတ်ခံလိုက်ရပြီ"
ပင်လယ်နဂါးဂိုဏ်း ကျင့်ကြံသူများသည် မယုံနိုင်စွာဖြင့် အချင်းချင်း ကြည့်လိုက်မိကြသည်။
အဆင့် ၁၂ ကျင့်ကြံသူများမှာ ဦးရေခွံများ ထုံကျင်သွားသကဲ့သို့ ခံစားရသည်။
အကယ်၍ စောစောက ရှေ့ဆုံးမှာ လီထျန်းလျို မဟုတ်ဘဲ သူတို့သာဆိုလျှင် ယခု သေနေသူမှာ သူတို့ ဖြစ်ပေလိမ့်မည်။
ဆယ်စုနှစ်ချီ ကျင့်ကြံခဲ့သမျှမှာ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပျောက်ဆုံးသွားနိုင်သည် မဟုတ်ပါလား
ကပ္ပတိန်နှင့် အခြား အကျဉ်းသားများ ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာများ ပြာနှမ်းသွားကြသည်။
ဖန့်ချန် ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
အဆင့် ၁၂ ကျင့်ကြံသူတစ်ဦးကိုပင် လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် သတ်ပစ်နိုင်ခဲ့သည်။
"ဓားကျင့်ကြံသူတွေက တကယ့် အရူးတွေပဲ သူတို့က ဘီလူးသတ္တဝါတွေ သူက ချီသန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတာကို ဒီလောက် အားကောင်းတဲ့ စွမ်းအား ရှိနေတယ်"
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်သည်။
ပိုင်မိသားစု ဆိပ်ကမ်းတွင် ပိုင်ချန်ချန်၏ မျက်နှာမှာ ဆွံ့အလျက် ရှိနေသည်။
"ခုနက ဘာဖြစ်သွားတာလဲ"
အဘိုးအို၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။
သူက တုန်လှုပ်မှုကို ထိန်းချုပ်ရင်း ဆိုလိုက်သည်။
"သခင်မလေး တစ်ခုခုတော့ မှားနေပြီ မြွေအဆင့် သင်္ဘောပေါ်က လူက ဓားတစ်ချက်တည်းနဲ့ အဆင့် ၁၂ ကျင့်ကြံသူကို သတ်လိုက်တာ"
အခြား ပိုင်မိသားစု ကျင့်ကြံသူများမှာလည်း မှင်တက်နေကြပြီ ဖြစ်သည်။
အဆင့် ၁၂ ကျင့်ကြံသူ တစ်ဦးမှာ ထိုမျှ ပေါ့ပေါ့တန်တန်နှင့် အလွယ်တကူ သေဆုံးသွားသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ပိုင်မိသားစု ဆိပ်ကမ်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ပိုင်ချန်ချန်က ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
"ပင်လယ်နဂါးဂိုဏ်းက လူရှေ့မှာ အချင်းချင်း ပြန်သတ်မှာ မဟုတ်ဘူး အဲဒီသင်္ဘောတွေထဲက တစ်စီးစီးဟာ အလုခံထားရတာ ဖြစ်ရမယ်"
အဘိုးအိုက ခေါင်းညိမ့်သည်။ သူလည်း ထိုကဲ့သို့ပင် ခန့်မှန်းမိသည်။
သို့သော် ပိုင်မိသားစုအနေနှင့် ထိုကိစ္စတွင် ဝင်ပါ၍ မရပေ။ သူတို့ ဘေးကနေသာ ကြည့်နေနိုင်သည်။
ပင်လယ်နဂါးဂိုဏ်းကို ရန်မူရဲသော ကျင့်ကြံသူမှာ အလွန်အင်အားကြီးသူ ဖြစ်ရမည်။
အနည်းဆုံးတော့ ပိုင်မိသားစု အပြစ်ပြုရဲသော အဖွဲ့အစည်း မဟုတ်ပေ။ စောစောက ဓားချက်က သူ့ကို ဒဏ္ဍာရီတစ်ခုအား သတိရသွားစေခဲ့သည်။
လူတိုင်း၏ ထိတ်လန့်မှုမှာ အထွတ်အထိပ်သို့ ရောက်နေချိန်တွင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်မှာ ပြန်လည် ပြည့်ဖြိုးသွားပြီ ဖြစ်ရာ သူ၏ ဓားကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူသည် လူကို မသတ်ဘဲ သင်္ဘောတစ်စီးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
သင်္ဘောအပျက်အစီးများမှာ ပင်လယ်ထဲသို့ ပြန့်ကျဲသွားပြီး ကျင့်ကြံသူ အုပ်စုလိုက်မှာ ရေထဲသို့ ခုန်ဆင်းကာ ကျန်သည့် သင်္ဘောနှစ်စီးဆီသို့ အပြေးအလွှား ကူးခတ်သွားကြတော့သည်။
အဆင့် ၁၂ ရှိသော ကျင့်ကြံသူတစ်ဦးက ဖန့်ချန်ကို အော်ဟစ်လိုက်သည်။
"မင်းက ငါတို့နဲ့ သေရာပါ ရန်ငြိုးဖွဲ့ဖို့ တကယ် ဆုံးဖြတ်ထားတာလား"
ထိုစကားကြောင့် ပိုင်ချန်ချန်နှင့် အခြားသူများမှာ အခြေအနေကို သဘောပေါက်သွားကြသည်။
အလုခံရသည့် သင်္ဘောမှာ မြွေအဆင့် သင်္ဘောဖြစ်ပြီး ထိုဓားကို ကိုင်ဆောင်ထားသူမှာ ပင်လယ်နဂါးဂိုဏ်းမှ လူမဟုတ်ကြောင်း သေချာသွားပြီ ဖြစ်သည်။
အခန်း ၂၄၀ - ဆုတ်ခွာခြင်း
"ဘယ်သူလဲဟ သူက ပင်လယ်နဂါးဂိုဏ်း ကျင့်ကြံသူတွေကို သတ်ရဲတယ်လား"
"သတ်ရုံတင်မကဘူး သူတို့ရဲ့ မြွေအဆင့် ရတနာသင်္ဘောကိုပါ လုယူထားတာ အဲဒီလိုသင်္ဘောမျိုး ပင်လယ်နဂါးဂိုဏ်းမှာတောင် အနည်းငယ်ပဲ ရှိတာ တစ်စီးချင်းစီမှာ ဝိညာဉ်တံဆိပ် ၃၆ ခုစီ ပါတယ်"
"ရှူး..."
ပိုင်မိသားစု ဆိပ်ကမ်းတွင် တီးတိုးပြောဆိုသံများ လွှမ်းမိုးသွားသည်။
ကျင့်ကြံသူအားလုံး၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်။
ဤနေရာတွင် ပင်လယ်နဂါးဂိုဏ်းကို ရန်မူရဲသူ ရှိလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။
ပင်လယ်နဂါးဂိုဏ်း ကျင့်ကြံသူများ၏ ခြိမ်းခြောက်မှုကို ဖန့်ချန်က ပြတ်သားစွာပင် တုံ့ပြန်လိုက်သည်။
ဓားငယ်လေး သည် အလင်းတန်းတစ်ခုအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး သူ့ကို အော်ဟစ်ခဲ့သော ကျင့်ကြံသူကို သတ်ဖြတ်ကာ ဖန့်ချန်၏ဘေးသို့ ပြန်ရောက်လာသည်။
ပင်လယ်နဂါးဂိုဏ်းသားများသည် လတ်လတ်ဆတ်ဆတ် အလောင်းကို ကြည့်ကာ စကားတစ်လုံးမျှ မဟနိုင်ဘဲ မှင်တက်နေကြသည်။
ထို့နောက် ဧရာမ အနက်ရောင်သင်္ဘောကြီးက သူတို့ထံသို့ ဦးတည်လှည့်လာသည်ကို မြင်သောအခါ သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားကြသည်။
မကြာမီမှာပင် သင်္ဘောကြီးသည် သူတို့ရှေ့သို့ ရောက်ရှိလာသည်။
"မင်းတို့ ပင်လယ်နဂါးဂိုဏ်း ကျင့်ကြံသူတွေက မင်းတို့ရဲ့ အစွမ်းကို ပြကြဦးမလား ဒါမှမဟုတ် ဒီအတိုင်း ရပ်ပြီး အာချောင် နေကြဦးမှာလား တိုက်မှာလား မတိုက်ဘူးလား"
ဖန့်ချန်က ကျန်ရှိနေသော အဆင့် ၁၂ ကျင့်ကြံသူ ခြောက်ဦးကို ကြည့်ကာ ခပ်ပြုံးပြုံး မေးလိုက်သည်။
ခြောက်ဦးသား အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် ကြောက်စိတ်များ ဖုံးလွှမ်းနေသည်။
သူတို့မှာ မည်သို့လျှင် တိုက်ခိုက်ရဲသည့် သတ္တိ ရှိပါတော့မည်နည်း အဆင့် ၁၂ ပညာရှင် နှစ်ဦးမှာ မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။
သူတို့သာ လှုပ်ရှားလိုက်လျှင် နောက်ထပ် အသတ်ခံရမည့်သူမှာ သူတို့ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝေခွဲမရ ဖြစ်နေသူများထဲမှ တစ်ဦးက သတ္တိမွေး၍ စကားစလိုက်သည်။
"မင်း ငါတို့ရဲ့ ဂိုဏ်းချုပ်သားကို သတ်လိုက်တယ်"
ဖွတ်
သူ စကားမဆုံးခင်မှာပင် ဓားငယ်လေးက သူ၏ နဖူးကို ဖောက်ထွက်သွားတော့သည်။
"ဓားကျင့်ကြံသူ သူက ဧကန်မုချ ဓားကျင့်ကြံသူပဲ"
ကျန်ရှိနေသော အဆင့် ၁၂ ကျင့်ကြံသူ ငါးဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ကျန်ရှိသည့် ဂိုဏ်းသားများမှာလည်း တိတ်ဆိတ်သွားကြသည်။
သူတို့၏ ကျင့်ကြံသူဘဝတစ်လျှောက်တွင် ထိုကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမှ မကြုံဖူးပေ။
ယခင်က သူတို့တွေ့ဖူးသမျှ အဆင့် ၁၂ ပညာရှင်များပင်လျှင် သူတို့ဂိုဏ်းနာမည် ကြားလိုက်သည်နှင့် ရိုရိုသေသေ ဆက်ဆံကြစမြဲ ဖြစ်သည်။
ရွှေအမြုတေအဆင့် ဘိုးဘေးကြီး ရှိနေသည့် ပင်လယ်နဂါးဂိုဏ်းကို မည်သူက ရန်စရဲမည်နည်း။
သို့သော် ယခုမူ ရှေ့မှ ဓားကျင့်ကြံသူမှာ မည်သည့် ဝန်လေးမှုမှ မရှိပေ။
သူသည် ပင်လယ်နဂါးဂိုဏ်းကို လုံးဝ ကြောက်ရွံ့ပုံမရ။
ဂိုဏ်းချုပ်သားကို သတ်ရုံတင်မကဘဲ အဆင့် ၁၂ ပညာရှင် သုံးဦးကိုလည်း တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်တိုက် သတ်ဖြတ်ပြခဲ့သည်။
အကျဉ်းသားများမှာလည်း ခေါင်းငုံ့ထားကြပြီး ဖန့်ချန်၏ အကြည့်နှင့်ပင် မဆုံရဲကြတော့ပေ။
"စကားတွေ အပိုမပြောနဲ့တော့ တိုက်မှာဆိုရင်လည်း တိုက်လိုက်ကြလေ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
သူတို့ ဓားကျင့်ကြံသူတစ်ယောက်နဲ့ လာတိုးတာကိုး ဒီဓားကျင့်ကြံသူတွေက တကယ့် အရူးတွေပဲ ငါတို့ ဘိုးဘေးကြီးတောင် ဒီလူတွေကို ရန်စချင်မှာ မဟုတ်ဘူး။
သူ့နောက်ကွယ်မှာ ဘယ်လို အရူးမျိုး ရှိနေမလဲ ဘယ်သူ သိမှာလဲ
"ငါတို့ ဆုတ်ကြမလား ဒီကိစ္စကို ငါတို့ ကိုင်တွယ်လို့ မရဘူး"
"ဆုတ်ကြမယ်"
ခေါင်းဆောင်ဖြစ်သူ၏ ဆုံးဖြတ်ချက်ဖြင့် ကျန်ရှိနေသော အဆင့် ၁၂ ကျင့်ကြံသူများသည် သူတို့၏ သင်္ဘောများကို ချက်ချင်း လှည့်ကာ အရှက်တကွဲ ဆုတ်ခွာသွားကြတော့သည်။
ခြိမ်းခြောက်စကား တစ်လုံးမျှပင် မပြောရဲကြတော့ပေ။
ဖန့်ချန်သည် သူတို့ ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး သူ၏မျက်လုံးထဲတွင် အထင်သေးရိပ်များ ပြည့်နေသည်။
ထိုကျင့်ကြံသူများ မသိသည်မှာ တကယ်လို့ သူတို့သာ အသက်ကို ဖက်နဲ့မကပ်ဘဲ အားလုံးဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြလျှင် ဖန့်ချန်ကို အနိုင်ရရန် အခွင့်အရေး ရှိနိုင်သေးသည် ဆိုသောအချက်ပင်။
ပိုင်မိသားစု ဆိပ်ကမ်းတွင် ပိုင်ချန်ချန်နှင့် အခြားသူများသည် အချင်းချင်း ကြည့်လိုက်ကြပြီး လူတိုင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
ပင်လယ်ပြင်မှ တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်ခြင်း မရှိဘဲ တိုတောင်းပြီး အေးဆေးလှသည်ဟု ထင်ရသော်လည်း ၎င်းအတွင်းရှိ အန္တရာယ်ကို ကျင့်ကြံသူများသာ နားလည်နိုင်သည်။
အဆင့် ၁၂ ပညာရှင် သုံးဦးမှာ မျက်စိတစ်မှိတ်အတွင်း အသက်ဆုံးရှုံးခဲ့ရသည်။
ပင်လယ်နဂါးဂိုဏ်းအတွက် ထိုသည်မှာ ခံသာသော အရှုံးဖြစ်နိုင်သော်လည်း ပိုင်မိသားစုအတွက်မူ မိသားစု အခြေခံအုတ်မြစ်၏ ထက်ဝက်ခန့် ပျက်စီးသွားခြင်းနှင့် တူညီပေလိမ့်မည်
သူတို့ကို အကြောက်ဆုံး ဖြစ်စေသည်မှာ ပင်လယ်နဂါးဂိုဏ်း ကျင့်ကြံသူများက ခြိမ်းခြောက်စကားပင် မပြောရဲဘဲ တိုက်ရိုက် ထွက်ပြေးသွားခြင်းပင်။
၎င်းမှာ ပင်လယ်နဂါးဂိုဏ်း၏ ထုံးစံနှင့် လုံးဝ လွဲချော်နေသည်။
"သခင်မလေး... သူ... သူ ငါတို့ဆီကို မောင်းလာနေပြီ"
ပိုင်မိသားစု ကျင့်ကြံသူတစ်ဦးက ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
ပိုင်ချန်ချန်က တုန်လှုပ်မှုကို ထိန်းချုပ်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒါက ငါတို့ ပိုင်မိသားစုနဲ့ ဘာမှမဆိုင်ဘူး ပင်လယ်နဂါးဂိုဏ်းကိုရော ဒီလူကိုရော မပြစ်မှားမိပါစေနဲ့ ငါ့အထင်တော့ သူက ဒဏ္ဍာရီလာ ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်လိမ့်မယ်"
"ဓားကျင့်ကြံသူ"
သူတို့အားလုံး ထိတ်လန့်နေကြသော်လည်း စိတ်ဝင်စားမှုကိုမူ မထိန်းနိုင်ကြပေ။
မီးတောက်အင်ပါယာအတွင်းတွင် ဓားကျင့်ကြံခြင်း အမွေအနှစ် မရှိပေ။
ပဉ္စမအဆင့် အင်ပါယာများ၏ နယ်စပ်များတွင်သာ ဓားကျင့်ကြံသူ တစ်ဦးစ၊ နှစ်ဦးစကို တွေ့နိုင်ခြေ ရှိသည်။
အရူး တိုက်ခိုက်ရေးသမား နှင့် ဓားတစ်ချက်ဖြင့် နည်းစနစ်များ ကို ဖြိုခွဲခြင်း ဆိုသော စကားလုံးများက သူတို့၏ အာရုံထဲသို့ ရောက်ရှိလာသည်။
ဓားကျင့်ကြံသူများသည် တိုက်စစ်စွမ်းရည်တွင် အမြင့်ဆုံးအဆင့်၌ ရှိနေကြောင်း လူတိုင်း သိကြသည် မဟုတ်ပါလား။
အကြောက်စရာအကောင်းဆုံးမှာ ပြည့်စုံသော အမွေအနှစ်ရှိသည့် ဓားကျင့်ကြံသူပင် ဖြစ်သည်။
သူတို့၏ နောက်ကွယ်တွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစု ရှိနေမည်ကို မည်သူမှ မသိနိုင်ပေ။
"ကျွန်တော် အရင်က ကျင့်ကြံခြင်းလောကမှာ ခရီးသွားရင်း တစ်ခု ကြားဖူးခဲ့တယ်"
ပိုင်ချန်ချန်၏ ဘေးရှိ အဘိုးအိုက တည်ကြည်သော မျက်နှာဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နာမည်ကြီး အဆင့်၁ အင်ပါယာတစ်ခုမှာ ထိပ်တန်းဂိုဏ်းတစ်ခုကို ဓားကျင့်ကြံသူ တစ်သိန်းက လာရောက် တိုက်ခိုက်ခဲ့တယ်"
"တစ်ညတည်းနဲ့ အဲဒီဂိုဏ်းက မြေပြင်ကနေ ပျောက်ကွယ်သွားပြီး သူ့ရဲ့ အမွေအနှစ်တွေပါ အကုန် သုတ်သင်ခံလိုက်ရတယ်တဲ့"
ထိုမြင်ကွင်းကို စိတ်ကူးကြည့်မိရုံဖြင့် လူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။
"ဓားကျင့်ကြံသူ တစ်သိန်း"
ထိုအချိန်တွင် အနက်ရောင်သင်္ဘောကြီးမှာ ဆိပ်ကမ်းသို့ ဆိုက်ကပ်လိုက်ပြီ ဖြစ်သည်။
ပိုင်ချန်ချန်နှင့်အဖွဲ့မှာ ဖန့်ချန်ကို သွားရောက် နှုတ်ဆက်ရန် မဝံ့ရဲကြသလို မည်သည့် ကျင့်ကြံသူမှလည်း စကားသွားပြောရန် မရဲကြပေ။
သူတို့အားလုံးမှာ တိတ်ဆိတ်စွာ ရပ်ကြည့်နေကြရုံသာ ရှိသည်။
"ဒီသင်္ဘောက ငါ့အတွက် ဘာမှ အသုံးမဝင်တော့ဘူး သိုလှောင်လက်စွပ်ထဲလည်း ထည့်လို့မရဘူး ဒါကြောင့် မင်းကိုပဲ ပေးလိုက်မယ် ဒါကို စားပြီးရင် မင်း တစ်ခုခု ထူးခြားပြောင်းလဲလာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်"
ဖန့်ချန်က ဓားငယ်လေးကို ပြုံးလျက် ပြောလိုက်သည်။
ဓားငယ်လေးမှာ အလွန်ဝမ်းသာသွားပြီး ဧရာမ အနက်ရောင်သင်္ဘောကြီးကို ချက်ချင်း စတင် ဝါးမျိုတော့သည်။
သင်္ဘောကြီးတစ်ခုလုံးကို မရေမတွက်နိုင်သော ဝိညာဉ်ပစ္စည်းများနှင့် သတ္တုများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဓားငယ်လေး၏ ဝါးမျိုနှုန်းနှင့်ပင် ၎င်းကို အကုန်စားရန် ခွဲနေ့ခန့် ကြာပေလိမ့်မည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ခေတ္တအကြာတွင် ဖန့်ချန် သင်္ဘောပေါ်မှ ဆင်းလာခြင်း မရှိသေးသည်ကို မြင်သောအခါ ပိုင်ချန်ချန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သတ္တိမွေး၍ အချို့သူများကို ခေါ်ဆောင်ကာ သင်္ဘောဦးဆီသို့ သွားလိုက်သည်။
"ဟို... စီနီယာ..."
ပိုင်ချန်ချန်က တုံ့ဆိုင်းစွာ ခေါ်လိုက်သည်။
သင်္ဘောဦးသို့ ရောက်လာသော ဖန့်ချန်သည် ပိုင်ချန်ချန်နှင့် အဖွဲ့ကို အထက်မှ ငုံ့ကြည့်ကာ
"ဘာကိစ္စလဲ"
ဟု မေးလိုက်သည်။
သူ့ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အသက်ရှူမှားသွားကြသည်။
သူက ဒီလောက်တောင် ငယ်သေးတာလား
ပိုင်ချန်ချန်၏ မျက်နှာတွင် မည်သို့သော အမူအရာ ထားရမှန်း မသိဘဲ အမူအရာများ အမျိုးမျိုး ပြောင်းလဲနေသည်။ သူမက အလျင်အမြန် ဆိုလိုက်သည်။
"စီနီယာ ဒီမှာ ဆိုက်ကပ်ဖို့ စီစဉ်နေတာလားဟင်ကျွန်မက ဒီဆိပ်ကမ်းကို တာဝန်ယူထားတဲ့သူပါ"
"မင်း ပိုက်ဆံလိုချင်လို့လား ငါ ဒီသင်္ဘောကို ဒီမှာ ဆိုက်ကပ်ထားဖို့ စိတ်မကူးထားဘူး"
ဖန့်ချန်က ခပ်ပြုံးပြုံးဖြင့် ပြောသည်။
ပိုင်ချန်ချန်က လက်ကို အသည်းအသန် ခါယမ်းလိုက်သည်။
"မ... မဟုတ်ပါဘူး ပိုက်ဆံ မလိုပါဘူး"
လူတိုင်း သက်ပြင်းချလိုက်ကြသည်။
ဖန့်ချန်သာ ထို မြွေအဆင့် သင်္ဘောကို ဤနေရာတွင် မထားခဲ့လျှင် အနည်းဆုံးတော့ ပင်လယ်နဂါးဂိုဏ်းက ပိုင်မိသားစုပေါ် အငြိုးမထားနိုင်တော့ပေ။
ပိုင်ချန်ချန်သည် သတ္တိမွေးကာ ဖန့်ချန်နှင့် စကားအနည်းငယ် ပြောပြီးနောက် ရိုသေစွာ နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာခဲ့သည်။
သို့သော် သူတို့ အဝေးကြီး မသွားကြဘဲ အဝေးတစ်နေရာမှ ဖန့်ချန်၏ လှုပ်ရှားမှုများကို ဂရုတစိုက် စောင့်ကြည့်နေကြသည်။
တဖြည်းဖြည်းနှင့် သူတို့ ထူးခြားမှုတစ်ခုကို သတိထားမိလာသည်။
ပင်လယ်နဂါးဂိုဏ်း၏ မြွေအဆင့် ရတနာသင်္ဘောကြီးမှာ တဖြည်းဖြည်းနှင့် ပျက်စီးပျောက်ကွယ်လာနေခြင်းပင်
"ဒါကြောင့်ကိုး သူက ဒီသင်္ဘောကို ပင်လယ်နဂါးဂိုဏ်း ပြန်မရစေချင်သလို သူလည်း ယူသွားလို့ မရတော့ အကုန်လုံး ဖျက်ဆီးပစ်နေတာပဲ"
ပိုင်ချန်ချန်၏ ဘေးရှိ အဘိုးအိုက သဘောပေါက်သွားသည်။
လူအုပ်ကြီး၏ မျက်နှာများမှာ ထူးဆန်းသွားကြသည်။
သူတို့က စိတ်ထဲတွင် တကယ်ပဲ ဓားကျင့်ကြံသူဆိုတာ ပီသပါပေတယ်။
အငြိုးအတေးကို တစ်စက်မှ အကျန်မခံဘူးပဲ။
ဒီလိုလူမျိုးနဲ့တော့ ရန်သူ မဖြစ်ချင်စမ်းပါနဲ့ ဟု တွေးနေကြသည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက် အနက်ရောင် သင်္ဘောကြီးမှာ ဓားငယ်လေး၏ ဝါးမျိုခြင်းကို အကုန်အစင် ခံလိုက်ရပြီ ဖြစ်သည်။
ဝါးမျိုခြင်း ပြီးဆုံးသည်နှင့် ဓားငယ်လေး၏ အရှိန်အဝါမှာ ထူးထူးခြားခြား အားကောင်းလာပြီး ဖန့်ချန်၏ ကိုယ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားတော့သည်။
"ဖြည်းဖြည်းချင်း အစာခြေလိုက်တော့"
ဖန့်ချန်က အသာအယာ ရယ်မောလိုက်ပြီး လျိုမူကို ခေါ်ကာ လူအုပ်ကြီး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
"သခင်မလေး... ကျွန်တော်တို့"
ကျင့်ကြံသူတစ်ဦးက ဖြည်းဖြည်းချင်း စကားစသည်။
ပိုင်ချန်ချန်က သူ့ကို စိုက်ကြည့်လိုက်သည်။
"အဆင်ခြင်မဲ့ မဆုံးဖြတ်နဲ့ ငါတို့ နှစ်ဖက်လုံးကို အပြစ်မလုပ်ရဲဘူး ပင်လယ်နဂါးဂိုဏ်းက ကိုယ်စားလှယ်တွေ ရောက်လာရင် အမှန်အတိုင်းပဲ ပြောပြလိုက်"
"ဟုတ်ကဲ့"
ထိုကျင့်ကြံသူက အလျင်အမြန် ခေါင်းငုံ့လိုက်သည်။
သို့သော် ပိုင်ချန်ချန် သတိမထားမိလိုက်သည်မှာ ထိုသူ၏ အင်္ကျီလက်စွပ်အတွင်းမှ သေးငယ်သော ပိုးကောင်လေးတစ်ကောင် ပျံထွက်သွားပြီး ဖန့်ချန် ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လိုက်သွားခြင်းပင် ဖြစ်သည်