အခန်း (၂၅၁-၂၅၂)
Vol. 26 Ch. 251-252
လောကကိုးပါးမသေမျိုး
ဘာသာပြန် အရှင်ငယ်
အခန်း ၂၅၁ - ဗုဒ္ဓကို အနောက်အရပ်သို့ ပို့ဆောင်ခြင်း
"ကျူးယွဲ့ ချင်းကျိုးဓားဂိုဏ်းနဲ့ ပြဿနာကတော့ ပြေလည်သွားပြီထင်တယ် တခြားကိစ္စမရှိရင် ငါတို့နှစ်ယောက် ခွင့်ပြုဦးမယ်"
ဟု ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်က ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ဆိုလိုက်သည်။
လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်ကမူ ဘာမှမပြောသော်လည်း သူ၏ပုံစံမှာ သတိကြီးစွာ ထားနေပုံရသည်။
သူသည် ဖန့်ချန်ကို စိုးရိမ်တကြီး ကြည့်ကာ အသင့်ပြင်ထားသည်။
"ငါတို့ရဲ့ ပတ်သက်မှုကို ထောက်ထားပြီး ချင်းကျိုးဓားဂိုဏ်းရဲ့ စည်းရုံးမှုမှာ မင်းတို့ မပါလောက်ဘူးလို့ ငါထင်ခဲ့တာ ဒါပေမဲ့ ဒီနေ့ဖြစ်ရပ်ကတော့ ငါ့ကို တကယ့်ကို စိတ်ပျက်စေတယ်"
ဟု ဆရာမကြီးကျူးယွဲ့က အေးစက်သော အကြည့်ဖြင့် ပြောလိုက်သည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
"ကျူးယွဲ့ နင် ငါတို့ကို အထင်လွဲနေပြီ ငါတို့ ဒီလိုလုပ်တာက နောင်ကျရင် နင့်ရဲ့ လမင်းပုန်းကွယ်သီလရှင်ကျောင်း မီးတောက်အင်ပါယာမှာ ဒုက္ခမရောက်ရအောင်လို့ပါ"
သူမက ဆက်ပြောသည်။
"စဉ်းစားကြည့်လေ ချင်းကျိုးဓားဂိုဏ်းရဲ့ ခေါင်းဆောင်က အခြေခံတည်ဆောက်ခြင်းအဆင့်အလယ်ပိုင်းမှာ ရှိတာ တောင်ပိုင်းကောင်းကင်ဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲတွေတောင် သူ့ကို အလေးထားရတာလေ"
"တကယ်လို့ လမင်းပုန်းကွယ်သီလရှင်ကျောင်းက ချင်းကျိုးဓားဂိုဏ်းနဲ့ လုံးဝ ရန်သူဖြစ်သွားရင် မင်းတို့ မီးတောက်အင်ပါယာမှာ ဆက်ရပ်တည်နိုင်ပါ့ဦးမလား"
လင်းယုန်ပျံဂိတ်ခေါင်းဆောင်ကလည်း စကားထဲ ဝင်ပါလာသည်။
"ကျူးယွဲ့ ငါတို့ကို နားလည်ပေးလိမ့်မယ်လို့ တကယ် မျှော်လင့်ပါတယ်"
ဆရာမကြီးကျူးယွဲ့က ထိုစကားများကို ဘာမှပြန်မပြောဘဲ တစ်ခုသာ မေးလိုက်သည်။
"တကယ်လို့ ချင်းကျိုးဓားဂိုဏ်းက ငါ့ရဲ့ လမင်းပုန်းကွယ်သီလရှင်ကျောင်းကို တိုက်ခိုက်လာရင် မင်းတို့ နှစ်ယောက် ဘာလုပ်ကြမလဲ"
ထိုသူနှစ်ဦး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။ အဖြေတစ်ခု မှားလိုက်သည်နှင့် ဘေးဒုက္ခ ဆိုက်လာနိုင်သည်ကို သူတို့ သိထားကြသည်
သေချာ စဉ်းစားပြီးနောက် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်က ပါးစပ်ဟလိုက်သည်။
"ဒါကို ပြောနေဖို့ လိုဦးမလား ဘာပဲဖြစ်ဖြစ် ငါတို့က နင့် ဘက်ကပဲ အမြဲ ရပ်တည်မှာပါ"
လင်းယုန်ပျံဂိတ်ခေါင်းဆောင်ကလည်း
"ဟုတ်ပါတယ်"
ဟု ခေါင်းညိမ့်သည်။
ဆရာမကြီးကျူးယွဲ့က ဖန့်ချန်ဘက် လှည့်လိုက်သည်။
"သခင်လေးဖန့် ရန်ငြိုးတွေကို အမြစ်ကနေ ဆွဲနှုတ်ပစ်ရမယ် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်ကို ကျွန်မ ကိုင်တွယ်မယ် သခင်လေးကတော့ လင်းယုန်ပျံဂိတ်ခေါင်းဆောင်ကို ကူညီပြီး ရှင်းပေးပါ"
ထိုစကားများက ဂိုဏ်းချုပ်နှစ်ဦး၏ နားထဲသို့ ရောက်သွားသောအခါ သူတို့၏ စိတ်ဝိညာဉ်များပင် တုန်လှုပ်သွားတော့သည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်က ဒေါသတကြီး ပြန်ပြောသည်။
"ကျူးယွဲ့ ငါတို့ရဲ့ အရင်က ပတ်သက်မှုတွေကို မင်း နည်းနည်းလေးတောင် ဂရုမစိုက်တော့ဘူးလား"
လင်းယုန်ပျံဂိတ်ခေါင်းဆောင်မှာမူ စကားတစ်ခွန်းပင် မပြောဘဲ ဖန့်ချန်ကို ခုခံရန် အသင့်ပြင်ထားသည်။
ဖန့်ချန်က ယောင်တန်းကို မည်သို့ သတ်ခဲ့သည်ကို သူမြင်ထားပြီး ဖြစ်ရာ ဖန့်ချန်သည် ဓားကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေ အလွန်များကြောင်း သူ သံသယဝင်နေသည်။
"ပတ်သက်မှု ဟုတ်လား အရင်ကတော့ ရှိကောင်းရှိခဲ့ပါလိမ့်မယ် ဒါပေမဲ့ ဒီနေ့ ဖြစ်ရပ်ကတော့ ငါတို့ရဲ့ သူငယ်ချင်းဆိုတာကို ဂရုမစိုက်တာဟာ နင် တို့ဆိုတာ ပြလိုက်တာပဲ"
ဆရာမကြီးကျူးယွဲ့က အေးစက်စွာ လှောင်ပြုံးပြလိုက်သည်။
ရုတ်တရက် သူမ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရေဓာတ် ဝိညာဉ်စွမ်းအင်များဖြင့် ပြုလုပ်ထားသော မြင်းမြီးယပ် တစ်ခုသည် ဟင်းလင်းပြင်တွင် ပေါ်လာကာ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်ဆီသို့ ဝှေ့ယမ်း တိုက်ခိုက်လိုက်တော့သည်။
ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်သည် ပေတစ်ရာခန့် နောက်သို့ ဆုတ်လိုက်သည်။
သူမအတွက် အခွင့်အရေး တစ်ခုတော့ ရှိသေးသည်။
ကျူးယွဲ့၏ လက်အောက်တွင် အသက်ရှင်အောင် နေနိုင်ပြီး ထွက်ပြေးရန် အခွင့်အရေး ရှာနိုင်လျှင် သူမ လွတ်မြောက်နိုင်သည်။
အခြားတစ်ဖက်တွင်မူ လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်အတွက်မူ အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသည်။
ထိုသူနှစ်ဦး ပို၍ ဝေးကွာသွားသည်ကို မြင်သောအခါ လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်က ဖန့်ချန်ကို ခါးသီးသော အပြုံးဖြင့် ကြည့်လိုက်သည်။
"မိတ်ဆွေ ငါတို့ကြားမှာ ရန်ငြိုးမရှိပါဘူး ငါ့ကို ထွက်ပေါက်တစ်ခု ပေးလို့ မရဘူးလား မဟုတ်ရင် ကံကြမ္မာ ရန်ငြိုးတွေ ဖြစ်လာပြီး နောင်ကျရင် ငါတို့ ဘေးဒုက္ခတွေ နဲ့ ကြုံလာရတဲ့အခါ မကောင်းဘူး ဖြစ်နေလိမ့်မယ်"
"ငါတို့ နှစ်ယောက်စလုံးက မသေမျိုးလမ်းစဉ်ရဲ့ အပေါ်ယံလေးကိုပဲ ထိရသေးတာ ဘာလို့ ဘေးဒုက္ခတွေအကြောင်း ပြောနေမှာလဲ ကိုယ့်နှလုံးသားအတိုင်းပဲ လိုက်ရမှာပေါ့ ကိုယ့်ကိုယ်ကိုယ် အမှားအယွင်း မရှိဘူးလို့ ခံစားနေရသရွေ့ ကျန်တာ ဘာမှ အရေးမကြီးပါဘူး"
ဟု ဖန့်ချန်က အသာအယာ ပြုံးရင်း ပြောလိုက်သည်။
ဖန့်ချန်၏ အမိန့်အတိုင်း ဓားငယ်လေးသည် စတင် လှုပ်ရှားလိုက်တော့သည်။
လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်သည် သူ၏ လျှို့ဝှက်လက်နက်များ အားလုံးကို သုံးကာ အသည်းအသန် ခုခံသည်။
သူသည် သူ၏ ဝိညာဉ်လက်နက်များကိုပါ စတေးပြီး တိုက်ခိုက်သည့် အခြေအနေအထိ ရောက်သွားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
အသက်ရှူအကြိမ် ၂၀ ခန့်အကြာတွင် သူသည် ကျဆုံးသွားခဲ့ရသည်။
လမင်းပုန်းကွယ်သီလရှင်ကျောင်းမှ သီလရှင်များ ထိုမြင်ကွင်းကို မြင်သောအခါ ဖန့်ချန်ကို လေးစားအားကျသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
သူတို့၏ ဆရာမကြီးပင်လျှင် တူညီသော အဆင့်ရှိသည့် ပညာရှင်တစ်ဦးကို ထိုမျှ ပေါ့ပေါ့ပါးပါး မကိုင်တွယ်နိုင်ခဲ့ချေ
သီလရှင် ချင်းဟယ်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
"သခင်လေးဖန့်ရဲ့ ကျင့်ကြံမှု တိုးတက်မှုက တကယ့်ကို ကြောက်စရာကောင်းတာပဲ"
ဆရာမကြီးကျူးယွဲ့နှင့် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်တို့ တိုက်ခိုက်နေတုန်း ဖန့်ချန်သည် သူ၏ တိုက်ပွဲရလဒ်များကို သွားရောက် သိမ်းဆည်းလိုက်သည်။
ထိုအရာများမှာ သိုလှောင်လက်စွပ် နှစ်ကွင်း ဖြစ်သည်။ တစ်ကွင်းမှာ ယောင်တန်း၏ လက်စွပ်ဖြစ်ပြီး နောက်တစ်ကွင်းမှာ လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်၏ လက်စွပ် ဖြစ်သည်။
ချင်းကျိုးဓားဂိုဏ်း တပည့်များထံမှ ရရှိသော ရတနာများကိုမူ ဆရာမကြီးကျူးယွဲ့ တိုက်ပွဲပြီးသည်အထိ ဖန့်ချန်က ဒီအတိုင်း ထားထားလိုက်သည်။
ယောင်တန်း၏ လက်စွပ်ထဲတွင် ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော်နှင့် ဝိညာဉ်တံဆိပ် ၁၆ ခု ပါဝင်သော ရတနာတစ်ခု ရှိသည်။
လင်းယုန်ပျံဂိုဏ်း ခေါင်းဆောင်၏ လက်စွပ်ထဲတွင်မူ ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော်နှင့် ဝိညာဉ်ဆေးပင်၊ ဆေးဝါးများစွာ ရှိသည်။
သူ၏ ရတနာများသည် တိုက်ပွဲအတွင်း ပျက်စီးသွားပြီ ဖြစ်သော်လည်း ဖန့်ချန်က ၎င်းတို့ကို ဓားငယ်လေးအား ကျွေးလိုက်သဖြင့် အရေးမကြီးတော့ပေ။
ဓားငယ်လေးသည် စားပြီးနောက် ကျေနပ်မသွားဘဲ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အခြားရတနာများကိုပါ မျက်စိကျနေသေးသည်။
ဖန့်ချန် ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ ငါတို့ ရလာတာတွေကို မခွဲရသေးလို့ပါ အခုတော့ ပြန်နားလိုက်ဦး"
ဓားငယ်လေးသည် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီး စားသုံးထားသော ရတနာများကို အေးအေးဆေးဆေး အစာခြေနေတော့သည်။
ဓားငယ်လေး၏ အရှိန်အဝါမှာ တဖြည်းဖြည်း မြင့်တက်လာသည်ကို ဖန့်ချန် သိသိသာသာ ခံစားရသည်။
၎င်း ပိုမို အစွမ်းထက်လာသည်နှင့်အမျှ ဓားနှင့် ပေါင်းစပ်ထားသော သူ၏ ခန္ဓာကိုယ်မှာလည်း ပိုမို တောင့်တင်း ကြံ့ခိုင်လာသည်
ဒါဟာ ဓားကျင့်ကြံသူတွေ ပြောလေ့ရှိတဲ့ ဓားခန္ဓာအခြေအနေ ဖြစ်ရမယ်။
ဓားကျင့်ကြံသူတွေဟာ သာမန်ကျင့်ကြံသူတွေထက် ပျမ်းမျှ သက်တမ်း ပိုတိုကြပေမဲ့ ဘာလို့ လူပေါင်းများစွာက ဒီလမ်းစဉ်ကို လိုက်ချင်နေကြတာလဲဆိုတာ မဆန်းတော့ဘူး ဟု ဖန့်ချန် တွေးမိသည်။
ဓားခန္ဓာ၏ အကျိုးကျေးဇူးများမှာ သိသာထင်ရှားလှသည်။
၎င်းတို့အနက် တစ်ခုမှာ ဓားအသွင်ပြောင်းခြင်း အတတ်ပညာ ဖြစ်သည်။
ကျင့်ကြံသူများသည် သွေးနှင့် အသားဖြင့် တည်ဆောက်ထားသူများ ဖြစ်ကြသည်။
ဝိညာဉ်စွမ်းအင် မရှိလျှင် သူတို့သည် သာမန်လူများကဲ့သို့ပင် အားနည်းကြသည်။
သို့သော် အထူးပြုလုပ်ထားသော ခန္ဓာကိုယ် လေ့ကျင့်ခန်းများကို ကျင့်ကြံသူများအတွက်မူ ၎င်းတို့၏ ခန္ဓာကိုယ်မှာ ပိုမို ကြံ့ခိုင်နိုင်စွမ်း ရှိကြသည်။
သို့သော် ခန္ဓာကိုယ် လေ့ကျင့်သည့် လမ်းစဉ် မှာ ဓားကျင့်ကြံခြင်းထက်ပင် ပို၍ ရှားပါးလှသည်။
နည်းစနစ်များ ရှားပါး၍ မဟုတ်ဘဲ မည်သည့် ကျင့်ကြံသူမှ သူတို့၏ ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ် ကြံ့ခိုင်အောင် လုပ်ရာတွင် မဖြုန်းတီးချင်သောကြောင့် ဖြစ်သည်။
ရိုးရှင်းစွာ ပြောရလျှင် ဝိညာဉ်စွမ်းအင်ကို မမြှင့်တင်ဘဲ ခန္ဓာကိုယ်ကိုသာ လေ့ကျင့်နေလျှင် သူတို့၏ ကျင့်ကြံမှုမှာ ရပ်တန့်သွားပေလိမ့်မည်။
ဝိညာဉ်စွမ်းအင် မလုံလောက်ဘဲ မသေမျိုး အကြောများကို မည်သို့ ဖွဲ့စည်းနိုင်မည်နည်း ထို့ပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ၊ ရွှေအမြုတေအဆင့် နှင့် ဝိညာဉ်သန္ဓေသားအဆင့် ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံမှုများသို့ တက်လှမ်းရန်အတွက် အခြေခံအဖြစ် အလွန်များပြားသော ဝိညာဉ်စွမ်းအင် ပမာဏ လိုအပ်သည် မဟုတ်ပါလား။
သို့သော် ဓားကျင့်ကြံသူတစ်ဦးမှာမူ ခြားနားသည်။
သူတို့၏ ဓားခန္ဓာသည် သူတို့ကို ခန္ဓာကိုယ် လေ့ကျင့်သူများထက် မနိမ့်သော ခန္ဓာကိုယ်မျိုး ရရှိစေသည်။
ကာကွယ်ရေးနှင့် တိုက်စစ်ပိုင်းတွင် သူတို့သည် ပြိုင်ဘက်ကင်းလှသည်။
ဓားငယ်လေးက ရတနာတွေ ပိုစားလေလေ ပိုပြီး အစွမ်းထက်လာလေလေပဲ။
တကယ်လို့ ဝိညာဉ်ပစ္စည်းတွေ လုံလုံလောက်လောက် ရှိမယ်၊ ဒါမှမဟုတ် ဝိညာဉ်ကျောက်တွင်း တစ်ခုခုကို ရှာပေးနိုင်မယ်ဆိုရင်တော့
ဖန့်ချန်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
ဓားငယ်လေးကို ရတနာများစွာ ကျွေးခြင်းဖြင့် ၎င်း၏ အစွမ်းကို မြှင့်တင်နိုင်ရုံသာမက သူ၏ ဓားခန္ဓာကိုလည်း ပိုမို အစွမ်းထက်လာစေမည် ဖြစ်သည်။
ထိုသည်မှာ သူနှင့် တူညီသော အဆင့်ရှိ ကျင့်ကြံသူများ၏ အစွမ်းကို အပြတ်အသတ် ကျော်လွန်ရန် ကူညီပေးလိမ့်မည်။
ဆရာမကြီးကျူးယွဲ့နှင့် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်တို့၏ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး သူတို့သည် အဝေးသို့ ပို၍ ရောက်သွားကြသဖြင့် သီလရှင် ချင်းဟယ်နှင့် အခြားသူများ မမြင်ရတော့ပေ။
"ဆရာမကြီး ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ် သခင်လေးဖန့်"
ဟု ချင်းဟယ်က တိုးတိုးလေး ရေရွတ်သည်။
ဖန့်ချန်က သူမကို ပြုံး၍ အားပေးလိုက်သည်။
"မင်းရဲ့ဆရာက ပညာရှိပြီး အမြော်အမြင် ရှိပါတယ် သူမ စတင် လှုပ်ရှားကတည်းက အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရဖို့ သေချာလို့ ဖြစ်မှာပါ"
ဖန့်ချန်၏ စကားကို ကြားမှ ချင်းဟယ်နှင့် အခြားသူများ သက်ပြင်းချနိုင်ကြတော့သည်။
နောက်ဆုံးတွင် နာရီဝက်ခန့် ကြာပြီးနောက် ဆရာကြီးကျူးယွဲ့ ပြန်ရောက်လာသည်။
သူမ၏ ခန္ဓာကိုယ်တွင် သွေးများ စွန်းထင်းနေသည်။
သူမ ရရှိထားသော ဒဏ်ရာအချို့မှာ အရိုးပေါ်သည်အထိ နက်သော်လည်း သူမသည် နာကျင်မှုကြောင့် မျက်နှာတစ်ချက်ပင် မပျက်ဘဲ ခံစားမှု ကင်းမဲ့နေသကဲ့သို့ ရှိနေသည်။
"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်က သူမရဲ့ ဝိညာဉ်လက်နက်တစ်ခုကို ဖောက်ခွဲပြီး ထွက်ပြေးသွားတယ်"
ဟု သူမက ဆိုသည်။
လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်၏ အလောင်းကို ကြည့်ရင်း ဆရာမကြီးကျူးယွဲ့၏ မျက်နှာတွင် အနည်းငယ် ရှက်ရွံ့သော အမူအရာ ပေါ်လာသည်။
ဂျူနီယာ ဖြစ်သူ ဖန့်ချန်က ယောင်တန်းနှင့် လင်းယုန်ပျံဂိုဏ်းခေါင်းဆောင်တို့ကို ကိုင်တွယ်နိုင်ခဲ့သော်လည်း သူမမှာမူ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းချုပ်၏ ဒဏ်ရာပေးခြင်းကို ခံလိုက်ရပြီး သူမကိုလည်း ဖမ်းမမိလိုက်ပေ။
သူမအနေဖြင့် တကယ့်ကို အရှက်ရနေမိသည်။
"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက ဒီကနေ ဘယ်လောက် ဝေးလဲ"
ဖန့်ချန်က မေးလိုက်သည်။
ဆရာမကြီးကျူးယွဲ့က ခေါင်းခါလျက်
"သူမ အခုချက်ချင်းတော့ ဂိုဏ်းကို ပြန်မှာ မဟုတ်ဘူး"
ဟု ဆိုသည်။
ဖန့်ချန် ရယ်မောလိုက်သည်။
"ဒါပေမဲ့ သူမရဲ့ ဂိုဏ်းကတော့ ထွက်ပြေးလို့ မရဘူးလေ ဂိုဏ်းကို သွားပြီးတော့ ရတနာတွေ ဒါမှမဟုတ် ဝိညာဉ်ကျောက်တွင်းတွေကို သွားပြီး သိမ်းယူလို့ ရတာပဲ"
ဆရာမကြီးကျူးယွဲ့ ခဏမျှ မှင်တက်သွားသော်လည်း ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိမ့်လိုက်သည်။
"အဆင်ပြေတဲ့ အချိန်ကျရင် ကျွန်မ လမ်းပြပေးပါ့မယ်"
ထို့နောက် သူတို့နှစ်ဦးသည် ကျန်ရှိသော ပစ္စည်းများကို ခွဲဝေလိုက်ကြသည်။
ဖန့်ချန်၏ သိုလှောင်လက်စွပ်ထဲတွင် ဓားငယ်လေးအတွက် မုန့်အဖြစ် သုံးနိုင်မည့် အဆင့်နိမ်ဝိညာဉ်ရတနာ အချို့ ထပ်တိုးလာသည်။
ကျန်ရှိသော သိုလှောင်လက်စွပ်များကိုမူ နောင်တွင် အသုံးဝင်နိုင်သဖြင့် သိမ်းထားလိုက်သည်။
လက်ရှိတွင် ဖန့်ချန်၏ သိုလှောင်လက်စွပ်ထဲ၌ ဝိညာဉ်ကျောက်တုံး ၁၈၀၀ နီးပါး၊ အဆင့်နိမ့် ဝိညာဉ်လက်နက် ၄ ခု၊ စိမ်းဖန့်ကျောက်စိမ်းကြာစေ့ ၂ စေ့နှင့် အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များ ရှိနေပြီ ဖြစ်သည်။
အခန်း ၂၅၂ - ဂိုဏ်းတွေကိုတောင် လေလံပစ်လို့ရတယ်
"ဂိုဏ်းတစ်ခုကို လေလံတင်လို့ ရတယ် ဟုတ်လား"
လမင်းပုန်းကွယ်သီလရှင်ကျောင်းအတွင်း၌ ဆရာမကြီး ကျူးယွဲ့ထံမှ ထိုအံ့ဩဖွယ်ရာ သတင်းစကားကို ကြားလိုက်ရသဖြင့် ဖန့်ချန်၏ မျက်နှာတွင် အံ့ဩရိပ်များ ယှက်သန်းသွားသည်။
"ဂိုဏ်းတစ်ခု တည်ထောင်တဲ့ နေရာဆိုတာမှာ ဝိညာဉ်စမ်းရေတွင်းတွေ၊ ဝိညာဉ်စိုက်ခင်းတွေ ဒါမှမဟုတ် ဝိညာဉ်ကြောတွေ ရှိတတ်ကြတယ်"
" ဒါကြောင့် အဲဒီမြေနေရာဟာ သာမန်မြေတော့ မဟုတ်ဘူးပေါ့ ဒါကြောင့် သူ့မှာ တန်ဖိုးရှိတယ်လေ ကျင့်ကြံခြင်းလောကမှာ တန်ဖိုးရှိတဲ့ ဘယ်အရာကိုမဆို လေလံပစ်လို့ ရပါတယ်"
ဟု ဆရာမကြီးကျူးယွဲ့က ခပ်ဖွဖွ ပြုံးရင်း ရှင်းပြသည်။
"ဒါပေမဲ့ အဲဒီနေရာကို ကိုယ်တိုင် အပိုင်စီးနိုင်ပြီး တခြားသူတွေကလည်း မင်းကို အဲဒီနေရာရဲ့ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုမှ ဖြစ်မှာပါ"
"ဒါဆိုရင် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းနဲ့ လင်းယုန်ပျံဂိုဏ်းတို့ရဲ့ နေရာတွေကို ဝိညာဉ်ပစ္စည်းတွေနဲ့ လဲလှယ်လို့ ရတာပေါ့"
ဖန့်ချန်က စဉ်းစားရင်း ဆိုသည်။
"သခင်လေးဖန့်က လက်နက်တစ်ခုကို အဆင့်မြှင့်ဖို့ ဝိညာဉ်ပစ္စည်းတွေ လိုချင်နေတာလား သခင်လေးရဲ့ ပျံသန်းတဲ့ဓားက အခုတောင် အရည်အသွေး တော်တော်မြင့်နေပြီလို့ ကျွန်မ မြင်မိပါတယ်"
ဟု ဆရာမကြီးကျူးယွဲ့က မှတ်ချက်ပေးသည်။
"ဝိညာဉ်လက်နက် ဆိုတာ များလေ ကောင်းလေပါပဲ"
ဖန့်ချန်က ရယ်မောလိုက်ပြီး အသေးစိတ်ကိုတော့ ထပ်မရှင်းပြတော့ပေ။
"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းနဲ့ လင်းယုန်ပျံဂိုဏ်း လို နေရာမျိုးဆိုရင် ဝိညာဉ်ကျောက်တုံး ဘယ်လောက်လောက်နဲ့ လဲလှယ်လို့ ရနိုင်မလဲ"
"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ ဝိညာဉ်စမ်းရေတွင်းတစ်ခု ရှိတယ် အကြီးကြီးတော့ မဟုတ်ပေမဲ့ တစ်ရက်ကို ဝိညာဉ်စမ်းရေ တစ်ပေါင်လောက် ထွက်တယ် ဒါ့အပြင် သူတို့မှာ ဝိညာဉ်စိုက်ခင်း ဧကဝက်လောက် ရှိသေးတယ်"
"တကယ်လို့ လေလံတင်မယ်ဆိုရင် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေက ဝိညာဉ်ကျောက်တုံး ၂၀၀၀ လောက်နဲ့ လေလံဆွဲချင်ကြလိမ့်မယ်"
" တကယ်တော့ ဂိုဏ်းနေရာတစ်ခုရဲ့ တန်ဖိုးက ဝိညာဉ်ကျောက်တုံး နှစ်ထောင်ထက် အများကြီး ပိုပါတယ် ဒါပေမဲ့ အဲဒီလို အိမ်ခြံမြေတွေက ဝယ်တဲ့သူတွေအတွက် စွန့်စားမှုတွေ ပါနေတတ်တော့ ပေးတဲ့ဈေးက သိပ်မမြင့်တာမျိုး ဖြစ်တတ်တယ်"
ဟု ဆရာမကြီးကျူးယွဲ့က ဆိုသည်။
"လင်းယုန်ပျံဂိုဏ်း ကျတော့ ဝိညာဉ်ကြောအကြွင်းအကျန် တစ်ခုရှိတော့ ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းမှာ အပြင်လောကထက် ဝိညာဉ်စွမ်းအင် ငါးဆယ်၊ ခြောက်ဆယ် ရာခိုင်နှုန်းလောက် ပိုများတယ်"
" အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ ချီသန့်စင်ခြင်းအဆင့် တပည့် တစ်ရာကျော်ကို ထောက်ပံ့ဖို့ လုံလောက်တာပေါ့ အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး ၂၅၀၀ လောက် တန်ပါတယ်"
သီလရှင် ချင်းဟယ်၏ ပါးစပ်လေး အနည်းငယ် ဟသွားပြီး သူမ၏ မျက်လုံးထဲတွင် အံ့ဩမှုများ ဖြစ်ပေါ်လာသည်။
ဂိုဏ်းနေရာတစ်ခုက ထိုမျှများပြားသော ဝိညာဉ်ကျောက်တုံးများ တန်ကြေးရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထိုပမာဏကို သူမ စိတ်ကူးပင် မယဉ်နိုင်ဘဲ သူမ သိကျွမ်းထားသော အခြားပစ္စည်းများ၏ ဈေးနှုန်းနှင့်သာ နှိုင်းယှဉ်နေမိသည်။
"၂၀၀၀၊ ၂၅၀၀ ဒါက ဘယ်လောက်တောင် များလိုက်မလဲ"
"အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး ဆရာမကြီးကျူးယွဲ့ အခုပဲ စထွက်ကြရအောင်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ရလာတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတော့ အချိန်တန်ရင် မျှဝေကြတာပေါ့"
"အင်း..."
ဆရာမကြီးကျူးယွဲ့က ခေါင်းခါလိုက်သည်။
"ကျွန်မ မယူပါရစေနဲ့"
ဖန့်ချန် ရယ်မောလိုက်သည်။
"ဘာလို့လဲ ဆရာမကြီးက ဝိညာဉ်ကျောက်တုံးတွေကို ဂရုမစိုက်ရအောင် လောကီအာရုံတွေနဲ့ လုံးဝ ကင်းကွာနေတာတော့ မဟုတ်ပါဘူးနော်"
ဆရာကြီးကျူးယွဲ့ ပြုံးလိုက်သည်။
"မဟုတ်ပါဘူး ဒါပေမဲ့ ဂိုဏ်းနေရာတွေကို ရောင်းချဖို့အတွက် အခြေခံအချက်တစ်ခု လိုအပ်တယ်၊ အဲဒါကတော့ ရောင်းချသူရဲ့ အဆင့်အတန်းက လေးစားစရာ ဖြစ်နေဖို့ပဲ"
"ကျွန်မက အခြေခံတည်ဆောက်ခြင်း အဆင့် အစောပိုင်းမှာပဲ ရှိသေးတာ ဒါဟာ လူတွေက အလေးအနက်ထားမယ့် အဆင့်မျိုး မဟုတ်ဘူး"
" တကယ်လို့ ပြဿနာတစ်ခုခု ပေါ်လာရင် ကျွန်မ တာဝန်ယူနိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ ဖန့်ချန် မင်းကတော့ မတူဘူး"
ဆရာမကြီးကျူးယွဲ့၏ မျက်နှာမှာ တည်ကြည်သွားသည်။
"မင်းကို တစ်ခုလောက် မေးပါရစေ မင်းက တကယ့် ဓားကျင့်ကြံသူ တစ်ယောက်လား"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိမ့်ပြသည်။
"ဟုတ်ကဲ့၊ အမှန်ပါပဲ"
သူသည် ဓားကျင့်ကြံသူ အကြောင်းကို ပထမဆုံး ကြားစဉ်က အခြားသူများနှင့် ဆက်ဆံရေး အဆင်ပြေစေရန်အတွက်သာ ဟန်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ ရှစ်မျက်နှာအရပ် ဓားကျမ်းကို ရရှိထားပြီး ဖြစ်ရာ သူသည် စစ်မှန်သော ဓားကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်သည်။
သူ၏ လက်ရှိ ဓားခန္ဓာ တစ်ခုတည်းနှင့်ပင် အတတ်ပညာ အများအပြားကို ခုခံနိုင်စွမ်း ရှိနေပြီ ဖြစ်သည်
"ဒါဆိုရင်တော့..."
ဆရာကြီးကျူးယွဲ့ သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။
"မင်းက ဓားကျင့်ကြံသူ ဖြစ်နေမှတော့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းနဲ့ လင်းယုန်ပျံဂိုဏ်းရဲ့ နေရာတွေကို ရောင်းချဖို့ အရည်အချင်း ပြည့်မီတာပေါ့ယဘယ်သူမှလည်း ဘာမှ ပြောရဲမှာ မဟုတ်ဘူး"
ခေတ္တမျှ ဆွေးနွေးပြီးနောက် သူတို့သည် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို အရင်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
လင်းယုန်ပျံဂိုဏ်း၏ အခြေအနေမှာ ဂိုဏ်းခေါင်းဆောင် သေဆုံးသွားသည်ကို သိရှိရန် အချိန် အနည်းငယ် ပိုကြာနိုင်သောကြောင့် ဖြစ်သည်။
"ဒီကိစ္စမှာ ကျွန်မကတော့ နောက်ကွယ်ကပဲ နေပါ့မယ်"
ဆရာမကြီးကျူးယွဲ့က အသာအယာ ပြုံးလိုက်သည်။
"ချင်းဟယ်ကို မင်းနဲ့အတူ လိုက်ခိုင်းလိုက်မယ်"
"အဆင်ပြေပါတယ် ဒါပေမဲ့ ကျွန်တော် လူတစ်ယောက်ပဲ ခေါ်သွားလို့ ရမှာဆိုတော့ လျိုမူကို လောလောဆယ် သီလရှင်ကျောင်းမှာပဲ ထားခဲ့ရလိမ့်မယ် အဲဒါ အဆင်ပြေပါ့မလား"
ဆရာကြီးကျူးယွဲ့က ပြုံး၍ ခေါင်းညိမ့်သည်။
"စိတ်မပူပါနဲ့ သူက ကလေးပဲဥစ္စာ"
ဖန့်ချန်သည် သီလရှင် ချင်းဟယ်နှင့်အတူ ခရီးထွက်လာခဲ့သည်။
သူတို့သည် ဓားအသွင်ပြောင်းကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားကြသည်။
သူတို့၏ အရှိန်မှာ တစ်နာရီလျှင် မိုင် ၂၀၀၀ နီးပါး ခရီးပေါက်သဖြင့် အလွန်မြန်လှသည်။
သို့သော် ထိုမျှ မြန်သော်လည်း ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းသို့ ရောက်ရှိရန် တစ်ရက် ခရီးနှင်ခဲ့ရသည်။
ထိုနေရာသို့ ရောက်ရှိချိန်အထိ ချင်းဟယ်မှာ အံ့ဩတုန်လှုပ်နေတုန်းပင် ဖြစ်သည်။
သခင်လေးဖန့်ချန်ရဲ့ ကျင့်ကြံမှုက တကယ့်ကို အတိုင်းအဆ မရှိတာပဲ
ဆရာမကြီးကျူးယွဲ့သည် သူမကို ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းသို့ အရင်က ခေါ်သွားဖူးသည်။
ထိုစဉ်ကလည်း ပျံသန်း၍ သွားခဲ့ကြသော်လည်း ဆရာမကြီးကျူးယွဲ့၏ ဝိညာဉ်စွမ်းအင်များ ပြန်လည် ဖြည့်တင်းရန် လမ်းတွင် ခဏနားခဲ့ရသဖြင့် ထိုနေရာသို့ ရောက်ရန် နှစ်ရက် ကြာခဲ့သည်။
သို့သော် ဖန့်ချန်မှာမူ အနားယူရန် မလိုအပ်ဘဲ လမ်းခရီးတစ်လျှောက် အရှိန် အနည်းငယ်သာ လျှော့ချခဲ့ခြင်း ဖြစ်သည်။
"ဒါဆိုရင် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း၊ လင်းယုန်ပျံဂိုဏ်း၊ ချင်းကျိုးဓားဂိုဏ်း၊ နောက်ပြီး မင်းတို့ရဲ့ လမင်းပုန်းကွယ်သီလရှင်ကျောင်းနဲ့ လီတောက်ယဲ့ရဲ့ ရှစ်ထောင့်ဗေဒင် ဂိုဏ်းတွေ အားလုံးက ဒီအင်ပါယာထဲမှာပဲ ရှိတာလား မီးတောက် အင်ပါယာမှာ ပြည်နယ် ဘယ်နှခု ရှိလဲ"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ချင်းဟယ်က ခေတ္တ စဉ်းစားပြီးနောက်
"ပြည်နယ် လေးခု ရှိပါတယ်၊ အဲဒါတွေကတော့ ချင်းကျိုး၊ ရွှီကျိုး၊ ဟုန်ကျိုးနဲ့ ဝေကျိုးတို့ပါ မီးတောက်အင်ပါယာရဲ့ မြို့တော်က ရွှီကျိုးမှာ ရှိသလို တောင်ပိုင်းကောင်းကင်ဂိုဏ်းကလည်း ရွှီကျိုးမှာပဲ ရှိပါတယ်"
ဟု ပြောသည်။
"ဟုန်ကျိုးနဲ့ ဝေကျိုးက မြောက်ဘက်ဒေသမှာ ရှိပြီး ဝိညာဉ်သားရဲတောင်ကြား ရဲ့ လက်အောက်မှာ ရှိတာပါ အဲဒီမှာတော့ မိစ္ဆာသားရဲတွေကို အတွေ့ရ များတယ်"
"ချင်းကျိုးကနေ ရွှီကျိုးကို သွားရင် ဘယ်လောက် ကြာမလဲ"
ဖန့်ချန်က ထပ်မေးသည်။
"ဆရာမကြီး ပြောဖူးတာကတော့ သူမဆိုရင် ခြောက်ရက် ခုနစ်ရက်လောက် ကြာမယ်တဲ့ ဒါပေမဲ့ သခင်လေးအတွက်ဆိုရင်တော့ နှစ်ရက် သုံးရက်ဆိုရင် လောက်မယ်ထင်တယ်"
ဖန့်ချန် ခေါင်းညိမ့်လိုက်သည်။
"တော်သေးတာပေါ့ သိပ်တော့ မကြာပါဘူး"
"သခင်လေးဖန့် ရှေ့မှာ မြင်နေရတာ ဝိညာဉ်ဟင်းလင်းပြင်မြို့ ပါ ဝိညာဉ်ဟင်းလင်းပြင်တောင်က အဲဒီမှာပဲ ရှိတာ"
ချင်းဟယ်က အရှေ့ဘက်သို့ လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
ဖန့်ချန် ကြည့်လိုက်ရာ အဝေးတွင် ဝပ်စင်းနေသော ရှေးဟောင်း သားရဲကြီးတစ်ကောင်ကဲ့သို့ ခမ်းနားထည်ဝါလှသော မြို့ကြီးတစ်မြို့ကို မြင်လိုက်ရသည်။ ၎င်းသည် မဟာရှအင်ပါယာ၏ မြို့တော်ထက် များစွာ ပိုမို ခမ်းနားပုံရသည်။
"ဒါဟာ မီးတောက်အင်ပါယာရဲ့ ပြည်နယ်လေးခုမှာ ရှိတဲ့ မြို့ပေါင်း ရာချီထဲက တစ်မြို့ပဲ ရှိသေးတာ မီးဆတာက်အင်ပါယာရဲ့ မြို့တော်က ဘယ်လောက်တောင် ပိုပြီး ခမ်းနားမလဲဆိုတာ စဉ်းစားကြည့်လို့တောင် ရနိုင်တယ်"
"သခင်လေးဖန့် အင်ပါယာရဲ့ ဥပဒေအရ မြို့ထဲမှာ ပျံသန်းတာက တရားမဝင်ပါဘူး"
ချင်းဟယ်က အကြံပေးလိုက်သည်။
"ကျွန်မတို့ မြို့တံခါး အပြင်ဘက်မှာပဲ ဆင်းသက်တာ ပိုကောင်းမယ် ထင်ပါတယ်"
ဖန့်ချန်က စပ်စုလိုက်သည်။
"မီးတောက်အင်ပါယာရဲ့ ဧကရာဇ် မိသားစုနဲ့ တောင်ပိုင်းကောင်းကင်ဂိုဏ်း ဘယ်သူက ပိုပြီး အစွမ်းထက်လဲ"
"ဧကရာဇ် မိသားစုက ပိုပြီး အစွမ်းထက်တာပေါ့မီးတောက်အင်ပါယာမှာ ရှိတဲ့ ဂိုဏ်းတွေ အကုန်လုံးနီးပါးက ရပ်တည်နိုင်ဖို့အတွက် ဧကရာဇ် မိသားစုကို အမှီပြုနေကြရတာလေ မဟာရှက ကိုယ်ခံပညာဂိုဏ်းတွေလိုမျိုးပေါ့"
ဟု ချင်းဟယ်က ပြန်ဖြေသည်။
ဖန့်ချန် ခေါင်းညိမ့်လိုက်သည်။
ထိုသည်မှာ ပို၍ ကျိုးကြောင်းဆီလျော်သော အာဏာ တည်ဆောက်ပုံ ဖြစ်သည်။
အကယ်၍ ဂိုဏ်းများက ဧကရာဇ် မိသားစုထက် ပို၍ အစွမ်းထက်နေလျှင် ပြဿနာများ မလွဲမသွေ ပေါ်လာပေလိမ့်မည်။ ဥပဒေများကို လေးစားမှု မရှိခြင်း သို့မဟုတ် အုပ်ချုပ်မှု ယန္တရား ပျက်ပြားခြင်းများ ဖြစ်လာနိုင်သည်။
ဧကရာဇ် မိသားစုသည် နယ်မြေကို အုပ်ချုပ်နိုင်စွမ်း ရှိရမည်၊ သို့မှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းမည် မဟုတ်ပါလား။
ထိုသည်မှာ မဟာရှအင်ပါယာ နောင်တွင် ဖွံ့ဖြိုးတိုးတက်လာရမည့် ပုံစံမျိုးပင် ဖြစ်သည်။
ဖန့်ချန်သည် ဤနေရာတွင် ဧကရာဇ် မိသားစု၏ မျက်မှောင်ကြုတ်ခြင်းကို မခံလိုသဖြင့် ချင်းဟယ်နှင့်အတူ မြို့တံခါးဝတွင် ဆင်းသက်လိုက်သည်။
မီးတောက်အင်ပါယာတွင် ကျင့်ကြံသူ အများအပြား ရှိသော်လည်း ပျံသန်းနိုင်သူများမှာ ရှားပါးလှပြီး အများစုမှာ အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
မြို့တံခါးအနီးရှိ ပြည်သူများသည် ဖန့်ချန်နှင့် ချင်းဟယ်တို့ ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာတွင် လေးစားကြောက်ရွံ့မှုများ ပေါ်လာကြသည်။
"မင်းတို့ နှစ်ယောက်က ဘယ်က လာတာလဲ"
မြို့စောင့်စစ်သည်က ယဉ်ကျေးစွာ မေးမြန်းသည်။ ဥပဒေအရ ကျင့်ကြံသူများပင်လျှင် မြို့ထဲသို့ ဝင်သောအခါ မှတ်ပုံတင်ရမည် ဖြစ်သည်။
"ကုဟယ် "
ဟု ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
မြို့စောင့်စစ်သည်သည် ကုဟယ် ဆိုသည်မှာ ဘယ်နေရာလဲဟုပင် ထပ်မမေးတော့ပေ။
သူသည် သူတို့ကို မှတ်ပုံတင်ပေးပြီး မြို့ထဲသို့ ပေးဝင်လိုက်သည်။
ဤသည်မှာ လုပ်ရိုးလုပ်စဉ် တစ်ခုသာ ဖြစ်ပုံရပြီး မြို့စောင့်စစ်သည်က ထိုအချက်အလက်များ၏ မှန်ကန်မှုကို စစ်ဆေးရန် တာဝန်မရှိပေ။
သူ မှတ်ပုံတင်ပေးလိုက်ခြင်းဖြင့် သူ၏ တာဝန် ကျေပွန်သွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝိညာဉ်ဟင်းလင်းပြင်မြို့၏ မြို့စားမင်းအိမ်တော်၌ စား ပွဲတစ်ခု ကျင်းပနေသည်။
လှပသော ကချေသည်များက ကပြနေကြပြီး ကျောက်စိမ်းစားပွဲများပေါ်တွင် အရသာရှိသော စားသောက်ဖွယ်ရာများ ပြည့်နှက်နေသည်။
အခန်းထဲတွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေစေရန် အမွှေးတိုင် နှစ်တိုင်ကို ထွန်းညှိထားသည်။
ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းမှာ ဗိမာန်နားတွင် ဆံပင်ဖြူများ ဝဲကျနေပြီး ထွားကြိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူသည် သူနှင့်အတူ ထိုင်နေသော ပိန်သွယ်သွယ် အဘိုးအိုတစ်ဦးကို ပြုံးလျက် သောက်တော်ရေကမ်းလိုက်သည်။
"နဂါးဖြတ်ကျော်ကျွန်းရှင် ကဲ ကျွန်တော့်ရဲ့ ဒီသောက်တော်ရေကို လက်ခံပါဦး"
ပိန်သွယ်သွယ် အဘိုးအိုက ခပ်ဖွဖွ ခေါင်းညိမ့်ကာ ဖလားထဲမှ ဝိညာဉ်ဝိုင်ကို သောက်လိုက်သည်။
"ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်း ကျွန်တော် မီးတောက်အင်ပါယာမှာ လူသိပ်မများဘူး ခင်ဗျားဆီ လာခဲ့တာက လူတစ်ယောက်ကို ရှာဖို့ ကူညီပေးနိုင်မလားလို့ မျှော်လင့်ချက်နဲ့ လာခဲ့တာပါ"