← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

​အခန်း ၂၅၃ - နှောင့်ယှက်မှု

​ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းမှာ အံ့အားသင့်သွားသော်လည်း ခဏအကြာတွင် အားရပါးရ ရယ်မောလိုက်သည်။

" ကျယ်ပြောလှတဲ့ သမုဒ္ဒရာအလယ်မှာ ပျောက်ဆုံးနေတဲ့သူဆိုရင်တော့ ကျွန်တော် မကူညီနိုင်ဘူးပေါ့ ဒါပေမဲ့ မီးတောက်အင်ပါယာရဲ့ နယ်နိမိတ်ထဲမှာသာ ရှိနေမယ်ဆိုရင်တော့ သူ့ကို မလွဲမသွေ ရှာတွေ့အောင် ကူညီပေးနိုင်ပါတယ်"

သူက ဆက်ပြောသည်။

"နဂါးဖြတ်ကျော်ကျွန်းရှင် ခင်ဗျား ဘယ်သူ့ကို ရှာနေတာလဲ သူတို့နာမည် ဒါမှမဟုတ် သူတို့ ဘယ်ကလဲဆိုတာ သိလား"

​"အဲဒါတွေ အကုန်လုံးကိုသာ ငါသိနေရင် ငါ့ရဲ့ ပင်လယ်နဂါးဂိုဏ်း က ခင်ဗျားကို ဘာလို့ အကူအညီ တောင်းနေတော့မှာလဲ"

​ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်း၏ မျက်နှာပေါ်မှ အပြုံးမှာ တောင့်တင်းသွားသော်လည်း ချက်ချင်းပင် ပိုမို ထက်သန်သော အပြုံးတစ်ခု ပေါ်လာသည်။

"နဂါးဖြတ်ကျော်ကျွန်းရှင် ကျွန်တော် အမှန်အတိုင်း ပြောပါ့မယ် ကျွန်တော့်မှာ ချင်းကျိုးပြည်နယ်ဘက်မှာ အဆက်အသွယ်တွေ ရှိပါတယ် ဒါကြောင့် သူသာ အဲဒီမှာ ရှိနေရင် ရှာရတာ မခက်ခဲပါဘူး"

​"သူက ချင်းကျိုးမှာ ရှိ၊ မရှိတော့ ငါလည်း သေချာမသိဘူး"

ဟု နဂါးဖြတ်ကျော်ကျွန်းရှင်က ဆိုသည်။

"သူက ငါ့ဂိုဏ်းက တပည့်တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် အဲဒီကိစ္စရဲ့ အရင်းအမြစ်ကို သိရအောင် သူ့ကို ရှာချင်တာ ခင်ဗျား ရှာတွေ့ရင်တော့ အကောင်းဆုံးပေါ့ တကယ်လို့ မတွေ့ရင်လည်း ကိစ္စမရှိပါဘူး ငါလည်း သူငယ်ချင်းဟောင်းတစ်ယောက်ဆီ သွားလည်တာပေါ့"

​"ဘယ်သူကများ ပင်လယ်နဂါးဂိုဏ်းရဲ့ တပည့်ကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ"

မြို့စားမင်းမှာ အံ့ဩသွားမိသည်။

မီးတောက်အင်ပါယာက ကျင့်ကြံသူတွေထဲမှာ ဘယ်လိုအရူးမျိုးက အဲဒီလို လုပ်ရဲတာလဲ ဒါဟာ ကိုယ့်ဂိုဏ်းကိုယ် ဒုက္ခရှာတာပဲ။

ပင်လယ်နဂါးဂိုဏ်းကသာ ဂိုဏ်းတစ်ခုကို အမြစ်ပြတ်အောင် လုပ်မယ်ဆိုရင် ဧကရာဇ်မိသားစုတောင် ဘာမှ ပြောရဲမှာ မဟုတ်ဘူးလေ။

​"ဂျူနီယာ တစ်ယောက်ပါပဲ"

ဟု ကျွန်းရှင်က ပြန်ဖြေသည်။

​"အဲဒီဂျူနီယာက ကျင့်ကြံမှုအဆင့် အရမ်းမြင့်လို့လားယ မဟုတ်ရင် ကျွန်းရှင် ကိုယ်တိုင်တောင် ဒီကို ရောက်လာမှာ မဟုတ်ဘူးလေ ပင်လယ်နဂါးဂိုဏ်းရဲ့ ကျွန်းရှင် ကိုးယောက်အကြောင်း လူတိုင်းသိကြတာပဲ ခင်ဗျားက ထိပ်တန်း သုံးယောက်ထဲမှာ ပါတာလေ"

ဟု မြို့စားမင်းက စူးစမ်းလိုက်သည်။

​အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ရှိတဲ့ ပညာရှင်တစ်ယောက်က ကိစ္စအသေးလေးအတွက်နဲ့ ဒီလောက် ပတ်ပြေးနေတာလား ဒါက ဘယ်လိုလုပ် ရိုးရှင်းနိုင်မှာလဲ မြို့စားမင်းသည် ထိုကိစ္စက အကျိုးအမြတ်မရှိဘဲ ပြဿနာသာ များမည်ကို စိုးရိမ်နေသည်။

​"ထပ်ပြီး စူးစမ်းမနေပါနဲ့တော့ အဲဒီလူရဲ့ ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ဒါမှမဟုတ် အလယ်ပိုင်းလောက်ပဲ ရှိမှာပါ သူ့ကို ရှာတွေ့တာနဲ့ ခင်ဗျားကို ဒုက္ခမပေးဘဲ ငါကိုယ်တိုင် အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်"

ဟု နဂါးဖြတ်ကျော်ကျွန်းရှင်က အေးအေးဆေးဆေး ဆိုသည်။

"ဒါ့အပြင် ခင်ဗျားနောက်မှာ အဆင့် ၅ အင်ပါယာက ဂိုဏ်းအချို့နဲ့ ရင်းနှီးတဲ့ ဧကရာဇ်မိသားစု ရှိနေတာပဲ ဒီလို နောက်ခံမျိုးနဲ့ ဘာကို ကြောက်နေတာလဲ"

​ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်း သက်ပြင်းချနိုင်တော့သည်။

အကယ်၍ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း သို့မဟုတ် အလယ်ပိုင်းရှိသော သာမန်ကျင့်ကြံသူတစ်ဦးသာ ဆိုလျှင် ကိစ္စမရှိပေ။

မီးတောက်အင်ပါယာ ဧကရာဇ်မိသားစု၏ နောက်ခံကို ထောက်ထားလျှင် ပင်လယ်နဂါးဂိုဏ်းကလည်း ဤလူကို အလွန်အမင်း စိုးရိမ်နေပုံ မရပေ။

​"ဒါ သူပဲ"

နဂါးဖြတ်ကျော်ကျွန်းရှင်သည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ သူ၏ ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်ရာ ဖန့်ချန်၏ ပုံရိပ်သည် မြို့စားမင်း၏ ရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။

"ငါ ဝိညာဉ်ဟင်းလင်းပြင်မြို့မှာ ခုနစ်ရက် ကြာမယ်တကယ်လို့ အဲဒီ ခုနစ်ရက်အတွင်း သူ့ကို မရှာတွေ့ရင် ငါ ပြန်မယ်"

​မြို့စားမင်းက ချက်ချင်း ခေါင်းညိမ့်သည်။

"ပြဿနာမရှိပါဘူး ကျွန်းရှင်အတွက် ကျွန်တော် အစွမ်းကုန် ရှာပေးပါ့မယ်"

ထို့နောက် သူက သူ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရာ စက္ကူ ဒါဇင်ပေါင်းများစွာသည် လေထဲသို့ ပျံတက်သွားပြီး ဝဲပျံနေကြသည်။

​"သူ့ပုံစံကို မှတ်ထားကြ ငါ့စကားကို လူတိုင်းဆီ လက်ဆင့်ကမ်းလိုက် ဒီလူကို ရှာပါ"

မြို့စားမင်းက အေးအေးဆေးဆေး အမိန့်ပေးလိုက်သည်။

သတင်းပေးစက္ကူများသည် ခဏမျှ ဝဲပျံနေပြီးနောက် အဖြူရောင် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပျံနှံ့သွားကြသည်။

​"စိတ်ချပါ ကျွန်းရှင် ကျွန်တော် ချင်းကျိုးဒေသမှာရှိတဲ့ မြို့စားမင်းတွေကို အကြောင်းကြားရုံတင်မကဘဲ အဓိက ဂိုဏ်းကြီးတွေဆီကိုလည်း သတင်းပို့ထားပါတယ် သူတို့အားလုံး ရှာဖွေရေးမှာ ကူညီပေးပါလိမ့်မယ်"

ဟု မြို့စားမင်းက ပြုံးလျက် ဆိုသည်။

​နဂါးဖြတ်ကျော်ကျွန်းရှင်က လက်နှစ်ဖက်ကို ပူးယှက်ကာ

"ကျေးဇူးတင်ပါတယ်"

ဟု ဆိုသည်။

​ဖန့်ချန်နှင့် သီလရှင် ချင်းဟယ်တို့သည် ဝိညာဉ်ဟင်းလင်းပြင်မြို့၏ တောင်ဘက်တွင်ရှိသော ဝိညာဉ်ဟင်းလင်းပြင်တောင်ခြေသို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင် လူအများအပြားဖြင့် စည်ကားနေပြီး ဈေးသည်များလည်း ရောင်းဝယ်ဖောက်ကား၍ အလုပ်ရှုပ်နေကြသည်။

​ဖန့်ချန်နှင့် ချင်းဟယ်တို့ တောင်ပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် ကင်းစောင့် အများအပြားက သူတို့ကို တားဆီးလိုက်ကြသည်။

ထိုကင်းစောင့်များသည် နက်နဲသော ကောင်းကင်အဆင့် တွင် ရှိကြသဖြင့် အတော်အတန် အစွမ်းထက်ကြသည်။

​"ခွင့်ပြုချက်မရှိဘဲ ဝင်ခွင့်မပြုဘူး"

​"မင်းတို့ရဲ့ လမင်းပုန်းကွယ်သီလရှင်ကျောင်းမှာ ဘာလို့ ဒီလို ကင်းစောင့်တွေ မရှိတာလဲ"

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

​"ဆရာမကြီးက အဲဒါက မထိုက်တန်ဘူးလို့ ပြောတယ် အရင်းအမြစ်တွေကို ဖြုန်းတီးရာ ရောက်တယ်တဲ့"

ချင်းဟယ်က တိုးတိုးလေး ပြန်ဖြေသည်။

​ကင်းစောင့်များသည် အနည်းငယ် အံ့ဩသွားကြပြီး အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တစ်ဦးက ယဉ်ကျေးစွာ မေးသည်။

"မင်းတို့က ဘယ်သူတွေလဲဆိုတာ မေးပါရစေ"

​"ငါတို့က ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သိမ်းပိုက်ဖို့ လာတာ"

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

​"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သိမ်းပိုက်ဖို့ ဟုတ်လား"

​သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။ ဖန့်ချန်၏ စကားကို သူတို့ နားကြားမှားသည်ဟုပင် ထင်မှတ်နေကြသည်။

​"မင်းတို့ နားမမှားပါဘူး ငါတို့ ဒီကို ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို လာသိမ်းတာ ဒါ မင်းတို့နဲ့ မဆိုင်ဘူး ဖယ်ပေးကြပါ"

ဟု ဖန့်ချန်က ဆိုသည်။

​ကင်းစောင့်များသည် သံသယစိတ်များဖြင့် ကြည့်နေပြီးနောက် နောက်တစ်စက္ကန့်တွင် လှည့်ကာ တောင်ပေါ်သို့ အမြန်ဆုံး ပြေးတက်သွားကြတော့သည်။

​၎င်းကို မြင်သောအခါ ဖန့်ချန်သည် ချင်းဟယ်ကို ခေါ်ကာ တောင်ပေါ်သို့ အေးအေးဆေးဆေး လမ်းလျှောက် တက်လာခဲ့သည်။

​"ဘာလို့ သူတို့ကို ရုတ်တရက် အလစ်အငိုက် မတိုက်တာလဲ"

ချင်းဟယ်က နားမလည်စွာ မေးလိုက်သည်။ ဖြည်းဖြည်းချင်း တက်သွားတာက သူတို့ကို ပြင်ဆင်ဖို့ အချိန်ပေးသလို ဖြစ်မနေဘူးလား

​"အားလုံးကို တစ်ခါတည်း ကိုင်တွယ်ရတာ ပိုကောင်းပါတယ် သူတို့ ပြင်ဆင်ထားလေလေ ငါတို့ သူတို့ကို အမြစ်ပြတ် သုတ်သင်ရတာ ပိုလွယ်လေလေပဲ"

ဟု ဖန့်ချန်က ဆိုသည်။

​ချင်းဟယ်သည် ချက်ချင်းပင် နားလည်သွားသည်။

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းတွင် စုစုပေါင်း ကျင့်ကြံသူ ၆၈ ဦး ရှိပြီး ထက်ဝက်မှာ အတွင်းစည်းတပည့်များဖြစ်ကာ ကျန်ထက်ဝက်မှာ အပြင်စည်းတပည့်များ ဖြစ်ကြသည်။

သူတို့ထဲမှ အများစုမှာ ယခင်က လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်မှာ မဆိုးသဖြင့် ဂိုဏ်းချုပ်က သူတို့ကို ဂိုဏ်းဝင်အဖြစ် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အခြေခံအုတ်မြစ်အဆင့်ရှိသော ဂိုဏ်းချုပ်အပြင် အခြားအကြီးအကဲ အချို့လည်း ရှိသော်လည်း သူတို့၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်း အဆင့် ၁၂ တွင်သာ ရှိကြသည်။

ဆေးဝါးများ၏ အကူအညီမပါဘဲ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိကြပေ။

​နက်နဲသော ကောင်းကင်အဆင့် ကင်းစောင့် အချို့သည် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း၏ အဝင်ဝသို့ ပြေးသွားကြပြီး ကာကွယ်ရေး တာဝန်ကျနေသော ပညာရှင်များကို အော်ဟစ်လိုက်ကြသည်။

​"သခင်လေးချန် ဒုက္ခရောက်ကုန်ပြီ"

​တံခါးစောင့်တပည့်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကို အေးစက်စွာ ဆူပူလိုက်သည်။

"စကားကို သေသေချာချာ ပြောစမ်း ဘာတွေ ဒီလောက် ဆူညံနေတာလဲ လူတွေ ကြားသွားရင် ငါတို့ဂိုဏ်း အမြစ်ပြတ်တော့မယ်လို့ ထင်ကုန်ဦးမယ်"

​သူသည် ချီသန့်စင်ခြင်း အဆင့် ၄ သာ ရှိပြီး တကယ့် တိုက်ပွဲတွင် ထိုသာမန် ကင်းစောင့်များကို အနိုင်မရနိုင်သော်လည်း ကျင့်ကြံသူတစ်ဦး အနေဖြင့် သူ၏ မာနမှာ အလွန်ကြီးလှသည်။

သာမန် ကင်းစောင့်များ ရှေ့တွင် သူ၏ ဂုဏ်သိက္ခာကို မည်သည့်အခါမှ အထိပါး မခံပေ။

​နက်နဲသော ကောင်းကင်အဆင့် ကင်းစောင့်များသည် ထိတ်လန့်နေပုံရသည်။

သူတို့ထဲမှ တစ်ဦးက အသံကို နှိမ့်ကာ ပြောလိုက်သည်။

"သခင်လေးချန် စောစောက တောင်ခြေကို လူနှစ်ယောက် ရောက်လာပါတယ် တစ်ယောက်က လမင်းပုန်းကွယ်သီလရှင်ကျောင်းက တပည့် ဖြစ်ပုံရပြီး နောက်တစ်ယောက်ကတော့ ဘယ်သူလဲဆိုတာ မသိဘူး ဒါပေမဲ့ သူက ကျွန်တော်တို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို လာသိမ်းတာလို့ ပြောတယ်"

​တံခါးစောင့်တပည့်က လှောင်ပြုံး ပြလိုက်သည်။

"လမင်းပုန်းကွယ်သီလရှင်ကျောင်း ဂိုဏ်းချုပ်ရဲ့ သူငယ်ချင်းဟောင်းက လမင်းပုန်းကွယ်သီလရှင်ကျောင်းက ဆရာမကြီးကျူးယွဲ့ပဲ မင်းတို့လည်း သူမကို ခဏခဏ မြင်ဖူးတာပဲ၊ ဘာလို့ ဒီလောက် အထိတ်တလန့် ဖြစ်နေရတာလဲ"

​ကင်းစောင့်များသည် တိတ်ဆိတ်သွားပြီး သူ့ကို ကြောင်ကြည့်နေကြသည်။

​သို့သော် ခဏအကြာတွင် ထိုတပည့်သည် သူတို့ပြောသော စကား၏ ဒုတိယပိုင်းကို သတိရသွားပြီး သံသယဖြင့် မေးလိုက်သည်။

"မင်း အခု ဘာပြောလိုက်တာလဲ သူက ငါတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို လာသိမ်းတာလို့ ပြောတယ် ဟုတ်လား"

​ကင်းစောင့်များက ဆန်ကောက်သည့် ကြက်များကဲ့သို့ ခေါင်းတငြိမ့်ငြိမ့် လုပ်ပြကြသည်။

​ထိုတပည့်၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားသည်။

​ကျင့်ကြံခြင်းလောကတွင် အခြားသူ၏ နယ်မြေထဲသို့ ဝင်လာပြီး ထိုကဲ့သို့ ပြောဆိုခြင်းသည် ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခု၏ နိဒါန်းပင် ဖြစ်သည်။

သူ ပေါ့ပေါ့ဆဆ နေ၍ မရတော့ပေ။ သူသည် ကင်းစောင့်များကို တံခါးဝတွင် သေသေချာချာ စောင့်ရန် အမိန့်ပေးပြီးနောက် ဂိုဏ်းထဲသို့ အပြေးဝင်သွားတော့သည်။

​"အရေးပေါ် အရေးပေါ် တစ်ယောက်ယောက်က ငါတို့ဂိုဏ်းကို လာဖျက်ဆီးနေပြီ"

​"ဂျူနီယာညီနောင်ချန် ဘာတွေ ဆူညံနေတာလဲတစ်ယောက်ယောက်က လာဖျက်ဆီးမယ် ဟုတ်လာ ဘယ်သူက အဲဒီလောက် သတ္တိကောင်းနေလို့လဲ"

​"ညီနောင်ချန် ဘာတွေ အော်နေတာလဲ မင်း စိတ်ကူးပေါက်ရာ လျှောက်ပြောလို့ ရပေမဲ့ ဒီလို အဓိပ္ပာယ်မရှိတာတွေကိုတော့ လျှောက်မဖြန့်စမ်းနဲ့"

​ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ တပည့်များသည် သူ့ကို ချက်ချင်းပင် ဆူပူကြတော့သည်။

​နောက်တစ်စက္ကန့်တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးသည် ကျင့်ကြံသူ အချို့ကို ခေါ်ဆောင်ကာ ပျံသန်းလာပြီး ဂျူနီယာညီနောင်ချန်၏ ရှေ့တွင် ဆင်းသက်လိုက်သည်။

"မင်း အခု ဘာပြောလိုက်တာလဲ"

​"အကြီးအကဲ"

​တံခါးစောင့်တပည့်က အမြန် ပြန်ဖြေသည်။

"စောစောက တောင်ခြေမှာ စောင့်နေတဲ့ ကင်းစောင့်တွေက တစ်ယောက်ယောက်က ကျွန်တော်တို့ဂိုဏ်းကို လာသိမ်းပိုက်တာလို့ ပြောတယ်"

​ပေါ်လာသော အဘိုးအိုမှာ ယခင် ဂိုဏ်းချုပ်ဟောင်း ဖြစ်ပြီး ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသော ပညာရှင် တစ်ဦး ဖြစ်သည်။

ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ် မရှိသဖြင့် သူက တာဝန်ယူထားခြင်း ဖြစ်သည်။

​​အခန်း ၂၅၄ - သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်လိုက်

​"ဟားဟားဟား"

ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ အကြီးအကဲသည် အူယားဖားယား ရယ်မောလိုက်ရာ သူ၏ ခန္ဓာကိုယ်ကြီးပင် တုန်ခါနေတော့သည်။

ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း တပည့်များကလည်း လိုက်လံ ရယ်မောကြသည်။

​တံခါးစောင့်တပည့်မှာမူ မှင်တက်ကာ ကြည့်နေမိသည်။

​ခဏအကြာတွင် အကြီးအကဲ၏ ရယ်သံများ ရပ်တန့်သွားပြီး တံခါးစောင့်တပည့်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

​"ဒါ ဘယ်နေရာလဲဆိုတာ မင်းသိလား"

​"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းပါ"

ဟု တပည့်ဖြစ်သူက ပြန်ဖြေသည်။

​အကြီးအကဲက တပည့်ဖြစ်သူကို တန်ဖိုးရှိသော သင်ခန်းစာတစ်ခု ပေးနေသကဲ့သို့ နူးညံ့စွာ ပြုံးလိုက်ပြီး

"ဒါဆို ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက မီးတောက်အင်ပါယာမှာ ဘယ်လိုအဆင့်ရှိလဲ"

ဟု ထပ်မေးလိုက်သည်။

​"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက မီးတန်းအင်ပါယာရဲ့ ထိပ်တန်းအင်အားစုတွေထဲမှာ ပါတာပေါ့ ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်း ကိုယ်တိုင်လာရင်တောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမှာ ဖြစ်သလို စည်းကျော်ဖို့လည်း မဝံ့ရဲပါဘူး"

ဟု ထိုတပည့်က ချက်ချင်းပင် ဖြေလိုက်သည်။

​ယခုအခါ သူ၏စိတ်မှာ ကြည်လင်သွားပြီး ထိတ်လန့်မှုများလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သူသည် စောစောက သူ၏ပုံစံမှာ အလွန်ပင် ရယ်စရာကောင်းနေကြောင်း သိမြင်သွားပြီး

"ကျွန်တော် ခဏတာ မျက်စိမှောက်သွားလို့ပါခွင့်လွှတ်ပေးပါ အကြီးအကဲ"

ဟု အမြန်တောင်းပန်လိုက်သည်။

​အကြီးအကဲက ခပ်ဖွဖွ ရယ်လိုက်သည်။

"ဟုတ်တယ် ဒါဟာ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းပဲ ဘယ်သူကများ ဒီနေရာမှာ လာပြီး စည်းကျော်ရဲမှာလဲ"

သူက ဆက်ပြောသည်။

"ငါနဲ့အတူ တံခါးဝကို လိုက်ခဲ့စမ်း ဘယ်သူကများ ဂိုဏ်းကို လာသိမ်းမယ်လို့ ရဲရဲတင်းတင်း ပြောရဲတာလဲ ကြည့်ရသေးတာပေါ့"

​ထိုအချိန်တွင် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အခြားအကြီးအကဲတစ်ဦး လမ်းလျှောက်လာပြီး

"စီနီယာအစ်ကို ဘာတွေ ဖြစ်နေတာလဲ"

ဟု မေးလိုက်သည်။

​သူသည် ပိန်ပိန်ပါးပါးနှင့် ဆိတ်မုတ်ဆိတ် ရှိပြီး သူနှင့်အတူ အားကောင်းသော အရှိန်အဝါရှိသည့် တပည့်အချို့လည်း ပါလာကြသည်။

​အကြီးအကဲက ရယ်မောလျက်

"ဂျူနီယာညီ တစ်ယောက်ယောက်က ငါတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို လာသိမ်းပိုက်ချင်လို့တဲ့လေတပည့်တွေက ခဏတော့ ထိတ်လန့်သွားကြပေမဲ့ အရေးကြီးတာတော့ မဟုတ်ပါဘူး"

ဟု ဆိုသည်။

​ဒုတိယအကြီးအကဲမှာ ခဏမျှ မှင်တက်သွားပြီးနောက် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။

"ငါတို့ဂိုဏ်းကို သိမ်းပိုက်မယ် ဟုတ်လား ဟားဟား... ဘယ်သူကများ ဒီလို မောက်မာတဲ့ စကားမျိုး ပြောရဲတာလဲ ဂိုဏ်းချုပ်ကော ဘယ်မှာလဲ သူမကိုပါ အတူတူ လိုက်ခဲ့ဖို့ ပြောလိုက်ရအောင်"

​"ဂိုဏ်းချုပ်က လမင်းပုန်းကွယ်သီလရှင်ကျောင်းကို သွားတယ် ဒါကို ဖြေရှင်းဖို့ ငါတို့တင် လုံလောက်ပါတယ် လာတဲ့သူက အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ရှိနေရင်တောင် ဘာဖြစ်လဲ ငါတို့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ လာပြီး ရမ်းကားရဲသလား ကြည့်ရသေးတာပေါ့"

ဟု အကြီးအကဲက ရယ်မောရင်း ပြောလိုက်သည်။

​ကောင်းကင်မှ ပျံသန်းဆင်းသက်လာသော အခြားအကြီးအကဲတစ်ဦးလည်း ရောက်ရှိလာသည်။

သူ၏ အရှိန်အဝါအရ ချီသန့်စင်ခြင်း အဆင့် ၁၂ တွင် ရှိနေသည်။

"ဒီလို ပွဲမျိုးကို ငါ ဘယ်လိုလုပ် လွတ်သွားလို့ ဖြစ်မလဲ"

​တပည့်များသည် တတိယအကြီးအကဲကို မြင်သောအခါ သူတို့၏ မျက်လုံးများမှာ လေးစားမှုဖြင့် တောက်ပသွားကြသည်။

တတိယအကြီးအကဲသည် ဓားပညာကို အလွန်အမင်း ရူးသွပ်သူအဖြစ် လူသိများသည်။

သူသည် စစ်မှန်သော ဓားကျင့်ကြံသူ မဟုတ်သော်လည်း သူ၏ ဓားပညာမှာ တူညီသောအဆင့်ရှိသူ အများအပြားကို အနိုင်ယူခဲ့ဖူးသည်။

ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ပင်လျှင် တစ်ဦးချင်း တိုက်ခိုက်မှုတွင် သူ့ကို မယှဉ်နိုင်ကြပေ။

​ထိုအကြီးအကဲ သုံးဦး၏ စုပေါင်းအင်အားမှာ ဂိုဏ်းချုပ်ထက်ပင် သာလွန်ပေသည်။

တကယ်လို့ အခြေခံတည်ဆောက်ခြင်းဆေး များသာ ရှားပါးမနေလျှင် သူတို့ သုံးဦးစလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

​တတိယအကြီးအကဲ ရောက်လာပြီး မကြာမီမှာပင် အုပ်ချုပ်ရေးမှူးအချို့လည်း အပြေးအလွှား ရောက်လာကြသည်။

ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း တပည့်များနှင့်အတူ ကျင့်ကြံသူ လေးငါးဆယ်ခန့် ဂိုဏ်းဝင်ပေါက်တွင် စုဝေးမိသွားကြသည်။

​ထိုမျှ အင်အားကြီးမားသော တန်းစီမှုကို ကြည့်ရင်း ကြောက်လန့်တုန်ရီနေသော ကင်းစောင့်များမှာလည်း ရပ်တန့်သွားကြသည်။

​"ဟက် ကိုယ်ခံပညာရှင်တွေဆိုတာ ကိုယ်ခံပညာရှင်တွေပါပဲ ကိစ္စသေးလေးမှာတောင် တည်တည်ငြိမ်ငြိမ် မနေနိုင်ကြဘူး"

ဟု အကြီးအကဲက နက်နဲသော ကောင်းကင်အဆင့် ကိုယ်ခံပညာရှင်များကို တစ်ချက်ကြည့်ကာ အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။

​ကင်းစောင့်များသည် အရှက်ရသွားသော်လည်း တစ်ဖက်တွင်မူ မထိတ်လန့်တော့ပေ။

အကြီးအကဲ သုံးဦးရှိနေသဖြင့် ထိုလူနှစ်ဦးမှာ မည်သူပင်ဖြစ်စေ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။

​"ငါတို့ဂိုဏ်းကို သိမ်းမယ်လို့ ပြောတဲ့ ကျင့်ကြံသူက အခု ဘယ်မှာလဲ"

ဟု မဟာအကြီးအကဲက တည်ငြိမ်စွာ မေးလိုက်သည်။

​"သူတို့ တောင်ပေါ်ကို တက်နေတုန်းပါပဲ ဒါပေမဲ့ အရမ်းနှေးတယ် ကိုယ့်အိမ်နောက်ဖေး ဥယျာဉ်ထဲမှာ လမ်းလျှောက်နေသလိုပဲ"

ဟု ကင်းစောင့်တစ်ဦးက တိုးတိုးလေး ဖြေသည်။

​"ရဲလှချည်လား"

တတိယအကြီးအကဲက သူ၏ မျက်လုံးများထဲတွင် အေးစက်မှုများနှင့်အတူ ရေရွတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ နဖူးထက်မှ ဓားပျံ တစ်လက် ဖြည်းည်းချင်း ထွက်ပေါ်လာသည်။

​ဒါဟာ ကံကြမ္မာဝိညာဥ်ရတနာ ပဲ

​ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အလွန်ပင် အားကျစွာ ကြည့်နေကြသည်။

ကံကြမ္မာဝိညာဉ်ရတနာသည် တူညီသောအဆင့်ရှိ ကျင့်ကြံသူများကို အလွယ်တကူ နှိမ်နင်းနိုင်သလို လေထဲတွင်လည်း ပျံသန်းနိုင်သည်။

ပထမနှင့် ဒုတိယအကြီးအကဲများပင် မနာလိုဖြစ်သွားကြသော်လည်း ထိုရတနာမှာ တတိယအကြီးအကဲက ဂိုဏ်းဆီမှ ရရှိခဲ့ခြင်း မဟုတ်သဖြင့် ၎င်းကို ပြုလုပ်ပုံနည်းလမ်းအား မျှဝေရန် သူတို့ တောင်းဆို၍ မရပေ။

​ဓားပျံ မှာ တစ်ထောင့်ခန့် ရှည်လျားပြီး အပြာရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်နေသည်။

​တတိယအကြီးအကဲက ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဒီဓားက သွေးမသောက်ရတာ ကြာပြီ ဒီနေ့တော့ ဝဝလင်လင် စားရတော့မှာပေါ့"

​"ဂျူနီယာညီ သူတို့ကို ချက်ချင်းကြီးတော့ မသတ်လိုက်နဲ့ဦး ဘာတွေဖြစ်နေတာလဲဆိုတာ ငါတို့ သိဖို့ လိုသေးတယ်"

ဟု မဟာအကြီးအကဲက ပြုံးလျက် ဆိုသည်။

​"နားလည်ပါပြီ စီနီယာအစ်ကို"

ဟု တတိယအကြီးအကဲက ခေါင်းညိမ့်သည်။

​ရုတ်တရက် လူအုပ်ကြီးသည် အဝေးမှ ဖြည်းည်းချင်း လျှောက်လာသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ လူငယ်တစ်ဦးနှင့် သီလရှင်တစ်ဦး ဖြစ်သည်။

​"ဒါ လမင်းပုန်းကွယ်သီလရှင်ကျောင်းက ချင်းဟယ်ပဲ ဆရာမကြီးကျူးယွဲ့ရဲ့ တပည့်ပေါ့"

မဟာအကြီးအကဲ မျက်မှောင်ကြုတ်လိုက်သည်။

"ငါ အဲဒီကလေးမကို အကြိမ်အနည်းငယ် မြင်ဖူးပါတယ် ကင်းစောင့်တွေ နားလည်မှု လွဲသွားတာလား လမင်းပုန်းကွယ်သီလရှင်ကျောင်းက ငါတို့နဲ့ ဘာရန်ငြိုးမှ မရှိသလို သူတို့ရဲ့ ဆရာကြီးက ငါတို့ ဂိုဏ်းချုပ်နဲ့လည်း ရင်းနှီးတာပဲ သူတို့က ဘာလို့ ဒီကို လာတိုက်မှာလဲ"

​လူအုပ်ထဲတွင် ဝေခွဲမရ ဖြစ်နေကြစဉ် တတိယအကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်သည်။

"တစ်သက်လုံး သူငယ်ချင်းဆိုတာ မရှိပါဘူးတစ်ခါတလေကျရင် ကိုယ်အယုံကြည်ရဆုံးသူကို ဓားနဲ့ ပြန်ထောက်တာက ကျင့်ကြံခြင်းလောကမှာ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ"

​သူ၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။

​ယခုအခါ ဖန့်ချန်နှင့် ချင်းဟယ်တို့သည် ဂိုဏ်းဝင်ပေါက်သို့ ရောက်ရှိလာကြပြီး လူအုပ်နှင့် ပေအနည်းငယ်သာ ကွာဝေးတော့သည်။

​မဟာအကြီးအကဲက ပထမဆုံး စကားစလိုက်သည်။

"ချင်းဟယ် ငါ့ကို မှတ်မိသေးလား"

​ချင်းဟယ်က သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းညိမ့်ပြလိုက်ပြီး ဖန့်ချန်ဘက် လှည့်လိုက်သည်။

"သခင်လေးဖန့် သူက ဝိညာဉ်ဟင်းလင်းပြင် ဂိုဏ်းချုပ်ရဲ့ ဆရာဖြစ်သလို ဂိုဏ်းရဲ့ မဟာအကြီးအကဲလည်း ဖြစ်ပါတယ် သူက ချီသန့်စင်ခြင်း အဆင့် ၁၂ မှာ ရှိပါတယ်"

သူမက ခေတ္တရပ်ပြီးနောက်

"ကျွန်မရဲ့ ဆရာမကြီး ပြောတာတော့ သူက တော်တော်လေး ကောက်ကျစ်စဉ်းလဲတယ်တဲ့ ဒါကြောင့် သတိထားပါဦး"

ဟု ထပ်လောင်းပြောလိုက်သည်။

​"..."

​သူမက မဟာအကြီးအကဲကို သူ၏ မျက်နှာချင်းဆိုင်မှာတင် ကောက်ကျစ်စဉ်းလဲတယ်လို့ ပြောလိုက်တာလား

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှ ကျင့်ကြံသူများသည် ပထမတွင် ဆွံ့အသွားကြသော်လည်း မကြာမီမှာပင် ဒေါသထွက်လာကြတော့သည်

​ဒုတိယအကြီးအကဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ကြည့်ရတာ လာတဲ့သူတွေက တကယ်ပဲ မိတ်ဆွေအဖြစ် လာတာ မဟုတ်ဘူးပဲ ဒါ ဆရာမကြီးကျူးယွဲ့နဲ့ ပတ်သက်နေမှာ သေချာတယ်"

​ထိုစကားပြောနေစဉ် တစ်လျှောက်လုံး တတိယအကြီးအကဲသည် ဖန့်ချန်နှင့် ချင်းဟယ်တို့ကို တစ်ချက်ပင် မကြည့်ပေ။

သူ၏ မျက်လုံးများသည် သူ၏ လက်ထဲမှ ဓားပျံပေါ်မှာသာ တည်ရှိနေပြီး သူ၏ အမူအရာမှာ နူးညံ့တည်ငြိမ်နေသည်။

​မဟာအကြီးအကဲ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။

"မင်းတို့ ဒီကို ငါတို့ဂိုဏ်းကို သိမ်းဖို့ လာတာဆိုတာ တကယ်ပဲလား"

​"မဟုတ်ရင် ကျုပ် တို့က ဒီအထိ အပင်ပန်းခံပြီး ဘာလာလုပ်မှာလဲ"

ဖန့်ချန်က ပြုံးလိုက်သည်။

"ဒါ ခင်ဗျားတို့ဂိုဏ်းက လူကုန်ပဲလား"

​"မင်းက ဂျူနီယာ တစ်ယောက်ဖြစ်ပြီးတော့ ဒီလောက် မောက်မာတဲ့ စကားတွေ ပြောရဲတယ်ပေါ့ မင်း ဘယ်ဂိုဏ်းကလဲ"

မဟာအကြီးအကဲ မျက်မှောင်ကြုတ်လိုက်ပြီး ချင်းဟယ်ဘက် လှည့်လိုက်သည်။

"လမင်းပုန်းကွယ်သီလရှင်ကျောင်းက တခြားသူတွေနဲ့ ပေါင်းပြီး ငါတို့ကို တိုက်ဖို့ ကြံနေတာလား"

​"ရှင် တို့ဂိုဏ်းက အရင်စခဲ့တာလေ ရှင်တို့က ကျွန်မတို့ရဲ့ လမင်းပုန်ူကွယ်သီလရှင်ကျောင်းကို အရင်တိုက်ဖို့ ကြံစည်ခဲ့တာ ဆရာမကြီးက ပြောတယ် ဒါဟာ ကျွန်မတို့ဘက်က ပြန်လည် တုံ့ပြန်မှုသက်သက်ပဲတဲ့"

ဟု ချင်းဟယ်က ပြန်ဖြေသည်။

​"ဟမ်"

လူတိုင်း ဝေခွဲမရ ဖြစ်သွားကြသည်။

​ရုတ်တရက် တတိယအကြီးအကဲက စကားပြောလာသည်။

"စကားတွေ အများကြီး ပြောမနေနဲ့တော့ သူ့ကို အရင်ဆုံး ဒုက္ခိတဖြစ်အောင် လုပ်လိုက် ပြီးမှ စီနီယာအစ်ကို ကြိုက်သလောက် စစ်မေးလို့ ရတာပေါ့"

သူ၏ ဓားပျံ မှာ ရုတ်တရက် လျှပ်စီးတန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ဖန့်ချန်ထံသို့ တည့်တည့် ဦးတည်သွားတော့သည်။

သို့သော် သူသည် ခေါင်းကို မမော့သေးဘဲ သူ၏ အကြည့်မှာ အခြားတစ်နေရာတွင်သာ ရှိနေဆဲ ဖြစ်သည်။

​ဖန့်ချန်သည် ဓားငယ်လေး၏ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

"စားလိုက်... စားလိုက်"

​"စိတ်မပူနဲ့ ဒီနေ့တော့ မင်း ဝဝလင်လင် စားရမှာပါ"

ဖန့်ချန်သည် စိတ်ထဲမှ ရယ်မောလိုက်ပြီးနောက် လျှပ်စီးကဲ့သို့ မြန်လှသော ဓားပျံကို လှမ်းဖမ်းလိုက်တော့သည်။

​သူသည် ဓားသွားကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ဓားမှာ သူ၏ လက်ထဲတွင် တုန်ခါနေပြီး ပြင်းထန်သော ဓားဆန္ဒ များကို ထုတ်လွှတ်နေသော်လည်း ဖန့်ချန်၏ အရေပြားကိုပင် လှီးဖြတ်နိုင်ခြင်း မရှိချေ။

​ထိုမြင်ကွင်းကြောင့် အကြီးအကဲ သုံးဦးစလုံး၏ မျက်နှာများ ပျက်သွားပြီး သူတို့၏ မျက်လုံးများမှာ တည်ကြည်သွားကြသည်။

တတိယအကြီးအကဲ တစ်ဦးသာ ဘာဖြစ်နေမှန်း မသိသေးဘဲ အဝေးတစ်နေရာကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

သူသည် ကောင်းကင်မှ နတ်သမီးလေးများ ရေချိုးနေသည်ကို ချောင်းကြည့်နေသကဲ့သို့ပင် အလွန်အာရုံစိုက်နေသည်။

​ခဏအကြာတွင် ပတ်ဝန်းကျင်၌ မည်သည့် အသံနှင့် လှုပ်ရှားမှုမှ မရှိတော့သည်ကို သတိပြုမိသွားပုံရသည်။

သူသည် ဖန့်ချန်ကို မော့ကြည့်လိုက်သောအခါ သူ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် စိမ်းဖန့်သွားတော့သည်။

All Chapters