← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

​အခန်း ၂၅၇ - မဟာအကြီးအကဲ၏ ဝှက်ဖဲ

​"အရေးကြီးတဲ့ ဧည့်သည်တော် ဟုတ်လား"

မဟာအကြီးအကဲ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အုပ်ချုပ်ရေးမှူးကို ပြုံးပြလိုက်သည်။

"မြို့တော်က လာတဲ့သူလား"

​သူ့အမြင်အရ မြို့စားမင်းအိမ်တော်ရဲ့ အုပ်ချုပ်ရေးမှူးကတောင်

"အရေးကြီးတဲ့ ဧည့်သည်တော်"ား

လို့ ခေါ်ပြီး မြို့စားမင်းကိုယ်တိုင် လူကိုယ်တိုင် ဧည့်ခံနေရတယ်ဆိုရင် မြို့တော်က အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ပိုင်းလောက်ရှိတဲ့ လူမျိုးလည်း ဖြစ်နိုင်သည်ဟု အကြီးအကဲများက တစ်ဦးပြီးတစ်ဦး ခန့်မှန်းနေကြသည်။

​"အဲဒါကတော့ ကျွန်တော်လည်း သေချာမပြောတတ်ပါဘူး ကျန်တဲ့သူတွေကို အရင်အကြောင်းကြားပြီးမှ ခင်ဗျားတို့ကို ပြန်ပြောပါ့မယ်"

ဟု အုပ်ချုပ်ရေးမှူးက ရယ်ကျဲကျဲဖြင့် ပြန်ဖြေကာ ခွင့်တောင်း၍ ထွက်ခွာသွားသည်။

​"ဟင်"

မဟာအကြီးအကဲ၏ မျက်နှာတွင် သံသယများ ပြည့်နှက်သွားပြီး ဒုတိယနှင့် တတိယအကြီးအကဲတို့ကို လှည့်ကြည့်လိုက်သည်။

"မြို့တော်က စီနီယာတစ်ယောက်ဆိုရင်တောင် သူတို့ ဒီလောက်အထိ ဖြစ်စရာမလိုပါဘူး"

​"ချင်းကျိုးဓားဂိုဏ်း က လူများလား"

ဟု ဒုတိယအကြီးအကဲက တိုးတိုးလေး မေးသည်။

"ဟိုဓားကျင့်ကြံသူက ယောင်တန်းကို သတ်လိုက်ပြီလို့ ပြောတယ်လေ တကယ်လို့ ချင်းကျိုးဓားဂိုဏ်းချုပ်က ဒီသတင်းကို ကြားသွားရင် သူ ငြိမ်နေမှာ မဟုတ်ဘူး"

​"ချင်းကျိုးဓားဂိုဏ်းချုပ်က အခြေခံတည်ဆောက်ခြင်း အဆင့် အလယ်ပိုင်းမှာ ရှိတာ တကယ်လို့ သူသာ ဝိညာဉ်ဟင်းလင်းပြင်မြို့မှာ ရှိနေရင် ငါတို့ဂိုဏ်းနေရာကို ပြန်ရနိုင်ကောင်းရဲ့"

ဟု မဟာအကြီးအကဲက ရေရွတ်လိုက်သည်။

​"အစ်ကိုကြီး ဒုတိယအစ်ကို ဒါတွေကို စဉ်းစားမနေကြပါနဲ့တော့"

တတိယအကြီးအကဲက ခါးသီးစွာ ပြုံးလိုက်သည်။

"ငါတို့ ပြောနေတာက ဓားကျင့်ကြံသူ တစ်ယောက်အကြောင်းနော် ခင်ဗျားတို့က တကယ်ပဲ ပြဿနာကို အဲလောက် ရှာချင်နေတာလား"

​"အဲဒါကတော့ ဟုတ်ပါတယ် ဒါပေမဲ့ ဂျူနီယာညီမင်းကော ဒါကို ဒီအတိုင်း မျိုသိပ်ထားနိုင်လို့လား"

မဟာအကြီးအကဲ၏ မျက်လုံးများ အေးစက်သွားသည်။

"ငါတို့ရဲ့ ရတနာတွေ၊ ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးဝါးတွေနဲ့ ပစ္စည်းတွေ အကုန်လုံး အဲဒီပေါ်မှာ ကျန်ခဲ့တာ ဂိုဏ်းချုပ်ပေးထားတဲ့ ဝိညာဉ်အဆီအနှစ်ဆေး သုံးလုံးကိုတောင် ထားခဲ့ရတာ"

" ငါတို့က အခြေခံတည်ဆောက်ခြင်းဆေး ရတဲ့အထိ စောင့်ပြီး အဆင့်တက်ဖို့ အခွင့်အရေး ပိုများအောင် အတူတူ သောက်မလို့ မသောက်ဘဲ ထားခဲ့တာလေ အခုတော့"

​"အင်း ယဟုတ်ပါပြီလေ"

တတိယအကြီးအကဲ၏ မျက်နှာမှာ ဝေခွဲမရ ဖြစ်သွားသည်။

သူတို့သည် ချီသန့်စင်ခြင်း အဆင့် ၁၂ သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ထိုဆေးကို သောက်လျှင်လည်း ဘာမှ ထူးခြားမည်မဟုတ်သောကြောင့် မသောက်ဘဲ ထားခဲ့ခြင်းဖြစ်သည်။

သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းတော့မည်ဆိုလျှင် ထိုဆေးရှိခြင်းက အောင်မြင်မှုနှုန်းကို အနည်းငယ် ပိုတိုးစေမည်ဖြစ်သည်။

​"အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်ဖို့ဆိုတာ နောင်ရေးပဲ ငါတို့ အားလုံး ဒါကို ကောင်းကောင်းသိပါတယ်"

တတိယအကြီးအကဲက သက်ပြင်းချလိုက်သည်။

"အခြေခံတည်ဆောက်ခြင်းဆေး ဖော်စပ်ဖို့ ပစ္စည်းရှာရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ထားပါဦး ရလာရင်ကော ဘာဖြစ်မှာလဲ ဒီဆေးကို ဖော်စပ်ဖို့ အောင်မြင်နှုန်းက အရမ်းနည်းတာ ကူညီပေးမယ့် ဆေးဆရာ ရှာတွေ့ရင်တောင် ၁၀ ကြိမ်လောက် စမ်းမှ တစ်လုံးရဖို့ မလွယ်ဘူး"

​"ဂိုဏ်းချုပ်က အဆင့် ၅ အင်ပါယာရဲ့ နယ်မြေတစ်ခုမှာ ကံကောင်းလို့ အခြေခံတည်ဆောက်ခြင်းဆေး ရခဲ့တာမို့ အခုလို အဆင့်တက်နိုင်ခဲ့တာ ဒါပေမဲ့ ဒီလို အခွင့်အရေးက ရခဲပါတယ်"

" အခု ဓားကျင့်ကြံသူ တစ်ယောက်နဲ့ ထိပ်တိုက်တွေ့နေတာဆိုတော့ အဖြေမရှိတဲ့ ပြဿနာတွေအတွက် အင်အားဖြုန်းနေမယ့်အစား ဂိုဏ်းချုပ်ကို ရှာဖို့ပဲ အာရုံစိုက်သင့်တယ်"

"ဂိုဏ်းချုပ်ကို ရှာတွေ့ရင် ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းအတွက် နေရာသစ်တစ်ခု ရှာလို့ရတာပဲ ဓားကျင့်ကြံသူကို သွားပြီး ရန်မစတာ အကောင်းဆုံးပဲ အဲဒီလူတွေက အရူးတွေ"

​မဟာအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့မှာ တတိယအကြီးအကဲလောက် ဓားကျင့်ကြံသူများအကြောင်း နားမလည်သဖြင့် လုံးဝ နားမဝင်ကြဘဲ ကလဲ့စားချေရန် စိတ်ကူးရှိနေဆဲ ဖြစ်သည်။

​"အဲဒီလိုလား"

ရုတ်တရက် မဟာအကြီးအကဲ၏ မျက်လုံးထဲတွင် အနီရောင်အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာသည်။

"ဒီဓားသမားက မင်းပြောသလောက် တကယ် စွမ်းသလားဆိုတာ ငါ ကြည့်ချင်သေးတယ်"

သူသည် ရုတ်တရက် ဝိညာဉ်အဆောင်စာရွက် တစ်ခုကို ထုတ်ယူကာ အသက်သွင်းလိုက်သည်။

​"ဆက်သွယ်ရေးအဆောင် လား"

ဒုတိယနှင့် တတိယအကြီးအကဲတို့ အံ့သြသွားကြသည်။

"အစ်ကိုကြီး ဂိုဏ်းချုပ်ကို ဆက်သွယ်နေတာလား"

ဟု ပြိုင်တူ မေးလိုက်ကြသည်။

​"ဟိုဓားကျင့်ကြံသူ ပြောတာသာ အမှန်ဆိုရင် ဂိုဏ်းချုပ်က ထွက်ပြေးသွားလောက်ပြီ"

မဟာအကြီးအကဲ၏ မျက်လုံးထဲတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

"ငါ သူမကို ဘာလို့ ဆက်သွယ်ရမှာလဲ ငါ အခု ဆက်သွယ်မယ့်လူက ဘယ်ဓားကျင့်ကြံသူကိုမှ ကြောက်တဲ့လူ မဟုတ်ဘူး"

​ဒုတိယနှင့် တတိယအကြီးအကဲတို့မှာ ထိတ်လန့်သွားကြသည်။

မဟာအကြီးအကဲတွင် ထိုကဲ့သို့သော ဝှက်ဖဲရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

​ခဏအကြာတွင် အုပ်ချုပ်ရေးမှူး ပြန်ရောက်လာပြီး ပြုံးပြလိုက်သည်။

"မြို့စားမင်းက ခင်ဗျားတို့ သုံးယောက်ကို ဖိတ်ခေါ်နေပါတယ်"

​သူတို့ သုံးဦး ဖြည်းည်းချင်း ထလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ်"

​အုပ်ချုပ်ရေးမှူး၏ လမ်းပြမှုဖြင့် သူတို့ သုံးဦးသည် စားပွဲတစ်ခုသို့ ရောက်ရှိလာသည်။

ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးကို မြင်သောအခါ သူတို့၏ မျက်လုံးထဲတွင် စပ်စုလိုစိတ်များ ပေါ်လာသည်။

ထိုအဘိုးအိုကို သူတို့ တစ်ခါမှ မမြင်ဖူးချေ။

​သူတို့ သုံးဦး ဦးညွှတ်ကာ ဂါရဝပြုလိုက်ကြသည်။

"ကျွန်တော်တို့ ဂါရဝပြုပါတယ် အရှင်"

​ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းက တည်ငြိမ်စွာ ခေါင်းညိမ့်ပြသည်။

"ခင်ဗျားတို့ သုံးယောက် တောင်ပေါ်က ဆင်းလာတာ ခဲယဉ်းလှချည်လား ဘာကိစ္စရှိလို့လဲ"

​မဟာအကြီးအကဲ၏ မျက်နှာတွင် အရှက်ရမှု အနည်းငယ် ပေါ်လာသည်။ ခဏမျှ တိတ်ဆိတ်နေပြီးနောက်

"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း သိမ်းပိုက်ခံလိုက်ရပါပြီ"

ဟု ပြောလိုက်သည်။

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း သိမ်းပိုက်ခံရတယ် ဟုတ်လား

မြို့စားမင်းမှာ အံ့အားသင့်သွားပြီး

"ဒါဆို ခင်ဗျားတို့ ဂိုဏ်းချုပ်ကော"

ဟု မေးလိုက်သည်။

​"ဂိုဏ်းချုပ်က လမင်းပုန်းကွယ်သီလရှင်ကျောင်းကို ကိစ္စတစ်ခုနဲ့ သွားခဲ့ပါတယ် ဒါပေမဲ့ သူမ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ထွက်ပြေးသွားရတယ်လို့ ကျွန်တော် ကြားလိုက်ရပါတယ်"

ဟု မဟာအကြီးအကဲက အသံတိုးတိုးဖြင့် ဖြေသည်။

​မြို့စားမင်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"အသေးစိတ် ပြောစမ်း ဘာတွေ ဖြစ်ခဲ့တာလဲ"

​နဂါးဖြတ်ကျော်ကျွန်းရှင်သည် ထိုသုံးဦးကို တစ်ချက်ကြည့်ကာ သူတို့ ပြောနေသည်ကို စိတ်မဝင်စားသလိုမျိုး အရက်ကိုသာ ကိုယ့်ဘာသာ ငှဲ့သောက်နေသည်။

မဟာအကြီးအကဲက ဖြစ်ပျက်ခဲ့သမျှကို ဖြည်းည်းချင်း ပြန်ပြောပြသည်။

ဖန့်ချန်ထံမှ ကြားခဲ့ရသမျှကိုလည်း သူ သိသလောက် အမွှမ်းတင်၍ ပြောပြသည်။

နဂါးဖြတ်ကျော်ကျွန်းရှင်သည် လူငယ်ဓားသမားအကြောင်း ကြားလိုက်ရသောအခါ သူ၏ အမူအရာ ပြောင်းလဲသွားသည်။

​"ဓားကျင့်ကြံသူ ဟုတ်လား အဲဒီအရူးတွေက ဝိညာဉ်ဟင်းလင်းပြင်မြို့ကို ဘာလာလုပ်တာလဲ ပြီးတော့ ခင်ဗျားတို့ဂိုဏ်းက သူတို့ကို ဘာလို့ သွားပြီး ရန်စမိတာလဲ"

မြို့စားမင်း၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားသည်။

သူသည်လည်း ဓားကျင့်ကြံသူတစ်ဦးနှင့် တစ်ကြိမ် ဆုံဖူးခဲ့သဖြင့် ထိုစကားလုံးနှစ်လုံး၏ အဓိပ္ပာယ်ကို အလွန်နက်ရှိုင်းစွာ နားလည်ထားသူ ဖြစ်သည်။

​မဟာအကြီးအကဲက ခါးသီးစွာ ပြုံးလိုက်သည်

"ဂိုဏ်းချုပ်ကိုယ်တိုင်တောင် သူ ဘယ်ကနေ ပေါ်လာမှန်း သိမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်အခု ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သူ သိမ်းထားပြီးပြီဆိုတော့ ရက်အနည်းငယ်အတွင်းမှာ ပစ္စည်းတွေကို လေလံတင်တော့မှာ ဖြစ်ပုံရပါတယ်"

​" ကျုပ် ခင်ဗျားတို့ကို မကူညီနိုင်ဘူး"

မြို့စားမင်းက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။

"ငါ့အပြင် မီးတောက်အင်ပါယာထဲက ဘယ်မြို့စားမင်းမှ ဓားကျင့်ကြံသူတစ်ယောက်ကို သွားပြီး ရန်စချင်မှာ မဟုတ်ဘူး ခင်ဗျားတို့ ဂိုဏ်းအတွက် နေရာသစ်တစ်ခု ရှာပြီး အစကနေ ပြန်စတာပဲ ကောင်းလိမ့်မယ်"

​ဤရလဒ်ကို ကြိုတင် ခန့်မှန်းထားသော်လည်း သူတို့ သုံးဦးမှာ စိတ်ပျက်သွားမိသည်။

​ရုတ်တရက် မြို့စားမင်းက

"ခင်ဗျား အခု ပြောလိုက်တာ ချင်းကျိုးဓားဂိုဏ်းက ယောင်တန်းလည်း ဒီဓားကျင့်ကြံသူ လက်ချက်နဲ့ သေသွားတာလား"

ဟု မေးလိုက်သည်။

​မဟာအကြီးအကဲက ခေါင်းညိမ့်သည်။

"ဟုတ်ကဲ့ အဲဒီလို ကြားရပါတယ် ဒါပေမဲ့ အမှန်လားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး"

​"အော်... အေးအေး"

မြို့စားမင်းက ဖြည်းည်းချင်း ခေါင်းညိမ့်သည်။

"ရော့ ခင်ဗျားတို့ ဘာလုပ်ရမလဲ ငါ ပြောပြမယ်ဝိညာဉ်ကျောက်တုံးတွေ စုထားကြ သူ လေလံတင်တဲ့အခါကျရင် ခင်ဗျားတို့ ဂိုဏ်းနေရာကို ပြန်ဝယ်ကြပေါ့"

​ထိုသို့ ပြောပြီးနောက် သူသည် အုပ်ချုပ်ရေးမှူးကို ခေါ်ကာ သူတို့ကို ပြန်ပို့ခိုင်းလိုက်သည်။

​မြို့စားမင်းက သူတို့ကို လက်မခံချင်တော့သည်ကို မြင်သောအခါ သူတို့ သုံးဦးလည်း ဆက်မပြောတော့ဘဲ ထွက်လာခဲ့ကြသည်။

​"ဟိုအဘိုးကြီးက ဓားကျင့်ကြံသူအကြောင်း ကြားတာနဲ့တင် ကြောက်နေတာပဲ ရယ်စရာကြီး"

မဟာအကြီးအကဲက လှောင်ပြုံးပြလိုက်သည်။ သူသည် ထိုကဲ့သို့သော အမူအရာကို အလွန်ပင် မထီမဲ့မြင် ပြုမိသည်။

​"ဒါက သဘာဝပါပဲ"

ဟု တတိယအကြီးအကဲက တိုးတိုးလေး ဆိုသည်။

​ထိုအချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မြို့စားမင်း အိမ်တော်ထဲသို့ ဝင်လာကြရာ ထွက်ခွာသွားသော အကြီးအကဲ သုံးဦးနှင့် လမ်းတွင် ဆုံကြသည်။

သူတို့နှစ်ဦးက အကြီးအကဲများကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

"သူတို့က ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက တပည့်တွေ မဟုတ်ဘူးလား"

​ထိုသုံးဦးကို ပြန်ပို့ရန် လိုက်လာသော အုပ်ချုပ်ရေးမှူးသည် အမျိုးသားနှင့် အမျိုးသမီးကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။

"သခင်မလေး၊ သခင်လေး ပြန်လာတာ ကောင်းတာပေါ့ မြို့စားမင်းက အခု အရေးကြီးတဲ့ ဧည့်သည်တော်နဲ့ ရှိနေပါတယ် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

​အမျိုးသမီးမှာ နတ်မိမယ်ယွီ ထက် မနိမ့်သော အလှတရားနှင့် ထူးခြားသော အရှိန်အဝါ ရှိသူဖြစ်သည်။

"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက လူတွေ ဒီမှာ ဘာလာလုပ်တာလဲ"

ဟု သူမက မေးလိုက်သည်။

​အုပ်ချုပ်ရေးမှူးက ခေါင်းခါပြသည်။

"ကျွန်တော်လည်း မသိပါဘူး"

​"စီဟန် အရေးကြီးတဲ့ ဧည့်သည်တော်ကို အရင်သွားတွေ့ရအောင် မြို့စားမင်းက မင်းကို အလောတကြီး ပြန်ခေါ်တယ်ဆိုတော့ အဲဒီဧည့်သည်က အရေးကြီးတဲ့သူ ဖြစ်ရမယ်"

ဟု သူမဘေးမှ လူငယ်က တိုးတိုးလေး သတိပေးလိုက်သည်။

​​အခန်း ၂၅၈ - သားကောင်ရှာဖွေခြင်း

​"အဖေ"

​"မြို့စားမင်း"

​စီဟန် နှင့် လူငယ်လေးတို့သည် ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းရှေ့သို့ အတူတူ ရောက်ရှိလာကြသည်။

သူတို့သည် ညီတူညာတူ ဦးညွှတ်ဂါရဝပြုရင်း နဂါးဖြတ်ကျော်ကျွန်းရှင်ကို ခိုးကြည့်လိုက်မိကြသည်။

​ဝိညာဉ်ဟင်းလင်းပြင် မြို့စားမင်းက စီဟန်ကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာခဲ့ ငါ မိတ်ဆက်ပေးမယ် သူကတော့ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်မှာရှိတဲ့ ပညာရှင် နဂါးဖြတ်ကျော်ကျွန်းရှင်ပဲ ဖြစ်တယ်"

​အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်

​စီဟန်နှင့် လူငယ်လေးတို့မှာ ခဏမျှ မှင်တက်သွားကြပြီးနောက် လေးစားသမှုဖြင့် ကျွန်းရှင်ကို နောက်တစ်ကြိမ် အမြန် ဦးညွှတ်လိုက်ကြသည်။

​"ဒါ ခင်ဗျားရဲ့ သမီးလား"

နဂါးဖြတ်ကျော်ကျွန်းရှင်က စီဟန်ကို အထက်အောက် အကဲခတ်ရင်း မေးလိုက်သည်။

ထို့နောက် မြို့စားမင်းဘက်သို့ လှည့်ကာ အနည်းငယ် ပြုံးလိုက်ပြီး

"သူမက ခင်ဗျားနဲ့ သိပ်မတူဘူးပဲ"

​အကယ်၍ အခြားသာမန် ပညာရှင်တစ်ယောက်သာ မြို့စားမင်းကို ထိုကဲ့သို့ ပြောခဲ့လျှင် တိုက်ပွဲတစ်ခုပင် ဖြစ်ပွားနိုင်သော်လည်း ယခုပြောသူမှာ ပင်လယ်နဂါးဂိုဏ်းမှ ကျွန်းရှင်ဖြစ်သဖြင့် မြို့စားမင်းက စိတ်ထဲမထားပေ။ သူက ရယ်မောရင်း

"ဟုတ်ပါတယ် သူက ကျွန်တော့်ရဲ့ ကွယ်လွန်သူ ဇနီးနဲ့ တူတာပါ ကျွန်တော့်ဇနီးကလည်း ဂိုဏ်းထဲမှာ ပြိုင်ဘက်ကင်း အလှတရား ပိုင်ရှင်တစ်ဦး ဖြစ်ခဲ့ပါတယ် အဲဒီတုန်းက ဂိုဏ်းတူ ညီအစ်ကိုတွေ အများကြီး သူမကို ပိုးပန်းခဲ့ကြတာပေါ့"

ဟု ပြန်ပြောသည်။

​စီဟန်၏ မျက်နှာမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားသည်။

​နဂါးဖြတ်ကျော်ကျွန်းရှင်က လူငယ်လေးကို ကြည့်လိုက်သည်။

"ဒါကကော ဘယ်သူလဲ"

​လူငယ်လေးမှာ သိသိသာသာပင် စိတ်လှုပ်ရှားနေပြီး

"ကျွန်တော်က ဝိညာဉ်ဟင်းလင်းပြင်မြို့က ရဲ့ မိသားစုက ရဲ့ဝမ်ရှို့ ပါ စီနီယာ"

ဟု အလောတကြီး ဖြေလိုက်သည်။

​နဂါးဖြတ်ကျော်ကျွန်းရှင်က မျက်မှောင်ကြုတ်လိုက်သည်။

"ရဲ့ မိသားစု"

​မြို့စားမင်းက အမြန်ပင် ကြားဖြတ် ရယ်မောလိုက်သည်။

"ဒါက ဝိညာဉ်ဟင်းလင်းပြင်မြို့က အဓိက ကျင့်ကြံသူ မိသားစု သုံးစုထဲက တစ်ခုပါ ရဲ့မိသားစုရဲ့ ဘိုးဘေးက ချီသန့်စင်ခြင်း အဆင့် ၁၂ မှာ ရှိပါတယ်"

​"အော်..."

နဂါးဖြတ်ကျော်ကျွန်းရှင်က အရေးမစိုက်သလို ခေါင်းညိမ့်သည်။

​ချီသန့်စင်ခြင်း အဆင့် ၁၂ ရှိသော ကျင့်ကြံသူတစ်ဦးမှာ သူ့ရှေ့တွင် ပြောပလောက်သည့်အရာ မဟုတ်ပေ။

ထိုလူငယ်၏ နောက်ခံမှာ အလွန်နိမ့်ပါးကြောင်း သိလိုက်ရသဖြင့် သူ စိတ်ဝင်စားမှု လျော့နည်းသွားသည်။

​လူငယ်လေးသည်လည်း ကျွန်းရှင်၏ အတွေးကို ရိပ်မိပုံရပြီး အရှက်ရသွားသည်။

သူ၏ မိသားစုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်ရှိသူ တစ်ဦး၏ ရှေ့တွင် ဘာမှမဟုတ်သည်မှာ အမှန်ပင်။

​နဂါးဖြတ်ကျော်ကျွန်းရှင်၏ မျက်လုံးများသည် စီဟန်ထံသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြီး သူမကို အကဲခတ်နေသည်။

"ခင်ဗျားသမီးက ချီသန့်စင်ခြင်း အဆင့် ၉ ကို ရောက်နေပြီပဲ ကျင့်ကြံမှုက တော်တော်ကောင်းတယ် နှစ်တွေတစ်လျှောက် သူမကို ဝိညာဉ်ဆေးဝါးတွေ အများကြီး ကျွေးထားပုံရတယ်"

ဟု သူက အနည်းငယ် စပ်စုသလို ပြောသည်။

​မြို့စားမင်းက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

"စီဟန်ရဲ့ ပါရမီက ကျွန်တော့်ထက်တောင် သာပါတယ် ဟုတ်ပါတယ် သူမက နှစ်တွေတစ်လျှောက် ဝိညာဉ်ဆေးရည်တွေနဲ့ ဆေးဝါးတွေ အများကြီး မှီဝဲခဲ့ရတာပါ"

ခေတ္တမျှ ရပ်နားပြီးနောက် သူက ဆက်ပြောသည်။

"နဂါးဖြတ်ကျော်ကျွန်းရှင်အနေနဲ့ သူမကို လမ်းညွှန်မှု အနည်းငယ် ပေးနိုင်မလားလို့ ကျွန်တော် တွေးနေမိပါတယ် ကျွန်းရှင်ရဲ့ အကူအညီသာ ပါမယ်ဆိုရင် စီဟန်ဟာ ဆယ်ခုမြောက် မသေမျိုးသွေးကြောကို ဖော်ထုတ်နိုင်ဖို့ ခြေလှမ်းလှမ်းနိုင်မှာပါ"

​"ခင်ဗျားက သူမကို ငါ့ရဲ့ ပင်လယ်နဂါးဂိုဏ်းထဲ သွင်းပေးဖို့ မျှော်လင့်နေတာလား"

နဂါးဖြတ်ကျော်ကျွန်းရှင်က ဟိန်းသံဖြင့် မေးလိုက်သည်။

"ဒီတစ်ခါ ခင်ဗျား ငါ့ကို ကူညီမယ် ငါလည်း ခင်ဗျားကို ပြန်ကူညီမယ် ဒါဆိုရင် ငါတို့ကြားမှာ အကြွေးတင်စရာ မရှိတော့ဘူးပေါ့"

​ပင်လယ်နဂါးဂိုဏ်း

​စီဟန်နှင့် ရဲ့ဝမ်ရှို့တို့ နှစ်ဦးစလုံး ထိတ်လန့်သွားကြသည်။

သူတို့ရှေ့မှ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူမှာ ပင်လယ်နဂါးဂိုဏ်းမှ ဖြစ်နေသည်ကို သိလိုက်ရသဖြင့် အံ့အားသင့်သွားကြရသည်။

​သူတို့သည် ထိုကျွန်းရှင်၏ အမည်ကို တစ်ခါမှ မကြားဖူးခြင်းမှာ မဆန်းပေ။

အမှန်စင်စစ် မီးတောက်အင်ပါယာထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်ရှိသော ကျင့်ကြံသူ အနည်းငယ်သာ ရှိပြီး သူတို့၏ ဘွဲ့နာမည်များကိုသာ ကြားဖူးနားဝ ရှိကြခြင်း ဖြစ်သည်။

​"ဒါဆိုရင်တော့ ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်"

မြို့စားမင်း၏ မျက်နှာမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။

"ဒါက ဖြစ်နိုင်ပါ့မလား အရှင်"

​"ငါ့မှာ တပည့်တွေ လုံလောက်တာထက်တောင် ပိုနေပြီ"

ဟု ကျွန်းရှင်က ပြန်ဖြေသည်။

​မြို့စားမင်း၏ နှလုံးသားမှာ နစ်မြုပ်သွားပြီး အလွန် စိတ်ပျက်သွားမိသည်။

သို့သော် သူ စကားမပြောမီမှာပင် ကျွန်းရှင်က ဆက်ပြောလိုက်သည်။

"သူမကို တပည့်အဖြစ် လက်ခံဖို့ မလိုပါဘူး။ ငါ့ရဲ့ ဇနီးက ကွယ်လွန်သွားတာ နှစ်အနည်းငယ် ကြာပြီဆိုတော့ အခု နောက်ထပ် အိမ်ထောင်ပြုဖို့ စဉ်းစားနေတာ"

"ခင်ဗျားသမီးက ငါ့အတွက် သင့်တော်တယ်လို့ ထင်တယ် သူမရဲ့ ပါရမီကလည်း ကောင်းတော့ သူမနဲ့ အတူတူ ကျင့်ကြံရတာ ငါ့အတွက် အရှုံးမရှိပါဘူး"

​မြို့စားမင်းသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ကျွန်းရှင်က သူ၏ သမီးကို စိတ်ဝင်စားနေသည် ဟုတ်လား

​စီဟန်မှာ မှင်တက်သွားပြီးနောက် ကြောက်လန့်သွားသည်။

သူမ၏ စိတ်ခံစားမှုကို မမြင်စေရန် ခေါင်းကို အမြန်ငုံ့ထားလိုက်သည်။

ရဲ့ဝမ်ရှို့မှာမူ ကျွန်းရှင်ကို ကြောင်ကြည့်နေမိပြီး သူ၏ စိတ်မှာ ဝေဝါးသွားတော့သည်။

​"ဘာလဲ ခင်ဗျားက သဘောမတူဘူးလား"

ကျွန်းရှင်က အေးအေးဆေးဆေး ဆိုသည်။

"တကယ်လို့ သူမ ငါ့နောက်ကို လိုက်မယ်ဆိုရင် သူမအတွက် အခြေခံတည်ဆောက်ခြင်းဆေး ရအောင် ငါကိုယ်တိုင် တာဝန်ယူပေးမယ်"

​မြို့စားမင်းသည် ပထမတွင် တွန့်ဆုတ်နေသော်လည်း အခြေခံတည်ဆောကာဆေး ဟူသော စကားကို ကြားလိုက်ရသောအခါ သူ၏ အမူအရာ ပြောင်းလဲသွားပြီး ဝေခွဲမရစွာ စဉ်းစားလာတော့သည်။

​"သေသေချာချာ စဉ်းစားကြည့်ပါဦး"

ကျွန်းရှင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထရပ်လိုက်သည်။

"ဒါနဲ့ ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက ဓားကျင့်ကြံသူအကြောင်း ငါ နည်းနည်း စပ်စုချင်တယ် သူက တကယ်ပဲ ဓားကျင့်ကြံသူ ဟုတ် မဟုတ်ဆိုတာကို တစ်ယောက်ယောက် လွှတ်ပြီး စုံစမ်းခိုင်းလိုက်ဦး"

သူသည် ပြောပြီးနောက် အခန်းထဲမှ ထွက်ခွာသွားသည်။

​မြို့စားမင်းသည် ထွက်ခွာသွားသော ကျွန်းရှင်၏ ကျောပြင်ကို ကြည့်ကာ အတွေးနက်နေမိသည်။

​"အဖေ ကျွန်မနဲ့ ဝမ်ရှို့က အချင်းချင်း ချစ်နေကြတာပါ"

စီဟန်က တိုးတိုးလေး ပြောလိုက်သည်။

​"မင်းတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေဆိုတာ ငါသိပါတယ် ဒါပေမဲ့ ဒါက အရမ်း အရေးကြီးတယ် နဂါးဖြတ်ကျော်ကျွန်းရှင်က အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်မှာ ရှိတာ မီးတောက်အင်ပါယာမှာ ဒီလို ကျင့်ကြံမှုမျိုး ရှိတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ"

မြို့စားမင်း၏ မျက်နှာမှာ တည်ကြည်နေသည်။

"ငါသာ သူ့ကို ငြင်းလိုက်ရင် ငါတို့အတွက် ဘေးဒုက္ခတွေ ရောက်လာနိုင်တယ် ဒါပေမဲ့ ငါသာ သဘောတူလိုက်ရင် မင်းအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ ခိုင်မာတဲ့ အထောက်အပံ့ ရမှာပါ အခြေခံတည်ဆောက်ဆေးဆိုတာ... တကယ်ကို တန်ဖိုးရှိတာ..."

​ခဏအကြာတွင် သူက ရဲ့ဝမ်ရှို့ဘက် လှည့်လိုက်သည်။

"ဒါနဲ့ ပြောရဦးမယ် ဝမ်ရှို့ မင်း တကယ်ပဲ စီဟန်ကို ချစ်တယ်ဆိုရင် သူမအတွက် အကောင်းဆုံးဖြစ်မယ့်အရာကို မင်း လုပ်ပေးသင့်တယ် "

"ရဲ့မိသားစုက အခြေခံတည်ဆောက်ဆေး မရနိုင်သလို ငါကိုယ်တိုင်တောင် သူမအတွက် ရအောင်ယူပေးနိုင်ဖို့ မသေချာဘူး ဒါပေမဲ့ နဂါးဖြတ်ကျော်ကျွန်းရှင်ကတော့ ရအောင် လုပ်ပေးနိုင်တယ်"

​"ဒါပေမဲ့ မြို့စားမင်း..."

ရဲ့ဝမ်ရှို့၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှုနှင့် ဒေါသများ ပြည့်နှက်နေသည်။

​သူ ငြင်းခုံတော့မည်ကို မြင်သောအခါ မြို့စားမင်းက သူ့ကို တိုက်ရိုက်ပင် နှင်ထုတ်လိုက်သည်။

"တော်ပြီ မင်း ပြန်လို့ရပြီ"

​ရဲ့ဝမ်ရှို့ကို အစေခံများက ချက်ချင်းပင် ခေါ်ထုတ်သွားကြသည်။ သူ မကျေနပ်သော်လည်း မအုံကြွရဲပေ။

​စီဟန်၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော်နေသည်။

မြို့စားမင်းက သူမ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။

"ငါတို့ ကျင့်ကြံသူတွေဟာ သာမန် အချစ်ရေးကိစ္စလေးတွေကြောင့် ငါတို့ရဲ့ မသေမျိုး လမ်းစဉ်ကို ပျက်စီးအောင် အခွင့်မပေးနိုင်ဘူး အခု မင်းမှာ ပိုတောက်ပတဲ့ အနာဂတ် ရှိနေပြီ နောင်တစ်ချိန်မှာ ငါ ဘာလို့ ဒီလို လုပ်ခဲ့ရလဲဆိုတာ မင်း နားလည်လာမှာပါ"

​စီဟန်၏ မျက်လုံးများမှာ ဗလာနတ္ထိ ဖြစ်နေပြီး သူမ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေတော့သည်။

​မြို့စားမင်းသည် ကျွန်းရှင်၏ ညွှန်ကြားချက်ကို သတိရကာ သူ၏ လက်အောက်မှ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အချို့ကို ခေါ်ခိုင်းလိုက်သည်။

​"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သွားကြ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး တစ်ဖက်လူ ဘာလိုချင်တာလဲဆိုတာ စုံစမ်းခဲ့ကြ"

ဟု မြို့စားမင်းက ညွှန်ကြားလိုက်သည်။

​"မြို့စားမင်း ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ ဘာဖြစ်လို့လဲ"

ကျင့်ကြံသူတစ်ဦးက ဘာမှမသိသလို မေးလိုက်သည်။

​"ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းက ဓားကျင့်ကြံသူလို့ နာမည်ကြီးနေတဲ့ အစွမ်းထက်တဲ့သူ တစ်ယောက်ကို သွားစော်ကားမိလို့ သူတို့ဂိုဏ်း သိမ်းပိုက်ခံလိုက်ရပြီ မင်းတို့က အဲဒီဓားကျင့်ကြံသူရဲ့ နောက်ခံအကြောင်းကို ယဉ်ယဉ်ကျေးကျေးလေး စုံစမ်းခဲ့ရုံပဲ"

ဟု မြို့စားမင်းက ဆိုသည်။

​ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြသည်။ ဓားကျင့်ကြံသူ ဟုတ်လား ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း တကယ်ပဲ အသိမ်းခံလိုက်ရပြီလား

​သီလရှင် ချင်းဟယ်သည် ဖန့်ချန် ကျင့်ကြံနေသော အခန်းရှေ့တွင် ကုလားထိုင်တစ်လုံးဖြင့် ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် မေးထောက်ကာ လေထဲသို့ ငေးကြည့်နေမိသည်။

​မကြာမီ လူရိပ်အချို့ ပေါ်လာသည်။ ချင်းဟယ်မှာ အံ့အားသင့်သွားပြီး မျက်နှာတည်ကာ ထရပ်လိုက်သည်။

​သူမ၏ တုန်လှုပ်မှုကို မြင်သောအခါ တစ်ဦးက စကားစလိုက်သည်။

"မေးပါရစေ ခင်ဗျားက ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းကို သိမ်းလိုက်တဲ့သူလား"

​"မဟုတ်ဘူး ကျွန်မ မဟုတ်ဘူး"

ချင်းဟယ်က သတိထားနေသော မျက်လုံးများဖြင့် ခေါင်းခါပြသည်။

"ရှင်တို့ ဘာကိစ္စရှိလို့လဲ"

​"အော် ကျွန်တော်တို့က မြို့စားမင်း အိမ်တော်ကပါဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်း သိမ်းပိုက်ခံရတယ်လို့ ကြားလို့ လာကြည့်တာပါ ဓားကျင့်ကြံသူက ဘယ်မှာလဲဆိုတာ သိချင်လို့ပါ"

ဟု လူတစ်ဦးက မေးလိုက်သည်။

​"သခင်လေးက အခု ကျင့်ကြံနေတယ် ကိစ္စရှိရင် သူ ပြန်ထွက်လာတဲ့အထိ စောင့်ပါ"

ဟု ချင်းဟယ်က ဆိုသည်။

​ကျင့်ကြံနေတယ် ဟုတ်လား

​သူတို့သည် ချင်းဟယ်၏ နောက်ကွယ်ရှိ အခန်းတံခါးကို လှမ်းကြည့်လိုက်ကြသည်။

​ကျင့်ကြံသူတစ်ဦး၏ မျက်နှာတွင် ဝေခွဲမရ ဖြစ်မှုများ ပေါ်လာသည်။

"ကျွန်တော်တို့က မြို့စားမင်းရဲ့ အမိန့်ကို နာခံနေတာပါ ကျွန်တော်တို့ကို အခက်အခဲ မဖြစ်စေပါနဲ့"ာ

​ထိုအချိန်တွင် အခန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းတို့ မြို့စားမင်းကို သွားပြောလိုက် ငါ နောက်ရက်အနည်းငယ်နေရင် လာခဲ့မယ် မေးစရာရှိရင် အဲဒီအချိန်မှ လာမေးကြ"

​ထိုလူအနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းညိမ့်ကာ တောင်ပေါ်မှ ပြန်ဆင်းသွားကြတော့သည်။

​အခန်းထဲတွင်မူ ဖန့်ချန်သည် လက်ထဲမှ စုတ်တံကို ထိန်းချုပ်ရန် အာရုံစိုက်နေသော်လည်း သူ၏ မျက်လုံးထဲတွင်မူ လှောင်ပြုံးတစ်ခု ပေါ်နေသည်။

​ဝိညာဉ်ဟင်းလင်းပြင်ဂိုဏ်းမှာ ဘာဖြစ်ပျက်ခဲ့သလဲဆိုသည်ကို မြို့စားမင်း သိသွားပြီဖြစ်သလို နဂါးဖြတ်ကျော်ကျွန်းရှင်လည်း သိသွားပြီမှာ သေချာသည်။

သို့သော် သူတို့ကိုယ်တိုင် မလာဘဲ တပည့်များကိုသာ လွှတ်၍ စုံစမ်းခိုင်းခြင်း ဖြစ်သည်။

​အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်ရှိသူပင်လျှင် အလွန် သတိကြီးပုံရသည်။

ဒါက ဖန့်ချန်အတွက် အဆင်ပြေသည်။

သူ၏ ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ဆောင်ရန် ရက်အနည်းငယ် အချိန်ရသွားခြင်း ဖြစ်သည်။

​ဓားငယ်လေးသည် ကျန်ရှိသော ရတနာများကို အစာခြေပြီးသွားပြီ ဖြစ်ရာ ၎င်း၏ အစွမ်းမှာ အဆင့်တစ်ခု တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ဖန့်ချန်သည် သူ၏ ဓားခန္ဓာ မှာ ပို၍ အစွမ်းထက်လာသည်ကို သိသိသာသာ ခံစားရသည်။

​သို့သော် ထိုအခြေခံ တည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူနှင့် မတွေ့ဆုံမီ သူ၏ ၁၁ ခုမြောက် မသေမျိုးသွေးကြောကို ဖော်ထုတ်နိုင်သည့်အထိ စောင့်ဆိုင်းလိုနေဆဲ ဖြစ်သည်။

All Chapters