အခန်း (၂၆၉)
Vol. 25 Ch. 269
ဒီကာလအတောအတွင်းမှာ ချန်ဆန်းချီကနေ့ဘက်မှာ သိုင်းပညာကို လေ့ကျင့်ပြီး၊ ညဘက်မှာတော့ မသေမျိုးပညာရပ်တွေကို လေ့လာဆည်းပူးခဲ့ပါတယ်။ ဓားချီမန္တာန် နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ကျွမ်းကျင်မှုဟာလည်း အစဉ်တစိုက် တိုးတက်နေပြီး အဆင့်တက်ဖို့အတွက် လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ကံမကောင်းတာတစ်ခုက...
သူ့လက်ထဲမှာရှိတဲ့ အမွှေးတိုင်ချီတွေက သိပ်ပြီး ပေါပေါများများ မရှိတော့တာပါပဲ။ ဒါတွေက ဘယ်လောက်အထိ ထပ်ခံမလဲဆိုတာ မသေချာသလို၊ ပြီးခဲ့တဲ့ စီယွင်ဘုရားကျောင်း ဖြစ်ရပ်ပြီးနောက်မှာ သူတို့ဘက်ကလည်း နိုးနိုးကြားကြား ရှိနေလောက်ပါပြီ။ နောက်တစ်ကြိမ် ထပ်ပြီး သွားရောက်တိုက်ခိုက်ဖို့ဆိုတာ အရင်လို လွယ်ကူတော့မှာ မဟုတ်ပါဘူး။
ဒီအကြောင်းကို တွေးမိရင်းနဲ့...
ချန်ဆန်းရှီက နင်ရှန်ပြောခဲ့တဲ့ စကားတွေကို မလွှဲမရှောင်သာ ပြန်လည် သတိရမိသွားပါတယ်။
နန်းမြို့တော်မှာ ပြဿနာတွေ အကြီးအကျယ် တက်တော့မယ်ဆိုတဲ့ ကိစ္စပါ။
"အမွေးတိုင်မီးနတ်ဘုရားဂိုဏ်းက လူတွေက နန်းမြို့တော်မှာ တကယ်ပဲ ဆူပူသောင်းကျန်းဝံ့ကြလို့လား"
"တောက်..."
ချန်ဆန်းရှီ တွေးမိတာက မကြာခင်မှာ သူကိုယ်တိုင်လည်း နန်းမြို့တော်ကို ခေါ်ယူခြင်း ခံရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို သွားရမယ့်အချိန်နဲ့ ဆူပူသောင်းကျန်းမှုတွေ ဖြစ်နေမယ့်အချိန်နဲ့ တိုက်ဆိုင်မသွားဖို့ပဲ သူ မျှော်လင့်မိပါတယ်။
ဒါပေမဲ့ ထပ်ပြီး သေသေချာချာ စဉ်းစားကြည့်ပြန်တော့လည်း ဒါဟာ အပိုစိုးရိမ်မှု ဖြစ်နိုင်တယ်လို့ သူ ခံစားရပါတယ်။
နန်းမြို့တော်မှာတင် စစ်နတ်ဘုရားအဆင့်ရှိတဲ့ စစ်သူကြီး ရှစ်ယောက်အထိ ရှိနေတာပါ။ အဲဒီထဲက နှစ်ယောက်က အခုအချိန်မှာ နန်းမြို့တော်မှာ ကင်းစောင့်နေသလို၊ နန်းတော်ထဲက မိန်းမစိုး တွေကိုလည်း လျှော့တွက်လို့ မရပါဘူး။
အဲဒီမိန်းမစိုးတွေဟာ နန်းတော်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေကနေ ရွေးချယ်ခံထားရသူတွေဖြစ်ပြီး နန်းတွင်းရဲ့ အဖိုးတန် သယံဇာတတွေကို သုံးခွင့်ရထားတာကြောင့် တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ထူးကဲသာလွန်ကြပါတယ်။
ဒါ့အပြင် လုံချင်ဧကရာဇ်ကိုယ်တိုင်ကလည်း ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ပဟေဠိတစ်ခုလို ဖြစ်နေပါသေးတယ်။
ဒါကြောင့် အမွေးတိုင်မီးနတ်ဘုရားဂိုဏ်းအနေနဲ့ မြို့တော်မှာ ပြဿနာရှာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်လောက်ပါဘူး။
တွေးတောရင်းနဲ့ပဲ နောက်ထပ် ညတစ်ည ကုန်ဆုံးသွားပြန်ပါပြီ။
ညဉ့်နက်သန်းခေါင် လောက်ရောက်မှ ချန်ဆန်းရှီကအနားယူဖို့ လှဲလျောင်းလိုက်ပါတယ်။ နောက်တစ်နေ့ မနက် အိပ်ရာနိုးတဲ့အခါမှာတော့ စီချင် နဲ့ မိုဟွာ တို့ကအိမ်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်နေကြတာကို တွေ့ရပါတယ်။ သူတို့ကကလေးအတွက် အနှီးလဲပေးလိုက်၊ သူ့ရဲ့ ဇနီးသည်အတွက် ဟင်းချက်ပေးလိုက်နဲ့ အားအားယားယား မရှိကြပါဘူး။
ယွမ်ရှီး လေးကတော့ ခြံထဲက ကျောက်စားပွဲမှာ ထိုင်ပြီး စာဖတ်ရင်း စာလုံးတွေကို လေ့လာနေပါတယ်။
တကယ့်ကို စည်ကားသာယာတဲ့ မိသားစုအိမ်လေးတစ်ခုလို ခံစားရပါတယ်။
"ဘယ်လိုလဲ သမီးလေး"
ချန်ဆန်းရှီက သူ့သမီးလေးဘေးမှာ ဝင်ထိုင်လိုက်ပြီး "ယွမ်ရှီးက အခုဆိုရင် စာလုံးတွေ ဘယ်လောက်တောင် မှတ်မိနေပြီလဲဘုရင်ခံအိမ်တော်မှာ နေရတာ ပျော်ရဲ့လားသမီးကို တခြားလူတွေအနိုင်ကျင့်တာ ရှိလား"လို့ မေးလိုက်ပါတယ်။
ယွမ်ရှီးလေးက ခေါင်းခါပြရင်း "ချောချောနဲ့ ဆရာဦးလေးက သမီးကို နေ့တိုင်းပဲ မုန့်တွေ ဝယ်ပေးတယ်။ နောက်ရက်ကျရင် သမီးအတွက် ပန်းပွင့်လေးတွေပါတဲ့ အင်္ကျီချုပ်ပေးမယ်တဲ့။ အဲဒီက အစ်ကိုတွေ၊ အစ်မတွေကလည်း သမီးနဲ့ ဆော့ရတာ ပျော်ကြတယ်။ ပြီးတော့ သမီးကို စာသင်ပေးတဲ့ ဆရာတစ်ယောက်လည်း ရှိတယ်" လို့ ပြန်ဖြေပါတယ်။
"ဆရာကျွမ်းက တကယ့်ကို ပညာရှင်ကြီးပါ"
ချန်ဆန်းရှီက "သူက နန်းတွင်းက ကျင့်ဝတ်တွေကို မကြိုက်လို့ ဘုရင်ခံအိမ်တော်မှာပဲ သီးသန့် စာသင်ပေးနေတာ။ သူက အရမ်းတော်တာမို့ သမီး သူ့ဆီကနေ သေသေချာချာ သင်ယူရမယ်နော်" လို့ မှာပါတယ်။
"ဒါပေမဲ့ ဖေဖေ... သမီး ပြောနေတာက ဆရာကျွမ်းကို မဟုတ်ဘူး" ယွမ်ရှီးလေးက ခေါင်းခါယမ်းလိုက်တယ် "သမီးပြောတာက တခြားဆရာတစ်ယောက်ကို"
"တခြားဆရာ ဆရာလီလား"
ယွမ်ရှီးလေးက ထပ်ပြီး ခေါင်းခါပြန်တယ် "ဆရာငယ်လေး တစ်ယောက်ပါ"
"..."
ချန်ဆန်းရှီဟာ ဘုရင်ခံအိမ်တော်ကို ခဏခဏ သွားဖူးပေမဲ့ အဲဒီက ကျောင်းဆောင်မှာ ဆရာငယ်လေးတစ်ယောက် ရှိနေတာကို တစ်ခါမှ မမြင်ဖူးပါဘူး။
သူက "သူက ဘုရင်ခံအိမ်တော်ကဆိုတာ သေချာလား"လို့ ထပ်မေးပါတယ်။
"သေချာတယ် ဖေဖေ"
ယွမ်ရှီးလေးက ခေါင်းညိတ်ရင်း "သူက ယွမ်ရှီးကို မေးသေးတယ်၊ သမီးကြီးလာရင် ဘာလုပ်ချင်လဲတဲ့"
"သမီးက ဘာပြန်ပြောလိုက်လဲ"
"သမီးက ဖေဖေ့ကို ကူညီပေးချင်တယ်လို့ ပြောလိုက်တယ်"
"သမီးက ဖေဖေ့ကို ဘာတွေ ကူညီပေးမှာလဲ"
"သမီးလည်း မသိဘူးလေ"
"..."
ချန်ဆန်းရှီက ဒီအကြောင်းကို သိပ်ပြီး အလေးအနက် မတွေးတော့ပါဘူး။
ဘုရင်ခံအိမ်တော်လို နေရာမျိုးမှာ ပါရမီရှိတဲ့ လူငယ်တစ်ယောက် ရှိနေတာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်လို့ပါပဲ။
သူ့သမီးလေးရဲ့ ခေါင်းကို ညင်သာစွာ ပုတ်ပေးပြီးနောက် တပ်စခန်းဆီကို ထွက်လာခဲ့ပါတယ်။ အခုလို အားလပ်ချိန်ရတုန်းမှာ သူဟာ အားဖြည့်
ဆေးရည် အကြောင်းကို လေ့လာပြီး သူ့ရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ဖို့ စီစဉ်ထားပါတယ်။
အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် သူ့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ စွမ်းအားကို မြှင့်
တင်ပေးနိုင်ဖို့ သူ မျှော်လင့်နေပါတယ်။ ကျောက်ကန်တို့လို လူတွေက တကယ်တော်ကြပေမဲ့ သူတို့ရဲ့ သိုင်းအဆင့်တွေက နိမ့်ပါးလွန်းနေလို့ပါ။
ဒါတွေအပြင်...
လူကျီနဲ့ တခြားလူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြပါပြီ။
ကျောက်ဝူကျိီလည်း အသက်ရှင်လျက် ပြန်ရောက်လာပေမဲ့ အခြေအနေကတော့ တကယ့်ကို စုတ်ပြတ်သတ်နေပါတယ်။ သူ့ရဲ့ စစ်တပ်တစ်ခုလုံး ပျက်သုန်းသွားခဲ့ပြီး သူတစ်ယောက်တည်းသာ မြင်းပေါ်ကနေ သီသီလေး လွတ်မြောက်လာခဲ့တာပါ။
လူကျီနဲ့ သူ့ရဲ့ သူငယ်ချင်းတွေကလည်း သူတို့ရဲ့ အောင်မြင်မှု့တွေအတွက် ဆုလာဘ်တွေ အသီးသီး ရရှိခဲ့ကြပါတယ်။
နောက်ထပ် ကြားသိရတာကတော့ အရှေ့ဘက်ခြမ်းမှာလည်း စစ်ပွဲတွေ ပြန်လည်စတင်နေပြီ ဆိုတာပါပဲ။
အချိန်ကို တွက်ချက်ကြည့်ရင် ဒါဟာ မင်ပြည်နယ် ပြိုလဲသွားတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါရှန်နိုင်ငံတွင်းမှာ ဆူပူမှုတွေ ဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး တုန်းချင်းနိုင်ငံက အမြန်တိုက်စစ် ဆင်နွှဲခဲ့တာပါ။ ဒါပေမဲ့ သူတို့ စတိုက်တဲ့အချိန်မှာပဲ ဟုန်ကျဲလမ်းလေးဆုံတိုက်ပွဲက ပြီးဆုံးသွားခဲ့ပါတယ်။
တုန်းချင်းနိုင်ငံဟာ အခြေအနေကို မှားယွင်းတွက်ချက်မိသွားပေမဲ့ စစ်ပွဲကို စတင်လိုက်ပြီဖြစ်လို့ နောက်ဆုတ်လို့မရတော့ဘဲ ဆက်ပြီး တိုက်ခိုက်နေရပါတော့တယ်။
ဒီသတင်းတွေကို အခုမှပဲ သူတို့ သိရှိခဲ့ရတာပါ။
တုန်းချင်းနိုင်ငံနဲ့ ဒါရှန်နိုင်ငံတော်ကြားမှာ နယ်စပ်ကို ပိုင်းခြားထားတဲ့ မဟာတံတိုင်းကြီး မရှိပါဘူး။ ကုန်သွယ်မှုတွေကလည်း ပုံမှန်ရှိနေသလို၊ ကုန်သည်တော်တော်များများဟာ နယ်စပ်နှစ်ဖက်စလုံးမှာ အိမ်ထောင်ကျနေကြတာပါ။ အပေါ်ယံကြည့်ရင်တော့ သင့်တင့်ပုံရပေမဲ့ တကယ်တော့ ဒီနှစ်နိုင်ငံကြားက ရန်ငြိုးက အရမ်းနက်ရှိုင်းပါတယ်။
တုန်းချင်းနိုင်ငံရဲ့ အရှေ့ဘက် ပြည်နယ်ရှစ်ခုဟာ တစ်ချိန်တုန်းက ဒါရှန်နိုင်ငံတော်ရဲ့ ပိုင်နက်တွေ ဖြစ်ခဲ့တာပါ။
ဒါရှန်နိုင်ငံတော် စတင်ထူထောင်စက ဘိုးဘေးကြီး ချောင်ရှဲ့ကတုန်းချင်းနိုင်ငံထဲမှာရှိတဲ့ ဇီဝေတောင် ပေါ်မှာ ဧကရာဇ်အဖြစ် ဘိတ်သိပ်ခံခဲ့တာပါ။ ဒါပေမဲ့ ချင် ဧကရာဇ်လက်ထက်မှာ အရပ်မျက်နှာအနှံ့က တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီး နယ်မြေအချို့ကို ပေးအပ်လိုက်ရသလို၊ ပြည်နယ်ရှစ်ခုကိုလည်း တုန်းချင်းနိုင်ငံကို အပြီးအပိုင် ပေးအပ်ခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ တုန်းချင်းနိုင်ငံဟာ အင်အားကြီးထွားလာခဲ့တာပါ။
ဒါရှန်နိုင်ငံတော်အတွက် နယ်မြေတွေ ဆုံးရှုံးရုံတင်မကဘဲ တော်ဝင်ဘုရားကျောင်းနဲ့ ဇီဝေတောင်ကိုပါ ဆုံးရှုံးလိုက်ရတာဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အဲဒီအချိန်ကစလို့ ဒါရှန်နိုင်ငံတော်ဟာ ဆုတ်ယုတ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို "ချင်ဧကရာဇ်၏ အရှက်ရမှု" လို့ လူသိများကြပါတယ်။
ဒါကြောင့် နောက်ပိုင်းတက်လာတဲ့ ဧကရာဇ်တိုင်းရဲ့ အကြီးမားဆုံး ပန်းတိုင်က အရှေ့ဘက် ပြည်နယ်ရှစ်ခုကို ပြန်လည်သိမ်းပိုက်ဖို့ ဖြစ်ခဲ့ပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒါရှန်နိုင်ငံတော်ဟာ အရပ်မျက်နှာအနှံ့က ရန်သူတွေ ဝိုင်းနေပေမဲ့ သန်မာတဲ့ စစ်သည်တော်တွေနဲ့ လူဦးရေ ထူထပ်မှုကြောင့် ဆက်လက် ရပ်တည်နေနိုင်ခြင်း ဖြစ်ပါတယ်။
မိန်းမဆိုးဟောက် ပြောပြချက်အရ ဧကရာဇ်က သူ့ကို မြို့တော်ကို ချက်ချင်း မခေါ်သေးတာဟာ အရှေ့ဘက်က စစ်ပွဲပြီးဆုံးတဲ့အထိ စောင့်နေတာဖြစ်ပြီး အဲဒီအခါကျမှ သူရဲကောင်းအားလုံးကို စုစည်းပြီး ဂုဏ်ပြုဆုတွေ အကြီးအကျယ် ပေးအပ်ဖို့ ရည်ရွယ်ထားတာပါ။ အခု အခြေအနေက ဒါရှန်အတွက် အသာစီးရနေပြီး ပြည်နယ်ရှစ်ခုလုံးကို ပြန်မရရင်တောင် ဇီဝေတောင်ကိုတော့ ပြန်သိမ်းပိုက်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ အကယ်၍သာ ဇီဝေတောင်ပေါ်မှာ ဘိုးဘေးတွေကို ပူဇော်ကန်တော့ပြီးမှ ဆုလာဘ်တွေ ပေးအပ်မယ်ဆိုရင် ဒါဟာ တော်ဝင်မိသားစုနဲ့ အမှုထမ်းတွေအတွက် အကြီးမားဆုံး ဂုဏ်အသရေ ဖြစ်ပါလိမ့်မယ်။
နိုင်ငံတော်စောင့်ရှောက်ရေးဓား...
တပ်စခန်းမှာ လူစာရင်းစစ်ပြီးတဲ့နောက် မနက်ပိုင်းမှာတော့ ပုံမှန်အတိုင်း လေ့ကျင့်မှုတွေကို ဆက်လုပ်နေပါတယ်။
ချန်ဆန်းရှီက ဒု-ဗိုလ်ချုပ်ဘွဲ့ ရထားပေမဲ့၊ မင်ပြည်နယ်ကနေ ပြန်လာတဲ့ သူ့ရဲ့ အရံတပ်ရင်းဟာ လူအင်အား တစ်ထောင်ကျော်လောက်ပဲ ကျန်ပါတော့တယ်။ စစ်တပ်တိုးချဲ့မှုတွေ ပြီးဆုံးတဲ့အထိ သူ ထပ်မံစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။