အခန်း (၂၇၂)
Vol. 25 Ch. 272
သူသည် တစ်ဦးတည်းသော အမွေခံသား မဟုတ်ပေ။
သူကတရားဝင် အစဉ်အလာအရသာ အမွေဆက်ခံခွင့် အမြင့်ဆုံးနေရာတွင် ရှိနေခြင်းဖြစ်သည်။
အကယ်၍ မိမိကိုယ်တိုင်က ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများနှင့် အံ့မခန်း ပါရမီများကို မပြသနိုင်ပါက၊ သူ၏နေရာကို အခြားသော ညီအစ်ကိုများက အချိန်မရွေး အစားထိုး ဝင်ရောက်သွားနိုင်ပေသည်။
ဤအချက်သည်...
သူတစ်ယောက်တည်းအတွက်သာ မဟုတ်။
သူ၏ ခမည်းတော်ဖြစ်သော အိမ်ရှေ့စံမင်းသားကိုယ်တိုင်ပင်လျှင် ဤစည်းမျဉ်းမှ ကင်းလွတ်ခွင့် မရှိပေ။
အိမ်ရှေ့စံ မင်းသားကြီးသည် နိုင်ငံတော်အုပ်ချုပ်ရေးကို တာဝန်ယူ စောင့်ရှောက်ခဲ့သည်မှာ နှစ်ပေါင်းလေးဆယ် ရှိခဲ့ပြီဖြစ်ရာ၊ ၎င်းသည် နေ့စဉ်နှင့်အမျှ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ကာ ကျန်းမာရေးကို ယုတ်လျော့စေသော အလုပ်မျိုး ဖြစ်နေတော့သည်။ သူ၏ ဘကြီး၊ ဦးကြီးများထဲမှ မည်သူကများ အိမ်ရှေ့စံနေရာကို တိတ်တဆိတ် ချောင်းမြောင်း မနေကြဘဲ ရှိပါမည်နည်း။
မင်းသားချောင်ဖန် သည် သူ၏ ခမည်းတော်တစ်ယောက် အလုပ်ကိစ္စများကို ညဉ့်နက်သန်းခေါင်အထိ ကိုင်တွယ်ဖြေရှင်းနေရသည်ကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသည်။ သာမန်နေ့ရက်များတွင်လည်း အရပ်မျက်နှာအသီးသီးမှ အင်အားစုများ၏ အတိအလင်းဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသဖြင့် ခမည်းတော်၏ ကျန်းမာရေးမှာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေခဲ့သည်။
အထူးသဖြင့် ယွမ်ကျိုးတွင် ဆယ်ရက်ခန့် ကြာမြင့်ပြီးနောက်...
နန်းတွင်း၌ အလွန်ပင် ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကတည်းက မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရန်သာ စွဲလမ်းနေခဲ့သော သူ၏ အဘိုးဖြစ်သူ ဧကရာဇ်မင်းကြီးသည်၊ ယခုအခါ တရားအားထုတ်ခြင်းများကို သိသိသာသာ လျှော့ချလိုက်ပြီး နိုင်ငံတော်အရေးများကို စီမံခန့်ခွဲရန် အချိန်ပိုပေးလာခဲ့သည်။ ၎င်းမှာ နိုင်ငံကို ပြန်လည် ပြုပြင်ပြောင်းလဲရန် အသင့်ဖြစ်နေသည့် ပုံစံမျိုးပင်။
ပြဿနာမှာ...
သူ၏ ခမည်းတော်သည် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူခဲ့သည်မှာ နှစ်ပေါင်းလေးဆယ် ရှိပြီဖြစ်ရာ၊ သူ၏ ဩဇာအာဏာမှာ နန်းတွင်းနှင့် အရပ်ရပ်တွင် ပြန့်နှံ့နေပြီးသား ဖြစ်သည်။
ငယ်စဉ်ကတည်းက သမိုင်းကြောင်းများကို နှံ့နှံ့စပ်စပ် လေ့လာခဲ့သော ချောင်ဖန်သည် နန်းတွင်း၌ သွေးထွက်သံယို ဖြစ်လာမည့် မုန်တိုင်းတစ်ခု ပေါ်ပေါက်တော့မည်ကို အလိုအလျောက် သိရှိနေပါသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ အဘိုးဖြစ်သူ၏ ကျန်းမာရေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာနေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းပင်။
အဘိုး၏ အသက်ကို တွက်ချက်ကြည့်လျှင်...
အဘိုးသည် ယခုနှစ်တွင် အသက် ၉၈ နှစ်ရှိပြီဖြစ်ရာ အသက်ရာကျော်နေသူတစ်ဦးပင် ဖြစ်တော့မည်။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ခမည်းတော်မှာမူ နှစ်ပေါင်းလေးဆယ်လုံးလုံး ပင်ပန်းကြီးစွာ တာဝန်ယူခဲ့ရသဖြင့် အင်အားကုန်ခမ်းနေပြီ ဖြစ်သည်။
မကောင်းတတ်၍သာ ပြောရလျှင်...
မည်သူက မည်သူ့ထက် ပို၍ အသက်ရှည်မည်ဆိုသည်မှာပင် မသေချာတော့သော အခြေအနေ ဖြစ်သည်။
ချောင်ဖန်သည် မြောက်ဘက်နယ်ခြားတွင် အောင်မြင်မှုတစ်ခုခု ရယူနိုင်ခဲ့ပါက မိမိကိုယ်တိုင်အတွက် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်မည်ဖြစ်သလို၊ ခမည်းတော်၏ စိုးရိမ်ပူပန်မှုအချို့ကိုလည်း လျှော့ချပေးနိုင်လိမ့်မည်ဟု တွေးတောခဲ့ဖူးသည်။ သို့သော် ကံဆိုးစွာဖြင့်...
ချန်ဆန်းရှီ ပေါ်လာခဲ့လေပြီ။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း..
ဤကဲ့သို့သော မိစ္စာပါရမီရှင်မျိုးသည် တစ်ကမ္ဘာလုံးတွင် မည်သည့်အခါက ပေါ်ပေါက်ဖူးသနည်း။
"ဒါက မတရားဘူး၊ တကယ်ကို မတရားဘူး"
နောက်ဆုံးတွင်...
ချောင်ဖန်သည် အက်ရှရှအသံဖြင့် "မိန်းမစိုးဖုန်း... သွားကြရအောင်၊ မြို့တော်ကို ပြန်ကြမယ်..." ဟု ပြောလိုက်ပါတော့သည်။
သူသည် စိတ်ကုန်သွားခဲ့ပြီ ဖြစ်သည်။
"သူ့ကို ဒီမှာပဲ ထားခဲ့လိုက်ပါ၊ နောင်ကျရင် သူက စစ်နတ်ဘုရားလူကျီတို့နဲ့ပဲ ယှဉ်ပြိုင်ပါစေတော့... ငါကတော့ ဆက်ပြီး မယှဉ်နိုင်တော့ဘူး..."
"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ"
မိန်းမစိုးဖုန်းသည် မျက်ရည်များကို သုတ်ရင်း "ဒီလို စုတ်ပြတ်သတ်တဲ့ နေရာမှာ ကျွန်တော်တို့ ဆက်မနေတော့ပါဘူး၊ ဒီမှာ ဘာတစ်ခုမှ ကောင်းတာမရှိဘူး" ဟု ပြန်ပြောသည်။
"အင်း..."
ချောင်ဖန်၏ မျက်လုံးများမှာ ဟာလာဟင်းလင်း ဖြစ်နေသည် "အရင်ဆုံး မြို့တော်ကို ပြန်ပြီး ခမည်းတော်ကို သွားတွေ့မယ်၊ သူက ငါ့ကို တုန်းချင်းနိုင်ငံစစ်မျက်နှာကို သွားစေချင်လား၊ ဒါမှမဟုတ် နန်းတွင်းမှာပဲ ကူညီစေချင်လားဆိုတာ သိရအောင်..."
"ပြန်ရောက်တာနဲ့ ရာထူးက နှုတ်ထွက်စာကို ကျွန်တော် ချက်ချင်း ရေးပါ့မယ်"
မိန်းမစိုးဖုန်းက ရှိုက်ကြီးတငင်ဖြင့် "အရင်ဆုံး လျန်ကျိုးမှာ နားနားနေနေ နေပြီး ကျန်းမာရေး ပြန်ကောင်းအောင် လုပ်ကြတာပေါ့။ ပြင်းထန်တဲ့ ဓားသိုင်းတွေကိုလည်း ဆက်မကျင့်ပါနဲ့တော့။မင်းသားရဲ့ ခန္ဓာကိုယ်က ပြိုလဲလို့ မဖြစ်ဘူး၊ ကျွန်တော်တို့ အိမ်ပြန်ကြရအောင်ဗျာ"
...
စီယွင်ဘုရားကျောင်း။
"ပုံမှန် စစ်ဆေးရေး လုပ်မယ်"
ချန်ဆန်းရှီနှင့် လီချန်ကျုံးတို့သည် လူအင်အား နှစ်ဆယ်၊ သုံးဆယ်ခန့်ကို ဦးဆောင်ကာ ဝိညာဉ်မြူတောင်တန်းပေါ်သို့ တက်လှမ်းလာခဲ့ကြသည်။
ဘုရားကျောင်း၏ ဂိတ်ဝတွင်...
အသက် ၆၀ ခန့်ရှိသော တာအိုဘုန်းကြီးအို တစ်ပါးက ထွက်၍ ကြိုဆိုလေသည် "ကိုယ်တော်က ရှောင်ယွမ်ကျိီပါ၊ စီယွင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်
အသစ်ပါ။ အရှင်တို့က ဘာတွေကိုများ စစ်ဆေးချင်လို့ပါလဲ"
"ဘာရှိရမှာလဲ"
လီချန်ကျုံးသည် မျက်နှာသာ မပေးဘဲ "ဖယ်စမ်း"ဟု ငေါက်လိုက်သည်။
"မင်းတို့တွေ အရမ်းလွန်မလာနဲ့"
ဘုန်းကြီးအို၏ ဘေးတွင်ရှိသော အသက်ပိုငယ်သည့် တာအိုဘုန်းကြီးတစ်ပါးက မကျေမနပ်ဖြင့် "ငါ့ရဲ့ တပည့်နှစ်ယောက်ကို သေအောင် တွန်းပို့ခဲ့တာတောင် မကျေနပ်သေးဘူးလားအခု ဘာထပ်လိုချင်သေးတာလဲ"ဟု အော်ဟစ်သည်။
သူတစ်ယောက်တည်း မဟုတ်ပေ။
အဝေးမှ စောင့်ကြည့်နေကြသော စီယွင်ဘုရားကျောင်းမှ အခြား တာအိုဘုန်းကြီးများကလည်း ရန်ငြိုးများ ပြည့်နှက်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဤသည်မှာ ယခုလက်ရှိ လျန်ကျိုး၏ အခြေအနေပင်။
ဂိုဏ်းအသီးသီးမှ လူများသည် လျန်ကျိုးစစ်တပ်၏ လုပ်ရပ်များကို မကျေမနပ် ဖြစ်နေကြသည်။
အချို့ကလည်း လျန်ကျိုးစစ်တပ်သည် လူသတ်သမားကို ရှာမတွေ့ဘဲ ဟန်ပြလုပ်နေသည်ဟု သံသယဝင်ကြသလို၊ အချို့ကမူ လျန်ကျိုးစစ်တပ်ကိုယ်တိုင်က လုပ်ကြံခဲ့ပြီး လောကတွင် မိစ္စာဂိုဏ်းဆိုသည်မှာ မရှိဟုပင် ပြောဆိုနေကြသည်။
"စကားများမနေနဲ့"
လီချန်ကျုံးသည် လန့်မသွားဘဲ ငေါက်ငမ်းလိုက်သည်"ငါတို့က ချိုးမင်ကျိီနဲ့ ဟိုတစ်ယောက် ဘာလို့ ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရလဲဆိုတာကို လာစုံစမ်းတာ ဖယ်ကြစမ်း"
"မင်း..."
တာအိုဘုန်းကြီးငယ်က ဆက်၍ ရန်တွေ့ချင်သော်လည်း ရှောင်ယွမ်ကျိီက တားဆီးလိုက်သည် "ညီလေး... သူတို့ကို စုံစမ်းခွင့် ပေးလိုက်ပါ"
"ရှာကြစမ်း"
လီချန်ကျုံးက လက်ဝေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
ချန်ဆန်းရှီနှင့် အခြားသူများလည်း အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။
သူသည် အတွင်းထဲတွင် ပတ်ပတ်လည် လှည့်ပတ်ကြည့်ရှုပြီးနောက် ခန်းမဆောင်ကြီးထဲသို့ ရောက်ရှိသွားရာ၊ အမွှေးတိုင်အိုးမှာ အသစ်လဲထားသည်ကို သတိထားမိလိုက်သည်။ ၎င်းမှာ အရင်ကကဲ့သို့ ဝိညာဥ်စွမ်းအား များကို စုပ်ယူနိုင်သော အိုးမျိုး မဟုတ်တော့ဘဲ သာမန် အမွှေးတိုင်အိုး တစ်လုံးသာ ဖြစ်နေပါတော့သည်။
စီယွင်ဘုရားကျောင်းသို့ အသစ်ရောက်လာသော ရှောင်ယွမ်ကျိနှင့် အခြားသူများမှာ အမှန်တကယ်ပင် နံ့သာမီးနတ်ဘုရားဂိုဏ်းမှ လူများ ဖြစ်ကြပါသည်။
အဘယ်ကြောင့်ဆိုသော် ချန်ဆန်းရှီသည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ သိုလှောင်ထားသော ခရမ်းရောင်ဝိညာဥ်စွမ်းအား များကို မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
အမွေးတိုင်မီးနတ်ဘုရားလမ်းစဉ်..
ချန်ဆန်းရှီ၏ အော်ရာကိုကြည့်ရှု့ခြင်းမှာ အရာအားလုံးကို ထွင်းဖောက်
မြင်နိုင်သော X-ray တစ်ခုကဲ့သို့ပင်။ ဤလူများ၏ လျှို့ဝှက်ချက်များမှာ သူ၏ရှေ့တွင် အထင်းသား ပေါ်လွင်နေတော့သည်။
သူသည် နင်ရှန်ကိုလည်း တိတ်တဆိတ် မေးမြန်းဖူးပါသည်။ တခြားသော မသေမျိုး ကျင့်ကြံသူများက သူ၏ လျှို့ဝှက်ချက်ကို သိနိုင်မလား ဆိုသည်ကိုပေါ့။ အဖြေမှာ 'မသိနိုင်' ဟူ၍ ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက သီးသန့် ရှာဖွေနိုင်သော စွမ်းရည်မျိုး ရှိလျှင်ဖြစ်စေ၊ သို့မဟုတ် အဆင့်အတန်း အလွန်အမင်း မြင့်မားနေလျှင်ဖြစ်စေမှသာ သိနိုင်မည်ဖြစ်ပြီး၊ သာမန်အားဖြင့်မူ ရိုးရိုးမျက်စိဖြင့် မမြင်နိုင်ဘဲ တိုက်ခိုက်သည့်အခါမှသာ ခံစားသိရှိနိုင်မည် ဖြစ်သည်။
ရှောင်ယွမ်ကျိီနှင့် သူ၏အဖော်များမှာမူ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ အင်အားများကို ထုတ်ဖော်ခြင်း မရှိသဖြင့် သူတို့တွင် ထိုကဲ့သို့သော ရှာဖွေရေး စွမ်းရည်မျိုး မရှိကြောင်း ချန်ဆန်းရှီ ခန့်မှန်းလိုက်သည်။
သို့သော် ချန်ဆန်းရှီ စိတ်ဝင်စားသွားသော အချက်မှာ...
စီယွင်ဘုရားကျောင်းထဲတွင် အခြားသော ပညာရှင်များ ရှိနေခြင်းပင်။
၎င်းတို့မှာ အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်ခန့်သာ ရှိပုံရသော တာအိုဘုန်းကြီးငယ် နှစ်ပါးဖြစ်သည်။
သို့သော် သူတို့အတွင်း၌ ပုန်းကွယ်နေသော အင်အားများကို ကြည့်လျှင် သူတို့သည်လည်း မဟာသွေးကြောအဆင့်သို့ ရောက်ရှိနေသော ပညာရှင်များ ဖြစ်နေကြသည်။
ဤလူနှစ်ဦးကို သူ မြင်ဖူးပါသည်။
ချန်ဆန်းရှီတွင် ဓာတ်ပုံမှတ်ညာဏ်ရှိရာ၊ စီယွင်ဘုရားကျောင်းမှ လူတိုင်း၏ မျက်နှာကို သူ မှတ်မိနေသည်။ လွန်ခဲ့သော တစ်နှစ်မပြည့်မီက သူတွေ့ခဲ့စဉ်က ဤဘုန်းကြီးငယ် နှစ်ပါးမှာ သွေးသန့်စင်ခြင်းအဆင့်ကိုပင် စတင်နေရုံသာ ရှိသေးရာ၊ ယခုကဲ့သို့ တစ်ဟုန်ထိုး အဆင့်တက်လာရန်မှာ မဖြစ်နိုင်ပေ။
ကြည့်ရသည်မှာ...
၎င်းတို့မှာ ရုပ်ဖျက်၍ အစားထိုး ဝင်ရောက်လာသူများသာ ဖြစ်ရပါမည်။ သူတို့၏ မျက်နှာချင်း တူနေသည်မှာလည်း တစ်စုံတစ်ခုသော ရုပ်ဖျက်အတတ်ကို သုံးထားခြင်း ဖြစ်ပေလိမ့်မည်။
ရိုးရိုးအေးအေးဟု ထင်ရသော စီယွင်ဘုရားကျောင်းသည် ယခုအခါတွင် ပုန်းကွယ်နေသော နဂါးများ၊ ကျားများဖြင့် ပြည့်နှက်နေလေပြီ။
ထို့တင်မကသေးဘဲ ရှောင်ယွမ်ကျိီတို့က သူ့ကို သတိမထားမိကြသော်လည်း၊ ထိုတာအိုဘုန်းကြီးငယ် နှစ်ဦးကမူ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူတို့၏ အရင်းအမြစ်မှာ မည်သည့်နေရာမှဖြစ်သည်ကို မသိနိုင်သော်လည်း၊ ထောင်ထဲတွင် သေဆုံးသွားသော တာအိုဘုန်းကြီးနှစ်ပါးနှင့် ဆက်နွှယ်နေသည်မှာမူ ဧကန်မလွဲပင် ဖြစ်တော့သည်။