← Chapters

နောက်ဆုံးအမှုနှင့် နောက်ဆုံးစစ်ဆေးရေးမှူး

Vol. 8 Ch. 72

နောက်ဆုံးအမှုနှင့် နောက်ဆုံးစစ်ဆေးရေးမှူး

Vol. 8 Ch. 72

"မော့မော့... အခု ဘယ်အချိန် ရှိနေပြီလဲ"

နောက်ဆုံးအမှု၏ အစီရင်ခံစာကို ဖတ်ပြီးသွားသောအခါ ယန်ချင်းက ကျောက်စိမ်းပြားကို သိမ်းဆည်းရင်း မေးလိုက်၏။

"ညနေ ၄ နာရီ ထိုးတော့မယ်"

ယန်ချင်း၏ စွပ်စွဲချက်များကို မကျေမနပ် ဖြစ်နေဆဲ ဖြစ်သော မော့ယွင်ရုက အလိုမကျစွာ ဖြေလိုက်သည်။

"ဘာ… ငါ နေ့လယ်စာ လွတ်သွားပြီလား"

ယန်ချင်းက မျက်လုံးပြူးကာ သွားရည်များ စင်ထွက်မတတ် အော်ဟစ်ရင်း သူ၏ စားပွဲနောက်မှ လန့်ဖျပ်ကာ ထရပ်လိုက်လေသည်။

"ပထမဆုံးအမှု မပြီးခင်လေးတင် ရှင်နေ့လယ်စာ စားခဲ့တယ် မဟုတ်ဘူးလား"

"မော့မော့... မင်းကို သင်ပေးစရာတွေ အများကြီး ကျန်နေသေးတယ်။ လူတစ်ယောက်က တစ်နေ့ကို နေ့လယ်စာ ၃ ကြိမ် စားသင့်တယ် ဆိုတဲ့ အချက်အလက်ကို အဲဒီ သတင်းပွဲစားတွေက မင်းကို မရောင်းလိုက်ဘူးလား။”

“ 'နံနက်စာ-နေ့လယ်စာ ရယ်၊ 'နေ့လယ်စာ-နေ့လယ်စာ ' ရယ်၊ ပြီးတော့ 'ညနေစာ-နေ့လယ်စာ' ရယ် လေ။ ငါ ဒီနေ့အတွက် 'နေ့လယ်စာ-နေ့လယ်စာ' ကို မစားရသေးဘူးကွ။ အဲဒါက အရေးအကြီးဆုံးပဲ။”

“အခုတော့ ငါက 'ညနေစာ-နေ့လယ်စာ' နဲ့ 'နေ့လယ်စာ-နေ့လယ်စာ' ကို ပေါင်းစားရတော့မယ်... အဲဒါက စားသောက်မှု အစာခြေစနစ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။"

"ဒီ နှလုံးသားမည်းနက်တဲ့ အဖွဲ့အစည်းကြီး။ အခု ငါက အေးအေးဆေးဆေးလည်း မအိပ်ရဘူး၊ အေးအေးဆေးဆေး နေ့လယ်စာလည်း မစားရတော့ဘူး"

ယန်ချင်းက နှုတ်ခမ်းစူကာ ညည်းတွားရင်း ထိုင်ခုံပေါ် ပြန်ထိုင်လိုက်လေသည်။

ဒါကသာ နောက်ဆုံး အမှု မဟုတ်ခဲ့လျှင်၊ ပြီးတော့ အလုပ်ချိန် အတွင်း ထွက်သွားမှုအတွက် အဆမတန် ကြီးမားသော ဒဏ်ကြေးငွေကိုသာ မကြောက်ခဲ့လျှင် သူ အခုလောက်ဆို ထွက်သွားလောက်ပြီ ဖြစ်၏။

မော့ယွင်ရုမှာ သူမ၏ အလုပ်ပြင်ပ ဝါသနာနှင့် ပတ်သက်၍ ယန်ချင်း၏ ဂရုမစိုက်သော မှတ်ချက်များကြောင့် ဘေးတွင် ဒေါသထွက်နေချေသည်။

‘ဒီလူက ရသမျှ အခွင့်အရေးတိုင်းမှာ အဲဒီကိစ္စကို နေ့တိုင်း ထုတ်ပြောနေတော့မှာလား။ ကံကောင်းလို့ သူ ထွက်သွားဖို့ ရက်အနည်းငယ်ပဲ လိုတော့တာ’

သူမက တွေးရင်း အချိန်တွေ အမြန် ကုန်ဆုံးသွားပါစေဟုသာ ဆုတောင်းနေမိသည်။

သူတို့ နှစ်ယောက် အတွေးနယ်ချဲ့နေကြစဉ် တရားခွင်၏ တံခါးများ ပွင့်လာလေသည်။ ရှေ့ဆုံးတွင် ယီကျဲ ဦးဆောင်လာပြီး၊ သူ၏ နောက်တွင် ကျယ်ပြန့်သောပုခုံး တောင့်တင်းသောခန္ဓာကိုယ်နှင့် အရပ် ၃ မီတာခန့် မြင့်သော သက်လတ်ပိုင်း လူတစ်ဦး ပါလာ၏။

သူသည် အနက်ရောင် ဝတ်ရုံနှင့် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ကုတ်အင်္ကျီပေါ်တွင် အဝါရောင်ကြာပန်း တံဆိပ်ကို ရိုက်နှိပ်ထားသည်။

သူ့တွင် တင်းကြည်သော မျက်နှာထား ရှိပြီး၊ ရင်ဘတ်အထိ ရှည်လျားကာ သပ်ရပ်နေသော မုတ်ဆိတ်မွေး ပါးပါးလေးနှင့်အတူ ဆံပင်ကို ဆံထုံး ထုံးထားလေသည်။

အဝါရောင် ကြာပန်း တံဆိပ်ကို ကြည့်ခြင်းအားဖြင့်၊ အကြင်သူသည် ကြာပန်းဝါဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ချင်းလင်ဖြစ်ကြောင်း ယန်ချင်း ကောက်ချက်ချလိုက်၏။

သူက အတတ်နိုင်ဆုံး ဖုံးကွယ်ထားရန် ကြိုးစားနေသော်လည်း မှေးမှိန်သည့် ချီအတက်အကျများမှတစ်ဆင့် သူသည် နန်းတော်အဆင့်တစ်ဝက် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော် သူ အဆင့်တက်ခဲ့သည်မှာ သိပ်မကြာသေးပုံရသည်။

"အင်း... ကြားရသလောက်တော့ သူက ဂိုဏ်းရဲ့ သေဆုံးသွားတဲ့ နန်းတော်အဆင့် ကျွမ်းကျင်သူတွေထဲက တစ်ယောက်ရဲ့ တပည့်ပဲ။”

“လွန်ခဲ့တဲ့ အနှစ် ၁၀၀ တုန်းက သူ့ရဲ့ ပါရမီဟာ အကောင်းဆုံးတွေထဲက တစ်ခု အဖြစ် နာမည်ကြီးခဲ့ပြီး၊ ဂိုဏ်းထဲက ရွယ်တူတွေ အားလုံးကိုတောင် ကျော်တက်သွားခဲ့တာ။ သူက နန်းတော်အဆင့်ကို ရောက်ဖို့ အခွင့်အရေး အများဆုံးလို့ မျှော်လင့်ခံခဲ့ရတာလေ။"

"ဒါပေမဲ့ တခြား နန်းတော်အဆင့် ကျွမ်းကျင်သူတွေ သေဆုံးသွားပြီး သူက ဂိုဏ်းချုပ် နေရာကို တင်မြှောက်ခံလိုက်ရတဲ့ အချိန်ကစပြီး သူ့ရဲ့ တိုးတက်မှု နှုန်းက နှေးကွေးသွားခဲ့တာပဲ"

ယန်ချင်းသည် သူ့ရှေ့ရှိ ဂိုဏ်းချုပ်ကို သနားမမိဘဲ မနေနိုင်တော့ချေ။

"တရားစီရင်ရေးအဖွဲ့ရဲ့ သတင်းကွန်ရက်က တကယ်ကို နက်ရှိုင်းတာပဲ။ သူ့အမြူတေရဲ့ အဆင့်အတန်းကိုတောင် သတင်းရထားသေးတယ်။ နန်းတော်တရားခွင်တွေကို ရောက်သွားရင် ငါ့ကိုယ်ပိုင် သတင်းအဖွဲ့ ရလာမလား မသိဘူး။”

“ရရင်တော့ ပြည်နယ် တစ်ခုချင်းစီအလိုက်... ဟင့်အင်း၊ ခရိုင် တစ်ခုချင်းစီအလိုက်... အဲဒါလည်း မရလောက်သေးဘူး၊ စားသောက်ဆိုင်တွေ အများကြီး လွတ်သွားလိမ့်မယ်။ ဧရိယာကို တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။”

“မြို့ ဒါမှမဟုတ် ရွာ တစ်ခုချင်းစီ အလိုက် အကောင်းဆုံး အစားအသောက်တွေနဲ့ စားသောက်ဆိုင် စာရင်းတွေကို စုဆောင်းခိုင်းရမယ်...”

ကျန်သည့် ကာယကံရှင်များ အထဲသို့ ဝင်လာကြစဉ် ယန်ချင်းသည် သူ၏ စိတ်ကူးယဉ် အစားအသောက်ကမ္ဘာထဲတွင် နစ်မြုပ်နေလေတော့သည်။

ကြာပန်းဝါဂိုဏ်းဂိုဏ်းချုပ် ဟန်ချင်းလင်၏ အနောက်တွင် လူငယ်တစ်ဦး ပါလာ၏။ သူကလည်း ဟန်ချင်းလင် ကဲ့သို့ပင် အဝါရောင် ကြာပန်းတံဆိပ် ပါရှိသော မီးခိုးရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူသည် အရပ်အမောင်းနှင့် ခန္ဓာကိုယ် အလယ်အလတ် ရှိပြီး၊ အနက်ရောင် ဆံပင်ကောက်ကောက် တိုတိုလေး ရှိသည်။ သူ၏ ရုပ်ရည်က သာမန်မျှသာ ဖြစ်ပြီး၊ ၎င်းက သူ၏ 'သာမန်လူ' ပုံစံကို ပိုမို ပီပြင်စေလေသည်။

လူအုပ်ထဲတွင် ဆိုလျှင် သူသည် လူတစ်ယောက်၏ အရိပ်ကဲ့သို့ အလွယ်တကူ လျစ်လျူရှုခံရမည့် ပုံစံမျိုး ဖြစ်၏။

သူသည် ခေါင်းကို ငုံ့ကာ လျှောက်လာပြီး၊ သူ၏ မျက်နှာပေါ်တွင် နာကျင်မှုနှင့် စိတ်ပျက်မှုများ ထင်ဟပ်နေလေသည်။ ယန်ချင်းသည် သူ၏ အစားအသောက်အိပ်မက်ထဲမှ အချိန်မီ နိုးထလာပြီး ထိုလူငယ်၏ ရင်ထဲတွင် ဖြတ်သန်းနေသော ရှုပ်ထွေးလှသည့် ခံစားချက်များကို သတိပြုမိလိုက်သည်။

"ဒါ ကြာပန်းဝါဂိုဏ်းရဲ့ အဓိကတပည့် ကျောက်ချီပဲ ဖြစ်ရမယ်"

ယန်ချင်းက သက်ပြင်းချရင်း တွေးလိုက်၏။ ဂိုဏ်းများ၏ ဗျူရိုကရေစီယန္တရားနှင့် အချင်းချင်း ချောက်ချပုံများက သူမည်သည့်ဂိုဏ်းကိုမျှ မဝင်ရဲခဲ့သည့် အကြောင်းရင်းများထဲတွင် ပါဝင်လေသည်။

မှန်သည်။ တရားစီရင်ရေးအဖွဲ့က သူ့ကို အရိုးကွဲမတတ် အလုပ်ခိုင်းသော်လည်း၊ ပိုမို လွတ်လပ်ပြီး အထူးသဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ရယူရာတွင် ပိုမို ပွင့်လင်းမြင်သာမှု ရှိပေသည်။

နောက်ခံ မရှိလျှင် ဖိနှိပ်ခံရနိုင်သည့် ဂိုဏ်းများ သို့မဟုတ် မိသားစုများနှင့် မတူဘဲ၊ တရားစီရင်ရေးအဖွဲ့တွင် ပါရမီရှင်များ မြေမြှုပ် ဖုံးကွယ်ခံရခြင်းမျိုး အလွန် ရှားပါးလှ၏။

"သူက အခြေတည်အဆင့်ရဲ့ ပထမအဆင့်မှာပဲ ရှိနေသေးတာ တကယ်ပဲ။ ဒါပေမဲ့ သူ့ရဲ့ ချီစွမ်းအင်က ၅ ဆင့်မြောက်မှာ ရှိတဲ့သူ တစ်ယောက်ထက်တောင် ပိုပြီး သန့်စင်နေတယ်။ နေပါဦး... သူ့ချီစွမ်းအင်ထဲမှာ ငါ အာရုံခံမိလိုက်တာ ဒြပ်စင်တစ်ခုများလား"

ယန်ချင်းက ကျောက်ချီ၏ ချီစွမ်းအင်ထဲတွင် ထူးခြားချက် တစ်ခုခုကို အာရုံခံမိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်သော်လည်း၊ ၎င်းသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သူက သူ၏ နတ်ဘုရား အာရုံ ဖြင့် နောက်တစ်ကြိမ် စစ်ဆေးကြည့်သော်လည်း ရလဒ်က ပုံမှန်သာ ဖြစ်နေချေသည်။

"ငါများ အထင်မှားသွားတာလား"

ယန်ချင်းက မစဉ်းစားဘဲ မနေနိုင်တော့ချေ။

တစ်ခါတစ်ရံတွင် ကျင့်ကြံသူများသည် သူတို့၏ ချီစွမ်းအင်ထဲတွင် ဒြပ်စင် ပါရှိတတ်ကြသည်။ ၎င်းသည် များသောအားဖြင့် သူတို့ ကျင့်ကြံနေသော ကျင့်စဉ်၏ ရလဒ် ဖြစ်တတ်ပြီး၊ အပြာရောင်အဆင့်နှင့် အထက် ကျင့်စဉ်များသာ ထိုသို့သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။

သို့မဟုတ်လျှင်လည်း ချီစွမ်းအင်သည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ လွှမ်းမိုးမှုကို ခံရခြင်း ဖြစ်နိုင်သည်။ ဥပမာ - ပုံရိပ်ယောင်ပုစဥ်း ဟိုင်ရှီ၏ ချီစွမ်းအင်ထဲတွင် ရေဒြပ်စင် ပါရှိပြီး၊ ဥက္ကာကြွေပန်းပဲဆိုင်ပိုင်ရှင်၏ သား တန်သယ်လွမ်တွင် သူ၏ ချီစွမ်းအင်ကို ဆူပွက်နေသော မီးတောင်ချော်ရည်များကဲ့သို့ ဖြစ်စေသည့် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိလေသည်။

ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့် မွေးဖွားလာသူများသည် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်တွင် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဖွဲ့စည်းပုံများက သူတို့ကို ခန္ဓာကိုယ် လေ့ကျင့်ခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများကို အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်သောကြောင့်ပင်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ သို့မဟုတ် 'စိန်ခန္ဓာကိုယ်' အဆင့်အထိ လေ့ကျင့်ထားသူ တစ်ဦး၏ ခန္ဓာကိုယ်ကို ယှဉ်နိုင်သည့် ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုး အလွန် ရှားပါးလှသည်။

မော့ယွင်ရုသည် ပြိုင်ဘက်ကင်းကျောက်စိမ်း ခန္ဓာကိုယ်နှင့် ညီမျှသည့် သဘာဝ မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသူ အနည်းစုတွင် ပါဝင်ပြီး၊ ဤကဲ့သို့သော ဖွဲ့စည်းပုံမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။

တချို့ ဖွဲ့စည်းပုံများကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းနိုင်သော်လည်း၊ ရှားပါးသောဖွဲ့စည်းပုံ အချို့မှာမူ လူတစ်ဦး၏ ကံတရားနှင့် ဆက်စပ်နေသော ကံကောင်းမှု တစ်ခုသာ ဖြစ်လေ့ရှိသည်။ နောက်ခံ အသိုင်းအဝိုင်း၊ အရင်းအမြစ် စသည်တို့နှင့် ဘာမှ မသက်ဆိုင်ပေ။

ကျင့်ကြံသူ မဟုတ်သော သာမန်မိဘများမှပင် စိန်ခန္ဓာကိုယ် သို့မဟုတ် ကျောက်စိမ်းခန္ဓာကိုယ်နှင့် ညီမျှသည့် ရှားပါး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသော ကလေးတစ်ယောက်ကို မွေးဖွားနိုင်စွမ်း ရှိလေသည်။

ယန်ချင်း၏ အကြည့်သည် ကျောက်ချီအပေါ်တွင် အနည်းငယ် ပိုကြာကြာ တည်ရှိနေပြီးမှ၊ သူ၏ အနောက်တွင် ရှိသော လူထံသို့ အကြည့်ကို ရွှေ့လိုက်လေသည်။

ကျောက်ချီ၏ အနောက်တွင် ပိန်ပိန်ရှည်ရှည်နှင့် လက်တွင် လက်စွပ်အနည်းငယ် ဝတ်ဆင်ထားကာ၊ အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ရှိနေ၏။

သူ၏ ဆံပင်များကို သပ်ရပ်စွာ ဖြောင့်စင်းပြီး နောက်သို့ လှန်ထားကာ၊ သေသပ်စွာ ညှပ်ထားသော နှုတ်ခမ်းမွေး ပါးပါးလေး တစ်ခု ရှိသည်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့် တန်ကြေးရှိသော အရည်အသွေးမြင့် ပစ္စည်းဖြင့် ပြုလုပ်ထားပုံရသည့် ဝတ်ရုံကို ကြည့်ခြင်းအားဖြင့် သူသည် တောင်ကျစမ်းရေစံအိမ်မှ ဖြစ်ကြောင်း သိရန် မခက်ခဲလှပေ။

"သူက တောင်ကျစမ်းရေစံအိမ်ရဲ့ ခေါင်းဆောင် ၃ ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ လျိုယွင်ပေါ့။ သူက သုံးယောက်ထဲမှာ အတက်ကြွဆုံး ဖြစ်ပြီး၊ ကျန်တဲ့ နှစ်ယောက်ကတော့ အရေးအကြီးဆုံး အပေးအယူတွေ ကိစ္စတွေလောက်မှာပဲ ကိုယ်ထင်ပြလေ့ရှိတဲ့ တံခါးပိတ် နေထိုင်သူတွေလေ။"

"အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်လား။ ပြီးတော့ အဲဒီအဆင့်မှာ တည်ငြိမ်တဲ့ အခြေခံအုတ်မြစ်လည်း ရှိတယ်။ တောင်ကျစမ်းရေစံအိမ်က အဖွဲ့အစည်း အသစ်လေး တစ်ခု ဖြစ်ပေမဲ့ ဘာလို့ ဒီလောက်တောင် အရှိန်အဟုန်နဲ့ ကြီးထွားလာနေသလဲ ဆိုတာ နားလည်သွားပြီ။”

“ဒါပေမဲ့ ကျန်တဲ့ ခေါင်းဆောင်နှစ်ယောက်ထဲက တစ်ယောက်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်စလုံးကများ နန်းတော်အဆင့်လုနီးပါး ကို ရောက်နေတယ် ဆိုရင်တောင် သူတို့က ကြာပန်းဝါဂိုဏ်းကို ယှဉ်ဖို့ နည်းနည်းလေး လိုနေသေးတယ်”

ယန်ချင်းက ကြာပန်းဝါဂိုဏ်း ဂိုဏ်းချုပ်ဟန်ချင်းလင်နှင့် ကုန်သည်ခေါင်းဆောင် လျိုယွင်တို့ကို နှိုင်းယှဉ်ရင်း တွေးလိုက်သည်။ သူတို့ နှစ်ယောက်စလုံးထံတွင် မုန်တိုင်းများကို ဖြတ်သန်းကာ အောင်ပွဲခံနိုင်ခဲ့သည့် ခေါင်းဆောင်များ၏ ကိုယ်နေဟန်ထားမျိုး ရှိနေကြပေသည်။

တရားခွင် တံခါးများကို ပိတ်ကာ အဖွဲ့၏ နောက်ဆုံးမှ ဝင်လာသူမှာ လက်တိုအင်္ကျီနှင့် ကုတ်အင်္ကျီကို အပြာနှင့် အနီ တစ်ဝက်စီ ဝတ်ဆင်ထားသော သွယ်လျလျ အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။

သူမ၏ လက်တစ်ဖက်တွင် အသွားများပင် တုံးနေသကဲ့သို့ ထင်ရလောက်အောင် ရိုးရှင်းသော အနက်ရောင် လှံတို တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူမသည် အနက်ရောင် ဆံပင်ကောက်ကောက် တိုတိုလေးနှင့် သာမန် ရုပ်ရည်မျိုး ရှိ၏။

သို့သော် သူမ၏ မျက်လုံးများကမူ ဝိုင်းစက် ကြီးမားပြီး၊ နက်ရှိုင်းသော သမုဒ္ဒရာကြီး တစ်ခုကဲ့သို့ စိုက်ကြည့်လေလေ အရာအားလုံးကို ဆွဲငင်သွားလေလေ ဖြစ်နေသောကြောင့် အလွန် ထင်ရှားနေလေသည်။

သူမသည် တံခါးကို ပိတ်ပြီးနောက် လှည့်လိုက်ပြီး၊ လှံကို ကလေးငယ်ကို ပွေ့ချီထားသကဲ့သို့ လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်လိုက်လေသည်။

"ငါ အလုပ်လုပ်နေတုန်း လိမ်လိမ်မာမာ နေနော် ကြားလား။ ပြီးမှ နင် သဘောကျမယ့် ဇာတ်လမ်းတွေ ပြောပြမယ်"

သူမက လှံကို ကြင်နာယုယစွာ ပြုံးပြရင်း ပြောလိုက်၏။

ယင်းကို မြင်သောအခါ ယန်ချင်းက ခါးသီးစွာ ပြုံးလိုက်ပြီး၊ မော့ယွင်ရု ကမူ 'ငါ ပြောသားပဲ' ဆိုသည့် မျက်နှာထားဖြင့် ယန်ချင်းကို အောင်ပွဲခံသလို လှမ်းကြည့်လိုက်လေသည်။

ထိုအမျိုးသမီးငယ်မှာ ဤအမှုကို တာဝန်ယူရသော စစ်ဆေးရေးမှူး ဆုကျင့်ကျင်းဖြစ်ပြီး၊ အဖွဲ့၏ နောက်ဆုံး စစ်ဆေးရေးမှူးလည်း ဖြစ်ပေသည်။ ယန်ချင်းကို "ပျင်းရိသော လောဘကြီးသူ " ဟု ခေါ်ကြသကဲ့သို့၊ သူမတွင်လည်း နာမည်ပြောင် တစ်ခု ရှိလေသည်။

ယန်ချင်းသည် သူ၏ နာမည်ပြောင်ကို ဘယ်သူက စပေးခဲ့သလဲ ဆိုတာကို အသည်းအသန် လိုက်ရှာနေခဲ့ဖူးသည်။ ဆုကျင့်ကျင်း၏ နာမည်ပြောင်မှာမူ "ဝိညာဉ်များကို အသက်ရှူကျပ်စေသူ " ဖြစ်လေသတည်း။

All Chapters