← Chapters

သံဆူးတိုင်းပြည်

Vol. 8 Ch. 73

သံဆူးတိုင်းပြည်

Vol. 8 Ch. 73

သူတို့ အဖွဲ့လိုက် တရားခွင်အလယ်သို့ မကြာမီ ရောက်ရှိလာကြပြီး၊ ယီကျဲက ယန်ချင်း၏ ဘေးရှိ သူ၏နေရာသို့ သွားရပ်လိုက်လေသည်။

ကြာပန်းဝါဂိုဏ်း ဂိုဏ်းချုပ်ဟန်ချင်းလင်က ညာဘက်ခြမ်းတွင် ရပ်နေပြီး၊ ခေါင်းငုံ့ထားဆဲ ဖြစ်သော ကျောက်ချီမှာ အလယ်တွင် ရပ်နေ၏။

တောင်ကျစမ်းရေစံအိမ်၏ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သော လျိုယွင်က ဘယ်ဘက်ခြမ်းတွင် ရပ်နေကာ၊ နောက်ဆုံးအနေဖြင့် သူတို့ထက် အရင် ရောက်နှင့်နေသော ဆုကျင့်ကျင်းက ယန်ချင်း၏ စားပွဲနှင့် အနီးဆုံး နေရာတွင် ရပ်နေလေသည်။

သူမက သူမ၏လှံကို ကြင်နာစွာ စိုက်ကြည့်နေပြီးနောက်၊ တစ်ခုခုကို ဆုံးဖြတ်လိုက်သည့် အလား ခေါင်းယမ်းလိုက်ကာ သူမ၏ အကြည့်များက တည်ငြိမ်သွားလေသည်။ ထို့နောက် လှံကို အောက်သို့ ချထားလိုက်ပြီး အကြည့်လွှဲလိုက်၏။

“ဒီအမှုရဲ့ စစ်ဆေးရေးမှူးဆုကျင့်ကျင်း ဖြစ်တဲ့ ကျွန်မက၊ အခု ကြာပန်းဝါဂိုဏ်း ဂိုဏ်းချုပ်ဟန်ချင်းလင်၊ အဓိကတပည့်ကျောက်ချီနဲ့ တောင်ကျစမ်းရေစံအိမ်ရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ လျိုယွင်တို့ကို တင်ပြပါတယ်။”

“ဒီအမှုရဲ့ တရားလို ဖြစ်တဲ့ တောင်ကျစမ်းရေစံအိမ်က ကြာပန်းဝါဂိုဏ်းကို ချေးငွေ ပြန်ဆပ်ဖို့ ပျက်ကွက်တဲ့အတွက် တရားစွဲဆိုထားပါတယ်။ ဂိုဏ်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၆.၄သန်းပေးဖို့ အကြွေးရှိနေပါတယ်။”

“လစဉ် ပြန်ဆပ်ရမယ့် အချိန်ဇယားကို သဘောတူထားပေမဲ့၊ ပြီးခဲ့တဲ့ တစ်နှစ်ကျော် အတွင်းမှာ တစ်ကြိမ်လေးမှ ပြန်မဆပ်ခဲ့ပါဘူး။”

“ကြာပန်းဝါဂိုဏ်းက တရားစွဲဆိုခံရတာကို သိသိချင်းမှာပဲ သူတို့ဘက်ကနေ သူတို့ရဲ့ အဓိကတပည့် ကျောက်ချီကို ပြန်လည် တရားစွဲဆိုထားပါတယ်။”

“သူက အကြွေးတင်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်သလို၊ အကြွေးပြန်ဆပ်ဖို့ ခက်ခဲနေရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်လို့ သူတို့က အမည်တပ်ထားပါတယ်။”

“တရားခွင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို တက်ရောက်လာတဲ့ ကာယကံရှင်တွေ အားလုံးကို ရှင်းပြထားပြီး ဖြစ်သလို၊ သူတို့ အားလုံးကလည်း လိုက်နာဖို့နဲ့ ဖောက်ဖျက်ခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ခံယူဖို့ သဘောတူညီထားကြပါတယ်။”

“ဒါပါပဲ”

ဆုကျင့်ကျင်းတွင် တရားခွင် တစ်ခုလုံးကို တည်ငြိမ်အေးချမ်းသွားစေနိုင်သော သာယာသည့် အသံတစ်ခု ရှိလေသည်။

သို့သော် ထိုအကျိုးသက်ရောက်မှုများက ယန်ချင်း၊ ယီကျဲ၊ မော့ယွင်ရုနှင့် ကြာပန်းဝါဂိုဏ်းချုပ် တို့အပေါ်တွင်တော့ အနည်းငယ်သာ သက်ရောက်မှု ရှိ၏။

တက်ရောက်လာသူများထဲတွင် အားအနည်းဆုံး ဖြစ်သော ကျောက်ချီအပေါ်တွင် ထိုအကျိုးသက်ရောက်မှုမှာ အလွန် သိသာထင်ရှားလှသည်။

နောက်ဆုံးတွင် သူခေါင်းမော့လာနိုင်ခဲ့ပြီး၊ သူ၏ မျက်လုံးထဲရှိ စိတ်ပျက်အားငယ်မှုများက တဖြည်းဖြည်း လွင့်ပြယ်သွားချေပြီ။

“ကျေးဇူးပါပဲ ဆုကျင့်ကျင်း”

ယန်ချင်းက သူမကို ကျေးဇူးတင်သော အပြုံးဖြင့် ပြောလိုက်သည်။ ဆုကျင့်ကျင်းက သူမ၏ အသံထဲမှ တည်ငြိမ်အေးချမ်းစေသော အကျိုးသက်ရောက်မှုကို တမင်တကာ သုံးလိုက်ခြင်း ဖြစ်ကြောင်း သူသိသည်။

သူမက လှံကို ကလေးတစ်ယောက်လို ပြုစုယုယနေတတ်သည့် ထူးဆန်းမှုမျိုး ရှိသော်လည်း၊ သူမ၏မူလသဘာဝမှာ နူးညံ့သိမ်မွေ့သော စရိုက်လက္ခဏာ ရှိသူ ဖြစ်သည်။

သူမက ကျောက်ချီကို ကူညီရန် ကြိုးစားသည့် အနေဖြင့် သူမ၏ ဝိညာဉ်စွမ်းအင်ကို အသံထဲတွင် ပေါင်းထည့်လိုက်ခြင်း ဖြစ်သော်လည်း၊ မျက်နှာလိုက်ရာ ကျမည်စိုးသဖြင့် တရားခွင် တစ်ခုလုံးကို ခြုံငုံ၍ အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

သူမ အဖွဲ့သို့ စတင် ရောက်ရှိလာစဉ်က သူမ၏ နူးညံ့သိမ်မွေ့သော စရိုက်ကြောင့်၊ ရက်စက်ပြတ်သားရန် အနည်းငယ်လိုအပ်သော စစ်ဆေးရေးမှူးတစ်ယောက်၏ တာဝန်များကို ထမ်းဆောင်နိုင်ပါ့မလား ဆိုပြီး ယန်ချင်းရော ယီကျဲပါ စိုးရိမ်ခဲ့ကြဖူးသည်။

နောက်ပိုင်း သူမလက်တွေ့ လုပ်ဆောင်နေသည်များကို မြင်ရမှသာ သူတို့၏ စိုးရိမ်မှုများက အခြေအမြစ် မရှိကြောင်း သဘောပေါက်သွားခဲ့ကြသည်။

သူမက နူးညံ့သိမ်မွေ့ချင် သိမ်မွေ့မည် ဖြစ်သော်လည်း၊ သူမ၏ လှံကို နည်းနည်းလေး ပိုချစ်လွန်းနေပြီး၊ သူမ ပြောလေ့ရှိသလို ‘လှံကို အစစ်အမှန် ဖြစ်တည်မှုအတိုင်း ဖြစ်ခွင့်ပေးဖို့’ အခွင့်အရေးရပြီ ဆိုသည်နှင့် သူမသည် လိုအပ်တာထက် ပိုပြီးတော့ကို တက်ကြွလွန်းနေတတ်လေသည်။

ယန်ချင်း အဖွဲ့ထဲရှိ စစ်ဆေးရေးမှူး အားလုံးထဲတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း သူမလက်ချက်ဖြင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် အများဆုံးဖြစ်စေသည့် စံချိန်တင်ထားသူမှာ သူမပင် ဖြစ်သည်။

တိုက်ခိုက်ရခြင်းကို ရူးသွပ်သော ကျန်းဟူပင် သူမနှင့် ယှဉ်လိုက်လျှင် အနည်းငယ် လျော့ကျနေသေးသည်။ သို့သော် သူမ၏ မြင့်မားလှသော ဝိညာဉ်ခွန်အားကြောင့် သူမသည် မကောင်းသော ရည်ရွယ်ချက်များကို အလွယ်တကူ အာရုံခံသိရှိနိုင်စွမ်း ရှိသည်။

ထို့ကြောင့် အပြစ်မရှိသော မည်သူ့ကိုမျှ ဘယ်တော့မှ မတိုက်ခိုက်ခဲ့သလို၊ သူတစ်ပါးကို အရင်စပြီး တိုက်ခိုက်လေ့လည်း မရှိပေ။ သို့သော် သူမဘက်က တုံ့ပြန် တိုက်ခိုက်လိုက်ပြီ ဆိုလျှင်တော့ ဤသည်မှာ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်သွားတတ်လေသည်။

သူမ၏စူးရှသော အာရုံခံနိုင်စွမ်းကြောင့်ပင် သူမသည် ရုတ်တရက် ကြုံတွေ့ရသော အမှုအများဆုံး စံချိန်ကိုလည်း ပိုင်ဆိုင်ထားလေသည်။

တရားစီရင်ရေးအဖွဲ့ရှိ အမှုအများစုမှာ လူများက သူတို့၏ တိုင်ကြားစာများကို တင်ပြကြရာမှ စတင်ပြီး၊ ၎င်းတို့ကို သက်ဆိုင်ရာ တရားရုံးများသို့ ခွဲဝေပေးကာ၊ ထိုမှတစ်ဆင့် စစ်ဆေးရေးမှူးများထံ ထပ်မံ ခွဲဝေပေးခြင်း ဖြစ်သည်။

စစ်ဆေးရေးမှူးများက သူတို့ စုံစမ်းစစ်ဆေးနေသော ကာယကံရှင်များ၏ နောက်ခံ အချက်အလက်များကို ပိုမို နက်ရှိုင်းစွာ စုံစမ်းနိုင်ရန် တရားစီရင်ရေးအဖွဲ့နှင့် ဆက်နွှယ်နေသော သတင်းအဖွဲ့အစည်းများကို အသုံးပြုနိုင်သော်လည်း၊ သူတို့ ကိုယ်တိုင် ကိုယ်ကျလည်း ကွင်းဆင်းလုပ်ဆောင်ရန် လိုအပ်လေသည်။

ထိုသို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် အတွင်း၊ တရားစီရင်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေသော အခြားအမှုများကို မတော်တဆ ကြုံတွေ့ရနိုင်ပြီး၊ ထိုကာယကံရှင်များကို ဖမ်းဆီးခေါ်ဆောင်လာရန် သူတို့တွင် တာဝန် ရှိလေသည်။

ထိုကဲ့သို့သော အမှုများကို ရုတ်တရက်ကြုံတွေ့ရသော အမှုများဟု ခေါ်ဆိုခြင်း ဖြစ်၏။

….

ဆုကျင့်ကျင်းက ယဉ်ကျေးစွာပြုံးပြပြီးနောက် ပြန်လည် ဦးညွှတ်လိုက်ပြီး၊ တရားခွင်၏ နောက်ဘက်ရှိ တံခါးဝနှင့် ပိုနီးသော နေရာသို့ ပြန်သွားလေသည်။

“ကျွန်တော်ရဲ့စစ်ဆေးရေးမှုး ပြောခဲ့သလိုပဲ... တရားခွင် တံခါးကို ဖြတ်ကျော်ဝင်လာတဲ့ အချိန်ကစပြီး ခင်ဗျားတို့ဟာ ဒီတရားခွင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆုံးဖြတ်ချက်တွေကို နာခံရပါလိမ့်မယ်။”

“ဒါပေမဲ့ ငြင်းပယ်ပြီး ခင်ဗျားတို့ဘာသာ ပြေလည်အောင် ဖြေရှင်းဖို့ ဆုံးဖြတ်မယ် ဆိုရင်တော့ အချိန်မီပါသေးတယ်။ တရားရုံးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်ပြီး ပြန်လည် ပြင်ဆင်ခွင့် မရှိပါဘူး။”

“ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် ကာယကံရှင်အားလုံးက လိုက်နာရပါလိမ့်မယ်။”

“ခင်ဗျားတို့ အားလုံး ဒီအတိုင်း ဆက်သွားချင်တာ သေချာပြီလား။ ဒါမှမဟုတ် ကိုယ့်ဘာသာ ပြေလည်အောင် ဖြေရှင်းချင်သေးလား” ယန်ချင်းက မေးလိုက်၏။

“ကျွန်တော်တို့ ကိုယ်တိုင် ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားခဲ့ပြီးပါပြီ၊ ဒါပေမဲ့ ဘာတိုးတက်မှုမှ မရှိခဲ့ပါဘူး။ တရားခွင်က ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် ကြာပန်းဝါဂိုဏ်း ကိုယ်စား ကျွန်တော်က လိုက်နာပါ့မယ်”

ဟန်ချင်းလင်က ပြတ်သားစွာ ပြောလိုက်သည်။

“ကျွန်တော် သဘောတူပါတယ်”

ကျောက်ချီ က အားနည်းသော အပြုံးလေးဖြင့် တိုးညှင်းစွာ ဖြေလိုက်၏။

“တောင်ကျစမ်းရေစံအိမ်ကိုယ်စား... တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လိုက်နာပါ့မယ်။ တရားရုံးရဲ့ ဖြောင့်မတ်မှုနဲ့ ဘက်မလိုက်မှုကို ကျွန်တော်တို့ ယုံကြည်ပါတယ်”

လျိုယွင်က ညင်သာစွာ ပြောရင်း အနည်းငယ် ဦးညွှတ်လိုက်လေသည်။

“ကောင်းပြီလေ။ ကျွန်တော့်နာမည် ယန်ချင်းပါ၊ ဒီအမှုကို အခုကစပြီး တာဝန်ယူမယ့် တရားသူကြီးပေါ့။ တက်ရောက်လာတဲ့ ကာယကံရှင် အားလုံးဆီကနေ အဖြစ်အပျက်တွေကို နားထောင်သွားပါမယ်။”

“မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ လိုအပ်တဲ့ သက်ဆိုင်ရာအချက်အလက်တွေ အားလုံး ပြည့်စုံပြီလို့ ကျွန်တော်ကျေနပ်မှသာ စီရင်ချက်ကို ချမှတ်ပေးပါမယ်။”

“အမှုစစ်ဆေးနေစဉ် အတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေကို လိုအပ်သလို ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်ပါလိမ့်မယ်။”

“ဒီမှာ ရှိနေတဲ့သူ အားလုံး လက်ခံနိုင်ပြီး သဘောတူနိုင်မယ့် အဖြေတစ်ခု ရလာမယ်လို့ မျှော်လင့်ပါတယ်”

ယန်ချင်းက တက်ရောက်လာသူ တစ်ဦးချင်းစီကို ကြည့်ရင်း ပြောလိုက်သည်။

“ခေါင်းဆောင် လျိုယွင်... ခင်ဗျားဆီကနေ အရင်စမယ်လို့ ထင်တယ်။ ပြီးရင် ဂိုဏ်းချုပ် ဟန်ချင်းလင် အလှည့် ဖြစ်ပြီး၊ နောက်ဆုံးမှ တပည့် ကျောက်ချီ နဲ့ အဆုံးသတ်မယ်။”

“အသေးစိတ် အချက်အလက်တွေကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဖို့ သတိပေးပါရစေ။ ဒါပါပဲ... ခေါင်းဆောင် လျိုယွင်... ကျေးဇူးပြုပြီး စတင်နိုင်ပါပြီ”

ယန်ချင်းက လျိုယွင် ကို စတင်ရန် လက်ဟန်ပြရင်း ပြောလိုက်၏။

“အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တရားသူကြီး ယန်ချင်း။ အားလုံး သိကြတဲ့အတိုင်း ကျွန်တော့်နာမည်က လျိုယွင် ပါ။”

“ဝမ်ဆုန့်၊ ဝူအိုက်ကော်တို့နဲ့အတူ တောင်ကျစမ်းရေစံအိမ်ကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက်ပါ။”

“ ဝမ်ဆုန့်က တံခါးပိတ် ကျင့်ကြံနေပြီး ဝူအိုက်ကော်က လတ်တလော ဒီတိုက်ကြီးမှာ မရှိတဲ့အပြင် ဆက်သွယ်ရေး ကျောက်စိမ်းပြားကနေ ဆက်သွယ်ဖို့ ခက်ခဲနေတဲ့အတွက် သူတို့ လာမတက်နိုင်ခဲ့ပါဘူး။”

“ဒါပေမဲ့ ကျွန်တော်ချမှတ်မယ့် ဆုံးဖြတ်ချက်တိုင်းကို သူတို့လည်း သဘောတူကြမှာပါ။ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကတည်းက သွေးသောက်ညီအစ်ကို ဖွဲ့ခဲ့ကြတာပါ။”

“ကျွန်တော်တို့က အရင်တုန်းက သံဆူးတိုင်းပြည်လို့ လူသိများခဲ့တဲ့၊ အခု လွိယားတိုင်းပြည်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ နေရာတွေမှာ ကြီးပြင်းခဲ့ရတဲ့ မိဘမဲ့ကလေးတွေပါ”

သူသည် လွိယားတိုင်းပြည်မှ နိုင်ငံသားတစ်ယောက် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ယန်ချင်းနှင့် ကျန်လူများ၏ မျက်နှာအမူအရာများမှာ သိသာစွာ ပြောင်းလဲသွားသည်။

လက်ရှိ အဆင့် ၄ တိုင်းပြည် ဖြစ်သော လွိယားတိုင်းပြည်ကို တစ်ချိန်က သံဆူးတိုင်းပြည်ဟု လူသိများခဲ့သည်။

လွန်ခဲ့သော နှစ် ၄၀ ခန့်က တော်ဝင်မိသားစု ဖြုတ်ချ သတ်ဖြတ်ခံလိုက်ရချိန်တွင် တိုင်းပြည်၏ အမည်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်၏။

သံဆူးတိုင်းပြည်ဟုသော အမည်သည် တော်ဝင်မိသားစုက သူတို့၏ သားကောင်များကို တိုင်းပြည်အနှံ့ရှိ ဂိတ်တံခါးများတွင် တပ်ဆင်ထားသော မဟူရာသံမဏိများဖြင့် ပြုလုပ်ထားသည့် ဆူးချွန်လေးများပေါ်တွင် ထိုးစိုက် သတ်ဖြတ်လေ့ရှိသည့် အကျင့်ဆိုးကြောင့် ရရှိလာခြင်း ဖြစ်သည်။

ထိုသံမဏိများက သားကောင်များ၏ အသက်စွမ်းအင်ကို စုပ်ယူပြီး ညှဉ်းပန်းနှိပ်စက်သောကြောင့်၊ သားကောင်များသည် နှေးကွေးပြီး အလွန်အမင်းနာကျင်သော သေဆုံးခြင်းကို ကြုံတွေ့ကြရလေသည်။

သူကောင်းမျိုး ဖြစ်စေ၊ သာမန်ပြည်သူ ဖြစ်စေ တော်ဝင်မိသားစု၏ဒေါသကို ဆွမိသရွေ့ သူတို့ အားလုံး တူညီသော ပြစ်ဒဏ်ကိုသာ ခံစားကြရပေသည်။

တော်ဝင်မိသားစု၏ ရက်စက်ယုတ်မာမှုများမှာ အလွန် ပြင်းထန်လွန်းလှသဖြင့် တိုင်းပြည်တစ်ခုလုံးတွင် သံချေးနံ့များ လွှမ်းမိုးနေတတ်သည်။ ၎င်းသည် မဟူရာ သံမဏိနှင့် သွေးနံ့တို့ ရောနှောနေသော အနံ့ ဖြစ်၏။

သူတို့တွင် နန်းတော်အဆင့် ဘိုးဘေးတစ်ယောက် ရှိပြီး၊ တိုင်းပြည်အတွင်းရှိ မည်သည့်သူကောင်းမျိုး မိသားစုတွင်မျှ ထိုအဆင့်ရှိသူ တစ်ယောက်မှ မရှိသောကြောင့် သူတို့က ဤသို့ ထင်တိုင်းကြဲရဲခြင်း ဖြစ်လေသည်။

တိုင်းပြည်အတွင်းတွင် အမြူတေဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်ကျွမ်းကျင်သူများသာ ရှိပြီး၊ တော်ဝင်မိသားစုက တိုင်းပြည် တစ်ခုလုံးရှိ အရင်းအမြစ်များကို တင်းကျပ်စွာ ထိန်းချုပ်ထားသောကြောင့် ထိုအဆင့်ရှိသူများမှာလည်း အလွန် ရှားပါးလွန်းလှသည်။

တော်ဝင်မိသားစုသည် ထိုအရင်းအမြစ်များကို သူတို့၏ ကိုယ်ပိုင် အင်အားစုများ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုကာ သူတို့ကိုယ်သူတို့ ပိုမို အင်အားကြီးမားအောင် တည်ဆောက်ခဲ့ကြလေသည်။

ထို့အပြင် ထိုတိုင်းပြည်သည် တရားစီရင်ရေးအဖွဲ့၏ မျက်စိဒေါက်ထောက် ကြည့်ရှုမှု မရှိသော ဒေသများထဲမှ တစ်ခုတွင် တည်ရှိနေခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်သည်။

လူအင်အား နည်းပါးမှုကြောင့် တောင်ပိုင်းတိုက်ကြီး တစ်ဝိုက်တွင် တရားစီရင်ရေးအဖွဲ့၏မျက်စိအောက်မှ လွတ်ကင်းနေသော နေရာများစွာ ရှိနေသလို၊ မြစိမ်းရောင်မြူခိုးဒေသကဲ့သို့သော အချို့နေရာများမှာမူ သူတို့၏ ရုံးခွဲများ ဖွင့်လှစ်ရန်ပင် အလွန်အန္တရာယ် များလှသည်။

ဤအချက်များကပင် သံဆူးတိုင်းပြည်၏ တော်ဝင်မိသားစုကို အထိန်းအကွပ်မဲ့စွာ ရက်စက်ယုတ်မာရန် အားပေးအားမြှောက် ပြုနေသကဲ့သို့ ဖြစ်နေသည်။

သူတို့က တိုင်းပြည် တစ်ခုလုံးကို ပိတ်ဆို့ကာ မည်သူမျှ အပြင်သို့ မထွက်နိုင်အောင်၊ သတင်းအချက်အလက်များ တိုင်းပြည်ပြင်ပသို့ မပေါက်ကြားအောင် ပိတ်ဆို့ထားလောက်သည့် အထိ ဉာဏ်နီဉာဏ်နက် များကြသည်။

သို့သော် လွန်ခဲ့သော နှစ် ၄၀ နီးပါးခန့်တွင် အရာအားလုံးက ပြောင်းလဲသွားခဲ့ချေပြီ။ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး၊ အရက်စက်ဆုံး လုပ်ရပ် အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည့် သူတို့၏ နောက်ဆုံး လုပ်ရပ်မှာ၊ အာဏာသိမ်းရန် ကြံစည်နေသည်ဟု သံသယရှိရုံသက်သက်ဖြင့် မြို့တစ်မြို့လုံးကို သတ်ဖြတ်ပစ်ခဲ့ခြင်းပင်။

၎င်းသည် တိုင်းပြည် တစ်ခုလုံးကို စည်းလုံးသွားစေရန် တွန်းအားပေးလိုက်ပြီး၊ ပေါက်ကွဲလုနီးပါး ဖြစ်နေသော အခြေအနေကို ပေါက်ကွဲသွားစေခဲ့သည့် မီးတောက်တစ်ခု ဖြစ်သွားခဲ့လေသည်။

သူကောင်းမျိုး ဖြစ်စေ၊ သာမန်ပြည်သူ ဖြစ်စေ နိုင်ငံသား တိုင်းတွင် တူညီသောရည်မှန်းချက် တစ်ခုသာ ရှိတော့သည်။ ထိုအရာမှာ ထွက်ပြေးရန်... ဒါမှမဟုတ် လက်ရှိ တော်ဝင်မိသားစုကို ဖျက်ဆီးပစ်ရန်ပင်။

လူအစုလိုက်အပြုံလိုက် ထွက်ပြေးရန်မှာ မဖြစ်နိုင်သလို၊ တော်ဝင်မိသားစုကို ဖျက်ဆီးပစ်ရန်မှာ ပို၍ပင် ခက်ခဲသည်။ သူတို့တွင် နန်းတော်အဆင့်ဘိုးဘေးကြီး ရှိနေသည့်အပြင်၊ ကျင့်ကြံခြင်း အရင်းအမြစ် အားလုံးနီးပါးကို လက်ဝါးကြီးအုပ် ညှစ်ယူပြီး မွေးထုတ်ထားသည့် ကျွမ်းကျင်သူတွေလည်း အများကြီး ရှိနေသေးသည် မဟုတ်ပါလော။

သို့သော် ဤသို့ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် မျှော်လင့်မထားသော နေရာတစ်ခုမှ အကူအညီရရှိခဲ့လေသည်။ ၎င်းမှာ သန်းခေါင်ယံလဟု လူသိများသော မြေအောက်အဖွဲ့အစည်း တစ်ခုဖြစ်၏။

ထိုအဖွဲ့အစည်မှာ လှုပ်ရှားမှုပြုလုပ်လေ့ သိပ်မရှိသော်လည်း၊ လုပ်လိုက်ပြီ ဆိုလျှင် တိုက်ကြီးတစ်ခုလုံးကို မုန်တိုင်းထန်သွားစေတတ်သည်။

ထိုအဖွဲ့အစည်းသည် လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေပြီး၊ သူတို့ အကြောင်းကို ကြားရလေ့ရှိသည့် တစ်ခုတည်းသော အချိန်မှာ သူတို့၏ လုပ်ဆောင်ချက်များ အပြီး နောက်ဆက်တွဲ ဂယက်များ ထွက်ပေါ်လာချိန်တွင်သာ ဖြစ်ကာ၊ ထိုသို့ ဖြစ်လေ့ဖြစ်ထလည်း သိပ်မရှိပေ။

ဘယ်လိုလုပ်လိုက်မှန်း မသိသော်လည်း၊ အဓိက သူကောင်းမျိုးအားလုံးဆီသို့ မှုန်ဝါးနေသော အရိပ်အောက်မှ လမင်းတံဆိပ် ပါရှိသည့် စာတစ်စောင်စီ ရောက်ရှိလာခဲ့ပြီး၊ ထိုစာများအားလုံးတွင် တူညီသောမေးခွန်း တစ်ခုတည်းကိုသာ မေးထားလေသည်။

“မင်းတို့ရဲ့ လွတ်လပ်ခွင့်အတွက် ဘာကိုပေးဆပ်ဖို့ ဆန္ဒရှိလဲ”

အစပိုင်းတွင် သူတို့က သံသယ ဝင်ခဲ့ကြသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ထိုသံသယများက မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

‘တကယ်လို့များ...’ ဆိုတဲ့ တွေးတောမှုက သူတို့ အားလုံးကို တူညီတဲ့ အဖြေတစ်ခုတည်းဆီ ဦးတည်သွားစေခဲ့သည်။ ‘သူတို့ဆီမှာ ရှိသမျှ အရာအားလုံးကို ပေးမယ်’ ဆိုသည့် အဖြေပင်။

အဲဒီအဖြေကို ရရှိသွားပြီးနောက် သူတို့ အားလုံးဆီ နောက်ထပ် စာတစ်စောင် ထပ်ရောက်လာခဲ့ပြန်သည်။

“ဒါဆိုရင် မင်းတို့ဆီမှာ ရှိတဲ့ ငွေ၊ ကြေး၊ ရွှေ၊ ဝိညာဉ်ကျောက်တုံး၊ ဝိညာဉ်သတ္တု နဲ့ ဆေးရည် စတဲ့ စည်းစိမ်ဥစ္စာ ပုံစံအမျိုးမျိုးကို ငါတို့ကို ပေးပါ။”

“သက်ရှိတွေ ကလွဲလို့ မင်းတို့ တန်ဖိုးထားသမျှ အရာအားလုံးကို ပေးပါ။ ဒါဆိုရင် တော်ဝင်မိသားစုဆိုတာ ရှိတော့မှာ မဟုတ်ဘူး”

သူကောင်းမျိုးတွေဆီကတင် မကဘဲ၊ သာမန်ပြည်သူတွေ ဆီကပါ စည်းစိမ်ဥစ္စာတွေကို စုဆောင်းဖို့ ၄ နှစ် နီးပါးလောက် အချိန်ယူခဲ့ရသည်။ထိုမျှ အချိန်ကြာသွားရသည့် အကြောင်းရင်းမှာ သူတို့အနေဖြင့် အလွန်အမင်း သတိထားခဲ့ရလို့ပင်။

အကယ်၍ တော်ဝင်မိသားစုက ဒီသတင်းကို ကြားသွားရင်၊ မြို့တစ်မြို့လုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်လာနိုင်သောကြောင့်ပင်။

အဖိုးတန် ကျင့်ကြံခြင်းအရင်းအမြစ်များ၊ ကျင့်စဉ်များ၊ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသည့် အမွေအနှစ် ​​ရတနာများမှအစ၊ ကလေးဘဝက ဆော့ကစားခဲ့သည့် သစ်သားဓားလေး အဆုံး... တန်ဖိုးရှိ အရာမှန်သမျှကို စုဆောင်းခဲ့ကြသည်။

သူတို့ ရတနာဟုသတ်မှတ်သည့် အရာမှန်သမျှကို ပေးအပ်ခဲ့ကြသည်။ တိုင်းပြည်တစ်ခုလုံးက ပူးပေါင်းပြီး ဒီလုပ်ကြံမှုအတွက် အခကြေးငွေကို ပေးချေခဲ့ကြခြင်း ဖြစ်၏။

ပစ္စည်းအားလုံး စုံလင်သွားသည့် အချိန်၊ နောက်တစ်နေ့မှာပင် တော်ဝင်နန်းတော်ကြီးထဲရှိ ရှိသမျှ လူအားလုံး ဖျက်ဆီးခံလိုက်ရလေတော့သည်။

နန်းတော်အဆင့်ဘိုးဘေးကြီးမှာ သူ၏ ကျင့်ကြံခြင်းကို ဖျက်ဆီးခံလိုက်ရပြီး၊ သူတို့၏ သားကောင်များကို ချိတ်ဆွဲလေ့ရှိသော မဟူရာသံမဏိဂိတ်တံခါးများပေါ်တွင် ဘုရင်ကြီးအပါအဝင် နာမည်ဆိုးဖြင့် ကျော်ကြားသောမင်းသားများမှာ သတ်ဖြတ်ခံခဲ့ရလေသည်။ထိုအရာ အားလုံးမှာ တစ်ရက်ပင် မကြာလိုက်ပေ။

ပြည်သူများမှာ တော်ဝင်မြို့တော်ကြီး မီးလောင်နေသည်ကို မြင်လိုက်ရသော အခါမှ သူတို့မျက်စိကိုသူတို့ မယုံနိုင်အောင် ဖြစ်သွားကြပြီး၊ တော်ဝင်မိသားစုဝင်များ ဂိတ်တံခါးများပေါ်တွင် ချိတ်ဆွဲခံထားရသည်ကို မြင်လိုက်ရချိန်တွင် ဝမ်းသာလုံးဆို့ပြီး ငိုချလိုက်ကြလေတော့သည်။

ကလေး၊ လူကြီး၊ သာမန် ပြည်သူ၊ သူကောင်းမျိုး... အားလုံးက သူတို့၏ အိပ်မက်ဆိုးကြီး မီးလောင်ပြာကျသွားတာကို ကြည့်ပြီး၊ သူတို့ ခံစားခဲ့ရသော...ညှဉ်းပန်းနှိပ်စက်မှုများကို တော်ဝင်မိသားစု ကိုယ်တိုင်ပြန်လည် ခံစားနေရခြင်းကို ကြည့်၍ တူညီသော ခံစားချက်မျိုးသာ ခံစားခဲ့ကြရသည်။

ထိုကိစ္စများ အားလုံးဖြစ်ပျက်ပြီးနောက် နယ်စပ်ဂိတ်များ ပြန်ဖွင့်မှသာ တိုက်ကြီးတစ်ခုလုံးက ထိုအဖြစ်အပျက်များကို သိရှိသွားခဲ့ကြခြင်း ဖြစ်သည်။

တရားစီရင်ရေးအဖွဲ့က စစ်ဆေးရေးမှူးများကို စေလွှတ်ခဲ့ပြီး၊ ကောလာဟလများထက်ပင် ပိုမိုပြင်းထန်သော ရက်စက်ယုတ်မာမှု မှတ်တမ်းများကို ကြားသိရသည့် အခါ အံ့အားသင့်သွားခဲ့ကြရလေသည်။

ထိုအတွေ့အကြုံမှတစ်ဆင့် စစ်ဆေးရေးမှူးများ အနေဖြင့် သူတို့ လက်ရှိကိုင်တွယ်နေရ​သော အမှုတွေမှာတင် မကဘဲ၊ ရုတ်တရက် ကြုံတွေ့ရသည့် အမှုများကိုပါ ပိုပြီး ဂရုတစိုက်နဲ့ ကြိုးကြိုးစားစား လုပ်ဆောင်ကြဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အပြင်လောကတွင် နောက်ထပ် ‘သံဆူးတိုင်းပြည်’ကဲ့သို့ နေရာများ အများကြီး ရှိနေဦးမယ်ဆိုတာ သေချာနေသောကြောင့်ပင် ဖြစ်လေတော့သည်။

All Chapters