← Chapters

တောင်ကျစမ်းရေစံအိမ်ဘက်မှ အမြင်

Vol. 8 Ch. 74

တောင်ကျစမ်းရေစံအိမ်ဘက်မှ အမြင်

Vol. 8 Ch. 74

တရားခွင်အတွင်းရှိ လူတိုင်း၏ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်သန်းနေကြပြီး၊ တင်းမာသော မျက်နှာထားဖြင့် ရပ်နေသော ကြာပန်းဝါဂိုဏ်းချုပ်ပင်လျှင် သူ၏မျက်လုံးများက သတိမထားမိလောက်အောင် တုန်ခါသွားချေသည်။

ကျင့်ကြံခြင်း လောကသည် အဆုံးစွန်အားဖြင့် ရက်စက်ကြမ်းကြမ်းလှသော်လည်း၊ သူတို့ အားလုံးသည် လူသားများ ဖြစ်ကြသည့် အားလျော်စွာ၊ အသက်ရှူချောင်မည့် အခွင့်အရေးလေးတစ်ခုအတွက် မိမိတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိသည်အထိ နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော လွိယားတိုင်းပြည်ဟု ခေါ်သည့် တိုင်းပြည်မှ နိုင်ငံသားများ အပေါ် ကိုယ်ချင်းမစာဘဲ မနေနိုင်ကြပေ။

"ကျွန်တော်တို့ ညီအစ်ကို ၃ ယောက်က လွန်ခဲ့တဲ့ အနှစ် ၄၀ က တောင်ကျစမ်းရေစံအိမ်ကို စတင်တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။”

“ ကျွန်တော်တို့ရဲ့ နယ်စပ်ဂိတ်တွေ နောက်ဆုံးမှာ ပွင့်သွားတဲ့ အခါ၊ ကျွန်တော်တို့က အသက် ၁၀၀ ကျော်နေတဲ့ အမြူတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေ ဖြစ်နေတာတောင် တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အပြင်လောကကြီးကို မြင်တွေ့ ခံစားကြည့်ချင်ခဲ့ကြတယ်”

လျိုယွင်က ဤအရာများ အားလုံးက သူ့အပေါ် မသက်ဆိုင်သည့် အလား၊ အခြားလူ တစ်ယောက်၏ အကြောင်းကို ပြန်လည် ဖောက်သည်ချနေသည့် ပုံပြောသူ တစ်ယောက်ကဲ့သို့ ဆက်လက် ပြောဆိုနေလေသည်။

သို့သော် သူက ဟန်ဆောင်ချင်သလောက် တည်ငြိမ်နေခြင်း မရှိပေ။ ယန်ချင်းသည် သူ၏အသံထဲမှ ဝမ်းနည်းမှုများကို အာရုံခံမိနေသလို၊ သူ၏လက်များကလည်း လက်သီးဆုပ်မိမသွားစေရန် အတင်းအဓမ္မ ထိန်းချုပ်ထားရသကဲ့သို့ တဆတ်ဆတ် တုန်ယင်နေသည်ကို တွေ့ရလေသည်။

"ငွေမရှိဘဲ ကျွန်တော်တို့ ခရီးသွားလို့ မရဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေအရ အရင်းအနှီးဆိုတာ ဘာမဆိုနီးပါးရနိုင်တဲ့ အရေးကြီးတဲ့ အရင်းအမြစ်တစ်ခုဆိုတာ ကျွန်တော်တို့ သဘောပေါက်ခဲ့တယ်..."

လျိုယွင်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။

သံဆူးတော်ဝင်မိသားစုထံမှ သူတို့၏ လွတ်လပ်ခွင့်ကို ရရှိရန် အရင်းအမြစ်များ သို့မဟုတ် သူတို့တန်ဖိုးထားသော အရာများဖြင့် ပေးဆပ်ခဲ့ရခြင်းကို ထောက်ရှု၍ ဤသည်မှာ နားလည်နိုင်သောအချက်ပင် ဖြစ်သည်။

အရင်းအမြစ် လုံလုံလောက်လောက်သာ ရှိလျှင် ဘာမဆို ဝယ်နိုင်သည်ဟူသော ဤယုံကြည်ချက်ကို လျိုယွင်တစ်ယောက်တည်းသာ လက်ကိုင်ထားခြင်း မဟုတ်ဘဲ၊ လွိယားတိုင်းပြည်၏ နိုင်ငံသားတိုင်းလိုလို၏ ရင်ထဲတွင် စိုက်ပျိုးထားသော မျိုးစေ့တစ်ခု အဖြစ်အမြစ်တွယ်နေချေပြီ။

လူတိုင်းက သူတို့၏အရင်းအမြစ်များကို စုပေါင်း ထည့်ဝင်ခဲ့ကြသောကြောင့်၊ လူတိုင်း လူတိုင်းက သူတို့ ထည့်ဝင်ခဲ့သော အရည်အသွေးနှင့် အရေအတွက် မတူညီကြစေကာမူ၊ သူတို့၏ လွတ်လပ်ခွင့်ကို ပြန်လည် ဝယ်ယူရာတွင် သူတို့၏ အရင်းအမြစ်များက တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်ဟု ခံစားကြရသည်။

ထို့ကြောင့်ပင် လွိယားတိုင်းပြည်သည် ကုန်သွယ်ရေးတိုင်းပြည်တစ်ခု အဖြစ် ဖွံ့ဖြိုး တိုးတက်လာနေခြင်း ဖြစ်လေသည်။

နှစ်စဉ်နှစ်တိုင်း လွိယားတိုင်းပြည်မှ နိုင်ငံသားများ တည်ထောင်သည့် ကုန်သည်အဖွဲ့အစည်း အများအပြား ပေါ်ပေါက်လာလေ့ ရှိသည်။

......

"အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ ရှိသမျှ အားလုံးကို စုပေါင်းပြီး တောင်ကျစမ်းရေ စံအိမ် ကို စတင်ခဲ့ကြတယ်။”

“ အရင်းအနှီးက သိပ်မများပေမဲ့၊ ကျွန်တော်တို့ ကုန်သည်တွေအဖြစ် အပြင်လောကကို စူးစမ်းချင်တယ် ဆိုတာကို ကြားတော့ ကျွန်တော်တို့ တိုင်းပြည်က တချို့ နိုင်ငံသားတွေ ဆီကနေ အပိုထောက်ပံ့မှုတွေလည်း ရခဲ့ပါသေးတယ်။"

"တိုင်းပြည်ထဲမှာ အချိန်အကြာကြီး ပိတ်လှောင်ခံထားရတဲ့ အတွက်၊ အပြင်ထွက်ချင်တဲ့ ဆန္ဒရှိပေမဲ့ တိုင်းပြည်ကနေ ထွက်သွားဖို့ ကြောက်ရွံ့နေတဲ့ သူတွေလည်း ရှိတယ်။”

“တကယ်လို့ တိုင်းပြည်ကနေ ထွက်သွားဖို့ ကြိုးစားရင် သေဒဏ် ဒါမှမဟုတ် အဲဒီထက်ပိုဆိုးတဲ့ ပြစ်ဒဏ်တွေ ပေးမယ်လို့ နှစ်ပေါင်းများစွာ ခြိမ်းခြောက်ခံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို သူတို့ မကျော်ဖြတ်နိုင်ကြသေးဘူး။”

“အဲဒါကြောင့် သူတို့က ကျွန်တော်တို့ကို အားပေးတဲ့ အနေနဲ့၊ ပြီးတော့ ကျွန်တော်တို့က တစ်ဆင့် အပြင်လောကကို ခံစားကြည့်ချင်တဲ့ အနေနဲ့ ကျွန်တော်တို့ကို ထောက်ပံ့ပေးခဲ့ကြတယ်။"

"သံဆူးတိုင်းပြည်က ကျွန်တော်တို့အတွက် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ နာကျင်မှုတွေ၊ ပြီးတော့ အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေကိုပဲ ယူဆောင်လာပေးခဲ့တာ မှန်ပေမဲ့၊ သူက ကျွန်တော်တို့ကို နောက်ထပ် တစ်ခုခုလည်း ပေးခဲ့သေးတယ်။”

“လူမှုရေးအဆင့်အတန်း ခွဲခြားမှုတွေနဲ့ အဲဒီကနေ ဆင်းသက်လာတဲ့ အတားအဆီးအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ သူကောင်းမျိုး ဒါမှမဟုတ် သာမန် ပြည်သူ၊ ချမ်းသာ ဒါမှမဟုတ် ဆင်းရဲ၊ ကျင့်ကြံသူ ဒါမှမဟုတ် သာမန်လူ ဆိုတဲ့ ကွာခြားချက်တွေ မရှိတော့ဘူး။”

“ ကျွန်တော်တို့ အားလုံးက တူညီတဲ့ ဝိသေသလက္ခဏာ တစ်ခုတည်းကိုပဲ ဖန်တီးနိုင်ခဲ့တယ်။ မယုံနိုင်လောက်အောင် ဆိုးရွားတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အတူတကွ ခံစားခဲ့ကြပြီး၊ တစ်ဖက်ကမ်းကို အတူတကွ ကူးဖြတ်လာခဲ့ကြတဲ့ လူတွေ အဖြစ်ပေါ့။”

"ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုက အဲဒီ တော်ဝင်မိသားစုဆီကနေ ရလိုက်တဲ့ တစ်ခုတည်းသော အကောင်းဆုံးအရာ ဖြစ်နိုင်တယ်..."

လျိုယွင်၏အကြည့်များက မှုန်ဝါးသွားပြီး၊ သူ၏ အပြုံးသည် ပြီးပြည့်စုံသော အပြုံးမဟုတ်ဘဲ ကျေးဇူးတင်မှုနှင့် နာကျင်မှုတို့ ရောယှက်နေသော အပြုံးတစ်ခု ဖြစ်နေလေသည်။

"တောင်းပန်ပါတယ်... ကျွန်တော် စကားလမ်းကြောင်း လွှဲသွားသလို ဖြစ်သွားတယ်"

လျိုယွင်က သတိပြန်လည်လာပြီး တောင်းပန်သည့် အနေဖြင့် ဦးညွှတ်လိုက်၏။

"ရပါတယ် ခေါင်းဆောင်လျိုယွင်... ကျွန်တော်က တတ်နိုင်သမျှ အသေးစိတ် ပြောပြဖို့ ပြောထားပြီးသားပါ။ တောင်းပန်စရာ မလိုပါဘူး။”

“ဒီတရားခွင်က ဘက်မလိုက်တဲ့ စီရင်ချက်ကို ချမှတ်ပေးရုံ သက်သက် မဟုတ်ဘဲ၊ ရင်ဖွင့်ချင်သူတွေ အတွက်လည်း နှစ်သိမ့်မှု ပေးစွမ်းပါတယ်"

ယန်ချင်းက လျိုယွင် ဦးညွှတ်မသွားစေရန် ညင်သာသော ခွန်အား တစ်ခုကို အသုံးပြုကာ တားဆီးရင်း ပြောလိုက်လေသည်။

လျိုယွင်မှာ သူမည်မျှ ကြိုးစား ကြိုးစား တစ်လက်မမျှပင် ကိုင်းညွှတ်၍ မရသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။ သူ၏ အရှေ့တွင် မရွှေ့မပြောင်းနိုင်သော တောင်တန်းကြီး တစ်ခုကဲ့သို့ ခိုင်မာသော်လည်း နူးညံ့သော ကူရှင်တစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။

ထိုအရာက တစ်လက်မမျှပင် မရွေ့လျားဘဲ သူ၏ခွန်အား အားလုံးကို ညင်သာစွာ စုပ်ယူသွားလေသည်။

"တရားစီရင်ရေးအဖွဲ့ ဆိုတာ တကယ်ကို ဘီလူးသရဲတွေ အပြည့်ရှိတဲ့ နေရာပဲ။ တကယ်လို့များ..." လျိုယွင်က ပေါ်ပေါက်လာတော့မည့် အဆိုးမြင် အတွေးများကို ဖယ်ရှားရန် အလျင်အမြန် ခေါင်းယမ်းလိုက်၏။

"ဖြစ်ပြီးတာတွေက ပြီးသွားပြီ။ အတိတ်ရဲ့ ချုပ်နှောင်မှုတွေကနေ ကင်းလွတ်တဲ့ ဘဝသစ် တစ်ခုကို စတင်ဖို့ ကျွန်တော်တို့ အားလုံး သဘောတူထားခဲ့ကြတာပဲ။ ကျွန်တော်တို့ဆီကနေ ဆုံးရှုံးခဲ့ရတာတွေ လုံလောက်နေပြီ မဟုတ်လား အစ်ကိုကြီး..."

လျိုယွင်က စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး လက်ရှိ ကိစ္စကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ရစရာရှိသည်များကို ရရှိအောင် သူသေချာပေါက် လုပ်ဆောင်ရပေမည်။

ထိုငွေပမာဏမှာ ကြာပန်းဝါဂိုဏ်း သို့မဟုတ် တခြား အဆင့် ၄ ကုန်သည်အဖွဲ့အစည်းများ အတွက် သိပ်မများလှသော်လည်း၊ သူတို့အတွက်မှာ အသက်နှင့် သေခြင်းတရားပင် ဖြစ်လေသည်။

"ကျွန်တော်တို့ စတင်တည်ထောင်ခါစတုန်းက အလုပ်လုပ်ပုံကို သေချာမသိလို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။”

“အကြိမ်အနည်းငယ်လောက် အလိမ်ခံရပြီး လက်လျော့လုနီးပါး ဖြစ်ခဲ့ပေမဲ့၊ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ အလုပ်သဘောသဘာဝကို နားလည်လာပြီး ဂုဏ်သတင်း၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အရည်အသွေးပိုင်းမှာ တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့တယ်။"

"ကြီးကြီး ငယ်ငယ်... အပေးအယူတိုင်းက ကျွန်တော်တို့ အတွက် အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ နောက်ခံ အခြေအနေကြောင့် ဘယ်လောက်ပဲ အရေးမပါဘူးလို့ ထင်ရတဲ့ အရာ ဖြစ်ပါစေ၊ ခင်ဗျားရဲ့ လွတ်လပ်ခွင့်ကို ပြန်ဝယ်ဖို့ အတွက် လုံလောက်တဲ့ တန်ဖိုးရှိတယ် ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလို့ပဲ။"

"အဲဒီ စိတ်ဓာတ်နဲ့ပဲ ကျွန်တော်တို့က အဝေးကနေတောင် နာမည်ကြီးတဲ့ အင်အားအကြီးဆုံး အဆင့် ၄ ဂိုဏ်းတွေထဲက တစ်ခု ဖြစ်တဲ့ ကြာပန်းဝါဂိုဏ်းနဲ့ အပေးအယူတစ်ခု လုပ်နိုင်ခဲ့တဲ့ အချိန်မှာ အရမ်းကို ဝမ်းသာခဲ့ကြတာ။"

"သူတို့နဲ့ အပေးအယူ ရလိုက်တာက ကျွန်တော်တို့ ကုန်သည်တွေ အနေနဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့ပြီ ဆိုတဲ့ အတည်ပြုချက် တစ်ခုပဲ"

လျိုယွင်က ခေတ္တ ရပ်တန့်ကာ ကြာပန်းဝါဂိုဏ်းချုပ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဆက်ပြောလေသည်။

သူတို့ကြောင့်ပင် ကုန်သည်တစ်ယောက် အနေဖြင့် အကောင်းဆုံး အချိန်နှင့် အဆိုးရွားဆုံးအချိန် နှစ်ခုစလုံးကို သူကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

"သဘောတူညီချက်တစ်ခု ရဖို့အတွက် လပေါင်းများစွာ အပြန်အလှန် ညှိနှိုင်းခဲ့ရတယ်။"

"ကြာပန်းဝါဂိုဏ်းကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၉သန်း ချေးငွေပေးဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပြီး၊ အဲဒါကို ၈ နှစ် အတွင်းမှာ နှစ်စဉ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းနဲ့ ပြန်ဆပ်ဖို့ ပါ။"

"ပြန်ဆပ်ရမယ့် အချိန်ဇယားကို လစဉ် သတ်မှတ်ထားပြီး၊ တစ်လကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၃၇,၀၀၀ ပြန်ဆပ်ရမှာပါ။"

"ကြာပန်းဝါဂိုဏ်းရဲ့ ဂုဏ်သတင်းကို ယုံကြည်လို့ ကျွန်တော်တို့ ဘာအာမခံမှ မတောင်းခဲ့သလို၊ သူတို့က ထွက်ပြေးသွားမယ့် သူတွေလည်း မဟုတ်ဘူးလေ။"

"အစပိုင်းမှာ ဂိုဏ်းက သတ်မှတ်ရက်အတိုင်း မှန်မှန် ပြန်ဆပ်တဲ့အတွက် အားလုံး အဆင်ပြေခဲ့တယ်။ တချို့အချိန်တွေ ဆိုရင် တစ်လတောင် ကြိုပြီး ဆပ်တတ်သေးတယ်။”

“အဲဒီလိုနဲ့ ၃ နှစ်လောက် ဘာပြဿနာမှ မရှိဘဲ ချောချောမွေ့မွေ့ ဖြတ်သန်းခဲ့ပေမဲ့၊ ၄ နှစ်မြောက် အရောက်မှာ အရာအားလုံးပြောင်းလဲသွားတယ်။"

"ဘာကြောင့်မှန်း မသိပေမဲ့ သူတို့က အကြွေးဆပ်တာကို ရပ်လိုက်တယ်။ ပထမလ ရောက်တော့ ဘာမှ ပြန်မဆပ်ဘူး။ အစတုန်းကတော့ သူတို့ အကြွေးဆပ်ဖို့ ပျက်ကွက်ရလောက်အောင် ရှောင်လွှဲလို့ မရတဲ့ ကိစ္စ တစ်ခုခု ဖြစ်သွားလို့ နေမှာပါ လို့ ထင်ခဲ့တာ။”

“ ဒါနဲ့ ကျွန်တော်တို့က စိတ်ရှည်ရှည်ထားပြီး သူတို့ကို ဖိအားမပေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဒုတိယလ ရောက်လာပြန်တော့လည်း မဆပ်သေးဘူး။”

“အဲဒီအချိန်မှာ ကျွန်တော်တို့ နည်းနည်း စိုးရိမ်လာပြီး သူတို့ရဲ့ အကြွေးပြန်ဆပ်တဲ့ စာရင်းကို ကိုင်တွယ်နေတဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ဘာတွေဖြစ်နေသလဲ ဆိုတာ သွားစုံစမ်းခိုင်းရတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က ကျွန်တော်ရော ကျွန်တော့် အစ်ကိုကြီးတွေပါ အနီးအနားမှာ မရှိလို့လေ။"

"သူမ သွားစုံစမ်းတာ ၂ လ နီးပါးလောက် ကြာတာတောင်၊ သူတို့က ဝင်ခွင့်မပေးတဲ့ အပြင် ဘာကြောင့်လဲ ဆိုတာကိုလည်း မပြောပြဘူး။ အဲဒီအချိန်က အနီးဆုံးမှာ ရှိနေတဲ့ ခေါင်းဆောင်က ကျွန်တော် တစ်ယောက်တည်း ဖြစ်နေလို့၊ ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင် ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်တယ်။"

"ဂိုဏ်းကို ရောက်တော့... ဟုတ်ပါတယ်၊ သူတို့ တံခါးတော့ဖွင့်ပေးပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ဧည့်သည်ဆောင် တစ်ခုထဲမှာ ၂ ပတ်လောက် အထီးကျန်အောင် ထားပြီးမှ ကျွန်တော်နဲ့ စကားပြောဖို့ လူတစ်ယောက် လွှတ်လိုက်တယ်။"

"၂ ပတ်ပြည့်တဲ့ အချိန်မှာ သူတို့ရဲ့ အဓိကအကြီးအကဲတစ်ယောက်က ကျောက်ချီကို ခေါ်လာပြီး၊ သူတို့ တပည့်က အကြွေး အားလုံးကို ပြန်ဆပ်လိမ့်မယ်လို့ ပြောတယ်။”

“ကျွန်တော့်အနေနဲ့ ဆွေးနွေးစရာ ရှိရင် ကျောက်ချီနဲ့ပဲ ဆွေးနွေးသင့်ပြီး၊ ကြာပန်းဝါဂိုဏ်းနဲ့ ဘာမှ မဆိုင်တော့ဘူးတဲ့။ သူတို့က ကျွန်တော်တို့နဲ့ ရှိနေတဲ့ အကြွေးကို ပြေလည်သွားပြီလို့ မှတ်ယူလိုက်တယ်တဲ့။"

"သူတို့ နောက်ပြောင်နေတာလို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ တစ်ရက် ကုန်သွားတဲ့ အထိ ဘယ်သူမှ ပြန်မလာတော့ဘူး ဆိုတာ သိလိုက်ရတော့၊ အခြေအနေကို ကျွန်တော် ပြန်လည် သုံးသပ်ဖို့ လိုလာပြီ။”

“ ဒါပေမဲ့ အဖြေတွေထက် မေးခွန်းတွေ ပိုထွက်လာတာပဲ အဖတ်တင်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တွေးမိတာ တစ်ခုတည်းက... ဂိုဏ်းက သူတို့ရဲ့ တပည့်တစ်ယောက်ကို အကြွေးအစားထိုးအဖြစ် သုံးရလောက်တဲ့အထိ အခက်အခဲ ဖြစ်နေလို့ပဲ နေမှာပါလို့။"

"ကျွန်တော် အဲဒီကနေ ထွက်လာပြီး ကြာပန်းဝါဂိုဏ်းမှာ ကျွန်တော်မသိတဲ့ ကိစ္စတွေများ ဖြစ်နေသလား ဆိုတာကို ကျွန်တော်တို့ရဲ့ သတင်းကွန်ရက်တွေကနေ တစ်ဆင့် စုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျောက်ချီကို ဂိုဏ်းမှာပဲ ထားခဲ့ပြီး ကျွန်တော်ထွက်လာခဲ့တယ်။"

"ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ ကျွန်တော့် သတင်းကွန်ရက်တွေက တစ်ဆင့် သိလိုက်ရတာက... ကြာပန်းဝါဂိုဏ်းက ကျွန်တော်တို့နဲ့ ရှိနေတဲ့ အကြွေးကလွဲရင် တခြား အဖွဲ့အစည်းတွေနဲ့ ရှိနေတဲ့ ချေးငွေတွေကိုတော့ မှန်မှန်ကန်ကန် ပြန်ဆပ်နေတယ် ဆိုတာပါပဲ။"

"စိတ်ပျက်မှု၊ ဒေါသနဲ့ ကျွန်တော် မေ့ပစ်ဖို့ ကြိုးစားနေခဲ့တာ ကြာပြီ ဖြစ်တဲ့ အဆိုးမြင် ခံစားချက်မျိုးစုံက အဲဒီအခိုက်အတန့်လေးမှာတင် ပွက်ပွက်ဆူပြီး ထွက်လာတော့တာပဲ။"

"ဘာလို့ တောင်ကျစမ်းရေစံအိမ်လဲ။ သူတို့ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျွန်တော်တို့က အခြေခံအုတ်မြစ် အတိမ်ဆုံး ဖြစ်နေလို့၊ တခြားသူတွေထက် ကျွန်တော်တို့နဲ့ အပေးအယူကို ဖျက်ပစ်ဖို့က ပိုလွယ်နေလို့လား။”

“ဒါမှမဟုတ် နယ်ကတက်လာတဲ့ ကုန်သည်တောသားတွေဆီကနေ ဝိညာဉ်ကျောက်တုံးတွေကို အလကားရအောင် သူတို့ အစကတည်းက ကြံစည်ထားတဲ့ အကွက်တစ်ခုလား။”

"မေးခွန်းပေါင်း ဒါဇင်နဲ့ချီပြီး ကျွန်တော့် ခေါင်းထဲမှာ ဖြတ်ပြေးသွားပေမဲ့၊ နောက်ဆုံးမှာတော့ အဲဒီမေးခွန်းတွေရဲ့ အဖြေက ဘာမှ အရေးမပါတော့ပါဘူး"

လျိုယွင်က သူ၏အမူအရာများ အေးစက်သွားရင်း ပြောလိုက်လေသည်။

"အရေးကြီးတာက ကြာပန်းဝါဂိုဏ်းက သူ့ရဲ့ အကြွေးအားလုံးကို အပြည့်အဝပြန်ဆပ်ဖို့နဲ့၊ အခြေတည်အဆင့်တပည့် တစ်ယောက်ကို အကြွေး အစားထိုး အနေနဲ့မသုံးဖို့ပဲ။ ကျွန်တော် လိုချင်တာက သူတို့ ပေးဖို့ ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေပဲ၊ ဒါဆိုရင် အားလုံး ပြီးသွားပြီ။"

"တောင်ကျစမ်းရေစံအိမ်မှာ သူတို့ကို အတင်းအဓမ္မ ဖိအားပေးဖို့ အင်အား မရှိဘူး ဆိုတာ ကျွန်တော် နားလည်ပါတယ်။”

“ ပြီးတော့ ဝိညာဉ်ကျောက်တုံးလိုမျိုး အဓိပ္ပာယ်မရှိတဲ့ ကိစ္စလေးအတွက်နဲ့ နောက်တစ်ခါ သွေးချောင်းစီးရမယ့် အလုပ်မျိုးကို စွန့်စားလုပ်ဖို့ အတွက်... တစ်သက်စာ လုံလောက်တဲ့ သွေးထွက်သံယိုမှုတွေကို ကျွန်တော် အလုံအလောက် မြင်ဖူးပြီးပါပြီ။”

“ ဒါပေမဲ့ ဂိုဏ်းက ကျွန်တော်တို့ကို ဆက်ဆံခဲ့တဲ့ ပုံစံကို ကြည့်ပြီး အဲဒီအကြွေးကို ခွင့်လွှတ်ပေးဖို့ ဆိုတာတော့ ကျွန်တော့်စိတ်ထဲမှာ လုံးဝမရှိဘူး။"

"ကျွန်တော်တို့ ရစရာရှိတာတွေ ရအောင် တရားစီရင်ရေးအဖွဲ့က ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတိုးတွေကိုတောင် ကျွန်တော် လျှော့ပေးပါ့မယ်... သူတို့က ကျွန်တော့်ကို ပေးဖို့ရှိတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၆.၄သန်းကို ပြန်ဆပ်ဖို့ပဲ လိုပါတယ်။”

“သူတို့က ယုံကြည်ရတဲ့သူတွေ မဟုတ်မှန်း သက်သေပြပြီးပြီ ဖြစ်လို့၊ အဲဒါကို တစ်လုံးတည်း အကျေဆပ်ဖို့ မျှော်လင့်ပါတယ်။ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လျိုယွင်က ယဉ်ကျေးစွာ ထပ်မံဦးညွှတ်လိုက်ပြီး နောက်သို့ ဆုတ်လိုက်လေသည်။

All Chapters