သီးသန့်ထွက်ဆိုချက်
Vol. 8 Ch. 75
“ခင်ဗျားဘက်က အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လျိုယွင်။ အခု ဂိုဏ်းချုပ်ဟန်ချင်းလင်... ခင်ဗျားအလှည့်ကို ဆက်သွားကြတာပေါ့”
ယန်ချင်းက ချက်ချင်းပင် ပြောလိုက်၏။
လျိုယွင်ဘက်မှ စကားများကို ကြားပြီးနောက်၊ ဤဖြစ်ရပ်တွင် တစ်စုံတစ်ရာ လွဲချော်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကြာပန်းဝါဂိုဏ်းသည် နှစ်ပေါင်း ၁၀,၀၀၀ ကျော် တည်ရှိလာခဲ့ပြီး၊ ခိုင်မာနက်ရှိုင်းသော အခြေခံအုတ်မြစ်များနှင့် ကြွယ်ဝသောသမိုင်းကြောင်းရှိသည့် ဂိုဏ်းတစ်ခု ဖြစ်လေသည်။
ထိုသို့သော ဂိုဏ်းမျိုးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်အတွက်နှင့် သူတို့၏ဂုဏ်သိက္ခာကို အရင်းခံ၍ စွန့်စားရန်မှာ ဖြစ်နိုင်ဖွယ်မရှိပေ။
သူ့အတွက် အဖြေမထွက်ဘဲ လစ်ဟာနေသော အချက်အလက်အချို့ ရှိနေသေးသည်။
ပထမဆုံးအချက်အနေဖြင့် ဂိုဏ်းက ဘာလို့ တောင်ကျစမ်းရေစံအိမ်ဆီကနေ ချေးငွေ ယူဖို့ ဆုံးဖြတ်ခဲ့တာလဲ။
စံအိမ်ကပေးတဲ့ အတိုးနှုန်းက သက်သာသည်မှာ မှန်သော်လည်း၊ ဂိုဏ်း၏နှစ်ပေါင်းများစွာ တည်တံ့လာခဲ့တဲ့ ဂုဏ်သတင်းဖြင့်ဆိုရင် ၎င်းတို့ အချိန်အကြာကြီး လက်တွဲလာခဲ့သော တခြား အဖွဲ့အစည်းတွေဆီမှ ပိုသက်သာတဲ့ အတိုးနှုန်းမျိုး သေချာပေါက် ရနိုင်မယ်လို့ သူခံစားနေရ၏။
ထို့အပြင် တောင်ကျစမ်းရေစံအိမ်ကို သူတို့ ဆက်ဆံခဲ့တဲ့ ပုံစံကလည်း ရှိသေးသည်။
ရန်သူများ ဝိုင်းဝိုင်းလည်နေသည့် ဂိုဏ်းတစ်ခုအနေဖြင့် ကြည့်မည်ဆိုလျှင် ရနိုင်သမျှ အကူအညီအားလုံး လိုအပ်နေပြီး ရန်သူ နည်းနိုင်သမျှနည်းရန် လိုအပ်နေသော အခြေအနေမျိုးတွင် သူတို့ဘက်၏လုပ်ရပ်မှာ ဂရုမစိုက်လွန်းရာ ကျနေချေသည်။
နှစ်ပေါင်း ၁၀,၀၀၀ ကျော် အသက်ရှင် ရပ်တည်နိုင်ခဲ့ပြီး၊ အင်အားအကောင်းဆုံး ထောက်တိုင်အိုကြီးများ ကျဆုံးသွားသည့် အချိန်မှာပင် ဆက်လက်တည်တံ့နေနိုင်သော ဂိုဏ်းတစ်ခုကို လူဗလ၊ တဇွတ်ထိုးသမားများ ဦးဆောင်နေတာတော့ သေချာပေါက် မဟုတ်နိုင်ပေ။
ထို့ကြောင့်ပင် ကျောက်ချီ၏ချီစွမ်းအင်ထဲတွင် ဒြပ်စင်သတ္တိများ ပြသနေသောပြဿနာကို ထည့်မတွက်လျှင်ပင်၊ ကြာပန်းဝါဂိုဏ်းမှာ တစ်စုံတစ်ခု လွဲချော်နေသည်ဟု ယန်ချင်း အမြဲတမ်း ခံစားနေခဲ့ရခြင်း ဖြစ်လေသည်။
“တရားသူကြီးယန်ချင်းနဲ့ တရားစီရင်ရေးအဖွဲ့က ကျွန်တော့်ဂိုဏ်းကို ဒီအခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဟန်ချင်းလင်က ဘယ်ဘက် လက်ဖဝါးကို ထောင်ကာ ညာဘက် လက်သီးဖြင့် ဆုပ်၍ ကျင့်ကြံသူတို့၏ အရိုအသေပေးခြင်းမျိုးဖြင့် အရိုအသေပေးရင်း၊ သူ၏အသံနှင့် ခံစားချက်များတွင် မည်သည့်တုန်လှုပ်မှုမျှ မရှိဘဲ တည်ငြိမ်စွာပြောလိုက်၏။
“ကျွန်တော် ရိုင်းစိုင်းရာ ကျသွားမယ် ဆိုတာ သိပေမဲ့... ကျွန်တော့်ဘက်က ကိစ္စတွေကို ပြောပြဖို့ တရားရုံးဆီကနေ သီးသန့်အချိန်လေး နည်းနည်းလောက် တောင်းခံလို့ရမလား။”
“ကျွန်တော် အခု ပြောမယ့် စကားတွေကို ကျောက်ချီရော၊ တောင်ကျစမ်းရေစံအိမ်ကိုပါ မကြားစေချင်လို့ပါ။”
ဂိုဏ်းချုပ်သည် သူ၏နန်းတော်အဆင့်တဝက် အာရုံ၏အကူအညီဖြင့် စိတ်ချင်းဆက်သွယ်ခြင်းကို အသုံးပြုကာ ယန်ချင်းထံသို့ သတင်းပို့လိုက်ခြင်း ဖြစ်လေသည်။
သူသည် နန်းတော်အဆင့်သို့ ခြေတစ်လှမ်းရောက်နေပြီ ဖြစ်သောကြောင့်၊ ယန်ချင်းက လျိုယွင်ဦးညွှတ်မသွားစေရန် သူ၏ချီစွမ်းအင် အနည်းငယ်ကို အသုံးပြုလိုက်ချိန်တွင်၊ ဂိုဏ်းချုပ် အနေဖြင့် ယန်ချင်း၏အစစ်အမှန် ကျင့်ကြံခြင်းအဆင့်ကို အရိပ်အမြွက် မြင်တွေ့လိုက်ရချေသည်။
၎င်းက သူ၏ရင်ထဲတွင် ဧရာမလှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေခဲ့သည်။ ယန်ချင်း၏ အသက်စွမ်းအင် အရှိန်အဝါကို ကြည့်ခြင်းအားဖြင့်၊ သူသည် ကျင့်ကြံလာခဲ့သည်မှာ အနှစ် ၂၀ ကျော်လေးသာ ရှိသေးသော်လည်း နန်းတော်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဂိုဏ်းချုပ် သိလိုက်ရ၏။
သူကိုယ်တိုင်မှာမူ နှစ်ပေါင်း ၂၀၀ နီးပါး ကျင့်ကြံလာခဲ့သော်လည်း၊ သူ အကောင်းဆုံး ပြသနိုင်သည်မှာ နန်းတော်အဆင့်လုနီးပါး ကျွမ်းကျင်သူ တစ်ယောက် အဖြစ်သာ ရှိနေသေးသည်။
သို့သော် သူ့ကိုယ်သူ ကာကွယ်ရမည်ဆိုလျှင်၊ ဂိုဏ်းရင်ဆိုင်နေရသော ပြဿနာတောင်တန်းကြီးများကြောင့် ကျင့်ကြံရန် အချိန် ပိုမိုနည်းပါးလာခဲ့ရခြင်း ဖြစ်လေသည်။
အချိုးအစားအရ တွက်ကြည့်လျှင်၊ နန်းတော်အဆင့်တဝက်ကျွမ်းကျင်သူ အယောက် ၅၀ ပေါင်းမှသာလျှင်၊ နန်းတော်အဆင့်တွင် အခိုင်အမာ ခြေကုပ်ယူထားပြီးသူ တစ်ယောက်ကို နှစ်ဦးနှစ်ဖက် အကျအဆုံးများသည့် သရေပွဲတစ်ခု ဖြစ်အောင် အများဆုံး ဖိအားပေးနိုင်မည် ဖြစ်သည်။
၎င်းသည် ကြာပန်းဝါဂိုဏ်း အနေဖြင့် ဤမျှ အချိန်ကြာမြင့်စွာ အကျပ်ရိုက်နေခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်၏။ သူတို့က နန်းတော်အဆင့် ကျွမ်းကျင်သူများကို ဆုံးရှုံးခဲ့ရသော်လည်း၊ သူတို့၏ ရန်သူများဘက်တွင်မူ နန်းတော်အဆင့် ကျွမ်းကျင်သူ တစ်ယောက်က ဦးဆောင်နေလေသည်။
ကြာပန်းဝါဂိုဏ်းတွင် နန်းတော်အဆင့်တဝက်ကျွမ်းကျင်သူ မည်မျှပင် ရှိစေကာမူ၊ အနည်းဆုံး နန်းတော်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ရှိနေသော ရန်သူများကို ယှဉ်ပြိုင်ရာတွင် သိပ်အထောက်အကူ ဖြစ်မည် မဟုတ်ချေ။
…..
ယန်ချင်းသည် ဂိုဏ်းချုပ် ဟန်ချင်းလင်၏ တောင်းဆိုမှုကြောင့် အံ့အားသင့်သွားပြီး၊ မေးခွန်းထုတ်လိုသည့် အမူအရာဖြင့် မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။
ဘေးတွင်ရှိနေသော ယီကျဲမှာလည်း နားမလည်နိုင်သော မျက်နှာထား ဖြစ်နေ၏။
သူသည် သတင်းစကား၏ အကြောင်းအရာကို မကြားလိုက်ရသော်လည်း၊ သူကိုယ်တိုင်လည်း နန်းတော်အဆင့်တဝက်ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သဖြင့် ဟန်ချင်းလင်၏ နန်းတော်အဆင့်တဝက်အာရုံ မှ ထွက်ပေါ်လာသော လှိုင်းဂယက်များကို အာရုံခံမိလိုက်လေသည်။
သူက ယန်ချင်းကို ဘာတွေဖြစ်နေတာလဲဟု မမေးရသေးခင်မှာပင် ယန်ချင်းက သူ့ထက် အရင် လက်ဦးသွားခဲ့၏။
“ကြာပန်းဝါဂိုဏ်းချုပ်က သူ့ရဲ့ ထွက်ဆိုချက်ကို သူတို့ရဲ့ တပည့်နဲ့ တောင်ကျစမ်းရေစံအိမ်ခေါင်းဆောင်တို့ မကြားရအောင် သီးသန့် ပေးချင်တယ်လို့ တောင်းဆိုနေတယ်”
ယန်ချင်းက သူ၏ဧကရာဇ်အာရုံကို အသုံးပြုကာ ယီကျဲ၊ မော့ယွင်ရုနှင့် ဆုကျင့်ကျင်းတို့ သုံးယောက်စလုံးကို ပြောလိုက်လေသည်။
မော့ယွင်ရုနှင့် ဆုကျင့်ကျင်းတို့ နှစ်ယောက်စလုံးမှာ အမြူတေဖွဲ့စည်းခြင်းအဆင့် နောက်ဆုံးအဆင့်တွင်သာ ရှိနေသေးသဖြင့် သူတို့၏ အသံကို ပို့လွှတ်ရန် ကိုယ်ပိုင် ဧကရာဇ်အာရုံ မရှိသောကြောင့် ပြန်လည် မတုံ့ပြန်နိုင်ကြချေ။
သို့သော် ဆုကျင့်ကျင်း၏ အစွမ်းထက်သော ဝိညာဉ်ခွန်အားကြောင့် သူမ၏ ရည်ရွယ်ချက်ကိုတော့ ပို့လွှတ်နိုင်စွမ်း ရှိလေသည်။
“သူ့ကို အခွင့်အရေး ပေးသင့်တယ်လို့ ထင်တယ်။ အမှုက နည်းနည်း လွဲချော်နေသလိုပဲ။ ပြီးတော့ တရားခံ တစ်ယောက်က သူ့ရဲ့ ထွက်ဆိုချက်ကို လျှို့ဝှက်ပေးချင်တာ ဒါပထမဆုံး အကြိမ်လည်း မဟုတ်ဘူးလေ” ယီကျဲက ပြောလိုက်၏။
“ငါလည်း သဘောတူလိုက်ဖို့ စဉ်းစားနေတာ။ ဒါပေမဲ့... ထားပါတော့၊ တံတား ရောက်မှပဲ ဆက်ကူးကြတာပေါ့”
ယန်ချင်းက တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် ကျောက်ချီကို သေချာ စိုက်ကြည့်လိုက်ပြီးနောက် ထိုအတွေးကို ဖယ်ရှားပစ်လိုက်လေသည်။
သူက ကျန်သူများနှင့် ချိတ်ဆက်ထားသော သူ၏ဧကရာဇ်အာရုံကို ဖြတ်တောက်လိုက်ပြီး၊ ဟန်ချင်းလင်ထံသို့ အာရုံပြန်လှည့်ကာ သူ၏အဖြေကို ပေးလိုက်၏။
“တရားရုံးက ခင်ဗျားရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်”
ယန်ချင်းက သူ၏ စားပွဲခုံပေါ်ရှိ ရွှေလင်းယုန် တံဆိပ်ပြားကို ကောက်ယူရင်း ပြောလိုက်သည်။
တံဆိပ်ပြားထဲသို့ သူ၏ချီစွမ်းအင်ကို ထည့်သွင်းလိုက်ရာ၊ အဖြူရောင် အလင်းတန်းလေးတစ်ခု ပေါက်ကွဲထွက်လာပြီး တရားခွင်၏မျက်နှာကြက်ကို ထိမှန်သွားသည်။
မျက်နှာကြက်မှနေ၍ သန့်စင်သော အဖြူရောင် အလွှာပါးတစ်ခုက ရေတံခွန်တစ်ခုကဲ့သို့ အောက်သို့ စီးဆင်းလာပြီးနောက်၊ ရုတ်တရက်ကြီး အဖြူရောင် အလွှာပါး တစ်ခုဖြင့် ဝန်းရံခံလိုက်ရသဖြင့် သိသိသာသာ အံ့အားသင့်သွားကြသော ကျောက်ချီနှင့် လျိုယွင်တို့၏ပတ်လည်တွင် အတားအဆီး တစ်ခုအဖြစ် ဖွဲ့စည်းသွားလေတော့သည်။
အဖြူရောင် အလွှာပါးသည် လေးထောင့် အတုံးပုံစံ ခဲသွားပြီး သူတို့ တစ်ယောက်ချင်းစီကို ကိုယ်ပိုင် အခန်းလေးများဖြင့် ဝန်းရံသွားလေသည်။
အခန်းငယ်တစ်ခုချင်းစီပေါ်တွင် အသက်ဝင်နေသကဲ့သို့ ထင်ရသော ရွှေလင်းယုန် တံဆိပ်တစ်ခုစီ ရှိနေပြီး၊ ထိုလင်းယုန်များသည် အလွှာပါးအတွင်း ပျံသန်းနေကာ ၎င်းတို့၏ ပါးစပ်မှ ထူးဆန်းသော စာလုံးများကို မှုတ်ထုတ်နေကြချေသည်။
လျိုယွင်မှာ သိသိသာသာ တုန်လှုပ်သွားပြီး၊ သူ၏ ဝိညာဉ်အာရုံကို အခန်းလေး အပြင်ဘက်သို့ ဖြန့်ကျက်ရန် ကြိုးစားကြည့်သော်လည်း လုံးဝ ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရသည်။
သူ၏အာရုံမှာ အဆုံးမရှိသော ဟာလာဟင်းလင်းပြင်ကြီး တစ်ခုနှင့် ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်နေသည်။ သူက အခန်းလေးကို စမ်းသပ် ထိတွေ့ကြည့်ရာ၊ သူ၏ အထိအတွေ့ကြောင့် မှေးမှိန်စွာ လှိုင်းထသွားပြီး နူးညံ့ချောမွေ့သော ခံစားချက်ကို ရရှိလိုက်လေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
သူက ကြောက်လန့်တကြား မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။ နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရမှုများက သူ့ကို အလိုလိုသိစိတ်ဖြင့် အဆိုးရွားဆုံး အခြေအနေကိုသာ တွေးတောတတ်အောင် လေ့ကျင့်ပေးထားသကဲ့သို့ ဖြစ်နေသည်။
ကျောက်ချီကတော့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေ၏။ သူသည် အခန်းလေး၏ အလယ်တွင် ရပ်လျက် ဘယ်ညာ လှည့်ပတ်ကြည့်ကာ၊ အလွှာပါးကို စူးစမ်းချင်စိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့်သာ ကြည့်နေလေသည်။
“ငါထင်တာ မမှားပါဘူး၊ အဲဒီမှာ တစ်ခုခု ရှိနေတယ်။ ဒါပေမဲ့ တံဆိပ်ပြား စွမ်းအားရဲ့ အကူအညီနဲ့တောင် အာရုံခံရတာက မှေးမှိန်နေတုန်းပဲ။ ဒီအကြောင်းကို နတ်ဆိုးအိုကြီးလဲ့ဝေယွမ်ကို ပြောပြမှ ဖြစ်မယ်”
ယန်ချင်းက စိတ်ဝင်စားဖွယ် အရောင် တစ်ချက် လက်သွားသော မျက်လုံးများဖြင့် စိတ်ထဲမှ တွေးလိုက်လေသည်။
“အခု ခင်ဗျားရဲ့ တပည့်ရော၊ ခေါင်းဆောင်လျိုယွင် ပါ ခင်ဗျား ပြောတာကို မကြားရတော့ဘူး။ နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ယောက်တောင်မှ ဒီစကားဝိုင်းကို ခိုးနားထောင်လို့ ရမှာ မဟုတ်ဘူး”
ယန်ချင်းက ဂိုဏ်းချုပ်ကို စိတ်အေးစေရန် ပြောလိုက်သည်။ သို့သော် သူပြောလိုက်သည်က တစ်ဝက်သာ မှန်ပေသည်။ တရားစီရင်ရေးအဖွဲ့ အတွင်းမှ ဝါရင့် ဒိုမိန်းအဆင့် ကျွမ်းကျင်သူများ ဆိုလျှင် ဤအလွှာပါးကို ကျော်ဖြတ်နိုင်စွမ်း ရှိသည်။
ဤအလွှာပါးသည် အများဆုံးအားဖြင့် သူတို့၏ စွမ်းရည်များကို အကျွမ်းတဝင် မဖြစ်သေးဘဲ ယခုလေးတင်မှ အဆင့်တက်ထားသော နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ယောက်ကိုသာ တားဆီးနိုင်စွမ်း ရှိလေသည်။
“ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်” ဟန်ချင်းလင်က အမူအရာ အနည်းငယ် ပြေလျော့သွားလျက် နှိမ့်ချစွာ ပြောလိုက်၏။
“ပထမဆုံး ကျွန်တော် ပြောချင်တာက၊ ကြာပန်းဝါဂိုဏ်းအနေနဲ့ တောင်ကျစမ်းရေစံအိမ်ကို ပေးစရာရှိတဲ့ ဝိညာဉ်ကျောက်တုံး တစ်တုံးမကျန်အကုန် ပြန်ဆပ်ဖို့ ရည်ရွယ်ချက်အပြည့်အဝ ရှိပါတယ်။ ပြီးတော့ သူတို့ကို ဒုက္ခပေးခဲ့မိတဲ့အတွက် အဲဒီပမာဏရဲ့ နှစ်ဆတောင် ပြန်ဆပ်ပါဦးမှာပါ”
ဟန်ချင်းလင်က ကျောက်ချီနှင့် လျိုယွင်တို့ ရှိနေသော အခန်းလေးများ ရှိရာဘက်သို့ တောင်းပန်လိုသော အကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။ သို့သော် ထိုတောင်းပန်မှု၏ တကယ့်ရည်ရွယ်ချက်အစစ်အမှန် လက်ခံရရှိသူက ဘယ်သူလဲ ဆိုတာကိုတော့ မသိရပေ။
“ဒါဆို ကြာပန်းဝါဂိုဏ်းမှာ တကယ်ပဲ တစ်ခုခု ဖြစ်နေတာပေါ့” ယန်ချင်းက စိတ်ထဲမှ တွေးလိုက်လေသည်။
မော့ယွင်ရု၏ မျက်လုံးများက အရောင်လက်နေပြီး၊ အကောင်းဆုံး နားထောင်နိုင်မည့် နေရာကို ရှာဖွေရန် သူမ၏ထိုင်ခုံကိုပင် အကြိမ်အနည်းငယ် ရွှေ့လိုက်သေး၏။
“သူမက အနည်းဆုံးတော့ တရားသူကြီး တစ်ယောက်ရဲ့ ကိုယ်နေဟန်ထားမျိုးလေးတောင် မထိန်းသိမ်းနိုင်ဘူးလား”
ယန်ချင်းက သူမကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ရင်း တွေးလိုက်သော်လည်း၊ မော့ယွင်ရုမှာမူ သူမ၏ အာရုံအားလုံးက ဂိုဏ်းချုပ်ထံတွင်သာ စူးစိုက်နေသဖြင့် ထိုအကြည့်ကို လုံးဝ သတိမထားမိချေ။
ရုတ်တရက် တစ်ခုခုကို သတိရသွားသည့် အလား၊ သူမက အဖြူရောင် ကျောက်စိမ်းပြား လေးခုကို ထုတ်ယူလိုက်ပြီး၊ တစ်ခုချင်းစီအတွက် အကောင်းဆုံးထောင့်များကို ရွေးချယ်ကာ သူမ၏စားပွဲပေါ်တွင် ဂရုတစိုက် နေရာချလိုက်လေသည်။
“လေးခုတောင်လား။ တရားခွင်ဖို့ မှတ်တမ်းအတွက်က နှစ်ခုပဲလိုတာ မဟုတ်ဘူးလား။ အပိုနှစ်ခုက ဘယ်သူ့အတွက်လဲ။ တရားခွင်အပြင်ဘက်ကို သယ်သွားလို့ ရတာလည်း မဟုတ်ဘဲနဲ့”
ယန်ချင်းက တွေးလိုက်ပြီးနောက် မော့ယွင်ရု၏ ကပြက်ကချော် လုပ်ရပ်များကို လျစ်လျူရှုကာ လက်ရှိ ကိစ္စကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
“ကျွန်တော်တို့က ကျောက်ချီနဲ့ တောင်ကျစမ်းရေစံအိမ်ကို ဒီကိစ္စ ဆွဲမသွင်းချင်ခဲ့ပါဘူး၊ ဒါပေမဲ့ ကျုပ်မှာ မလုပ်မဖြစ်လို့ ရွေးချယ်စရာမရှိတော့လို့ပါ”