← Chapters

ကြာပန်းဝါဂိုဏ်း၏ ယုံကြည်မှု

Vol. 8 Ch. 76

ကြာပန်းဝါဂိုဏ်း၏ ယုံကြည်မှု

Vol. 8 Ch. 76

"အားလုံး သိကြတဲ့အတိုင်းပဲ... ကျွန်တော်တို့ဂိုဏ်းမှာ တစ်ချိန်က နန်းတော်အဆင့်ကျွမ်းကျင်သူ ၃ ယောက် ရှိခဲ့ပေမဲ့၊ လွန်ခဲ့တဲ့ အနှစ် ၄၀၀ လောက်က လျှို့ဝှက်နယ်မြေတစ်ခုကို စူးစမ်းရှာဖွေရင်း သူတို့ ပျောက်ဆုံးသွားခဲ့ကြတယ်။"

"သူတို့ အသက်ရှင်သေးလား၊ သေသွားပြီလား ဆိုတာကို အတည်မပြုနိုင်သေးပေမဲ့၊ ပြီးခဲ့တဲ့ အနှစ် ၄၀၀ အတွင်းမှာ သူတို့နဲ့ ပတ်သက်တဲ့ ကောလာဟလတစ်ခုလေးတောင် မကြားရတော့တဲ့အတွက် သေသွားဖို့က ပိုများပါတယ်။"

"ဂိုဏ်းအတွက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရှာဖွေပေးဖို့ သူတို့သွားခဲ့တဲ့ အဲဒီနယ်မြေကို ခြေရာခံဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါသေးတယ်။”

“သူတို့က အဲဒီနယ်မြေတည်ရှိတဲ့ နေရာအတိအကျကို ချန်ထားခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူး။"

"ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေအရ... လျှို့ဝှက်နယ်မြေတစ်ခု ပျောက်ကွယ်သွားရတာက အကြောင်းရင်း အနည်းငယ်ကြောင့် ဖြစ်နိုင်တယ်။”

“နယ်မြေထဲကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူအရေအတွက်က သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ရောက်သွားတာမျိုးလို သတ်မှတ်ချက်တစ်ခုခု ပြည့်မီသွားလို့ ဝင်ပေါက် ပိတ်သွားတာ ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ဝင်ပေါက်က ပြောင်းလဲသွားလို့ တခြားတစ်နေရာရာမှာ သွားပေါ်နေတာမျိုးလည်း ဖြစ်နိုင်တယ်။”

“ ဒါမှမဟုတ် နောက်ဆုံး အဆိုးရွားဆုံး အချက်ဖြစ်တဲ့... ကျွန်တော်တို့ လုံးဝမဖြစ်ပါစေနဲ့လို့ မျှော်လင့်နေခဲ့ရတဲ့ အချက်... အဲဒီနယ်မြေမှာ ပြဿနာ တစ်ခုခုဖြစ်ပြီး ဟင်းလင်းပြင်ထဲကို လွင့်စင် ပျောက်ကွယ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်"

ဟန်ချင်းလင်က အနည်းငယ် တုန်ယင်နေသောအသံဖြင့် ပြောလိုက်လေသည်။

ဂိုဏ်းတစ်ခုလုံး အနေဖြင့် ယခင်ဂိုဏ်းချုပ်နှင့်အတူ ပါသွားသော အမြင့်ဆုံးအကြီးအကဲနှစ်ယောက်တို့ အသက်ရှင်နေဦးမည်ဟုသော မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်နေစေရန် ကြိုးစားခဲ့ကြသည်။

ပထမရာစုနှစ်တစ်ခု ကုန်ဆုံးသွားချိန်အထိ သူတို့ မျှော်လင့်ချက် ရှိနေသေးသည်။ ကျင့်ကြံသူများ၏ သက်တမ်းမှာ ရှည်လျားလှသဖြင့် ရာစုနှစ်တစ်ခု ဆိုသည်မှာ မျက်တောင် တစ်ခတ်စာမျှသာ ရှိ၏။

အခြေတည်အဆင့်ကို ဖောက်ထွက်ရုံဖြင့် ကျင့်ကြံသူတစ်ယောက်သည် သက်တမ်း နှစ် ၁,၀၀၀ ရရှိနိုင်ရာ၊ အနှစ် ၁၀၀ စောင့်ဆိုင်းရခြင်းက ဘာမှ မဟုတ်ပေ။

သို့သော် နှစ် ၂၀၀ ကုန်ဆုံးသွားချိန်တွင်မူ၊ သူတို့၏ အရင်းအမြစ်များနှင့် ကွန်ရက်များအားလုံးကို အသုံးပြုကာ ထိုလျှို့ဝှက်နယ်မြေကို ရှာဖွေရန် သို့မဟုတ် သူတို့ ဂိုဏ်းချုပ်နှင့် အမြင့်ဆုံးအကြီးအကဲများ၏ သတင်းအစအနလေးကို ရရှိရန် ကြိုးစားခဲ့သော်လည်း၊ ဘာသတင်းမှ မရရှိခဲ့သောကြောင့် ဂိုဏ်းတစ်ခုလုံး မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

ထိုမျှ အချိန်အကြာကြီး ဘာသတင်းမှ မကြားရပြီးနောက်တွင် စိုးရိမ်ပူပန်မှုနှင့် သံသယမျိုးစေ့ကြီး တစ်ခုက သူတို့၏ ရင်ထဲတွင် တွယ်ငြိလာခဲ့လေသည်။

ယန်ချင်းနှင့် ကျန်လူများသည် ဂိုဏ်းချုပ်ဟန်ချင်းလင်၏ စိုးရိမ်မှုကို နားလည်နိုင်ပေသည်။

လျှို့ဝှက်နယ်မြေများတွင် သဘာဝအလျောက် ဖြစ်ပေါ်လာသော နယ်မြေနှင့် လူလုပ်နယ်မြေဟူ၍ နှစ်မျိုး ရှိလေသည်။

လျှို့ဝှက်နယ်မြေများ ဆိုသည်မှာ ကမ္ဘာကြီး၏နေရာအနှံ့တွင် ရှိနေသော သီးသန့်လေဟာနယ်များအဖြစ် သတ်မှတ်နိုင်သည်။

သဘာဝနယ်မြေများကို များသောအားဖြင့် နေရာလွတ်ကို ကွေးညွှတ်နိုင်စွမ်းရှိသော ရတနာများ သို့မဟုတ် ဝိညာဉ်အပင်များက ဖန်တီးပေးလေ့ ရှိသည်။

ထိုကဲ့သို့သော နယ်မြေများသည် အချို့သောအပိုင်းများတွင် အန္တရာယ် ရှိတတ်သော်လည်း၊ လူလုပ်နယ်မြေများနှင့် နှိုင်းယှဉ်လျှင် ပိုမိုဘေးကင်းသည်ဟု ယူဆရသည်။ အကြောင်းရင်းမှာ ဟင်းလင်းပြင်တည်ငြိမ်မှုကြောင့် ဖြစ်၏။

သဘာဝနယ်မြေများသည် လူလုပ်နယ်မြေများဖြင့်ယှဥ်လျှင် ပိုမို တည်ငြိမ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကမ္ဘာကြီးကို ဆွဲဖြဲပစ်မည့်အစား ကမ္ဘာကြီး၏နိယာမများနှင့် သဟဇာတ ဖြစ်အောင် ပေါင်းစပ်ဖွဲ့စည်းထားသောကြောင့်ပင်။

သူတို့၏အခြေခံအုတ်မြစ်တွင် ကမ္ဘာကြီး ကိုယ်တိုင်၏ထောက်ပံ့မှု ရှိနေသည်။ ထို့ကြောင့်ပင် ဟင်းလင်းပြင်ကို ကွေးညွှတ်နိုင်စွမ်း ရှိသော ရတနာများနှင့် ဝိညာဉ်အပင်များသည် အလွန်တန်ဖိုးကြီးမားပြီး၊ တွေ့ရှိရပြီ ဆိုလျှင် ကြီးမားလှသော တိုက်ပွဲကြီးများကို ဖြစ်ပေါ်စေလေ့ ရှိခြင်း ဖြစ်လေသည်။

သို့သော် လူလုပ်နယ်မြေများ အပိုင်းသို့ ရောက်လာလျှင်မူ ပိုမို ရှုပ်ထွေးသွားလေသည်။ ဖန်တီးချင်ရုံ သက်သက်ဖြင့် မည်သူမဆို ဖန်တီးနိုင်သည် မဟုတ်ပေ။

လေဟာနယ်များ ထပ်နေသော နေရာများကို အာရုံခံသိရှိနိုင်ရန် အတွက် ဟင်းလင်းပြင်တာအိုကို နက်နက်ရှိုင်းရှိုင်း နားလည်ထားရန် လိုအပ်သည်။ ထို့အပြင် ထိုထပ်နေသော နေရာများက ဆုတ်ဖြဲနိုင်လောက်အောင် အားနည်းနေရန်လည်း လိုအပ်သေးသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများသာ ထိုသို့ ပြုလုပ်ရန် ကြိုးစားနိုင်စွမ်း ရှိပြီး၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတိုင်း မလုပ်ဆောင်နိုင်သောကြောင့် ဟင်းလင်းပြင်တာအိုတွင်လည်း ကျွမ်းကျင်ရန် လိုအပ်လှပေသည်။

ထပ်နေသော လေဟာနယ်များကို ခွဲထုတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ရတနာများ၊ အစီအရင်များနှင့် စွမ်းအင်အမြောက်အမြား ထုတ်ပေးနိုင်သော ဝိညာဥ်ကြောတစ်ခုကို အသုံးပြုကာ ထိုလေဟာနယ်များကြားရှိ နယ်မြေကို ကမ္ဘာကြီးနှင့် ချိတ်ဆက်ထားမည့် 'ကျောက်ဆူး' အဖြစ် အသုံးပြုရသည်။

ကျောက်ဆူး မရှိလျှင်၊ ကမ္ဘာကြီးက ထိုနေရာလွတ်ကို ပြန်လည် ဖာထေးရန် ကြိုးစားသည့် အခါ ထိုနယ်မြေသည် လေဟာနယ်အက်ကွဲမှုများကို ခံစားရမည် ဖြစ်ပြီး၊ ဟင်းလင်းပြင်အတွင်းသို့ လွင့်စင် ပျောက်ကွယ်သွားကာ အပြီးတိုင် ပျက်စီးသွားမည်သာ။

ဤသည်မှာ လူလုပ်နယ်မြေများ၏အစစ်အမှန် အန္တရာယ်ပင်။ အကယ်၍ ကျောက်ဆူးတွင် ပြဿနာ တစ်ခုခု ရှိသွားပါက၊ မတည်ငြိမ်သော လေဟာနယ် အတားအဆီးများကြောင့် နယ်မြေတစ်ခုလုံး အက်ကွဲကာ ဟင်းလင်းပြင်အတွင်းသို့ လွင့်စင် ပျောက်ကွယ်သွားမည် ဖြစ်သည်။

ဟင်းလင်းပြင် အတွင်းသို့ ရောက်သွားပြီ ဆိုလျှင်၊ နယ်မြေအဆင့်နှင့် ၎င်းအောက်ရှိ မည်သူမဆို ချက်ချင်း သေဆုံးသွားမည် ဖြစ်ပြီး၊ နယ်မြေအဆင့် ကျွမ်းကျင်သူများမှာ အနည်းငယ်သာ ပို၍ အချိန်ဆွဲနိုင်မည် ဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရှိသူများသာလျှင် ကမ္ဘာကြီး အတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်မည့် အားနည်းသော လေဟာနယ်အချိတ်အဆက် တစ်ခုကို ရှာမတွေ့မချင်း အသက်ရှင်နိုင်မည်ဖြစ်သည်​။

သို့သော် အချိန်အကြာကြီး ကုသရမည့် လေဟာနယ်မုန်တိုင်းများနှင့် ဟင်းလင်းပြင်စီးကြောင်းများကြောင့် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားကြမည်သာ ဖြစ်လေသည်။

ဟန်ချင်းလင်နှင့် အခြားဂိုဏ်းသားများ၏ စိုးရိမ်မှုမှာ အကြောင်းမဲ့မဟုတ်ပေ။ အကယ်၍ ကျောက်ဆူးပြုတ်ထွက်သွားခြင်းသာ ဖြစ်ခဲ့လျှင် ယခင်ဂိုဏ်းချုပ်နှင့် အမြင့်ဆုံးအကြီးအကဲနှစ်ယောက်တို့မှာ သေချာပေါက် သေဆုံးနေပြီ ဖြစ်သောကြောင့်တည်း။

...

ဟန်ချင်းလင်သည် ဆက်မပြောခင် သူ၏စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ခေတ္တရပ်တန့်လိုက်သည်။ သူ ဂိုဏ်းချုပ် နေရာကို ဆက်ခံခဲ့သည့် ပြီးခဲ့သည့် ရာစုနှစ်အတွင်း၊ တစ်ခဏလေးမျှပင် အနားမရခဲ့ပေ။

အထူးသဖြင့် သူတို့၏အင်အားအကောင်းဆုံး ထောက်တိုင်အိုကြီးများ ဆုံးရှုံးသွားရနိုင်သည့် အကျပ်အတည်းနှင့် အတူ သူတို့ကို ဝိုင်းရံလာကြသော ဝံပုလွေများကြောင့် ပို၍ပင် ခက်ခဲခဲ့ရသည်။

"ယခင် ဂိုဏ်းချုပ်နဲ့ အမြင့်ဆုံးအကြီးအကဲတွေကို ကျွန်တော်တို့ အဆက်မပြတ် ရှာဖွေနေခဲ့တာက တခြားသူတွေကို ကျွန်တော်တို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတိထားမိသွားစေခဲ့တယ်။”

“သူတို့ကို ရှာဖွေရင်း ဖြစ်ပေါ်လာတဲ့ ဆူညံပွက်လောရိုက်မှုတွေကြောင့် ဒါက အန္တရာယ် များတယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပေမဲ့၊ အချိန်တိုင်းက အရေးကြီးနေတဲ့အခြေအနေမျိုးမှာ ဒီအန္တရာယ်ကို မစွန့်စားဘဲ မနေနိုင်ခဲ့ပါဘူး။"

"ဒါပေမဲ့ အချိန်တွေကုန်ဆုံးသွားပြီး ကျွန်တော်တို့ရဲ့နန်းတော်အဆင့် ကျွမ်းကျင်သူတွေအကြောင်း ဘာသတင်းမှ မရလာတဲ့ အခါမှာတော့၊ အနားမှာ လာပြီး အနံ့ခံ စုံစမ်းနေကြတဲ့ လူတွေရဲ့ စပ်စုချင်တဲ့ အကြည့်တွေက သိပ်မကြာခင်မှာပဲ လောဘကြီးတဲ့၊ မက်မောတဲ့၊ ကလဲ့စားချေချင်တဲ့ အကြည့်တွေ အဖြစ် ပြောင်းလဲသွားခဲ့တယ်။"

"ကျွန်တော်တို့ ကြီးပွားတိုးတက်လာတဲ့ လမ်းခရီး တစ်လျှောက်မှာ ရန်သူဆိုတာ မရှားခဲ့ပါဘူး။ မိတ်ဆွေတွေက ခင်ဗျားရဲ့ အလားအလာကို ယုံကြည်ကြပြီး၊ ရန်သူတွေက အဲဒီအလားအလာကို အပြည့်အဝ အသုံးချနိုင်ဖို့ တွန်းအားပေးကြတယ်။”

“ကျွန်တော်တို့ရဲ့ အလားအလာတွေကို အပြည့်အဝ အသုံးချနိုင်ခဲ့တာ မှန်ပေမဲ့၊ အခုတော့ ကျွန်တော်တို့ကို အထွတ်အထိပ်ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ အရာကပဲ ကျွန်တော်တို့ရဲ့ ပျက်စီးခြင်းကို ခြိမ်းခြောက်နေပြီ။"

"ကျွန်တော်တို့သိတဲ့ ရန်သူတွေက စပြီး အစွယ်ထုတ်လာကြတယ်။ ပြီးတော့ ကျွန်တော်တို့ မသိတဲ့သူတွေ ပါဝင်လာပြီး၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေလို့ ထင်ထားခဲ့တဲ့ သူတွေပါ တစ်ဖက်လှည့်သွားကြတယ်။"

"ပြီးခဲ့တဲ့ အနှစ် ၂၀၀ က တကယ်ကို ကျွန်တော့်ဘဝရဲ့ အရှည်ကြာဆုံး နှစ်တွေပါပဲ"

ဟန်ချင်းလင်က ပင်ပန်းနွမ်းနယ်နေပြီး သူ့ကိုယ်သူ လှောင်ပြောင်သည့် အပြုံးမျိုးဖြင့် ပြောလိုက်လေသည်။

"အနှစ် ၂၀၀ ကုန်ဆုံးသွားပြီးတဲ့ နောက်မှာတော့၊ ဒီလောဘကြီးတဲ့ ဝံပုလွေအုပ်စုက ကျွန်တော်တို့ရဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်ပြီး စတင် သွေးတိုးစမ်းလာကြတယ်။”

“ကျွန်တော်တို့ဆီကနေ ဘာတုံ့ပြန်မှုမှ မရှိတာကို မြင်တော့၊ သိပ်မကြာခင်မှာပဲ အလယ်အလတ် အရေးကြီးတဲ့ လုပ်ငန်းတွေနဲ့ သတ္တုတွင်းတချို့ကိုပါ ပြောင်းရွှေ့ တိုက်ခိုက်လာကြတယ်။ အဲဒီအချိန် ကတည်းက သူတို့ရဲ့ လောဘနဲ့ လှုပ်ရှားမှု နယ်ပယ်က ကြီးထွားလာလိုက်တာများ...။"

"လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ဆီမှာ အရင်က ရှိခဲ့တဲ့ အရာတွေရဲ့ တဝက်ပဲ ကျန်တော့တယ်။”

“အဲဒီတဝက်ကိုတောင် ပစ်မှတ် မထားခံရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက... အဲဒါတွေက ကျွန်တော်တို့ရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေ ဖြစ်နေပြီး၊ ဂိုဏ်းကနေ လုံလုံခြုံခြုံနဲ့ စစ်ကူပေးနိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိနေလို့​ပါ။”

“ပြီးတော့ အဲဒီနေရာတွေရဲ့ အခြေခံကာကွယ်ရေး စနစ်တွေကလည်း အမြူတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျွမ်းကျင်သူတွေရဲ့ တိုက်ခိုက်မှုတွေကို တောင့်ခံထားနိုင်လောက်အောင် လုံလောက်နေလို့ပဲ။"

"ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ လုပ်ငန်းတွေ အတွက်ကတော့... ဒီလို ရန်သူ အများကြီးကို ရင်ဆိုင်ဖို့ လူအင်အား အားလုံးကို စုစည်းထားရတဲ့ အတွက် အဲဒီနေရာတွေကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ မစွန့်စားနိုင်ခဲ့ဘူး။”

“ပြီးတော့ အရေးအကြီးဆုံး အချက်က... ကျွန်တော်တို့ကို တိုက်ခိုက်နေတဲ့ ဂိုဏ်းတွေထဲက လေးခုမှာ နန်းတော်အဆင့် ကျွမ်းကျင်သူ တစ်ယောက်စီ ရှိနေလို့ပဲ။"

"သူတို့က အခုထိ လှုပ်ရှားမှု မလုပ်သေးပေမဲ့၊ သူတို့ ရှိနေတယ် ဆိုတာကတင် ကျွန်တော်တို့ရဲ့ ဂိုဏ်းသားတွေကို အဲဒီလောက် အဝေးကြီးထိ စေလွှတ်ဖို့ တွန့်ဆုတ်သွားစေဖို့ လုံလောက်ပါတယ်။”

“ သူတို့ကြောင့်ရော၊ ကုန်ကျစရိတ် လျှော့ချဖို့အတွက်ပါ ကျွန်တော်တို့ရဲ့ ရုံးခွဲတွေ အားလုံးကိုတောင် ပိတ်ပစ်ခဲ့ရတယ်"

ဟန်ချင်းလင်က ထပ်မံ၍ ခေတ္တရပ်တန့်လိုက်ပြီး၊ မျက်လုံးထဲတွင် နောင်တရမှုနှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုများ ဖြတ်ပြေးသွားလျက် ကျောက်ချီ၏ အခန်းရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။

"အဓိက စီးပွားရေး လုပ်ငန်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်သေးတယ် ဆိုရင်တောင်၊ အရင်းအမြစ်တွေနဲ့ လုပ်ငန်းတဝက်လောက် ဆုံးရှုံးသွားတာက ကျွန်တော်တို့ရဲ့ အခြေခံအုတ်မြစ်တွေကို ထိခိုက်စေခဲ့တယ်။”

“ဒါကြောင့် ဂိုဏ်းရဲ့ လည်ပတ်မှုကို ဆက်လက် ထိန်းသိမ်းဖို့ အတွက် ကျွန်တော်တို့ ချေးငွေ အများကြီး ယူခဲ့ရသလို၊ ကျွန်တော်တို့ရဲ့ ရန်သူတွေ အကြောင်း သတင်းအချက်အလက်တွေ ရှာဖွေဖို့ အတွက် အဲဒီကုန်သည်အဖွဲ့အစည်းတွေရဲ့ ကွန်ရက်တွေကို အသုံးပြုခဲ့ရတယ်။"

"အဲဒီ ကွန်ရက်တွေကနေ တစ်ဆင့် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေနဲ့ ဦးစားပေး အရာတွေကို ပြန်လည် သုံးသပ်ဖို့ တွန်းအားပေးလိုက်တဲ့ သတင်းအချက်အလက် နည်းနည်းလေး ကျွန်တော်တို့ သိလိုက်ရတယ်။"

"အဲဒီ နန်းတော်အဆင့် ကျွမ်းကျင်သူ လေးယောက်က ကျွန်တော်တို့ကို အခုထိ မတိုက်ခိုက်သေးတဲ့ တစ်ခုတည်းသော အကြောင်းရင်းက၊ သူတို့ဆီမှာ နန်းတော်အဆင့် ကျွမ်းကျင်သူ ၅ ယောက် ရှိမှ အလုပ်လုပ်မယ့် အစီအရင်ပညာရပ် တစ်ခု ရှိနေလို့ပဲ။”

“အဲဒီအစီအရင်နဲ့ ဆိုရင် သူတို့က ကျွန်တော်တို့ရဲ့ ဂိုဏ်း ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးနိုင်ဖို့ သေချာပေါက် ယုံကြည်ချက် ရှိနေကြလိမ့်မယ်။"

"သူတို့က အဲဒီအစီအရင်ရဲ့ စွမ်းအားအပေါ် တော်တော်လေး ယုံကြည်မှု ရှိနေရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အစီအရင်ကို တည်ဆောက်ခဲ့တာက... နန်းတော်အဆင့် အမြင့်ဆုံးအကြီးအကဲ တစ်ယောက် ဖြစ်တဲ့..."

"အပြာရောင်အဆင့် အစီအရင်သခင် တစ်ယောက် ဖြစ်ခဲ့လို့ပဲ..."

ဟန်ချင်းလင်က ထိုစကားကို ပြောလိုက်ပြီးနောက် နာကျင်စွာ သက်ပြင်းချလိုက်လေသည်။

ကျန်သည့် အကြီးအကဲများရှေ့တွင် သူ ဝန်မခံရဲသော်လည်း၊ သူကိုယ်တိုင်လည်း ယခင်ဂိုဏ်းချုပ်နှင့် အမြင့်ဆုံးအကြီးအကဲ နှစ်ယောက်တို့ သေဆုံးသွားပြီဟု ယုံကြည်နေသူများထဲတွင် တစ်ယောက် အပါအဝင် ဖြစ်လေသည်။

"အဲဒီအစီအရင်က နန်းတော်အဆင့်အလယ်အလတ်ကျွမ်းကျင်သူ တစ်ယောက်ရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေကို တစ်လတိတိ တောင့်ခံထားနိုင်စွမ်း ရှိတယ်။ အဲဒါက အစီအရင်ကို အားပြန်ဖြည့်ဖို့ ဝိညာဉ်ကျောက်တုံးတွေ မကျွေးဘဲနဲ့တောင် တောင့်ခံနိုင်တာပါ။"

"ကျွန်တော်တို့ အကြီးအကဲရဲ့ လက်ရာအပေါ် ကျွန်တော် ယုံကြည်မှု ရှိပေမဲ့၊ ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ ဖြစ်နိုင်ခြေ တွေကို ထည့်စဉ်းစားရမယ်။”

“ နန်းတော်အဆင့် ကျွမ်းကျင်သူ ၅ ယောက် ပေါင်းစပ်ထားတဲ့ အစီအရင် တစ်ခုရဲ့ စွမ်းအား ဆိုတာ ကျွန်တော် မျက်ကွယ်ပြုထားလို့ ရတဲ့ အရာ မဟုတ်ဘူး။"

"ပြီးတော့ လွန်ခဲ့တဲ့နှစ်နှစ်က သူတို့လိုအပ်နေတဲ့ နောက်ဆုံး အစိတ်အပိုင်းကို ရှာတွေ့သွားကြပြီ။ နန်းတော်အဆင့်အစောပိုင်းမှာ ရှိတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် သူတို့နဲ့ ပူးပေါင်းသွားပြီ။"

"သူတို့က အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်။ ဂိုဏ်း ကာကွယ်ရေးအစီအရင်က တောင့်ခံထားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပေမဲ့၊ တကယ်လို့များ မတောင့်ခံနိုင်ခဲ့ရင် ကျွန်တော်တို့မှာ အခြား ရွေးချယ်စရာတစ်ခု လိုအပ်တယ်။ အဲဒါက ကျောက်ချီရဲ့ အခြေအနေဆီကို ရောက်လာတာပဲ။"

"လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ကျွန်တော်တို့ရဲ့ အတော်ဆုံးတပည့် တချို့ကို ပစ်မှတ် မထားခံရအောင် လျှို့ဝှက်စွာနဲ့ နေရာ အသီးသီးကို စေလွှတ်နေခဲ့တယ်။”

“အဲဒီအထဲမှာတောင် ကျောက်ချီရဲ့ ပါရမီက အကောင်းဆုံး ဖြစ်သလို၊ အဲဒီပါရမီနဲ့ လိုက်ဖက်တဲ့ စိတ်နေသဘောထားလည်း သူ့မှာ ရှိတယ်"

ဟန်ချင်းလင်က ကျောက်ချီ၏အခန်း ရှိရာဘက်သို့ ဂုဏ်ယူမှု၊ လေးစားမှုများ အပြည့်ဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

"သာမန် အခြေအနေမျိုးသာ ဆိုရင်... သူက သူ့ရဲ့အခြေခံအုတ်မြစ် တည်ဆောက်ဖို့ အနှစ် ၅၀၀ လောက် အချိန်ယူမယ် ဆိုရင်တောင် ကျွန်တော်တို့က ဝမ်းမြောက်ဝမ်းသာ ပြုစုပျိုးထောင်ပေးမှာပါ။”

“ဒါပေမဲ့ အခုတော့ အချိန်မရှိတော့ဘူး။ လက်ရှိမှာ သူ့အတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အကောင်းဆုံး အရာက... တခြား တပည့်တွေလိုပဲ သူ့ကို လွတ်လမ်းတစ်ခု ဖန်တီးပေးဖို့ပဲ။”

“အဲဒါမှ ကြာပန်းဝါဂိုဏ်းရဲ့ မျိုးဆက်လေးတွေကို ကျွန်တော်တို့ ဆက်လက် ရှင်သန်ခွင့် ပေးနိုင်မှာ။"

"ဒါကြောင့် ကျွန်တော်တို့က သူ့နာမည်ကို အမည်းစက်ထင်အောင် လုပ်ပြီး၊ အပြင်အင်အားစု တွေကို ကျွန်တော်တို့ သူ့အပေါ် ဘာမှ မပတ်သက်တော့ဘူး ဆိုတာကို ပြသဖို့ ဆုံးဖြတ်ခဲ့ကြတယ်။”

“ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုန်သည်အဖွဲ့အစည်း တော်တော်များများထဲမှာ ရန်သူတွေက စိမ့်ဝင်ပြီး သတင်းတွေ ပေးနေကြပြီ။"

"တောင်ကျစမ်းရေစံအိမ်က ကျွန်တော်တို့ဆီ လာချဉ်းကပ်တာက ကျွန်တော်တို့အတွက်တော့ လက်လွှတ်မခံနိုင်တဲ့ အခွင့်အရေး တစ်ခုပဲ။ သူတို့က အဖွဲ့အစည်းအသစ်လေး ဖြစ်ပြီး၊ ကျွန်တော် သိသလောက်တော့ နာမည်ကောင်းလည်း ရှိတယ်။”

“ကျွန်တော်တို့ရဲ့ ရန်သူတွေက သူတို့ဆီမှာ အမြစ်တွယ်နိုင်ခြင်း မရှိသေးသလို... အရေးအကြီးဆုံး အကြောင်းရင်းကတော့ လျိုယွင်ရဲ့ စရိုက်လက္ခဏာ ကြောင့်ပဲ။"

"ပြီးခဲ့တဲ့ အနှစ် ၂၀၀ အတွင်း အကြံအစည်တွေ၊ လှည့်စားမှုတွေကို ရင်ဆိုင်ရင်း ဂိုဏ်းချုပ် ဖြစ်လာရတဲ့ အထဲကနေ ကျွန်တော်ရလိုက်တဲ့ တစ်ခုတည်းသော အကောင်းဆုံးအရာက... လူတစ်ယောက်ကို ဖတ်တတ်တဲ့ စွမ်းရည် တိုးတက်လာတာပဲ။”

“ဒါပေမဲ့ အဲဒီစွမ်းရည်ကို ကျင့်ကြံဖို့ သီးသန့်အေးချမ်းတဲ့ နေရာလေးတစ်ခုနဲ့ အချိန်တစ်ရက်လောက် ရမယ် ဆိုရင်တောင် ကျွန်တော် လဲလှယ်ပစ်ချင်တယ်။”

“အကြီးအကဲတွေ ဘာတွေးပြီး ဒီပူလောင်နေတဲ့ နေရာကြီးကို ကျွန်တော့်ဆီ ပစ်ချသွားလဲ မသိဘူး။ ကျွန်တော်က လူတွေနဲ့ ဆက်ဆံရတာထက် တံခါးပိတ်ကျင့်ကြံနေရတာကို ပိုသဘောကျတဲ့သူပါ။"

"ဒီရာထူးကိုလက်ခံဖို့ ကျွန်တော်က အသင့်တော်ဆုံး မဟုတ်ပါဘူး။"

"တောင်းပန်ပါတယ်... ကျွန်တော် စကားလမ်းကြောင်း လွဲသွားပြန်ပြီ"

ဟန်ချင်းလင်က သူ၏ ရင်တွင်းစကားများကို ဖွင့်အံချလိုက်မိသဖြင့် အနေရခက်စွာ ရယ်မောလိုက်၏။ ယန်ချင်းက ပြုံးလိုက်သော်လည်း၊ မော့ယွင်ရု မှာမူ...

အင်း... မော့ယွင်ရုသည် ကြာပန်းဝါဂိုဏ်း ဂိုဏ်းချုပ်၏ဇာတ်လမ်းကို နားထောင်နေစဉ် အတွင်း၊ နောက်ထပ် အဖြူရောင်ကျောက်စိမ်းပြား ၆ ခုကို ထပ်မံထုတ်ယူလိုက်သဖြင့် ယခုအခါ သူမ၏စားပွဲပေါ်တွင် အဖြူရောင်မှတ်တမ်း ကျောက်စိမ်းပြား စုစုပေါင်း ၁၀ ခု အထိ ရှိနေပြီ ဖြစ်လေသည်။

ဟန်ချင်းလင်မှာ သူ၏ထွက်ဆိုချက်တွင် အရမ်းကို နစ်မြုပ်နေသဖြင့် ထိုအရာကို သတိမထားမိသလို၊ ယန်ချင်းနှင့် ယီကျဲကလည်း ဝင်မပြောဘဲနေခြင်းက ပိုကောင်းမည်မှန်း သိကြလေသည်။

ဆုကျင့်ကျင်း ကတော့ ဂိုဏ်းချုပ်ကို ကြည့်ရင်း သူမ၏လှံကို တိုးတိုးလေး စကားပြောကာ မျက်ရည်မကျမိစေရန် အတင်းအဓမ္မ ထိန်းချုပ်နေရချေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် လျိုယွင်နဲ့ ဆက်ဆံပြီးတဲ့ နောက်မှာ၊ သူ့ဆီမှာ ဖြောင့်မတ်တဲ့စရိုက်လက္ခဏာ ရှိတယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။”

“ကျွန်တော်တို့ လစဉ်အကြွေးဆပ်ဖို့ ပျက်ကွက်ခဲ့တဲ့ အချိန်မှာရော၊ သူ့ကို ကျွန်တော်တို့ ဆက်ဆံခဲ့တဲ့ ပုံစံမှာပါ သူ့ရဲ့ တုံ့ပြန်ပုံတွေက ဒီအချက်ကို ပိုပြီး သေချာသွားစေတယ်။”

“ကုန်သည်တစ်ယောက်အနေနဲ့ ဒီလို စရိုက်မျိုး ရှိဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှားပေမဲ့၊ ကျောက်ချီကို ယုံယုံကြည်ကြည် အပ်နှံချင်တဲ့ လူတစ်ယောက် အနေနဲ့ကတော့ အဲဒါက အကောင်းဆုံး စရိုက်လက္ခဏာ တစ်ခုပဲ။”

“ကျောက်ချီသာ တောင်ကျစမ်းရေစံအိမ်ကို ရောက်သွားခဲ့ရင်၊ သူက ကျောက်ချီကို စောင့်ရှောက်ပေးမယ် ဆိုတာ ကျွန်တော် သိတယ်၊ ပြီးတော့ ကျောက်ချီအတွက်လည်း လုံခြုံစွာ ကြီးထွားနိုင်မယ့် နေရာတစ်ခု ရသွားမှာပဲ။"

"သူတို့ရဲ့ အကြွေးတွေကို တစ်နှစ်အတွင်း လျှို့ဝှက် လမ်းကြောင်းတွေကနေ တစ်ဆင့် ပြန်ဆပ်ပေးဖို့ ကျွန်တော်တို့ ရည်ရွယ်ထားသလို၊ ကျောက်ချီကို သူတို့ဆီမှာ နေခွင့်ပြုဖို့ မေတ္တာရပ်ခံစာ တစ်စောင်လည်း ပို့ပေးဖို့ စီစဉ်ထားခဲ့တယ်။”

“ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ခင်မှာတင် သူက တရားစီရင်ရေးအဖွဲ့ဆီ တိုင်ကြားစာ တင်လိုက်ပြီလေ။"

"သူတရားစွဲလိုက်ပြီ ဆိုတော့လည်း၊ ကျွန်တော်တို့က ကျောက်ချီနဲ့ ဘာမှ မပတ်သက်ချင်တော့ဘူး ဆိုတဲ့ အချက်ကို ပိုပြီးယုံကြည်စရာ ကောင်းသွားအောင် အဲဒီဇာတ်လမ်းကိုပဲ ဆက်လက်ဖျော်ဖြေဖို့ပဲ ဆုံးဖြတ်လိုက်ကြတာပါ။"

"ဒီကိစ္စက ကျောက်ချီကို ဘယ်လောက်တောင် နာကျင်စေမလဲ ဆိုတာ ကျွန်တော်မှန်းဆလို့ ရပါတယ်။ သူ့ကိုရော၊ တောင်ကျစမ်းရေစံအိမ်ကိုပါ ဒီလို မလုပ်ချင်ခဲ့ပေမဲ့... ဒါက သူ့ရဲ့ လုံခြုံရေးကို အာမခံနိုင်မယ့်၊ ပြီးတော့ သူ့ကို လက်ခံထားရတဲ့ စံအိမ်ရဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေလို့ပါ။"

"ကျွန်တော်တို့ အတွက်ကတော့... ဂိုဏ်း ကာကွယ်ရေး အစီအရင်သာ ပျက်စီးသွားခဲ့မယ် ဆိုရင်၊ ဝင်လာတဲ့သူတိုင်းကို ကျွန်တော်တို့နဲ့ အတူတူ သင်္ဂြိုဟ်ပစ်ဖို့ ရည်ရွယ်ချက် အပြည့်အဝ ရှိပါတယ်။”

“အဲဒါက ဒီအပင်ပေါက်လေးတွေ အတွက် ကျွန်တော်တို့ အဖိုးကြီးတွေ လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာပဲ"

ဟန်ချင်းလင်က ဂိုဏ်းချုပ်တစ်ယောက်၏ ဂုဏ်ယူမှုနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ရောယှက်နေသည့် မျက်လုံးများဖြင့် ပြောလိုက်လေသည်။

All Chapters