← Chapters

တရားသူကြီး၏ သီးသန့်ခန်းဆောင်

Vol. 8 Ch. 77

တရားသူကြီး၏ သီးသန့်ခန်းဆောင်

Vol. 8 Ch. 77

ယန်ချင်းနှင့် ကျန်လူများသည် ကြာပန်းဝါဂိုဏ်း၏ အစီအစဉ်များ၊ အထူးသဖြင့် ကျောက်ချီနှင့် တောင်ကျစမ်းရေစံအိမ်ကို အသုံးချကာ အပြင်လူများ အထင်လွဲစေရန် ဖန်တီးထားသော လှည့်ကွက်များကြောင့် အံ့အားသင့်သွားကြသည်။

သို့သော် ယန်ချင်းရော ယီကျဲပါ အစကတည်းက ကြာပန်းဝါဂိုဏ်းတွင် တစ်စုံတစ်ခုလွဲချော်နေသည်ကို ခံစားမိခဲ့ပြီးသား ဖြစ်သဖြင့် သူတို့မှာ မအံသြပေ။

ဘေးတွင် ရပ်နေသော မော့ယွင်ရု၏မျက်လုံးများကမူ ကြယ်အစုအဝေးများကဲ့သို့ တောက်ပနေပြီး၊ သူမက အဖြူရောင်မှတ်တမ်းကျောက်စိမ်းပြားများကို အဖိုးတန် ရတနာများသဖွယ် ဂရုတစိုက် သိမ်းဆည်းရင်း တိုးတိုးလေး ရေရွတ်နေလေသည်။

“နင့်ကိုတော့ ညစာစားပြီးမှ ကြည့်မယ်၊ ပြီးတော့ နင့်ကိုကျတော့ အိပ်ရာမဝင်ခင်၊ နင့်ကိုတော့ မနက် အလုပ်မစခင် ကြည့်မယ်၊ နင့်အတွက်ကတော့...”

သူမသည် အဖြူရောင်ကျောက်စိမ်းပြား တစ်ခုချင်းစီ အတွက် ကြည့်ရှုမည့် အချိန်ဇယားများကို သတ်မှတ်ပေးနေလေသည်။

ယန်ချင်းက ခေါင်းယမ်းလိုက်ပြီး သူမက တရားစီရင်ရေးအဖွဲ့ အဆောက်အအုံမှာပဲ အပြီးနေထိုင်ဖို့ စီစဉ်ထားသလားဟု တွေးမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တရားခွင်မှတ်တမ်းများ ပါရှိသော မည်သည့်ကျောက်စိမ်းပြားကိုမျှ အဆောက်အအုံပြင်ပသို့ သယ်ဆောင်ခွင့် မရှိသောကြောင့်ပင်။

အကယ်၍ ပြင်ပသို့ သယ်ဆောင်သွားပါက ကြီးလေးသည့် ပြစ်ဒဏ်ပေးခံရနိုင်သော ပြစ်မှုတစ်ခု ဖြစ်လေသည်။

မော့ယွင်ရုအနေဖြင့် သူမသတ်မှတ်ထားသော အချိန်များတွင် ထိုမှတ်တမ်း ကျောက်စိမ်းပြားများကို ကြည့်ရှုနိုင်မည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူမက တရားရုံး အဆောက်အအုံအတွင်း အချိန်ပြည့်နေထိုင်ရန် ဆုံးဖြတ်ထားမှသာ ဖြစ်နိုင်ပေသည်။

ထိုသို့ နေထိုင်ရန်ဆိုသည်မှာ ဖြစ်နိုင်ချေရှိသည်။ အဘယ်ကြောင့်ဆိုသော် တရားသူကြီးတိုင်းကို အဆောက်အအုံအတွင်း ကိုယ်ပိုင်သီးသန့်ခန်းဆောင်များ ပေးအပ်ထားပြီး၊ ရာထူးအဆင့်မြင့်လေလေ ခန်းဆောင်က ပိုမိုကောင်းမွန်လေလေ ဖြစ်သောကြောင့်တည်း။

၎င်းကို သီးသန့်ခန်းဆောင်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် စံအိမ်တစ်ခုနှင့် ပိုတူလေသည်။

တရားသူကြီး တစ်ဦးချင်းစီ၏ခန်းဆောင်တိုင်းတွင် များသောအားဖြင့် ရုံးခန်းတစ်ခု ပါရှိပြီး၊ ထိုနေရာတွင် တရားသူကြီးကိုင်တွယ်ခဲ့သော အမှုများ အားလုံး၏အပိုမှတ်တမ်းများ၊ သူ၏တာဝန်ကျ အချိန်ဇယားများနှင့် အချို့သောပြစ်ဒဏ် ချမှတ်မှုများ၏ တိုးတက်မှုအစီရင်ခံစာများ ကဲ့သို့သော အလုပ်နှင့်သက်ဆိုင်သည့် အခြားအရေးကြီး စာရွက်စာတမ်းများကို သိမ်းဆည်းထားလေ့ ရှိသည်။

ထို့အပြင် ကျင့်ကြံခြင်းအခန်းတစ်ခုလည်း ပါရှိပြီး၊ ထိုအခန်းတွင် အသံလုံအစီအရင်များ၊ ဝိညာဉ်ချီစွမ်းအင် သိပ်သည်းဆကို မြှင့်တင်ပေးသော အစီအရင်များနှင့် ကျင့်ကြံရာတွင် အလွယ်တကူ အာရုံစူးစိုက်နိုင်စေရန် ကူညီပေးပြီး ကျင့်ကြံခြင်း အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်သည့် အခြားသော ရတနာများစွာကို တပ်ဆင်ထားလေသည်။

ကျင့်ကြံခြင်းတရားသူကြီးတစ်ဦး ဖြစ်ရသည်မှာ ကျင့်ကြံရန် အချိန်တောင် သိပ်မရလောက်အောင် ပင်ပန်းခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။

ထို့ကြောင့်ပင် တရားစီရင်ရေးအဖွဲ့က သူတို့၏တရားသူကြီးများ ကျင့်ကြံရန် အတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်၊ ကျင့်ကြံခြင်း အခန်းတိုင်းတွင် လိုအပ်သော အရင်းအမြစ်များကို အစွမ်းကုန် တပ်ဆင်ပေးထားလေသည်။

အမြုတေတရားခွင် အနိမ့်ဆုံး တရားသူကြီး တစ်ဦး၏ခန်းဆောင်တွင်ပင် အနည်းဆုံး ဧကရာဇ်အဆင့်ရှိသော ရတနာတစ်ခုကို တပ်ဆင်ပေးထားပြီး၊ ထိုအခန်း၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ နန်းတော်အဆင့် ကျွမ်းကျင်သူ တစ်ဦး ဦးဆောင်သော အဆင့် ၃ ဂိုဏ်းများ၏ ကောင်းချီးပေးခံရသော မြင့်မြတ်နယ်မြေများနှင့် ညီမျှလောက်အောင် ကုန်ကျစရိတ်များကို လုံးဝ နှမြောတွန့်တိုခြင်း မရှိဘဲ ပံ့ပိုးပေးထားလေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်ကြောင့်ပင် တရားသူကြီးအချို့သည် သူတို့၏ကိုယ်ပိုင် နေအိမ်များထက် ခန်းဆောင်များတွင်သာ ကျင့်ကြံရသည်ကို ပိုမို နှစ်သက်ကြခြင်း ဖြစ်သည်။

ရုံးခန်းနှင့် ကျင့်ကြံခြင်းအခန်း အပြင်၊ အားကစားကွင်းငယ် တစ်ခုစာအရွယ်အစား ရှိသော လေ့ကျင့်ရေး အခန်းတစ်ခုလည်း ပါရှိသေးသည်။

ထိုအခန်းမှာ သာမန် အားကစားကွင်းများထက် ပိုမို ခိုင်ခံ့ပြီး၊ နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှု တစ်ချက်ကိုတောင် တောင့်ခံထားနိုင်စွမ်း ရှိသည်။

အောက်ခြေအမြုတေတရားခွင်မှစ၍ နန်းတော် တရားခွင်အထိ လေ့ကျင့်ရေး အခန်းများ အားလုံးကို တူညီသော ပစ္စည်းများဖြင့်သာ တည်ဆောက်ထားသည်။

နယ်မြေအဆင့်တရားရုံးနှင့် ၎င်းအထက်သို့ ရောက်ရှိသွားမှသာလျှင် လေ့ကျင့်ရေး အခန်းများ၏အဆင့်အတန်းနှင့် အသုံးပြုထားသော ပစ္စည်းများ ပြောင်းလဲသွားမည် ဖြစ်လေသည်။

ထို့အပြင် အဂ္ဂိရတ် အခန်း၊ ပန်းပဲအခန်း၊ အဆောင် လက်ဖွဲ့ ဖန်တီးသည့် အခန်းနှင့် ထိုအခန်းကို အသုံးပြုမည့်သူ၏ပါရမီနှင့် ကိုက်ညီသော အခြား ကျွမ်းကျင်မှု အခြေပြု အခန်းများလည်း ပါရှိသေးသည်။

ထိုအခန်းများ အားလုံးတွင် သက်ဆိုင်ရာ အစီအရင်များနှင့် ကိရိယာတန်ဆာပလာများကို အပြည့်အစုံ တပ်ဆင်ပေးထားသည်။

သို့သော် ဥပမာအားဖြင့် အဂ္ဂိရတ် ပညာအတွက် လိုအပ်သော ပါဝင်ပစ္စည်းများ ရှာဖွေရာတွင်မူ တရားသူကြီးက ကိုယ့်စရိတ်နှင့်ကိုယ် ရှင်းရမည် ဖြစ်ကြောင်း ယန်ချင်းကြားလိုက်ရချိန်တွင် သူ၏အူကလီစာများပင် ပြောင်းပြန်လန်မတတ် ဖြစ်သွားခဲ့ရလေသည်။

သူသည် တခြားတရားသူကြီးများကို လျှို့ဝှက်စွာ စည်းရုံးရန် ကြိုးစားခဲ့ပြီး၊ တရားစီရင်ရေးအဖွဲ့ အနေဖြင့် တွန့်တိုမနေသင့်ကြောင်း၊ သူတို့၏ လုပ်ရပ်က လူငယ်ပါရမီရှင်များမှ တစ်ဆင့် တရားစီရင်ရေးအဖွဲ့ ရရှိနိုင်မည့် တိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးစေရာ ရောက်ကြောင်း လျှို့ဝှက်တိုင်ကြားစာ အချို့ကိုပင် ပေးပို့ခဲ့သေးသည်။

သူက အလွန်စိတ်အားထက်သန်သော မိန့်ခွန်း တစ်ခုကိုတောင် ရေးသားခဲ့သေး၏။

လူအများအပြားက သူ၏လှုပ်ရှားမှုတွင် ပါဝင်လာကြသဖြင့်၊ လူအုပ်ကြီးမှာ သူ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားကာ လျှို့ဝှက်စွာ ဆက်လက်လှုပ်ရှား၍ မရတော့လောက်အောင် ကြီးမားလာခဲ့သည်။

မည်သူက ဖော်ထုတ်လိုက်မှန်း မသိသော်လည်း၊ သူက နောက်ကွယ်က ကြိုးကိုင်သူဖြစ်ကြောင်း မသိအောင်အသုံးပြုခဲ့သမျှ ရုပ်ဖျက်ကျင့်စဉ်များ ၊ ကိုယ်ပျောက်ကျင့်စဉ်များနှင့် တခြားလျှို့ဝှက်ကျင့်စဉ်များ အားလုံးကို ကျော်လွန်၍ အထက်လူကြီးများက သူ့ကို ရှာတွေ့သွားခဲ့ကြသည်။

သူတို့က ဆေးဘက်ဝင်အပင်များ၊ ဝိညာဉ်သတ္တုများ စသည့် အရင်းအမြစ်များကို ‘လျှော့ဈေး’ ဟု ခေါ်ရန်ပင် မဖြစ်နိုင်လောက်အောင် အလွန် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရန် သဘောတူခဲ့ကြသည်။

သို့သော် အပြန်အလှန်အနေဖြင့် ထိုပစ္စည်းများကို ချမ်းသာသောသခင်လေးများကဲ့သို့ အလဟဿ ဖြုန်းတီးမပစ်ဘဲ၊ အကျိုးရှိရှိ အသုံးချနေကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ ပြသရန် လိုအပ်သည်ဟူသော စည်းကမ်းချက်ကို ချမှတ်ခဲ့သည်။

ဤကိစ္စ အားလုံး၏နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်သော ယန်ချင်း အတွက်ကတော့... သူ ထိုက်တန်သော ဆုလာဘ်ကို ရရှိသွားခဲ့လေသည်။

အစီအရင်များ လည်ပတ်ရန် လိုအပ်သောစွမ်းအင် အတွက် ဝိညာဉ်ကျောက်တုံးတွေကို ဆက်မပေးတော့ဘဲ ဖြတ်တောက်ခံလိုက်ရသည်။

ယခုအခါ သူကိုယ်တိုင် ရှာဖွေရတော့မည် ဖြစ်၏။ သူ၏ခန်းဆောင် အရွယ်အစားမှာလည်း မူလကထက် တစ်ဝက်အထိ လျှော့ချခံလိုက်ရသည်။

ထောက်ပံ့ထားသော အလယ်အလတ်အဆင့် ဧကရာဇ် ရတနာမှာ အဆင့်နိမ့်သို့ လျှော့ချခံလိုက်ရပြီး၊ သူသာ အရှက်မရှိ အတင်းအဓမ္မ တောင်းပန်ကာ အုပ်ချုပ်ရေးမှူး တစ်ယောက်ကို စိတ်ပျက်လက်ပျက် နှာခေါင်းရှုံ့သွားအောင် မလုပ်နိုင်ခဲ့လျှင် အထက်တန်း ကောင်းကင်အဆင့် ရတနာအထိတောင် ထပ်မံလျှော့ချခံရရန် အလားအလာရှိနေသည်။

သူသည် သူ၏ခန်းဆောင်ထဲသို့ ခြေမချသလောက် ရှားပါးသော တရားသူကြီး အနည်းငယ်ထဲတွင် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ သူ အထဲဝင်သွားတိုင်း၊ ထိုနေရာ၏ ပြုပြင်ထိန်းသိမ်းစရိတ်များကြောင့် သွေးအန်မတတ် ခံစားရမှုကို အမြဲတမ်း ရုန်းကန် ထိန်းချုပ်နေရသည်။

ထိုအချိန်မှစ၍ မည်သည့်လှုပ်ရှားမှုတွင်မှ မပါဝင်တော့ဘဲ၊ အထက်လူကြီးများ၏ မျက်နှာသာပေးမှုကို ရနိုးနိုး မျှော်လင့်ချက်အနည်းငယ်ဖြင့် သူ၏လုပ်ဖော်ကိုင်ဖက်တွေကိုတောင် ခိုးပြီး ကုန်းချောတတ်လာခဲ့လေသည်။

…

ယန်ချင်းသည် ဂိုဏ်းချုပ်နှင့် ကြာပန်းဝါဂိုဏ်းတို့ ရင်ဆိုင်နေရသော အကျပ်အတည်းကို ကိုယ်ချင်းစာသော်လည်း၊ ဤကိစ္စတွင် တရားစီရင်ရေးအဖွဲ့ အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် လက်ချည်ခံထားရသကဲ့သို့ ဖြစ်နေသည်။

တရားစီရင်ရေးအဖွဲ့၏ အဓိက ဦးတည်ချက်မှာ သာမန်ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးရန်သာ ဖြစ်ပြီး၊ ကျင့်ကြံသူများ အကြား ဖြစ်ပွားသော အငြင်းပွားမှုများကိုမူ ပြဿနာဖြစ်ပွားပြီးနောက် သို့မဟုတ် ကာယကံရှင်နှစ်ဖက်စလုံးက သူတို့၏အငြင်းပွားမှုတွင် တရားစီရင်ရေးအဖွဲ့ကို ပါဝင်ပတ်သက်ရန် ဆုံးဖြတ်မှသာ ဝင်ရောက် စွက်ဖက်ခွင့် ရှိလေသည်။

ကြာပန်းဝါဂိုဏ်း၏ အမှုတွင်၊ တိုက်ပွဲ ဖြစ်ပွားလာမည့် အချိန်နှင့် တိုက်ပွဲ၏အတိုင်းအတာကို စောင့်ကြည့်ရုံမှလွဲ၍ လက်ရှိအချိန်တွင် တရားစီရင်ရေးအဖွဲ့ အနေဖြင့် လုပ်ပေးနိုင်သည်မှာ သိပ်မရှိလှပေ။

အခြေအနေအရပ်ရပ် အပေါ် မူတည်၍ တရားမျှတမှုကို ဖော်ဆောင်ပေးသင့် မပေးသင့် ဆိုသည်ကို သူတို့ ဆုံးဖြတ်ကြမည် ဖြစ်သော်လည်း၊ ထိုအချိန် ရောက်ရင် ကြာပန်းဝါဂိုဏ်းက အပြီးတိုင် ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

ထိုအရာမှာ ကျင့်ကြံသူများ၏ လောကပင်...။ တရားစီရင်ရေးအဖွဲ့ က တတ်နိုင်သမျှ မျှခြေတစ်ခုကို ထိန်းသိမ်းထားနိုင်ရန် ကြိုးစားသော်လည်း၊ ကျင့်ကြံသူများ၏ လူ့အဖွဲ့အစည်းကို အုပ်ချုပ်နေသော စည်းမျဉ်းများက သက်ရောက်မှု ရှိနေတုန်းပင်။

ကျင့်ကြံသူများကြားတွင် တိုက်ပွဲဟူသည် ရှောင်လွှဲ၍ မရနိုင်သော အရာများပင်။

ကြာပန်းဝါဂိုဏ်းမှာ ယခုအချိန်တွင် သားကောင်အနေဖြင့်ရှိနေသော်လည်း၊ သူတို့၏ ကြီးပွားတိုးတက်လာသည့် လမ်းခရီး တစ်လျှောက်တွင် ဂိုဏ်း၊ မိသားစု အများအပြားကို သူတို့လည်း ဖျက်ဆီးခဲ့ဖူးတာပင်။

သူတို့၏ရန်သူများမှာ ကြာပန်းဝါဂိုဏ်း၏ နန်းတော်အဆင့်ကျွမ်းကျင်သူများ ရှိနေစဉ်အခါက အစွမ်းကုန် ဖိနှိပ်ခံထားရခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

အခွန်ဆက်သရန်အတွက် အတင်းအကျပ် ခိုင်းစေခံရခြင်း၊ သူတို့၏စီးပွားရေး လုပ်ငန်းများကို အတင်းအဓမ္မသိမ်းယူခံရခြင်း... စသော ထိုကဲ့သို့ ကိစ္စများမှာ ကျင့်ကြံခြင်းလောကတွင် ဖြစ်လေ့ဖြစ်ထရှိသော အရာများပင်။

ကျင့်ကြံသူများ၏ ရှည်လျားလှသော သက်တမ်းကြောင့်၊ အငြိုးအာဃာတနှင့် ရန်သူများမှာလည်း အချိန်အကြာကြီး အသက်ရှည်နေတတ်ပေသည်။

ထို့ကြောင့်ပင် ပြိုင်ဘက်နှစ်ဖက် အင်အားတူညီသလောက်နီးပါး ရှိနေသော အခြေအနေမျိုးတွင် တရားစီရင်ရေးအဖွဲ့က စောင့်ကြည့်လေ့လာသည့် ချဉ်းကပ်မှုကို အသုံးပြုရခြင်း ဖြစ်သည်။ ၎င်းတို့သည် လူတိုင်းအတွက် ဒိုင်းကာတစ်ခု မဟုတ်ပေ။

အကယ်၍သာ ၎င်းတို့က ထိုသို့ လုပ်ဆောင်ပေးမည်ဆိုပါက ပြင်ပရှိ ဂိုဏ်းများ၊ မိသားစုများနှင့် အခြားသော အဖွဲ့အစည်းအများအပြားသည် တရားစီရင်ရေးအဖွဲ့အား ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများအတွက် အသုံးချလာကြမည်သာ ဖြစ်ပေသည်

သို့သော်လည်း တရားစီရင်ရေးအဖွဲ့ ဝင်ရောက်စွက်ဖက်ရမည့် အထူးအခြေအနေများလည်း ရှိသေးသည်။

ဥပမာအားဖြင့် အဆင့်မြင့် ဂိုဏ်းတစ်ခုသည် အဆင့်နိမ့် ဂိုဏ်းတစ်ခုအား ဖျက်ဆီးရန် ကြိုးပမ်းလာသည့် အခြေအနေမျိုး (ဥပမာ - အဆင့် ၃ ဂိုဏ်းက အဆင့် ၅ ဂိုဏ်းကို ပစ်မှတ်ထားသည့် အခါမျိုး) တွင် ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုး၌ တရားစီရင်ရေးအဖွဲ့သည် ဝင်ရောက်စွက်ဖက်ကာ ရန်ငြိုးဖြစ်ပွားရသည့် အကြောင်းရင်းကို ပြန်လည်သုံးသပ်မည် ဖြစ်သည်။

​အကယ်၍ အဆင့် ၅ ဂိုဏ်းသည် အပြစ်ကင်းစင်သည့်ဘက်မှ ဖြစ်နေပါက ၎င်းတို့ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပေးမည် ဖြစ်သည်။

နောက်ထပ် ဥပမာတစ်ခုမှာမူ ဂိုဏ်းတစ်ခုသည် ၎င်းတို့၏သဘောဆန္ဒအလျောက် လက်နက်ချ အရှုံးပေးသည်တိုင်အောင် အမြစ်ပြတ် သတ်ဖြတ်ခံရမည်ဆိုပါက၊ တရားစီရင်ရေးအဖွဲ့အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည်မဟုတ်ပေ။

​အကယ်၍သာ ကြာပန်းဝါဂိုဏ်းသည် ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့မည်ဆိုပါက၊ တရားစီရင်ရေးအဖွဲ့သည် ၎င်းတို့ လက်နက်ချ အရှုံးပေးသည့်အခါတွင် လုံခြုံသော လမ်းကြောင်းတစ်ခု ရရှိရန် အာမခံပေးနိုင်မည် ဖြစ်သည်။

​သို့သော်လည်း ဂိုဏ်းချုပ်၏ စကားများအရ... ဂိုဏ်းတစ်ခုလုံးသည် ၎င်းတို့၏ရန်သူများကို နောက်ဆုံးလူတစ်ယောက် ကျန်သည်အထိ တိုက်ခိုက်သွားရန် ရည်ရွယ်ချက် အပြည့်အဝ ရှိနေသည်ကို ယန်ချင်း မြင်တွေ့နိုင်ပေသည်။

​ထိုသို့သော အခြေအနေမျိုးတွင်... ၎င်းတို့၏တိုက်ပွဲသည် မသက်ဆိုင်သော သူများနှင့် အခြားအပြစ်ကင်းသူများကို ဆွဲသွင်းဖျက်ဆီးခြင်း မပြုသရွေ့၊ တရားစီရင်ရေးအဖွဲ့က အတိုင်းအတာတစ်ခုအထိ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

​ထို့အပြင် ထိုအတိုင်းအတာ ဆိုသည်မှာ များသောအားဖြင့် တရားစီရင်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်ပေသည်။

…..

“ဒါဆိုရင် ဂိုဏ်းချုပ်ဟန်ချင်းလင်... တရားစီရင်ရေးအဖွဲ့ဆီကနေ ဘာများ လိုချင်ပါသလဲ။”

“ခင်ဗျားတို့က ကြီးမားတဲ့ အကျပ်အတည်းကြီးတစ်ခုထဲ ကျရောက်နေတယ် ဆိုပေမဲ့လည်း၊ တရားစီရင်ရေးအဖွဲ့ကတော့ ဒီလှည့်ကွက်ကြီးထဲမှာ တက်တက်ကြွကြွ ပါဝင်ပေးလို့ မရပါဘူး။”

​“တောင်ကျစမ်းရေစံအိမ်က သူတို့ ရစရာရှိတာတွေ ရရပါမယ်။”

“ပြီးတော့ ခင်ဗျားတို့က ကျောက်ချီကို တရားစွဲဆိုပြီး သူ့ကို ကြာပန်းဝါဂိုဏ်းနဲ့ မသက်ဆိုင်တဲ့ သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် သဘောထားလိုက်တဲ့ အချိန်ကစပြီး၊ ကျွန်တော်တို့ကလည်း သူ့ကို အဲဒီအတိုင်းပဲ ရှုမြင်လိုက်တာ ဖြစ်လို့ ‘ကျင့်ကြံသူ ကျောက်ချီ’ အနေနဲ့ သူလည်း သူ့ရဲ့ တရားမျှတမှုကို ရရှိဖို့ ထိုက်တန်ပါတယ်။”

​“ဒီအခြေအနေအထိ ရောက်လာပြီဆိုမှတော့ ဘာလို့ သူတို့ နှစ်ယောက်စလုံးကို အမှန်တရား ပြောပြပြီး သူတို့အတွက် အကောင်းဆုံး လမ်းကြောင်းကို ကိုယ်တိုင် ရွေးချယ်ခွင့် မပေးတာလဲ။”

“ ခင်ဗျားက လျိုယွင်ကို တစ်နှစ်နေမှ အမှန်အတိုင်း ပြောပြဖို့ စီစဉ်ထားပြီးသားဆိုတော့ အခုစောပြီး ပြောလိုက်လို့လည်း ဘာမှ ကွာခြားသွားမှာ မဟုတ်ပါဘူး။”

“ ပြီးတော့ ခင်ဗျားက ဘယ်လောက်ပဲ ဂရုတစိုက် စီစဉ်ထားပါစေ... ပစ်မှတ်ထား ခံရနိုင်ခြေရှိတဲ့ လူတစ်ယောက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင် ပြင်ဆင်ထားနိုင်ဖို့အတွက် သူ သိထားသင့်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။”

​“ဒါပေမဲ့ ဂိုဏ်းချုပ်ဟန်ချင်းလင်... ခင်ဗျား စဉ်းစားဖို့ အချိန်ပေးပါ့မယ်။ အဲဒီကြားထဲမှာ ကျောက်ချီဘက်က ပြောတာတွေကိုလည်း ကျွန်တော် နားထောင်ဖို့ လိုသေးတယ်။”

“ ပြီးမှ အားလုံးအတွက် ရှေ့ဆက်သွားဖို့ အကောင်းဆုံး လမ်းကြောင်းကို ကျွန်တော်တို့ ဆုံးဖြတ်ကြတာပေါ့”

​ယန်ချင်းက သူ၏ထိုင်ခုံမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားပြီးနောက် ကျောက်ချီ၏ အခန်းလေးရှေ့တွင် ပြန်လည် ပေါ်လာရင်း ပြောလိုက်လေသည်။

​ဟန်ချင်းလင်သည် ယန်ချင်း၏စကားများကို ပြန်လည် တွေးတောရင်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီးနောက်၊ ဆုံးဖြတ်ချက်တစ်ခု ချလိုက်နိုင်သည့်အလား လေးလံသော သက်ပြင်းတစ်ချက်ကို ချလိုက်လေတော့သည်။

All Chapters